ဘယ်လောက်ကြာကြာခံမလဲမသိ

ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်နှစ်ဝက်စာမေးပွဲပြီးလောက်က စပြီးတော့ ဆရာတစ်ယောက်ဆီမှာ Database သင်တန်းတက်ဖြစ်တယ် ကျွန်တော်ကအပြင်သင်တန်း တက်ခဲပါတယ် ကိုယ့်ဟာကိုယ်ပဲ စာဖတ်တာ များပါတယ် ကျွန်တော်နားလည်တဲ့ Programming Language တွေဟာ တစ်ခါမှသင်တန်းမတက်ပဲ ကိုယ်တိုင်ပဲလေ့လာထားတာပါ။ အဲဒီ့ဆရာကတော့ ကျွန်တော့််အတွက် အင်မတန် ကျေးဇူးကြီးပါတယ် Software Development, Database Management အတွေ့အကြုံတွေက ဆရာ့ဆီမှာလုပ်ရင်း ရခဲ့တယ်လို့ပြောလို့ရပါတယ်။ ကျွန်တော်က Academic သမားဖြစ်ပေမယ့် Business Software Development ကိုလုပ်နိုင်ခဲ့တာက ဆရာ့ကြောင့်ပါ။
ဆရာနဲ့နေခဲ့စဥ်က မီးလောင်သွားတဲ့ MICT တောင်မရှိသေးပါဘူး အစကတော့ သင်တန်းကဆရာအိမ်မှာပဲဖွင့်တယ် နောက်တော့ လမ်း ၈ဝ ဖားသားလဖုန်းဘေးက Resource Centre မှာစုပြီးဖွင့်တော့ အဲဒီ့ကိုပြောင်းကြပြန်တယ်။ Mandalay MCSA မှာလည်း ဘာတွေဖြစ်တယ်မသိဘူး ကွန်ပျူတာတက္ကသိုလ်က ဆရာဆရာမတွေအကုန်လုံး နှုတ်ထွက်လိုက်တယ် အသင်းဝင်လည်းသိပ်မရှိပါဘူး။ MCSA ဆိုတာ အခုတော့ MCPA လို့နာမည်ပြောင်းထားတာကြာပါပြီ Academic ကလူတွေထွက်ကုန်လို့ Scientist နာမည်ခံလို့မကောင်းလို့ Professional လို့ပြောင်းတယ်ထင်ပါတယ်။ အသင်းမှာ ဆွဲဆောင်မှု့ရှိအောင် အပတ်စဥ် ဆွေးနွေးပွဲလေးတွေ လုပ်မယ်ဆိုပြီး ဆရာကအကြံပေးတယ် အဲဒီ့အချိန်က ဆရာ့အမျိုးသမီးက MCSA အတွင်းရေးမှူးတာဝန်ယူထားချိန် ထင်ပါတယ် သိပ်မသေချာတော့ဘူး။ အသင်းအနေနဲ့ မလုပ်နိုင်ခင်မှာ အစမ်းအနေနဲ့ သင်တန်းမှာပဲမင်းတို့ အပတ်စဥ်စနေနေ့တိုင်း ခေါင်းစဥ်တစ်ခုစီနဲ့ ဆွေးနွေးကြဆိုပြီး ခိုင်းလိုလုပ်ကြပါတယ်။
