ထင်ရာမြင်ရာ

မြင်တဲ့အတိုင်း ထင်တဲ့အတိုင်း ပြောတာကို အမှန်အတိုင်းပြောတာ ကောင်းတယ်လို့ လူတွေကပြောကြတယ် ဘာကောင်းမှန်းတော့မသိဘူးဗျာ။ ငယ်ငယ်ကဖတ်ဖူးတဲ့ မှန်သောစကားကို ပြောဆိုခြင်းနှင့် စပ်ဆိုင်သော ပြဿနာရပ်များ ဆိုတဲ့စာအုပ်ကို သွားသတိရတယ်။ စာအုပ်နာမည်ကတော့ အတိအကျ မှန်မမှန်မသိဘူး ရေးတာတော့ နန္ဒသိန်းဇံရေးတာပဲ။ မှန်တာပြောတာချင်းအတူတူ လူရည်လည်တဲ့ ကြက်တူရွေးက လွတ်သွားပြီး အတီးအတနဲ့ ကြက်တူရွေးကတော့ မီးပုံထဲမှာသေရတယ်။ မဟောသထာ မျက်နှာရိပ်မျက်နှာကဲ မကြည့်တတ်ပဲ ကိုယ်သိတာ ကိုယ်ပြောပြန်တော့လည်း ဝရန်းပြေးဖြစ်တယ်။ ကိုယ်တော်အသွင် ပျောက်သွားပါတယ်လို့ အလိုက်သင့်ပြောတော့ မင်းခစားကို ဘုရင်ကဆုချတယ်။ လူ့အသက်တစ်ချောင်းအတွက် ဒါငါ့တပည့်မဟုတ်ဘူး ဘယ်သူပြောသလဲလို့ ပြောတဲ့ဘုန်းကြီး အာပတ်သင့်မသင့် စဥ်းစားမရဘူး။

မှန်တယ်ဆိုတာ ဘာမှန်းကို စဥ်းစားမရတာပါ။ အမှန်တွေက ခေတ်ကာကအလိုက် ပြောင်းလဲလာသလိုပဲ။ မျဥ်းတွေက ဖြောင့်ရာကနေ အဖြောင့်မရှိဘူး အားလုံးကွေးနေတယ်ပြောတယ်။ နေက ကမ္ဘာကိုပါတ်ရာကနေ ဘယ်လိုလုပ် ရာထူးကျပြီး ကမ္ဘာက နေကိုသွားပါတ်ရသလဲ မပြောတတ်ဘူး။ ကမ္ဘာကြီးတောင် ပြားရာကနေ လုံးသွားသေးတာပဲ နောက်များဖြင့် လေးဒေါင့်တွေ ဘာတွေများ ဖြစ်လာဦးမလားမသိ။ ပြားနေတုံးကတော့ လုံးတယ်ပြောတဲ့လူတွေ အသတ်ခံရသေးတယ်။ အခုနေများ ပြားတယ်ပြောတဲ့လူကတော့ ရူးတယ်အပြောခံရမယ်။ ခေတ်အဆက်ဆက် မှန်တယ်ပြောနေတဲ့လူတွေက အုပ်စုတစ်စု မှားတယ်ပြောတဲ့လူတွေက အုပ်စုတစ်စု အမြဲဆန့်ကျင်ဘက်ပဲ။ ကိုယ့်အမြင်နဲ့ကိုယ်တော့ ကိုယ်မှန်ကြတာပဲ။ လူများတဲ့ဘက်က နောက်ဆုံးတော ဒို့နိုင်တယ်အော်ကြတာပဲ။ ရှုံးတဲ့ဘက်မနေချင်တော့ နောက်လူတွေက မှန်တယ်ဆိုတဲ့ဘက် သွားသွားနေရာကနေ မှားတဲ့လူတွေ မရှိတော့တာလို့ မှတ်ထားလိုက်တာပဲ။ နောက်တော့လဲ မှန်တဲ့အထဲက ထပ်ကွဲကြပြန်ရော။ ဘယ်သူ့မှသွားပြီး မှားလားမှန်မလား ကိုယ့်အတွက် အဆုံးဖြတ်မခိုင်းပါဘူး။ သူတို့ကလည်း သူတို့ဝင်တဲ့ အုပ်စုထဲကအတိုင်း ပြောနေမှာကိုး။ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်တယ် ကိုယ့်လက်ခံနိုင်ရင် ယုံမယ်လေ လက်မခံနိုင်လို့ကတော့ ဘယ်သူပြောတာမှမယ့်ဘူး။

