Archive for September, 2009

30
Sep 09

လူမျိုးကွဲ အကျိုးပေး၏ (အိန္ဒိယအထူးပြု)

ဒီရက်ပိုင်း လူမျိုးကွဲအကျိုးပေးပုံရတယ် ပိုထူးတာက အိန္ဒိယအကျိုးပေးနေသလားမသိ။ လူကလည်း ဗမာပြည်မှာကတည်းက ဗမာလားလို့တစ်ခါမှ အမေးမခံရဘူး အဲသည့်လောက်ကို ဗမာနဲ့တူပုံရတယ်။ အဘိုးဖြစ်သူက မျက်ခုံးမှေးကို ခေါင်းဖြီးလို့ရတယ် မြေးဖြစ်သူလက်ထက်ကျတော့ အဲဒီလောက်တော့ မဟုတ်တော့ပါဘူးလေ မျက်ခုံးမှေးအပြားကြီးလို့ ဆယ်တန်းတုံးကတော့ ဆရာတစ်ယောက်က မျက်ခုံးမှေးခြေမလောက်နဲ့ ကောင်ကြီးလို့ခေါ်သဗျ။ ကုလားဗမာအရးအခင်း ဖြစ်နေတော့ လုံခြုံရေးအရ တစ်နေ့တစ်ခါ မုတ်ဆိတ်မှေး ပါးသိုင်းမှေးရိတ်ထားရတယ် မဟုတ်လို့ကတော့ သြကာသဆိုပြတောင် ဘုန်းကြီးတွေက သံသယမကင်းလောက်ဘူး။

စျေးရောင်းနေတော့လည်း မန်နေဂျာက ဖိလစ်ပိုင်အမျိုးသမီး သဘောကတော့ ကောင်းသလားမမေးနဲ့ သူများဆိုင်တွေ ငွေကွာရင် ၁ ကျပ်လောက်နဲ့ ခဏခဏစိုက်ရတယ် ကိုယ်ဖြင့်လုပ်လာတာ ၆ လလောက်ကြာတယ် တစ်ခါမှစိုက်ရတယ်မရှိဘူး ငွေမကွာတဲ့နေ့လည်းမရှိဘူး အမြဲတမ်း ငါးမူးတစ်မတ်တော့ လျော့နေတာများတာပဲ။ လက်ထောက်မန်နေဂျာက စလုံးတရုတ်မ ဒါပေမယ့် သူများတွေပြောတော့ စလုံးတရုတ်မတွေ ဆိုးတယ်တဲ့ သူများနဲ့တော့မသိဘူး ကိုယ်နဲ့တော့အဆင်ပြေနေတာပဲ လမုန့်ပွဲတောင် မုန့်စားလိုက်ရသေးတယ် ကြမ်းတောင်သူပဲတိုက်တာ နင်ကောင်တာပဲနေ နင့်ဗလနဲ့ အလေးအပင်လည်း မမနိုင်ဘူးဆိုပြီး သူပဲအကုန်လုပ်တာများတယ်။ မလေးအန်ကယ်ကြီးကတော့ သူများတွေဥပုသ်စောင့်နေတာ မင်းကမုန့်စားနေသလားဆိုပြီး လာလာပြီးပွစိပွစိလုပ်နေလို့ မလေးမဟုတ်ပါဘူးဗျာလို့ မနည်းရှင်းထားရတယ်။ MRT ထဲကလက်မှတ်ဌာနက ဟိန္ဒူကုလားမကြီးဆိုရင် ဘော်တာကိုဖြစ်လို့ ဒီပါဝလီနေ့ကဆိုရင် မလိုင်မုန့်တွေတောင် တကူးတကယူလာပြီး လက်ဆောင်ပေးသေးဗျာ။

ကျောင်းက Supervisor ကလည်း အိန္ဒိယကလာတဲ့ ကုလားစစ်စစ်ပါဗျာ လက်ခံထားတဲ့ တပည့်တွေကလည်း ကုလားတွေကြည့်ပဲ ကိုယ်တစ်ယောက်ပဲ ဗမာပါတယ် ဒါတောင် သူတို့နဲ့အရောင်တူတယ် သို့ပေမယ့်သူတို့ထဲတော့အဖြူဆုံးပေါ့ဗျာ။ ဒီနှစ်ထဲကို Paper သုံးစောင်တင်တယ် တစ်ခုက ဘယ်လဂျီယမ်မှာ ဒီနှစ်အလှည့်ကျတယ် နောက်တစ်ခုကအိန္ဒိယမှာ အလှည့်ကျသဗျာ။ နောက်တစ်ခုက ဂျာနယ်ဆိုတော့ ဘယ်မှသွားစရာမလိုဘူး။ ဘယ်လဂျီယမ်မှာတင်တာကျတော့ သုံးလလောက် အချိန်ယူရေးထားသဗျာ သို့ပေမယ့် မပါဘူးတဲ့ ၁ဝ ရက်နဲ့အပြီးရေးပြီး ဖြစ်သလို တင်ထားတဲ့ အိန္ဒိယကဟာကျတော့ ကောင်းသတဲ့ဗျာ လက်ခံလိုက်သည်လို့ပြန်လာသဗျာ။ ကြည့်ရတာ ကုလားအကျိုးပေးများနေတယ်ထင်တယ်။ ဒါတောင်တစ်ခါက ကုလားပရော်ဖက်ဆာ တစ်ယောက်က စကားစပ်မိလို့ နာမည်မေးလို့ပြောလိုက်တာ သြော်…. မင်းကတရုတ်ကိုးဆိုလို့ မျက်လုံးပြူးဖူးတယ် ဘယ်လိုမျက်စေ့နဲ့များ ကြည့်လိုက်သလဲမသိဘူး။

21
Sep 09

ဖန်တီးယူခြင်းနှင့် သဘာဝလက်ဆောင်

ရုက္ခဗေဒဥယျာဥ်ဆိုတာကို သွားကြမယ်ဆိုပြီး အဖော်ညှိတော့ သိပ်သဘောကျတာပေါ့ တစ်သက်လုံး တောထဲနေလာတာ သစ်ပင်ဆိုတာ သိပ်သဘောကျတာပဲ။ ရုက္ခဗေဒဥယျာဥ်ဆိုတော့ ကိုယ့်ကလည်းမြင်မိတာက ငယ်ငယ်ကတည်းက အသားကျနေတဲ့ ဧကအများကြီးနဲ့ သစ်တောကြီးတွေ လေ့လာစရာအပင်ပေါင်းစုံနဲ့ အရိပ်အာဝါသရယ် မျက်စေ့ထဲပြေးမြင်မိတယ်။ နေပူနေသလား အရိပ်မရှိပဲနေပူထဲမှာတောင် အေးမြနေတဲ့ရာသီဥတုကို သတိရမိတယ်။ စင်ကာပူက ရုက္ခဗေဒဥယျာဥ်ဆိုတာကို ဝင်ဝင်ချင်းပဲ ဆောက်နဲ့ထွင်းဆိုသလို ထီးမပာလာလို့ နောင်တရချင်သလိုလို ဖြစ်လာတယ်။

