အများသူငါများက လူပျိုကြီးများအကြောင်း မေးမြန်းကြသည် လူတစ်ကာထက်ထူးခြားနေသောကြောင့် အဘယ့်ကြောင့် ထူးခြားနေသနည်းဟု သိလိုကြသည်။ အောက်ပါ ဝက်ဆိုက်တွင် အဆိုပါ အချက်အလက်များကို ဖော်ပြထားခြင်းကို တွေ့ရှိရသည် သိလိုလူများသွားရောက် ဖတ်ရှု့ကြပါရန်။ လူပျိုကြီးများ လာရောက်ဖတ်ရှု့ပါက မိမိနှင့် မည်၍မည်မျအကျိုးအကြောင်း တိုက်ဆိုင်ကြောင်း ဆန်းစစ်ပါလေ။ (မှတ်ချက်။ ။ ဘယ်သူရေးမှန်းမသိပါ မောင်ပြုံးပြောသဖြင့် ဖတ်ကြည့်မိခြင်းဖြစ်သည်။)
Monthly Archives: August 2009
Copy of အလွမ်းနာ
မနက်မိုးလင်း အိပ်ရာထ စားစရာကြည့်ပြန်ပါလျင် ကြက်ဥပြုတ် ပေါင်မုန့် အလဲအလှယ်မရှိ ဒါတွေစားရမည့်အစား လမ်းထိပ်က မုန့်ပစ်သလက်နဲ့ အကြော်စုံကိုသာပဲ စားချင်တော့၏။ မုန့်တီဖတ် တစ်ဖတ်နှစ်ဖတ် အပိုပါသွားသဖြင့် ပြန်ပြန်နှုတ်လေ့ရှိသော မုန့်တီသည်မဆီမှာသာ အသားနည်းပြီး ပဲမှုန်များနေသော မုန့်တီသုတ်သာ စားချင်တော့၏။ အလေးခိုးလေ့ရှိသော ပဲပြုတ်သည်အဒေါ်ကြီးထံမှ ပဲပြုတ်ဖြင့်သာ နနွင့်ထည့်ကြော်သော ထမင်းကြော်ဝါဝါလေးသာ စားလိုတော့သည် စီးတီးဟောမှ ရေခဲသေတ္တာထဲမှ ပဲပြုတ်ခပ်ကြမ်းကြမ်းများကို ငါမမြင်လိုတော့ပြီ။
အချိန်တန်လျင် ကျောင်းဆိုသောအရပ်သို့ ငါသွားရပြန်သည် အဆောက်အဦးများ ကြီးမား၏ နည်းပညာများ ဆန်းပြား၏ဟု ဆိုကြသည်။ သို့သော် လမ်းမခင်းရသေးအဖြင့် မြေလမ်းဖြင့်ဝင်ခဲ့ရသည့် ငါ့ကျောင်းကိုသာ အောက်မေ့မိ၏ ဂိုဒေါင်သာသာ အဆောင်ကလေးများဖြင့် စာသင်ခန်းများကိုသာ တမ်းတမိသေး၏။ လေအေးပေးစက်ကြောင့် ချမ်းလွန်းသည့် စာသင်ခန်းသို့ရောက်သော်လည်း မီးမလာသဖြင့် ပန်ကာမလည်၍ စာအုပ်ဖြင့်ယပ်တောင် ခပ်ကာသင်ခဲ့ရသည့် စာသင်ခန်းကို သတိရမိသေးသည် တမ်းတမိသေး၏။
ကန်တင်းဆိုသော အရပ်မှာကား အမြဲလူစည်ကား၏ အရာရာတန်းစီမှရသော အရပ်ပေတကား ပုံစံခွက်ထဲမှ ထုတ်သကဲ့သို့သော ဟင်းပေါင်းစုံကို တွေ့နိုင်သည် အမြင်သာကွဲမည် အဆင်သာကွဲမည် နေရာသာကွဲမည် မည်သည့်နေရာစားစား အနံအရသာ မကွဲပြားပါလေ။ ငါ့၏ ဗမာပါးစပ်နှင့် အခက်တွေ့လှသည် ချဥ်ချဥ်ငံငံစပ်စပ်စားလိုလှသည် ယခင်ကျောင်းတက်ခဲ့စဥ်က စားခဲ့ဖူးသော တစ်ခုတည်းသော ကန်တင်းမှ လက်ဘက်ထမင်းကိုသာ တန်းမစီပဲ လုကာယက်ကာ စားချင်တော့၏ ဟင်းမကောင်းသော်လည်း အမေထည့်ပေးလိုက်သော ခရမ်းချဥ်သီးငါးပိချက်၊ သရက်ကင်းနှင့် ကြက်ဥကြော်ကိုသာ စားချင်တော့၏။
