ပုံတိုပတ်စနှင့် ထင်ရာမြင်ရာ (၂)

တစ်ခါက အင်မတန်ခေါင်တဲ့ နေရာမှရှိတဲ့ ရွာတစ်ရွာမှာ ယာစိုက်စားတဲ့ လင်မယားနှစ်ယောက်ရှိ သတဲ့။ သူတို့ကလည်း မြို့ကို အရောက်အပေါက် နည်းလို့ အိမ်မှာကလည်း အိမ်သုံးပစ္စည်းကလည်း သိပ်မရှိရှာဘူး တစ်ရက် ယောက်ျားဖြစ်သူက ကုန်တွေရောင်းရင်းနဲ့ စျေးရောက်တော့ မှန်တွေရောင်းနေတာ တွေ့တယ်။ သူကလည်းမှန်ကို ဘာလုပ်တဲ့ဟာမှန်းမသိဘူး ကြည့်လိုက်တော့ သူ့ပုံကပေါ်နေတာပေါ့။ သူ့ပုံမှန်းမသိတော့ သူ့အဖေ ငယ်ငယ်ကပုံ ပန်းချီကားပါဆိုပြီး ဝယ်လာတာပေါ့။ အိမ်ရောက်တော့ ထန်းခေါက်ဖာထဲ ထည့်သိမ်းပြီး အားရင် ကွယ်လွန်သွားတဲ့ အဖေဆိုပြီး အလွမ်းပြေ ထုတ်ထုတ်ကြည့်ပြီး ငိုသေးတာ။ မိန်းမဖြစ်သူကလည်း ယောက်ျားဖြစ်သူ ဘာကြည့်ပြီး ငိုငိုနေပါလိမ့်ဆိုပြီး တစ်ရက် ယောက်ျားဖြစ်သူ အပြင်သွားတုံး ဖွင့်ကြည့်လိုက်တော့ သူ့ပုံကိုမှန်ထဲ မြင်ပါရော။ ဒီတော့မှ ယောက်ျားဖြစ်သူက သူ့သေသွားတဲ့ မယားငယ်ပုံကို ခိုးကြည့်နေပါတယ်ဆိုပြီး ပြန်လာတော့ ရန်ဖြစ်ကြတော့တာပဲ။ နောက်ဆုံး မိန်းမဖြစ်သူက ရွာဦးကျောင်းက ဘုန်းကြီးသွားတိုင်တာပေါ့ အရှင်ဘုရားရဲ့ တပည့်ကျော် သူ့မယားငယ်ပုံကို သိမ်းထားတယ်ပေါ့။ ယောက်ျားဖြစ်သူကလည်း အဖေ့ပုံပါဆိုပြီး ငြင်းတာပေါ့။ ဘုန်းကြီးကလည်း ကိုင်းဒါဆိုလည်း ပြစမ်း ငါကြည့်မယ်ဆိုပြီး မှန်ကိုယူကြည့်တယ်။ ဖြစ်ချင်တော့ သူလည်းမှန်ကိုမမြင်ဖူးဘူး မှန်ထဲက သူ့ပုံကိုလည်းမြင်ရော ဟဲ့… နင်တို့တော့ အကုသိုလ်တွေ ဖြစ်တော့မှာပဲ ဘာမယားငယ်မှလည်း မဟုတ်ဘူး ဘာမှ မင်အဖေပုံလည်း မဟုတ်ဘူး။ ဒါငါ့ကျောင်းက ပျံလွန်တော်မူသွားတဲ့ ငါ့ဆရာတော်ကြီးပုံဟဲ့ အိမ်မှာမထားကောင်းဘူး ငါ့ကျောင်းထားခဲ့ သွားပြန်တော့ဆိုပြီး ပြန်လှတ်လိုက်သတဲ့။