ပထမဝင်ဝင်ချင်း အင်မတန်ဆွဲဆောင်မှု့ရှိတဲ့အပင်ကို စပြီးတွေ့ပါတယ် ဘာပင်လဲဆိုတော့ တရုတ်စကားအဖြူရယ် အဝါရယ် ပွင့်နေပါတယ် အပင်လည်းကျို့တို့ကြဲတဲ။ တော်သေးတာပေါ့ အဝါလေးပါနေလို့ မဟုတ်ရင်တော့ စစ်ကိုင်းတောင်က အပင်တန်းမှာအပွင့် ကောက်ပြီးပြုတ် ပြီးတော့သုတ်စားတာပဲမြင်မိတယ်။ စင်ကာပူသူများကတော့ လှလိုက်တာဆိုပြီး အလှည့်ကျဓာတ်ပုံရိုက်နေလေရဲ့။ မေမြို့က ရုက္ခဗေဒဥယျာဥ်ကိုဝင်လိုက်ရင် မြင်ရတဲ့ သက်တမ်းရာချီတဲ့ ထင်းရှူးပဒေသာပင်ကြီးတွေကို သိပ်သဘောကျတာပဲ အဲဒီလိုဆွဲဆောင်မှု့မျိုးတော့ လုံးဝမရှိပါဘူးလေ။

ဝင်သွားလိုက်တော့ ရေကန်ထဲမှာ ငန်းအဖြူလေးတွေရေကူးနေလေရဲ့ အဝေးကနေမြင်မိတော့ ကဗျာဆန်ဆန်ပေါ့ ကန်ဘေးမှာလည်း ညောင်မုတ်ဆိတ်ပင်ကြီးနဲ့ဗျ။ အနားရောက်တော့မှ ရေကလည်း ဘယ်လိုများဖြစ်တယ်မသိဘူး နောက်ကျိနေတယ် ကြည်နူးမိတာတောင် ဘယ်ရောက်မှန်းမသိဘူး ကန်ဘေးမှာ ဓာတ်ပုံဆရာများက ရှားပါးအပင်ဆိုပြီး ပြောင်းတိုပြောင်းရှည်များနဲ့ ဒေါက်ထောက်ပြီး ရိုက်နေကြသဗျာ ဒါနဲ့စပ်စုမိတော့ ဗုဒ္ဓသာသနံပင်တွေပါဗျာ တော်ပါကွယ်ဆိုပြီး ဆယ်ပြားစိလောက်ရှိတဲ့ ရေကန်ကို အမြန်ပတ်လောက်ရတယ်။ ကျွန်တော်ကြီးဘေးက ပန်းခင်းရယ် မြက်ခင်းတွေရယ် ကြည်နေတဲ့ရေတွေရယ်ပဲ သတိရမိတယ်။ အဲဒီ့ကန်ဘေးမှာပဲ ရောက်တိုင်းဓာတ်ပုံရိုက်တယ်။ အခုတော့ရိုက်မယ်ဆိုတာတောင် တော်ပါဗျာ မင်မိုရီနေရာတစ်နေရာကုန်ပါတယ်ဆိုပြီး ကန့်ကွက်ရတယ်။ ငန်းလေးတွေကတော့အခုရှိတယ် ဒါပေမယ့် နိုင်ငံခြားဖြစ်ပေါ့လေ အနက်ရောင်လေးတွေ။ ဒါပေမယ့် ကချင်ပြည်နယ်ကနေရောက်နေတဲ့ သားမင်းတွေပဲ ပိုစိတ်ဝင်စားတယ် ဘယ်နိုင်ငံမှာမှ တွေ့ဖို့မလွယ်ဘူးလေ။

ကန်ဘေးကနေ ကပ်လျောက်လာတော့ သူများတွေဓာတ်ပုံရိုက်တော့ ဒို့လည်းခေတ်မှီအောင်ဆိုပြီး ဓာတ်ပုံတော့ရိုက်မယ်ဆိုပြီး အပင်ရှာတာ မတွေ့လို့တွေ့တာရိုက်ခဲ့တာ စိန်ပန်းကလေး အနီနဲ့အဝါပုံရခဲ့ပါတယ်။ မမြင်ဖူးတာကြာတော့ မေ့သွားမလားဆိုပြီး ကျေးဇူးတင်ရမလိုပဲ ယူဆလိုက်တယ်။ အင်မတန် ကြည်နူးဖွယ်ရေပြင်ကတော့ ဘယ်လိုဖျောက်ရမယ် စဥ်းစားမရသေးဘူး။ အီကွေတာမှာပဲ ပေါက်တဲ့အမြဲစိမ်းအပင်တွေ တွေ့ပါတယ်စိတ်ဝင်တစ်စားနဲ့ကြည့်လိုက်တာ တောထဲက ကွန်ကရစ်လမ်းနဲ့သဘာဝအပင်တော့ ဘယ်လိုမှခံစားလို့မရဘူး။ အင်မတန်ထွားကျိုင်းစွာသီးနေတဲ့ ငှက်ပျောခိုင်လေးတော့ သဘောကျမိတယ် ဆောင်းချမ်းမိုးတောင် ထမ်းနိုင်မယ်သိပ်မထင်မိဘူး။

