Archive for October, 2009

31
Oct 09

ကန်စွန်းမြစ်ယို ချိုချိုလေး

ငယ်ငယ်ကတည်းက ကန်စွန်းဥဆိုရင် သိပ်ကြိုက်တာပဲ ပြုတ်ပြီး ဆီနဲ့ဆားနဲ့တို့စား။ နောက်တော့ တစ်ခါတစ်လေ မာမီက ကန်စွန်းဥကို ယိုထိုးပေးတတ်တယ် အောက်ပြည်အောက်ရွာမှာတော့ ကန်စွန်းဥ ဟာလဝါခေါ်မယ်ထင်တယ် သိပ်တော့မသေချာပါ။ မြေပဲဆန်လေး အုန်းသီးကြော်လေးနဲ့ ကန်စွန်းဥယိုချိုချိုလေးကို အရမ်းကြိုက်တယ်။ တစ်ခါတစ်လေ မာမီမအားတော့ လုပ်မပေးနိုင် ဒီတော့အဖေဖြစ်သူကို အပူကပ်ရတယ်။ အဖေဖြစ်သူကလုပ်ပေးပါတယ် ဒါပေမယ့် သူ့မူအတိုင်း တစ်ခါပဲလုပ်ပြပေးမယ် နောက်မင်းစားချင်ရင်မင်းဟာမင်းလုပ် ခက်ခဲတဲ့အလုပ်လည်း မဟုတ်ဘူးတဲ့။ ဒီလိုနဲ့ပဲ ငယ်ကတည်းက ကန်စွန်းမြစ်ယိုထိုးတတ်တာပါပဲ။

အခုလည်း ကန်စွန်းဥတွေတွေ့လို့ စျေးကနေဝယ်လာဖြစ်တယ် အရင်အပါတ်တွေကလည်း မအားလို့သိပ်ပြီး ချက်မစားနိုင်ဖြစ်နေတာနဲ့ နည်းနည်လေး အလုပ်ပါးချိန်လေးတစ်ခုခုတော့ လုပ်စားဦးမယ်ရည်ရွယ်တာပါ။ ကန်စွန်းဥယိုလုပ်ရတာ သိပ်မခက်ပါဘူး လွယ်ပါတယ်။ လိုအပ်တာတွေကတော့ (၁) ကန်စွန်းဥ (၂) မြေပဲလှော် (၃) သကြား (၄) အုန်းသီးကြော် (၅) ထောပတ် (၆) ဆီ (၇) ဆားနည်းနည်း ဒီလောက်ဆို အကုန်စုံပါတယ်။ အုန်းသီးကြော်တော့ မကြော်နိုင်တာနဲ့ မထည့်ဖြစ်တော့ဘူး။

ကန်စွန်းဥကိုပြုတ်ပြီးရင် အခွံခွာပြီး ခြေထားလိုက်ပါတယ်။ ပြီးရင်တော့ ဒယ်အိုးမှာဆီထည့် ထောပတ်ထည့်ပြီး ဆီပူအောင်တယ်ပါ။ ဆီမထည့်ချင်လည်း ထောပတ်ပဲ ထည့်ချင်တယ်ဆိုလည်း ဖြစ်ပါတယ်။ ပြီးရင်တော့ ဆီထဲကို သကြားထည့်ပါ။ သကြားအရောင်နီလာပြီး အရည်ပျော်တဲ့အချိန်အထိ စောင့်နေပါ အရည်ပျော်ပြီးနီလာပြီဆိုတာနဲ့ ခြေထားတဲ့ ကန်စွန်းဥတွေကိုထည့်ပါ။ နောက်ကျလို့မရပါ နောက်ကျရင်တော့ သကြားတူးသွားပြီး အရသာနည်းနည်း ခါးသွားတတ်ပါတယ်။ ဒါကို အနောက်တိုင်း ဟင်းချက်နည်းမှာတော့ Caramelization လို့ခေါ်ပါတယ် သကြားနဲ့ အရောင်ဆိုးတာပါ။ Rum အရက်ကို အရောင်နီအောင်လည်း သကြားလှော်နဲ့ဆိုးထားတာပါ။ တစ်ချို့ကတော့ သကြားကို ကန်စွန်းဥနဲ့ ရောနယ်ပြီး ဒယ်ပေါ်မှာပဲအရောင်နီလာတဲ့အချိန်အထိ မှေလေ့ရှိပါတယ် ဒါလည်းကောင်းပါတယ် ဒါပေမယ့် စိတ်မရှည်ပဲချလိုက်ရင်တော့ ကန်စွန်းဥယို အရောင်မလှတော့ပါဘူး အနီရောင်မသမ်းလာတော့ပါဘူး။ ဒယ်အိုးထဲမှာ သကြားအနီရောင်နဲ့ ကန်စွန်းဥကို သမအောင်မှေပါ ဆားနည်းနည်းထည့်ပါ ပြီးရင် ကန်စွန်းဥအပေါ်မှာ ဆီလေးတွေ ပြန်လာတဲ့အထိ မှေရပါမယ် ထမင်းနဲ့ထိုးသလိုဖြစ်နေလို့ နည်းနည်းတော့ပင်ပန်းပါတယ်။ ဆီပြန်လာပြီ ထောပတ်နံလေးမှေးလာပြီဆိုရင်တော့ မြေပဲလှောအခွံခွတ်ထားတာလေးတွေ ထည့်လို့ရပါပြီ။ ဒါဆိုရင်တော့ ကန်စွန်းဥယို ချိုချိုနဲ့ ထောပတ်န့ မှေးမှေးလေးရပါပြီ။ ဘလော့အလည်လာသူများ သုံးဆောင်သွားကြပါဦး။