ဒါက ကျောင်းကန်အနီးမှ မြန်မာပုံပြင်များထဲက ဟာကိုပြောတာ တောသူတောင်သားတွေ ခေတ်ပေါ်ပစ္စည်းမမြင်ဖူးဘူး လို့ပြောတာပဲ။ ကြားဖူးတာကတော့ တောသားမြို့ရောက်တဲ့ ဟုတ်ဘူးထင်တယ် အခုတော့ မြို့သားတောရောက် မျက်စေ့သူငယ် နားသူငယ်ဖြစ်တာပဲ။ အဖေဖြစ်သူက အညာသားစစ်စစ် လူမြင်လိုက်တာနဲ့ ငြင်းစရာမလိုဘူး။ ဒါပေမယ့် နေမကောင်းလို့ အဘိုးဆီမပြန်ဖြစ်တာ ကြာပြီ အဘိုးကပဲ အိမ်ကိုလာတယ်။ ဒီတော့ ငယ်ငယ်တုံးကပဲ ရောက်ဖူးတယ် အပြင်မထွက်လာခင်က အဘိုးဆီသွားမယ်ဆိုပြီး သွားလည်တယ်ဗျ။ အဘိုးက မ့်ရွာအထွက် အလုံနားလေးက ရွာမှာနေတယ် ရန်ကုန်လည်း ခေါ်ထားမရဘူး မန္တလေးလည်း ခေါ်ထားမရဘူး အဲဒီမှာပဲနေတယ်။ ရောက်တော့ ညနေကျတော့ ရေချိုးမယ်ဆိုတော့ အစ်မဖြစ်သူက ခြံထဲကရေတွင်းကိုသွားမယ် လာဆိုတော့ ကျွန်တော်က ရေငင်စရာ ရေပလုတ် ဘယ်မလဲ ကျွန်တော်သယ်ခဲ့မယ်ဆိုတော့ အစ်မက မလိုဘူးတဲ့ ဟိုမှာဂေါက်ရှိတယ်တဲ့။ ရောက်တော့ ဘယ်ဟုတ်မလဲ ရေစုတ်စက်မောင်းတဲ့ စက်နှိုးတဲ့ ဂေါက်ဖြစ်နေတယ်။ ရေချိုးတာ ဘယ်နှယ် စက်နှိုးစရာမလိုပါဘူးဆိုတော့ မဟုတ်ဘူးတဲ့ ခြံထဲရေသွင်းရမယ့် အတူတူ ဒို့ရေချိုးပြီးမှ ရေသွင်းမယ်တဲ့။ ကိုယ်သိတာက ငယ်ငယ်ကဆို ရေငင်ဖို့ သစ်စေးသုတ်ထားတဲ့ ရေပလုတ်လေးတွေ သယ်သွားရတာ အခုတော့ ကိုယ်တောင် မျက်စေ့လည်သွားတယ်။



ညနေပိုင်းလောက်ကျတော့ အစ်ကိုဝမ်းကွဲ တစ်ယောက်ကို ပြန်လာတာမတွေ့သေးတာနဲ့ မေးကြည့်တော့ ယာထဲက တလင်းမှာ ပဲခွေနေတယ်ဆိုပဲ။ ဒါနဲ့လိုက်သွားဦးမယ်ဆိုတော့ အစ်မဖြစ်သူက ဟဲ့… ဝေးတယ် ဆိုင်ကယ်စီးတတ်ရင် ယူသွားပါလားတဲ့။ ဟမ်… ဆိုင်ကယ်ဆိုတော့ ကြည့်လိုက်တော့ တရုတ်ဆိုင်ကယ်ဗျ။ ဘယ်နှယ် မန္တလေးသားကို ဆိုင်ကယ်စီးတတ်သလားဆိုတော့ သိက္ခာကျတယ် စီးတတ်ပါတယ်ဆိုပြီး စီးထွက်လာလိုက်တာ လယ်ထဲရောက်တော့ ပြဿနာတက်တာပဲ ဆိုင်ကယ်ဖက်မွေးလာတယ် ဆိုပေမယ့် တစ်ပေလောက် လယ်ကန်သင်းပေါ်ကို ကျတော့မစီးရဲပြန်ဘူး။ အစ်မကတ

သွားချင်တိုင်းသွားလို့ရမလား

ရထား တစ်ခါမှ မစီးဖူးတဲ့ ကိုသာအောင် တစ်ယောက် ရထားနဲ့ခရီးသွားမယ်ဆိုပြီး ဘူတာကိုအလာမှာပေါ့ ဖြစ်ချင်တော့ ဘူတာ ဆင်းချိန်ကလည်း နောက်ကျတော့ ရထားကစထွက်နေပြီ ဒီတော့ဘူတာထဲရောက်တော့ လိုက်ပို့တဲ့လူက ပြောတာပေါ့။

“သာအောင် ရထားထွက်နေပြီ မင်းပြေးသာတက်တော့” လို့ပြောတော ကိုသာအောင်က ဘာပြန်ပြန်ပြောသလဲဆိုတော့။
“ဟ… ပူပန်မနေစမ်းပါနဲ့ ရထားက ထွက်ချင်တိုင်း ထွက်လို့ရမလားဟ ရထားလက်မှတ်က ငါ့ထဲမှာ” လို့ပြောသတဲ့။

(ဘယ်သူ ပြောတာ ကြားဖူးတာမှန်း မမှတ်မိတော့ဘူး)

ပုံတိုပတ်စနှင့် ထင်ရာမြင်ရာ (၁)

ဒီရက်ပိုင်း ငယ်ငယ်က ဖတ်ဖူးတဲ့ စာတိုပေစလေးတွေ ပြန်စဥ်းစားမိလို့ ပြန်ရေးဦးမယ်။ လေးတန်းအောင်လို့ နွေကျောင်းပိတ်ရက် အိမ်ကလည်း ရှိသမျယောက်ျားတွေ မျက်စေ့နောက်တယ်ထင်ပါတယ် ရဟန်းခံဆိုပြီး လုပ်လိုက်တာ အဖေရော ဦးလေးနှစ်ယောက်ရော ရဟန်းခံကြတာ ကလေးနှစ်ကောင်ပါ အလကားမထားနဲ့ဆိုလို့ ကျွန်တော်နဲ့ ညီဝမ်းကွဲလေးပါ ခေါင်းတုံးတုံး ကိုရင်ဝတ်ပေါ့ဗျာ။ ကျောင်းပေါ်လည်း ဆော့လွန်းလို့ ဆရာတော်ကြီး အိပ်မရဘူး ဒါနဲ့ ငြိမ်အောင်ဆိုပြီး စာအုပ်ဘီဒိုဖွင့်ပေးမှပဲ ညီအစ်ကိုနှစ်ပါး ငြိမ်တော့တယ် ဆရာတော်ကြီးကလည်း တရားဝါသနာတော့ မသိဘူး ကာတွန်းနဲ့ ပုံပြင်တွေတော့ ဝါသနာပါပုံရတယ် ပုံပြင်စာအုပ်တွေ အများကြီးပဲ။ အဲဒီအထဲကမှ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များဆိုတာလေးကို တော်တော်လေး သဘောကျတယ် အခြေအနေတိုက်ဆိုင် နေလို့ဖြစ်မယ်ထင်တယ်။ အခုနောက်ပိုင်းတော့ အဲဒီစာအုပ် ရှာမရတော့ဘူးဗျ မှတ်မိသလောက်လေး ရေးစရာပြတ်တဲ့အချိန် ရေးဦးမယ်လို့ အကြံရတယ်။ ကြာပြီဆိုတော့ မူရင်းနဲ့တော့ နည်းနည်း လွဲကောင်းလွဲနိုင်ပါတယ် မူရင်းသိတဲ့လူတွေလည်း မှားနေရင် ဝင်ပြောပါဦး။



နဘေကောင်းတဲ့ ကိုရင်ကြီး

တစ်ခါက ရွာတစ်ရွာမှ စာစပ်ဝါသနာပါတဲ့ ဘုန်းကြီးတစ်ပါးရှိသတဲ့။ တစ်ရက်တော့ ဘုန်းကြီးက ကျောင်းပေါ်က ပြူတင်းပေါက်ကနေ လှမ်းမြင်ရတဲ့ ထန်းတောကို ကြည့်ပြီးတော့ ကျက်သရေရှိလို့ဆိုပြီး သင်ပုန်းမှာ “ဖြိုးတင့် ကျက်သရေ” လို့အစပြုပြီး စာစပ်မယ်ဆိုပြီး ရေးပြီးတော့မှ ကိစ္စရှိလို့ ရွာထဲကွသွားတယ်။ ကျောင်းမှာကလည်း ကိုရင်ကြီး တစ်ပါးကလည်းရှိတယ် သူကလည်းဆွမ်းစားပြီး ကျောင်းပေါ်တက်လို့ သင်ပုံးပေါ်ကစာကို မြင်တော့ ငါ့ဘုန်းကြီးတော့ ထန်းတော မြင်ပြီး စပ်ထားတာပဲဆိုပြီး အောက်နားကနေ “ရိုးမြင့် ရွက်ရှည်” လို့ဝင်ပြီး စပ်သွားတယ်။ ဘုန်းကြီးကလည်း ကျောင်းပြန်ရောက်တော့ သင်ပုန်းပေါ်က စာမြင်တော့ ကိုရင်ကြီး ဝင်ရေးသွားတာပဲဆိုပြီး အဖော်ရပြီဆိုပြီး ကိုရင်လာစမ်း ဆက်ပြီးစပ်ကွာလို့ ခိုင်းပါရော။ ကိုရင်ကြီးကလည်း အပင်ပေါ်မှာ ထန်းရည်မြူအိုးလေးတွေ တွဲလဲဆွဲထားတာလေးတွေကြောင့် “အိုးဖြင့် လက်ဝေ” ပါဘုရားလို့ ပြောတော့ ဘုန်းကြီးက သဘောတွေ ကျနေတာပေါ့။ ဆက်စပ်ဆိုတော့ ကိုရင်ကြီးလည်း ထန်းပင်တက်ရင် အထက်ကို တိုးတိုးတက်ရလို့ “တိုးဆင့် တက်မလေ” ပါဘုရားလို့ ဆက်ပြီးစပ်ပါရော။ ဟဲ့ဆက်ပြီးစပ်ဆိုတော့ ကိုရင်ကြီးလည်း ခေါင်းခြောက်ပါရော ထန်းပင်အမြစ်တွေက ဟိုထိုးဒီထိုးနဲ့ မညီမညာဖြစ်နေတော့ “ဂိုးဂွင့် ဂွက်ဂွေ” ပါဘုရားလည်းဆိုရော “တယ်လေ ငါကအဟုတ်အောင့်မေ့လို့ နားထောင်နေတာ နောက်တီး နောက်တောက်နဲ့” ဆိုပြီးထပြီးကန်လိုက်တာ ကျောင်းလှေကားကနေ ကိုရင်ကြီး လိမ့်ကျပါရော။ အောက်ရောက်မှ လှေကားဘေးက စဥုံအိုးကြီးမြင်လို့ အိုးကြီးပြေးဖက်ပြီး “အိုးဖြင့် ဖက်မလေ” ပါဘုရားလို့ထပ်ပြီး စာစပ်ပါရော။ ဘုန်းကြီးကလည်း တယ်လေဒီကောင်ဆိုပြီ ကြေးစည်တီးတဲ့ တုတ်ကိုယူပြီး ထုမယ်လည်းလုပ်ရော “ကျိုးရင့် အခက်ပွေ၊ စိုးသဖြင့် ထွက်ပလေ” ဆိုပြီး အုတ်တံတိုင်းကျော်ပြေးပြီး လူထွက်သွားပါရောတဲ့။




ဖြိုးတင့် ကျက်သရေ
ရိုးမြင့် ရွက်ရှည်
အိုးဖြင့် လက်ဝေ
တိုးဆင့် တက်မလေ
ဂိုးဂွင့် ဂွက်ဂွေ
ကျိုးရင့် အခက်ပွေ
စိုးသဖြင့် ထွက်ပလေ



ကလေးဘဝ ဖတ်တဲ့ပုံပြင်ဆိုတော့ ဘာမှတော့ ထွေထွေထူးထူး မပါပါဘူး ဒါပေမယ့် ကလေးနားလည်တဲ့ ကာရံကိုက်တဲ့ ကဗျာတစ်ပုဒ်တော့ ဖြစ်လာတယ်ဗျ။ ကာရံကကိုက်တော့လို့ ထည့်ချင်တာ ထည့်လိုက်တာလည်း ကလေးအတွေးနဲ့ဆို အနေတော်ပဲ။ ဘာမှ ခက်ခက်ခဲခဲ ကလေးနားမလည်တဲ့ စကားလုံးမပါဘူး။ တစ်ဖြည်းဖြည်းနဲ့ အဓိပ္ပာယ် ကျစ်လစ်