နောက်တော့ ပူပါတယ်ဆိုမှ အမောပြေစရာ ကန္တာရအပင်များကိုတွေ့ရတယ် စိုက်ထားတာကလည်း ကျောက်တုံးတွေသဲတွေနဲ့ ကန္တာရပုံစံပဲ။ မမြင်ဖူးတဲ့အပင်တွေတော့စိုက်ထားတာ မြင်ရတယ်လေ ဘာတွေလဲဆိုတော့ တစောင်းလက်ပတ်တွေဗျ။ ကန္တာရဆူးတွေလဲတွေ့တယ်။ ကိုယ်သိတာကတော့ အဲဒီ့အပင်တွေ အိမ်ထဲအမှိုက်ရှုပ်လို့ မြက်ရှင်းရင်အကုန်ခုတ်တာပဲသိတယ်။ သိပ်သဘောကျတဲ့ အပင်တော့တွေ့တယ် မရိုးပင် နှစ်ပင်လောက်မြင်တယ်ဗျ။ နွားနို့ခဲကလည်း မစားရတာကြာပြီလေ နောက်ဆိုနွားနို့ခဲချင်ရင် ရုက္ခဗေဒသွားပြီး မရိုးပင်ကနေ နှစ်ချောင်းသုံးချောင်းချိုးရမယ်။ အပေါ်တက်လိုက်တော့ ဗမာလူမျိုးကြိုက်တဲ့ သနပ်ခားပန်းန့ရတယ်ဗျာ ဒီတစ်ခါတော့ တစ်ကယ့်ကို သဘောကျမိပါတယ် သနပ်ခါးပန်းတွေပွင့်နေပါရောလား။ ဒါနဲ့ ဓာတ်ပုံတောင်ရိုက်ခဲ့သေးတယ်။ မေမြို့က ဂဝံကျောက်တွေနဲ့ လုပ်ထားတဲ့ ကျောက်တုံးဥယျာဥ်ကိုသွားမြင်မိတယ် လူကလည်းခေါင်းမာတတ်လို့လားမသိဘူး အဲဒါကိုအစကတည်းက သဘောမကျဘူး မူလကမရှိဘူး လူလုပ်ယူထားတာသိပ်များလို့ စင်ကာပူကလူလုပ်တဲ့ ကျောက်တုံးကန္တာရနဲ့ ခံစားချက်မကွာဘူး ခံစားလို့ကိုမရဘူး။

ဂျင်းဥယျာဥ်တဲ့ စိတ်ဝင်စားလိုက်တာပေါ့ ဂျင်းတွေကိုဘယ်လိုများ စိတ်ဝင်စားအောင်ပြမလဲပေါ့လေ။ ကြည့်လိုက်တော့ ဂျင်းပင်လေးတွေ လမ်းဘေးစိုက်ထားတယ် သူကတော့မျိုးကွဲတယ်ပြောတာပဲ မြင်တာတော့အတူတူပဲ NTUC ကနေ ဂျင်းကိုဝယ်ပြီး သဲထဲထည့်ထား အပင်ပေါက်မှလာစိုက်ထားသလားတောင်ထင်မိတယ်။ ရှင်းပြထားတာဖတ်တော့ ငှက်ပျောပင်လည်း ဂျင်းမျိုးစိတ်မှာပါတယ်တဲ့ ဒါလည်းဟုတ်တယ်လေ ဓာတ်ပုံမှာတောင် ငှက်ပျောဖူးနီနီလေးကို ဓာတ်ပုံရိုက်ပြထားတယ်။ ဆောင်းချမ်းမိုးကတော့ မှတ်သားစရာစကားပြောပါတယ် ငှက်ပျောဖူးကို ကြည့်ပြီးတော့ သြော်.. နဂါးမောက်သီးဆိုတာလည်း ဂျင်းမျိုးထဲပါတာပဲတဲ့။ ငှက်ပျောဖူးနဲ့ နဂါးမောက်သီး ဘယ်လိုမှားသလဲနောက်မှ သူ့ကိုအသေအချာမေးဦးမယ်။ မှန်းချက်နဲ့နှမ်းထွက်မကိုက်သလိုပဲ အမေအိမ်နောက်ဖေး သဲဘန်းထဲမြုပ်ထားတဲ့ ဂျင်းအခင်းကမှ သူ့ထက်ကြီးမယ်ထင်တယ်။

သစ်ခွဥယျာဥ်တဲ့ ဝင်ရင် ၅ ဒေါ်လာပေးရမယ်ဆိုပဲ ဒီတစ်ခါတော့ နပ်သွားပြီလေ စင်္ကာပူမှာ ဒို့မမြင်ဖူးတဲ့သစ်ခွ ဘယ်ရှိလိမ့်မလဲ ၅ ဒေါ်လာပေးပြီး အထဲရောက်မှ ဗင်ဒါတွေ မြေကြီးစိုက်ပြပြီး ကြည့်ပြန်ရရင်မကိုက်သေးဘူး ဒီကောင်တွေ သဇင်တောင် ကောင်းကောင်းမြင်ဖူးမယ့် လူတွေမှမဟုတ်တာပဲဆိုပြီး တစ်ညီတစ်ညွတ်တည်းငြင်းကြတယ် မဝင်တော့ဘူးဆိုပြီတော့လေ။ မေမြို့က ရုက္ခဗေဒမှာတော့ အရင်ကသစ်ခွသက်သက် ပြတာမရှိဘူး အခုတော့သစ်ခွသက်သက်သီးသန့်ထားတယ် မတော်မတည့်ထပ်ဆောက်တာတွေ မမြင်မတည့်ပေမယ့် အဲဒါကိုတော့သဘောကျတယ် ဗမာပြည်ဟာသစ်ခွ အမျိုးအစားအများဆုံး တွေ့နိုင်တဲ့နိုင်ငံပဲ ထိမ်းသိမ်းသင့်တယ် သစ်ခွနက်ဟာဗမာပြည်မှာပဲရှိတယ် တွေ့ခဲ့တုန်းကမျိုးကို အခုထိဆက်ပြီး မျိုးပွားထားသလား အဆက်အစပ်ပြတ်သွားလို့ မသိတော့ဘူး။