အလုပ်စားပွဲတစ်နေ့ဝင် တစ်နေ့ထွက် မပြောင်းလဲသောအလုပ် တစ်ချောက်ချောက်နှင့် ၁၀၂ လုံးသော ခလုတ်ဖြင့်သာ အချိန်ကုန်ရသည်။ ပါတ်ဝန်းကျင်မှလူအများကို ကြည့်မိသည် စကားပြောခြင်း အတတ်ပညာပင် ကုန်ဆုံးသွားလေသလော အလုပ်စားပွဲချင်း ကပ်လျက်လူများပင် ပြောစရာရှိသော အကြောင်းများကို ခလုပ်နှိပ်သာ ပြောတတ်ကြတော့၏။ ငါ့၏ စိတ်ဖြင့်တော့ မကိုက်ပါလေ ရယ်ရယ်မောမော ဆူဆူညံညံ အလုပ်လုပ်ခဲ့ချိန်ကိုသာ သတိရမိသည် အချိန်တန်လျင် လက်ဘက်ရည်သောက် နားမည်ဟေ့ဆိုပြီး အလုပ်လုပ်ဖော်လုပ်ဖက်များ အလာပသလာပ ပြောချိန်ကိုသာ အမှတ်ရမိတော့၏။ နင်ကော်ဖီတစ်ခွက် ငါလက်ဘက်ရည်တစ်ခွက် ပါဆယ်ဆွဲခဲ့ လမ်းသွားရင်း သောက်မည်ဆိုသော လုပ်ဖော်ကိုင်ဖက်များကား ငါ့ဇရိုက်နှင့်မကိုက်လေပြီ။
အချိန်လည်း ကုန်ဆုံးခဲ့၍ လင်းနေဆဲအလင်းတုက သန်းခေါင်ရောက်ပြီဟု ညှန်ပြ၏ ငါ့၏အလွမ်းနာကလည်း အရှိန်မြင့်လာခဲ့သည် ငါ့၏ခန္တာမှာ ၁၅ ပေပါတ်လည် အခန်းကျဥ်းတွင် အကျဥ်းကျဆဲပါတစ်ကား သို့သော်လည်း ဖြစ်နိုင်လျင် စိတ်အလျင်ကို မွေးမြေသို့သာ စေလှတ်လိုတော့၏။
(ငယ်စဥ်က ဖတ်ဖူးသော အလွမ်းနာဆိုသော အက်ဆေးကို ပြန်လည်စဥ်းစား၍ မှီငြမ်းကာရေးသည် သို့သော် စာအရေးအသားမှာကား ခြေဖျားပင်မမှီပါလေ စာရေးများစွာ လေ့ကျင့်ရဦးမည် ဖြစ်သည်။)
ဘလော့နာမည်အသစ်မှ ကြိုဆိုပါသည်
ဘလော့အသစ်ကို လာရောက်လည်ပါတ်ကြသော ဘလော့မိတ်ဆွေများကို ကြိုဆိုပါသည်ခင်ဗျာ။ မှန်မှန်ရေးနိုင်အောင်လည်း ကြိုးစားပါဦးမည်။ အဘယ့်ကြောင့် နာမည်ပြောင်းပါသနည်းဟု မေးခဲ့သည်ရှိသော် မမဆင်ပြောသကဲ့သို့ ဘုံဆိုင်နာမည် ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အိမ်ထောင်ကျသွားသဖြင့် နာမည်ပြောင်းသလားဟု အထင်တကြီးမေးမည့်သူများကိုလည်း ကြိုတင်ကာငြင်းလိုပါသည် မဟုတ်မမှန်သော ကောလဟာလသတင်းများဖြစ်သည်။