Archive for July, 2009

28
Jul 09

နည်းနည်းတော့ ချောက်တွန်းတတ်တယ်

ဒီရက်ပိုင်းကို အပြောအဆိုလေးတွေ ပြန်ပြီးတော့ ဆင်ခြင်နေရတယ်။ လူတွေနဲ့ မတည့်ရင် ကိုယ့်ဟာကိုယ် ဟုတ်နေတာ အပေါင်းအသင်းက စုံလာရင် အကျင့်တွေက ပြန်ပြန်ပေါ်တယ်။ ကျွန်တော့်ရဲ့ အင်မတန်ဆိုးတဲ့ အကျင့်က စတာနောက်တာပဲ။ Facebook ပေါ်လည်း ဒီရက်ပိုင်း စနောက်နေတာ ဘယ်နေ့ သူငယ်ချင်းအချင်းချင်း ရန်ဖြစ်မယ်မသိဘူး ဒါကြောင့် အပြောအဆိုလေးလည်း ပြန်ပြီး ဆင်ခြင်နေရတယ်။ စရင်းနောက်ရင်းနဲ့ အမှတ်တမဲ့ ချောက်တွန်းသလိုဖြစ်တဲ့ အကျင့်ကလည်း ပါသေးတယ်။ အခုလေးတင်ပဲ သူငယ်ချင်းက သူ့အမေဆီကို အိမ်ကနေ ထွက်ပြီးလာနေပြီလို့ ဖုန်းဆက်ထားတာ ပြီးတော့ သူကမလာသေးဘူး Facebook ပေါ်ရောက်နေတာ ကိုယ်ကလည်း မသိဘူးလေ ဟိုကောင့်ကို အွန်လိုင်းမှာ အခုထိတွေ့နေတယ် ဒီနေ့သူမလာဘူးလားလို့ အန်တီ့ကို သွားမေးမိတယ်။


တမင်သက်သက် ချောက်တွန်းတဲ့အကျင့်ကလည်း ရှိသေးတယ်။ ကျူရှင်သင်နေတုန်းက စာအတူသင်နေတဲ့ သူငယ်ချင်း တစ်ယောက် ကောက်ခါငင်ကာ ခွင့်ယူပြီး မူဆယ် ပြန်သွားပါရော။ ကျောင်းသားတွေကလည်း စာမပြီးမှာကြောက်တော့ ကျွန်တော့်ပဲမေးတယ် ဆရာဘယ်တော့ ပြန်လာမှာလဲ ဘာလုပ်သွားတာလဲ ဒါပဲလာလာမေးနေတယ်။ အဲဒါနဲ့ စိတ်ရှုပ်တာနဲ့ ပြောလိုက်တယ် မင်းတို့ဆရာက သူ့ဘကြီးက မိန်းမပေးစားမယ်ဆိုလို့ ပြန်သွားရတာ စေ့စပ်ပြီးတာနဲ့ ပြန်လာမှာပေါ့ တစ်ပါတ်လောက်တော့ ကြာမယ်လို့ ပြောပြထားလိုက်ရတယ်။


ခရီးသွားတဲ့ သူငယ်ချင်းကလည်း ပြန်လာတော့ ကျောင်းသားတွေက ဝိုင်းမေးတာပေါ့။ ဟိုကောင်လည်း ဘုမသိဘမသိနဲ့ ကျောင်းသားတွေ နောက်နေတယ်မှတ်လို့ အကုန်လုံးကို လာမမေးနဲ့ဆိုပြီး အော်လှတ်ရော။ ကျောင်းသားတွေကလည်း သူ့ကိုမေးမရတော့ ကျွန်တော့်ကိုထပ်ပြီးလာမေးပြန်တယ် ဘယ်လိုဖြစ်တာလဲတဲ့။ ကျွန်တော်လည်း ပြောရတာပေါ့ သွားတောင်းတော့ ကောင်မလေးက သူ့ကိုမယူနိုင်ပါဘူးလို့ ငြင်းလှတ်လိုက်တော့ ရှက်ပြီးပြန်လာတာ နင်တို့ကသွားမေးတော့ အော်လှတ်မှာပေါ့လို့ ပြောလိုက်ရတယ်။ ကျောင်းသားတွေကလည်း အားနာတာနဲ့ သူ့ကိုသွားပြီးတော့ မမေးကြတော့ဘူး။ သူ့သာသွားမမေးတာ ကျွန်တော့်အတန်းထဲကိုတော့ သတင်းကိုသယ်လာတာ နောက်တော့ တစ်ကျောင်းလုံးသိတာပါပဲ ဘယ်လိုမှကို ရှင်းမရတော့ဘူး။ အတန်းထဲက ကောင်မလေးတွေကလည်း အိမ်ကပေးစားတဲ့လူတောင် မယူတာ တစ်ခုခုပဲဆိုပြီး ဖြစ်သွားကြပြီး ဘူပိတ်သွားရှာတယ်။

