မနေ့ကတော့ ကျွန်တော့်အဖေရဲ့ သူငယ်ချင်းတစ်ယောက် ရောက်နေလို့ သူ့ကိုသွားတွေ့ပါတယ်။ ဒါနဲ့ ရောက်တတ်ရာရာ ပြောကြရင်းနဲ့ ကျောင်းကိစ္စကိုရောက်သွားပါတယ်။ သူကဘာမေးလဲဆိုတော့ သားအခုတက်နေတဲ့ ကျောင်းနဲ့ ဗမာပြည်ကကျောင်းနဲ့ ဘာများကွာသလဲ အန်တီကိုပြောစမ်းတဲ့။ ကျွန်တော်လည်း တည်တည်ငြိမ်ငြိမ်ပဲပြန်ပြောပါတယ် အန်တီရယ် စာကိုတော့ ဘယ်ကျောင်းကမှ တတ်အောင်မသင်နိုင်ကြပါဘူး ဒီတော့ စာသင်တဲ့အပိုင်းကတော့ အတူတူပါပဲ။ ဒါပေမယ့် ဘာကွာသလဲဆိုတော့ ဗမာပြည်ကဆရာတွေကတော့ မေးသမျကိုဖြေနိုင်ချင်မှ ဖြေနိုင်ပါတယ်။ ဆရာတိုင်းလို့တော့ မပြောပါဘူး တစ်ချို့ဆရာတွေလည်း တော်တော်လေး တော်ကြပါတယ်။ ဒီကဆရာတွေကတော့ မေးတာကိုလည်းသဘောကျတယ် မေးသလောက်လည်း ကျေနပ်အောင်ပြန်ဖြေနိုင်တယ် ဒါပဲကွာတာပါ အန်တီရယ်လို့ပြောတော့ သူကရယ်ပါတယ်။ ပြောကြမယ်ဆိုရင် သူကတစ်ချိန်က တက္ကသိုလ်တစ်ခုကဆရာမ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက ဆစ်ဒနီတက္ကသိုလ်ကနေ မဟာဘွဲ့ကိုရခဲ့တဲ့လူပါ ဒီတော့သူကျွန်တော်ပြောတာကို ကောင်းကောင်းသဘောပေါက်ပါတယ်။
မေးတယ်ဆိုတဲ့ကိစ္စဆိုမှသတိရတယ် ကျွန်တော်က ကျောင်းမှာကတည်းက သင်္ချာအလွန်ညံပါတယ် ညံရတဲ့အကြောင်းအရင်းက စိတ်ကိုမဝင်စားလို့။ မှတ်မှတ်ရရ တတိယနှစ်မှာပေါ့ဗျာ ဆရာမကသင်္ချာသင်ပါတယ် တော်တော်ကို စိတ်ရှည်လက်ရှည်သင်ပါတယ် ဒါပေမယ့် ကျွန်တော်က Differentiate and Integration ကိုလုံးဝမတွက်တတ်ခဲ့ပါဘူး ဒီတော့ သူဘယ်လောက်သင်သင် မသိဘူး။ သူကမေးစရာရှိရင်မေးတဲ့ ကျွန်တော်ကမေးလိုက်တယ် ဆရာမရယ် အဲ့ဒီ့ Calculus တွေကိုဘယ်နေရာမှာ သုံးတာလဲလို့တစ်ခွန်းမေးလိုက်တယ်။ သူတော်တော်လေးကြောင်သွားတယ် သူဘာမှပြန်ပြောရမှန်းမသိတော့ဘူး။ နောက်တော့ ကျွန်တော်ကို မှတ်သားလောက်တဲ့ အဖြေကိုပြန်ပေးတယ် မင်းရဲ့မေးခွန်းက အဓိပ္ပါယ်မရှိဘူးတဲ့ အသုံးမကျပဲ ငါကသင်နေပါ့မလားတဲ့။ ကျွန်တော့်ကို ဒီလိုမျိုးလာလုပ်လို့ဘယ်ရမလဲ ဒါဆိုရင်ဥပမာပြောပြပါဗျာလိုပြောတော့ ဝုန်းဆို အခန်းထဲကနေထွက်သွားတယ် ပြန်မလာတော့ဘူး။ ဒီတော့ကျွန်တော် သဘောပေါက်လိုက်တယ် နောက်ဘယ်တော့မှ ဒီဆရာမအချိန်ကို မတက်သင့်တော့ဘူးလို့ ဘာလို့လဲဆိုတော့ ကိုယ့်ကိုမြင်ရင် သူတော်တော်စိတ်ဆင်းရဲနေမယ်လေ။ ဒါနဲ့တစ်နှစ်လုံး သင်္ချာချိန်ဆိုရင် ကျွန်တော့်အတွက်ကတော့ ကန်တင်းသွားတဲ့အချိန်ပါပဲ။ စာမေးပွဲအတွက်ကသိပ်တော့မပူပါဘူး ဘာလို့လဲဆိုတော့ Calculus တစ်ခန်းပဲမသိရုံနဲ့တော့ မကျနိုင်ပါဘူး။ ဂုဏ်ထူးတန်းရောက်တော့ သင်္ချာနဲ့ပါတ်သက်ပြီးတော့ အကြီးအကျယ်ကို ပြဿနာတက်ပါတယ် ဘာလို့လဲဆိုတော့ သင်ရိုးတစ်ခုလုံး Calculus ရယ် Numerical Methods တွေပါ။ သုံးနှစ်လုံးလုံး အလေလိုက်လာတဲ့ သင်္ချာအရည်အချင်းနဲ့ကတော့ ဘယ်လိုမှမတွက်တတ်တော့ပါဘူး။ နောက်ဆုံးတော့ မန္တလေးတက္ကသိုလ်က တွဲဘက်ပါမောက္ခ ဆရာကြီးတစ်ယောက်ကို အကူအညီတောင်းရပါတယ်။ ဆရာကသဘောလည်း အလွန်ကောင်းပါတယ် မေးသလောက်လည်းဖြေနိုင်ပါတယ်။ သူကိုမေးချင်သလောက်မေး သူကကျွန်တော်သိချင်တာထက်ပိုပြီးတော့ ဖြေပေးလေ့ရှိတယ် ဒါမျိုးဆိုရင်ကျွန်တော်ကြိုက်တယ် မလိုက်နိုင်ဘူးထင်ရင် ကျွန်တော်ကြိုးစားပြီးတော့စာဖတ်မယ်။ ဒီတော့မှ လေးနှစ်စာကို တစ်နှစ်တည်းနဲ့ ကျွန်တော် အပြတ်သင်ခဲ့ရပါတယ်။
အခုကျောင်းမှာလည်း ဆရာတစ်ယောက်ကတော့ စာအသင်အပြအလွန်ညံပါတယ် ဒါပေမယ့် အလွန်နာမည်ကြီးပါတယ်။ ပထမဆုံးလက်ချာမှာကတည်းက လက်ချာအစအဆုံးသိမှ လုပ်လို့ရမယ့် ပရောဂျက်တစ်ခုကို Assignment အဖြစ်တင်ရမယ်။ တစ်ယောက်ချင်းစီလုပ်ရမယ် အုပ်စုမဖွဲ့ရဘူးပြောပါတယ်။ ဗမာပြည်မှာဆိုရင်တော့ ပြောလိုက်ကြမယ့်ဖြစ်ချင်း မသိလို့လာတက်တာပေါ့ သိရင်ဘယ်လာနေမလဲတို့ဘာတို့။ ဆရာစာသင်တာကတော့ မှတ်သားလောက်ပါတယ် တစ်ရက်ကို နှ
