Archive for February, 2009

27
Feb 09

အလွမ်းရယ်တဲ့ ခုနှစ်ထွေ

ဒီရက်ပိုင်းတော့ လူလည်းတစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ် ဘာလုပ်မိမှန်းတောင် တစ်ခါတစ်လေ သတိမထားမိဘူး။ ဖတ်လိုက်ရတဲ့စာတွေ တစ်ရက်တစ်ရက်ကို စာမျက်နှာပေါင်း ၁၀၀-၂၀ဝ ပြီးတော့လည်း ဖတ်ပြီးတော့လည်း ဒီအတိုင်းမနေရဘူး အကုန်လုံးကို အကျဥ်းချုပ်ပြန်ရေးရတယ်။ ရေးဆိုတော့လည်း ဗမာလိုလားဆိုတော့လည်းမဟုတ်ဘူး အင်္ဂလိပ်လိုလားဆိုတော့လည်း မဟုတ်ဘူး။ သင်္ချာလိုရေးရတယ် နောက်ဆုံး တစ်ရက်တစ်ရက်ဖတ်တဲ့ စာမျက်နှာ ၁၀၀-၂၀ဝ ဟာ ၅ မျက်နှာလောက်ပဲကျန်တယ်။ ဒါလေးရဖို့ကို တစ်နေကုန်တစ်နေခန်း ရေးရတယ်ဖတ်ရတယ် ညလည်းဖြောင့်အောင်မအိပ်ရဘူး။ အိပ်မယ်ဆိုပြီး မနက်အစောကြီး ၂ နာရီ ၃ နာရီလောက် စက်ဘီးလေးနဲ့ ပြန်လာတဲ့အချိန်ကို အမက်မောဆုံးဖြစ်နေရတယ်။ တစ်ခါတစ်လေ စာဖတ်နေရင်းနဲ့ နားချင်ရင်သူများ ဘလော့ကိုသွားကြည့်တယ် ကိုယ့်ဘလော့ကိုလာပြီးဘာတွေရေးသွားသလဲ ပြန်ကြည့်နဲ့ပဲ စိတ်အပန်းဖြေနေရတယ်။ ဒီတော့ ပြောရမယ်ဆိုရင် ညအိပ်ချိန်နဲ့ ထမင်းထွက်စားချိန်ပဲ ကွန်ပျူတာကနေ ခွာချိန်ရှိတယ်ပြောရမယ်။ ဘယ်လိုမှ မရနိုင်တော့မှန်းသိပေမယ့် ငယ်ငယ်ကဘဝကိုပဲ ခဏဖြစ်ဖြစ်ပြန်ရချင်ပါတယ်။ “ကစားချိန်မှာကစားမယ် အိပ်ချိန်မှာဝင်အိပ်မယ် အပူအပင်ကင်းတဲ့ ကလေးလေး ဘဝကို တစ်ခါပြန်ပြီး ရချင်သေးတယ် အပြစ်မထင်သေးတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်…..” ဆိုတဲ့ သီချင်းကို အခုအချိန်မှာ ခံစားလို့အရဆုံးပဲ။

တစ်နေ့စာအလုပ်ကို နားလိုက်ပြီဆိုတဲ့အချိန်မှာ ငယ်ငယ်ကအကြောင်းကို ပြန်စဥ်းစားမိရင် ရှမ်းပြည်ကိုပြန်သတိရတယ်။ တစ်တန်းကျောင်းသားဘဝမှာ တောင်ကြီးကိုစရောက်တယ် နေတဲ့အိမ်ကလည်း သူ့အထက်တက်လိုရင် တောင်ပေါ်တက်လို့ရနေပြီ တောစပ်မှာပေါ့။ မင်းတို့အိမ်ဘယ်နားမှာလဲလို့မေးရင် တောင်ခွန်းပေါ်က ကျောက်တုံးကြီး ပြုတ်ကျရင် အရင်ဆုံးရောက်မယ့်အိမ်ဟာ ငါတို့အိမ်ပဲလို့ သူငယ်ချင်းတွေကို ပြောတတ်ပါတယ်။ ရောက်ရောက်ခြင်းညမှာပါပဲဗျာ အိမ်ရှေ့ကနေ ချေဟောက်သံကြားရတယ်ဗျ ပြူတင်းပေါက်ဖွင့်ပြီး အဖေက ဓာတ်မီးနဲ့ထိုးတော့ ချေက လန့်ပြီးမီးရောင်ကို ကြည့်နေတယ်။ ဒါပထမဦးဆုံး သဘာဝအတိုင်း ချေဆိုတဲ့ အကောင်ကိုမြင်ဘူးတာပဲ။ အခုအချိန်များ သွားပြောလို့ကတော့ ဘယ်နယ့်မြို့ပေါ်မှာ ချေတွေ့တာမဟုတ်သေးပါဘူးလို့ ပြောကြဦးမယ်။ နောက်ပိုင်းတော်တော်ကြီးမှ တောင်ကြီးပြန်ရောက်သေးတယ် ကိုယ်နေခဲ့တဲ့မြို့လို့တောင် မမှတ်မိချင်တော့ဘူး။

နောက်ရက်မှာလည်း မှတ်မှတ်ရရပေါ့ဗျာ ညနေပိုင်း အိမ်ရှေ့ကနေ မုန့်သည်ကဖြတ်သွားတယ် အော်သွားတယ် “ဟင်းထုပ်ပူပူလေး” ဘာလဲပေါ့ဟင်းထုပ်ဆိုတာဆိုပြီး လာဦးဆိုဝယ်စားလိုက်တာ ဘယ်ဟုတ်မလဲ ဆန်မှုန့်နဲ့ဂျူးမိတ်ကို ဖက်နဲ့ထုပ်ပြီး မုန့်ဖက်ထုပ်လို ပေါင်းထားတာကိုးဗျ။ အစကတော့ မကြိုက်ပါဘူး နောက်တော့ အသားကျသွားပြီးကြိုက်သွားတာပါပဲ။ နောက်ပိုင်းစားချင်တာတောင် စားခွင့်မရတော့ပါဘူး။ နောက်ထပ်မုန့်သည်ထပ်လာပြန်ရော သူကတော့အော်ပါတယ် နှမ်းမုန့်ကွတ်တဲ့ ကိုယ်ကလည်း ကလေးဆိုပေမယ့် မုန့်ကွတ်တော့ ကောင်းကောင်းသိတယ်လေ နှမ်းမုန့်ကွတ်ဆိုတော့ မုန့်ကွတ်ကို နှမ်းဖြူးထားတာနေမှာပေါ့လို့တွေးပြီး ဝယ်စားလိုက်တော့ ပွဲစျေးတန်းမှာရောင်းတဲ့ မုန့်လေပွေလိုဟာကြီး နှမ်းလေးတွေပါတယ် ဗမာနှမ်းမဟုတ်ဘူး ရှမ်းနှမ်းလို့ခေါ်တယ်။ စားလိုတော့ကောင်းပါတယ်။ မနက်ဆိုရင် ကျားခေါင်းခန်းမအောက်ဘက်နားက လေထိုးကွတ်ဖာဆိုင်လေးမှာဖွင့်ထားတဲ့ ခေါက်ဆွဲဆိုင်က တိုဖူးနွေးကို သွားမစားရတဲ့နေ့ဆိုရင် တစ်နေကုန်ဂျီကန်ပြီသာမှတ်ပေတော့။ အခုတော့ဆိုင်ရှိသေးသလားတော့ မသိတော့ပါဘူးဗျာ နှစ်တွေကလည်း ဆယ်စုနှစ် တစ်ခုကျော်လောက်ကို လွန်သွားခဲ့ပြီကိုး။ အဝေးကြီးမှာမို့ တစ်ခါတစ်လေမှ အဖေသူငယ်ချင်းတွေ အောက်စျေးသွားရင်း လိုက်ကွေးတတ်တဲ့ ဒေါ်ထွမ်းဆိုတဲ့မိန်းမကြီးဖွင့်တဲ့ဆိုင်တော့ အခုထက်ထိရှိသေးဆိုပဲ။ ဒီနေရာတွေကိုလဲ ဘယ်တော့များမှ ပြန်ရောက်တော့မယ် မသိနိုင်တော့ပါဘူး။

နောက်တစ်နေ့အတွက်စဥ်းစားလိုက်ရင် မနက်ကိုစောစောထရဦးမယ် ငယ်ငယ်ကစားခဲ့တဲ့ ခေါက်ဆွဲကိုသတိရရင်း မြိုမကျတဲ့ ပေါင်မုန့်လက်ကျန်ကို အတင်းမျိုချရဦးမယ်။ ဒါတွေမစားချင်ဘူးကွယ် ဖြစ်နိုင်ရင် ကောက်ညင်းပေါင်းနဲ့ ရေနွေးကြမ်းပဲသောက်ပါရစေတော့။ နေ့လည်စာတဲ့ ဘယ်ဆိုင်ကြည့်ကြည့်စားချင်စိတ်မရှိဘူး ဘယ်ဆိုင်ကစားစား အရသာမကွဲပြားသလိုပဲ ဘယ်နေရာကြည့်ကြည့် အသားပေါင်းစုံပဲ။ ဒါတွေအစား ငယ်ငယ်က မုန်ညင်းလတ်လတ်ဆတ်ဆတ်ကို စျေးနေ့မှာအမေဝယ်ပြီး ကြော်ကွေးတာကို အသားမပါလို့မစားချင်ဘူးဆိုခဲ့တဲ့ အရာတွေကိုပဲစားခြင်မိတယ်။ ထမင်းစားပြီးတော့လည်း သောက်စရာဆိုကြည့်လိုက် ပုလင်းပေါင်းစုံရယ် ဖျော်ရည်ဆိုပြီး ရေရောထားတဲ့ အရည်ပေါင်းစုံပဲတွေ့တယ်။ စျေးထဲက ပအိုဝ်မကြီး အလေးခိုးပြီးရောင်းလိုက်တဲ့ စတော်ဘယ်ရီကို ရေမရောပဲ ဖျော်သောက်ခဲ့တာကိုသတိရတယ်။ ညနေပိုင်း အစားအသောက်မကျန်မှာစိုးလို့ ကန်တင်းကိုမပြေးချင်ဘူး နောက်ကျလို့ မကြိုက်ပဲစားရတဲ့ ချိုစိချိုစိ ဟင်းတွေကိုလည်း မစားချင်ဘူး။ အခုအချိန်မှာအစားချင်ဆုံးက ဟင်းထုပ်ပူပူလေးရယ် ဒါမှမဟုတ် မုန်ညင်းပေါင်းပူပူလေးကို ငရုတ်သီးကြော်လေးနဲ့ဆိုရင် တော်ပါပြီလေ။ ငယ်ငယ်ကဖတ်ဖူးတဲ့ “လူကတစ်ထွေ မြေကတစ်ခြား” ဆိုတဲ့ အက်ဆေးက အခုအချိန်မှာ ကိုယ့်ဘဝနဲ့များ ထပ်တူကျနေရောသလား။ သြော် သန်းခေါင်လည်းကျော်သွားတာ အချိန်တော်တော်ကြာပေါ့ နောက်တစ်နေ့အတွက် အားမွေးဖို့အတွက် စက်ဘီးတစ်စီးကိုအဖော်လုပ်ပြီး အိမ်ပြန်မယ်…..။

26
Feb 09

ငယ်ငယ်ကမြင်ဖူးတဲ့ကွန်ပျူတာ (၁)

