ကိုယ်ယုံကြည်ရာ

ကိုယ်ယုံကြည်ရာဆိုပြီး တဂ်လုပ်တော့ ဘာရေးရမှန်းမသိဘူး ဘယ်ဟာကိုယ့်ကြည်မှန်းကို မသိဘူးလေ ဒါ့ကြောင့်ကျွန်တော် ယုံကြည်ဖို့အတွက် ဘယ်လို့ဆန်းစစ်သလဲပဲ ရေးထားလိုက်ပါတယ်။ အဆိုပြုချက်တစ်ခုကို ယုံကြည်တာသက်သက်တော့ ကျွန်တော့််မှာမရှိပါဘူး လက်ခံပြီးမှသာ ယုံကြည်ပါတယ်။ လက်ခံဖို့အတွက် ကျွန်တော်ကတော့ အမြင်အမျိုးမျိုးက အထောက်အထား ခိုင်ခိုင်လုံလုံ မြင်ချင်ပါတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံရရင် လက်ခံပြီလားဆိုတော့ ကျွန်တော်လက်မခံသေးပါ ဘာလို့လဲဆိုတော့ အထောက်အထားပြတဲ့အထိက သူများပြောတဲ့အခြေအနေပဲရှိနေသေးလို့ပါ။ ပြထားတဲ့အထောက်အထား မှန်ကန်မှု့ရှိမရှိရယ် အထောက်အထားအားလုံးကို ခြုံင့်သုံးသပ်တာရယ်က ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်ပါတယ် အားလုံးဆီလျော်မှု့ရှိမှသာ မှန်ကန်ကြောင်းလက်ခံပါတယ်။ အဲဒီ့မှန်ကန်ကြောင်း မပျက်ပြယ်သ၍ကျွန်တော် အဆိုပြုချက်ကို လက်ခံယုံကြည်ပါတယ်။ ပါဠိလိုဆိုရင် ဝိဘဇ္ဇဝါဒ လို့ပြောလို့ရပါလိမ့်မယ်။
ကျွန်တော်ဟာ ဘယ်ဘာသာမှမကိုးကွယ်မယ့်ကြည်တဲ့ လူတစ်ယောက်ဆိုကြပါစို့။ ကျွန်တော့််ကိုဘာသာတစ်ခုက သူတို့ဘာသာထဲကို ဝင်ပါဆိုပြီးဆိုလာမယ်ဆိုရင် ပထမဆုံးဘာကြောင့် ဝင်သင့်တယ်ကို မေးရပါလိမ့်မယ်။ သူတို့ပြောသမျကိုနားထောင် သူတို့ပေးတဲ့စာအုပ်စာတမ်းများကိုပဲဖတ်ပြီး လက်ခံဖို့ကြိုးစားမှာမဟုတ်ပါဘူး။ အခြားသောဘာသာများ အကြောင်းကိုလည်း လေ့လာမှာဖြစ်ပါတယ်။ လေ့လာတယ်ဆို့နေရာမှာလည်း ဖြစ်နိုင်သ၍လေ့လာတဲ့ဘာသာကို တည်ထောင်တဲ့ ပုဂ္ဂိုပြောတဲ့ မူရင်းနဲ့အနီးစပ်ဆုံးလို့ လက်ခံနိုင်ဖွယ်ရှိတဲ့ အထောက်အထားများကို ဦးစားပေး လေ့လာမှာဖြစ်ပါတယ်။ ပြီးရင်တော့ စုဆောင်းထားတဲ့ အထောက်အထားအစုံကို အခြေခံပြီး အဆိုပါဘာသာဟာ အခြားသောဘာသာများထက် လက်ခံယုံကြည်နိုင်ဖွယ်ရှိမရှိကို ကိုယ်ပိုင်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ပြီးမှသာ လက်ခံယုံကြည်ဖွယ်ရှိရင် လက်ခံယုံကြည်မှာပါ။ အခြေခံထားတဲ့အချက်အလက်တွေ မှားယွင်းတယ်လို့ နောက်ပိုင်းမှထပ်ပြီး သိလိုက်တယ်ဆိုရင် ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းဖို့ ဝန်လေးမည်မဟုတ်ပါဘူး။