စ်ခန်းအပြတ်သင်တယ်။ သူများဆရာတွေ နှစ်ခန်းအပြတ်သင်ရင် ည ၁ဝ နာရီလောက်မှအတန်းပြီးတယ်။ သူကတော့ စာတွေကိုအကုန်ကျော်ချတယ် ၉ နာရီဆိုရင်ပြီးပြီ။ သူပြောတဲ့စကားတစ်ခွန်းက ရှင်းရှင်းလေ ငါစာသင်တာကို နှေးစေချင်ရင် ငါ့ကိုစာမေးပါတဲ့။ မေးလို့ပြန်ဖြေတဲ့ စကားနဲ့ စာသင်တဲ့စကားလုံးဝမတူပါဘူး။ ပြန်ဖြေရင် အသေးစိတ်ကို ပြောပြပါတော့တယ် အဲ့ဒီ့အချိန်မှာတော့ သူပြောသမျ စကားလုံးတိုင်းက အလွန်တန်ဖိုးရှိပါတယ်။
ရှေးကပြောလေ့ပြောထရှိတဲ့ ဆိုရိုးရှိပါတယ် ပညာရှိတို့မည်သည် စည်နဲ့တူတယ် မတီးရင်မမြည်သလို မမေးရင်မဖြေဘူး ဆိုတာကြားဘူးမယ်ထင်ပါတယ်။ ဒီတော့ကျွန်တော်လည်း အမြဲတမ်းပဲတီးကြည့်ပါတယ် ဒါပေမယ့် တစ်ချို့ကတော့ မြည်တော့မြည်ရှာပါတယ် ဒါပေမယ့် သားရေမျက်နှာပြင်ပျော့နေတော့ “ဘတ်” လို့ပဲအသံထွက်လာတော့ ကျွန်တော့် တစ်နှစ်လုံးအတန်းမတက်ရတော့ဘူး ဖြစ်သွားတော့တယ်ဗျာ။ ကျောင်းသားဘဝကြုံခဲ့ရသမျတွေထဲက တစ်ခုပေါ့ဗျာ။
Monthly Archives: February 2009
ကျွန်တော်ကြုံခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝ (၁)
တစ်ချို့ Web Site, Blog and Forum တွေကိုဝင်ကြည့်ရင် သူတို့တက်နေတဲ့ တက္ကသိုလ် အကြောင်းတွေကို ပေါက်ကွဲထားသလို ရေးထားတာတွေ မြင်ဘူးပါတယ်။ ဆရာတွေက စာကောင်းကောင်းမသင်တာတို့ အဝတ်အစား ဝတ်ချင်သလို မဝတ်ရတာတို့ ကျောင်းမတက်မနေရ ဖြစ်နေတယ်တို့ ဒါမျိုးတွေအပေါ် လူငယ်အမြင်နဲ့ရေးထားကြတာတွေ တွေ့ပါတယ်။ ဒီတစ်ခါတော့ စာသင်တဲ့ကိစ္စအကြောင်း ကြားဘူးခဲ့တာလေးတွေကို မှတ်မိသလောက်ပြန်ရေးကြည့်ဦးမယ်။ ကျွန်တော့်ကိုလည်း ငယ်ငယ်လေးကတည်းက ကျွန်တော့််အဖေက ကျွန်တော့်ကို သူတက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ဘဝကိုပြောပြလေ့ရှိတယ်။ အခုခေတ် လူငယ်တွေပြောနေတဲ့ ရုပ်ရှင်ထဲကလို့ အကြောင်းတွေ မဟုတ်ဘူး သူတို့တွေကို ဆရာတွေက ဘယ်လိုစာသင်တယ်ဆိုတာကိုပဲ ပြောပြလေ့ရှိတယ်။ သူ့ရဲ့ပထမဆုံး တက္ကသိုလ်ကျောင်းသားဘဝ လက်ချာကို ဘယ်လိုပြောသလဲဆိုတော့ ဆရာတစ်ယောက်ဝင်လာတယ်ကွာ သူ့ကိုယ်သူမိတ်ဆက်တယ် သူသင်မယ့် ဘာသာအကြောင်းကို အကြမ်းပြောသွားတယ် ပြီးတော့ ဖတ်ရမယ် Reference စာအုပ်စာရင်းကို