30
Oct 09

Security Analysis And Data Visualization

စာရေးမယ်ဆိုတော့လည်း လိုင်းစုံအောင်ပြန်ရေးမယ်စဥ်းစားတယ် လာတဲ့လူတွေကလည်း လိုင်းစုံတယ် လျောက်ရေးတာတွေပဲ ဖြစ်နေပြန်လည်းမဖြစ်ဘူး နည်းပညာသက်သက်ရေးတဲ့ ဘလော့အဖြစ် သက်သက်လည်း လုပ်ဖို့အစီအစဥ်မရှိပြန် ဒီတော့လိုင်းစုံအောင်ရေးဦးမယ်။ ရောက်တတ်ရာရာရေးလိုက် ကိုယ်စိတ်ဝင်စားတဲ့ နည်းပညာအကြောင်းပြောလိုက်ပေါ့။ နည်းပညာဆိုတော့လည်း ခက်တော့အခက်သား သူများလိုလည်းကိုယ်ကမလုပ်တတ် စက်ပျက်တောင် စိတ်ရှုပ်မခံဘူး System Restore လုပ်ချလိုက်တာကိုး တိုလီမိုလီလည်း မပြင်တတ်ဘူး တစ်ခါတစ်ခါလာမေးတယ် ဘလော့ကို အလှဆင်ချင်တာတဲ့ မသိဘူးခင်ဗျလို့ ပြောတော့စိတ်ဆိုးတယ် ဟုတ်တယ်လေ သိမှမသိတာ ကိုယ်တောင် ကိုယ့်ဟာကိုယ်မရေးတတ်လို့ သူများရေးထားတဲ့ Template ယူတင်ထားတာလေ ပြောရင်ယုံမှာမဟုတ်ဘူး HTML Tag တွေတောင် အကုန်အလွတ်မရဘူး လိုရင်ပြန်ကြည့်ရတယ်။ ကိုယ်စိတ်ဝင်စားတာတွေ ရေးပြန်တော့လည်း ဘယ်သူမှ စိတ်မဝင်စားပြန်ဘူး။
ဒီရက်ပိုင်းတော့ Information တွေကို Visualize လုပ်တာတွေ ဖတ်နေတာများတော့ အဲဒါတွေပဲစိတ်ရောက်နေတယ်။ Data တွေကို Visualize လုပ်ထားရင်လည်း Information ဖြစ်လာတာပါပဲ ဒါကိုလည်း Information Visualization ထဲမှာပါတာပါပဲ။ အခုနောက်ပိုင်းတော့ Information Visualization ကို Information Retreival တွေမှာသုံးနိုင်ရင်တော့ ပိုပြီးကောင်းမယ်လို့ မြင်မိတယ် ဒါပေမယ့် အခုထက်ထိ Information Retreival ဆိုတာကလည်း Google တောင် 2nd Generation ကနေ ဆယ်စုနှစ်တစ်ခုရှိပြီ မတက်လာသေးဘူး။ 3rd Generation မှာတော့ Information Visualization ကအရေးပါတဲ့ အခန်းကနေပါလာမှာတော့ သေချာပါတယ်။ အခုထက်ထိတော့ ဒီနှစ်ခုပေါင်းစပ်ရေးဟာ သုတေသန ခန်းထဲကကိုထွက်မလာနိုင်သေးဘူး။
ဒီနေ့တော့ မတူညီတဲ့အစွန်းနှစ်ဘက် ပေါင်းထားတဲ့ စာတမ်းတစ်စောင်တွေ့လို့ဖတ်မိတယ်။ Computer Security နဲ့ Visualization ဘယ်လိုမှ ဆက်စပ်လို့မရသလောက်ပါ။ Computer Security ဆိုတာက Computer Technology သက်သက် ၉၀% လို့ပြောလို့ရပါတယ်။ Visualization ကတော့ Social Science ဘက်မှာ ၈၀% ရှိပါလိမ့်မယ်။ Security Tools တွေကနေ စုဆောင်းလို့ရလာတဲ့ Data တွေဟာ ပြောမယ်ဆိုရင် အင်မတန်ရှုပ်ထွေးပါတယ်။ Network အရွယ်အစားနဲ့ Data ပမာဏဟာ တိုက်ရိုက်အချိုးကျပါလိမ့်မယ်။ ဒီလို Data တွေကို Analyze လုပ်တဲ့နေရာမှာ Visualize Tools တွေက ဘယ်လိုအလုပ်တွင်ကျယ်စေတယ်ဆိုတာကို စနစ်တကျ ရေးပြထားတာပါ။ Presentation Style ကိုပြောပါဆိုရင် Usability အမြင်တွေကို Tools အမျိုးမျိုးနဲ့ ဥပမာပြထားပါတယ်။ Contribution အနေနဲ့ကတော့ Security နဲ့ ပါတ်သက်တဲ့ Data တွေအကြောင်းရယ် Capture ဘယ်လိုလုပ်သလဲရယ် နောက်ပြီးတော့ Data တွေကို Process ဘယ်လိုလုပ်သလဲလည်း ဆက်ရေးပါတယ်။ ပြီးရင်တော့ Process လုပ်ပြီးသား Security Related Data တွေကို Visualize လုပ်ပုံကို သက်ဆိုင်ရာ Data အလိုက် Tools အမျိုးမျိုးနဲ့ ပြောထားပါတယ်။ ပြီးရင်နောက် Visualized Data တွေကိုကြည့်ပြီး ဘယ်လို စီမံခန့်ခွဲရေးမှာ အသုံးဝင်မယ်ဆိုတာကို တင်ပြထားပါတယ်။
ကိုယ့်အမြင်ကိုပြောပါဆိုရင်တော့ Security အကြောင်း စိတ်မဝင်စားပေမယ့် Visualization ဘယ်လိုလုပ်တယ်ဆိုတာတွေတော့ စိတ်ဝင်စားမိပါတယ်။ ဖတ်မယ်ဆိုရင်တော့ Information Visualization ကိုလည်းနားလည်ရမယ် Domain Data ဖြစ်တဲ့ Security အကြောင်းလည်း အထိုက်အလျောက်သိရမယ် ဒါဆိုရင်တော့ ဖတ်လို့အဆင်ပြေမယ်ထင်ပါတယ်။ တစ်ဘက်ပဲသိတဲ့လူဆိုရင်တော့ သိပ်အလုပ်မဖြစ်ပြန်ဘူး တင်ပြထားတဲ့အကြောင်းအရာကို တစ်ဝက်ပဲဖတ်လို့ရသလိုဖြစ်နေပါမယ်။ ဘာမှမသိပေမယ့်လည်း ဗဟုသုတတော့ ဖတ်လို့အဆင်ပြေပါတယ် အခြေခံကျတဲ့စာတွေကနေ စပြီးလူတိုင်း နားလည်အောင်ရေးထားပါတယ်။ Security ဆိုတာ တံခါးပေါက်စောင့်လို့ပဲ သိတဲ့ကျွန်တော်တောင် ဖတ်လို့ရပါတယ်။ ကိုးကားဖို့ကတော့ အရမ်းခိုင်မာတဲ့နေရာက လာတဲ့စာတမ်းမဟုတ်လို့ ပြဿနာရှိပါတယ် နောက်ပြီးတော့ အခြေခံအကြောင်းအရာတွေပဲဖြစ်လို့ ကိုးကားလို့ကောင်းတဲ့ စာတမ်းလည်းမဟုတ်ပါ။