ဒီလိုစဥ်းစားတတ်တဲ့ အကျင့်အတွက်ကြောင့် ဝေဖန်တာကို ဘယ်တော့မှ စိတ်မဆိုးပါဘူး ကျွန်တော်မှန်တယ်လို့ လက်ခံထားတဲ့ လုပ်ဆောင်ချက်တစ်ခုကို ကြိုက်တယ်ပြောလည်း သဘောမကျသလို မကြိုက်ဘူးပြောလည်း စိတ်မဆိုးပါဘူး ဘာ့ကြောင့်လဲဟု အမြဲမေးလေ့ရှိပါတယ်။ သူတို့ပြောတဲ့ဘာကြောင့်ဆိုတာက ကျွန်တော်မှန်တယ်လို့ လက်ခံထားချက်ကို ချေဖျက်နိုင်မယ်ဆိုရင် ကိုယ်မှန်တယ်လို့ ယူဆထားတဲ့ လုပ်ဆောင်ချက်ကို မှားသွားပါတယ်လို့ ပြောဖို့လက်မနှေးပါဘူး ကျွန်တော်မှားသွားခဲ့လို့ နစ်နာခဲ့သူရှိခဲ့မယ်ဆိုရင်လည်း ကျေနပ်အောင်တောင်းပန်ဖို့ ဝန်မလေးပါဘူး။ သို့ပေမယ့် ကျွန်တော်မှန်တယ်လို့ လက်ခံထားချက်ကို မဖျက်နိုင်ဘူးဆိုရင်တော့ ဘယ်သူ့မျက်နှာအတွက်နဲ့မှ ဟန်ဆောင်ပန်ဆောင် ဆောရီးပဲဗျာလို့ကို ပြောလေ့မရှိပါဘူး။ ဒါ့ကြောင့် အများကလူ့ခွစာလို့ ပြောကြပုံရပါတယ်။ အဲဒါဆိုရင်လည်း ဘာလို့လူ့ခွစာလို့ ပြောသလဲလို့ ပြန်မေးရပါလိမ့်မယ်။ ဒါတွေကတော့ ကျွန်တော်လက်ခံယုံကြည်ဖို့ဆန်းစစ်တဲ့ ဝိဘဇ္ဇဝါဒပါ။

လူပြဿနာလား ယူပြဿနာလား

လူတွေ ယူတွေနဲ့ မတော်မတည့်ဖြစ်နေတာ မြင်ရပါများနေပြီ ဗမာပြည်က ထွက်လာတော့ ဒီပြဿနာတွေ မကြားရတော့ဘူး မှတ်နေတာပါ။ ဗမာပြည်မှာဆိုတော့လည်း ရှိတဲ့ ယူနီဗာစီတီကို ပုံချလိုက်တယ် ဒင်းတို့ကမှ တတ်အောင်မသင်တာတဲ့ ဟုတ်ပါတယ် ကျောင်းတွေရဲ့ လိုအပ်ချက်တွေကတော့ အများကြီးပါ ဒါပေမယ့် ထပ်ပြီးကွန့်မေးမိတယ် ခင်ဗျားတို့ကရော ကိုယ့်ဟာကိုယ် တတ်ဖို့ဘယ်လိုများ ကြိုးစားသလဲလို့ မေးမိပြန်တော့ ငါတို့က မင်းလိုမချမ်းသာဘူး သင်တန်းတွေမတက်နိုင်ဘူးတဲ့။ ဒီတော့ထပ်ပြောရပြန်တယ် ကျွန်တော်လည်း မချမ်းသာပါဘူး ခင်ဗျားတို့ပြောတဲ့ သင်တန်းဆိုတာကိုလည်း အမျိုးအစား ၂ မျိုး ၃ မျိုးပဲ တက်ဖူးပါတယ် အားတိုင်းသင်တန်းတက်နေတဲ့ လူမျိုးမဟုတ်ပါဘူး သင်တန်းတက်ရင် စာတတ်တယ်လို့ ယုံကြည်တဲ့လူလည်းမဟုတ်ပါလို့ ပြောမိပြန်တော့ အားလုံးကမျက်စောင်းထိုးကြတယ်။ ဒီသတင်းကို ကျွန်တော်တက်တဲ့ ယူနီဗာစီတီက လက်ချာရာများက ကြားတော့ သူတို့ကိုထောက်ခံသူရှိတယ်ဆိုပြီး ပျော်ကြပါတယ်။ လက်ချာရာများက လူရှေ့မှာချီးကျူးပါတယ် ဒီကလေးပြောတာ သိပ်မှန်တယ်တဲ့ အဲဒီ့မှာ ပြဿနာတက်တာပဲ ကိုယ်ကလည်း သူတို့နဲ့ဆိုင်တဲ့ စကားကို ထပ်ပြောမိပြန်တယ် ဘာမှမလေ့လာပဲ ငုတ်တုတ်ထိုင်နေတဲ့ လက်ချာရာများလည်း သုံးမရပါဘူးဗျာလို့ ပြောလိုက်မိတော့ ဟယ်… ဒီကလေးမိုက်ရိုင်းလိုက်တာ ဖြစ်ပြန်ရော သူတို့ပဲ အမျိုးမျိုးပြောတတ်တယ် အခုပဲတော်လိုက်တာတဲ့ အခုပဲမိုက်ရိုင်းလိုက်တာ ဖြစ်ပြန်ရော။ ဒါပေမယ့် သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ကိုက်နေတာပဲ နှစ်ဦးနှစ်ဘက် မကြိုးစားဘူးမဟုတ်လား။
အင်တာနေရှင်နယ်အဆင့် ဆိုတဲ့ ယူနီဗာစီတီကို ရောက်ခဲ့ပြန်တယ် ကိုယ့်ဆီကကျောင်းသားများ ဘာတွေပိုထူးသလဲ ဘာမှပိုထူးတာမမြင်မိပါဘူး။ မာစတာဒီဂရီ ပြီးသွားတဲ့အသိတစ်ယောက်က မေးစရာရှိပါတယ်ဆိုလို့ မေးသမျကိုဖြေပေးလိုက်ပါတယ်။ စာအုပ်တစ်အုပ်လည်း ယူလာပါတယ် အခြားသော ယူနီဗာစီတီက ဒီပလိုမာသင်တန်းမှာ သင်တဲ့အလုပ်သင်စာအုပ်ပါ။ ဆော့ဝဲတစ်ခုကို သုံးပုံသုံးနည်း အိုကေ ကင်ဆယ် နှိပ်တာကအစ ပုံနဲ့ပြထားပါတယ်။ ဒီတစ်ခါလည်း လာပြန်ရော ငါတို့ကျောင်းက မကောင်းပြန်ဘူးတဲ့ ဒါမျိုးအသေချာပါတဲ့ စာအုပ်နဲ့မသင်လို့ မတတ်လာတာတဲ့ ပြောပြန်ရော။ ဘွဲ့လွန်ပါဆိုနေမှ ဘယ်လိုလုပ်ဆိုတာ သင်တဲ့နေရာမဟုတ်ဘူး ဘာ့ကြောင့်ဆိုတာပဲ သင်မယ့်နေရာမှန်း သိပုံမရဘူး။ ရထားတဲ့ ဘွဲ့လက်မှတ်ကို ကျောင်းကို ပြန်အပ်ချင်အပ် ဘွဲ့ကြိုပဲဖြစ်ဖြစ် အလုပ်သင် ဒီပလိုမာပဲဖြစ်ဖြစ် ပြန်တက်လို့ ပြောချင်မိပြန်တယ် ပြောတော့မပြောလိုက်တော့ပါဘူးလေ။ ကိုယ်မတတ်ပြန်တော့လည်း ဒီကျောင်းမကောင်းလို့ ဟိုကျောင်းကမှတဲ့ အဲဒီ့ကျောင်းပြောင်းတက်လို့ကော တတ်လာဖို့အာမခံမလားလို့ မေးချင်မိပြန်တယ်။ သူတို့ထင်နေတာက ယူနီဗာစီတီကောင်းမှ တတ်တယ်တဲ့ မဟုတ်သေးဘူး လွဲနေတယ် ယူနီဗာစီတီဆိုတာက အခြေခံအဆင့်ပဲ ကောင်းမကောင်း လုပ်ပေးနိုင်မယ် လူမကောင်းလို့ကတော့ ယူနီဗာစီတီ ဘယ်လောက်ကောင်းကောင်း ကြားထဲကကျောင်းနာမည် ပျက်တာပဲ အဖတ်တင်တယ်။

မန္တလေး နေ့ရက်များ (၃)