ဒီရက်ပိုင်းမှာ အလုပ်တွေနဲ့မနိုင်မနင်းဖြစ်နေတဲ့အထဲကကို စာကရေးချင်သေးတယ်။ အလုပ်တွေကလည်း မနိုင်မနင်းဖြစ်နေတော့ လွတ်လွတ်လပ်လပ်ဆိုတဲ့ ငယ်ငယ်ကအကြောင်းတွေပဲ ပြန်သတိရနေတယ်။ ဒီလောက်ကိုယ်ကိုအခု ဒုက္ခပေးနေတဲ့ကွန်ပျူတာအကြောင်းကိုမှ သွားပြီးတော့ သတိရမိသေးတယ်။ ကွန်ပျူတာကို ဘယ်အချိန်က စပြီးတော့ မြင်ဘူးတာလဲဆိုတော့ ပြောရရင် သုံးတန်းအောင်လို့ နွေရာသီကျောင်းပိတ်ရက်မှာပါ ကျွန်တော်အဖေရုံးကို လိုက်သွားရင်မြင်ဘူးတာပါ။ အဲ့ဒီ့ခေတ်က ကွန်ပျူတာဆိုတာ ဒီခေတ်လို ဖွင့်လိုက်တာနဲ့ မောက်နဲ့ ဟိုစမ်းဒီစမ်းသုံးလို့မှမရတာ။ Window တောင်မပေါ်သေးလို့ ဖွင့်လိုက်ရင် စာကြောင်းတွေ ဟိုပေါ်ဒီပေါ်လာပြီးရင် ဘုရားစူးမိုးကြိုးပစ်ဗျာ C:\>_ ဆိုပြီးဒါမျိုးလေးပဲ ပေါ်တယ်။ ကျွန်တော့်အဖေ သုံးတဲ့ Floppy ဆိုတာ ဒီခေတ်မမြင်ဘူးတာတောင် ကြာပါပြီ 5 1/4 သိမ်းတော့လည်း စာအိတ်ထဲထည့်သိမ်းရတယ်။ အဖေကတော့ တစ်နေ့တစ်နေ့ ဘာလုပ်သလဲဆို အဲ့ဒီ ဓာတ်ပြားကြီးထည့်ပြီး Data တွေထည့်လိုက် သူ့ဟာသူ Data တွေကို Program ရေးပြီးတွက်လိုက်နဲ့ ဒါပဲလုပ်တယ်။ ကိုယ်ကတော့ ကလေးဆိုတော့ သူဘယ်လောက်သင်သင်မသိပါဘူး။ အဖေကလည်းပေါက်ပေါက်ရှာရှာ ဒီလေးတန်းအရွယ်ကလေးကို BASIC Language သင်တာတဲ့ ဒီတော့ဘယ်လောက်သင်သင် ဘယ်တတ်မလဲ။ နောက်တက္ကသိုလ်ရောက်မှ Pseudo Code တွေသင်မှသိတယ် ငါဒါမျိုးတွေမြင်ဘူးပါတယ်ပေါ့။ နောက်ပြန်စဥ်းစားမှ သြော် ဒါတွေက ငါငယ်ငယ်က အဖေသင်တဲ့စာတွေပဲလို့။ ကံကောင်းချင်တော့ ကျွန်တော့်အဖေနဲ့ အလုပ်အတူတူလာလုပ်တဲ့လူက နိုင်ငံခြားပရောဂျက်တစ်ခုကလူ နာမည်တော့အကုန်မမှတ်မိပါဘူး ကလေးဆိုတော့ သူ့နာမည်လည်း အကုန်မခေါ်တတ်ပါဘူး။ တိုနီဆိုတာတော့မှတ်မိတယ်။ အန်ကယ်တိုနီလို့ခေါ်ရင် သူမကြိုက်ဘူး ဗမာလို ဦးတိုနီလို့ခေါ်ရင်သူ သဘောကျတယ်။ ဒီတစ်လုံးပဲသူပဲသိတယ်ထင်ပါတယ် သူပြောတဲ့ အင်္ဂလိပ်စကားလည်း ကိုယ်နားမလည်ပါဘူး ကိုယ်ပြောတဲ့ ဗမာစကားလည်း သူမသိပါဘူး။ နောက်တော့ သူလည်း ကျွန်တော်နဲ့စကားပြောရာကနေ ဗမာလိုကို တော်တော်နားလည်သွားတယ်။ သူ့ဆီမှာလည်း ကွန်ပျူတာတစ်လုံးရှိတယ် သူကတော့ တစ်ခြားအလုပ်တွေရှိတော့ ကွန်ပျူတာကိုသိပ်မသုံးပါဘူး အားနေတာများပါတယ်။ သူကကျွန်တော့်ကို သူ့ကွန်ပျူတာကို ကြိုက်သလိုဆော့ခွင့်ပေးထားပါတယ်။ ဦးတိုနီကဘာသင်ထားလဲဆိုတော့ ကွန်ပျူတာကို ဖွင့်တဲ့ခလုတ်ကိုပြထားတယ်။ နောက်ပြီး C:\>_ လို့ပေါ်လာရင် cd games ပြီးရင် Enter ကိုနှိပ်လို့သင်ထားပါတယ်။ ပြီးရင် dir လို့ရိုက် Enter နှိပ် ပေါ်လာတဲ့စာတွေထဲက ကြိုက်ရာကို ပြန်ရိုက် Enter နှိပ်လို့သင်ထားပါတယ်။ ဒီတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ နှိပ်နေကျစကားလုံးတွေက kingkong, mario, prince။ ဒါမျိုးစကားလုံးတွေကို သိပ်သဘောကျပါတယ်။ အဲ့ဒီအထဲရောက်သွားလို့ကတော့ ဘာမှသင်စရာမလိုတော့ဘူး ကျွန်တော်အကုန်လုပ်တတ်တယ် ဒါမျိုးတော့ အတတ်မြန်ပါတယ်။ ဒီတော့ ကျောင်းပိတ်ရက်မှန်ရင် အမြဲတမ်းပဲ အဖေနဲ့ရုံးကိုလိုက်ပါတယ် အဖေကို ကူဖို့အတွက်တော့မဟုတ်ဘူး ဦးတိုနီအခန်းထဲက စက်ကိုဆော့ချင်လို့။ အဖေကတော့ ပြောရှာပါတယ် တော်လိုက်တဲ့ငါ့သား ငါသင်တာကျတော့ တစ်ပါတ်နေလည်း မတတ် နှစ်ပါတ်နေလည်း မတတ် တိုနီသင်တဲ့ ဂိမ်းကစားနည်းကျတော့ နေ့ချင်းပြီးတတ်တယ်တဲ့။ နောက်တော့ ဦးတိုနီ အဖေ့ကိုဘာပြောလဲမသိဘူး ကျွန်တော့်ကို သူစာသင်ဖို့မကြိုးစားတော့ပါဘူး။ ဘယ်နှယုံဗျာ လေးတန်းကလေး ဒါတွေကိုသင်လို့ ဘယ်စိတ်ဝင်စားမလဲ သူစိတ်ဝင်စားတာ အရင်သင်မှပေါ့။ နောက်တော့ တော်တော်လေးဆော့တတ်သွားပြီဆိုတော့မှ ဦးတိုနီက ကျွန်တော့််ကို Typing အရိုက်ခိုင်းပါတယ် Typing Tutor Program ကိုတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ကလေးလက်နဲ့ သူ့ Keyboard ကိုရိုက်လို့မရဘူး သူ့ Keyboard ကအကြီးကြီးပဲ ရှေးဟောင်းပစ္စည်းဆိုတော့။ ဒီတော့ မရိုက်တတ်ရိုက်တတ်နဲ့ လက်သေးသေးလေးနဲ့ ရိုက်ရပါတယ်။ သူ့ကျေးဇူးလို့ပဲပြောရမယ် အခုအချိန်အထိ Keyboard ကို Number Keypad ကနေ Top row က Function Key တွေအဆုံး အကုန်ရိုက်နိုင်တယ်။ မောက်ဆိုတာတော့ အဲ့ဒီ့အချိန်က မမြင်ဘူးပါဘူး အဖေကတော့ ပြောပါတယ် ရှေ့လို့ရတဲ့ဟာတဲ့ မြင်မှမြင်ဘူးတာ ဘယ်လိုဟာလည်း မျက်စေ့ထဲမပေါ်ပါဘူး။ နောက်တော့ Virus ဆိုတာကို စပြီးမြင်ဘူးတော့တာပဲ ဘယ်သူ့ Floppy ကနေကူးတယ်တော့ မသိပါဘူး တစ်ရက် ကျွန်တော် kingkong ကိုကစားနေတုံး Monitor screen မှာ အကောင်လေးလိုဟာတွေပေါ်လာတယ် ကျွန်တော်ဆော့နေတဲ့ Screen ကိုကိုက်စားတဲ့ပုံတွေဖြစ်လာတယ်။ ကျွန်တော်လည်း စက်ကိုကြောက်ပြီးတော့ ပိတ်ပစ်လိုက်တယ်။ နောက်တစ်ခေါက်ပြန်ဖွင့်တော့ C:\> မှာကိုပဲ အကောင်တွေ ထွက်လာလိုက် ပေါ်လာလိုက်နဲ့ ဖြစ်နေတော့ ဦးတိုနီကိုပြောပြတော့ အဲ့ဒါ Screen ကိုအနှောက်အယှက်ပေးတဲ့ Virus လို့ပြောပါတယ်။ ကျွန်တော်လည်း စေတနာနဲ့မေးပါတယ် အဖေ့ဆီမှာ ပိုးသတ်ဆေးတွေ အများကြီးရှိသေးတယ်ထင်တယ် ဦးမှာမရှိရင် တောင်းပေးရမလားဆိုတော့ သူလည်းလန့်သွားပုံရပါတယ်။ ဦးမှာရှိပါတယ်တဲ့ မင်းဘာမှမလုပ်နဲ့နော်တဲ့။ သူလည်းကျွန်တော့်ကို ကြောက်ပုံရတယ် လုပ်ချင်ရာလုပ်တတ်မှန်းသိတယ် ဘာလို့လဲဆိုတော့ တစ်ခါက ကျွန်တော့်ကို သူပြောတယ်လေ သူ့အိမ်ဘေးက ဝါးရုံက အရွက်တွေရှုပ်တယ်ပြောလို့ ကျွန်တော်ကလည်း စေတနာနဲ့ပါ အရွက်တွေကို သူမရှိတဲ့အချိန် မီးရှိုလိုက်တာ ဝါးရုံပါမီးလောင်လို့ ရုံးဝင်းတစ်ခုလုံးဝိုင်း သတ်ရတယ်လေ။ တစ်ခါတည်းနဲ့ပဲ သူလည်းလက်လန်သွားပုံရပါတယ်။ သူလည်း သူ့ကွန်ပျူတာကို ကျွန်တော် ပိုးသတ်ဆေးဖြန်းမှာ နည်းနည်းတော့ စိုးရိမ်ပုံရပါတယ်။ ဒါကတော့ ငယ်ဘဝက ကွန်ပျူတာကိုမြင်ဘူးခဲ့တာကို ပြောပြထားတာပါ။ တစ်ခါတစ်လေတော့လည်း ကွန်ပျူတာကို ငယ်ငယ်ကလို့ အပူအပင်မရှိ သုံးနေတဲ့အချိန်မျိုးလေးတွေကိုပဲ ပြန်ရချင်မိပါတယ်။ အခုတော့ ဒီကွန်ပျူတာရှေ့မှာထိုင်ရမှာကို ကြောက်နေမိတော့တယ်။ နောက်ကြုံမှ နည်းနည်းကောင်းလာတဲ့ ကွန်ပျူတာတွေကို မြင်ဘူးခဲ့တာတွေကို လျောက်ရေးပါဦးမယ်။ ဒီတစ်ခါတော့ မအားတာနဲ့ ဘာမှဖတ်ကောင်းအောင် မရေးနိုင်တော့ဘူး ဒီတော့လာပြီး အားပေးတဲ့ ပရိတ်သတ်တွေကို အားနာပါတယ်။ နောက်တစ်ခေါက်ရေးရင် စိတ်ဝင်စားမယ့် အကြောင်းတစ်ခုရေးပါ့မယ်။

20
Feb 09

How to prevent indexing of our website from searh engines?

