27
Feb 09

အလွမ်းရယ်တဲ့ ခုနှစ်ထွေ

ဒီရက်ပိုင်းတော့ လူလည်းတစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ် ဘာလုပ်မိမှန်းတောင် တစ်ခါတစ်လေ သတိမထားမိဘူး။ ဖတ်လိုက်ရတဲ့စာတွေ တစ်ရက်တစ်ရက်ကို စာမျက်နှာပေါင်း ၁၀၀-၂၀ဝ ပြီးတော့လည်း ဖတ်ပြီးတော့လည်း ဒီအတိုင်းမနေရဘူး အကုန်လုံးကို အကျဥ်းချုပ်ပြန်ရေးရတယ်။ ရေးဆိုတော့လည်း ဗမာလိုလားဆိုတော့လည်းမဟုတ်ဘူး အင်္ဂလိပ်လိုလားဆိုတော့လည်း မဟုတ်ဘူး။ သင်္ချာလိုရေးရတယ် နောက်ဆုံး တစ်ရက်တစ်ရက်ဖတ်တဲ့ စာမျက်နှာ ၁၀၀-၂၀ဝ ဟာ ၅ မျက်နှာလောက်ပဲကျန်တယ်။ ဒါလေးရဖို့ကို တစ်နေကုန်တစ်နေခန်း ရေးရတယ်ဖတ်ရတယ် ညလည်းဖြောင့်အောင်မအိပ်ရဘူး။ အိပ်မယ်ဆိုပြီး မနက်အစောကြီး ၂ နာရီ ၃ နာရီလောက် စက်ဘီးလေးနဲ့ ပြန်လာတဲ့အချိန်ကို အမက်မောဆုံးဖြစ်နေရတယ်။ တစ်ခါတစ်လေ စာဖတ်နေရင်းနဲ့ နားချင်ရင်သူများ ဘလော့ကိုသွားကြည့်တယ် ကိုယ့်ဘလော့ကိုလာပြီးဘာတွေရေးသွားသလဲ ပြန်ကြည့်နဲ့ပဲ စိတ်အပန်းဖြေနေရတယ်။ ဒီတော့ ပြောရမယ်ဆိုရင် ညအိပ်ချိန်နဲ့ ထမင်းထွက်စားချိန်ပဲ ကွန်ပျူတာကနေ ခွာချိန်ရှိတယ်ပြောရမယ်။ ဘယ်လိုမှ မရနိုင်တော့မှန်းသိပေမယ့် ငယ်ငယ်ကဘဝကိုပဲ ခဏဖြစ်ဖြစ်ပြန်ရချင်ပါတယ်။ “ကစားချိန်မှာကစားမယ် အိပ်ချိန်မှာဝင်အိပ်မယ် အပူအပင်ကင်းတဲ့ ကလေးလေး ဘဝကို တစ်ခါပြန်ပြီး ရချင်သေးတယ် အပြစ်မထင်သေးတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်…..” ဆိုတဲ့ သီချင်းကို အခုအချိန်မှာ ခံစားလို့အရဆုံးပဲ။