နောက်ထပ်ဆက်သွားတော့ Palm Ville တဲ့ မြက်ခင်းဘေးမှာပေါက်နေတဲ့ Palm မျိုးနွယ်အပင်တွေပါ ရုက္ခဗေဒနာမည်ဆိုတော့ ထူးဆန်းကောင်းထူးဆန်းမယ် တစ်ကယ်ကတော့ ထန်းပင်လို အပင်တွေပါ ပင်စည်အမာရယ် အပေါ်မှာပဲအရွက်ရှိတဲ့ ပေပင်ထန်းပင်မျိုးမှန်သမျကို Palm ခေါ်တာပဲ။ ပေပင်၊ ကွမ်းပင် လေးတွေ ကြို့တို့ကြဲတဲမှာ လူတွေကလည်း နေပူလို့ဒေါင်းနေပြီကိုး ပေပင်တစ်ပင်အောက်က အရိပ်မြက်ခင်းမှာ ထိုင်ပြီးအမောဖြေရတယ်။ ပေပင်အရိပ်ဆိုတော့ စဥ်းစားသာကြည့်ပါ ဆန်ပြာတဲ့ဘန်း သာသာလောက်ပဲ ရှိမယ်ထင်တယ်။ ဘင်္ဂလားကုလားရယ် ဖိလစ်ပိုင်အမျိုးသမီးရယ်ကတော့ မျက်စိထဲမှာ ကန့်လန့်ဖြစ်နေတယ်။ စင်ကာပူသူရယ် စင်ကာပူသားရယ်ကတော့ လသာနေသလားထင်ရတယ် နေပူထဲဘောလုံးကန်နေတယ်။ ဆက်သွားလည်း ဘယ်လိုမှ ဆွဲဆောင်မှု့ရှိတဲ့ နေရာရှိမယ်လို့ မမျော်လင့်တော့လို့ လှည့်ပြန်လာခဲ့တယ်။

အပြန်မှာတော့ အီကွေတာအမြဲစိမ်းတောကို တွေ့ရပါတယ် တစ်ကယ်တော့ သူတို့သဘာဝဖြစ်တဲ့ အီကွေတာတောကအပင်တွေကိုပဲ အကောင်းဆုံးပြသင့်တယ် ဒါမှသာ သူတို့ကိုယ်ပိုင်ဟန်ရှိတဲ့ သဘာဝတောနဲ့ ရုက္ခဗေဒဥယျာဥ်ဖြစ်လာမှာပဲ။ မေမြို့ရုက္ခဗေဒနောက်ထဲက ထင်းရှူးတောဟာ သဘာဝအတိုင်းပဲ တော်တော်ကိုကြီးပါတယ် ဒါပေမယ့် အခုနောက်ပိုင်းဆောက်ထားတဲ့ သစ်သားတံတားဆိုတာကတော့ မျက်စေထဲမတည့်လှဘူး တောပျက်တာအဖတ်တင်တယ်လို့ယူဆတယ် သဘာဝအတိုင်းထားရမှာကို လမ်းလျောက်စရာမရှိလို့ ကွေ့ကောက်လုပ်ထားရတဲ့ စင်ကာပူက ကနိုပီဝေါ့ လိုလုပ်ထားတာတော့ သဘာဝမကျဘူး။ အပင်ပျက်တယ် သဘာဝတောလမ်းလုပ်ပေးပြီး လမ်းလျောက်စရာလုပ်ပေးတာကမှ ထင်းရှူးတောသဘာဝကို မြင်ခွင့်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ်ပါလေ ရုပ်ဝတ္ထုကိုသာ ဖန်တီးယူလို့ရမယ် သဘာဝကိုတော့ ဘယ်လိုဖန်တီးဖန်တီး မသင့်လျော်တာတော့ ဘယ်လိုမှဖြစ်မလာနိုင်တာ အမှန်ပဲဆိုတာ ငြင်းစရာမရှိပါဘူးလေ။

16
Sep 09

Oracle Unveils Exadata Version 2 Launched

ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ဆက်စပ်တဲ့သတင်းလေးတွေ နားစွင့်နေတတ်တော့ မနေ့ကသတင်းတစ်ခုရတယ် စက်တင်ဘာ ၁၅ ရက်နေ့ကပဲ Oracle Unveils Exadata Version 2 ကိုထုတ်တယ်လို့ ကြေငြာသွားတယ်။ အရင် Version 1 တုံးကတော့ အဓိကအနေနဲ့ Data Warehouse အတွက်သုံးဖို့ထုတ်ထားတာ Database Server 8 လုံးရယ် Exadata Server 14 လုံးရယ်နဲ့ Xeon တွေသုံးထားတာ Hardware တွေက HP ကနေထုတ်တယ်။ OS ကတော့ Oracle Linux ရယ် Database ကတော့ Oracle Database Server ကိုသုံးခဲ့တယ်။ ဒီတစ်ခါတော့ သူမှာ Sun ကလက်ဆုတ်လက်ကိုင် ဖြစ်သွားပြီဆိုတော့ Sun Hardware တွေပဲသုံးတယ် ဒါပေမယ့် Processor ကတော့ Intel ပဲဖြစ်နေသေးတယ်။ ဒီတစ်ခါတော့ Processor တွေက Quad-Core Nehalem တွေသုံးတယ် DDR3 Memory တွေသုံးထားတယ်။ Ultrasparc ကိုလာလတ့သော အနာဂါတ်မှာတော့ သုံးမယ်ပြောတာတွေ့တယ်။ နောက်ပြီးတော့ Solaris ကိုလည်းမသုံးပြန်ဘူး အရင်လိုပဲ Oracle Linux။ ဒီတစ်ခါတော့ Model လေးမျိုးနဲ့ထုတ်တယ်။

(1) Full rack (8 database servers and 14 storage servers)
(2) Jalf-rack (4 database servers and 7 storage servers)
(3) Quarter-rack (2 database servers and 3 storage servers)
(4) A basic system (1 database server and 1 storage server)

ထူးခြားတာက OLTP အတွက်ရည်ရွယ်ပြီး Disk Access နည်းအောင် Main Memory နဲ့ Disk ကြားမှာ FlashFire လို့နာမည်ပေးထားတဲ့ Flash Memory တွေထည့်ထားတယ်။ ပမာဏကတော့ Storage Server တစ်ခုကို Flash Memory 96GB ထည့်ထားတယ်ဆိုတော့ Servers အရေအတွက်နဲ့ မြောက်ကြည့်ရမယ်ထင်တယ်။ Storage ကတော့ Rack တစ်ခုကို 100 TB of SAS disk ဒါမှမဟုတ် 336 TB of SATA disk လို့ပြောထားပါတယ်။ စျေးနှုန်းကတော့ Full rack ဆိုရင် Hardware ဖိုးသက်သက် US$1.15 Million ကျသင့်ပါတယ်။ Database Server and Exadata Storage Software ဖိုးတွေမပါသေးပါဘူး။ Exadata Storage Software မပါပဲနဲ့လည်း သူ့ရဲ့ Storage Server တွေကအလုပ်မလုပ်ပါဘူး။

