ကျေးဇူးတင်စရာ မိတ်ဆွေများနဲ့ တစ်နေ့တာ ဘဝအမောများ

အလုပ်ကလည်း လခက ကံဆိုးချင်တော့ နောက်ကျပြီး အခုထက်ထိ မရသေး အဲဒါကိုမှန်းမထားတော့ အမေကဟိုတစ်လောက ပိုက်ဆံလိုသေးလားဆိုတော့ အလုပ်လုပ်နေတာပဲ မလိုဘူးပြောလိုက်တယ် ကျောင်းဖွင့်တော့ ကျန်းမာရေးအာမခံတွေ မူပိုင်ခွင့်ဖိုးတွေ အတွက်ရှိတဲ့ လက်ကျန်နဲ့ ကြိုပြီးပေးလိုက်တာ ပြဿနာတက်တာပဲ အခုတော့စားစရာက ဟိုဘက်ဘဏ်မှာ ၁ဝ သည်ဘက်ဘဏ်မှာ ၁၁ ကျပ်ကျန်တယ် အဲဒါကလည်း ထုတ်မရလို့ ကျော်မကောင်းကြားမကောင်း ၁ဝ အွန်လိုင်းကနေ ဟိုဘက်သည်ဘက် လှဲလိုက်မှ ၂ဝ ပြည့်လို့ ATM မှာထုတ်လို့ရသွားတယ် အဲဒါလည်း စားစရာစျေးဝယ်လိုက်တာ ကုန်ပါရောလား။


ကိုဒီဘီအိမ်က ဆွမ်းကွေးကိုသွားဖို့ MRT ဖိုးတောင်အသွားပဲရှိတယ် အပြန်ဖိုးမရှိလို့ မလာတော့ဘူးလုပ်နေတာ ကိုသာသာက ဟာဗျာ ကျွန်တော် ပါနေတာ ဒါအတွက်နဲ့တော့ မလာပဲမနေပါနဲ့ဆိုလို့ သူ့ကျေးဇူးနဲ့ ကိုဒီဘီအိမ်က ဆွမ်းကွေးကိုသွားစားရတယ် စားရတဲ့ထမင်းထဲမှာ ငတ်နေတဲ့အချိန်လို့ ပြောရမယ့်အချိန်မှာ စားရတဲ့အတွက် အင်မတန်ကျေးဇူးတင်ပါတယ်။ ကိုသာသာကိုတော့ ဘယ်လိုကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူး။ ကိုသာသာရဲ့ စရိတ်နဲ့ ထမင်းစားလာရတယ်လို့ ပြောရမယ်ထင်တယ်။


ဆွမ်းကွေးမှာလည်း မမဆင်က ရေဘူးလာသိမ်းရင်း ရယ်ပြတယ်တဲ့ မြင်ဘူးလေ နှစ်ရက်လောက် မအိပ်ရသေးတော့ လူကလည်း ဝါးတားတား ဖြစ်နေပြီး ငိုက်ချင်နေတာပါ အဲဒါကိုသူလည်းမသိဘူးလေ ဒါနဲ့ လူမှု့ရေးနားမလည်ဘူး အပြောခံလိုက်ရသေးတယ်။ ကိုဒီဘီဆီလာတဲ့ ဧည့်သည်နှစ်ယောက်ကတော့ လူပျိုကြီးဆိုပြီး မိတ်ဆက်လိုက်တာနဲ့ ကြောက်များသွားကြလားမသိဘူး မကြာပါဘူး ပြန်ပြေးကြပါရောလား။ ဘာပဲပြောပြော ရခိုင်ဟင်းတွေနဲ့ အပြီစားခဲ့ရတာပဲ သို့ပေမယ့် အိပ်ရေးတွေပျက်နေလို့ စားလို့မဝင်ဘူး စံချိန်တွေလည်း ကျသွားပါရောလား။


ပြန်မယ်လုပ်တော့ အိုက်ကီဒိုသင်တန်းက ဆရာဆီက SMS ဝင်လာပြန်ရော။ ကိုယ်ကလည်း ပိုက်ဆံကိစ္စနဲ့ လုံးပန်းနေရလို့ မအားတာနဲ့ မသွားနိုင်တာကကြာပြီလေ အလုပ်လုပ်နေရလို့ မအားဘူးလို့ ပြောထားတော့ သူကလည်း အလုပ်ပိတ်ရက်ဆိုပြီး မှတ်မှတ် ရရခေါ်ရှာတယ် If U missed Aikido training, good news Bukit Batok East CC is open 2morrow 10 Aug. Aikido training is as usual time. Do come n join us. Sensei လို့ဝင်လာပါရော။ မနက်ဖြန်တော့ သူ့ကိုအားနာလို့ရယ် ပြန်လည်းသွားသင့် နေတာရယ်ကြောင့် သွားရဦးမယ်။