CBox မှာအော်ထားတာတွေ့လို့ ရေးထားလိုက်ပါတယ်။ ခပ်တည်တည်နဲ့ကိုယ်က Search Engine တွေကို ဘန်းထားတယ်လို့ပြောတာ တစ်ကယ်တမ်းက သူတို့ကိုဘန်းထားတာမဟုတ်ပါဘူး ကိုယ်ကသူတို့ကို Index မလုပ်စေချင်တဲ့ နေရာတွေကို ပြောထားလို့ပါ။ Search Engine ဆိုတာ သူများ Information တွေကို အလကားလိုက်ယူနေတဲ့ဟာတွေဆိုတော့ ကိုယ်မယူစေချင်တဲ့နေရာကို ပြောထားလိုရပါတယ်။ ပြောထားရက်နဲ့ သူတို့ Index လုပ်သွားရင်တော့ တရားစွဲလို့ရပါတယ်။ ကိုယ့် Website ရဲ့ Root မှာ robots.txt ဆိုပြီးဖိုင်တစ်ဖိုင်ထားပြီး အဲ့သည့်အထဲမှာ ကိုယ်မလုပ်စေချင်တဲ့ Path တွေကိုထည့်ပေးရပါတယ်။

User-agent: *
Disallow: /

ဒီလိုသာထည့်လိုက် သူတို့ဘယ်ဟာကိုမှ Index မလုပ်တော့ဘူး။ ဒါမှမဟုတ်သီးသန့် Folder တွေကိုဖယ်ထားချင်တာဆိုရင်တော့

User-agent: *
Disallow: /cgi-bin/
Disallow: /images/
Disallow: /tmp/
Disallow: /private/
….

ဒါမျိုးတွေထည့်ပေးလိုက်ပေါ့ဗျာ။

WordPress သုံးတဲ့လူဆိုရင်တော့ ဒါမျိုးတွေမထည့်ချင်ရင် Admin အနေနဲ့ဝင်။ Setting -> Privacy ->Blog Visibility ကို I would like to block search engines, but allow normal visitors လို့ရွေးထားလိုက်ဗျာ။ တစ်ခါတစ်လေတော့လည်း ကိုယ်က Public မဖြစ်စေချင်တဲ့ ကိစ္စတွေရှိတယ်လေ ဒါမျိုးတွေအတွက်သုံးရပါတယ်။ ကျွန်တော့် ဘလော့ထဲကစာသားတွေကို ယူပြီးတော့ Google မှာရှာကြည့်လိုက် တစ်ခြားကနေ RSS ယူပြီးပြထားတဲ့ နေရာတို့ တစ်ချို့အသုံးအနှုံးတူနေတာ ရှိရင်သာတွေ့မယ် ကျွန်တော့်ဘလော့မှာပါတယ်တော့ Result မှာတွေ့မှာမဟုတ်ဘူး။

18
Feb 09

ဗမာပြည်ကွန်ပျူတာလောကကိုအဆိပ်ခပ်သူတွေ

ကျွန်တော်ကျောင်းသားဘဝ စပြီဆိုကတည်းက ကွန်ပျူတာနဲ့ပါတ်သက်တဲ့ ဟောပြောပွဲမှန်ရင် သွားလေ့ရှိပါတယ်။ ကြော်ငြာအနေနဲ့လုပ်တဲ့ပွဲရှိသလို ရောက်တတ်ရာရာပြောချင်ရာပြောတဲ့ ကွန်ပျူတာ ပညာရှင်အသင်းက လုပ်တဲ့ဟောပြောပွဲတွေလည်းရှိပါတယ်။ တစ်ခါလာလည်း ဟိုကလာတဲ့ဥက္ကဋ္ဌ ဒီကလာတဲ့ အတွင်းရေးမှုးဆိုပြီးတော့ လာလာပြီးဟောလေ့ပြောလေ့ရှိပါတယ်။ တစ်ခါဗျာပြောတာသွားနားထောင်ပါတယ် ပြောသွားတာကတော့ Sommerville ရေးတဲ့စာအုပ်ထဲကဟာတွေကို လူပြိန်းနားလည်အောင် ပြောသွားတာပါ။ ပြီးတော့နောက်ဆုံး ဘာပြောသလဲဆိုတော့ သူဆီမှာအလုပ်လုပ်နေတဲ့ ကလေးတစ်ယောက် ကိုယ့်ဘဝကိုယ်ဖျက်ဆီးလိုက်တာ မြင်ဘူးတယ်တဲ့။ အဲ့ဒီကောင်လေးက သူ့ဆီမှာ Programmer လုပ်နေတာပါတဲ့။ သူကတော့ လူအထင်ကြီးအောင် ပြောတဲ့စကားလုံးကတော့ Software Engineer လုပ်တာပေါ့ဗျာ။ တစ်ရက်မှာ အဝေးသင်စာမေးပွဲ ဖြေချင်လို့ဆိုပြီးတော့ ခွင့်တစ်လတောင်းပါတယ်လို့ပြောတယ်။ သူကပြောလိုက်တယ်တဲ့ မင်းငါ့ဆီမှာ Engineer ဖြစ်နေပြီပဲ ဘာလုပ်ဖို့ ဒီသုံးမရတဲ့ဘွဲ့ကိုသွားယူမှာလဲလို့ ပြောလိုက်တော့ ကောင်လေးက အလုပ်ထွက်သွားတယ်တဲ့။ ဒါကိုသူက ကောင်လေးသူ့ဘဝကို သူဖျက်ဆီးလိုက်တယ်ပေါ့ဗျာ။ စိတ်ထဲကနေတော့ ပြောမိပါတယ် ဒါသူ့ဘဝကိုသူ ကယ်တင်သွားတာပါလို့။ ဘယ်နှယုံဗျာ သူ့ကုပ္ပဏီပေါက်တိုးပေါက်စမှာ သူ့ဟာသူနာမည်တပ်ထားတဲ့ Software Engineer နာမည်ကိုယူပြီးတော့ ကိုယ့်ပညာရေးကို အဆုံးရှုံးခံပြီးဘာလို့လုပ်ရမလဲ။ ကျွန်တော်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကထောက်ခံတယ် ကျွန်တော့်ကို တိုးတိုးလေးပြောတယ် ကျောင်းမှာတက်ရင်း မတတ်မယ့်အတူတူတော့ ငါကျောင်းထွက်ပြီး အလုပ်လုပ်တော့မယ်တဲ့။ ကျွန်တော်တော်တော်လေးလန့်သွားတယ်။ ဒါနဲ့ကျွန်တော်တစ်ခွန်းပဲ ထမေးလိုက်ပါတယ် ဦး………….. ဘယ်ကျောင်းကနေ ဘယ်ဘွဲ့အထိရခဲ့ပါသလဲလို့မေးပါတယ်။ အောင်မယ် အားရဝမ်းသာဖြေပါတယ် ကျွန်တော် ……………. တက္ကသိုလ်ကနေ မဟာဘွဲ့ရပါတယ်။ ဒါဆိုရင် ဦး …………… အနေနဲ့ အဲ့ဒီတက္ကသိုလ်ကိုသာ မတက်ခဲ့ရရင် စောစောကဟောပြောသွားတဲ့ အကြောင်းအရာတွေကို ပြောနိုင်မယ်လို့ထင်ပါသလားလို့ မေးလိုက်တော့ ကျွန်တော်ကို စားမယ့်ဝါးမယ့် မျက်နှာထားနဲ့ပြန်ကြည့်ပြီးတော့ လူကြီးပီပီပဲ ကြည့်ကောင်းအောင်တော့ ပြန်ဖြေရှာပါတယ်။ တစ်ခါလည်းကြုံပါသေးတယ် ဘယ်သူမှန်းတော့မမှတ်မိတော့ဘူး ဘာတဲ့သူကပြောတယ် အခုခေတ်မှာ Technology ဆိုတာ Academic ကထွက်တာမဟုတ်ပဲ Industry ကထွက်တာဆိုတာက ပါးစပ်ကမချဘူး။ ရူးများရူးနေသလားမသိဘူး အဲ့ဒီ့ Industry ဆိုတာမှာ အလုပ်လုပ်နေတဲ့လူတွေက ဆယ်တန်းအောင်လို့ printf scanf သင်ပြီးတော့ ခိုင်းလို့ရအောင် ဖြည်းဖြည်းချင်းသင်လာတဲ့ လူတွေမဟုတ်ဘူးဟ။

ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီ့လူကြီးတွေတော်ကြပါတယ် တစ်ကယ်ပြောတာပါ။ နောက်ပြီးတော့ သူတို့နားလည်တာတစ်ခုရှိတယ် ဘာလဲဆိုတော့ သူတို့ထွက်ခဲ့တဲ့နေရကနေသာ သူတို့လိုလူတွေ ထွက်လာမယ် ဆိုတာကိုပါ။ ဒီလိုလူတွေကို သူတို့ကြာကြာခိုင်းစားလို့မရဘူးဆိုတာ သူတို့ကောင်းကောင်းနားလည်တယ်။ ရှင်းရှင်းပြောရရင် ယေဘုယျပြောမယ် နောက်လူဆိုတာ ရှေ့လူထက်သာစမြဲပဲ ဘာလို့လဲဆိုတော့ ရှေ့ကလူတွေ တစ်ပင်တစ်ပန်းရှာထားတဲ့ ပညာတွေကို အဆင်သင့်ရပြီးသားဖြစ်နေတယ်။ ဒီတော့သူတို့နည်းနည်းပိုကြိုးစားတာနဲ့ ရှေ့လူထက်တော့သာပြီးသားပဲ။ ဒီတော့သူတို့တစ်တွေကို နင်းပြီးတော့ ကျော်တက်သွားမယ့် မျိုးဆက်အတွက် သူတို့မလိုချင်ဘူးလေ။ ဒါကြောင့် သူတို့ထက်သာမသွားနိုင်မယ့် မျိုးဆက်ကို ကိုယ်ပိုင်မွေးထားလိုက်တာပေါ့ ဒါပါပဲမထူးဆန်းပါဘူး။ ဦးအောင်သင်းပြောတဲ့ စကားကိုငှားပြောရရင်တော့ ကားပြင်တတ်ဖို့ကတော့ အဝတ်အဟောင်းလေးဝတ် ကားဝပ်ရှော့ကို ခြောက်လ တစ်နှစ်ပို့ထားလိုက် ကားပြင်တတ်ပါတယ်။ စက်မှု့ပညာအထူးပြုနဲ့ တက္ကသိုလ်မှာ ငါးနှစ်ခြောက်နှစ် တက်လာတဲ့ အင်ဂျင်နီယာက ကားပြင်တတ်ချင်မှ ပြင်တတ်မယ်ဗျာ ဒါပေမယ့် သူ့ကိုဝပ်ရှော့ပို့လိုက် ငါးရက် ခြောက်ရက်အတွင်း ကားပြင်တတ်သွားပါလိမ့်မယ်။ ဝပ်ရှော့ကလေးကို လေယာဥ်ပျံလုပ်တဲ့ဆီကို ပို့လိုက်လို့ကတော့ ဘယ်လောက်ကြာကြာ တတ်မှာမဟုတ်ဘူး။ ဒါပေမယ့် ကျောင်းဆင်းလာတဲ့ အင်ဂျင်နီယာကိုတော့ ပို့ချင်သပဆိုရင်ဖြင့် ပို့လို့ရပါတယ်။ ကိုယ့်ထက်ငယ်တဲ့ ဂျူနီယာကလေးတွေကို ကိုယ့်ရဲ့ညီလေးတွေ ညီမလေးတွေလိုပဲ သဘောထားပါတယ်။ အစ်ကိုပြောတာတွေကို ယုံပါလို့အစ်ကို အတင်းမတိုက်တွန်းဘူး ဟုတ်မဟုတ် ကိုယ့်ဘာသာကိုယ့်ဆုံးဖြတ်။ ဒါတွေက အစ်ကိုဖြတ်သန်းလာတဲ့လမ်းမှာ တွေ့ခဲ့တဲ့အကြောင်းတွေပါ။ ကိုယ်ရဲ့ပညာရေးလမ်းကို ကိုယ်ဆုံးအောင်လျောက်ကြပါ ဝပ်ရှော့ကိုမသွားချင်ကြပါနဲ့ ကိုယ်ရှေ့ကလူတွေကို နင်းပြီးတော့တက်ခဲ့ကြ ဘာမှအားနာမနေနဲ့။ ဒါပေမယ့် မမေ့ကြနဲ့ မင်းတို့ကို နင်းတက်မယ့် မျိုးဆက်တွေလာလိမ့်မယ် ကျေကျေနပ်နပ်ကြီး ထမ်းတင်ပေးရမယ့်နေ့ကို ရောက်ကြရဦးမယ်ဆိုတာပဲ။