ကိုယ့်ဟာကိုယ် ထင်ရာမြင်ရာ ပြောရမယ်ဆိုရင် Database Server ဘက်မှာ Exadata ကိုသုံးဖို့ရယ် Flash ကို Support လုပ်ပြီးသုံးဖို့ရယ်တော့ တိုးတက်မှု့ပါတယ်လို့ပြောတယ် ဒါပေမယ့် အနည်းငယ်ပဲဖြစ်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ Disk -> Flash -> Memory ဆိုပြီး Hierarchy က Storage Server ဘက်မှာပဲရှိနေတာကိုး။ Exadata Storage Software ဘက်မှာတော့ တော့်တော့်ကို ကြီးမားတဲ့ တိုးတက်မှု့တွေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ့နည်းပညာက OLTP အတွက်မြန်လာမှာတော့ သေချာတယ်။ အဲဒီလိုမျိုးနဲ့ နည်းနည်းဆင်တူတဲ့ Research ကိုလုပ်နေလို့ စမ်းသပ်မှု့လည်းလုပ်ဖူးတယ် ဒါကြောင့် သေချာပေါက်မြန်တယ်လို့ ပြောနိုင်တယ်။ Flash မသုံးပဲ Main Memory ကို Dedicated ပိုင်းထားပြီး Data warehouse ထဲကို Insert နဲ့ပဲ OLTP Operation ဆန်ဆန် Loading လုပ်တာ မူရင်းထက် အဆ ၁၅ဝ လောက်ပိုမြန်တယ်။ Flash ဖြစ်တဲ့အတွက် Main Memory ထက်နည်းနည်းတော့နှေးမယ် ဒါပေမယ့် Storage အတွက်သီးသန့်လုပ်တဲ့ Hardware တွေသုံးထားတဲ့အတွက် ဘယ်လောက်ပိုမြန်မယ်တော့ မှန်းလို့မရဘူး။

မနေ့ကမှထွက်တာဆိုတော့ ဘယ်လောက်ပိုကောင်းသလဲ Exadata ရဲ့ Reliability အခြေအနေတွေကတော့ ဘာမှစမ်းသပ်ထားတာ မထွက်လာသေးဘူး။ တစ်ခုတော့ရှိပါတယ် ယှဥ်တယ်ဆိုတာကလည်း တူညီတယ်လို့ ယူဆရမှပဲ ယှဥ်ကြည့်လို့ရတဲ့အမျိုးဖြစ်လေတော့ သူ့လိုပစ္စည်းကလည်း ယှဥ်စရာရှားတော့ နှို်းယှဥ်ချက်မျိုးတော့ လွယ်လွယ်နဲ့ ထွက်မလာပါဘူး။ ပြည့်ပြည့်စုံစုံသိချင်ရင်တော့ Reference ကိုသာဖတ်ကြပါတော့ဗျာ။

Reference
[1] http://www.oracle.com/database/exadata.html
[2] http://www.oracle.com/us/corporate/press/033684
[3] http://www.computerworld.com/s/article/9138098/Oracle_Sun_launch_high_end_OLTP_server?taxonomyId=18&pageNumber=1
[4] http://news.zdnet.co.uk/hardware/0,1000000091,39493743,00.htm
[5] http://videos.zdnet.co.uk/260566466.htm
[6] http://idcdocserv.com/HI214522
[7] http://www.networkworld.com/news/2008/092408-ellison-pitches-high-speed-data-warehouse.html?page=1
[8] http://www.channelregister.co.uk/2009/09/15/oracle_sun_exadata_v2/
[9] http://www.google.com/hostednews/ap/article/ALeqM5ieSyj-5XSahxWmmYoM-2cKYjAfRwD9AO2LA00

15
Sep 09

ပွင့်လင်းတဲ့အမြင် (Open Mind)

တစ်ခါတစ်ယံမှာ မှားယွင်းခံစားမိတဲ့ သစ္စာရှိခြင်းဆိုတာက လူတစ်ယောက်ရဲ့ တိုးတက်မှု့ကို ရပ်ဆိုင်းသွားစေတယ်လို့ ခံစားလာမိတယ်။ ဆရာတစ်ယောက်အနေနဲ့ တပည့်တစ်ယောက်ကို အနည်းဆုံးတော့ သူ့ထက်ည့အောင် သင်ပေးနိုင်ရမယ်။ ဆရာထက်တော်အောင် သင်ပေးနိုင်တဲ့ဆရာ ဆိုတာကတော့မရှိဘူး ဆရာ့ထက်တော်ချင်ရင် ဒီလိုလုပ်လို့ပဲ လမ်းကိုပြပေးနိုင်မယ်။ နောက်ထပ် ဆရာတစ်ယောက်ဆီကို လက်ပြောင်းပေးရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဆရာတစ်ယောက်အနေနဲ့ တပည့်တစ်ယောက်ကို နောက်ထပ်သင့်လျော်တဲ့ ဆရာတစ်ယောက်ဆီကို လက်လှဲပေးနိုင်မယ်လို့ အမြင်ရှိနေရင် အဲဒီ့ဆရာမှာ ပွင့်လင်းတဲ့အမြင်ရှိတယ်လို့ မြင်မိတယ်။ တပည့်မှာလည်း ငါ့ဆရာမှငါ့ဆရာ သူများဟာဆိုမကောင်းဘူးလို့ မြင်မိရင် အဲဒါကို ဆရာအပေါ်မှာ သစ္စာရှိတယ်ဆိုပြီး ဂုဏ်ယူနေရင်လည်း မကောင်းပြန်ဘူး။ ဘယ်ဆရာမှာတော့ ဘယ်အချက်ကကောင်းတယ် ဘယ်အချက်မကောင်းဘူး ပွင့်ပွင့်လင်းလင်း မြင်သင့်တယ် ဒါမှလည်း တပည့်တစ်ယောက်တွက် ပွင့်လင်းတဲ့အမြင် ပြည့်စုံတယ်လို့ယူဆမိတယ်။ အတတ်ပညာအသစ် တစ်ခုအတွက် ဆရာပြောင်းလိုက်တာကို သစ္စာမဲ့ခြင်းလို့ မခံစားသင့်ဘူးလေ။