http://sourceforge.net/projects/sadv/

29
Oct 09

ဘလော့မားကက်တင်း

ဘလော့ကို လူဝင်ဖို့ဆိုတာက မားကက်တင်းဆင်းဖို့ကလည်း လိုသေးတာကိုးဗျ ကိုယ့်ဟာကိုယ် ဆတ်ဆော့ပြီးရေးတာတော့ ဟုတ်ပါတယ်လေ လာမယ့်မလူမရှိတော့လည်း တစ်ယောက်တည်း စကားပြောနေရသလို ငပေါကြီးဖြစ်နေတယ် မဟုတ်လား။ ဖတ်တဲ့လူက ကြိုက်ကြိုက်မကြိုက်ကြိုက် ကောင်းတယ်ပြောပြော မကောင်းဘူးပြောပြော Response တော့လို့တယ်ဗျ။ စာသိပ်မရေးတော့ လူလည်းသိပ်မလာတော့တာ ကြာပါပြီလေ စာမရေးလို့မလာတာလားဆိုတော့ ပြန်စဥ်းစားတော့ ဟုတ်လည်းဟုတ်တယ် ဟုတ်လည်းမဟုတ်ပြန်ဘူး အရင်ဆိုရင်စာမရေးလည်း ရေးပါဦးလို့တော့လာအော်ကြတယ်။
အသေအချာစဥ်းစားကြည့်တော့ ပထမတစ်ချက်က ကိုယ်ကလည်း သူများဆီသွားဦးမှ ကိုယ့်ဆီလည်း အနည်းဆုံးတော့ အားနာပြီးလာလည်မှာပေါ့။ အရင်ကတော့ အားနေတော့သွားပါတယ် တွေ့ရာဘလော့မှာ ဝင်ပြီးအာလူးဖုတ်တတ်ပါတယ် နောက်တော့ မအားလို့မရောက်ဖြစ်ရာကနေ မိတ်ဆွေတွေ အဆက်ပြတ်ကုန်တာဖြစ်မယ်။ ရောက်ရင်လည်းရောက်ကြောင်းတော့ ChatBox မှာအော်ခဲ့မှအဆင်ပြေမယ်လေ ကိုယ်ရောက်ခဲ့ပါတယ်ပေါ့။ အလည်မထွက်လို့ လူမဝင်တဲ့ဘလော့ကို ပြပါဆိုရင် ကိုကိုဒီဘီဘလော့ပဲ ပြရမယ်ထင်တယ် သူလည်းစာရေးပျက်ရာကနေ လူတွေသိပ်မလာဘူး ပြောနေတာ တစ်ကယ်က သူကမှမအားလို့ မလည်မထွက်နိုင်တော့တာကိုးဗျ။ အိမ်အလည်ထွက်လို့ လူအဝင်များတဲ့ ဘလော့ကို ပြပါဆိုရင် ဘွားကွန်ဘလော့ကတော့ လူအင်မတန်များသကိုး။ ဘွားကွန်ကတော့ သူပြောသလိုပဲ ဘလော့ကို ပရော်ဖက်ရှင်နယ်ရေးဆိုသလို အချိန်တယ်ပေးနိုင်တယ် လာတဲ့လူကိုလည်း ချိုချိုသာသာဧည့်ခံတတ်တယ်။ ဘလော့ဘယ်လောက်များများ လာသွားတယ်ဆိုရင် ပြန်ပြီးအလည်လာတတ်ပါတယ်။ ဒါ့ကြောင့်လည်း လူချစ်လူခင်များသကိုးဗျ။ ကိုယ့်လိုလူကတော့ လာလည်လည်း သွားတော့လည်တယ် မတော်မတည့်တွေ လျောက်လျောက်ပြောခဲ့တော့ လူအမြင်ကပ်သပေါ့။
နောက်တစ်ချက်က ဘလော့ဂါကိုပြောင်းလိုက်တာရယ် ဒိုမိန်းနာမည်ပြောင်းလိုက်တာရယ်ကလည်း တစ်ချက်ပါမယ်ထင်တယ်။ နာမည်အသစ်က မှတ်ရခက်သတဲ့ ဟုတ်တော့လည်းဟုတ်ပါတယ် ဘိုနာမည်ရွေးလိုက်မိတာကိုး။ ဘိုနာမည်ရွေးလိုက်တာက အစက ဘိုလိုလည်းရေးမလို့ပါ ဒါပေမယ့်လူကငပျင်း ဘိုလိုရေးတဲ့ဘလော့ကို အခုထက်ထိ မစဖြစ်သေးဘူး။ အစက Free Host တစ်ခုမှာတင်ထားတော့ ကံဆိုးချင်တော့ Database Server ကခဏခဏ ဒေါင်းသကိုး Database နဲ့ Research လုပ်တဲ့လူ Database ပြဿနာတက်သလားလို့ ရွဲ့မေးချင်မေးကြပါမယ် အလကားရတာသုံးတော့ အတွန့်တက်လို့မရဘူးကိုးဗျ။ ဒါနဲ့စိတ်ရှုပ်တာနဲ့ ဘလော့ဂါကိုပြောင်းလိုက်တယ်။ အရင်လည်းကိုယ့်ဒိုမိန်းနဲ့ကိုယ် သုံးနေတာဆိုတော့ ပြောင်းလည်းပြဿနာမဟုတ်ပါဘူး ဗမာပြည်ကလူလည်း ဝင်လို့ရပါတယ် ပြဿနာက Comment ရေးမရဘူးတဲ့ ဒီတော့ဘာလုပ်ရမယ်မသိတော့ဘူး Hosting တစ်ခုပဲဝယ်ပြီး ပြန်တင်မယ်စိတ်ကူးပြန်တော့ ဘလော့ဂါလို အလုပ်ရှုပ်ကင်းပြီး Performance ကောင်းတဲ့ဟာကိုလည်း လက်ကမလှတ်ချင်ပြန်ဘူး။ Comment ကိစ္စကတော့ တစ်မျိုးစီစဥ်ရဦးမယ် မရရင်တော့ ကိုယ့်ဟာကိုယ်ပဲ ပြန်ပြောင်းရမှာပဲ မတတ်နိုင်ဘူး။
ဒါနဲ့အခုရက်ပိုင်း မားကက်တင်းပြန်ဆင်းနေရတယ် ဘလော့လည်ထွက်ချိန် တစ်နာရီသတ်သတ်ဖယ်ထားရတယ် မားကက်တင်းကောင်းလို့ထင်တယ် Statistic တွေပြန်စစ်တာ တော်တော်တိုးတက်လာတယ် Return Back တွေ Duration တွေပြန်တက်လာတယ်။ သြော်…. မဖြစ်သေးပါဘူး ဘလော့မားကက်တင်းလေး လုပ်ထားဦးမှပါ မဟုတ်ရင်ဘလော့လည်း သရဲခြောက်မှာကြောက်ရတယ်။
24
Oct 09