ကျောက်သင်ပုန်းမှာ ရေးသွားတယ်။ ပြီးတော့ ပြောသွားတယ် နောက်နေ့လက်ချာမတိုင်ခင် ဘယ်အခန်းအထိပြီးအောင်ဖတ်ခဲ့ မဖတ်ခဲ့ရင်သင့်မယ့် လက်ချာနားမလည်ဘူးလို့ ပြောပြီးပြန်သွားတယ်တဲ့။ နောက်လက်ချာကျတော့လည်း စာများသင်မလားမှတ်တယ် ကိုယ့်ကိုဖတ်ခိုင်းတဲ့ အခန်းကနေ ခေါင်းစဥ်လေးတွေလောက်ကို သူကပြောသွားတယ် ပြီးတော့ နောက်သင်မယ့်လက်ချာအတွက် ထပ်ပြီးတော့ဖတ်ရမယ့် စာတွေကိုပေးသွားတယ်။ တစ်နှစ်သာကုန်သွားတယ် ဆရာစာသင်တာ ဘာမှကိုမရှိသလိုပဲ ကိုယ်ဟာကိုယ်ပဲဖတ်လာခဲ့ရတယ်လို့ ပြောပါတယ်။ ကျွန်တော့်အဖေကို သားတစ်ယောက်လိုပဲ အလွန်ချစ်တဲ့ ဆရာတစ်ယောက်ရှိပါတယ် ကျွန်တော်ကိုလည်း သူကမြေးတစ်ယောက်လိုပဲသဘောထားပါတယ်။ သူ့ကိုသတိရလို့ ဒါဆိုရင် ဘဘ ကတော့စာသင်တာ ကောင်းမှာပေါ့လို့ မေးကြည့်ပါတယ်။ ဘာပြောသလဲဆိုတော့ မင်း ဘဘ ကပိုဆိုးတယ် ဘာမှကိုမသင်တာ အတန်းထဲရောက်ရင် စာနဲ့မဆိုင်တာပဲပြောတယ် အတန်းအချိန်စေ့ရင် ငါဘယ်အခန်းကနေ ဘယ်အခန်းအထိ ဒီနေ့လက်ချာပြီးပြီလို့ ပြောသွားတယ်လို့ ပြောပါတယ်။ ဒါဆိုရင် အဖေတို့ကို ဘယ်သူစာသင်သလဲမေးတော့ ဘယ်သူမှမသင်ဘူးတဲ့ ကိုယ့်ဟာကိုမဖတ်လို့ကတော့ စာမေးပွဲအကျပဲတဲ့။ တစ်ခုပဲရှိတယ် ကိုယ်ဖတ်ရင်းနဲ့ ကွဲလွဲလာတာရှိလာပြီဆိုရင် ဆရာကို အချိန်မရွေးသွားတွေ့လို့ရတယ် လို့ပြောပါတယ်။ သူပြောတဲ့စကားကရှင်းပါတယ် နားမလည်ရင်လို့မဟုတ်ဘူး ကွဲလွဲလာရင်လို့ပဲပြောတယ်။ ကွဲလွဲတယ်ဆိုတာက မနည်းဆုံးမတူညီတဲ့ စာအုပ်နှစ်အုပ်ကို ဖတ်မှာ ရေးတဲ့လူတွေရဲ့ ကွဲလွဲတဲ့အယူအဆကို မြင်လာမှာပါ။ နားမလည်လို့လာမေးတယ်ဆိုရင်တော့ ဆရာတွေကပြောတယ် နားလည်အောင်ဖတ်လို့ တစ်ခွန်းပဲတဲ့။ နောက်ဆုံး တစ်ခုပဲဆုံးမတယ် မင်းတက္ကသိုလ်ကျောင်းသား ဘဝကိုရောက်တော့မယ် ဒီတော့ ပထမဆုံးလုပ်ရမှာက ဆရာကိုအားမကိုးနဲ့ စာဖတ်နိုင်အောင်ကြိုးစား။
