မိသားစုငါးယောက် အငယ်ဆုံးသား အစဥ်အလာ မှန်သမျကို ဘယ်တော့မှလက်မခံ မမြင်မတော်ပါက မြင်သည့်အတိုင်းပြော၍ ဘယ်သူနှင့်မျ မတည့်သော ကျွန်တော့်အဖေ။ ကလေးအလွန်ချစ်တတ်သည် ငယ်စဥ်တက္ကသိုလ် ကျောင်းသားဘဝ သထုံဆောင်တွင် နေစဥ်ကတည်းက ကျောင်းပိတ်ရက် အလွန်ဆော့သော တူသုံးယောက်ကို အဆောင်တွင်ခေါ်ပြီး ဆော့တတ်သည်။ အိမ်ထောင်ကျ၍ အကြီးဆုံးသား ကျွန်တော်ကိုလည်း အဖေသာအမြဲထိမ်းသည်။ အမေချစ်သားဟု အမြဲပြောတတ်သည် အဘယုံကြောင့်ဆိုသော် အမေကိုမကပ်ပဲ အဖေကိုကပ်သောကြောင့် အမေအလုပ်ပျက် သက်သာသော ကြောင့်ဖြစ်သည်။
အဖေကလေးထိမ်းသော ပုံစံမှာသူများနှင့် မတူပါ။ ကလေးကို ငိုပါက တတ်နိုင်သမျချော့ပါသည် မုန့်လိုချင်သည်ဆိုက ဝယ်ကွေး၏ တစ်နေရာသွားချင်သည်ဟု ဆိုပါလျင်လည်း မညည်းမညူလိုက်ပို့၏။ သို့သော် မဖြစ်နိုင်သော ကိစ္စများကို ပူဆာ၍ငိုလျင်ကား ကလေးကို နားမလည်မှန်းသိလျက်နှင့် လူကြီးကိုပြောသလို အကျိုးသင့် အကြောင်းသင့် ပြောကာချော့၏ မရလျင်ကား ကလေးကို ချီလည်းမချီတော့ ချော့လည်းမချော့တော့ပဲ ငိုချင်သလောက်သာငိုဆိုကာ မသိချင်ယောင်သာ ဆောင်နေတော့သည်။ အဖေ့သီအိုရီအရကား ကလေးကို စကားမပြောပဲ မသိချင်ယောင်သာ ဆောင်နေပါက ၁ဝ မိနစ်ထက် ပို၍ငိုနိုင်သော ကလေးကားရှားသည်ဟုဆို၏ အလွန်ဆုံး မိနစ် ၂ဝ အတွင်းငိုချင်ပါသော်လည်း ချော့မည့်သူမရှိ၍ ဆက်၍ငိုမရသော အဖြစ်သို့ရောက်၏။ အလွန်ငိုသော ကျွန်တော့် တူဝမ်းကွဲလေးတစ်ယောက်ကို စမ်းသပ်ကြည့်သည်မှာ အောင်မြင်သည်။ ၁၅ မိနစ်ကြာသောအခါ ကလေးမှာ ဆက်ငို၍မရတော့ပဲ အလိုလိုရပ်သွားသည်ကို တွေ့ဖူးသည်။ သို့သော် အငိုတိတ်ခါနီး သွား၍စကားသွားမပြောပါနှင့် အရှိန်တက်ကာ ပို၍ငိုနိုင်သွားတတ်သည်။