18
Feb 09

ကျွန်တော်ကြုံခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝ (၄)

ဒီတစ်ခါတော့ ကျောင်းသားဘဝမှာ ဖြစ်တတ်တဲ့အချစ်ရေးပေါ့ဗျာ။ ဗမာပြည်မှာက တက္ကသိုလ်တက်ရင် ရည်းစားရှာရတယ်ဆိုတာကလည်း ကျောင်းသားဘဝရဲ့ အလုပ်ကြီးတစ်ခုလို့ သဘောထားနေကြတယ်။ ဘယ်အချိန်မှာ ပိုသိသာသလဲဆိုတော့ ကျောင်းပြီးခါနီးအချိန်တို့ဘာတို့မှာ ရည်းစားမရှိသေးတဲ့ ကျောင်းသူကျောင်းသားများ အားငယ်တာတို့ ယောက်ချာချာဖြစ်နေတာတို့ မြင်ဖူးကြမယ်ထင်ပါတယ်။ ဒါကိုအပြစ်ပြောမလို့မဟုတ်ပါဘူး သဘာဝပဲလေ အသက်က ၁၉ – ၂ဝ လည်းဖြစ်လာပြီဆိုတော့ ဒီကိစ္စတွေကို အပြစ်ပြောစရာအကြောင်းမရှိပါဘူး။ ဘယ်နိုင်ငံက တက္ကသိုလ် ကျောင်းသားကျောင်းသူတွေပဲဖြစ်ဖြစ် တစ်ဘဝလုံး လက်တွဲရမယ့်သူတွေနဲ့ဆုံကြတာ တက္ကသိုလ်မှာပဲများကြပါတယ်။ ပြဿနာက အဲ့ဒီ့ကိစ္စဖြစ်လာရင် ကိုယ်လုပ်နေတဲ့ ပညာရေးကို အထိခိုက်ခံလိုက်ကြတာတွေ တွေ့ရတာသိပ်မကောင်းတဲ့ကိစ္စပဲ။

ဗမာပြည်ရဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထုတွေထဲမှာ ပထမဆုံးအနေနဲ့ထွက်လာတာက ကောလိပ်ကျောင်းသား ကောင်းကောင်းတောင် မမှတ်မိတော့ပါဘူး မင်းသားကမင်းသမီးကိုကြိုက်တယ် မင်းသမီးအိမ်ပြန်သွားရတယ် မင်းသားဆွေးပြီး စာမေးပွဲတွေဘာတွေ မဖြေနိုင်ဖြစ်တယ် နှစ်ဝက်စာမေးပွဲကျတယ် အိမ်ကမေးတော့ ဝါးလုံးစစ်စစ်လို့ ကျတယ်တို့ ဘာတို့ ပြောတာတွေကို ဇာတ်နာအောင်ရေးပါတယ်။ ဖတ်လို့တော့ ကောင်းမှာပါဗျာ ဒါပေမယ့် ဘာမှအတုယူစရာလည်းမတွေ့ နောင်လာနောက်သားတွေ ခေတ်အဆက်ဆက် မှားစရာတွေပဲဖြစ်လာတယ်။ ခေတ်အဆက်ဆက် ရေးလာခဲ့တဲ့ တက္ကသိုလ်ဇာတ်လမ်းတွေ ဒီလမ်းထဲကိုမထွက်တော့ပါဘူး။ ဒီဝတ္ထုတွေကို လူငယ်တွေဖတ်တာများတယ် ဒါတွေကိုပဲရုပ်ရှင်ရိုက်တယ် လူငယ်တွေပဲကြည့်တာများတယ်။ ကိုယ့်ဟာကိုယ် ဖွန်ကြောင်လို့ စာမေးပွဲကျတာကိုပဲ သူတို့သူငယ်ချင်းတွေထဲမှာ လူစွမ်းကောင်းကြီးလို ဖြစ်လာတယ်။

ကျွန်တော့်သူငယ်ချင်းတစ်ယောက် တတိယနှစ်မှာ ဒီလိုပဲအကြောင်လွန်းပြီး Re-exam ထိပါတယ်။ ဖြေလိုက်ရင်အောင်ပါတယ် ဒါပေမယ့် ဂုဏ်ထူးတန်းဆက်တက်လို့ မရတော့ပါဘူး။ သူဂုဏ်ထူးတန်း တက်ချင်လွန်းလို့ သူ့အမှားအတွက် သူစာမေးပွဲပြန်မဖြေပဲ အကျခံလိုက်ပါတယ်။ သူပေးဆပ်လိုက်ရတာက သူ့ရဲ့အချိန်တစ်နှစ်နော် နည်းနည်းနောနောမဟုတ်ဘူး။ သူဆက်တက်လာလိုက်တာ သူတက်ချင်တဲ့ ဂုဏ်ထူးတန်းတက်ရပါတယ် နောက်တော့ မဟာတန်းသူဆက်တက်ပါတယ်။ မဟာတန်း စာမေးပွဲမှာလည်း တစ်ခေါက်ထပ်ပြီးတော့ ကြောင်ပြန်ပါတယ် ဒီတစ်ခေါက်လည်း စာမေးပွဲကျပါတယ် ဒီတစ်ခါတော့ မဟာတန်းဆိုတာ Re-Exam မရှိပါဘူး။ အင်မတန်လည်း နှမြောမိပါတယ်။ တစ်ရက် သူနဲ့ကျွန်တော်နဲ့ လက်ဘက်ရည်ဆိုင်မှာထိုင်နေတုံး သူ့ညီဝမ်းကွဲလေးရောက်လာတော့ စကားစပ်မိလို့ သူ့ကြောင်းကိုသူ့ညီသိသွားတော့ ကလေးကဘာပြောသလဲဆိုတော့ အစ်ကိုရယ်အရမ်းဂုဏ်ယူတယ်ဗျာတဲ့။ ကိုယ့်နေရာကိုဆက်ခံမယ့် ကလေးတွေမှာ ဒီလိုအယူအဆတွေဖြစ်နေတာကို တစ်ကယ်ကိုပဲ ဝမ်းနည်းမိပါတယ်။

ကျွန်တော်ရုပ်ရှင် သွားကြည့်လေ့မရှိပါဘူး အိမ်မှာနေရင်းကြည့်လို့ရတဲ့ ဗွီစီဒီကိုတောင် မကြည့်ဖြစ်ပါဘူး ဒါပေမယ့် အမေရယ် အဒေါ်ရယ် ညီမလေးရယ်ကတော့ အမြဲတမ်းကြည့်ကြပါတယ် ကိုရီးယားကားပေါင်း သောင်းခြောက်ထောင် ဝယ်ကြည့်ပါတယ်။ တစ်ရက်သူတို့ကြည့်နေလို့ ဇာတ်လမ်းတစ်ခု ခဏတဖြုတ်ကြည့်လိုက်ပါတယ် ဇာတ်ကားကတော့ ဗမာပြည်မှာတော်တော်လေး နာမည်ကြီးပါတယ် “Love Story in Harvard”။ ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီးက ဘာပြဿနာတက်တယ်တော့ မမှတ်မိပါဘူး မှတ်မိတာကတော့ မင်းသားကမင်းသမီးကို ကားနဲ့ညပိုင်းမှာလိုက်ပို့ရပါတယ်။ မင်းသားက နောက်နေ့မှာ Assignment တင်စရာရှိပါတယ်။ မင်းသမီးကားပေါ်မှာ အိပ်ပျော်နေတဲ့အချိန်မှာ သူ Assignment ကိုပြီးအောင်လုပ်ရင်း Laptop Battery ကုန်ပါတယ်။ ဒါပေမယ့်သူ လက်ရေးနဲ့အပြီးရေးပြီးတင်ပါတယ်။ နောက်နေ့မှာတော့ အချိန်မှီတင်လိုက်နိုင်ပါတယ်။ ဗမာကားဆိုရင်တော့ မင်းသား Assignment မပြီးလိုက်လို့ စာမေးပွဲကျ ဒါကိုမင်းသမီးက သူ့ကြောင့်ဖြစ်တယ်ဆိုပြီး ကရုနာတွေပို ဒါမျိုးတွေပဲလာမယ်။ ဒါနဲ့ကျွန်တော် စိတ်ဝင်စားလို့ဆက်ကြည့်မိတယ် နောက်ပိုင်းလည်း တော်တော်ကြီးကျယ်တဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေဖြစ်တယ် ဒါပေမယ့် သူတို့လုပ်လက်စ ပညာရေးကိုအထိခိုက်ခံလိုက်တယ်ဆိုတာ တစ်ခါမှမတွေ့ဘူး သူတို့ကိုယ်ရေးကိုယ်တာကိစ္စကိုလည်း မျတအောင်စီမံကြတာတွေ့တယ်။ နောက်လည်း ပညာရေးအတွက်ပဲ ယာယီလမ်းခွဲခဲ့တာတွေ့ပါတယ်။ ဗမာပြည်လို လျောက်လည်တာ အချိန်လွန်သွားတာကနည်းနည်း မောင်နဲ့မခွဲနိုင်ဘူး မေနဲ့မခွဲနိုင်ဘူးဆိုတာများများနဲ့ ပထမနှစ်ကတည်းက လိုက်ပြေး ကျောင်းကိုတစ်ဝက်တစ်ပျက်နဲ့ထွက် ဆိုတဲ့ဟာမျိုးမတွေ့ဘူးဗျာ။ ကျွန်တော်ကိုရီးယားကို အထင်ကြီးတဲ့လူမဟုတ်ပါဘူး ရုပ်ရှင်ထဲကနဲ့ အပြင်ကသူတို့ စရိုက်ကတစ်ခြားစီပါ ဒါကိုသိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲက အတုယူစရာကိုမြင်လို့ပြောတာပါ။