27
Jul 09

မေ့တတ်ပုံများကတော့

အလုပ်ကလည်း တစ်ခါတစ်လေ လုပ်ချင်တာတွေက များများနေတော့ မေ့တတ်တဲ့အကျင့်က ပြန်ပေါ်လာတယ်။ အီးမေး ပို့လိုက်တယ် Attachement မေ့သွားတာကတော့ ရိုးနေပြီ။ အရင်တစ်ပါတ်ကလည်း ဆရာကို စမ်းထားတဲ့ အဖြေတွေ ပို့လိုက်တာ ဆရာကချက်ချင်းပြန်လာတယ် အဖြေတွေကကောင်းပါတဲ့ ဒါပေမယ့် ငါဖတ်လို့မရဘူးတဲ့ ဘာလို့လဲဆိုတော့ မင်း Attachement ကျန်နေခဲ့တယ်တဲ့ ကောင်းရော။ ဒါပေမယ့် ငယ်ငယ်က ကြုံဖူးတဲ့လူကြီးလောက်တော့ မဆိုးသေးဘူး။ တစ်ခါဗျာ ကျွန်တော့်အဖေနဲ့ တောင်ကြီးကနေ မန္တလေးကို အလည်ပြန်လာတာ အခုခေတ်လို ကားတွေလမ်းတွေကလည်း မကောင်းသေးဘူး တိုက်ရိုက်ကားမမှီတော့လို့ မိတ္ထီလာကိုအရင် ဆင်းလာရတယ် ခုံဘေးကပ်လျက်မှာ ပါလာတဲ့ လူကြီးတစ်ယောက်နဲ့ အဖေနဲ့က လေပေးဖြောင့်နေတာပေါ့။ အောင်ပန်းရောက်လို့ ထမင်းစားနားတော့လည်း အတူတူဆင်းလာပြီး လက်ဘက်ရည်သောက် ထမင်းစားကြတာပေါ့။ စားနေရင်းနဲ့မှ အလန့်တကြား ဘာပြောလဲဆိုတော့ ကျွန်တော့် မိန်းမကမြို့မစျေးထဲမှာ စျေးဝယ်နေတာ အပြင်ကနေစောင့်လို့ ပြောထားတာကို မေ့ထားခဲ့မိပြီတဲ့ ပြန်မှဖြစ်မယ်ဆိုပြီး အောင်ပန်းရောက်မှ တောင်ကြီး အူလျားဖားလျား ပြန်တက်သွားတယ်။ ဟိုရောက်မှ မိန်းမနဲ့ ဘယ်လိုစာရင်းရှင်းကြသလဲတော့ မသိတော့ဘူးဗျာ။

25
Jul 09

လူကြီးဆိုတာ တစ်ခါက လူငယ်ပါပဲ

တစ်ခါက ရွာတစ်ရွာမှာ မုဆိုးမ သားအမိနှစ်ယောက် ရှိကြသတဲ့။ ကြုံရာအလုပ် လုပ်ကိုင်စားကြပြီး ဆင်းဆင်းရဲရဲ နေကြရတာပေါ့။ ကံကောင်းသလား ကံဆိုးသလားတော့မသိဘူး မြို့က မုဆိုးဖို သူဌေးကြီးတစ်ယောက်က သမီးဖြစ်တဲ့ လူကိုမျက်စေ့ကျပြီး အိမ်လာလာနေပါရောတဲ့။ မုဆိုးဖိုကြီးကလည်း မုဆိုးဖို ဆိုတာကလွဲရင် ဘာမှတော့ အထွေထွေထူးထူး ပြောစရာတော့ မရှိဘူးတဲ့။ ဒီတော့ မအေဖြစ်သူကလည်း သဘောတွေတူနေတာပေါ့။ ဒါပေမယ့် သမီးဖြစ်သူကတော့ ဒီမုဆိုးဖိုကြီး ဘယ်ကြိုက်ပါ့မလဲ။ ကြာတော့ အမေဖြစ်သူက သမီးဖြစ်သူကို အပြတ်ပြောရတယ်။



အမေ။ ။ ညည်း ဒီတစ်ခါတော့ ငြင်းလို့မရတော့ဘူး ယူကိုယူရမယ်အေ။
သမီး။ ။ အမေကလည်း မုဆိုးဖိုကြီး သမီးက မကြိုက်ပါဘူးဆိုနေ၊ အမေသဘောကျရင် အမေယူပါလား။
အမေ။ ။ ငါ့မကြိုက်လို့ပေါ့အေ့ ကြိုက်ရင်ယူတယ်။ စကားများစမ်းပါနဲ့အေ မုဆိုးဖိုဆိုတာ အရင်ကတော့ လူပျိုပါပဲအေ့။
သမီး။ ။ ဟာ…. မယူနိုင်ပါဘူးဆိုနေ။
အမေ။ ။ စကားများနဲ့ ဒီနေ့ညနေ သူလာပြီး လူကြီးတွေနဲ့ လာတောင်းလိမ့်မယ် ညည်း လူကြီးတွေ ကွေးမွေးဖို့သာ ထမင်းဟင်း ချက်ဖို့ပြင်တော့။

သမီးဖြစ်သူကလည်း အမေဖြစ်သူ့စကားဆိုတော့ နားမထောင်လို့ကလည်းမရ ဒါနဲ့ ထမင်းဟင်း ချက်ရတာပေါ့။ ညနေပိုင်း မုဆိုးဖိုကြီးကလည်း လူကြီးစုံရာနဲ့ အိမ်ရောက်လာပါရော။ ပြောကြဆိုကြပေါ့ သမီးဖြစ်သူကတော့ မျက်နှာမကောင်းဘူးပေါ့။ ပြီးတော့ ထမင်းကွေးဧည့်ခံမယ်ဆိုပြီး မအေဖြစ်သူက သမီးဖြစ်သူကို ပြင်ဆင်ခိုင်းတယ်။


လူကြီးတွေအားလုံး စားကြသောက်ကြတာပေါ့ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာပါပဲ။ လူကြီးတွေကလည်း ပြောကြတာပေါ့ ဟင်းတွေကလည်း စားလို့ကောင်းလိုက်တာဆိုပြီး။ အဲဒီလိုနေတုန်း သမီးဖြစ်သူက နေဦးမေ့နေတာ ဟင်းတစ်ခွက် ကျန်သေးတယ်ဆိုပြီး ကြောင်အိမ်ထဲကနေ ထုတ်လာတယ်။ စားလိုက်တော့ ဘယ်သူမှ အဲဒီ့ဟင်းကို ဖဲ့လို့လည်းမရ ဝါးလို့လည်းမရ။





လူကြီး။ ။ သမီးရယ် ညည်းဟင်းက ဘာလို့ ဝါးလုံးတွေ ချက်ထားတာလဲ ဝါးလို့မရဘူး။
သမီး။ ။ အဲဒါ မျစ်ပါ အဘရဲ့ ဝါးလုံးမဟုတ်ပါဘူး။
လူကြီး။ ။ ဟုတ်သေးပါဘူးကွယ် ဒါက ဝါးလုံးတွေပါဟ။
သမီး။ ။ အဘရယ် ဝါးလုံးဆိုတာ အရင်ကတော့ မျစ်ပါပဲ။


