နည်းနည်းတော့ ချောက်တွန်းတတ်တယ်

ဒီရက်ပိုင်းကို အပြောအဆိုလေးတွေ ပြန်ပြီးတော့ ဆင်ခြင်နေရတယ်။ လူတွေနဲ့ မတည့်ရင် ကိုယ့်ဟာကိုယ် ဟုတ်နေတာ အပေါင်းအသင်းက စုံလာရင် အကျင့်တွေက ပြန်ပြန်ပေါ်တယ်။ ကျွန်တော့်ရဲ့ အင်မတန်ဆိုးတဲ့ အကျင့်က စတာနောက်တာပဲ။ Facebook ပေါ်လည်း ဒီရက်ပိုင်း စနောက်နေတာ ဘယ်နေ့ သူငယ်ချင်းအချင်းချင်း ရန်ဖြစ်မယ်မသိဘူး ဒါကြောင့် အပြောအဆိုလေးလည်း ပြန်ပြီး ဆင်ခြင်နေရတယ်။ စရင်းနောက်ရင်းနဲ့ အမှတ်တမဲ့ ချောက်တွန်းသလိုဖြစ်တဲ့ အကျင့်ကလည်း ပါသေးတယ်။ အခုလေးတင်ပဲ သူငယ်ချင်းက သူ့အမေဆီကို အိမ်ကနေ ထွက်ပြီးလာနေပြီလို့ ဖုန်းဆက်ထားတာ ပြီးတော့ သူကမလာသေးဘူး Facebook ပေါ်ရောက်နေတာ ကိုယ်ကလည်း မသိဘူးလေ ဟိုကောင့်ကို အွန်လိုင်းမှာ အခုထိတွေ့နေတယ် ဒီနေ့သူမလာဘူးလားလို့ အန်တီ့ကို သွားမေးမိတယ်။


တမင်သက်သက် ချောက်တွန်းတဲ့အကျင့်ကလည်း ရှိသေးတယ်။ ကျူရှင်သင်နေတုန်းက စာအတူသင်နေတဲ့ သူငယ်ချင်း တစ်ယောက် ကောက်ခါငင်ကာ ခွင့်ယူပြီး မူဆယ် ပြန်သွားပါရော။ ကျောင်းသားတွေကလည်း စာမပြီးမှာကြောက်တော့ ကျွန်တော့်ပဲမေးတယ် ဆရာဘယ်တော့ ပြန်လာမှာလဲ ဘာလုပ်သွားတာလဲ ဒါပဲလာလာမေးနေတယ်။ အဲဒါနဲ့ စိတ်ရှုပ်တာနဲ့ ပြောလိုက်တယ် မင်းတို့ဆရာက သူ့ဘကြီးက မိန်းမပေးစားမယ်ဆိုလို့ ပြန်သွားရတာ စေ့စပ်ပြီးတာနဲ့ ပြန်လာမှာပေါ့ တစ်ပါတ်လောက်တော့ ကြာမယ်လို့ ပြောပြထားလိုက်ရတယ်။


ခရီးသွားတဲ့ သူငယ်ချင်းကလည်း ပြန်လာတော့ ကျောင်းသားတွေက ဝိုင်းမေးတာပေါ့။ ဟိုကောင်လည်း ဘုမသိဘမသိနဲ့ ကျောင်းသားတွေ နောက်နေတယ်မှတ်လို့ အကုန်လုံးကို လာမမေးနဲ့ဆိုပြီး အော်လှတ်ရော။ ကျောင်းသားတွေကလည်း သူ့ကိုမေးမရတော့ ကျွန်တော့်ကိုထပ်ပြီးလာမေးပြန်တယ် ဘယ်လိုဖြစ်တာလဲတဲ့။ ကျွန်တော်လည်း ပြောရတာပေါ့ သွားတောင်းတော့ ကောင်မလေးက သူ့ကိုမယူနိုင်ပါဘူးလို့ ငြင်းလှတ်လိုက်တော့ ရှက်ပြီးပြန်လာတာ နင်တို့ကသွားမေးတော့ အော်လှတ်မှာပေါ့လို့ ပြောလိုက်ရတယ်။ ကျောင်းသားတွေကလည်း အားနာတာနဲ့ သူ့ကိုသွားပြီးတော့ မမေးကြတော့ဘူး။ သူ့သာသွားမမေးတာ ကျွန်တော့်အတန်းထဲကိုတော့ သတင်းကိုသယ်လာတာ နောက်တော့ တစ်ကျောင်းလုံးသိတာပါပဲ ဘယ်လိုမှကို ရှင်းမရတော့ဘူး။ အတန်းထဲက ကောင်မလေးတွေကလည်း အိမ်ကပေးစားတဲ့လူတောင် မယူတာ တစ်ခုခုပဲဆိုပြီး ဖြစ်သွားကြပြီး ဘူပိတ်သွားရှာတယ်။