မှတ်မှတ်ရရပါ မနေ့ကအလုပ်တွေ စာတွေမပြီးတာနဲ့ ညပိုင်း ၂ နာရီလောက်မှ ကျောင်းကနေပြန်လာပါတယ် စာကြည့်တိုက်ရှေ့ ခုံတန်းကလေးမှာ ကောင်လေးနဲ့ ကောင်မလေး အတွဲတစ်တွဲထိုင်ပြီး Assignment လုပ်နေကြပါတယ်။ သူတို့နားကဖြတ်သွားတော့ နားစွန်နားဖျားကြားလိုက်တာက ကောင်လေးက အခုလုပ်နေတဲ့ Assignment ပြီးရင် မနက်ဖြန်ဘာမှ လုပ်စရာမရှိလို့ အပြင်ထွက်လည်မယ်လို့ပြောတာပါ ကောင်မလေးက မနက်ဖြန်ဘာမှ မရှိပေမယ့် နောက် ၃ ရက်နေရင်နောက်ထပ် Assignment နောက်တစ်ခုကျန်သေးလို့ မနက်ဖြန်ကို အပြင်မထွက်ပါရစေနဲ့တဲ့ ဒီတန်ဖိုးရှိတဲ့ အချိန်တစ်ရက်ကို ဖြုန်းလိုက်တာထက် နောက်လာမယ့် Assignment အတွက်အချိန်တစ်ရက် ပိုပေးလိုက်တာက ငါတို့နှစ်ယောက်ရဲ့ဘဝအတွက် ပိုပြီးအဖိုးတန်မယ်ထင်တယ်တဲ့ အဲ့ဒီ Assignment ပြီးရင်တော့ သူဘယ်ကိုပဲသွားသွားလိုက်ခဲ့ပါမယ်လို့ ကောင်လေးကိုပြောနေတာ ကြားမိလိုက်တယ်။ ဒီကလေးနှစ်ယောက် အသက်ကအလွန်ဆုံးရှိ ၁၈-၁၉ ပေါ့။ ကိုယ်ဆီက တက္ကသိုလ်ကျောင်းသား ကျောင်းသူ စုံတွဲလေးတွေကိုလဲ ပျော်သင့်တဲ့အချိန်မှာပျော် ကိုယ့်ဘဝအတွက် ကြိုးစားသင့်တာတွေကိုလည်း အပျက်မခံပဲကြိုးစားနေတဲ့ လူငယ်လေးတွေအဖြစ်ပဲ တွေ့ချင်ပါတယ်ဗျာ။

16
Feb 09

ကျွန်တော်ကြုံခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝ (၃)

အခုတော့ ဗမာပြည်က ကျောင်းတွေအားလုံးနီးနီးမှာ ယူနီဖောင်းတွေ ဝတ်ပြီးကျောင်းတက်နေရတာတွေ ဖြစ်ကုန်ပါပြီ။ ကျွန်တော်တောင် ကြီးကောင်ကြီးမားကြီးဖြစ်နေမှ ယူနီဖောင်းဒဏ်ကို ၁ နှစ်လောက် မိလိုက်ပါသေးတယ်။ တက္ကသိုလ် ယူနီဖောင်းဝတ်ရတယ်ဘာတွေနဲ့ နည်းနည်းတော့ ပူညံပူညံလုပ်ကြပါတယ်။ ပြန်ဆန်းစစ်လိုက်တော့ ဘယ်သူမပြုမိမိမှု့လို့ပဲ ပြောရပါတော့တယ်။ Globalization ဆိုတာကြီးက ဗမာပြည်ကိုရိုက်ခတ်တယ် ဗမာတွေကဟုတ်တာတွေကို သိပ်စိတ်မဝင်စားဘူး မဟုတ်တာတွေကိုပဲ ယူထားလိုက်တာများတယ်။ ဖြစ်ပုံကတော့ ကျောင်းသူတွေ ဝတ်ပုံစားပုံကနေပဲစတယ်ပြောရမယ် ကျောင်းကိုစကပ် အတိုတွေ ဘောင်းဘီအတိုတွေနဲ့လာတယ် အင်္ကျီကိုလည်း ယောက်ျားလေး ကာယဗလမောင်တွေများ အားကျလို့လားတော့ မသိပါဘူး စွတ်ကျယ်လိုဟာတွေလည်း ဝတ်လာတယ်။ တန်ရုံလောက်တိုတာတွေ ဝတ်တာကတော့ ဘယ်သူမှအလုပ်ရှုပ်ခံပြီးတော့ မပြောကြပါဘူး ဆရာ ဆရာမတွေလည်း ယူနီဖောင်းဘယ်ဝတ်ချင်ပါ့မလဲ ကျောင်းသွားရင် အလှူပွဲသွားသလိုဝတ်ချင်တာပေါ့။ ပြောရမယ်ဆိုရင် အပြင်လောကနဲ့ သိပ်ကွာဟလွန်းတဲ့ အဝတ်အစားမျိုးတွေကိုတော့ ကျောင်းကလက်မခံနိုင်ပါဘူး ဒီတော့ဘာလုပ်သလဲဆိုတော့ ဗမာပီပီပဲ အားလုံးအတူတူဝတ်ဆိုပြီး ယူနီဖောင်းဒီဇိုင်းလုပ်လိုက်တော့တာပေါ့။

ဒီတော့အများကဝိုင်းပြောကြမယ်ဗျာ ကိုလူပျိုကြီး အခုတက်နေတဲ့ကျောင်းမှာရော မိန်းကလေးတွေ စကပ်အတို၊ ဘောင်းဘီအတိုမဝတ်ဘူးလားဆိုပြီးတော့။ ပြန်ဖြေမယ်ဗျာ ဝတ်တယ်ဗျာ မိန်းခလေးမှန်ရင် ကျွန်တော့်ကျောင်းမှာတော့ ရှည်တာမှန်ရင် ဘာမှမဝတ်ဘူး အကုန်လုံး စကပ်အတို၊ ဘောင်းဘီအတိုပဲ ဒါပေမယ့် တစ်နိုင်ငံလုံးဒါမျိုးပဲဝတ်တယ်လေ ကျောင်းထဲမှာမိန်းကလေး စကပ်အတို ဘောင်းဘီအတိုဝတ်တာ မထူးဆန်းပါဘူး။ အပြင်မှာလည်း တော်တော်သရုပ်ပျက်တဲ့ လူငယ်တွေ ဝတ်ပုံစားပုံတွေရှိတယ် အဝတ်အစားတင်မကဘူး မျက်နှာတစ်ခုလုံးလည်း အပေါက်ပေါင်းစုံဖောက်တယ် နားကပ်၊ နှာခေါင်းကပ် အဲလေ ဘာခေါ်ရမှန်းမသိတဲ့ဟာတွေ ဝတ်ထားတယ်။ ဒါမျိုးတွေကျောင်းထဲမှာ မရှိပါဘူး ကျောင်းစည်းကမ်းအရလည်း လက်မခံပါဘူး။ ဒီတော့ ကပ်သီးကပ်သပ်ပြောရရင် ကျောင်းသားအားလုံးဒါမျိုး မဝတ်တတ်ကြဘူးလားဆိုရင် ဝတ်တဲ့လူလည်းရှိမှာပါ ဒါပေမယ့် ကျောင်းဝင်းထဲမှာတော့ လုံးဝမရှိပါဘူး။

ကျွန်တော်မှာပြောရရင် ဘွဲ့သာရသွားတယ် စိမ်းပြာရောင် ယူနီဖောင်းဆိုတာ တစ်ထည်မှမရှိပါဘူး။ ကျွန်တော့်ကျောင်းမှာက ပါမောက္ခချုပ်တွေက တစ်ယောက်ပြီး တစ်ယောက်သာ ပြောင်းသွားတယ် နားလည်မှု့ရှိပါတယ်။ သူတို့ကိုယ်တိုင် စာဝင်သင်တဲ့အချိန်မှာတောင် ကျွန်တော်ဘယ်တော့မှ အင်္ကျီအဖြူ မဝတ်ပါဘူး အစင်းအကွက်နဲ့ ရောင်စုံပဲဝတ်ပါတယ်။ ပုဆိုးကတော့ ပြောမနေနဲ့ အကွက်စိတ်စိတ်ကနေ စောင်ကိုချုပ်ထားသလား ထင်ရတဲ့ လယ်ထွန်လို့ရလောက်တဲ့ အကွက်အဆင်မျိုးတောင် ကျွန်တော်ဝတ်ပါတယ်။ ဒါပေမယ့် ဆရာ ဆရာမတွေဘာမှမပြောဘူး ဘာလို့လဲဆိုတော့ ကျွန်တော်ဝတ်ပုံစားပုံက ဘာမှလွန်ကဲမှု့မရှိပါဘူး သူတို့ပြောတဲ့စည်းကမ်းနဲ့ မညီတာတစ်ခုပဲရှိပါတယ်။ တစ်ရက် ဝန်ကြီးလာမယ်ဆိုတော့ သင်တန်းမှုးကခေါ်ပါတယ် မင်းတို့ဒီနေ့တော့ ကန်တင်းမှာပဲ တစ်နေကုန်နေကြပါကွယ် အတန်းထဲမလာပါနဲ့လို့တော့ တစ်ခါအပြောခံရတယ်။

ကိုယ့်ထက်ငယ်တဲ့ ကလေးတွေတက်တဲ့ကျောင်းမှတော့ ကျွန်တော်တို့ကျောင်းလို လွတ်လွတ်လပ်လပ် သိပ်မရှိလှဘူး။ ယူနီဖောင်းမဝတ်လာရင် ဒဏ်တပ်ပါတယ်တဲ့။ ထားပါတော့ဒါကတော့ စည်းကမ်းဆိုတော့လည်း မပြောတော့ပါဘူး။ ကျွန်တော်ကလည်း ကလေးတွေကို စာပြန်သင်လေ့ရှိတော့ သူတို့ဆီကနေဒါတွေ တစ်နေ့တစ်နေ့ကြားနေရတယ်။ မင်းတို့ဟာကလည်း မဟုတ်သေးပါဘူးပေါ့။ နောက်တော့ တစ်ဖြည်းဖြည်း အဆင့်တက်လာတယ် ဆံပင်မဆိုးရဘူးတဲ့။ ဒီတော့ကလေးတွေကိုပြောတယ် မင်းတို့ဟာတွေက မဟုတ်တော့ဘူးပေါ့ ကိုယ်ဆံပင်ကိုယ်ဆိုးတာ ဘာဖြစ်သလဲပေါ့။ သူတို့ကလည်းဟုတ်တယ်အစ်ကို မဆိုးရဘူးဗျ မယ့်ရင်လိုက်ကြည်တဲ့ မနေ့ကမှ စည်းကမ်းချက်အသစ်ထုတ်ထားတာတဲ့။ ဖြစ်ချင်တော့ ကိုယ်ကလည်း အဲ့ဒီရက်ပိုင်းကမှ အိမ်ကအဒေါ်တွေဆိုးတဲ့ ဆံပင်ဆိုးဆေးတွေလျောက်လုပ်လိုက်တာ ဆံပင်အကုန် မဟော်ဂနီရောင် ပေါက်နေတယ်။ ဒါနဲ့သူတို့ကျောင်းကို လိုက်ကြည့်တယ် အောင်မယ် ပထမဆုံးတွေ့လိုက်ရတာက မိန်းကလေးတစ်ယောက် ပထမနှစ်ကျောင်းသူဖြစ်မယ်ထင်ပါတယ် တော်တော်လေးကို ငယ်ပါတယ် ကလေးရုပ်ကလေးကို မပျောက်သေးပါဘူး။ ခေါင်းကအရောင်စုံဗျ မှတ်မိသလောက်ဆိုရင် ရှေရောင်ရယ်၊ နီညိုရယ်၊ ငွေရောင်ရယ်၊ အစိမ်းရောင်လည်းပါသေးတယ်ဗျ ဆံပင်ကို အချောင်းလိုက် အချောင်းလိုက် အစုလေးတွေ ဆိုးထားတယ်။ ကိုယ်လည်းအိမ်ထဲက အိမ်အပြင်မထွက်တဲ့လူမဟုတ်ပါဘူး အပြင်မှာတောင် ဒါမျိုး သိပ်မမြင်ဘူးသေးဘူး။ ကျောင်းထဲဆက်လျောက်လိုက်တော့ အောင်မယ် ကိုယ်စာသင်ပေးနေတဲ့ ကလေးတစ်ယောက်ပါဗျာ လာနှုတ်ဆက်ပါတယ်။ ဒါပေမယ့် သူ့အနားသိပ်မကပ်ရဲဘူး တစ်ခေါင်းလုံးကို ဟိုလေဘာတဲ့ ကုလားပြည်က စိုင်းဘာဘာဆိုတဲ့လူလို တစ်ခေါင်းလုံး ဆံပင်အရှည်ကြီးကို ဂျယ်တွေနဲ့ အခွန်တွေဖြစ်အောင် ထောင်ထားတယ် ကိုယ်လည်းကြောက်တာပေါ့ မတော်မျက်လုံးထိုးမိမှာကြောက်ရတယ်။ ဒီတော့သူ့ကိုလည်းပြောလိုက်ပါတယ် အခုဆံပင်ဆိုးတဲ့ကိစ္စရှင်းပြီးသွားရင် မင်းတို့ကျောင်းအုပ်ကြီးက နောက်တစ်ပါတ်လောက်နေရင် ဆံပင်ဂျယ်နဲ့ထောင်တဲ့လူတွေ ဒဏ်ရိုက်မယ်ပြောတယ်လို့တောင် ပြောခဲ့သေးတယ်။ မကြာပါဘူး သတင်းကြားတယ် ဆံပင်များ ဂျယ်နဲ့မထောင်ရဆိုပြီးတော့။