Facebook မှာအိမ်ပြန်တဲ့ သူငယ်ချင်းတစ်ယောက် “ပွဲတော်အစ သုံးဆူက၊ ပွဲတော်အဆုံး ဝါခင်းကုန်း” ရေးထားတာကိုဖတ်မိမှပဲ ဘုရားပွဲတွေကို သတိပိုရမိတယ်။ သီတင်းကွတ်ပြီဆိုတာနဲ့ သီတင်းကွတ်လပြည့်နေ့က စတင်ပြီးတော့ တန်ဆောင်မုန်းလအထိ မန္တလေးတစ်မြို့လုံးမှာ တစ်နေရာမဟုတ် တစ်နေရာ ဘုရားပွဲဆက်တိုက်ရှိပါတယ်။ ငယ်ငယ်ကတော့ အငြိမ့်ကတာတွေ ဘုရားပွဲမှာ တော်တော်လေး တွေ့ရပါသေးတယ်။ ငယ်ငယ်ကတော့ အမေကြီးကလည်း သွားနိုင်လာနိုင်သေးတော့ မြေးတွေကိုဘုရားပွဲဆို ခေါင်းဆောင်ပြီး အငြိမ့်လိုက်ပြတတ်တယ်။ အမေကြီးကပွဲကြိုက်လွန်းလို့ အဘိုးရှိစဥ်က ဘုရားပွဲရာသီ စလာပြီဆိုရင်ဖြင့် ရန်ဖြစ်ကြတော့တာပဲလို့ အမေကြီးက ကျွန်တော်တို့ မြေးတွေကို ပြောပြတတ်တယ်။ အမေကြီး အသက် ၈ဝ လေဖြတ်လို့ အိပ်ယာထဲမထနိုင်ချိန် ဘုရားပွဲကဆိုင်းသံကြားလို့ ငါ့လိုက်ပြလို့ ပူဆာနေလို့ ဦးလေးတွေ အလုပ်ရှုပ်ရဖူးတယ်။ အခုခေတ်တော့ အငြိမ့်တွေလည်း ပျောက်သလောက်ဖြစ်သွားပါပြီ စျေးတွေမြင့်လို့ တန်ရုံ့ဘုရားပွဲကလည်း မငှားနိုင်တော့ပါဘူး။
ဘုရားပွဲဆိုရင် မပါမဖြစ်က အိမ်တွေမှာအကွေးအမွေးပါ တစ်အိမ်ကိုတစ်မျိုး မုန့်လုပ်ပြီးဧည့်ခံပါတယ် ကိုယ့်ဧည့်သည်သူများအိမ်ပို့ သူများဧည့်သည်ကိုယ့်အိမ်ခေါ်လာနဲ့ မုန့်လည်စားကြတာပါ။ ဘုရားပွဲမုန့်တွေကတော့ ကျောက်ကျော၊ ဆနွင်းမကင်း၊ ကြာဇံဟင်း ဒါမျိုးတွေပါ။ နောက်ပြီးတော့ ကွေးလေ့ရှိတာက မုန့်ဆန်းပါ။ မုန့်ဆန်းလုပ်ဖို့က ကောက်ညှင်းပေါင်းကို အပြားကြိတ် အခြောက်ခံထားတဲ့ မုန့်ဆန်းလိုပါတယ်။ မုန့်ဆန်းကိုရေနွေးဖျော အုန်းသီးခြစ် နို့စိမ်း သကြားနဲ့ နှပ်ထားလိုက်ရင် မုန့်ဆန်းမှေးမှေးလေးရပြီပေါ့။ အညာကလူတွေက ဆန်ဆိုရင်အဟောင်းမှ စားတတ်ကြပေမယ့် မုန့်ဆန်းကိုတော့ ကောက်ညှင်းဆန်အသစ်နဲ့လုပ်ထားမှ ကြိုက်ကြတယ်။
ဘုရားပွဲဆိုရင် ပွဲစျေးတန်းဆိုတာက မပါမဖြစ်ကိုး အများအားဖြင့်ကတော့ မုန့်သည်တွေပါ နောက်ပြီးတော့ ကလေးကစားစရာသည်တွေ ဒီလောက်ပါပဲ။ ကျောက်တော်ကြီး၊ အိမ်တော်ရာတို့လို ဘုရားပွဲအကြီးတွေဆိုရင်တော့ နယ်လှည့်ရောင်းတဲ့ ၁၂ ပွဲစျေးသည်တွေပါပါတယ် နောက်ပြီတော့ မန္တလေးဘုရားပွဲစျေးသည်လို့ အမည်တပ်ရမယ့် မုန့်သည်တွေဆိုရင် မုန့်ပေါင်းနဲ့ ခဲတံချောင်း (ကောက်ညှင်းကျည်တောက်) သည်တွေလာပါတယ်။ အခုနောက်ပိုင်းတော့ မစိန်မပို မုန့်ပေါင်းနဲ့ ခဲတံချောင်းက နာမည်ကြီးသဗျာ။ မန္တလေးပွဲစျေးမှာပဲရတဲ့ ပြည်တော်သာဆိုတဲ့ မုန့်ကလည်းရှိသေးတယ် တစ်ကယ်ကတော့ မုန့်ပစ်သလက်အပါးကို ဆီနိုင်နိုင်နဲ့ သံအိုးကင်းမှာလုပ်ရောင်းတာ ပဲပြုတ် ခရမ်းချဥ်သီး ငရုတ်သီးနဲ့ ပြည်တော်သာမုန့်ကို လွမ်းမိပါသေးတယ်။