ကိုယ်ယုံကြည်ရာ

ကိုယ်ယုံကြည်ရာဆိုပြီး တဂ်လုပ်တော့ ဘာရေးရမှန်းမသိဘူး ဘယ်ဟာကိုယ့်ကြည်မှန်းကို မသိဘူးလေ ဒါ့ကြောင့်ကျွန်တော် ယုံကြည်ဖို့အတွက် ဘယ်လို့ဆန်းစစ်သလဲပဲ ရေးထားလိုက်ပါတယ်။ အဆိုပြုချက်တစ်ခုကို ယုံကြည်တာသက်သက်တော့ ကျွန်တော့််မှာမရှိပါဘူး လက်ခံပြီးမှသာ ယုံကြည်ပါတယ်။ လက်ခံဖို့အတွက် ကျွန်တော်ကတော့ အမြင်အမျိုးမျိုးက အထောက်အထား ခိုင်ခိုင်လုံလုံ မြင်ချင်ပါတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံရရင် လက်ခံပြီလားဆိုတော့ ကျွန်တော်လက်မခံသေးပါ ဘာလို့လဲဆိုတော့ အထောက်အထားပြတဲ့အထိက သူများပြောတဲ့အခြေအနေပဲရှိနေသေးလို့ပါ။ ပြထားတဲ့အထောက်အထား မှန်ကန်မှု့ရှိမရှိရယ် အထောက်အထားအားလုံးကို ခြုံင့်သုံးသပ်တာရယ်က ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်ပါတယ် အားလုံးဆီလျော်မှု့ရှိမှသာ မှန်ကန်ကြောင်းလက်ခံပါတယ်။ အဲဒီ့မှန်ကန်ကြောင်း မပျက်ပြယ်သ၍ကျွန်တော် အဆိုပြုချက်ကို လက်ခံယုံကြည်ပါတယ်။ ပါဠိလိုဆိုရင် ဝိဘဇ္ဇဝါဒ လို့ပြောလို့ရပါလိမ့်မယ်။
ကျွန်တော်ဟာ ဘယ်ဘာသာမှမကိုးကွယ်မယ့်ကြည်တဲ့ လူတစ်ယောက်ဆိုကြပါစို့။ ကျွန်တော့််ကိုဘာသာတစ်ခုက သူတို့ဘာသာထဲကို ဝင်ပါဆိုပြီးဆိုလာမယ်ဆိုရင် ပထမဆုံးဘာကြောင့် ဝင်သင့်တယ်ကို မေးရပါလိမ့်မယ်။ သူတို့ပြောသမျကိုနားထောင် သူတို့ပေးတဲ့စာအုပ်စာတမ်းများကိုပဲဖတ်ပြီး လက်ခံဖို့ကြိုးစားမှာမဟုတ်ပါဘူး။ အခြားသောဘာသာများ အကြောင်းကိုလည်း လေ့လာမှာဖြစ်ပါတယ်။ လေ့လာတယ်ဆို့နေရာမှာလည်း ဖြစ်နိုင်သ၍လေ့လာတဲ့ဘာသာကို တည်ထောင်တဲ့ ပုဂ္ဂိုပြောတဲ့ မူရင်းနဲ့အနီးစပ်ဆုံးလို့ လက်ခံနိုင်ဖွယ်ရှိတဲ့ အထောက်အထားများကို ဦးစားပေး လေ့လာမှာဖြစ်ပါတယ်။ ပြီးရင်တော့ စုဆောင်းထားတဲ့ အထောက်အထားအစုံကို အခြေခံပြီး အဆိုပါဘာသာဟာ အခြားသောဘာသာများထက် လက်ခံယုံကြည်နိုင်ဖွယ်ရှိမရှိကို ကိုယ်ပိုင်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ပြီးမှသာ လက်ခံယုံကြည်ဖွယ်ရှိရင် လက်ခံယုံကြည်မှာပါ။ အခြေခံထားတဲ့အချက်အလက်တွေ မှားယွင်းတယ်လို့ နောက်ပိုင်းမှထပ်ပြီး သိလိုက်တယ်ဆိုရင် ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းဖို့ ဝန်လေးမည်မဟုတ်ပါဘူး။
ဒီလိုစဥ်းစားတတ်တဲ့ အကျင့်အတွက်ကြောင့် ဝေဖန်တာကို ဘယ်တော့မှ စိတ်မဆိုးပါဘူး ကျွန်တော်မှန်တယ်လို့ လက်ခံထားတဲ့ လုပ်ဆောင်ချက်တစ်ခုကို ကြိုက်တယ်ပြောလည်း သဘောမကျသလို မကြိုက်ဘူးပြောလည်း စိတ်မဆိုးပါဘူး ဘာ့ကြောင့်လဲဟု အမြဲမေးလေ့ရှိပါတယ်။ သူတို့ပြောတဲ့ဘာကြောင့်ဆိုတာက ကျွန်တော်မှန်တယ်လို့ လက်ခံထားချက်ကို ချေဖျက်နိုင်မယ်ဆိုရင် ကိုယ်မှန်တယ်လို့ ယူဆထားတဲ့ လုပ်ဆောင်ချက်ကို မှားသွားပါတယ်လို့ ပြောဖို့လက်မနှေးပါဘူး ကျွန်တော်မှားသွားခဲ့လို့ နစ်နာခဲ့သူရှိခဲ့မယ်ဆိုရင်လည်း ကျေနပ်အောင်တောင်းပန်ဖို့ ဝန်မလေးပါဘူး။ သို့ပေမယ့် ကျွန်တော်မှန်တယ်လို့ လက်ခံထားချက်ကို မဖျက်နိုင်ဘူးဆိုရင်တော့ ဘယ်သူ့မျက်နှာအတွက်နဲ့မှ ဟန်ဆောင်ပန်ဆောင် ဆောရီးပဲဗျာလို့ကို ပြောလေ့မရှိပါဘူး။ ဒါ့ကြောင့် အများကလူ့ခွစာလို့ ပြောကြပုံရပါတယ်။ အဲဒါဆိုရင်လည်း ဘာလို့လူ့ခွစာလို့ ပြောသလဲလို့ ပြန်မေးရပါလိမ့်မယ်။ ဒါတွေကတော့ ကျွန်တော်လက်ခံယုံကြည်ဖို့ဆန်းစစ်တဲ့ ဝိဘဇ္ဇဝါဒပါ။
23
Oct 09