နောက်ဆုံးပြန်ပြောရမယ်ဆိုရင်တော့ သာမန်ကျောင်းသူကျောင်းသားတွေကတော့ ပဲလှော်ကြားမှာ ဆားညပ်တာပဲလို့ပြောရတော့မယ်။ တစ်ရားလွန်တစ်ရားမင်း ကျောင်းကိုအပျော်လာတက်တဲ့လူတွေရယ်၊ ကျောင်းကစည်းကမ်းရယ်၊ နောက်ပြီးတော့ ကျောင်းစည်းကမ်းကိုဇွတ်ရော အတင်းရောလိုက်ပြီးတော့ တိကျပြနေတဲ့ဆရာတွေ ဆရာမတွေရယ်ကြောင့် ဘယ်တော့မှလဲပြီးတော့မယ့် ပြဿနာတွေလို့မထင်ပါဘူး။ ဒါတွေကို အတင်းကြီးလိုက်ပြီး ထိမ်းသိမ်းတော့ရော ကျောင်းသားတွေရဲ့ အရည်အချင်းတက်လာမှာလားဆိုတော့ တက်တော့တက်မလာနိုင်ပါဘူး။ ဒါပေမယ့် ဒါတွေကိုလုံးဝလှတ်ပေးလိုက်ရင်တော့ ကျောင်းသားတွေရဲ့အရည်အချင်း လုံးဝကျသွားစေမယ့် အချက်တွေထဲကတစ်ခုတော့ဖြစ်လာပါလိမ့်မယ်။

16
Feb 09

ကျွန်တော်ကြုံခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝ (၂)

မနေ့ကတော့ ကျွန်တော့်အဖေရဲ့ သူငယ်ချင်းတစ်ယောက် ရောက်နေလို့ သူ့ကိုသွားတွေ့ပါတယ်။ ဒါနဲ့ ရောက်တတ်ရာရာ ပြောကြရင်းနဲ့ ကျောင်းကိစ္စကိုရောက်သွားပါတယ်။ သူကဘာမေးလဲဆိုတော့ သားအခုတက်နေတဲ့ ကျောင်းနဲ့ ဗမာပြည်ကကျောင်းနဲ့ ဘာများကွာသလဲ အန်တီကိုပြောစမ်းတဲ့။ ကျွန်တော်လည်း တည်တည်ငြိမ်ငြိမ်ပဲပြန်ပြောပါတယ် အန်တီရယ် စာကိုတော့ ဘယ်ကျောင်းကမှ တတ်အောင်မသင်နိုင်ကြပါဘူး ဒီတော့ စာသင်တဲ့အပိုင်းကတော့ အတူတူပါပဲ။ ဒါပေမယ့် ဘာကွာသလဲဆိုတော့ ဗမာပြည်ကဆရာတွေကတော့ မေးသမျကိုဖြေနိုင်ချင်မှ ဖြေနိုင်ပါတယ်။ ဆရာတိုင်းလို့တော့ မပြောပါဘူး တစ်ချို့ဆရာတွေလည်း တော်တော်လေး တော်ကြပါတယ်။ ဒီကဆရာတွေကတော့ မေးတာကိုလည်းသဘောကျတယ် မေးသလောက်လည်း ကျေနပ်အောင်ပြန်ဖြေနိုင်တယ် ဒါပဲကွာတာပါ အန်တီရယ်လို့ပြောတော့ သူကရယ်ပါတယ်။ ပြောကြမယ်ဆိုရင် သူကတစ်ချိန်က တက္ကသိုလ်တစ်ခုကဆရာမ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက ဆစ်ဒနီတက္ကသိုလ်ကနေ မဟာဘွဲ့ကိုရခဲ့တဲ့လူပါ ဒီတော့သူကျွန်တော်ပြောတာကို ကောင်းကောင်းသဘောပေါက်ပါတယ်။

မေးတယ်ဆိုတဲ့ကိစ္စဆိုမှသတိရတယ် ကျွန်တော်က ကျောင်းမှာကတည်းက သင်္ချာအလွန်ညံပါတယ် ညံရတဲ့အကြောင်းအရင်းက စိတ်ကိုမဝင်စားလို့။ မှတ်မှတ်ရရ တတိယနှစ်မှာပေါ့ဗျာ ဆရာမကသင်္ချာသင်ပါတယ် တော်တော်ကို စိတ်ရှည်လက်ရှည်သင်ပါတယ် ဒါပေမယ့် ကျွန်တော်က Differentiate and Integration ကိုလုံးဝမတွက်တတ်ခဲ့ပါဘူး ဒီတော့ သူဘယ်လောက်သင်သင် မသိဘူး။ သူကမေးစရာရှိရင်မေးတဲ့ ကျွန်တော်ကမေးလိုက်တယ် ဆရာမရယ် အဲ့ဒီ့ Calculus တွေကိုဘယ်နေရာမှာ သုံးတာလဲလို့တစ်ခွန်းမေးလိုက်တယ်။ သူတော်တော်လေးကြောင်သွားတယ် သူဘာမှပြန်ပြောရမှန်းမသိတော့ဘူး။ နောက်တော့ ကျွန်တော်ကို မှတ်သားလောက်တဲ့ အဖြေကိုပြန်ပေးတယ် မင်းရဲ့မေးခွန်းက အဓိပ္ပါယ်မရှိဘူးတဲ့ အသုံးမကျပဲ ငါကသင်နေပါ့မလားတဲ့။ ကျွန်တော့်ကို ဒီလိုမျိုးလာလုပ်လို့ဘယ်ရမလဲ ဒါဆိုရင်ဥပမာပြောပြပါဗျာလိုပြောတော့ ဝုန်းဆို အခန်းထဲကနေထွက်သွားတယ် ပြန်မလာတော့ဘူး။ ဒီတော့ကျွန်တော် သဘောပေါက်လိုက်တယ် နောက်ဘယ်တော့မှ ဒီဆရာမအချိန်ကို မတက်သင့်တော့ဘူးလို့ ဘာလို့လဲဆိုတော့ ကိုယ့်ကိုမြင်ရင် သူတော်တော်စိတ်ဆင်းရဲနေမယ်လေ။ ဒါနဲ့တစ်နှစ်လုံး သင်္ချာချိန်ဆိုရင် ကျွန်တော့်အတွက်ကတော့ ကန်တင်းသွားတဲ့အချိန်ပါပဲ။ စာမေးပွဲအတွက်ကသိပ်တော့မပူပါဘူး ဘာလို့လဲဆိုတော့ Calculus တစ်ခန်းပဲမသိရုံနဲ့တော့ မကျနိုင်ပါဘူး။ ဂုဏ်ထူးတန်းရောက်တော့ သင်္ချာနဲ့ပါတ်သက်ပြီးတော့ အကြီးအကျယ်ကို ပြဿနာတက်ပါတယ် ဘာလို့လဲဆိုတော့ သင်ရိုးတစ်ခုလုံး Calculus ရယ် Numerical Methods တွေပါ။ သုံးနှစ်လုံးလုံး အလေလိုက်လာတဲ့ သင်္ချာအရည်အချင်းနဲ့ကတော့ ဘယ်လိုမှမတွက်တတ်တော့ပါဘူး။ နောက်ဆုံးတော့ မန္တလေးတက္ကသိုလ်က တွဲဘက်ပါမောက္ခ ဆရာကြီးတစ်ယောက်ကို အကူအညီတောင်းရပါတယ်။ ဆရာကသဘောလည်း အလွန်ကောင်းပါတယ် မေးသလောက်လည်းဖြေနိုင်ပါတယ်။ သူကိုမေးချင်သလောက်မေး သူကကျွန်တော်သိချင်တာထက်ပိုပြီးတော့ ဖြေပေးလေ့ရှိတယ် ဒါမျိုးဆိုရင်ကျွန်တော်ကြိုက်တယ် မလိုက်နိုင်ဘူးထင်ရင် ကျွန်တော်ကြိုးစားပြီးတော့စာဖတ်မယ်။ ဒီတော့မှ လေးနှစ်စာကို တစ်နှစ်တည်းနဲ့ ကျွန်တော် အပြတ်သင်ခဲ့ရပါတယ်။

အခုကျောင်းမှာလည်း ဆရာတစ်ယောက်ကတော့ စာအသင်အပြအလွန်ညံပါတယ် ဒါပေမယ့် အလွန်နာမည်ကြီးပါတယ်။ ပထမဆုံးလက်ချာမှာကတည်းက လက်ချာအစအဆုံးသိမှ လုပ်လို့ရမယ့် ပရောဂျက်တစ်ခုကို Assignment အဖြစ်တင်ရမယ်။ တစ်ယောက်ချင်းစီလုပ်ရမယ် အုပ်စုမဖွဲ့ရဘူးပြောပါတယ်။ ဗမာပြည်မှာဆိုရင်တော့ ပြောလိုက်ကြမယ့်ဖြစ်ချင်း မသိလို့လာတက်တာပေါ့ သိရင်ဘယ်လာနေမလဲတို့ဘာတို့။ ဆရာစာသင်တာကတော့ မှတ်သားလောက်ပါတယ် တစ်ရက်ကို နှစ်ခန်းအပြတ်သင်တယ်။ သူများဆရာတွေ နှစ်ခန်းအပြတ်သင်ရင် ည ၁ဝ နာရီလောက်မှအတန်းပြီးတယ်။ သူကတော့ စာတွေကိုအကုန်ကျော်ချတယ် ၉ နာရီဆိုရင်ပြီးပြီ။ သူပြောတဲ့စကားတစ်ခွန်းက ရှင်းရှင်းလေ ငါစာသင်တာကို နှေးစေချင်ရင် ငါ့ကိုစာမေးပါတဲ့။ မေးလို့ပြန်ဖြေတဲ့ စကားနဲ့ စာသင်တဲ့စကားလုံးဝမတူပါဘူး။ ပြန်ဖြေရင် အသေးစိတ်ကို ပြောပြပါတော့တယ် အဲ့ဒီ့အချိန်မှာတော့ သူပြောသမျ စကားလုံးတိုင်းက အလွန်တန်ဖိုးရှိပါတယ်။