တစ်နေ့စာအလုပ်ကို နားလိုက်ပြီဆိုတဲ့အချိန်မှာ ငယ်ငယ်ကအကြောင်းကို ပြန်စဥ်းစားမိရင် ရှမ်းပြည်ကိုပြန်သတိရတယ်။ တစ်တန်းကျောင်းသားဘဝမှာ တောင်ကြီးကိုစရောက်တယ် နေတဲ့အိမ်ကလည်း သူ့အထက်တက်လိုရင် တောင်ပေါ်တက်လို့ရနေပြီ တောစပ်မှာပေါ့။ မင်းတို့အိမ်ဘယ်နားမှာလဲလို့မေးရင် တောင်ခွန်းပေါ်က ကျောက်တုံးကြီး ပြုတ်ကျရင် အရင်ဆုံးရောက်မယ့်အိမ်ဟာ ငါတို့အိမ်ပဲလို့ သူငယ်ချင်းတွေကို ပြောတတ်ပါတယ်။ ရောက်ရောက်ခြင်းညမှာပါပဲဗျာ အိမ်ရှေ့ကနေ ချေဟောက်သံကြားရတယ်ဗျ ပြူတင်းပေါက်ဖွင့်ပြီး အဖေက ဓာတ်မီးနဲ့ထိုးတော့ ချေက လန့်ပြီးမီးရောင်ကို ကြည့်နေတယ်။ ဒါပထမဦးဆုံး သဘာဝအတိုင်း ချေဆိုတဲ့ အကောင်ကိုမြင်ဘူးတာပဲ။ အခုအချိန်များ သွားပြောလို့ကတော့ ဘယ်နယ့်မြို့ပေါ်မှာ ချေတွေ့တာမဟုတ်သေးပါဘူးလို့ ပြောကြဦးမယ်။ နောက်ပိုင်းတော်တော်ကြီးမှ တောင်ကြီးပြန်ရောက်သေးတယ် ကိုယ်နေခဲ့တဲ့မြို့လို့တောင် မမှတ်မိချင်တော့ဘူး။

နောက်ရက်မှာလည်း မှတ်မှတ်ရရပေါ့ဗျာ ညနေပိုင်း အိမ်ရှေ့ကနေ မုန့်သည်ကဖြတ်သွားတယ် အော်သွားတယ် “ဟင်းထုပ်ပူပူလေး” ဘာလဲပေါ့ဟင်းထုပ်ဆိုတာဆိုပြီး လာဦးဆိုဝယ်စားလိုက်တာ ဘယ်ဟုတ်မလဲ ဆန်မှုန့်နဲ့ဂျူးမိတ်ကို ဖက်နဲ့ထုပ်ပြီး မုန့်ဖက်ထုပ်လို ပေါင်းထားတာကိုးဗျ။ အစကတော့ မကြိုက်ပါဘူး နောက်တော့ အသားကျသွားပြီးကြိုက်သွားတာပါပဲ။ နောက်ပိုင်းစားချင်တာတောင် စားခွင့်မရတော့ပါဘူး။ နောက်ထပ်မုန့်သည်ထပ်လာပြန်ရော သူကတော့အော်ပါတယ် နှမ်းမုန့်ကွတ်တဲ့ ကိုယ်ကလည်း ကလေးဆိုပေမယ့် မုန့်ကွတ်တော့ ကောင်းကောင်းသိတယ်လေ နှမ်းမုန့်ကွတ်ဆိုတော့ မုန့်ကွတ်ကို နှမ်းဖြူးထားတာနေမှာပေါ့လို့တွေးပြီး ဝယ်စားလိုက်တော့ ပွဲစျေးတန်းမှာရောင်းတဲ့ မုန့်လေပွေလိုဟာကြီး နှမ်းလေးတွေပါတယ် ဗမာနှမ်းမဟုတ်ဘူး ရှမ်းနှမ်းလို့ခေါ်တယ်။ စားလိုတော့ကောင်းပါတယ်။ မနက်ဆိုရင် ကျားခေါင်းခန်းမအောက်ဘက်နားက လေထိုးကွတ်ဖာဆိုင်လေးမှာဖွင့်ထားတဲ့ ခေါက်ဆွဲဆိုင်က တိုဖူးနွေးကို သွားမစားရတဲ့နေ့ဆိုရင် တစ်နေကုန်ဂျီကန်ပြီသာမှတ်ပေတော့။ အခုတော့ဆိုင်ရှိသေးသလားတော့ မသိတော့ပါဘူးဗျာ နှစ်တွေကလည်း ဆယ်စုနှစ် တစ်ခုကျော်လောက်ကို လွန်သွားခဲ့ပြီကိုး။ အဝေးကြီးမှာမို့ တစ်ခါတစ်လေမှ အဖေသူငယ်ချင်းတွေ အောက်စျေးသွားရင်း လိုက်ကွေးတတ်တဲ့ ဒေါ်ထွမ်းဆိုတဲ့မိန်းမကြီးဖွင့်တဲ့ဆိုင်တော့ အခုထက်ထိရှိသေးဆိုပဲ။ ဒီနေရာတွေကိုလဲ ဘယ်တော့များမှ ပြန်ရောက်တော့မယ် မသိနိုင်တော့ပါဘူး။