လူပြဿနာလား ယူပြဿနာလား

လူတွေ ယူတွေနဲ့ မတော်မတည့်ဖြစ်နေတာ မြင်ရပါများနေပြီ ဗမာပြည်က ထွက်လာတော့ ဒီပြဿနာတွေ မကြားရတော့ဘူး မှတ်နေတာပါ။ ဗမာပြည်မှာဆိုတော့လည်း ရှိတဲ့ ယူနီဗာစီတီကို ပုံချလိုက်တယ် ဒင်းတို့ကမှ တတ်အောင်မသင်တာတဲ့ ဟုတ်ပါတယ် ကျောင်းတွေရဲ့ လိုအပ်ချက်တွေကတော့ အများကြီးပါ ဒါပေမယ့် ထပ်ပြီးကွန့်မေးမိတယ် ခင်ဗျားတို့ကရော ကိုယ့်ဟာကိုယ် တတ်ဖို့ဘယ်လိုများ ကြိုးစားသလဲလို့ မေးမိပြန်တော့ ငါတို့က မင်းလိုမချမ်းသာဘူး သင်တန်းတွေမတက်နိုင်ဘူးတဲ့။ ဒီတော့ထပ်ပြောရပြန်တယ် ကျွန်တော်လည်း မချမ်းသာပါဘူး ခင်ဗျားတို့ပြောတဲ့ သင်တန်းဆိုတာကိုလည်း အမျိုးအစား ၂ မျိုး ၃ မျိုးပဲ တက်ဖူးပါတယ် အားတိုင်းသင်တန်းတက်နေတဲ့ လူမျိုးမဟုတ်ပါဘူး သင်တန်းတက်ရင် စာတတ်တယ်လို့ ယုံကြည်တဲ့လူလည်းမဟုတ်ပါလို့ ပြောမိပြန်တော့ အားလုံးကမျက်စောင်းထိုးကြတယ်။ ဒီသတင်းကို ကျွန်တော်တက်တဲ့ ယူနီဗာစီတီက လက်ချာရာများက ကြားတော့ သူတို့ကိုထောက်ခံသူရှိတယ်ဆိုပြီး ပျော်ကြပါတယ်။ လက်ချာရာများက လူရှေ့မှာချီးကျူးပါတယ် ဒီကလေးပြောတာ သိပ်မှန်တယ်တဲ့ အဲဒီ့မှာ ပြဿနာတက်တာပဲ ကိုယ်ကလည်း သူတို့နဲ့ဆိုင်တဲ့ စကားကို ထပ်ပြောမိပြန်တယ် ဘာမှမလေ့လာပဲ ငုတ်တုတ်ထိုင်နေတဲ့ လက်ချာရာများလည်း သုံးမရပါဘူးဗျာလို့ ပြောလိုက်မိတော့ ဟယ်… ဒီကလေးမိုက်ရိုင်းလိုက်တာ ဖြစ်ပြန်ရော သူတို့ပဲ အမျိုးမျိုးပြောတတ်တယ် အခုပဲတော်လိုက်တာတဲ့ အခုပဲမိုက်ရိုင်းလိုက်တာ ဖြစ်ပြန်ရော။ ဒါပေမယ့် သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ကိုက်နေတာပဲ နှစ်ဦးနှစ်ဘက် မကြိုးစားဘူးမဟုတ်လား။
အင်တာနေရှင်နယ်အဆင့် ဆိုတဲ့ ယူနီဗာစီတီကို ရောက်ခဲ့ပြန်တယ် ကိုယ့်ဆီကကျောင်းသားများ ဘာတွေပိုထူးသလဲ ဘာမှပိုထူးတာမမြင်မိပါဘူး။ မာစတာဒီဂရီ ပြီးသွားတဲ့အသိတစ်ယောက်က မေးစရာရှိပါတယ်ဆိုလို့ မေးသမျကိုဖြေပေးလိုက်ပါတယ်။ စာအုပ်တစ်အုပ်လည်း ယူလာပါတယ် အခြားသော ယူနီဗာစီတီက ဒီပလိုမာသင်တန်းမှာ သင်တဲ့အလုပ်သင်စာအုပ်ပါ။ ဆော့ဝဲတစ်ခုကို သုံးပုံသုံးနည်း အိုကေ ကင်ဆယ် နှိပ်တာကအစ ပုံနဲ့ပြထားပါတယ်။ ဒီတစ်ခါလည်း လာပြန်ရော ငါတို့ကျောင်းက မကောင်းပြန်ဘူးတဲ့ ဒါမျိုးအသေချာပါတဲ့ စာအုပ်နဲ့မသင်လို့ မတတ်လာတာတဲ့ ပြောပြန်ရော။ ဘွဲ့လွန်ပါဆိုနေမှ ဘယ်လိုလုပ်ဆိုတာ သင်တဲ့နေရာမဟုတ်ဘူး ဘာ့ကြောင့်ဆိုတာပဲ သင်မယ့်နေရာမှန်း သိပုံမရဘူး။ ရထားတဲ့ ဘွဲ့လက်မှတ်ကို ကျောင်းကို ပြန်အပ်ချင်အပ် ဘွဲ့ကြိုပဲဖြစ်ဖြစ် အလုပ်သင် ဒီပလိုမာပဲဖြစ်ဖြစ် ပြန်တက်လို့ ပြောချင်မိပြန်တယ် ပြောတော့မပြောလိုက်တော့ပါဘူးလေ။ ကိုယ်မတတ်ပြန်တော့လည်း ဒီကျောင်းမကောင်းလို့ ဟိုကျောင်းကမှတဲ့ အဲဒီ့ကျောင်းပြောင်းတက်လို့ကော တတ်လာဖို့အာမခံမလားလို့ မေးချင်မိပြန်တယ်။ သူတို့ထင်နေတာက ယူနီဗာစီတီကောင်းမှ တတ်တယ်တဲ့ မဟုတ်သေးဘူး လွဲနေတယ် ယူနီဗာစီတီဆိုတာက အခြေခံအဆင့်ပဲ ကောင်းမကောင်း လုပ်ပေးနိုင်မယ် လူမကောင်းလို့ကတော့ ယူနီဗာစီတီ ဘယ်လောက်ကောင်းကောင်း ကြားထဲကကျောင်းနာမည် ပျက်တာပဲ အဖတ်တင်တယ်။
16
Oct 09

မန္တလေး နေ့ရက်များ (၃)