ဒီညလည်း အိပ်တော့အိပ်ချင်တယ် ရေးထားတဲ့ Paper လေးကိုလည်း ပိုကောင်းအောင် ပြင်ချင်နေတော့ စောစောအိပ်ဖြစ်မယ် မထင်သေးပါဘူးလေ National Day ဆိုပြီး လူတိုင်းအားနေ ပျော်နေကြတဲ့အချိန် ကိုယ့်မှာပဲ စာတမ်းအတွက် နောက်ဆံတင်းနေတာရယ် မနက်ဖြန်ပြီးမှ စားစရာမကျန်ရင်တော့ ဘယ်လိုရှင်းရမလဲ စဥ်းစားပြီးရင်မောနေရတယ် လခစားလုပ်ပြီး လခမျော်ရတဲ့ အလုပ်တယ်တယ်ပြီး မကိုက်ပါဘူးဆိုတဲ့ ကိုသာသာပြောတဲ့စကား တယ်မှန်ပါလားနော်။

Blog နာမည်ပြောင်းလျင် ကောင်းမည်လော

ယခုဘလော့ကို နာမည်ပြောင်းမည်ဟု အကြံဖြစ်နေသည်မှာ ကြာပြီဖြစ်ပါသည်။ သို့သော်လည်း အလုပ်ရှုပ်မည်က တစ်ကြောင်း မအားမလပ်ဖြစ်နေသည်က တစ်ကြောင်းကြောင့် မပြောင်းဖြစ်ပဲဖြစ်နေခဲ့ပါသည်။ မောင်စေတန်ကလည်း ဟိုတစ်လောကပြောသည် ဦးဂူဂဲကို လူပျိုကြီးဟု မေးလိုက်ရာ ထွက်လာသော အဖြေများမှာ ကြက်ခြေခတ် သုံးလုံးများလည်း ပါလာသဖြင့် မကောင်းဟုဆို၏။ မှန်ပါသည် ထိုသို့ဖြစ်နေသည်မှာ ကြာပြီဖြစ်ပါသည် သို့ကြောင့် နာမည်မပြောင်းပါက အနှီလူများနှင့် ကြာလျင်လူမှားတော့မည်ဖြစ်သည်။ ဤအချက်မှာ အရေးအကြီးဆုံးဖြစ်၏။

နောက်ထပ်အကြောင်းတစ်ခုမှာ ကိုဒီဘီဖြစ်သည်။ ထိုလူကြီးမှာ လူတစ်ယောက်တွေ့တိုင်း မိတ်ဆက်ပေးလျင် ဒါလူပျိုကြီးဟုသာ မိတ်ဆက်တော့သည် သို့ကြောင့် ကြာလျင် ရာသက်ပန် နာမည်တွင်တော့မည် ဖြစ်သည်။ နာမည်ကို မည်သို့ပင်ခေါ်ခေါ် ကိစ္စမရှိပါ စိတ်ထဲလည်း မည်သို့မှပင် မဖြစ်ပါ။ သို့သော် စကားများသော ကျွန်တော်နှင့် ထိုနာမည်ကား ပြဿနာတက်ပါသည် အမျိုးသမီးများနှင့်စကားပြောပါက ထိုအမျိုးသမီးများမှ နာမည်ကိုကြည့်ကာ ကြောက်ရွံ့ကြပါသည်။ ဤမျလောက် ပေါတောတောနေတတ်သော ကျွန်တော့်ကို နာမည်ကြောင့် ရွံ့နေခြင်းမဖြစ်စေသင့်ဟု ယူဆမိသည်။ :P

သို့ကြောင့် နာမည်ပြောင်းပါတော့မည် လာရောက်ဖတ်ရှု့ကြသော စာဖတ်သူများနှင့် မလာပဲ RSS ဖြင့်ဖတ်ကြသောသူများလည်း ဖြစ်နိုင်မည်ဆိုပါက နာမည်ကို စဥ်းစားပေးစေလိုပါသည် မည်သို့ပင် စဥ်းစားပါသော်လည်း အကြံအိုက်နေပါသည် သို့ကြောင့် အကြံဥာဏ်လေးများ ပေးကြပါကုန်။ ယခုနာမည်သည်လည်း သက်တမ်းကျန်ရှိနေသေးသောကြောင့် အကူးအပြောင်းကာလ အတွင်းမည်သို့မှ အခက်အခဲဖြစ်မည် မဟုတ်ပါ ယခင် co.cc မှပြောင်းသကဲ့သို့ပင် redirect လုပ်မည်ဖြစ်သည်။

