Copy of အလွမ်းနာ

မနက်မိုးလင်း အိပ်ရာထ စားစရာကြည့်ပြန်ပါလျင် ကြက်ဥပြုတ် ပေါင်မုန့် အလဲအလှယ်မရှိ ဒါတွေစားရမည့်အစား လမ်းထိပ်က မုန့်ပစ်သလက်နဲ့ အကြော်စုံကိုသာပဲ စားချင်တော့၏။ မုန့်တီဖတ် တစ်ဖတ်နှစ်ဖတ် အပိုပါသွားသဖြင့် ပြန်ပြန်နှုတ်လေ့ရှိသော မုန့်တီသည်မဆီမှာသာ အသားနည်းပြီး ပဲမှုန်များနေသော မုန့်တီသုတ်သာ စားချင်တော့၏။ အလေးခိုးလေ့ရှိသော ပဲပြုတ်သည်အဒေါ်ကြီးထံမှ ပဲပြုတ်ဖြင့်သာ နနွင့်ထည့်ကြော်သော ထမင်းကြော်ဝါဝါလေးသာ စားလိုတော့သည် စီးတီးဟောမှ ရေခဲသေတ္တာထဲမှ ပဲပြုတ်ခပ်ကြမ်းကြမ်းများကို ငါမမြင်လိုတော့ပြီ။

အချိန်တန်လျင် ကျောင်းဆိုသောအရပ်သို့ ငါသွားရပြန်သည် အဆောက်အဦးများ ကြီးမား၏ နည်းပညာများ ဆန်းပြား၏ဟု ဆိုကြသည်။ သို့သော် လမ်းမခင်းရသေးအဖြင့် မြေလမ်းဖြင့်ဝင်ခဲ့ရသည့် ငါ့ကျောင်းကိုသာ အောက်မေ့မိ၏ ဂိုဒေါင်သာသာ အဆောင်ကလေးများဖြင့် စာသင်ခန်းများကိုသာ တမ်းတမိသေး၏။ လေအေးပေးစက်ကြောင့် ချမ်းလွန်းသည့် စာသင်ခန်းသို့ရောက်သော်လည်း မီးမလာသဖြင့် ပန်ကာမလည်၍ စာအုပ်ဖြင့်ယပ်တောင် ခပ်ကာသင်ခဲ့ရသည့် စာသင်ခန်းကို သတိရမိသေးသည် တမ်းတမိသေး၏။

ကန်တင်းဆိုသော အရပ်မှာကား အမြဲလူစည်ကား၏ အရာရာတန်းစီမှရသော အရပ်ပေတကား ပုံစံခွက်ထဲမှ ထုတ်သကဲ့သို့သော ဟင်းပေါင်းစုံကို တွေ့နိုင်သည် အမြင်သာကွဲမည် အဆင်သာကွဲမည် နေရာသာကွဲမည် မည်သည့်နေရာစားစား အနံအရသာ မကွဲပြားပါလေ။ ငါ့၏ ဗမာပါးစပ်နှင့် အခက်တွေ့လှသည် ချဥ်ချဥ်ငံငံစပ်စပ်စားလိုလှသည် ယခင်ကျောင်းတက်ခဲ့စဥ်က စားခဲ့ဖူးသော တစ်ခုတည်းသော ကန်တင်းမှ လက်ဘက်ထမင်းကိုသာ တန်းမစီပဲ လုကာယက်ကာ စားချင်တော့၏ ဟင်းမကောင်းသော်လည်း အမေထည့်ပေးလိုက်သော ခရမ်းချဥ်သီးငါးပိချက်၊ သရက်ကင်းနှင့် ကြက်ဥကြော်ကိုသာ စားချင်တော့၏။

အလုပ်စားပွဲတစ်နေ့ဝင် တစ်နေ့ထွက် မပြောင်းလဲသောအလုပ် တစ်ချောက်ချောက်နှင့် ၁၀၂ လုံးသော ခလုတ်ဖြင့်သာ အချိန်ကုန်ရသည်။ ပါတ်ဝန်းကျင်မှလူအများကို ကြည့်မိသည် စကားပြောခြင်း အတတ်ပညာပင် ကုန်ဆုံးသွားလေသလော အလုပ်စားပွဲချင်း ကပ်လျက်လူများပင် ပြောစရာရှိသော အကြောင်းများကို ခလုပ်နှိပ်သာ ပြောတတ်ကြတော့၏။ ငါ့၏ စိတ်ဖြင့်တော့ မကိုက်ပါလေ ရယ်ရယ်မောမော ဆူဆူညံညံ အလုပ်လုပ်ခဲ့ချိန်ကိုသာ သတိရမိသည် အချိန်တန်လျင် လက်ဘက်ရည်သောက် နားမည်ဟေ့ဆိုပြီး အလုပ်လုပ်ဖော်လုပ်ဖက်များ အလာပသလာပ ပြောချိန်ကိုသာ အမှတ်ရမိတော့၏။ နင်ကော်ဖီတစ်ခွက် ငါလက်ဘက်ရည်တစ်ခွက် ပါဆယ်ဆွဲခဲ့ လမ်းသွားရင်း သောက်မည်ဆိုသော လုပ်ဖော်ကိုင်ဖက်များကား ငါ့ဇရိုက်နှင့်မကိုက်လေပြီ။