Facebook မှာအိမ်ပြန်တဲ့ သူငယ်ချင်းတစ်ယောက် “ပွဲတော်အစ သုံးဆူက၊ ပွဲတော်အဆုံး ဝါခင်းကုန်း” ရေးထားတာကိုဖတ်မိမှပဲ ဘုရားပွဲတွေကို သတိပိုရမိတယ်။ သီတင်းကွတ်ပြီဆိုတာနဲ့ သီတင်းကွတ်လပြည့်နေ့က စတင်ပြီးတော့ တန်ဆောင်မုန်းလအထိ မန္တလေးတစ်မြို့လုံးမှာ တစ်နေရာမဟုတ် တစ်နေရာ ဘုရားပွဲဆက်တိုက်ရှိပါတယ်။ ငယ်ငယ်ကတော့ အငြိမ့်ကတာတွေ ဘုရားပွဲမှာ တော်တော်လေး တွေ့ရပါသေးတယ်။ ငယ်ငယ်ကတော့ အမေကြီးကလည်း သွားနိုင်လာနိုင်သေးတော့ မြေးတွေကိုဘုရားပွဲဆို ခေါင်းဆောင်ပြီး အငြိမ့်လိုက်ပြတတ်တယ်။ အမေကြီးကပွဲကြိုက်လွန်းလို့ အဘိုးရှိစဥ်က ဘုရားပွဲရာသီ စလာပြီဆိုရင်ဖြင့် ရန်ဖြစ်ကြတော့တာပဲလို့ အမေကြီးက ကျွန်တော်တို့ မြေးတွေကို ပြောပြတတ်တယ်။ အမေကြီး အသက် ၈ဝ လေဖြတ်လို့ အိပ်ယာထဲမထနိုင်ချိန် ဘုရားပွဲကဆိုင်းသံကြားလို့ ငါ့လိုက်ပြလို့ ပူဆာနေလို့ ဦးလေးတွေ အလုပ်ရှုပ်ရဖူးတယ်။ အခုခေတ်တော့ အငြိမ့်တွေလည်း ပျောက်သလောက်ဖြစ်သွားပါပြီ စျေးတွေမြင့်လို့ တန်ရုံ့ဘုရားပွဲကလည်း မငှားနိုင်တော့ပါဘူး။
ဘုရားပွဲဆိုရင် မပါမဖြစ်က အိမ်တွေမှာအကွေးအမွေးပါ တစ်အိမ်ကိုတစ်မျိုး မုန့်လုပ်ပြီးဧည့်ခံပါတယ် ကိုယ့်ဧည့်သည်သူများအိမ်ပို့ သူများဧည့်သည်ကိုယ့်အိမ်ခေါ်လာနဲ့ မုန့်လည်စားကြတာပါ။ ဘုရားပွဲမုန့်တွေကတော့ ကျောက်ကျော၊ ဆနွင်းမကင်း၊ ကြာဇံဟင်း ဒါမျိုးတွေပါ။ နောက်ပြီးတော့ ကွေးလေ့ရှိတာက မုန့်ဆန်းပါ။ မုန့်ဆန်းလုပ်ဖို့က ကောက်ညှင်းပေါင်းကို အပြားကြိတ် အခြောက်ခံထားတဲ့ မုန့်ဆန်းလိုပါတယ်။ မုန့်ဆန်းကိုရေနွေးဖျော အုန်းသီးခြစ် နို့စိမ်း သကြားနဲ့ နှပ်ထားလိုက်ရင် မုန့်ဆန်းမှေးမှေးလေးရပြီပေါ့။ အညာကလူတွေက ဆန်ဆိုရင်အဟောင်းမှ စားတတ်ကြပေမယ့် မုန့်ဆန်းကိုတော့ ကောက်ညှင်းဆန်အသစ်နဲ့လုပ်ထားမှ ကြိုက်ကြတယ်။
ဘုရားပွဲဆိုရင် ပွဲစျေးတန်းဆိုတာက မပါမဖြစ်ကိုး အများအားဖြင့်ကတော့ မုန့်သည်တွေပါ နောက်ပြီးတော့ ကလေးကစားစရာသည်တွေ ဒီလောက်ပါပဲ။ ကျောက်တော်ကြီး၊ အိမ်တော်ရာတို့လို ဘုရားပွဲအကြီးတွေဆိုရင်တော့ နယ်လှည့်ရောင်းတဲ့ ၁၂ ပွဲစျေးသည်တွေပါပါတယ် နောက်ပြီတော့ မန္တလေးဘုရားပွဲစျေးသည်လို့ အမည်တပ်ရမယ့် မုန့်သည်တွေဆိုရင် မုန့်ပေါင်းနဲ့ ခဲတံချောင်း (ကောက်ညှင်းကျည်တောက်) သည်တွေလာပါတယ်။ အခုနောက်ပိုင်းတော့ မစိန်မပို မုန့်ပေါင်းနဲ့ ခဲတံချောင်းက နာမည်ကြီးသဗျာ။ မန္တလေးပွဲစျေးမှာပဲရတဲ့ ပြည်တော်သာဆိုတဲ့ မုန့်ကလည်းရှိသေးတယ် တစ်ကယ်ကတော့ မုန့်ပစ်သလက်အပါးကို ဆီနိုင်နိုင်နဲ့ သံအိုးကင်းမှာလုပ်ရောင်းတာ ပဲပြုတ် ခရမ်းချဥ်သီး ငရုတ်သီးနဲ့ ပြည်တော်သာမုန့်ကို လွမ်းမိပါသေးတယ်။
ဘုရားပွဲမှာပါလေ့ရှိတာက ပွဲပြီးနောက်ဆုံးနေ့ဆိုရင် စာရေးတံမဲပါလေ့ရှိပါတယ်။ အဲဒီ့မှာလှူစရာကသပိတ်ရယ် ပဒေသာပင်ရယ် နှစ်မျိုးရှိပါတယ်။ တတ်နိုင်တဲ့လူကျတော့လည်း လှူချင်တဲ့ ပစ္စည်းတွေကို ဘုရားက ဓမ္မာရုံမှာပဒေသာပင်သီပြီး အလှူစာရင်းသွင်းပါတယ်။ သပိတ်ကတော့ မနက်မှာဘုန်းကြီးတွေကို စာရေးတံမဲနှိုက်ပြီး သက်ဆိုင်ရာနံပါတ်အလိုက် လောင်းလှူရတာပါ လောင်းတဲ့နေရာမှာ သပိတ်အလိုက်ဆွမ်း ဆွမ်းဟင်းကို ဘုရားပွဲကနေပြီး စုပြီးချက်ပေးပါတယ် ထပ်ပြီးလောင်းလှူစရာများရှိရင်တော့ မဲပေါက်ရာ ကိုယ်တော်ကို လောင်းလှူရပါတယ်။ မဲနှိုက်တဲ့နေရာမှာ ကိုယ်တော်တွေလည်း သပိတ်ပေါက်သလား ပဒေသာပင်ပေါက်သလား ရင်ခုန်ရသလို လောင်းလှူမယ့်လူကလည်း ကိုယ့်လှူဖွယ်ပစ္စည်းကို အလှူခံမယ့် ပုဂ္ဂိုက ကိုရင်လေးလား၊ ဦးပဇ္ဇင်းလား၊ သက်ကြီးဝါကြီးရဟန်းကြီးတွေလားနဲ့ ရင်ခုန်ရပါသေးတယ်။ ကိုရင်လေး ပဒေသာပင်ပေါက်လို့ မသယ်နိုင်လို့ ဂေါပက လိုက်ပို့ရတယ် လှူဖွယ်များတဲ့အိမ်က အလှူပစ္စည်းတွေနဲ့ ကိုရင်လေးမနိုင်မနင်း ကျောင်းပြန်တဲ့မြင်ကွင်းလေးတွေကလည်း ကြည်နူးစရာကောင်းလှပါတယ်။
ကိုယ်နေတဲ့အရပ်က ပွဲကုန်းလို့ခေါ်တယ် ဘုရားကတစ်ဆူထဲကို လေးဘက်လေးတန် ဘုရားပွဲ လေးခါခွဲလုပ်လို့ ဘုရားပွဲမပြတ်လို့ ပွဲကုန်းလို့ရှေးကတည်းက အမည်တွင်တာပါ။ အခုအချိန်အထိ ဘာလို့ပွဲကုန်းရပ်လို့ခေါ်သလဲ ရှင်းပြရတာ အင်မတန်လွယ်ပါတယ်။ မန္တလေးဘုရားပွဲတွေလည်း ရှေးကလို ပွဲတွေအငြိမ့်တွေ မပါတော့တာကလွဲရင် ဘုရားပွဲဓလေ့ကတော့ အခုထက်ထိ မတိမ်ကောသေးပါဘူး။ အပျော်အပါးတွေမပါတော့တာ ဝမ်းနည်းစရာမဟုတ်ပါဘူးလေ ဘုရားပွဲဧည့်ခံတဲ့ဓလေ့ မုန့်စျေးတန်းခင်းတဲ့ဓလေ့ စာရေးတံမဲအစဥ်မပြတ် လုပ်တဲ့ဓလေ့တွေကတော့ အခုအခြေအနေအတိုင်းကတော့ ဆုတ်ယုတ်မသွားတာ အကောင်းဆုံးယဥ်ကျေးမှု့ ထိမ်းသိမ်းမှု့အဖြစ် ဂုဏ်ယူနိုင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မန္တလေးဘုရားပွဲတော့ လွမ်းမိပါသေးတယ်။
10
Oct 09

မန္တလေး နေ့ရက်များ (၂)