စည်းကမ်းဆိုတာ လူတွေသတ်မှတ်ထားတာပဲ စည်းကမ်းကလူကို ချည်နှောင်တယ်ဆိုတာကတော့ ဘယ်တော့မှအဖြစ်မခံဘူး။ စည်းကမ်းရဲ့ ရည်ရွယ်ချက်ကိုပဲ ကြည့်ချင်တယ်။ လူကူးတဲ့နေရာကနေ မီးစိမ်းမှကူးဆိုတာ ကားတိုက်မှာစိုးလို့ပေါ့။ ည ၁၂ နာရီ ၁ နာရီ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိတဲ့လမ်းမကြီးမှာ မီးမစိမ်းလို့ ကြောင်တောင်တောင်နဲ့ရပ်စောင့်ပြီး ငါသည်စည်းကမ်းရှိလှစွာသော နိုင်ငံကြီးသား လူသားတစ်ဦးဆိုပြီး ဂုဏ်ယူနေတယ်ဆိုရင်တော့ ကျွန်တော့်အမြင်ကတော့ စည်းကမ်းကထောင်ချခံရတဲ့လူပဲ။ စည်းကမ်းဆိုတာများ အချိန်မရွေးပြောင်းနေတာ ကိုယ်ကိုအသားလွတ် ထောင်ချထားသလို လုပ်ထားတဲ့ စာရွက်ပေါ်က စာကြောင်းများ သိပ်အရေးစိုက်မနေပါဘူး ရည်ရွယ်ချက်ကိုပဲ ကြည့်လိုက်တယ် ကိုယ်လုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူးပဲ။

ဘာတွေမှန်းတော့မသိပါဘူး စာအုပ်သုံးအုပ်ကိုမှတ်မိတာလေး ထင်ရာမြင်ရာရေးထားလိုက်တာပဲ။ နောက်နှစ်အုပ်က နာမည်ကို မမှတ်မိတော့တာပါ။ ဒီလိုပဲထင်ရာမြင်ရာရေးတတ်တယ်လေ စာမေးပွဲလည်း ပြီးတော့မှာပါ အင်္ဂါကျော်တာနဲ့ အသားကုန်ရေးပြီပဲ။ တစ်ရက်တစ်ပုဒ်တော့ရေးမယ်။ ကြောင်တောင်တောင် ဟာတွေလည်းပါမယ် ဟာသဆန်ဆန်လည်းရေးချင်သေးတယ်။ တွေ့ကြပြီပေါ့ ကျောင်းပိတ်ရက်ရယ်။

12 thoughts on “ထင်ရာမြင်ရာ

  1. နန္ဒသိန်းဇံလား ဟေးဟေး ငယ်ငယ်တုန်းက ဘယ်သွားသွား လက်ထဲကမချတန်း ကိုင်ထားဘူးတယ်။ (အကုန်တော့ နားမလည်ခဲ့ဘူး။ :P ) နားလည်တာလဲရှိပေါ့။

    ကျောင်းပိတ်ရက် ရောက်တော့မှာဆိုတော့ တကယ်ရေးတော့မှာပေါ့လေ။ ကြောက်နေရပါလား။ မထင်ပါဘူး။ အလုပ်ရှုတ်နေဦးမှာပါဘဲ။

  2. နန္ဒလူပျို ရေးတဲ့ ထင်ရာ မြင်ရာကို ထင်သလိုမြင်သလို ဖတ်သွားတယ်၊ ကျောင်းပိတ်ရက် စောင့်နေတာ ရေးခိုင်းမလို့