အချိန်လည်း ကုန်ဆုံးခဲ့၍ လင်းနေဆဲအလင်းတုက သန်းခေါင်ရောက်ပြီဟု ညှန်ပြ၏ ငါ့၏အလွမ်းနာကလည်း အရှိန်မြင့်လာခဲ့သည် ငါ့၏ခန္တာမှာ ၁၅ ပေပါတ်လည် အခန်းကျဥ်းတွင် အကျဥ်းကျဆဲပါတစ်ကား သို့သော်လည်း ဖြစ်နိုင်လျင် စိတ်အလျင်ကို မွေးမြေသို့သာ စေလှတ်လိုတော့၏။

(ငယ်စဥ်က ဖတ်ဖူးသော အလွမ်းနာဆိုသော အက်ဆေးကို ပြန်လည်စဥ်းစား၍ မှီငြမ်းကာရေးသည် သို့သော် စာအရေးအသားမှာကား ခြေဖျားပင်မမှီပါလေ စာရေးများစွာ လေ့ကျင့်ရဦးမည် ဖြစ်သည်။)

7 thoughts on “Copy of အလွမ်းနာ

  1. လွမ်းမြဲ၊ လွမ်းဆဲ၊ လွမ်းလတ္တံ ပေါ့၊
    အမ ခရမ်းချဥ်သီးချက် ချက်တတ်ပြီကွ၊ အရမ်းကောင်းတယ်လို့ သီဟ က ပြောတာပဲ၊ တရက် ချက်ကွေးမည်၊ ကိုကိုရယ် ပျိုရယ် ကို၊ ဟိဟိ
    အင်း ဒီက ဖုကောင့် တွေတော့ ကျုပ်လဲ မစားနိုင်ဘူးတော်၊ ကိုယ်ကလဲ ချဥ်ငံစပ် သမားဆိုတော့ နောက်ဆုံး ကြက်ဥရယ် ခေါက်ဆွဲရယ် ညားရတာပါပဲ၊
    လွမ်းတာတော့ လွမ်းနေတာပဲ အစုံကို လွမ်းနေတာ နောက်ဆုံး လာလွမ်းလို့ လွမ်းမှန်းကို မသိတော့ဘူး း)

  2. ပထမဆုံးအလွမ်းနာက ဇော်ဂျီလား၊ မင်းသုဝဏ်လား… စဥ်းစားဆဲ..
    ဆရာဇော်ဂျီပဲ ထင်ပါတယ်…။

    ခုရေးတာလည်း ကောင်းတာပဲ…။ အဲဒီ ပထမ အလွမ်းနာရေးပုံလေးကို သတိရသွားတယ်…။

    သရက်ကင်းလေးတွေလည်း သတိရသွားတယ်.. အဟင့်…

  3. # Calm Hill "မမဆင် မှားသွားပါတယ်ကွယ် ဇော်ဂျီလည်း မဟုတ် မင်းသုဝဏ်လည်း မဟုတ်ပါ"
    # alm Hill "မောင်နီသင်း ဖြစ်နေပါတယ် ဟိဟိ"

  4. လူပျိုကြီးလို့ ခေါ်ရသလောက် အာမတွေ့ဖူးဗျာ ..တကယ်ပြောတာ။ လူသစ်တစ်ယောက်ကို နှုတ်ဆက်ရသလိုပဲ။ ကျွန်တော်က အဟောင်းဖက်မှာ သွားသွား ကြည့်နေတာဗျ။ လူပျိုကြီးပဲ ကောင်းမယ် ထင်ပါတယ်ဗျာ။

  5. ၂နှစ်ကျော် ဒီမှာ ကျောင်းသားဖြစ်လာသူ အား
    စာနာပါဦး
    ဘာကြောင့် မနက် အတန်းတွေ မသွားလဲ ရှင်းဘီလား
    ဆိုင်လဲ မဆိုင်ဘူး

  6. ဒီပို့စ်ဖတ်မိမှ ကီးဘုတ်မှာ ခလုတ်ဘယ်နှစ်ခု ရှိလဲ ပြန်ရေကြည့်မိတယ်။ :D laptop ဆိုတော့ ၁၀ဝ မပြည့်ဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">