(မှတ်ချက်။ ။ နာမည်ပြောင်းသဖြင့် လူလည်းပြောင်းသည်ဟု အထင်မကြီးစေချင်ပါ ဒုံရင်းဒုံရင်းအတိုင်းသာ ဖြစ်၏ :P )

(၃၈)ဖြာ နှင့် ဝိရောဓိ ဖြစ်ခြင်း

လူမိုက်ဆိုလျင် ရှောင်သွေလွဲလို့မမှီဝဲနဲ့ကင်းအောင်နေ။ ပညာရှိကို အစဥ်တွဲလို ့မှီဝဲ ဆည်းကပ် နည်းယူပေ။ ကျက်တာတော့ ငယ်ငယ်ကတည်းက မကျက်ချင်လည်း ကျက်ရတယ်။ ကြီးလာမှ စဥ်းစားမိတာက အဲဒီနှစ်ခု အကြီးအကျယ်ပြဿနာ တက်နေတာပါလား။


အသေ ဝနာစ ဗာလာနံ ဆိုတော့ အမြင်ကိုက လူမိုက်ဖက်က မဟုတ်ပြန်ဘူး လူမိုက်မဟုတ်သေးတဲ့ လူဘက်ကနေ ပြောနေတာကိုးဗျ ဟုတ်တယ်လေ လူမိုက်နဲ့ပေါင်းရင် မမိုက်သေးတဲ့လူက မိုက်သွားနိုင်တယ်ပေါ့ အခုထက်ထိတော့ မှန်နေတယ်ထင်ပါတယ်။


ပဏ္ဍိတာ န ဉ္စ သေဝနာ ဆိုတော့လည်း ပညာရှိမဟုတ်သေးတဲ့ ကြားလူအဖြစ်ကနေ ပြောနေတာဖြစ်ပြန်ရော ပညာရှိနဲ့ပေါင်းတော့ ကိုယ်တပည့်ဖြစ်တာပေါ့ အဲလေ ကိုယ်လိမ္မာတယ်ဆိုတော့လည်း မှန်နေပြန်ရော။


အဲဒီနှစ်ခုကို ဆက်စပ်ကြည့်တော့ သချင်္ာလိုရေးရင် ဆုံးမခံတဲ့လူက ကြားလူနေရာမှာပဲ ပဏ္ဍိတလည်းမဟုတ် ဗာလလည်းမဟုတ် ကြားလူကိုဆုံးမနေတာပဲ။ ပြဿနာတက်တာက ပဏ္ဍိတနဲ့ ဗာလ ဖြစ်မယ်ထင်တယ်။ ဗာလကလည်း ပဏ္ဍိတဖြစ်ချင်ရှာသလို ပဏ္ဍိတကလည်း ဗာလဖြစ်မှာလည်း ကြောက်ရှာမှာပေါ့။ ဗာလက ပဏ္ဍိတကို ပဏ္ဍိတာ န ဉ္စ သေဝနာ ဆိုပြီးလာပေါင်းရင် ပဏ္ဍိတက အသေ ဝနာစ ဗာလာနံ ဆိုပြီး အပေါင်းအသင်း မလုပ်နိုင်ဘူးဆိုရင် ပြဿနာ။


လူမိုက်နဲ့ပေါင်းလို့ လူတိုင်းလူမိုက်ဖြစ်တာ မဟုတ်သလို လူလိမ္မာနဲ့ ပေါင်းလည်း လူလိမ္မာဖြစ်ချင်မှ ဖြစ်မှာကိုး။ ဗာလလည်း မဖြစ်ချင်ဘူး ပဏ္ဍိတလည်းမဖြစ်ချင်ဘူး ဗာလမိုက်တာတွေကြည့်ပြီး ကိုယ်သူတို့လိုမဖြစ်အောင် နေတာက ပဏ္ဍိတကိုသွားပြီး ပေါင်းတာက ပိုအကျိုးရှိမလားလို့ တစ်ခါတစ်လေတော့ ထင်မိတယ်။ ပြောသာပြောရမယ် ပဏ္ဍိတကိုလည်း ကြောက်တော့ အကြောက်သား ပဏ္ဍိတဆိုးတာက ဗာလထက် အဆတစ်ရာပိုမယ်။ ဒါကြောင့် ပဏ္ဍိတကိုလည်း အပေါင်းအသင်းကို မလုပ်ချင်တာပါ။