ငယ်ငယ်ကတည်းက မန္တလေးအိမ်ပြန်ရောက်ရင် မနက်ပိုင်း အမြဲသွားစားနေကျကတော့ မန္တလေးမုန့်တီသုတ်ပေါ့ မန္တလေးသား မုန့်တီကြိုက်တာ မထူးဆန်းပါဘူးလေ။ အကြေအရပ်ကလူတွေကတော့ နန်းကြီးသုတ်လို့ ခေါ်ကြတယ် တစ်ကယ်က မုန့်တီဆိုတာ နန်းကြီးပဲရှိတာမှ မဟုတ်ပဲ နန်းကြီး၊ နန်းလတ်၊ နန်းသေး အစုံရှိတာပဲ နောက်တစ်ခုက နန်းသေးဆိုတာ မုန့်ဟင်းခါးဖတ်ကို ခေါ်တာမဟုတ်ဘူး သူ့ထက်ကြီးပါတယ်။ မုန့်တီမှာအရေးကြီးတာ ပဲမှုန့်ပါ ဒါကြောင့် ဘယ်မြို့မှာပဲသုတ်သုတ် မန္တလေးကမုန့်တီနဲ့ ကွဲပြားသွားတာက ပဲမှုန့်ကွာလို့ပါ။ ပဲမှုန့်အလှော် များများလေးရယ် ဆီကျက်ကလေးရယ် ကြက်သားဟင်းရည်လေးရည် ဒါလေးတွေ ကောင်းပြီဆိုရင် မုန့်တီကောင်းပါတယ်။ အပိုအနေနဲ့ကတော့ ပဲခေါက်ကြော်ကလေး အပိုထည့်လိုက်ရင် ပိုပြည့်စုံသွားတာပေါ့။ မုန့်တီမှာ ကြက်သားဆိုပေမယ့် ကြက်အရိုးလည်းသုံးပါတယ် တောင်ပံရိုး ခြေထောက်ရိုးနဲ့ပေါ့။ တစ်ချို့ဆိုင်တွေဆိုရင် ကြက်အူထုံးလေးတွေနဲ့လည်း ရောင်းတတ်ပါသေးတယ်။ တစ်ခြားမုန့်နဲ့မတူတာက အစပ်အဟပ်မတည့်ရင် အသားပိုထည့်လည်း စားလို့မကောင်းတာကတော့ မုန့်တီပါပဲ။
အခုနောက်ပိုင်းတော့ မုန့်တီနဲ့ နာမည်ကြီးတဲ့ဆိုင်တွေကတော့ လမ်း ၄ဝ ဘက်မှာဆို ဒေါ်သန်းမြက နာမည်အကြီးဆုံးပဲ။ မြောက်ပြင်မှာဆိုရင် လမ်း ၈ဝ ပေါ်ကနေ ဝင်းထဲဝင်သွားရတဲ့ ဒေါ်ကွန့် နောက်ပြီး ၁၃ လမ်းအနောက်ဘက်က အသုတ်ဆိုင်။ ၃၂ လမ်း ဝင်းထဲက မုန့်တီလည်းနာမည်ကြီးတယ် မလွန်ခဲတံတန်းထဲက ဆိုင်လည်းတော်တော် နာမည်ကြီးသဗျာ။ ၂၆ လမ်းပိုက်ကျုံး အနောက်ဆိုရင်တော့ ဒေါ်တောလည်း နာမည်တော်တော်ကြီးတယ်။ မုန့်တီဆိုရင် ရှေးကတည်းက အမျိုးသမီးတွေပဲ ရောင်းကြတော့ နာမည်ကြီးဆိုရင် အမျိုးသမီးနာမည်တွေပဲ များပါတယ် ဆိုင်နာမည် သတ်သတ်မရှိပါဘူး။ လက်ဘက်ရည်ဆိုင်က မုန့်တီဆိုရင်တော့ မင်းသီဟက မုန့်တီကတော့ တော်တော်လေးကောင်းပါတယ်။ ကျန်တဲ့ဆိုင်တွေကတော့ ပုံမှန်ပါပဲလေ။
အရင်ကတော့ နေ့လည်ဆိုရင် ခိုတောင်မုန့်တီသည်လေးတွေ လာတာလည်းရှိတယ်။ ခိုတောင်ဆိုတာက ဧရာဝတီဖြစ် တစ်ဘက်ကမ်း စစ်ကိုင်းနဲ့ မင်းကွန်းကြား စစ်ကိုင်းတောင်ရိုးအောက်ခြေက ခိုတောင်ရွာကနေ လှေနဲ့ကူးပြီးခေါင်းရွက်လေးနဲ့ လာရောင်းကြတာဗျ။ ဟင်းချိုရည်အိုးလေးကို မအေးသွားအောင် ပုဆိုးလေးတွေနဲ့ပတ် မုန့်တီနန်းသေးလေးတွေနဲ့ ခေါင်းရွက်ဘန်းကလေးနဲ့လာကြတယ်။ ခိုတောင်မုန့်တီမှာ အသားမပါဘူး ရိုးရိုးမုန့်တီနဲ့ နည်းနည်းကွာတာက ပဲသီးတောင်ကို သေးသေးလေးတွေ လှီးထားတာထည့်တယ် ဂေါ်ဖီထုပ်ကိုပါးပါးလှီးထားတာ ထည့်သုတ်တယ်။ ဟင်းရည်ကို သတ်သတ်မပေးဘူး မုန့်တီစားပြီးမှ မုန့်တီပန်းကန်ထဲကို ဟင်းရည်ထည့်ပေးတယ် ဟင်းရည်ကလည်း စပါးလင်လေး ဘာလေးနဲ့နည်းနည်းထည့်ထားတဲ့ ဆားနဲ့ ပုဇွန်ခြောက်ထည့်ထားတဲ့ ဟင်းရည်လေးပါ။ အခုခေတ်တော့ ဟင်းချိုမှုန့်ကူပါလိမ့်မယ် ထင်တယ်။ အခုတော့ ရှေပြည်မိုးမှာတော့ နေ့လည်ပိုင်းဆို ခိုတောင်မုန့်တီရောင်းတယ် ဒါပေမယ့် ခိုတောင်ကလာတာမဟုတ်တော့ ခိုတောင်မုန့်တီတုပေါ့ဗျာ။ အိမ်ကိုလာတဲ့ ခိုတောင်မုန့်တီသည်တောင် ငယ်ငယ်ကရောင်းတဲ့ အဒေါ်ကြီးတောင် အသက်ကြီးလို့ သူ့သမီးတောင် မုန့်တီသည်ဖြစ်နေပါပေါ့လား။ အခုအချိန်အထိတော့ ခိုတောင်ကနေ မုန့်တီသည်တွေ အစဥ်အလာမပျက် အရပ်ထဲလှည့်ပြီးရောင်းနေပါသေးတယ် နောင်များတော့ လက်ဘက်ရည်ဆိုင်မှာပဲ ဘန်းချပြီး ပုံသေရောင်းလေမလားတော့ မှန်းကြည့်လို့ မသိနိုင်ပါဘူးလေ။
9
Oct 09

မန္တလေး နေ့ရက်များ (၁)