ကျွန်တော်အပါအဝင် ငပွကြီး ၃ ယောက်တစ်လှည့်စီပြောမယ်ပေါ့ လူစုကြတယ်။ ပထမဆုံးတစ်ပါတ်မှာ ပွကြီး ၃ ယောက်ထဲက သူငယ်ချင်းတစ်ယောက်က ဦးဆောင်ဆွေးနွေးပါတယ်။ လာတဲ့လူလည်းများတယ် ကျောင်းသားတွေပဲဆိုတော့ အချင်းချင်းဆိုတော့ ကြောက်တယ်ဘာတယ်လည်း မရှိဘူးလေ။ ငြင်းလိုက်ခုန်တဲ့အချိန်ကျတော့ ပွကြီး ၃ ယောက်ပဲ ရန်ဖြစ်မတတ်ချကြပြန်ရော ကျန်တဲ့လူတွေကတော့ ငုတ်တုတ်ပဲ။ နောက်တစ်ပါတ် နောက်ထပ် တစ်ယောက်အလှည့်ကျတော့လည်း ဒီလိုပဲ ငြင်းကြခုန်ကြပေါ့ ဆရာလာကြည့်ပြီး သဘောကျနေတယ်။ တတိယပါတ်မှာ ငပွကြီးကျွန်တော်ပေါ့ အရင်လိုပဲမကြေပွဲနှဲ လာနားထောင်တဲ့ လူတွေကလည်း များလာတယ်ခင်ဗျ။ နောက်တစ်ပါတ်အတွက် လူမရှိတော့ လာတဲ့လူတွေထဲက ခင်ဗျားတို့ထဲက တစ်ယောက်နောက်တစ်ပါတ် တာဝန်ယူဆိုတော့ ဟိုလူ့လက်ညှိုးထိုး သည့်လူ့လက်ညှိုးထိုးနဲ့ တစ်ယောက်တာဝန်ချလိုက်ပါရော။ စတုတ္ထမြောက်နေ့လည်းရောက်ရော ဘုရားစူးမိုးကြိုးပစ် လာတဲ့လူက ပွကြီး ၃ ယောက်ရယ် နောက်ထပ် ၂ ယောက်ရယ်ပဲ ရောက်လာတယ် ပြောမယ့်လူလည်းမလာဘူး ကျန်တဲ့လူတွေလည်း ပြောခိုင်းမှာစိုးလို့လားမသိ အကုန်ပြေးကုန်ကြပါရောဗျာ။ ဒါနဲ့ပဲ ဆွေးနွေးပွဲ ၃ ပါတ်နဲ့ ပျက်ကရောပဲ။
တစ်ကယ်ဆိုရင် အင်မတန်ကောင်းပါတယ် ကျွန်တော်ပြောခဲ့တုန်းက ဒုတိယနှစ်ကျောင်းသားအရွယ် Normalization ပြောရမယ်ဆိုပြီး ခေါင်းစဥ်ကျတယ်။ သီအိုရီကို လူအများနားလည်အောင် ပြောရမယ်ဆိုတော့ CJ Date ကိုတစ်ပါတ်လုံး အခန်းနှစ်ခန်း ဖင်ပြန်ခေါင်းပြန်ဖတ်ရတာပါ အခုအရွယ်မှာ အဲဒီ့စာတွေက လွယ်ပေမယ့် ငယ်တဲ့အချိန်တုံးကတော့ ခက်သလိုပင်ပန်းပါတယ်။ သူငယ်ချင်း နှစ်ယောက်ကလည်း ကိုယ်ဖတ်လို့သူတို့ မဖတ်လို့မရပါဘူး မဖတ်ရင်မမေးတတ်တော့ သူတို့လည်းအသည်းအသန်ဖတ်ရတာပါ။ သူတို့အလှည့်လည်း ကိုယ်ကငြိမ်နေလို့မရပဲ ဖတ်ရပြန်ပါတယ်။ အခုလည်းအမှတ်မရှိ ဖိုရမ်မှာ အွန်လိုင်းဆွေးနွေးပွဲ အပါတ်စဥ်လုပ်မယ်လို့ အစပျိုးမိပြန်ပါပြီ အရင်လိုပဲ ၁ ပါတ်လား ၂ ပါတ်လား မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရသလောက်တော့ လုပ်
ပေးကြည့်ဦးမယ် ကိုယ်အတွက်ကတော့ ဘာမှသိပ်မထူးပါဘူး စိတ်ဝင်စားတဲ့လူများရှိရင် စာလေးကြိုးစားဖတ်ကြလို့ အကျိုးလေးနည်းနည်းရှိသွားကြရင် တော်ပါပြီလို့ပဲမှန်းပါတယ်။