မအေဖြစ်သူကတော့ မျက်စိမျက်နှာတွေပျက်ပေါ့။ လူကြီးတွေကတော့ သဘောကျပြီး ဝိုင်းပြီးရယ်ကြတာပေါ့။ အဲဒီတင် သမီးဖြစ်သူကို လာပြီးတောင်းတဲ့ လူကြီးလည်း ရှက်ပြီး ပြန်ပြေးပါရောတဲ့။

22
Jul 09

ပုံတိုပတ်စနှင့် ထင်ရာမြင်ရာ (၂)

တစ်ခါက အင်မတန်ခေါင်တဲ့ နေရာမှရှိတဲ့ ရွာတစ်ရွာမှာ ယာစိုက်စားတဲ့ လင်မယားနှစ်ယောက်ရှိ သတဲ့။ သူတို့ကလည်း မြို့ကို အရောက်အပေါက် နည်းလို့ အိမ်မှာကလည်း အိမ်သုံးပစ္စည်းကလည်း သိပ်မရှိရှာဘူး တစ်ရက် ယောက်ျားဖြစ်သူက ကုန်တွေရောင်းရင်းနဲ့ စျေးရောက်တော့ မှန်တွေရောင်းနေတာ တွေ့တယ်။ သူကလည်းမှန်ကို ဘာလုပ်တဲ့ဟာမှန်းမသိဘူး ကြည့်လိုက်တော့ သူ့ပုံကပေါ်နေတာပေါ့။ သူ့ပုံမှန်းမသိတော့ သူ့အဖေ ငယ်ငယ်ကပုံ ပန်းချီကားပါဆိုပြီး ဝယ်လာတာပေါ့။ အိမ်ရောက်တော့ ထန်းခေါက်ဖာထဲ ထည့်သိမ်းပြီး အားရင် ကွယ်လွန်သွားတဲ့ အဖေဆိုပြီး အလွမ်းပြေ ထုတ်ထုတ်ကြည့်ပြီး ငိုသေးတာ။ မိန်းမဖြစ်သူကလည်း ယောက်ျားဖြစ်သူ ဘာကြည့်ပြီး ငိုငိုနေပါလိမ့်ဆိုပြီး တစ်ရက် ယောက်ျားဖြစ်သူ အပြင်သွားတုံး ဖွင့်ကြည့်လိုက်တော့ သူ့ပုံကိုမှန်ထဲ မြင်ပါရော။ ဒီတော့မှ ယောက်ျားဖြစ်သူက သူ့သေသွားတဲ့ မယားငယ်ပုံကို ခိုးကြည့်နေပါတယ်ဆိုပြီး ပြန်လာတော့ ရန်ဖြစ်ကြတော့တာပဲ။ နောက်ဆုံး မိန်းမဖြစ်သူက ရွာဦးကျောင်းက ဘုန်းကြီးသွားတိုင်တာပေါ့ အရှင်ဘုရားရဲ့ တပည့်ကျော် သူ့မယားငယ်ပုံကို သိမ်းထားတယ်ပေါ့။ ယောက်ျားဖြစ်သူကလည်း အဖေ့ပုံပါဆိုပြီး ငြင်းတာပေါ့။ ဘုန်းကြီးကလည်း ကိုင်းဒါဆိုလည်း ပြစမ်း ငါကြည့်မယ်ဆိုပြီး မှန်ကိုယူကြည့်တယ်။ ဖြစ်ချင်တော့ သူလည်းမှန်ကိုမမြင်ဖူးဘူး မှန်ထဲက သူ့ပုံကိုလည်းမြင်ရော ဟဲ့… နင်တို့တော့ အကုသိုလ်တွေ ဖြစ်တော့မှာပဲ ဘာမယားငယ်မှလည်း မဟုတ်ဘူး ဘာမှ မင်အဖေပုံလည်း မဟုတ်ဘူး။ ဒါငါ့ကျောင်းက ပျံလွန်တော်မူသွားတဲ့ ငါ့ဆရာတော်ကြီးပုံဟဲ့ အိမ်မှာမထားကောင်းဘူး ငါ့ကျောင်းထားခဲ့ သွားပြန်တော့ဆိုပြီး ပြန်လှတ်လိုက်သတဲ့။



ဒါက ကျောင်းကန်အနီးမှ မြန်မာပုံပြင်များထဲက ဟာကိုပြောတာ တောသူတောင်သားတွေ ခေတ်ပေါ်ပစ္စည်းမမြင်ဖူးဘူး လို့ပြောတာပဲ။ ကြားဖူးတာကတော့ တောသားမြို့ရောက်တဲ့ ဟုတ်ဘူးထင်တယ် အခုတော့ မြို့သားတောရောက် မျက်စေ့သူငယ် နားသူငယ်ဖြစ်တာပဲ။ အဖေဖြစ်သူက အညာသားစစ်စစ် လူမြင်လိုက်တာနဲ့ ငြင်းစရာမလိုဘူး။ ဒါပေမယ့် နေမကောင်းလို့ အဘိုးဆီမပြန်ဖြစ်တာ ကြာပြီ အဘိုးကပဲ အိမ်ကိုလာတယ်။ ဒီတော့ ငယ်ငယ်တုံးကပဲ ရောက်ဖူးတယ် အပြင်မထွက်လာခင်က အဘိုးဆီသွားမယ်ဆိုပြီး သွားလည်တယ်ဗျ။ အဘိုးက မ့်ရွာအထွက် အလုံနားလေးက ရွာမှာနေတယ် ရန်ကုန်လည်း ခေါ်ထားမရဘူး မန္တလေးလည်း ခေါ်ထားမရဘူး အဲဒီမှာပဲနေတယ်။ ရောက်တော့ ညနေကျတော့ ရေချိုးမယ်ဆိုတော့ အစ်မဖြစ်သူက ခြံထဲကရေတွင်းကိုသွားမယ် လာဆိုတော့ ကျွန်တော်က ရေငင်စရာ ရေပလုတ် ဘယ်မလဲ ကျွန်တော်သယ်ခဲ့မယ်ဆိုတော့ အစ်မက မလိုဘူးတဲ့ ဟိုမှာဂေါက်ရှိတယ်တဲ့။ ရောက်တော့ ဘယ်ဟုတ်မလဲ ရေစုတ်စက်မောင်းတဲ့ စက်နှိုးတဲ့ ဂေါက်ဖြစ်နေတယ်။ ရေချိုးတာ ဘယ်နှယ် စက်နှိုးစရာမလိုပါဘူးဆိုတော့ မဟုတ်ဘူးတဲ့ ခြံထဲရေသွင်းရမယ့် အတူတူ ဒို့ရေချိုးပြီးမှ ရေသွင်းမယ်တဲ့။ ကိုယ်သိတာက ငယ်ငယ်ကဆို ရေငင်ဖို့ သစ်စေးသုတ်ထားတဲ့ ရေပလုတ်လေးတွေ သယ်သွားရတာ အခုတော့ ကိုယ်တောင် မျက်စေ့လည်သွားတယ်။