ဘာသာရေး ဥပမာပြပါဆိုရင် လက်ဝဲရံနဲ့ လက်ယာရံ ဖြစ်လာမယ့် အလောင်းအလျာနှစ်ယောက်က အရင်က ဘာအယူဝါဒမှ မရှိတာမှမဟုတ်ပဲ သူတို့နှစ်ယောက်က ဂိုဏ်းတစ်ဂိုဏ်မှာ နာမည်ကျော်အသင်းဝင်တွေပဲ နောက်တော့ ဗုဒ္ဓရဲ့ဝါဒကို သဘောကျလို့ ထွက်ပြီးပြောင်းလာတာပဲ လာတာမှ ရိုးရိုးလာတာမဟုတ်ဘူး တစ်ခြားလူတွေပါ စည်းရုံးခေါ်လာတယ် ဆရာကိုတောင်စည်းရုံးလိုက်သေးတယ်။ ဆရာဖြစ်သူကတော့မလိုက်လာဘူး။ ဝါဒပေါင်းစုံ လွတ်လွတ်လပ်လပ်ရှိတဲ့ မဇ္ဇိမမှာ ဒါကထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး ဆရာရောတပည့်ပါ ဘယ်သူကမှ သစ္စာဖောက်တယ်လို့ မခံစားကြဘူး။ အဲဒီတော့ အမြင်ကျဥ်းတဲ့ ဗုဒ္ဓဘာသာဝင်များက သြော်ဒါကတော့ ဘုရားဘက်ပြောင်းတာပဲ ကောင်းတာလုပ်တာလို့ ပြောကြမယ်။ ဘာမှမဆိုင်ဘူး အသေအချာကြည့်ရင် ဟိုဘက်ကလည်း ဝါဒတစ်ခု သည်ဘက်ကလည်းဝါဒတစ်ခု ဘယ်အဖွဲအစည်းကမှ သာတယ်မြတ်တယ်မရှိဘူး အားလုံးအတူတူပဲ။ အမြင်ကျဥ်းရင်တော့ လက်ဝဲရံနဲ့ လက်ယာရံ အလောင်းလျာနှစ်ပါး သစ္စာဖောက်ခဲ့ကြတာပါလား။

ဒီလိုအမြင်တွေ ငယ်ငယ်ကရှိခဲ့လို့ တစ်ချို့အတတ်ပညာတွေ မသင်လိုက်ရပဲ ဆုံးရှုံးခဲ့ဖူးတယ်။ ငယ်ငယ်က ရှိုတိုကန်စတိုင် ကာရာတေးကို နှစ်တော်တော်ကြာအောင် သင်ခဲ့ဖူးတယ်။ ခေတ်သစ်ဘာသာပြန်တော့ လက်နက်မဲ့ဆိုပြီး လက်နက်ပါတဲ့ အရာတွေကိုမသင်ခဲ့မိလို့ အဖေ့ဆီက အိုကီနားဝါး ကာရာတေးဖြစ်တဲ့ လက်နက်ပါတဲ့ အတတ်ပညာတွေကို မသင်ဖြစ်လိုက်ဘူး။ သင်ပေးမယ့်သူမရှိတော့တဲ့ အချိန်ရောက်မှ Sai တစ်စုံရယ် နံရံမှာအလှချိတ်စရာ ဖြစ်သွားတာကို နောင်တရမိတယ်။ ဂိုဂျုရုက ကကွက်တွေကို ငါတို့ ရှိုတိုကန်ကဖြစ်လို့ မကစားဘူးလို့ ဂုဏ်ယူစွာပြောခဲ့ဖူးတာကို နောင်တရမိတယ်။ ရှိတိုရုနဲ့ ဂိုဂျုရုမှာ အင်မတန်ကောင်းတဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ကကွက်တွေရှိတယ်။ ငါ့အဖေဆီက တစ်စိတ်တစ်ပိုင်း မရလိုက်တာ အင်မတန်နစ်နာတယ်။ ငယ်ငယ်က သင်ခဲ့တဲ့ ကာရာတေးအသင်းမှာ ပြောပြောနေတဲ့ Yagyu Shinkage Ryu ဆိုတာက ရှေးအကျဆုံး မဟုတ်ဘူးဆိုတာ အချိန်မနှောင်းခင် သိလိုက်တာကံကောင်းခဲ့တယ်။

ဒီလိုအမြင်တွေ ရှိခဲ့ပြီးတဲ့နောက် သစ္စာဖောက်တယ်ပဲ ပြောပြောလုပ်ဖူးတဲ့ အကြောင်းတွေကိုပြောရမယ်ဆိုရင် အများကြီးပဲ။ စာဖတ်ပြီးသင်ဖူးလဲ ဆရာပဲလို့ပြောရမယ်ဆိုရင် ပြက္ခဒိန်အတွက်သင်တုန်းက ပထမဆုံးသင်ခဲ့တဲ့ သံဒိဋ္ဌတွက်နည်းကို ဗမာပြည်မှာရှေးအပြိုင်ဆိုတဲ့ ဦးသန်းမောင်နဲ့ ဦးကျော်ငြိမ်းဆိုတာ အပိုင်းကိန်းလေး ဒဿမတစ်လုံး နှစ်လုံးလွဲတာနဲ့ သူမှန်တယ်ငါမှန်တယ် ငြင်းနေကြတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် နှစ်ယောက်လုံးတစ်ယောက်မှ မမှန်ဘူး သူရိယသိဒ္ဓန္တနဲ့ယှဥ်ရင် ကိန်းကြမ်းလွန်းတယ်။ လက်ဦးဆရာလို့ ခေါ်ရမယ့် ဦးလေးဖြစ်တဲ့ ဦးအေးကိုကို ဒီလောက်တတ်ရုံနဲ့တော့ ဦးလေးဆီမှာတစ်သက်လုံး တပည့်ခံပြီးသင်မနေဘူးဆိုပြီး သူရိယသိဒ္ဓန္တကို သင်ပေးနိုင်မယ့် ဆရာဆီကိုပြောင်းခဲ့တယ်။ အတတ်ပညာတွေ အများကြီးတစ်ပြိုင်နက် သင်လို့မရအောင် ကန့်သတ်ထားတဲ့ အသင်းကနေငါထွက်ခဲ့တယ်။ အဘိုးဆရာလို့ခေါ်ရမယ့် Burma Aikikai ကိုတည်ထောင်တဲ့ Aritomo Murishige ဆိုတာ အင်မတန်နာမည်ပျက်တဲ့ လူသတ်သမားလို့ အမည်တွင်တယ်လို့ နားမခံသာပေမယ့် လူသိအောင်ပြောတယ်။ စင်ကာပူက နည်းပြချုပ်ကို အသင်းသားတွေ လက်နက်အတတ်ပညာ ည့တယ်လို့ အားမနာတမ်းဝေဖန်ဖူးတယ်။ ဒါပေမယ့် ဘယ်အချိန်ပဲဖြစ်ဖြစ် သူတို့ဟာငါ့ဆရာတွေပဲလို့ လက်ခံပြီးဖြစ်နေလို့ ဘယ်လိုမှ သစ္စာဖောက်ခဲ့တယ်လို့ တစ်ခါမှမခံစားမိဘူး။

