စျေးရောင်းမကောင်းတာလွယ်ပါတယ်

တစ်ရက်ပေါ့ဗျာ လူပျိုကြီး သင်တန်းမှာ တစ်နေကုန်စာသင်ပြီး အိမ်ကိုပြန်ရောက်တော့ အမေကလည်း အပြင်သွားနေတယ်ဗျ။ ဗိုက်ဆာတာနဲ့ ခူးကွေးမယ့်လူ မစောင့်နိုင်တော့ဘူး မီးဖိုထဲမှာ ဘာချက်သလဲ ရှာလိုက်တော့ ဘူးသီးနဲ့ ကြက်သားကို သားပွမ်းဟင်း ချက်ထားတာ တွေ့ပါရောလား။ လူပျိုကြီးက အိမ်မှာတော့ အင်မတန် ပစိပစပ်များသား ကြက်သပွမး်ဆိုရင် အမေချက်မှ ဝက်သားဆိုရင် အဒေါ်ချက်မှဆိုပြီး ရွေးသေးတာ။ အခုတော့ ဆာနေတာနဲ့ ဘယ်သူ့လက်ရာရယ် ခွဲမနေနိုင်တော့ဘူး ဆာဆာနဲ့စားလိုက်တာ ထမင်း နှစ်ပန်းကန်ကုန်တယ်။


စားပြီးသောက်ပြီး ဧည့်ခန်းထဲမှာထိုင်ပြီး စာဖတ်နေတုန်း ညီမဖြစ်သူက လာပြီးတော့ နေ့ခင်းကမြင်ခဲ့ တွေ့ခဲ့တာလေးတွေ လာပြီးပြောတာပေါ့။ အစ်ကိုတူ ညီမပီသစွာပဲ စကားလည်းများတယ်ဗျ။ သူသဘောကျတာက စျေးထဲမှာ တွေ့ခဲ့တဲ့ ဓာတ်ရိုက်ဓာတ်ဆင်ဆိုပဲ။ “အစ်ကိုရယ် ကိုင်းတန်းစျေး ဆင်ကြီးနှစ်ကောင်ဘေးနားက စျေးသည်နှစ်ယောက် စျေးရောင်းမကောင်းလို့ ဓာတ်ရိုက်ကြတာ တစ်ယောက်စျေးဗန်းကို တစ်ယောက် ထဘီမပြီးကျော်တယ် ထွက်ထွက်လို့ အော်ပြီး စျေးဘန်းကို ဖိနပ်နဲ့ရိုက်တယ်” လို့ပြောပါရောလား။ ဒါစျေးသည်တွေ လုပ်နေကျအလုပ်ပဲဟာ သူကအခုမှ မြင်ဖူးတော့ သဘောကျနေတာပေါ့လေ။ ကိုယ်ကတော့ ငယ်ကတည်းက စျေးထဲမြင်နေကျဆိုတော့ မထူးဆန်းတော့ပါဘူး။


ပြောဆိုပြီး ခဏနေတော့ စာကျက်ဦးမယ်ဆိုပြီး အခန်းထဲဝင်သွားပါရော။ ဒီလိုနေတုံး အမေပြန်ရောက်လာတယ်။ “သားရယ် အမေညနေက ကြက်သားနဲ့ ဗူးသီး စျေးချိုတာနဲ့ စျေးသည်ဆီက ပုတ်ပြတ်ဝယ်ပြီး ချက်ထားတယ် စားတော့မလား ခူးလိုက်မယ်” လို့မေးသဗျ။ စိတ်ကလည်း နည်းနည်းထင့်သွားလို့ ပြန်မေးရတယ် ဘယ်ကဝယ်သလဲလို့မေးတော့ ဆင်ကြီးနှစ်ကောင်နားကလေလို့ ပြောပါရောလား။ ဒါနဲ့သေချာအောင် ညီမဖြစ်သူကိုလှမ်းမေးရတယ် “ဟဲ့ နင်ပြောတဲ့ စျေးသည်တွေက ဘာရောင်းတာလဲ” မေးလိုက်တော့ “ဘူးသီးသည်နဲ့ ကြက်သားသည် အစ်ကိုရဲ့” လို့ပြန်ဖြေပါရောလားဗျာ။

11 thoughts on “စျေးရောင်းမကောင်းတာလွယ်ပါတယ်

  1. ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်ပြည့်သွားပီ မဟုတ်လားလေ၊ ဘယ်ကလာတယ် စဥ်းစားမနေနဲ့တော့၊

  2. ဆာဆာနဲ ့ စားတာ ဟင်းထဲတောင် ဘာပါလဲဆိုတာ သေချာ မကြည့်ဘူးနဲ ့ တူတယ်

  3. ကိုလူပျိုရဲ့ စာဖတ်လို့ မပြီးသေးခင်တင် ဘာဖြစိလာမယ်ဆိုတာ သိနေတယ်လေ…

    ဘာဘဲဖြစ်ဖြစ် စားကောင်းဖို့ အဓိကဘဲမို့လား…စာမပြီးသေးဘူးရီနေရတယ်…ဒီလိုမျိုးလေးများများရေးမှ လူလာမှာပေါ့…အခုတလော ဓါတ်ရိုက်ဓါတ်ဆင်နဲ့ ဓါတ်ကျနေပါရောလား….

  4. ဒါမျိုးကြတော့ ဇီဇာမကြောင်တော့ပဲ ချက်ချင်းစားပါလားးးး :D

  5. အဲဒါစားပြီးကတည်းက စုတ်တွေ လာဘ်တွေ ပွင့်သွားတာလား

  6. း) း)
    ဗိုက်ထဲရောက်နေပြီပဲဗျာ
    တက်နိုင်တော့ဖူး
    း)
    း)

  7. ဒါမျိုးကြတော့ ဇီဇာမကြောင်တော့ပဲ ချက်ချင်းစားပါလားးးး :D

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">