ညနေပိုင်းလောက်ကျတော့ အစ်ကိုဝမ်းကွဲ တစ်ယောက်ကို ပြန်လာတာမတွေ့သေးတာနဲ့ မေးကြည့်တော့ ယာထဲက တလင်းမှာ ပဲခွေနေတယ်ဆိုပဲ။ ဒါနဲ့လိုက်သွားဦးမယ်ဆိုတော့ အစ်မဖြစ်သူက ဟဲ့… ဝေးတယ် ဆိုင်ကယ်စီးတတ်ရင် ယူသွားပါလားတဲ့။ ဟမ်… ဆိုင်ကယ်ဆိုတော့ ကြည့်လိုက်တော့ တရုတ်ဆိုင်ကယ်ဗျ။ ဘယ်နှယ် မန္တလေးသားကို ဆိုင်ကယ်စီးတတ်သလားဆိုတော့ သိက္ခာကျတယ် စီးတတ်ပါတယ်ဆိုပြီး စီးထွက်လာလိုက်တာ လယ်ထဲရောက်တော့ ပြဿနာတက်တာပဲ ဆိုင်ကယ်ဖက်မွေးလာတယ် ဆိုပေမယ့် တစ်ပေလောက် လယ်ကန်သင်းပေါ်ကို ကျတော့မစီးရဲပြန်ဘူး။ အစ်မကတော့ နင်ယောက်ျားဖြစ်ပြီး ဒါလေးတောင် မစီးရဲဘူးလား လာခဲ့နင်အနောက်ကတက် ငါစီးမယ်ဆိုပြီး စီးချသွားတာ နောက်ကနေ ဘုရားသိကြားတနေရတယ်။ မန္တလေးသား လယ်ကန်သင်းနဲ့မှပဲ မျက်နှာငယ်တော့တယ် ကျုံးဘေး ဘီးထောင်စီးတတ်လည်း ဒီနေရာကျ သုံးမရပြန်ဘူး။



တလင်းထဲ မရောက်ခင် ထော်လာကျီသံ ကြားရတယ်။ စိတ်ကထင်လိုက်တာက အခင်းထဲများ ထွန်စရာရှိတာများ ထော်လာကျီနဲ့ထွန်နေသလားပေါ့ ရောက်မှဘယ်ဟုတ်မလဲ ပဲခွေတာက နွားနဲ့မနင်းပဲ တလင်းထဲမှာ အစ်ကိုဖြစ်သူက ထော်လာကျီ ပါတ်မောင်းပြီး ထော်လာကျီနဲ့ နင်းနေတယ်ခင်ဗျ။ ဒါနဲ့မေးရတယ် နွားဘယ်မလဲ ဘာလို့နွားနဲ့မနင်းသလဲ စက်နဲ့က ဒီဇယ်ကလည်း ကုန်သေးတယ်လို့ ပြောတော့။ နွားနဲ့နင်းတာက ကြာတယ်တဲ့ စက်နဲ့နင်းတာက မြန်သတဲ့။ မဟုတ်သေးပါဘူး စက်နဲ့ဆိုလည်း ခွေတဲ့စက်နဲ့လုပ်ပါလား အမြင်မတော် ထော်လာကျီနဲ့နင်းရတယ်လို့ မေးမိတော့။ ခွေတဲ့စက်ထက် ဘီးနဲ့တက်နင်းလိုက်တာက ပိုမြန်တယ်ဆိုပဲ။



ဒါနဲ့ပြန်လာတော့ မေးရတယ် အိမ်ကနွားတွေ ဘာမှမခိုင်းတော့တာလား နွားဘာလုပ်သလဲဆိုမေးတော့ နွားကလယ်ထဲ စက်မနိုင်တဲ့နေရာလောက်တော့ ထွန်တယ်တဲ့။ လှည်းအတွက်ပဲ နွားကိုသုံးတာများတယ် ပြောတယ်။ ဒါနဲ့ ဟုတ်သေးပါဘူး စီးစရာကျမှ လှည်းသုံးသလား ထော်လာဂျီ စီးသွားပြီးတာပဲ ဆိုတော့ ဘာပြောသလဲဆိုတော့ ဟာ… ထော်လာကျီ အထိန်းထိန်းနဲ့ နားညည်းတယ် အဲဒါလယ်ထဲသုံးတာ လူမစီးနိုင်ဘူး ဆူတယ်တဲ့။ ကိုယ်ပဲ ခေတ်မမှီတော့တာလား အသစ်တွေ့တဲ့ အသုံးချနည်းတွေကပဲ ပိုကောင်းလေသလား မသိတော့ပါဘူးဗျာ။

22
Jul 09

သွားချင်တိုင်းသွားလို့ရမလား

ရထား တစ်ခါမှ မစီးဖူးတဲ့ ကိုသာအောင် တစ်ယောက် ရထားနဲ့ခရီးသွားမယ်ဆိုပြီး ဘူတာကိုအလာမှာပေါ့ ဖြစ်ချင်တော့ ဘူတာ ဆင်းချိန်ကလည်း နောက်ကျတော့ ရထားကစထွက်နေပြီ ဒီတော့ဘူတာထဲရောက်တော့ လိုက်ပို့တဲ့လူက ပြောတာပေါ့။