11
Sep 09

တိုက်ဆိုင်မှု့များ

မနက်ကလည်း အိပ်ယာထကလည်း နောက်ကျတာနဲ့ ကျောင်းကိုသွားအိမ်ကထွက်တော့ ကိုးနာရီကျော်လောက် ဓာတ်လှေကားထဲကျမှ ဘာလို့မှန်းမသိဘူး သောကြာနေ့ ကိုးနာရီကျော်ဆိုတော့ တနင်္လာအခါပဲလို့ စိတ်ထဲကသတိရလိုက်တယ် အဲဒါတွေက စိတ်မဝင်စားတာ ကြာပါပြီ သင်တုံးကတော့ ဗဟုသုတဆိုပြီး သင်လိုက်တာပဲကိုး ယုံလို့သင်တာမှ မဟုတ်တာပဲ အတတ်ပညာတစ်ခု ပိုတတ်ရင်နည်းသလားဆိုပြီး ရည်ရွယ်တယ်။ ဘုရားဖြစ်စဥ်နဲ့ပြောရရင် တောထွက်တဲ့အခါဆိုတော့ တစ်ချို့ကလည်း အပြောင်းအရှေ့ရှိတတ်တယ်တို့ လောကီရေးရာည့ပြီး လောကုတ္တရာ အလုပ်ဆိုရင် ကောင်းတဲ့အခါလို့ ပြောကြတာပဲ။ စဥ်းစားကြည့်တော့ တိုင်မှာက ကိုယ့်မွေးနံကအောက်ဆုံးမှာ စိတ်ထဲကတော့ ထင့်သွားတယ် ငါများ အပြောင်းအရှေ့ရှိသလားပေါ့ အိမ်တော့မပြောင်းရတာ သေချာတယ် ပြောင်းတာမဟုတ်ရင်တော့ လောကီည့တယ်ဆိုတော့ ဒီနေ့များ ဆရာနဲ့တွေ့ရတာ ပြင်စရာများပြီး ပြန်လာရမလား စိတ်ကလည်းနည်းနည်း တစ်မျိုးဖြစ်မိတယ်။

—–
—–

ဖြစ်ချင်တော့ မွေးနံကို စီးထားတာက တနင်္ဂနွေဆိုတော့ ဆရာသမားက ထုထောင်းတာလည်း ဖြစ်နိုင်တာပဲကိုး။ ဓာတ်လှေကားက အပြင်ထွက်တော့ ခွေးသေးသေးဖြူဖြူလေးကို တွန်းလှည်းလေးနဲ့ တင်ခေါ်လာတာ တွေ့ပါရောလား။ တနင်္လာမှာ တနင်္လာနိမိတ်မြင်တော့ သေချာပြီ ဒီအတိုင်းပဲ မပြောင်းလဲဘူးဆိုတာများလားပေါ့။ Lab ထဲဝင်တော့လည်း လူကခပ်တွန့်တွန့် ဆရာနဲ့ဘွားကနဲများ တွေ့မလားပေါ့ အထဲရောက်တော့လည်း မမြင်မိပါဘူး ဒါနဲ့ နောက်ခန်းထဲက ကိုယ့်အလုပ်စားပွဲမှာ သွားထိုင်နေပြီး လုပ်စရာရှိတာလုပ် နာရီကြည့်တော့ ၁ဝ နာရီ စန္ဒြောအခာကလည်း မကုန်သေးဘူးလေ။ အဲလိုနေတုံး Lab ထဲက အော်ပိုရေတာက တွန်းလှည်းနဲ့ ရောက်လာပါရော ခန်းမထဲမှာ စားပွဲတွေလွတ်လို့ ဟိုဘက်ပြောင်းရမယ်တဲ့ ပစ္စည်းတွေသိမ်းပါတဲ့။ မပြောင်းလို့မရဘူးလားဆိုတော့ မရဘူးတဲ့ မင်းဆရာက မင်းကိုရှာရခက်လို့ ခန်းမထဲကစားပွဲတစ်နေရာ လွတ်တာနဲ့ သူ့ကြီးကြပ်နေတဲ့လူတွေအကုန် တစ်နေရာတည်းမှာ စုပေးပါဆိုလို့ ပြောင်းကိုပြောင်းရမယ်တဲ့။

ပြောင်းတော့ မပြောင်းချင်ဘူးလေ အင်တင်တင်ပေါ့ ပြောင်းလိုက်တယ်ဆိုရင် အထုအထောင်းတော့ မဖြစ်တော့ဘူး ယတြာကျေပြီလို့တော့ စိတ်ကထင်လိုက်မိသား။ ပြောင်းဆိုတော့ ပြောင်းရတာပေါ့ ဖြစ်ချင်တော့ သူများလိုနှစ်ယောက် ကျောချင်းကပ်မဟုတ်ဘူး ဒေါင့်ဆိုတော့တစ်ယောက်တည်း ပရင်တာတစ်လုံးဘေး ဖြစ်နေတော့ သူများပရင်လာထုတ်ရင်တော့ နည်းနည်းဆူတယ် ကျယ်ကျယ်လွင့်လွင့်လည်း ဖြစ်သွားတာပေါ့။ ကံဆိုးချင်တော့ အေးလိုက်တဲ့ဖြစ်ခြင်း ခန်းမထဲဆိုတော့ အပူချိန်က ပြင်မရဘူး အနောက်ထဲက အခန်းကကျဥ်းတော့ အထဲကလူချင်းညှိပြီး အပူချိန်ပြန်တင်ထားကြတာ။ အနွေးထည်ရှိတာပဲလေဆိုပြီး နေလိုက်တာ ညနေလည်းရောက်ရော ခေါင်းတွေကိုက်လွန်းလို့ အပြင်ထွက်နေရတယ် မဖြစ်သေးဘူး ခေါင်းဆောင်းပါနဲ့ အနွေးထည်တော့ ဝယ်မှဖြစ်တော့မယ်။ နောက်မှ ပြန်စဥ်းစားတယ် ဒါလည်း အပေါ်စီးကနေ ခေါင်းကိုထုထောင်း လိုက်သလိုပါပဲလားနော်။