အရွေးမှန်ခဲ့ကြပါစေ

တစ်ခါတစ်ရံတော့ အထင်နဲ့အမြင်နဲ့လွဲတတ်တယ် အချိန်တွေကုန်လွန်သွားတော့မှ အမှန်ကိုမြင်မိတာလဲရှိတယ်။ အတတ်ပညာတစ်ခုတတ်ဖို့ ဖြတ်လမ်းမရှိပါဘူး အရင်းအနှီးများပါတယ် အချိန်တွေ ငွေတွေ ကြိုးစားမှု့တွေ အများကြီးရင်းရတာပါ။ အတတ်ပညာတစ်ခုကို အတိုင်းအတာတစ်ခုအထိ တတ်မြောက်တယ်လို့ ပြောလို့ရတဲ့လူတစ်ယောက်ကို မေးမြန်းလို့ ပြန်ဖြေလိုက်တဲ့အဖြေဟာ ကိုယ်နားမလည်တာ တစ်ခုနဲ့တော့ လျိုတယ်လို့ပြောရင် မှားတတ်ပါတယ်။ တစ်ကယ်က အတတ်ပညာတစ်ခုမှာ လျို့ဝှက်ချက်ဆိုတာမှ မရှိတာပဲ တတ်ကွမ်းအောင် အမျိုးမျိုးကြိုးစားခဲ့ပြီးမှ တတ်မြောက်ခဲ့တာပဲ လျို့ဝှက်ချက်ကို လက်ဆင့်ကမ်းလို့ တတ်မြောက်တယ်ဆိုတာ မရှိပါဘူးလေ။ သင်တယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုအထိ အခြေခံရှိမှအဆင့်ဆင့်သင်လို့ရပါတယ်။
ညီအစ်ကိုလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ ကျောင်းတုံးကသူငယ်ချင်း တစ်ယောက်နဲ့ အွန်လိုင်းမှာပြန်ဆုံကြောင်းနဲ့ ဂုဏ်ထူးတန်းမှာ UML နားလည်အောင်ရှင်းမပြပဲ လျိုထားလို့ဒေါသထွက်ကြောင်း ရန်တွေ့ခံရတယ်လို့ ပြောပြပါတယ်။ တစ်ကယ်က အခြေခံမရှိလို့မလိုက်နိုင်တာကို နားမလည်အောင်ရှင်းတယ် ထင်တာပါ။ အတန်းကြီးလာတာနဲ့အမျ ပရိုဂရမ်းမင်း မတတ်ရင်စာတွေက အလွယ်ပြောရရင် ကကြီးခခွေးမတတ်ပဲ ကဗျာစပ်သင်သလိုဖြစ်နေတာပါ။ တစ်ကယ်က Relation တွေဆိုတာက ဘယ်ဘက်ကဘာဆိုတာ ရှင်းစရာမှမလိုတာပဲ OOP သိတဲ့လူက ဘယ်ဘက်မှာ Variable ဘယ်နှစ်လုံးကြေငြာတယ်ဆိုတာပ UML ပုံကိုကြည့်ပြီး မျက်စေ့ထဲမြင်လိုက်တာပါ။ ဒီတော့ပုံကိုဘယ်လိုဆွဲပဲ သင်ပေးလို့ရတယ် နားလည်ဖို့ကတော့ အရင်ကတည်းက အတိုင်းအတာတစ်ခုအထိ ရှိနေခဲ့ရမှာကိုး ဘယ်သူကအမြဲတမ်း ကကြီးကနေ အအထိပြောပြချိန်မရှိပါဘူး။
နောက်ပြီးတော့ဆရာမလိုဘူးလို့ မပြောပါဘူး ရှိတာကကောင်းပါတယ်။ ဒါပေမယ့်သိထားဖို့က ဒီဆရာဘယ်လိုသင်သင် ကိုယ်က တစ်ဝက်ရဖို့တောင်မလွယ်ပါ ဒါကသင်ကြားခြင်းနဲ့ သင်ယူသူကြားမှာ အမြဲဖြစ်နေတဲ့အကြောင်းပါ။ ဆရာလိုတတ်ချင်ရင် ဆရာကိုသင်ခိုင်းလို့မဖြစ်ဘူး ဆရာသင်ယူခဲ့သလို သင်ယူမှသာဖြစ်နိုင်ပါတယ်။ ဆရာတစ်ယောက်က သင်ပေးတာကောင်းရင် တပည့်တွေသဘောကျတယ် နာမည်ကြီးပါတယ် ဒါပေမယ့် တတ်သမျသိသမျကို အိတ်သွန်ဖာမှောက် အာပေါက်အောင်သင်ပါစေ ဒါပေမယ့်တပည့်တွေကို အကုန်သင်မပေးပဲ လျိုထားတယ်လို့ပြောလို့ရပါတယ်။ အဲဒီ့လိုဆရာမျိုးမှာ တပည့်ပေါပေမယ့် ထူးခွန်တဲ့တပည့်နည်းပါတယ်။ တစ်ကယ်တတ်စေချင်တဲ စေတနာရှိရင် အခြေခံလောက်တတ်ရင် ဆက်သင်စရာမလိုပါဘူး။ ကိုယ့်လမ်းကိုယ်သွားနိုင်အောင် ဆရာလျောက်ခဲ့တဲ့လမ်းကို တပည့်ကိုလှတ်နိုင်ရမယ်။ ဒီလိုဆရာမျိုးမှာတော့ တပည့်နည်းတတ်ပါတယ် နည်းတာမဟုတ်ပါဘူးလေ တပည်ကကြာကြာမနေနိုင်တာပါ။ ဒါပေမယ့် ကျန်တဲ့တပည့်တွေမှာ ထူးခွန်တဲ့တပည့်များပါတယ်။ ဒါ့ကြောင့် ညီငယ်ညီမငယ်များ မူကြိုဆရာများ၏လက်မှ လွတ်ကင်း၍ အင်မတန်ခိုင်းသော ဆရာများ၏ထံတွင် ကြာရှည်စွာနေနိုင်ကြပါစေ ဆရာအရွေးမှန်ခဲ့ကြပါစေ။

RSS Address Changes

RSS Link ကို Hosting ပြောင်းရလွယ်စေရန် http://feeds.feedburner.com/CalmHill ဟုပြောင်းလဲပါမည်။ Comment ရေးရခြင်းများကို ကျော်ရခွရမဖြစ်စေရန် အခြား Blog Software ပြောင်းချင်ပြောင်းမည်ဖြစ်ပါသဖြင့် RSS ခဏခဏ ပြောင်းရခြင်းများမဖြစ်ရန် Feed Burner ဖြင့် ပြောင်းထားလိုက်ပါသည်။ ခဏခဏပြောင်းနေသဖြင့် စိတ်အနှောက်အယှက်ဖြစ်ရသော ဘော်တာများကို အထူးတောင်းပန်ပါသည်။