ကျွန်တော့်ရဲ့ပထမဆုံး တက္ကသိုလ်ကျောင်းသား အတွေ့အကြုံမှာကတော့ Programming နဲ့စပါတယ်။ ဆရာမကဝင်လာပါတယ် “ကွန်မက …….. ပါ။ ရှင်တို့ကို ကွန်မ C Programming ကိုသင်ပါမယ် ကွန်မကတော့ စာသင်ခန်းထဲမှာ အများကြီးမသင်နိုင်ပါဘူး နမူနာလောက်ပဲသင်ပြီးတော့ ရှင်တို့ကိုပဲ အလုပ်တွေပေးလိုက်ပါမယ် လုပ်ပြီးပြီဆိုရင် ကွန်မကိုလာပြနိုင်ပါတယ် အတန်းပြီးတိုင်းလာ ဆွေးနွေးပါ ဒါမှမဟုတ် ကွန်မဌာနကို လာပြီးတော့လည်း ဆွေးနွေးနိုင်ပါတယ်” ဒီလိုပြောလာပါတယ်။ ပထမဆုံး အချိန်ဆိုတော့ Key Words တွေရယ် printf(“Hello World!”); ရယ်လောက်ပါပဲ။ နောက်နေ့တွေလည်း if သင်တယ် if နဲ့ပါတ်သက်တဲ့ ရေးစရာတွေ တပုံကြီးပေးလိုက်ပါတယ်။ နောက်တစ်ခါ for သင်တယ် ရေးစရာတွေပဲ တပုံလိုက်ပေးလိုက်ပါတယ်။ သူစာတွေလုပ်ရတာနဲ့ တစ်ပါတ်တစ်ပါတ် အချိန်တော်တော်
Every Aikido is Same or Different
ဒီနေ့ညနေကတော့ မရောက်တာကြာလို့ အိုက်ကီဒိုသင်တန်းကို အရောက်သွားပါတယ်။ သင်တန်းနဲ့ပြတ်နေတာကလည်း လေးပါတ်လောက်ရှိပြီဆိုတော့ သက်လုံလည်း အရင်လောက် မကောင်းတော့ပါဘူး။ နည်းပြချုပ်ကလည်း မြင်မြင်ချင်းပဲပြောပါတယ် တရုတ်နှစ်ကူးမှာတော့ မင်းမအားတဲ့ကြားကနေပြီး ငါ့အိမ်ကိုလာပြီး သောက်စားသွားပြီး အိမ်တောင်မပြန်နိုင်တော့လို့ ငါပြန်ပို့လိုက်ရတယ် သင်တန်းကျတော့ မင်းမအားလို့ပုံမှန်မလာဘူး တော်တယ်လို့ပြောပါတယ်။ ဖြစ်ချင်တော့ ဒီနေ့က Kinonagari လို့ခေါ်တဲ့ ရန်သူ့အင်အားကို လွတ်လပ်စွာစီးဆင်းသွားစေတဲ့ နည်းစနစ်တွေကိုပဲ ကစားခိုင်းပါတယ်။ သူတို့ကစားတဲ့ဟန်နဲ့ ကျွန်တော် ဗမာပြည်မှာကစားခဲ့တဲ့ဟန်နဲ့ သိပ်မတူပါဘူး ကိုယ်လည်း တတ်နိုင်သလောက်တော့ သူတို့ကစားတဲ့ပုံစံကို လိုက်ကစားပါတယ် ဒါပေမယ့်ခေါက်ရိုးကျိုးနေတဲ့ ပုံစံကတော့ အနည်းနဲ့အများတော့ ပါနေတာပါပဲ။ မှတ်မှတ်ရရ နည်းပြချုပ်က ကျွန်တော်ကို လာကြည့်ပြီးတော့ နည်းနည်း အတိမ်းအစောင်းကို လာပြင်ပေးပါတယ် ပြီးတော့ပြောပါတယ် ဒီလှုပ်ရှားမှု့ဟာ မင်းခန္တာကိုယ်အချိုးအစားအလိုက် ကွာဟမယ်လို့ပြောပါတယ်။ သူကစားတဲ့အတိုင်းလိုက် ကစားပါလို့ တစ်ခွန်းမှမဟဘူး ဘယ်သူ့ကိုမှလည်း သူအဲ့ဒီလိုမပြောဘူး။ ဗမာပြည်မှာဆိုရင်တော့ ဆရာဒီအတိုင်းဆိုရင် တစ်သွေမတိမ်းလိုက်လုပ်ရပါတယ်။ ကိုယ်လည်း ကိုယ့်တပည့်တွေကို ဒီလိုပဲသင်ခဲ့ပါတယ်။ ကြာတော့ ဘာတွေဖြစ်လာသလဲဆိုတော့ ကိုယ်သင်တာများလာရင် ကိုယ့်သင်တဲ့တပည့်တွေက ကိုယ့်ပုံစံမျိုးတွေ ဖြစ်လာတယ် သူတို့ကိုယ်ပိုင်ပုံစံမဟုတ်ဘူး။ ဒီတော့ သင်တန်းထဲမှာ မနက်ပိုင်းသင်တန်းသားနဲ့ ညနေပိုင်းသင်တန်းသား ပေါင်းလိုက်တဲ့အချိန်ကျရင် သင်တန်းကြီး နှစ်ခုကွဲနေသလိုပဲ။ ဒါကိုဘယ်လိုပြောရမလဲဆိုတော့ Unified Aikido လို့ပြောရမလိုဖြစ်နေတယ်။ ဒီမှာကတော့ပိုဆိုးတယ် တစ်ယောက်တစ်မျိုး။ ဒီတော့ Dynamic Aikido လို့ပြောရမယ်ထင်တယ်။ မှတ်မှတ်ရရ မန္တလေးကို Sensei Kanameda လာတော့ ညစာလိုက်ကွေးတယ်။ စားရင်းသောက်ရင်း သူကဘာပြောလဲဆိုတော့ “Every Aikido is ..” လို့ပြောနေတယ်။ မန္တလေးက ဆရာတစ်ယောက်က ဝင်ပြီးတော့ အားရပါးရထောက်ခံလိုက်တယ် “Same” ဆိုပြီးတော့။ တစ်ကယ်တမ်းက သူပြောမယ့်စကားလုံးက “Different” လို့ပြောချင်တာ။ သူလည်းအူလည်လည်နဲ့ ရောယောင်ပြီးတော့ “Same” လို့လိုက်ပြောလိုက်ရတယ်။ တစ်ကယ်တမ်းက တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားနေတာကိုတောင် တစ်စုတစ်စည်းတည်းစုပေါင်း ကစားနိုင်ကြတယ်လို့ ဂုဏ်ယူချင်တာပါ။ ဗမာပြည်ရောက်မှ “Every Aikido is Same” ဖြစ်သွားတာကို သူလည်း သဘောပေါက်သွားပုံရတယ်။ ကိုယ့်ဘာသာကိုယ်လည်း သတိပေးရသေးတယ် မင်းဗမာပြည်အလည်ပြန်ရင် ဒုက္ခတွေ့မယ်လို့ ဘာလို့လည်းဆိုတော့ အခုကကိုယ့်မှာ ဗမာပြည်မှာကစားခဲ့တဲ့ဟန်တွေက ပျောက်ကုန်ပြီ ဗမာပြည်နည်းပြချုပ်တွေ့ရင်တော့့ ကောင်းကောင်းအဆဲခံရနိုင်တယ် သူသင်ပေးလိုက်တာနဲ့ လုံးလုံးမတူတော့ဘူး။ ကိုယ်သင်ခဲ့ကလေးတွေကတောင် ကိုယ်ကိုမှားတယ်ပြောကြမယ်ထင်တယ်။ သြော်…ဘာရယ်တော့မဟုတ်ပါဘူး ကိုယ့်ဆီကလူတွေကို ဒီပညာရပ်နဲ့ပါတ်သက်ပြီးတော့ အမြင်ကျယ်စေချင်တာတစ်ခုတည်းပါ။