“သာအောင် ရထားထွက်နေပြီ မင်းပြေးသာတက်တော့” လို့ပြောတော ကိုသာအောင်က ဘာပြန်ပြန်ပြောသလဲဆိုတော့။
“ဟ… ပူပန်မနေစမ်းပါနဲ့ ရထားက ထွက်ချင်တိုင်း ထွက်လို့ရမလားဟ ရထားလက်မှတ်က ငါ့ထဲမှာ” လို့ပြောသတဲ့။

(ဘယ်သူ ပြောတာ ကြားဖူးတာမှန်း မမှတ်မိတော့ဘူး)

14
Jul 09

ပုံတိုပတ်စနှင့် ထင်ရာမြင်ရာ (၁)

ဒီရက်ပိုင်း ငယ်ငယ်က ဖတ်ဖူးတဲ့ စာတိုပေစလေးတွေ ပြန်စဥ်းစားမိလို့ ပြန်ရေးဦးမယ်။ လေးတန်းအောင်လို့ နွေကျောင်းပိတ်ရက် အိမ်ကလည်း ရှိသမျယောက်ျားတွေ မျက်စေ့နောက်တယ်ထင်ပါတယ် ရဟန်းခံဆိုပြီး လုပ်လိုက်တာ အဖေရော ဦးလေးနှစ်ယောက်ရော ရဟန်းခံကြတာ ကလေးနှစ်ကောင်ပါ အလကားမထားနဲ့ဆိုလို့ ကျွန်တော်နဲ့ ညီဝမ်းကွဲလေးပါ ခေါင်းတုံးတုံး ကိုရင်ဝတ်ပေါ့ဗျာ။ ကျောင်းပေါ်လည်း ဆော့လွန်းလို့ ဆရာတော်ကြီး အိပ်မရဘူး ဒါနဲ့ ငြိမ်အောင်ဆိုပြီး စာအုပ်ဘီဒိုဖွင့်ပေးမှပဲ ညီအစ်ကိုနှစ်ပါး ငြိမ်တော့တယ် ဆရာတော်ကြီးကလည်း တရားဝါသနာတော့ မသိဘူး ကာတွန်းနဲ့ ပုံပြင်တွေတော့ ဝါသနာပါပုံရတယ် ပုံပြင်စာအုပ်တွေ အများကြီးပဲ။ အဲဒီအထဲကမှ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များဆိုတာလေးကို တော်တော်လေး သဘောကျတယ် အခြေအနေတိုက်ဆိုင် နေလို့ဖြစ်မယ်ထင်တယ်။ အခုနောက်ပိုင်းတော့ အဲဒီစာအုပ် ရှာမရတော့ဘူးဗျ မှတ်မိသလောက်လေး ရေးစရာပြတ်တဲ့အချိန် ရေးဦးမယ်လို့ အကြံရတယ်။ ကြာပြီဆိုတော့ မူရင်းနဲ့တော့ နည်းနည်း လွဲကောင်းလွဲနိုင်ပါတယ် မူရင်းသိတဲ့လူတွေလည်း မှားနေရင် ဝင်ပြောပါဦး။



နဘေကောင်းတဲ့ ကိုရင်ကြီး

တစ်ခါက ရွာတစ်ရွာမှ စာစပ်ဝါသနာပါတဲ့ ဘုန်းကြီးတစ်ပါးရှိသတဲ့။ တစ်ရက်တော့ ဘုန်းကြီးက ကျောင်းပေါ်က ပြူတင်းပေါက်ကနေ လှမ်းမြင်ရတဲ့ ထန်းတောကို ကြည့်ပြီးတော့ ကျက်သရေရှိလို့ဆိုပြီး သင်ပုန်းမှာ “ဖြိုးတင့် ကျက်သရေ” လို့အစပြုပြီး စာစပ်မယ်ဆိုပြီး ရေးပြီးတော့မှ ကိစ္စရှိလို့ ရွာထဲကွသွားတယ်။ ကျောင်းမှာကလည်း ကိုရင်ကြီး တစ်ပါးကလည်းရှိတယ် သူကလည်းဆွမ်းစားပြီး ကျောင်းပေါ်တက်လို့ သင်ပုံးပေါ်ကစာကို မြင်တော့ ငါ့ဘုန်းကြီးတော့ ထန်းတော မြင်ပြီး စပ်ထားတာပဲဆိုပြီး အောက်နားကနေ “ရိုးမြင့် ရွက်ရှည်” လို့ဝင်ပြီး စပ်သွားတယ်။ ဘုန်းကြီးကလည်း ကျောင်းပြန်ရောက်တော့ သင်ပုန်းပေါ်က စာမြင်တော့ ကိုရင်ကြီး ဝင်ရေးသွားတာပဲဆိုပြီး အဖော်ရပြီဆိုပြီး ကိုရင်လာစမ်း ဆက်ပြီးစပ်ကွာလို့ ခိုင်းပါရော။ ကိုရင်ကြီးကလည်း အပင်ပေါ်မှာ ထန်းရည်မြူအိုးလေးတွေ တွဲလဲဆွဲထားတာလေးတွေကြောင့် “အိုးဖြင့် လက်ဝေ” ပါဘုရားလို့ ပြောတော့ ဘုန်းကြီးက သဘောတွေ ကျနေတာပေါ့။ ဆက်စပ်ဆိုတော့ ကိုရင်ကြီးလည်း ထန်းပင်တက်ရင် အထက်ကို တိုးတိုးတက်ရလို့ “တိုးဆင့် တက်မလေ” ပါဘုရားလို့ ဆက်ပြီးစပ်ပါရော။ ဟဲ့ဆက်ပြီးစပ်ဆိုတော့ ကိုရင်ကြီးလည်း ခေါင်းခြောက်ပါရော ထန်းပင်အမြစ်တွေက ဟိုထိုးဒီထိုးနဲ့ မညီမညာဖြစ်နေတော့ “ဂိုးဂွင့် ဂွက်ဂွေ” ပါဘုရားလည်းဆိုရော “တယ်လေ ငါကအဟုတ်အောင့်မေ့လို့ နားထောင်နေတာ နောက်တီး နောက်တောက်နဲ့” ဆိုပြီးထပြီးကန်လိုက်တာ ကျောင်းလှေကားကနေ ကိုရင်ကြီး လိမ့်ကျပါရော။ အောက်ရောက်မှ လှေကားဘေးက စဥုံအိုးကြီးမြင်လို့ အိုးကြီးပြေးဖက်ပြီး “အိုးဖြင့် ဖက်မလေ” ပါဘုရားလို့ထပ်ပြီး စာစပ်ပါရော။ ဘုန်းကြီးကလည်း တယ်လေဒီကောင်ဆိုပြီ ကြေးစည်တီးတဲ့ တုတ်ကိုယူပြီး ထုမယ်လည်းလုပ်ရော “ကျိုးရင့် အခက်ပွေ၊ စိုးသဖြင့် ထွက်ပလေ” ဆိုပြီး အုတ်တံတိုင်းကျော်ပြေးပြီး လူထွက်သွားပါရောတဲ့။