ဘုရားပွဲမှာပါလေ့ရှိတာက ပွဲပြီးနောက်ဆုံးနေ့ဆိုရင် စာရေးတံမဲပါလေ့ရှိပါတယ်။ အဲဒီ့မှာလှူစရာကသပိတ်ရယ် ပဒေသာပင်ရယ် နှစ်မျိုးရှိပါတယ်။ တတ်နိုင်တဲ့လူကျတော့လည်း လှူချင်တဲ့ ပစ္စည်းတွေကို ဘုရားက ဓမ္မာရုံမှာပဒေသာပင်သီပြီး အလှူစာရင်းသွင်းပါတယ်။ သပိတ်ကတော့ မနက်မှာဘုန်းကြီးတွေကို စာရေးတံမဲနှိုက်ပြီး သက်ဆိုင်ရာနံပါတ်အလိုက် လောင်းလှူရတာပါ လောင်းတဲ့နေရာမှာ သပိတ်အလိုက်ဆွမ်း ဆွမ်းဟင်းကို ဘုရားပွဲကနေပြီး စုပြီးချက်ပေးပါတယ် ထပ်ပြီးလောင်းလှူစရာများရှိရင်တော့ မဲပေါက်ရာ ကိုယ်တော်ကို လောင်းလှူရပါတယ်။ မဲနှိုက်တဲ့နေရာမှာ ကိုယ်တော်တွေလည်း သပိတ်ပေါက်သလား ပဒေသာပင်ပေါက်သလား ရင်ခုန်ရသလို လောင်းလှူမယ့်လူကလည်း ကိုယ့်လှူဖွယ်ပစ္စည်းကို အလှူခံမယ့် ပုဂ္ဂိုက ကိုရင်လေးလား၊ ဦးပဇ္ဇင်းလား၊ သက်ကြီးဝါကြီးရဟန်းကြီးတွေလားနဲ့ ရင်ခ
ုန်ရပါသေးတယ်။ ကိုရင်လေး ပဒေသာပင်ပေါက်လို့ မသယ်နိုင်လို့ ဂေါပက လိုက်ပို့ရတယ် လှူဖွယ်များတဲ့အိမ်က အလှူပစ္စည်းတွေနဲ့ ကိုရင်လေးမနိုင်မနင်း ကျောင်းပြန်တဲ့မြင်ကွင်းလေးတွေကလည်း ကြည်နူးစရာကောင်းလှပါတယ်။
ကိုယ်နေတဲ့အရပ်က ပွဲကုန်းလို့ခေါ်တယ် ဘုရားကတစ်ဆူထဲကို လေးဘက်လေးတန် ဘုရားပွဲ လေးခါခွဲလုပ်လို့ ဘုရားပွဲမပြတ်လို့ ပွဲကုန်းလို့ရှေးကတည်းက အမည်တွင်တာပါ။ အခုအချိန်အထိ ဘာလို့ပွဲကုန်းရပ်လို့ခေါ်သလဲ ရှင်းပြရတာ အင်မတန်လွယ်ပါတယ်။ မန္တလေးဘုရားပွဲတွေလည်း ရှေးကလို ပွဲတွေအငြိမ့်တွေ မပါတော့တာကလွဲရင် ဘုရားပွဲဓလေ့ကတော့ အခုထက်ထိ မတိမ်ကောသေးပါဘူး။ အပျော်အပါးတွေမပါတော့တာ ဝမ်းနည်းစရာမဟုတ်ပါဘူးလေ ဘုရားပွဲဧည့်ခံတဲ့ဓလေ့ မုန့်စျေးတန်းခင်းတဲ့ဓလေ့ စာရေးတံမဲအစဥ်မပြတ် လုပ်တဲ့ဓလေ့တွေကတော့ အခုအခြေအနေအတိုင်းကတော့ ဆုတ်ယုတ်မသွားတာ အကောင်းဆုံးယဥ်ကျေးမှု့ ထိမ်းသိမ်းမှု့အဖြစ် ဂုဏ်ယူနိုင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မန္တလေးဘုရားပွဲတော့ လွမ်းမိပါသေးတယ်။