1
Sep 09

Canonical Color Theory, Illusions and Application Areas

တစ်ခါတစ်ခါမှာတော့ Medical Science နဲ့ Social Science ဆန်တဲ့ Information Science ဟာ တစ်ခါတစ်လေတော့ ဆက်စပ်နေပြန်တယ်။ ဒါလည်းမထူးတော့ မထူးဆန်းပါဘူးလေ ပန်းချီကျောင်းမှာ ခန္တာဗေဒသင်ရတာပဲဟာ။ အရောင်အကြောင်းပြောမှတော့ မျက်စေ့အကြောင်းရယ် Canonical Color Theory ဆိုတာရယ်ကတော့ ဘယ်ပြေးလွတ်ပါ့မလဲ။ မျက်စေ့ဆိုတာကလည်း ကွန်ပျူတာလိုကြည့်ရင် Input ရယ် Output ရယ်နှစ်ခုပဲပါတယ်။ Input မှာက အရောင် သုံးမျိုးပဲလက်ခံတယ် အဲဒါတွေကို Canonical မှာက Cone လို့ခေါ်တယ် လွယ်လွယ်ပြောရရင် RGB သုံးခုပါပဲ။ Output ကလည်း သုံးခုထွက်တယ် အဲဒါကိုကျတော့ Channel လို့ခေါ်ပြန်ရော Channel တစ်ခုက အဖြူအမဲ ခွဲပေးတယ် အဖြူအမဲက RG အပေါ်မှာမူတည်ပြီးခွဲတာပဲ။ ကျန်တဲ့ Channel နှစ်ခုကတော့ Input သုံးခုရဲ့ခြားနားခြင်းတွေနဲ့ ကြားကအရောင်တွေခွဲပေးရတာပဲ။ အဲဒါတွေ အသေးစိတ်ရေးရင် ရှုပ်ကုန်မယ်။

ပြဿနာက Input ကန့်သတ်ချက်ရယ် အရောင်ခွဲတဲ့ Channel အခက်အခဲရယ်ကြောင့် အမြင်နဲ့အပြင်က ခြားနားမှု့တွေ ဖြစ်လာပြန်ရော ဒါကိုတော့ Illusion လို့ခေါ်ပြန်ရော။ Illusion ကိုဘာကြောင့် လေ့လာပြန်သလဲမေးစရာ ဖြစ်ပြန်တယ်။ အဖြေကတော့ ဝေ့ဝိုက်ဖြေနေရင် ရှုပ်ပါတယ် တစ်ခွန်းထဲပြောရင်တော့ ဘယ်လို အခြေအနေမှာ ဘယ်လိုအရောင်တွေ ပေါင်းလိုက်ရင် ဖွဲစည်းပုံမှားရင် Illusion ဖြစ်တတ်တယ် သိရင် Illusion မဖြစ်အောင် ရှောင်နိုင်ဖို့လေ့လာတာပါ။ Illusion ဆိုတာကို ပြောရရင် အောက်မှ ပြထားတဲ့ ပုံမှာ ငြိမ်သက်နေတဲ့ ပုံကိုဘာလို့ လှုပ်ရှားနေတယ်လို့ ထင်ရသလဲ။

rotsnake

Illusion ပုံတွေထပ်ပြီး ကြည့်ချင်ရင်တော့ Michael Bach ရဲ့ Optical Illusions and Visual Phenomena ကိုသွားကြည့်ပါ။ အလှကြည့်တာဆိုရင်တော့ ကြည့်ရတာလွယ်ပါလိမ့်မယ်။ ဘာ့ကြောင့်ဆိုတာကို သိချင်ရင်တော့ ရှင်းလင်းချက်ကို အသေအချာ ဖတ်ရပါလိမ့်မယ် အသေအချာ သုတေသန လုပ်ထားတဲ့ အရာတွေ ဖြစ်လို့ ဖတ်ရတာ ခက်ကောင်းခက်နေပါလိမ့်မယ်။

ဒါတွေကို ဘယ်နေရာမှာသုံးသလဲ Web Design လုပ်ရင် သုံးဖို့ ဆောင်ရန်ရှောင်ရန်တွေ သိဖို့သင်တယ်ဆိုရင် အမြင်ကျဥ်းရာကျတယ် ဘာကြောင့်လဲဆိုတော့ တစ်ချို့ဆောင်းပါးတွေက ၁၉၅ဝ လောက်ကတည်းက ရေးထားတာတွေပါတယ် အဲဒီ့ခေတ်က ဘယ်မလဲ Web Site ဒီတော့ အရောင်နဲ့ ပါတ်သက်သမျ အမြင်နဲ့ ပါတ်သက်မျနေရာတွေမှာ သုံးတတ်မယ်ဆိုရင် အသုံးတည့်ပါတယ်။ မသုံးတတ်ရင်တော့ ဘယ်လောက်သင်ခဲ့သင်ခဲ့ ထူးမလာပါဘူး။

ကွန်ပျူတာနဲ့ မသက်ဆိုင်တဲ့ အတတ်ပညာတစ်ခုကို ကြည့်လိုက်ဦးမယ် သူလည်း အရောင်ပေါင်းစပ်မှု့ကို သုံးပြီးတော့ အမြင်အာရုံနဲ့ ဆွဲဆောင်မှု့ကနေ စတင်ထားတယ်။ သူ့မှာတော့ အရောင်ကန့်သတ်ချက်ရှိတယ် အဖြူ၊ အနီ၊ အစိမ်း၊ အဝါ ဆိုပြီးပဲ သုံးခွင့်ရှိတယ် ကျန်တဲ့အရောင်တွေက ပါကောင်းပါမယ် ဒါပေမယ့် အင်မတန်ရှားပါတယ်။ အရောင်လေးခုကိုပဲသုံးပြီးတော့ ဘယ်လိုအသုံးချတယ်ဆိုတာ နမူနာကြည့်လိုက်ပါဦး။

ဟင်းချက်တတ်ဖို့ ဟင်းအလှဆင်တတ်ဖို့ ဒါမျိုးတွေ တက္ကသိုလ်မှာ သင်စရာလိုသလားလို့ မေးရင်တော့ မလိုပါဘူးလေ ဒါပေမယ့် ဟင်းအလှဆင်တာကိုလည်း Canonical Color Theory အနေနဲ့ကြည့်ရင် ဒါမျိုးကြည့်လို့ရတယ်လို့ ဆိုလိုတာပါ။ ဘာပဲဖြစ်ဖြစ် သုံးစရာနေရာက ပေါများပါတယ် အသုံးချတတ်ဖို့သာ ခက်ခဲနေတာပါ။

Switch to our mobile site

WP SlimStat