မေ့တတ်ပုံများကတော့

အလုပ်ကလည်း တစ်ခါတစ်လေ လုပ်ချင်တာတွေက များများနေတော့ မေ့တတ်တဲ့အကျင့်က ပြန်ပေါ်လာတယ်။ အီးမေး ပို့လိုက်တယ် Attachement မေ့သွားတာကတော့ ရိုးနေပြီ။ အရင်တစ်ပါတ်ကလည်း ဆရာကို စမ်းထားတဲ့ အဖြေတွေ ပို့လိုက်တာ ဆရာကချက်ချင်းပြန်လာတယ် အဖြေတွေကကောင်းပါတဲ့ ဒါပေမယ့် ငါဖတ်လို့မရဘူးတဲ့ ဘာလို့လဲဆိုတော့ မင်း Attachement ကျန်နေခဲ့တယ်တဲ့ ကောင်းရော။ ဒါပေမယ့် ငယ်ငယ်က ကြုံဖူးတဲ့လူကြီးလောက်တော့ မဆိုးသေးဘူး။ တစ်ခါဗျာ ကျွန်တော့်အဖေနဲ့ တောင်ကြီးကနေ မန္တလေးကို အလည်ပြန်လာတာ အခုခေတ်လို ကားတွေလမ်းတွေကလည်း မကောင်းသေးဘူး တိုက်ရိုက်ကားမမှီတော့လို့ မိတ္ထီလာကိုအရင် ဆင်းလာရတယ် ခုံဘေးကပ်လျက်မှာ ပါလာတဲ့ လူကြီးတစ်ယောက်နဲ့ အဖေနဲ့က လေပေးဖြောင့်နေတာပေါ့။ အောင်ပန်းရောက်လို့ ထမင်းစားနားတော့လည်း အတူတူဆင်းလာပြီး လက်ဘက်ရည်သောက် ထမင်းစားကြတာပေါ့။ စားနေရင်းနဲ့မှ အလန့်တကြား ဘာပြောလဲဆိုတော့ ကျွန်တော့် မိန်းမကမြို့မစျေးထဲမှာ စျေးဝယ်နေတာ အပြင်ကနေစောင့်လို့ ပြောထားတာကို မေ့ထားခဲ့မိပြီတဲ့ ပြန်မှဖြစ်မယ်ဆိုပြီး အောင်ပန်းရောက်မှ တောင်ကြီး အူလျားဖားလျား ပြန်တက်သွားတယ်။ ဟိုရောက်မှ မိန်းမနဲ့ ဘယ်လိုစာရင်းရှင်းကြသလဲတော့ မသိတော့ဘူးဗျာ။

လူကြီးဆိုတာ တစ်ခါက လူငယ်ပါပဲ

တစ်ခါက ရွာတစ်ရွာမှာ မုဆိုးမ သားအမိနှစ်ယောက် ရှိကြသတဲ့။ ကြုံရာအလုပ် လုပ်ကိုင်စားကြပြီး ဆင်းဆင်းရဲရဲ နေကြရတာပေါ့။ ကံကောင်းသလား ကံဆိုးသလားတော့မသိဘူး မြို့က မုဆိုးဖို သူဌေးကြီးတစ်ယောက်က သမီးဖြစ်တဲ့ လူကိုမျက်စေ့ကျပြီး အိမ်လာလာနေပါရောတဲ့။ မုဆိုးဖိုကြီးကလည်း မုဆိုးဖို ဆိုတာကလွဲရင် ဘာမှတော့ အထွေထွေထူးထူး ပြောစရာတော့ မရှိဘူးတဲ့။ ဒီတော့ မအေဖြစ်သူကလည်း သဘောတွေတူနေတာပေါ့။ ဒါပေမယ့် သမီးဖြစ်သူကတော့ ဒီမုဆိုးဖိုကြီး ဘယ်ကြိုက်ပါ့မလဲ။ ကြာတော့ အမေဖြစ်သူက သမီးဖြစ်သူကို အပြတ်ပြောရတယ်။