ကျွန်တော် ၃ တန်း၊ ၄ တန်းအရွယ် အင်မတန် ဆော့နိုင်သောအရွယ်တွင် ထိမ်းပုံမှာပုံစံပြောင်းသွားသည်။ ကျွန်တော်ကလည်း အန္တရာယ်ရှိသော ကစားနည်းကိုမှ ကစားပါသည်။ အိမ်တွင် ဟင်းသီးဟင်းရွက်လှီးသော ဓားမှစ၍ အဖေ တောဆင်းလျင် ကိုင်သော ခါးချိတ်ဓားအထိ အကုန်ယူဆော့ပါသည်။ ခြံဝင်းအတွင်းမှ သကြားသီးပင် အပုကလေးမှ ဝက်သစ်ချပင် အမြင့်ကြီးအထိ အကုန်တက်ပါသည်။ မဆော့ရ အပင်မတက်ရဟု ဘယ်တော့မှ မပြောပါ။ ဒီလိုသစ်ပင်တက် ဓားကိုဒီလိုကိုင်ဟု ကိုယ်တိုင်သင်ပါသည်။ မလုပ်တတ်လုပ်တတ် ခိုးပြီးကစားပါက ပိုအန္တရာယ်ဖြစ်မည်ဟု အဖေယူဆသည်။
အရာအရာ အလိုလိုက်လေ့ရှိပါသည် သို့သော် ပညာရေးကိစ္စနှင့် ပါတ်သက်လျင်တော့ သူကိုယ်တိုင်သာ ကိုင်တွယ်လေ့ရှိသည်။ ကျောင်းဆရာမဖြစ်သော ကျွန်တော့်အမေ ကျွန်တော်ကို စာသင်ရသည်ဟု မရှိပါ။ အဖေကိုယ်တိုင်သာ အမြဲစာသင်ပါသည်။ ကျူရှင်ဆိုသည်မှာ ဆယ်တန်းမှသာ ကျွန်တော်တက်ဖူးပါသည်။ စာကြည့်ရမယ့် အချိန်ဇယား အတိအကျရှိသည် အချိန်မစေ့ပါက မအိပ်ရပါ။ အခြားလူများကဲ့သို့ အဆင့် ဘယ်မျရရမည်ဆိုသည်ကို ပြောလေ့မရှိပါ။ အများထက် ထူးခွန်ချင်လျင်တော့ အများထက်ပိုသော ကြိုးစားမှု့ရှိရမည်ဟုသာ တစ်ခွန်းပဲပြောတတ်ပါသည်။
ဆယ်တန်းအောင်စာရင် ထွက်သည့်အချိန်မှစ၍ ဆုံးမပုံတစ်မျိုးပြောင်းပါသည်။ ပညာရေးကိစ္စကို ကျွန်တော့်အဖေလုံးဝ ဝင်ရောက်ပြောဆိုခြင်း မရှိတော့ပါ။ မိမိကိုယ်မိမိ ထိမ်းရတော့မည်ဟုပြောကာ အခြားသော အတတ်ပညာများကို သင်ကြားပါသည်။ အဘယ်သို့သော အတတ်ပညာများနည်းဆိုက ဖဲရိုက်သင်သည် အရက်သောက်သင်သည်။ ဖဲကိုနည်းမျိုးစုံ ရိုက်တတ်သည် လိမ်လည်းရိုက်တတ်သည်။ မရိုက်တတ်ရိုက်တတ်ရိုက်လျင် သူများလိမ်သမျခံရမည် ထို့ကြောင့် လိမ်လည်း ရိုက်တတ်ရမည်ဟုဆို၏။ အရက်သောက်တာကို ဘာမှမပြောပါ သို့သော် ဆေးလိပ်တော့ လုံးဝပေးမသောက်ပါ။
အခြားသောလူငယ်များကို လူကြီးများက ရန်မဖြစ်ရန်ဆုံးမကြသည်။ ကျွန်တော့််အဖေလည်း ထို့နည်းတူစွ
ာဆုံးမပါသည်။ သို့သော် သူများဆုံးမသည်နှင့် အနည်းငယ်ကွာ၏ တတ်နိုင်သ၍ရန်မဖြစ်ပါနှင့် မတတ်သာ၍ဖြစ်လာပါက ကိုယ်တော့ခံမလာရစေနှင့်ဟု အသေအချာမှာ၏။ တတ်နိုင်သ၍တော့ ကိုယ်ကဦးအောင်ရိုက် မိမိကိုယ်တော့ အနာမခံနှင့်ဟု ဆုံးမလေ့ရှိသည်။ ရန်ဖြစ်နည်း များစွာကိုလည်း သင်ကြား၏။ လူအများနှင့်ဖြစ်ပါက ကျွန်တော်တတ်ကွမ်းသော အသတ်အပုတ်များမှာ သုံးမရသဖြင့် ခေါင်းဆောင်ကို အရင်မှောက်အောင် ရိုက်ရမည်ဟုဆို၏။ သို့တိုင် ငယ်သားများက ဦးမကျိုးလျင်တော့ လက်နက်မပါပါက လွတ်အောင်ပြေးရမည်ဟု မှတ်သားဖူး၏။