နောက်တစ်နေ့အတွက်စဥ်းစားလိုက်ရင် မနက်ကိုစောစောထရဦးမယ် ငယ်ငယ်ကစားခဲ့တဲ့ ခေါက်ဆွဲကိုသတိရရင်း မြိုမကျတဲ့ ပေါင်မုန့်လက်ကျန်ကို အတင်းမျိုချရဦးမယ်။ ဒါတွေမစားချင်ဘူးကွယ် ဖြစ်နိုင်ရင် ကောက်ညင်းပေါင်းနဲ့ ရေနွေးကြမ်းပဲသောက်ပါရစေတော့။ နေ့လည်စာတဲ့ ဘယ်ဆိုင်ကြည့်ကြည့်စားချင်စိတ်မရှိဘူး ဘယ်ဆိုင်ကစားစား အရသာမကွဲပြားသလိုပဲ ဘယ်နေရာကြည့်ကြည့် အသားပေါင်းစုံပဲ။ ဒါတွေအစား ငယ်ငယ်က မုန်ညင်းလတ်လတ်ဆတ်ဆတ်ကို စျေးနေ့မှာအမေဝယ်ပြီး ကြော်ကွေးတာကို အသားမပါလို့မစားချင်ဘူးဆိုခဲ့တဲ့ အရာတွေကိုပဲစားခြင်မိတယ်။ ထမင်းစားပြီးတော့လည်း သောက်စရာဆိုကြည့်လိုက် ပုလင်းပေါင်းစုံရယ် ဖျော်ရည်ဆိုပြီး ရေရောထားတဲ့ အရည်ပေါင်းစုံပဲတွေ့တယ်။ စျေးထဲက ပအိုဝ်မကြီး အလေးခိုးပြီးရောင်းလိုက်တဲ့ စတော်ဘယ်ရီကို ရေမရောပဲ ဖျော်သောက်ခဲ့တာကိုသတိရတယ်။ ညနေပိုင်း အစားအသောက်မကျန်မှာစိုးလို့ ကန်တင်းကိုမပြေးချင်ဘူး နောက်ကျလို့ မကြိုက်ပဲစားရတဲ့ ချိုစိချိုစိ ဟင်းတွေကိုလည်း မစားချင်ဘူး။ အခုအချိန်မှာအစားချင်ဆုံးက ဟင်းထုပ်ပူပူလေးရယ် ဒါမှမဟုတ် မုန်ညင်းပေါင်းပူပူလေးကို ငရုတ်သီးကြော်လေးနဲ့ဆိုရင် တော်ပါပြီလေ။ ငယ်ငယ်ကဖတ်ဖူးတဲ့ “လူကတစ်ထွေ မြေကတစ်ခြား” ဆိုတဲ့ အက်ဆေးက အခုအချိန်မှာ ကိုယ့်ဘဝနဲ့များ ထပ်တူကျနေရောသလား။ သြော် သန်းခေါင်လည်းကျော်သွားတာ အချိန်တော်တော်ကြာပေါ့ နောက်တစ်နေ့အတွက် အားမွေးဖို့အတွက် စက်ဘီးတစ်စီးကိုအဖော်လုပ်ပြီး အိမ်ပြန်မယ်…..။

15 Responses to “အလွမ်းရယ်တဲ့ ခုနှစ်ထွေ”

  1. kom says:

    phd များလုပ်နေသလား။

    အိမ်ကိုထမင်းဖိတ်ကေူျွးဘို့စိတ်ကူးရသွားပါတ။် သနားလို့။

  2. mrdba says:

    ကိုလူပျို .. ပြီးတော့လဲပြီးသွားမှာပါ။ အရီးကွန် ထမင်းဖိတ်ကွေးရင် ကျွန်တော့်ပါ ခေါ်နော်။

  3. ksg says:

    ပျော်ရာမှာ မနေ တော်ရာမှာ နေရမယ်ပေါ့လေ။ သွားခဲ့ဖူးတဲ့ မြို့တွေထဲ မန္တလေးနဲ့ တောင်ကြီးကိုတော့ အမှတ်တရရှိတယ်။ အစားအသောက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

  4. kom says:

    27 Feb 09, 10:00 AM
    ksg: အိမ်ကိုထမင်းဖိတ်ကေူျွးဘို့စိတ်ကူးရသွားပါတ။် အတော်ဟင်းချက် ကောင်းတာကိုး။ အားနာစရာကြီး။

  5. kaungkinpyar says:

    fighting ..fighting..ကိုလူပျိုကြီးရေ၊ကျန်မ ပြန်ဖြစ်ရင် အပြန် ဝယ်ခဲ့မယ်၊ချိတ်ပူနဲ့၊စားရမယ်

  6. mrdba says:

    အိမ်ကို ဖိတ်ပါဦးမယ်ဗျာ။နေဦး နက်ဖြန်တော့ အိမ်ပြောင်းဦးမယ် အိမ်ပြောင်းပြီးမှ နော် … မှော့

  7. lupyogyi says:

    အိပ်ပြောင်းရတဲ့ဒုက္ခကလည်း မသေးဘူး ကိုဒီဘီရေ ပစ္စည်းဘုစုခရုလေးတွေကလည်း သယ်ရင်းသယ်ရင်းများလာတာ ဘာကူရဦးမလဲပြော

  8. sin dan lar says:

    စိတ်မဆိုးပါနဲ့။ ခင်လို့နောက်တာပါ..

  9. lupyogyi says:

    ပြောချင်ရာသာပြောသွားပါ ဘယ်သူကိုမှစိတ်ဆိုးတယ်လို့ မရှိပါဘူးဗျာ။ လာတဲ့လူကို စကားပြောရတယ်လို့ပဲ မှတ်ပါတယ်။ ကောင်းတယ်ထင်ရင် ကောင်းရင်ပြောပါ။ ဝေဖန်စရာရှိရင် ဝေဖန်သွားပါ ဘာမှအားမနာနဲ့။ :D

  10. lupyogyi says:

    ဒါတော့ သူ့အမေပေးတဲ့ နာမည်နေမှာပါ ပေါက်ပေါက်ရှာရှာတော့ မေးမကြည့်မိဘူးဗျာ။ ကြည့်ရတာ သူ့အမေကကွမး်စားလို့ဖြစ်မယ်ထင်ပါတယ်။

  11. @lw@y5 says:

    ကိုလူပျိုကြီး ရေ ကျနော် က တောင်ကြီးမှာနေတာပါ.. နောက်များရောက်ခဲ့ရင် ဝင်ခဲ့ပါလို့ဖိတ်ပါရစေ..
    မင်္ဂလာဦးရပ်ကွက်ထဲက ဆိုင်ဘာပလန်းနက် ဆိုတဲ့ အင်တာနက်ဆိုင်လေးကို သာလှမ်းခဲ့ဗျာ.. ဖိတ်ခေါ်တယ်

  12. lupyogyi says:

    တောင်ကြီးမြို့ကို အလည်တစ်ခေါက်ကိုယ်ရောက်တယ် ဆွေသစ်မိတ်သစ်စုံလို့ပါပဲရယ်……
    လာချင်တယ်ဗျ ဒီတစ်ခါအိမ်ပြန်ရင် တောင်ကြီးလာခဲ့မယ်

  13. lupyogyi says:

    ရှေးအဘွားကြီးဆိုတာ ကွမ်းလည်းစားတာပဲဟာကို။

  14. mmkyioo says:

    very good essay …….i want to read more……

  15. mrdba says:

    ကိုလူပျို .. ပြီးတော့လဲပြီးသွားမှာပါ။ အရီးကွန် ထမင်းဖိတ်ကွေးရင် ကျွန်တော့်ပါ ခေါ်နော်။

Leave a Reply

Switch to our mobile site

WP SlimStat