အမေ။ ။ ညည်း ဒီတစ်ခါတော့ ငြင်းလို့မရတော့ဘူး ယူကိုယူရမယ်အေ။
သမီး။ ။ အမေကလည်း မုဆိုးဖိုကြီး သမီးက မကြိုက်ပါဘူးဆိုနေ၊ အမေသဘောကျရင် အမေယူပါလား။
အမေ။ ။ ငါ့မကြိုက်လို့ပေါ့အေ့ ကြိုက်ရင်ယူတယ်။ စကားများစမ်းပါနဲ့အေ မုဆိုးဖိုဆိုတာ အရင်ကတော့ လူပျိုပါပဲအေ့။
သမီး။ ။ ဟာ…. မယူနိုင်ပါဘူးဆိုနေ။
အမေ။ ။ စကားများနဲ့ ဒီနေ့ညနေ သူလာပြီး လူကြီးတွေနဲ့ လာတောင်းလိမ့်မယ် ညည်း လူကြီးတွေ ကွေးမွေးဖို့သာ ထမင်းဟင်း ချက်ဖို့ပြင်တော့။

သမီးဖြစ်သူကလည်း အမေဖြစ်သူ့စကားဆိုတော့ နားမထောင်လို့ကလည်းမရ ဒါနဲ့ ထမင်းဟင်း ချက်ရတာပေါ့။ ညနေပိုင်း မုဆိုးဖိုကြီးကလည်း လူကြီးစုံရာနဲ့ အိမ်ရောက်လာပါရော။ ပြောကြဆိုကြပေါ့ သမီးဖြစ်သူကတော့ မျက်နှာမကောင်းဘူးပေါ့။ ပြီးတော့ ထမင်းကွေးဧည့်ခံမယ်ဆိုပြီး မအေဖြစ်သူက သမီးဖြစ်သူကို ပြင်ဆင်ခိုင်းတယ်။


လူကြီးတွေအားလုံး စားကြသောက်ကြတာပေါ့ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာပါပဲ။ လူကြီးတွေကလည်း ပြောကြတာပေါ့ ဟင်းတွေကလည်း စားလို့ကောင်းလိုက်တာဆိုပြီး။ အဲဒီလိုနေတုန်း သမီးဖြစ်သူက နေဦးမေ့နေတာ ဟင်းတစ်ခွက် ကျန်သေးတယ်ဆိုပြီး ကြောင်အိမ်ထဲကနေ ထုတ်လာတယ်။ စားလိုက်တော့ ဘယ်သူမှ အဲဒီ့ဟင်းကို ဖဲ့လို့လည်းမရ ဝါးလို့လည်းမရ။





လူကြီး။ ။ သမီးရယ် ညည်းဟင်းက ဘာလို့ ဝါးလုံးတွေ ချက်ထားတာလဲ ဝါးလို့မရဘူး။
သမီး။ ။ အဲဒါ မျစ်ပါ အဘရဲ့ ဝါးလုံးမဟုတ်ပါဘူး။
လူကြီး။ ။ ဟုတ်သေးပါဘူးကွယ် ဒါက ဝါးလုံးတွေပါဟ။
သမီး။ ။ အဘရယ် ဝါးလုံးဆိုတာ အရင်ကတော့ မျစ်ပါပဲ။


မအေဖြစ်သူကတော့ မျက်စိမျက်နှာတွေပျက်ပေါ့။ လူကြီးတွေကတော့ သဘောကျပြီး ဝိုင်းပြီးရယ်ကြတာပေါ့။ အဲဒီတင် သမီးဖြစ်သူကို လာပြီးတောင်းတဲ့ လူကြီးလည်း ရှက်ပြီး ပြန်ပြေးပါရောတဲ့။