  3. စာမွဲပြီးရင်တော့ မုတ်ဆိတ်လေး ဘာလေးရိတ်ပါဦးဗျာ ..ဟေးဟေး

  4. မုတ်ဆိတ်ရိတ်ဓားစျေးကြီးတယ်ဗျ။ စက်ကလည်း အားမသွင်းတာကြာလို့ ရိပ်မရတော့ဘူးထင်တယ်။

  5. ထင်ရာမြင်ရာ မင်းအကြောင်းလူစီ
    ထင်ရာမြင်ရာ ပြောလိုက်ကြ..

    အငဲသီချင်းကို ဆိုချင်သဖြင့်ဆိုသွားပါတယ် ကိုလူပျိုကြီးရယ်..

  6. စည်းကမ်းအကြောင်းတော့ မဆိုင်ပါဘူး ပြောချင်တာ ဝင်ပြောဦးမယ်
    ပညာရှိကဝိတွေက အနေအထိုင်ကို လူတွေ ရှေ့မှာပဲ ဖြစ်စြဖ် နောက်မှာပဲ ဖြစ်ဖြစ် ဆင်ခြင်ကြတယ်တဲ့။
    အနော်လည်း တရုတ်မ ရှိရှိ မရှိရှိ ချစ်သူရှိိအောင်တော့ ကြိုးစားနေတယ်။ :P

  7. မှန်တာပြောလွန်းရင် လည်း ရွာပြင် ထွက်နေရတတ်တဲ့ ပုံပြင်လေး သွားသတိရတယ်။

  8. ဖတ်လို့ကောင်းတယ် အတွေးလေးတွေ ညက်တယ် ညဘက်ကြီး မီးနီစောင့်နေဖို့မလို ဆိုတာကိုကြိုက်တယ် ဒီနေ့ ကျုပ်တို့ နိုင်ငံ ဥပဒေက လုပ်ရာရာ လုပ်ချင်သူက လုပ်နိုင်သလို လုပ်ပြီး လုပ်စားနေကြတာဆိုတော့ ညဘက်နီတဲ့ မီးနီဥပဒေများလား မသိ

  9. အင်း… သိပ္ပံပညာရှင်တွေဆိုတာ ပုထုဇန်တွေမို့ အမှားတွေ အများကြီး ကျူးလွန်လေ့ရှိပါတယ်။ ဒါကြောင့် မကိုးကွယ်သင့်တဲ့ သူတွေထဲမှာ သိပ္ပံပညာရှင်ပါတယ်။ ကိုးကွယ်မိရင် ကိုယ်ပဲ စိတ်ညစ်ရမှာပဲ။ သူတို့က တစ်နေ့ တစ်မျိုး ပြောတတ်တဲ့ လူတွေလေ

  10. ကောင်းပါတယ် မှတ်သားစရာတွေပဲ ဒါပေမယ့် post ကို တိုတိုနဲ့လိုရင်းရေးတာမှကောင်းမှာ ရှည်တော့ဖတ်ရမှာပြင်းတယ်

  11. ဟမလေးဗျာ… ဒီလောက် တိုပြီး ဂွတီးဂွကျနဲ့ ဂွတိုက်သွားတာကိုတောင် ရှည်သေးတယ်ဆိုတော့က… အင်း.. လူပျိုကြီး ရေ……………. ကိုကီးရိုးက လူပျိုကြီးထက် အသက်ကြီးပုံပေါ်တယ်ဗျ… သူက ပိုတိုနေတယ် :-D
    သိပ်မစဥ်းစားရဘဲ အဲလို ပေါ့ပေါ့လေးနဲ့ အတွေးဆက်စရာပေးသွားစေတဲ့ အချိုးလေးတွေပေါ့……. အပျိုကြီး ရင်ခုန်သံလေးတွေလိုပဲ….ကိုယ်ထင်ရာ ကိုယ် ဆက်တွေးနေလို့ရတယ်ဗျ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">