တက္ကသိုလ်စတက်တည်းက မိမိ၏ပညာရေးနှင့် ပါတ်သက်သည့် အမြင့်ဆုံးရည်မှန်းချက်ကို သတ်မှတ်ခိုင်း၏။ ကျောင်းပြီးပါက ဘာဆက်လုပ်မည်ကို တစ်ခါတည်း သတ်မှတ်ခိုင်းပါသည်။ သူများအဖေအမေများ တက္ကသိုလ်စတက်စ လူငယ်များကို ဆုံးမကသကဲ့သို့ ရည်းစားမထားရ ငယ်သေးသည်ဟု ဆုံးမခြင်းမရှိပါ။ သို့သော် မိမိရောက်ချင်သော ရည်မှန်းမချက် မရောက်သ၍တော့ အိမ်ထောင်မပြုရန် အကြံပေးသည်။ ကျွန်တော်လူပျိုကြီး ဖြစ်ရသော အကြောင်းအရင်းထဲတွင် တရားခံမှာ ကျွန်တော့် အဖေလည်းပါဝင်သည်။
ကျွန်တော့်၏ တက္ကသိုလ် ကျောင်းသားဘဝ ပထမအကြိမ်ပြီးဆုံးခါနီးတွင် ကျွန်တော့်၏ အကြံပေးဘဝမှ အဖေ ထာဝရ အပြီးအပိုင် အနားယူသွားခဲ့သည်။ သူအနားမယူမီ မနက်အထိ ကျွန်တော့်ကိုသူ လမ်းညွန်ပေးခဲ့သည့် “သား… မင်းဒီနေ့ ဆေးရုံမှာမနေနဲ့ ကျောင်းသွား” ဟုသော စကားကို ယခုအထိ ကြားယောင်နေပါသည်။ ဒီတစ်ကြိမ် ကျောင်းပြန်လျင် ဆေးရုံကိုမပြန်ပဲ အိမ်ကိုပြန်ရမည်ဟု သိသော်လည်းကျောင်းသွားခဲ့၏။
ကျောင်းအပြန်အိမ်က လာကြိုသောကားကို မြင်ကတည်းက အဖေမရှိတော့ဟုသိ၏ အနှေးနှင့်အမြန် ထွက်ခွာတော့မည်ကို သိပြီးဖြစ်သဖြင့် မတုန်လှုပ်တော့ပါ ငိုလည်းမငိုပါ မျက်ရည်လည်းမကျပါ။ ကျွန်တော့်ကို ပေးခဲ့သော အလုပ်များ တာဝန်များ ကိုဆက်လက် လုပ်ဆောင်ရန် ကျန်ရှိသေးသည်ဟုသာ မှတ်ယူလိုက်သည်။ နောက်ဆုံးအချိန် အလုပ်ထုတ်ပယ်စာကို တာဝန်ယူကာ ဖတ်မည့်သူမည့်သူ မရှိသောကြောင့် ကိုယ်တိုင်ပဲ ထည့်ပေးလိုက်၏။ သို့သော် မီးလောင်နေစဥ် နောက်ဆုံးအနေဖြင့် နှုတ်ဆက်သည့်အနေဖြင့် ကြည့်နေချင်ပါသော်လည်း ကျွန်တော့်ကို ကြည့်ခွင့် မပေးကြတော့ပါ။
(မှတ်ချက်။ အဖေများနေ့ကို လာရောက် သတိပေးသော Reenoemann ကိုအထူး ကျေးဇူးတင်ပါသည်။)
ကိုလူပျိုကြီးရေ..
