Tag ဆိုတာကလည်း နင်းသွားပြန်ပြီ ဒီတစ်ခါ နင်းတာကတော့ နည်းနည်းပြင်းတယ်ဗျ ဘာလို့လဲဆိုတော့ နင်းတဲ့လူက ကိုဒီဘီဆိုတော့ လူဝိတ်ကမနည်းဘူး။ ရေးစရာက လူပျိုကြီးမှာက အင်တာနက်ပေါ်က နာမည်ဆိုတာက တစ်ခုပဲရှိတာကို သူများတွေလို ချဲ့ကားပြီးတော့ ရေးလို့ကလည်းမရဖြစ်နေတယ်။ ဒီတော့ ရေးခဲ့ဖူးတဲ့ ကလောင်နာမည်တွေ ရေးရမယ်ထင်တယ် အဲလေ ကလောင်မရှိတော့ဘူးဆိုတော့ ဘောပင်နာမည်ကိုပြောပါတယ်။
ကလောင်နာမည်ထဲမှာ Funakoshi ရဲ့ ကလောင်နာမည်ကို အရမ်းသဘောကျတယ် Shoto ဆိုပြီး ကလောင်နာမည်သုံးပြီး ရေးရာကနေ သူ့ရဲ့သင်တန်းကျောင်း နာမည်ကို တပည့်တွေက Shotokan လို့ပေးကြတယ်။ သူပြောတဲ့ Shoto ဆိုတာက ဗမာလိုပြန်ရင် ထင်းရှူးလှိုင်းလို့ခေါ်တာပေါ့။ ငယ်ငယ်ကတည်းက ထင်းရှူးတောထဲမှ နေဖူးတော့ ထင်းရှူးပင်ဆိုရင် အရမ်းသဘောကျတယ် လေတိုးလို့ မြည်တဲ့အသံလေးကို အရမ်းသဘောကျပါတယ်။ ဒါကြောင့် ထင်းရှူးသံစဥ် လို့ကလောင်နာမည် ပေးဖူးပါတယ်။ ဖိုးကျော့ကိုအားကျလို့ ငယ်ငယ်ကတည်းက တောထဲလိုက် နေတာလေးတွေကို ဝတ္ထုတိုလေးတွေ ရေးပြီးတော့ အဖေရုံးကထုတ်တဲ့ မဂ္ဂဇင်းကိုတိတ်တိတ်လေး ပို့လိုက်တာကို မပါပါဘူး။ ဘယ်ပါမလဲ အယ်ဒီတာတာဝန်က အဖေကိုယ်တိုင်ယူမှတော့ ကျွန်တော်ရေးမှန်း တန်းသိတာပေါ့။ အဖေက ကျွန်တော်စာရေးတာကို ဝါသနာပါမှန်းသိပေမယ့် စာရေးဆရာဖြစ်ချင်တယ်ဆိုတဲ့ အထိတော့ ဖြစ်စေချင်လို့ပါ။ ဒါနဲ့ပဲ ဝတ္ထုတိုရေးတဲ့ ဇာတ်လမ်းက တစ်ခန်းရပ်သွားပါတယ်။
read more »