ဇာတိဆိုတာကလည်း သံယောစဥ်ဖြတ်ရခက်သား မွေးတာကမန္တလေးမှာ ဒါပေမယ့် ၃ နှစ်သားပြည့်ကတည်းက မန္တလေးကခွာခဲ့တာ ဆယ်တန်းမှပဲ ပြန်ရောက်တော့တယ်။ ငယ်ငယ်ကတည်းက နေခဲ့တဲ့မြို့မှာလည်း ငါ့ကိုခေါ်ကြတယ် မန္တလေးသားလို့ ဘယ်လောက်ကြာကြာ သူတို့မြို့သား ဖြစ်မသွားသလို ငါကလည်း ငါ့ကိုယ်ငါမန္တလေးသားလို့ စိတ်ထဲမှာစွဲနေမိပါလိမ့်။ ဇာတိနဲ့ပါတ်သက်ပြီး ရန်ဖြစ်ရတာလဲ ပြဿနာ သုံးတန်း လေးတန်းလောက်တုံးက ကျောင်းသားအားကစားပွဲ ဖွင့်ပွဲပိတ်ပွဲဆိုရင် ကလေးတွေကို မုန့်ဖိုးလည်းမပေးပဲ အလကားခေါ်ပြီ စာတမ်းဖော်တာတို့ ဘာတို့အလုပ်ခိုင်းတတ်တယ်။ ကွင်းထဲမှာ စာတမ်းဖော်ရင်း သူငယ်ချင်းတစ်ယောက်နဲ့ ငါးကျပ်ပေးကြေးဆိုပြီး သူ့တိုင်းကိုယ့်တိုင်း ဆုတံဆိပ် အများပြိုင်တာ နိုင်ရဲ့သားနဲ့ ငါးကျပ်မပေးလို့ ကွင်းထဲမှာလုံးသတ်ဖူးတယ်။
နယ်ပေါင်းစုံမှာနေခဲ့ဖူးတယ် ဒါပေမယ့် လေသံဝဲမသွားဘူး ဘယ်အချိန်မှာပဲဖြစ်ဖြစ် စကားပြောရင် မန္တလေးသားလေသံနဲ့ပဲ စကားပြောတယ်။ လူတစ်ယောက် မန္တလေးသားစစ်စစ်လား မန္တလေးမှာနေဖူးရုံနဲ့ မန္တလေးသားလို့ပြောသလားဆိုတာ လေသံနားထောင်တာနဲ့ခွဲတတ်တယ်။ လူတိုင်းက အညာသားလေသံလို့ပြောတယ် မငြင်းပါဘူး ကိုယ်နေတာလည်း အညာပဲလေ အကြေအရပ်မှာ တစ်ခါမှမနေခဲ့ဘူး။ ဒါပေမယ့် သူတို့နားမလည်တာက အညာမှာလေသံအမျိုးမျိုးရှိတယ် ဘယ်ဟာမှန်း ဂဃနဏမသိကြဘူး သူတို့နဲ့လေသံမတူလို့ အညာသံလို့ပြောတာ။ လေသံနားမလည်ရင်နေပါ ခုနှစ်ကို ခွန်လို့မထွက်ပဲ ခွင်လို့ထွက်ရင် ဘယ်ကလာတယ် ဟုတ်တာ ကို ဟုတ်ဆာ ဟုတ်ထှာ လို့ပြောတတ်ရင် ဘယ်ကဆိုတာလောက်တော့ သိသင့်တယ် မဟုတ်လား။
ငယ်ငယ်ကဖတ်ဖူးတယ် ဓနမဂ္ဂဇင်းထဲမှာထင်တာပဲ အီကြာကွေးရေးတာ ဇာတိမြို့နဲ့ပါတ်သက်ပြီး သံယောစဥ်ကြီးပုံကို စျေးထဲကစျေးသည်တွေကို ရပ်ဆွေရပ်မျိုး အမျိုးစပ်ပြီး အဆစ်တောင်းတာ နမူနာပြပြီးရေးထားတာ။ ဟိုတစ်နေ့ကလည်း ဘောလုံးကန်တာ ရန်ကုန်မန္တလေးရန်ဖြစ်သတဲ့ ဒီတစ်ခါတော့ခံရတာက ရန်ကုန်ကဖြစ်နေတော့ ခင်ဗျားတို့ဆီက ရိုက်လှတ်လိုက်တာဆိုပြီး လူတိုင်းလာလာပြောနေတယ်။ ဘောလုံးပွဲရန်ဖြစ်တာ ဆန်းသလား ပြီးတော့ဖြစ်ပြီဆိုမှတော့ ဘယ်ဘက်ကမှငြိမ်မခံပါဘူး သူတင်ကိုယ်တင်ချမှာပါပဲ တစ်ခုတော့ရှိတာပေါ့ လူနည်းတဲ့ဘက်ကတော့ ခံရတာပါပဲ။ ကြာတော့စိတ်ရှုပ်လာလို့ ငါ့အိမ်ကလူတွေတောင် ထွက်ရိုက်သေးဆိုလားလို့ ပြောလိုက်မှပဲ လာပြောတာရပ်သွားတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ ကိုယ်ဘက်ကခံရတော့ ဘယ်ကြိုက်မလဲ။ လူဆိုတာကလည်း ခွေးချင်းကိုက်တောင် ကိုယ်ခွေးနိုင်မှ သဘောကျတာမဟုတ်လား။ ဘယ်သူ့ကိုမှ ခွေးနဲ့နှိုင်းတာမဟုတ်ဘူး အဲဒါမန္တလေးသားစကား စကားပုံတွေ ဆိုရိုးစကားတွေနဲ့ မြင်သာအောင်ပြောတတ်တယ်။
ဘောလုံးပွဲရန်ဖြစ်တာနဲ့ ပါတ်သက်ပြီး အခုလူတွေက ဗဟုသုတမရှိကြတော့ဘူး ငယ်ငယ်က အဖေပြောပြတာသတိရတယ်။ အရင်ကတော့ အခုလိုလိဂ်တွေတော့ မရှိဘူးပေါ့ ပြည်နယ်တိုင်းဘောလုံးပွဲပေါ့ အမြဲတမ်းလိုလိုဗိုလ်လုပွဲဆိုရင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း ကန်ကြတာများပါတယ်။ ကန်တိုင်းလည်းရန်ဖြစ်ပါတယ် အများအားဖြင့် ရန်ကုန်မှာပဲလုပ်တော့ တစ်ကယ်ချဆိုရင် လူနည်းတဲ့မန္တလေးကလူပဲ ခံရတာများတာပဲ တစ်ခါကတော့ ဗိုလ်လုပွဲကို မန္တလေးမှာကျွန်တော့် ဦးလေးတစ်ယောက်က လက်မှတ်ဝယ်လာပြီးတော့မှ ဂျီတီအိုင် စာမေးပွဲရှိလို့ လက်မှတ်ကိုအဖေ့ကိုပေးပြီး အကြည့်ခိုင်းလိုက်တာ ဘောလုံးပွဲမှာ ပရိတ်သတ်ချင်းချကြပါရော။ ဦးလေးကစာမေးပွဲပြီးလို့ ကျောင်းထဲကထွက်ပြီးတော့ ဗထူးကွင်းနားလာပြီး ဘယ်နှစ်ဂိုးစီရှိကြပြီလဲလာကြည့်တာ ကွင်းထဲကအုတ်နီခဲထွက်လာပြီးမှန်တာ ဆေးရုံရောက်ပြီး ၅ ချက်ချုပ်လိုက်ရပါရောလား။ သြော်အခုတော့လည်း ဘောလုံးရန်ပွဲတွေ တခေတ်ထလာပါပေါ့လား။

Switch to our mobile site

WP SlimStat