ရှေးကပြောလေ့ပြောထရှိတဲ့ ဆိုရိုးရှိပါတယ် ပညာရှိတို့မည်သည် စည်နဲ့တူတယ် မတီးရင်မမြည်သလို မမေးရင်မဖြေဘူး ဆိုတာကြားဘူးမယ်ထင်ပါတယ်။ ဒီတော့ကျွန်တော်လည်း အမြဲတမ်းပဲတီးကြည့်ပါတယ် ဒါပေမယ့် တစ်ချို့ကတော့ မြည်တော့မြည်ရှာပါတယ် ဒါပေမယ့် သားရေမျက်နှာပြင်ပျော့နေတော့ “ဘတ်” လို့ပဲအသံထွက်လာတော့ ကျွန်တော့် တစ်နှစ်လုံးအတန်းမတက်ရတော့ဘူး ဖြစ်သွားတော့တယ်ဗျာ။ ကျောင်းသားဘဝကြုံခဲ့ရသမျတွေထဲက တစ်ခုပေါ့ဗျာ။

16
Feb 09

ကျွန်တော်ကြုံခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝ (၁)

တစ်ချို့ Web Site, Blog and Forum တွေကိုဝင်ကြည့်ရင် သူတို့တက်နေတဲ့ တက္ကသိုလ် အကြောင်းတွေကို ပေါက်ကွဲထားသလို ရေးထားတာတွေ မြင်ဘူးပါတယ်။ ဆရာတွေက စာကောင်းကောင်းမသင်တာတို့ အဝတ်အစား ဝတ်ချင်သလို မဝတ်ရတာတို့ ကျောင်းမတက်မနေရ ဖြစ်နေတယ်တို့ ဒါမျိုးတွေအပေါ် လူငယ်အမြင်နဲ့ရေးထားကြတာတွေ တွေ့ပါတယ်။ ဒီတစ်ခါတော့ စာသင်တဲ့ကိစ္စအကြောင်း ကြားဘူးခဲ့တာလေးတွေကို မှတ်မိသလောက်ပြန်ရေးကြည့်ဦးမယ်။ ကျွန်တော့်ကိုလည်း ငယ်ငယ်လေးကတည်းက ကျွန်တော့််အဖေက ကျွန်တော့်ကို သူတက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ဘဝကိုပြောပြလေ့ရှိတယ်။ အခုခေတ် လူငယ်တွေပြောနေတဲ့ ရုပ်ရှင်ထဲကလို့ အကြောင်းတွေ မဟုတ်ဘူး သူတို့တွေကို ဆရာတွေက ဘယ်လိုစာသင်တယ်ဆိုတာကိုပဲ ပြောပြလေ့ရှိတယ်။ သူ့ရဲ့ပထမဆုံး တက္ကသိုလ်ကျောင်းသားဘဝ လက်ချာကို ဘယ်လိုပြောသလဲဆိုတော့ ဆရာတစ်ယောက်ဝင်လာတယ်ကွာ သူ့ကိုယ်သူမိတ်ဆက်တယ် သူသင်မယ့် ဘာသာအကြောင်းကို အကြမ်းပြောသွားတယ် ပြီးတော့ ဖတ်ရမယ် Reference စာအုပ်စာရင်းကို ကျောက်သင်ပုန်းမှာ ရေးသွားတယ်။ ပြီးတော့ ပြောသွားတယ် နောက်နေ့လက်ချာမတိုင်ခင် ဘယ်အခန်းအထိပြီးအောင်ဖတ်ခဲ့ မဖတ်ခဲ့ရင်သင့်မယ့် လက်ချာနားမလည်ဘူးလို့ ပြောပြီးပြန်သွားတယ်တဲ့။ နောက်လက်ချာကျတော့လည်း စာများသင်မလားမှတ်တယ် ကိုယ့်ကိုဖတ်ခိုင်းတဲ့ အခန်းကနေ ခေါင်းစဥ်လေးတွေလောက်ကို သူကပြောသွားတယ် ပြီးတော့ နောက်သင်မယ့်လက်ချာအတွက် ထပ်ပြီးတော့ဖတ်ရမယ့် စာတွေကိုပေးသွားတယ်။ တစ်နှစ်သာကုန်သွားတယ် ဆရာစာသင်တာ ဘာမှကိုမရှိသလိုပဲ ကိုယ်ဟာကိုယ်ပဲဖတ်လာခဲ့ရတယ်လို့ ပြောပါတယ်။ ကျွန်တော့်အဖေကို သားတစ်ယောက်လိုပဲ အလွန်ချစ်တဲ့ ဆရာတစ်ယောက်ရှိပါတယ် ကျွန်တော်ကိုလည်း သူကမြေးတစ်ယောက်လိုပဲသဘောထားပါတယ်။ သူ့ကိုသတိရလို့ ဒါဆိုရင် ဘဘ ကတော့စာသင်တာ ကောင်းမှာပေါ့လို့ မေးကြည့်ပါတယ်။ ဘာပြောသလဲဆိုတော့ မင်း ဘဘ ကပိုဆိုးတယ် ဘာမှကိုမသင်တာ အတန်းထဲရောက်ရင် စာနဲ့မဆိုင်တာပဲပြောတယ် အတန်းအချိန်စေ့ရင် ငါဘယ်အခန်းကနေ ဘယ်အခန်းအထိ ဒီနေ့လက်ချာပြီးပြီလို့ ပြောသွားတယ်လို့ ပြောပါတယ်။ ဒါဆိုရင် အဖေတို့ကို ဘယ်သူစာသင်သလဲမေးတော့ ဘယ်သူမှမသင်ဘူးတဲ့ ကိုယ့်ဟာကိုမဖတ်လို့ကတော့ စာမေးပွဲအကျပဲတဲ့။ တစ်ခုပဲရှိတယ် ကိုယ်ဖတ်ရင်းနဲ့ ကွဲလွဲလာတာရှိလာပြီဆိုရင် ဆရာကို အချိန်မရွေးသွားတွေ့လို့ရတယ် လို့ပြောပါတယ်။ သူပြောတဲ့စကားကရှင်းပါတယ် နားမလည်ရင်လို့မဟုတ်ဘူး ကွဲလွဲလာရင်လို့ပဲပြောတယ်။ ကွဲလွဲတယ်ဆိုတာက မနည်းဆုံးမတူညီတဲ့ စာအုပ်နှစ်အုပ်ကို ဖတ်မှာ ရေးတဲ့လူတွေရဲ့ ကွဲလွဲတဲ့အယူအဆကို မြင်လာမှာပါ။ နားမလည်လို့လာမေးတယ်ဆိုရင်တော့ ဆရာတွေကပြောတယ် နားလည်အောင်ဖတ်လို့ တစ်ခွန်းပဲတဲ့။ နောက်ဆုံး တစ်ခုပဲဆုံးမတယ် မင်းတက္ကသိုလ်ကျောင်းသား ဘဝကိုရောက်တော့မယ် ဒီတော့ ပထမဆုံးလုပ်ရမှာက ဆရာကိုအားမကိုးနဲ့ စာဖတ်နိုင်အောင်ကြိုးစား။

ကျွန်တော့်ရဲ့ပထမဆုံး တက္ကသိုလ်ကျောင်းသား အတွေ့အကြုံမှာကတော့ Programming နဲ့စပါတယ်။ ဆရာမကဝင်လာပါတယ် “ကွန်မက …….. ပါ။ ရှင်တို့ကို ကွန်မ C Programming ကိုသင်ပါမယ် ကွန်မကတော့ စာသင်ခန်းထဲမှာ အများကြီးမသင်နိုင်ပါဘူး နမူနာလောက်ပဲသင်ပြီးတော့ ရှင်တို့ကိုပဲ အလုပ်တွေပေးလိုက်ပါမယ် လုပ်ပြီးပြီဆိုရင် ကွန်မကိုလာပြနိုင်ပါတယ် အတန်းပြီးတိုင်းလာ ဆွေးနွေးပါ ဒါမှမဟုတ် ကွန်မဌာနကို လာပြီးတော့လည်း ဆွေးနွေးနိုင်ပါတယ်” ဒီလိုပြောလာပါတယ်။ ပထမဆုံး အချိန်ဆိုတော့ Key Words တွေရယ် printf(“Hello World!”); ရယ်လောက်ပါပဲ။ နောက်နေ့တွေလည်း if သင်တယ် if နဲ့ပါတ်သက်တဲ့ ရေးစရာတွေ တပုံကြီးပေးလိုက်ပါတယ်။ နောက်တစ်ခါ for သင်တယ် ရေးစရာတွေပဲ တပုံလိုက်ပေးလိုက်ပါတယ်။ သူစာတွေလုပ်ရတာနဲ့ တစ်ပါတ်တစ်ပါတ် အချိန်တော်တော်ကုန်ပါတယ်။ သူ့အချိန်ပြီးတိုင်း မှန်မှန်သူ့ကိုသွားတွေ့ပါတယ် တစ်ပါတ်လုံးလုပ်လာတဲ့ ဟာတွေကိုပြပါတယ် အမှားအမှန်မစစ်ခိုင်းပါဘူး ပြောင်းရေးလို့ရမယ့် Variation တွေကိုပြောကြည့်ပါတယ်။ သူကလည်း စိတ်ပါလက်ပါပြန်ဖြေလေ့ရှိပါတယ်။ မှတ်မှတ်ရရ ပထမဆုံးလက်ချာအပြီးမှာ သူကိုကျွန်တော်သွားမေးပါတယ် ဘယ်စာအုပ်ဖတ်ဖို့လိုမလဲလို့။ ဆရာမက အားရဝမ်းသာနဲ့ စာအုပ်တစ်အုပ်နာမည်ရေးပေးပါတယ်။ စာကြည့်တိုက်မှာရှိတယ် သွားပြီးတော့ရှာပါ ဖတ်ပြီးရင် တစ်ခေါက်ပြန်ပြောပါ နောက်ထပ် ဘာဖတ်သင့်တယ်ဆိုတာ ကွန်မရှင့်ကို ထပ်ပြောပါ့မယ်တဲ့။ သူ့ညွန်တဲ့စာအုပ်တွေကို ဖတ်ရင်ဖတ်ရင်းနဲ့ ကျွန်တော့်ရဲ့ ပထမနှစ်ကျောင်းသားဘဝတစ်ခုလုံးမှာ ဖတ်ခဲ့တဲ့ Programming စာအုပ်တွေဟာ အနည်းဆုံး ၁ဝ အုပ်လောက်ရှိပါလိမ့်မယ်။ ပထနှစ်အောင်တော့ ကျွန်တော်သိတဲ့ C Programming ဆိုတာ C– လို့ပြောရမယ် Low Level အပိုင်းကို တော်တော်နားလည်သလောက် ဖြစ်လာပြီ။ မှတ်မှတ်ရရ စာမေးပွဲမှာ Programming ဘာသာမှာ အခန်းစောင့်ကျတဲ့ဆရာမက Programming သင်တဲ့ဆရာမဖြစ်နေပါတယ်။ ဖြစ်ချင်တော့ ကျွန်တော် ခဲတံ၊ ဘောပင်၊ ပေတံ အကုန်လုံး အိမ်မှာကျန်နေခဲ့ပါတယ်။ ဆရာမဆီကနေ ဘောပင်ငှားပြီးတော့ ဖြေရပါတယ်။ ဘောပင်ငှားခအဖြစ် ခေါင်းကိုတော့ အခေါက်ခံခဲ့ရပါတယ်။ စာမေးပွဲပြီးတော့ အခန်းအပြင်မှာဆရာမကပြောပါတယ် ဂုဏ်ထူးမထွက်ရင် ငါ့ဆီကိုမလာခဲ့နဲ့တော့တဲ့။ နောက်နှစ်မှာသူလည်း တစ်ခြားကျောင်းကို ပြောင်းသွားခဲ့ရပါတယ်။ မှတ်မှတ်ရရ ကျွန်တော် ဂုဏ်ထူးတန်းမှာ သူ့ကိုကျောင်းမှာ တစ်ခေါက်ပြန်တွေ့ပါသေးတယ်။ နှစ်တွေကြာခဲ့တာတောင် ဆရာမကျွန်တော့်ကို ကောင်းကောင်းမှတ်မိတယ် နာမည်ကိုခေါ်နိုင်သေးတယ်။ ဒီအချိန်မှာ ကျွန်တော်ပိုင်ဆိုင်တဲ့ စာဖတ်နိုင်စွမ်းရယ် ကိုယ်ပိုင်လေ့လာနိုင်မှု့တွေက ကျွန်တော်အဖေက ပြုစုပေးလိုက်တာ နောက်ပြီးတော့ အခုလက်ရှိ ရောက်နေတဲ့ ပညာရေးနယ်ထဲ့က စာတွေကို ဘယ်လိုအဆင့်ဆင့်ဖတ်ရမယ်ဆိုတာရယ် ဖတ်တတ်အောင်ရယ် လေ့ကျင့်ပေးတာက ဆရာမပေါ့ဗျာ။