ဖြိုးတင့် ကျက်သရေ
ရိုးမြင့် ရွက်ရှည်
အိုးဖြင့် လက်ဝေ
တိုးဆင့် တက်မလေ
ဂိုးဂွင့် ဂွက်ဂွေ
ကျိုးရင့် အခက်ပွေ
စိုးသဖြင့် ထွက်ပလေ



ကလေးဘဝ ဖတ်တဲ့ပုံပြင်ဆိုတော့ ဘာမှတော့ ထွေထွေထူးထူး မပါပါဘူး ဒါပေမယ့် ကလေးနားလည်တဲ့ ကာရံကိုက်တဲ့ ကဗျာတစ်ပုဒ်တော့ ဖြစ်လာတယ်ဗျ။ ကာရံကကိုက်တော့လို့ ထည့်ချင်တာ ထည့်လိုက်တာလည်း ကလေးအတွေးနဲ့ဆို အနေတော်ပဲ။ ဘာမှ ခက်ခက်ခဲခဲ ကလေးနားမလည်တဲ့ စကားလုံးမပါဘူး။ တစ်ဖြည်းဖြည်းနဲ့ အဓိပ္ပာယ် ကျစ်လစ်တဲ့ စကားလုံးလေး တွေပါလာတယ် ကျိုးရင့် = ကျိုးရင်ဖြင့်၊ စိုးသဖြင့် = စိုးရိမ်သဖြင့် ဒါမျိုးလေးတွေဆို ကလေးတွေအနေနဲ့ အကိုက်ပဲ။ ဒီလိုမျိုးများ ကလေးတွေကို သင်လာခဲ့ရင် ဗမာစာစကားလုံး အသုံးအနှုန်း ကွယ်ဝလာဦးမယ်။ ဗမာစာ Vocabulary ပိန့်ရှုံ့တာလောက် စိတ်ညစ်တာမရှိဘူး။ အခုတော့ ကလေးကတည်းက စနစ်တစ်ကျဆိုပြီး သင်လိုက်တဲ့ သဒ္ဒါဆိုတာ တက္ကသိုလ်ရောက်တဲ့အထိ မပြီးတော့ဘူး တတ်လားဆိုတော့ ဘယ်သူမှလည်း ရေရေလည်လည် မသိကြဘူး။ ဟိုတစ်နေ့က ဝိဘတ်စာရင်းကောက်တာ ဘယ်ဟာက ဘာဝိဘတ်ခေါ်မှန်း သိတော့ဘူးဗျ။ အရင်ကတော့ မြန်မာစာမှာ သဒ္ဒါဆိုတာ အမှတ်ပြည့်ရတာ လျော့မရဘူးဆိုပြီး ကျက်လိုက်ရတာ အခုတော့အလကားပဲ အချင်းချင်း မေးကြည့်ပြန်တော့လည်း သူတို့လည်း ထိုနည်းလည်းကောင်း။ မြန်မာစာနဲ့ ကျောင်းပြီးတဲ့ ညီမဝမ်းကွဲလေး တစ်ယောက်ကို လှမ်းမေးမိပါတယ် သမီးလည်း မသိတော့ဘူး စာအုပ်တွေလည်း မရှိတော့ဘူးတဲ့ ကိစ္စကိုပြတ်ကရော။ သဒ္ဒါစာအုပ်ကလေးများ ရှိကြရင် ငှားကြပါဦးနော် လူပျိုကြီး သဒ္ဒါမတတ် စာမတတ်ဖြစ်နေတယ်။

8
Jul 09

တိုက်ပဲတိုက်ဆိုင်လွန်းတယ်

ကျွန်တော် ရ တန်း ၈ တန်းလောက်က ရေဆင်းမှာနေတယ်ဗျ။ ၂၄ နာရီမီးလာတာကလွဲရင် တောလည်းမဟုတ် မြို့လည်းမဟုတ် ဘာခေါ်ရမှန်းမသိတဲ့နေရာ လို့ပြောရမယ်။ မုန့်စားချင်တာတောင် ဝယ်စားစရာနေရာ အလွန်ရှားဆိုတဲ့နေရာဗျ။ လက်ဘက်ရည် သောက်ချင်ရင် ၃-၄ မိုင်လောက်ဝေးတဲ့ စိုက်ပျိုးရေးသုတေသနနားက စျေးကိုသွားမှပဲ လက်ဘက်ရည်ဆိုင် ရှိမယ်။ ကျောင်းပိတ်ရက်ကလည်း ဖြစ်တော့ အမေကလည်း ညီမလေးခေါ်ပြီး မန္တလေးခဏပြန်သွားတယ်။ အိမ်မှာ သားအဖနှစ်ယောက်ပဲ ကျန်နေခဲ့တော့ လွတ်လပ်ရေးရနေ ကြတာပေါ့ဗျာ။ အမေမရှိဘူးဆိုတော့ အဖေက အချက်အပြုတ် တာဝန်ကျတာပေါ့။ အစားအသောက် မီးလိုတောက်ဆိုတဲ့ သားအဖနှစ်ယောက်တည်း ကျန်တယ်ဆိုလို့ကတော့ အစားအသောက် မျိုးစုံကတော့ တစ်ရက်တစ်မျိုး စိတ်ကြိုက်ချက်ကြတာပဲ။