အဖေ့အကြောင်းကို သေချာဖတ်သွားပါတယ်။
ခင်မင်စွာဖြင့်
သီဟသစ်
နည်းလမ်းတကျ သွန်သင်ဆုံးမတတ်သော ကိုလူပျိုကြီးအဖေဆီက မှတ်သားဖွယ်ရာများကို မှတ်သားသွားပါတယ်။
အဖေ့အကြောင်းကို စီကာရီကာ ဖွဲ့ဆိုသွားပုံကို သဘောကျမိပါတယ်။ သင်ပုံသင်နည်းတွေ ထူးခြားဆန်းပြားတာကို သတိထားမိပါတယ်။ ကိုယ့်အလှည့်ကျရင် ဒါမျိုးဖြစ်အောင် ကြိုးစားယူရမယ်ဆိုတာ သဘောပေါက် နားလည်သွားပါတယ်။
လူပျိုကြီးဖြစ်ရတာကို မရှိတော့တဲ့ အကြောင်းအရင်းထဲမျာ ပါပါကိုပါ ဆွဲထည့်တာကိုး… ဟဲဟဲ
ရည်မှန်းချက်အတွက် တိုးတိုးဖော်လေးတွေ လိုတာလူပျိုကြီး မသိလျော့ မသိဘာသာ နေလိုက်သလား
ဒါမှမဟုတ် အချိန်ဇယားထဲ မထည့်မိပုံပဲ
အဖေ့ကို ကျေးဇူးတင်ကြောင်းရေးရင် ကနေ တရားခံပါ ဖမ်းလုပ်ခိုင်းလိုက်သေးတယ်၊
ကိုလူပျို အဖေကို သတိရတယ် ထင်တယ်။
တတ်အပ်သင့်တဲ့ ပညာများကို သင်ပေးခဲ့တာ ကျေးဇူးကြီးပါ့ပေ့ဗျာ။
အားကျတယ်…တကယ်။ ကျွန်တော့် အဖေ ကတော့ အဲသလောက် အချိန်မပေးဘူးဗျ။
ကိုလူပျိုရဲ့ အဖေ မသင်ပေးခဲ့တာ တစ်ခုပဲ၊ (အေးလေ အရွယ် မရောက်သေးတာလဲပါမှာပေါ့)
ရည်းစားရှာနည်းလေး။ ဟိ ဟိ။
(ခင်ဗျား တစ်ယောက်တည် အပူ အပင်ကင်းနေတာကို မနာလိုဖြစ်နေတာ။)
ကိုလူပျိုကြီး ဒယ်ဒီ့ကို ကျေးဇူးတင်နေတုန်း အမှုလှမ်းတွဲလိုက်ပုံများ ဟိုက သိစေ့ချင်တယ်။
ဒယ်ဒီတွေက အဲဒါ ချစ်ဖို့ကောင်းသဗျ။ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ သိပ်ပြောမနေဘူး။ လွမ်းတယ်ဗျာ။ အိမ်ကို ဖုန်းဆက်ဦးမှပါ။ (ဟမ်၊ အကြောင်းရှာနေစရာဖြင့် မလိုဘဲနဲ့။
ဟီး)
မှတ်သားစရာတွေ များကြီးရလိုက်ပါတယ် …
အေးလေကွယ်…
ကိုယ့်ဘာသာကိုယ် လူပျိုကြီးဖြစ်တာ အဖေနဲ့ ဘာဆိုင်လို့တုန်း.. ဟ ဟ
အမှန်တော့နော် ကိုလူပျိုကြီးက အဖေ့ကို လွမ်းလို့ရေးတာ ကျနော်တို့က အဲဒီပေါ် အာရုံရောက်သွားပြီး ပြုံးတုန်းတုန်းဖြစ်သွားတယ် …