14
Feb 09

Every Aikido is Same or Different

ဒီနေ့ညနေကတော့ မရောက်တာကြာလို့ အိုက်ကီဒိုသင်တန်းကို အရောက်သွားပါတယ်။ သင်တန်းနဲ့ပြတ်နေတာကလည်း လေးပါတ်လောက်ရှိပြီဆိုတော့ သက်လုံလည်း အရင်လောက် မကောင်းတော့ပါဘူး။ နည်းပြချုပ်ကလည်း မြင်မြင်ချင်းပဲပြောပါတယ် တရုတ်နှစ်ကူးမှာတော့ မင်းမအားတဲ့ကြားကနေပြီး ငါ့အိမ်ကိုလာပြီး သောက်စားသွားပြီး အိမ်တောင်မပြန်နိုင်တော့လို့ ငါပြန်ပို့လိုက်ရတယ် သင်တန်းကျတော့ မင်းမအားလို့ပုံမှန်မလာဘူး တော်တယ်လို့ပြောပါတယ်။ ဖြစ်ချင်တော့ ဒီနေ့က Kinonagari လို့ခေါ်တဲ့ ရန်သူ့အင်အားကို လွတ်လပ်စွာစီးဆင်းသွားစေတဲ့ နည်းစနစ်တွေကိုပဲ ကစားခိုင်းပါတယ်။ သူတို့ကစားတဲ့ဟန်နဲ့ ကျွန်တော် ဗမာပြည်မှာကစားခဲ့တဲ့ဟန်နဲ့ သိပ်မတူပါဘူး ကိုယ်လည်း တတ်နိုင်သလောက်တော့ သူတို့ကစားတဲ့ပုံစံကို လိုက်ကစားပါတယ် ဒါပေမယ့်ခေါက်ရိုးကျိုးနေတဲ့ ပုံစံကတော့ အနည်းနဲ့အများတော့ ပါနေတာပါပဲ။ မှတ်မှတ်ရရ နည်းပြချုပ်က ကျွန်တော်ကို လာကြည့်ပြီးတော့ နည်းနည်း အတိမ်းအစောင်းကို လာပြင်ပေးပါတယ် ပြီးတော့ပြောပါတယ် ဒီလှုပ်ရှားမှု့ဟာ မင်းခန္တာကိုယ်အချိုးအစားအလိုက် ကွာဟမယ်လို့ပြောပါတယ်။ သူကစားတဲ့အတိုင်းလိုက် ကစားပါလို့ တစ်ခွန်းမှမဟဘူး ဘယ်သူ့ကိုမှလည်း သူအဲ့ဒီလိုမပြောဘူး။ ဗမာပြည်မှာဆိုရင်တော့ ဆရာဒီအတိုင်းဆိုရင် တစ်သွေမတိမ်းလိုက်လုပ်ရပါတယ်။ ကိုယ်လည်း ကိုယ့်တပည့်တွေကို ဒီလိုပဲသင်ခဲ့ပါတယ်။ ကြာတော့ ဘာတွေဖြစ်လာသလဲဆိုတော့ ကိုယ်သင်တာများလာရင် ကိုယ့်သင်တဲ့တပည့်တွေက ကိုယ့်ပုံစံမျိုးတွေ ဖြစ်လာတယ် သူတို့ကိုယ်ပိုင်ပုံစံမဟုတ်ဘူး။ ဒီတော့ သင်တန်းထဲမှာ မနက်ပိုင်းသင်တန်းသားနဲ့ ညနေပိုင်းသင်တန်းသား ပေါင်းလိုက်တဲ့အချိန်ကျရင် သင်တန်းကြီး နှစ်ခုကွဲနေသလိုပဲ။ ဒါကိုဘယ်လိုပြောရမလဲဆိုတော့ Unified Aikido လို့ပြောရမလိုဖြစ်နေတယ်။ ဒီမှာကတော့ပိုဆိုးတယ် တစ်ယောက်တစ်မျိုး။ ဒီတော့ Dynamic Aikido လို့ပြောရမယ်ထင်တယ်။ မှတ်မှတ်ရရ မန္တလေးကို Sensei Kanameda လာတော့ ညစာလိုက်ကွေးတယ်။ စားရင်းသောက်ရင်း သူကဘာပြောလဲဆိုတော့ “Every Aikido is ..” လို့ပြောနေတယ်။ မန္တလေးက ဆရာတစ်ယောက်က ဝင်ပြီးတော့ အားရပါးရထောက်ခံလိုက်တယ် “Same” ဆိုပြီးတော့။ တစ်ကယ်တမ်းက သူပြောမယ့်စကားလုံးက “Different” လို့ပြောချင်တာ။ သူလည်းအူလည်လည်နဲ့ ရောယောင်ပြီးတော့ “Same” လို့လိုက်ပြောလိုက်ရတယ်။ တစ်ကယ်တမ်းက တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားနေတာကိုတောင် တစ်စုတစ်စည်းတည်းစုပေါင်း ကစားနိုင်ကြတယ်လို့ ဂုဏ်ယူချင်တာပါ။ ဗမာပြည်ရောက်မှ “Every Aikido is Same” ဖြစ်သွားတာကို သူလည်း သဘောပေါက်သွားပုံရတယ်။ ကိုယ့်ဘာသာကိုယ်လည်း သတိပေးရသေးတယ် မင်းဗမာပြည်အလည်ပြန်ရင် ဒုက္ခတွေ့မယ်လို့ ဘာလို့လည်းဆိုတော့ အခုကကိုယ့်မှာ ဗမာပြည်မှာကစားခဲ့တဲ့ဟန်တွေက ပျောက်ကုန်ပြီ ဗမာပြည်နည်းပြချုပ်တွေ့ရင်တော့့ ကောင်းကောင်းအဆဲခံရနိုင်တယ် သူသင်ပေးလိုက်တာနဲ့ လုံးလုံးမတူတော့ဘူး။ ကိုယ်သင်ခဲ့ကလေးတွေကတောင် ကိုယ်ကိုမှားတယ်ပြောကြမယ်ထင်တယ်။ သြော်…ဘာရယ်တော့မဟုတ်ပါဘူး ကိုယ့်ဆီကလူတွေကို ဒီပညာရပ်နဲ့ပါတ်သက်ပြီးတော့ အမြင်ကျယ်စေချင်တာတစ်ခုတည်းပါ။

14
Feb 09

နောက်ဆုံးပေါ် Language တွေရဲ့ ပြဿနာ

ကျွန်တော် အခုရက်ပိုင်း Search Engine အသေးလေး တစ်ခုကိုယ်ပိုင်ရေးဖို့ လုံးပန်းရင်းနဲ့ Programming Language တော်တော်များများကို ပြန်ကြည့်ဖြစ်တော့ ဘာဖြစ်သလဲဆိုတော့ အခုနောက်ပိုင်း Language တွေက ဘာအခက်အခဲရှိသလဲဆိုတော့ Performance ပြဿနာတော်တော်များတယ် ဘာတွေလဲဆိုတော့ Java နဲ့စမ်းကြည့်တယ် ဘာမှထွေထွေထူးထူးမလုပ်သေးဘူး File တစ်ခုကိုဖတ်တယ် Token ဖြတ်တယ်။ ဖြတ်ပြီးသွားတွေကို Dictionary ထဲကိုသွားရေးတယ် ဒီလောက်ပဲစမ်းကြည့်တယ်။ မဆိုးဘူးအလုပ်ဖြစ်တယ်ပေါ့ ဒါနဲ့စမ်းကြည့်မယ်ဆိုပြီးတော့ File ပေါင်း ရ၀၀ဝ လောက်ကို စမ်းလုပ်လိုက်တာ နေ့တစ်ဝက်လောက်ကြာ သွားတယ်။ စက်ကလေးလည်း သနားပါတယ် ကိုယ့်စက်မဟုတ်တိုင်း စမ်းသပ်ထားခဲ့လိုက်တာ။ ဒါတောင် Noise Word ပယ်တာရယ် Stemming လုပ်တာရယ် မပါသေးဘူး။ ဒါတွေများလုပ်လို့ကတော့ တစ်နေကုန်မယ်ထင်တယ်။ ဂရပ်ဖစ်ဒီဇိုင်း ဆွဲစားတဲ့လူတွေလုပ်လေ့ရှိသလို ၂၅ x ၄ဝ ဆိုက်ကြီးကို Photoshop နဲ့ကာလာဖြည့်ရင် အပြင်ကို လက်ဘက်ရည်နှစ်ခါလောက်ထွက်သောက် ပြန်လာအပြီးနဲ့အတော်ပဲ ဆိုတာကထက်ကဲနေပြီ။ ဒါနဲ့ C# နဲ့စမ်းကြည့်တယ် ဘာမှသိပ်မကွာဘူး နည်းနည်းလောက်ပဲပိုမြန်တယ်။ ဒါကြောင့်ပြောတယ် VM Language တွေအားလုံးဒါမျိုးကတော့ ကောင်းကိုမကောင်းဘူး။ ဒါနဲ့ရှေးဟောင်း ပစ္စည်းတွေပြန်စဥ်းစားမှ Perl ကိုသတိရတယ်။ Perl နဲ့စမ်းကြည့်တော့ ရေးရတာလည်း ဘာမှမများဘူး အလွန်ဆုံးရှိ လိုင်းပေါင်း ၂ဝ လောက်ပေါ့။ Java နဲ့ဖြစ်ဖြစ် C# နဲ့ဖြစ်ဖြစ် အနည်းဆုံးတော့ ၆ဝ လောက်တော့ရေးရတာပဲ။ စမ်းကြည့်လိုက်တော့ မဆိုးဘူး ၄၅ မိနစ်လောက်နဲ့ ပြီးသွားတယ်။ အသစ်တွေဘယ်လောက် ကောင်းကောင်း နောက်ဆုံးတော့ အဟောင်းကောင်းတာကို မမှီပါလားနော်လို့ပဲ ညည်းမိတော့တယ်။

Switch to our mobile site

WP SlimStat