တစ်ရက်နေ့လည်ခင်း ထမင်းစားတော့ သားအစ်ဖနှစ်ယောက် ဟင်းခွက်မှာ လက်ဆုံကြပါရော။ “ငါ့သားရေ အိမ်မှာလူမရှိပါဘူးဆို လက်ဆုံနေပြီ ဧည့်သည်များ လာမလားမသိဘူးဗျ” လို့အဖေကပြောပါရော။ “ဟာ… ဧည့်သည်တော့ လာလို့မဖြစ်သေးဘူး အဖေရ ကျွန်တော်တို့ ချက်ချင်တာ ချက်စားလို့ မဝသေးဘူး” လို့ကျွန်တော်ကလည်း ဝင်ထောက်ခံလိုက်တယ်။ “ဇွန်းကို လှည့်လိုက်ရင် ဧည့်သည်မျက်စေ့လည်ပြီး မလာတော့ဘူးလို့ ကြားဖူးတယ် လာလေ့ရော” ဆိုပြီး အဖေကလည်း ဟင်းပန်းကန်က ဇွန်းကို ဟင်းပန်းကန် တစ်ပတ်လှည့်လိုက်တာပေါ့ဗျာ။


ထမင်းလည်း စားပြီးရော သားအဖနှစ်ယောက် ရေနွေကြမ်းသောက်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်လုံး ခွက်မှာ လက်ဘက်ခြောက် အရိုးထောင်နေပါရော။ မြင်လည်းမြင်ရော သားအဖနှစ်ယောက် တိုင်ပင်စရာမလိုဘူး ရေနွေးကြမ်း ပန်းကန်ကို ပြိုင်တူလှည့်လိုက်ကြတာပေါ့။ လုပ်စရာမရှိတော့ သားအဖနှစ်ယောက် တီဗွီကြည့်ပေါ့။


ညနေ ၃ နာရီလောက် လည်းရောက်ရော အိမ်ရှေ့မှာ ကားသံကြားလို့ ထွက်ကြည့်လိုက်တော့ အဖေ့ရဲ့ ဒယ်ဒီဖားသား ခရီးဆောင်အိတ်ကြီးနဲ့ မောကြီးပမ်းကြီး အိမ်ရှေ့ရောက်နေပါရောလား။ ဒါနဲ့ ကားပေါ်ကပစ္စည်းတွေချ သယ်ပြုပြီးတော့ အဘိုးကို အိမ်ထဲခေါ်ပေါ့။ ဘယ်နှယ်အဘိုးကလည်း လာမယ်ဆိုလည်း ဖုန်းလှမ်းဆက်လိုက် လမ်းထိပ်လာခေါ်မှာပေါ့လို့ ပြောတော့။ “အေးကွယ် ငါလည်း လမ်းထိပ်ရောက်မှ ဖုန်းဆက်မလို့ပဲ ဘယ်လိုလုပ်ပြီး မျက်စေ့လည်သွားလဲမသိဘူး လမ်းထိပ်မဆင်းမိပဲ ရေဆင်းရွာထဲရောက်သွားလို့ ဘာကားမှလည်း ငှားမရလို့ ဆည်ဘောင်ပေါ်လမ်းလျောက်တက်ပြီး လာတာကွယ် မင်းအဖေရုံးနားရောက်မှ မောင်ရှေသိန်းနဲ့တွေ့လို့ သူကကားနဲ့လိုက်ပို့လို့ ရောက်တာကွဲ့” လို့လည်း ပြောရော သားအဖနှစ်ယေက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် တိုက်ဆိုင်တာပဲလား သူ့လက်ချက်လား ကိုယ့်လက်ချက်လားဆိုပြီး ပြုံးစိစိနဲ့ ပါးစပ်ပိတ်ထားရတယ်။

7
Jul 09

စျေးရောင်းမကောင်းတာလွယ်ပါတယ်

တစ်ရက်ပေါ့ဗျာ လူပျိုကြီး သင်တန်းမှာ တစ်နေကုန်စာသင်ပြီး အိမ်ကိုပြန်ရောက်တော့ အမေကလည်း အပြင်သွားနေတယ်ဗျ။ ဗိုက်ဆာတာနဲ့ ခူးကွေးမယ့်လူ မစောင့်နိုင်တော့ဘူး မီးဖိုထဲမှာ ဘာချက်သလဲ ရှာလိုက်တော့ ဘူးသီးနဲ့ ကြက်သားကို သားပွမ်းဟင်း ချက်ထားတာ တွေ့ပါရောလား။ လူပျိုကြီးက အိမ်မှာတော့ အင်မတန် ပစိပစပ်များသား ကြက်သပွမး်ဆိုရင် အမေချက်မှ ဝက်သားဆိုရင် အဒေါ်ချက်မှဆိုပြီး ရွေးသေးတာ။ အခုတော့ ဆာနေတာနဲ့ ဘယ်သူ့လက်ရာရယ် ခွဲမနေနိုင်တော့ဘူး ဆာဆာနဲ့စားလိုက်တာ ထမင်း နှစ်ပန်းကန်ကုန်တယ်။


စားပြီးသောက်ပြီး ဧည့်ခန်းထဲမှာထိုင်ပြီး စာဖတ်နေတုန်း ညီမဖြစ်သူက လာပြီးတော့ နေ့ခင်းကမြင်ခဲ့ တွေ့ခဲ့တာလေးတွေ လာပြီးပြောတာပေါ့။ အစ်ကိုတူ ညီမပီသစွာပဲ စကားလည်းများတယ်ဗျ။ သူသဘောကျတာက စျေးထဲမှာ တွေ့ခဲ့တဲ့ ဓာတ်ရိုက်ဓာတ်ဆင်ဆိုပဲ။ “အစ်ကိုရယ် ကိုင်းတန်းစျေး ဆင်ကြီးနှစ်ကောင်ဘေးနားက စျေးသည်နှစ်ယောက် စျေးရောင်းမကောင်းလို့ ဓာတ်ရိုက်ကြတာ တစ်ယောက်စျေးဗန်းကို တစ်ယောက် ထဘီမပြီးကျော်တယ် ထွက်ထွက်လို့ အော်ပြီး စျေးဘန်းကို ဖိနပ်နဲ့ရိုက်တယ်” လို့ပြောပါရောလား။ ဒါစျေးသည်တွေ လုပ်နေကျအလုပ်ပဲဟာ သူကအခုမှ မြင်ဖူးတော့ သဘောကျနေတာပေါ့လေ။ ကိုယ်ကတော့ ငယ်ကတည်းက စျေးထဲမြင်နေကျဆိုတော့ မထူးဆန်းတော့ပါဘူး။


ပြောဆိုပြီး ခဏနေတော့ စာကျက်ဦးမယ်ဆိုပြီး အခန်းထဲဝင်သွားပါရော။ ဒီလိုနေတုံး အမေပြန်ရောက်လာတယ်။ “သားရယ် အမေညနေက ကြက်သားနဲ့ ဗူးသီး စျေးချိုတာနဲ့ စျေးသည်ဆီက ပုတ်ပြတ်ဝယ်ပြီး ချက်ထားတယ် စားတော့မလား ခူးလိုက်မယ်” လို့မေးသဗျ။ စိတ်ကလည်း နည်းနည်းထင့်သွားလို့ ပြန်မေးရတယ် ဘယ်ကဝယ်သလဲလို့မေးတော့ ဆင်ကြီးနှစ်ကောင်နားကလေလို့ ပြောပါရောလား။ ဒါနဲ့သေချာအောင် ညီမဖြစ်သူကိုလှမ်းမေးရတယ် “ဟဲ့ နင်ပြောတဲ့ စျေးသည်တွေက ဘာရောင်းတာလဲ” မေးလိုက်တော့ “ဘူးသီးသည်နဲ့ ကြက်သားသည် အစ်ကိုရဲ့” လို့ပြန်ဖြေပါရောလားဗျာ။

7
Jul 09

နိုင်ငံခြားဖြစ် ဓာတ်ရိုက်နည်း


မန္တလေးအိမ်မှာဆိုရင် ညပိုင်းဆိုရင် ဆိုင်တွေကိုမနက်က အကွေးပေးလိုက်တဲ့ ကုန်ဖိုးတွေ လိုက်ကောက်ရတယ်။ ဆိုင်တွေမှာလည်း လက်ကလေးတစ်ဘက် လှုပ်တုတ်လှုပ်တုတ် ကြောက်ရုပ်လေးတွေ ကောင်တာတွေပေါ်မှာ တင်ထားတတ်တယ်ဗျ။ မေးကြည့်တော့လည်း ဘာမှန်းဘယ်သူမှ ရေရေရာရာ မသိကြဘူး။ အင်တာနက်မှာ ရှာကြည့်လိုက်တော့မှ ဂျပန်ရိုးရာဆိုပဲ Maneki Neko လို့ခေါ်တယ်ပြောတာပဲ။ ဗမာပြည်တော့ တရုတ်ကဝင်တဲ့ ဂျပန်အရုပ်လို့ ပြောရမယ်ထင်တယ်။ လက်ကလေး လှုပ်နေတော့ လူခေါ်တယ် ဒီတော့စျေးဆိုင်ဆိုတော့ ဧည့်များတော့ လာဘ်ကောင်းတယ်ဆိုပဲ။ ဆိုင်တစ်ဆိုင်ကတော့ အဘွားလက်ထက်ကတည်းက ဖောက်သည်ဆိုတော့ အမျိုးလိုခင်နေတာဗျ။ ဆိုင်ရှင်မိန်းမကြီးက အဒေါ်နဲ့ဆို ငယ်ကတည်းက စီးပွားဖက်ဖြစ်နေတော့ ကျွန်တော့်ကိုလည်း အင်မတန်ခင်တယ်။ မနက်ခင်းသွား ကုန်ပို့ရင်တော့ ဟုတ်နေတာပဲ ဒါပေမယ့် ညပိုင်းမှာ ကျွန်တော့်ကို ဆိုင်ပေါက်ဝကနေ ဝင်လာတာမြင်ရင်တော့ ကောင်တာပေါ်က ကြောင်ရုပ်ကို ကောင်တာထဲ ဇွပ်ကနဲ့သိမ်းတယ်ဗျ။ နောက်ပိုင်း သတိထားမိတော့ မေးကြည့်တယ် အန်တီက ကျွန်တော့်မြင်တာနဲ့ ဘာကိစ္စ အရုပ်ကိုသိမ်းတာလဲ ကျွန်တော်က မယူပါဘူးဗျလို့ ပြောလိုက်တော့ “ဟဲ့ အရုပ်ပျောက်မှာ ကြောက်လို့ မဟုတ်ဘူး နင်ကပိုက်ဆံပေးမယ့်လူမဟုတ်ဘူး ပိုက်ဆံတောင်းမယ့်လူ နင်ရှိတုံး ကြောင်ရုပ်တင်ထားရင် နင့်လိုတောင်းမယ့် လူတွေကြည့် လာနေရင်ဒုက္ခများတယ်” တဲ့ဗျာ ကောင်းရော။ ဘလော့ကလည်း ဒီရက်ပိုင်း လူအလာနည်းတယ်လေ ဒီတော့ အတုမြင် အတတ်သင်ပဲ ပြောပြောပေါ့လေ ငယ်ငယ်ကတည်းက မြင်တွေ့နေရတဲ့ စျေးသည်လူခေါ် အဲလေ ဘလော့လူခေါ် ဓာတ်ရိုက်လိုက်ဦးမယ် အဟိ။


(မှတ်ချက်။ တစ်ကယ်ကတော့ စာမရေးလို့ လူမလာတာပါ။ ရေးစရာမရှိတော့လည်း လူခေါ်လို့ကမရတာနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စာရေးဓာတ်ရိုက် နှစ်ခုပေါင်းလိုက်ခြင်းဖြစ်၏။ စျေးတန်းထဲက ဓာတ်ရိုက်နည်းကတော့ မလိုအပ်သေးဟုထင်သဖြင့် မသုံးသေးပါ။)

Switch to our mobile site

WP SlimStat