Archive for November, 2009

30
Nov 09

ဘယ်လောက်ကြာကြာခံမလဲမသိ

ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်နှစ်ဝက်စာမေးပွဲပြီးလောက်က စပြီးတော့ ဆရာတစ်ယောက်ဆီမှာ Database သင်တန်းတက်ဖြစ်တယ် ကျွန်တော်ကအပြင်သင်တန်း တက်ခဲပါတယ် ကိုယ့်ဟာကိုယ်ပဲ စာဖတ်တာ များပါတယ် ကျွန်တော်နားလည်တဲ့ Programming Language တွေဟာ တစ်ခါမှသင်တန်းမတက်ပဲ ကိုယ်တိုင်ပဲလေ့လာထားတာပါ။ အဲဒီ့ဆရာကတော့ ကျွန်တော့််အတွက် အင်မတန် ကျေးဇူးကြီးပါတယ် Software Development, Database Management အတွေ့အကြုံတွေက ဆရာ့ဆီမှာလုပ်ရင်း ရခဲ့တယ်လို့ပြောလို့ရပါတယ်။ ကျွန်တော်က Academic သမားဖြစ်ပေမယ့် Business Software Development ကိုလုပ်နိုင်ခဲ့တာက ဆရာ့ကြောင့်ပါ။
ဆရာနဲ့နေခဲ့စဥ်က မီးလောင်သွားတဲ့ MICT တောင်မရှိသေးပါဘူး အစကတော့ သင်တန်းကဆရာအိမ်မှာပဲဖွင့်တယ် နောက်တော့ လမ်း ၈ဝ ဖားသားလဖုန်းဘေးက Resource Centre မှာစုပြီးဖွင့်တော့ အဲဒီ့ကိုပြောင်းကြပြန်တယ်။ Mandalay MCSA မှာလည်း ဘာတွေဖြစ်တယ်မသိဘူး ကွန်ပျူတာတက္ကသိုလ်က ဆရာဆရာမတွေအကုန်လုံး နှုတ်ထွက်လိုက်တယ် အသင်းဝင်လည်းသိပ်မရှိပါဘူး။ MCSA ဆိုတာ အခုတော့ MCPA လို့နာမည်ပြောင်းထားတာကြာပါပြီ Academic ကလူတွေထွက်ကုန်လို့ Scientist နာမည်ခံလို့မကောင်းလို့ Professional လို့ပြောင်းတယ်ထင်ပါတယ်။ အသင်းမှာ ဆွဲဆောင်မှု့ရှိအောင် အပတ်စဥ် ဆွေးနွေးပွဲလေးတွေ လုပ်မယ်ဆိုပြီး ဆရာကအကြံပေးတယ် အဲဒီ့အချိန်က ဆရာ့အမျိုးသမီးက MCSA အတွင်းရေးမှူးတာဝန်ယူထားချိန် ထင်ပါတယ် သိပ်မသေချာတော့ဘူး။ အသင်းအနေနဲ့ မလုပ်နိုင်ခင်မှာ အစမ်းအနေနဲ့ သင်တန်းမှာပဲမင်းတို့ အပတ်စဥ်စနေနေ့တိုင်း ခေါင်းစဥ်တစ်ခုစီနဲ့ ဆွေးနွေးကြဆိုပြီး ခိုင်းလိုလုပ်ကြပါတယ်။
ကျွန်တော်အပါအဝင် ငပွကြီး ၃ ယောက်တစ်လှည့်စီပြောမယ်ပေါ့ လူစုကြတယ်။ ပထမဆုံးတစ်ပါတ်မှာ ပွကြီး ၃ ယောက်ထဲက သူငယ်ချင်းတစ်ယောက်က ဦးဆောင်ဆွေးနွေးပါတယ်။ လာတဲ့လူလည်းများတယ် ကျောင်းသားတွေပဲဆိုတော့ အချင်းချင်းဆိုတော့ ကြောက်တယ်ဘာတယ်လည်း မရှိဘူးလေ။ ငြင်းလိုက်ခုန်တဲ့အချိန်ကျတော့ ပွကြီး ၃ ယောက်ပဲ ရန်ဖြစ်မတတ်ချကြပြန်ရော ကျန်တဲ့လူတွေကတော့ ငုတ်တုတ်ပဲ။ နောက်တစ်ပါတ် နောက်ထပ် တစ်ယောက်အလှည့်ကျတော့လည်း ဒီလိုပဲ ငြင်းကြခုန်ကြပေါ့ ဆရာလာကြည့်ပြီး သဘောကျနေတယ်။ တတိယပါတ်မှာ ငပွကြီးကျွန်တော်ပေါ့ အရင်လိုပဲမကြေပွဲနှဲ လာနားထောင်တဲ့ လူတွေကလည်း များလာတယ်ခင်ဗျ။ နောက်တစ်ပါတ်အတွက် လူမရှိတော့ လာတဲ့လူတွေထဲက ခင်ဗျားတို့ထဲက တစ်ယောက်နောက်တစ်ပါတ် တာဝန်ယူဆိုတော့ ဟိုလူ့လက်ညှိုးထိုး သည့်လူ့လက်ညှိုးထိုးနဲ့ တစ်ယောက်တာဝန်ချလိုက်ပါရော။ စတုတ္ထမြောက်နေ့လည်းရောက်ရော ဘုရားစူးမိုးကြိုးပစ် လာတဲ့လူက ပွကြီး ၃ ယောက်ရယ် နောက်ထပ် ၂ ယောက်ရယ်ပဲ ရောက်လာတယ် ပြောမယ့်လူလည်းမလာဘူး ကျန်တဲ့လူတွေလည်း ပြောခိုင်းမှာစိုးလို့လားမသိ အကုန်ပြေးကုန်ကြပါရောဗျာ။ ဒါနဲ့ပဲ ဆွေးနွေးပွဲ ၃ ပါတ်နဲ့ ပျက်ကရောပဲ။
တစ်ကယ်ဆိုရင် အင်မတန်ကောင်းပါတယ် ကျွန်တော်ပြောခဲ့တုန်းက ဒုတိယနှစ်ကျောင်းသားအရွယ် Normalization ပြောရမယ်ဆိုပြီး ခေါင်းစဥ်ကျတယ်။ သီအိုရီကို လူအများနားလည်အောင် ပြောရမယ်ဆိုတော့ CJ Date ကိုတစ်ပါတ်လုံး အခန်းနှစ်ခန်း ဖင်ပြန်ခေါင်းပြန်ဖတ်ရတာပါ အခုအရွယ်မှာ အဲဒီ့စာတွေက လွယ်ပေမယ့် ငယ်တဲ့အချိန်တုံးကတော့ ခက်သလိုပင်ပန်းပါတယ်။ သူငယ်ချင်း နှစ်ယောက်ကလည်း ကိုယ်ဖတ်လို့သူတို့ မဖတ်လို့မရပါဘူး မဖတ်ရင်မမေးတတ်တော့ သူတို့လည်းအသည်းအသန်ဖတ်ရတာပါ။ သူတို့အလှည့်လည်း ကိုယ်ကငြိမ်နေလို့မရပဲ ဖတ်ရပြန်ပါတယ်။ အခုလည်းအမှတ်မရှိ ဖိုရမ်မှာ အွန်လိုင်းဆွေးနွေးပွဲ အပါတ်စဥ်လုပ်မယ်လို့ အစပျိုးမိပြန်ပါပြီ အရင်လိုပဲ ၁ ပါတ်လား ၂ ပါတ်လား မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရသလောက်တော့ လုပ်ပေးကြည့်ဦးမယ် ကိုယ်အတွက်ကတော့ ဘာမှသိပ်မထူးပါဘူး စိတ်ဝင်စားတဲ့လူများရှိရင် စာလေးကြိုးစားဖတ်ကြလို့ အကျိုးလေးနည်းနည်းရှိသွားကြရင် တော်ပါပြီလို့ပဲမှန်းပါတယ်။
28
Nov 09

အရွေးမှန်ခဲ့ကြပါစေ

တစ်ခါတစ်ရံတော့ အထင်နဲ့အမြင်နဲ့လွဲတတ်တယ် အချိန်တွေကုန်လွန်သွားတော့မှ အမှန်ကိုမြင်မိတာလဲရှိတယ်။ အတတ်ပညာတစ်ခုတတ်ဖို့ ဖြတ်လမ်းမရှိပါဘူး အရင်းအနှီးများပါတယ် အချိန်တွေ ငွေတွေ ကြိုးစားမှု့တွေ အများကြီးရင်းရတာပါ။ အတတ်ပညာတစ်ခုကို အတိုင်းအတာတစ်ခုအထိ တတ်မြောက်တယ်လို့ ပြောလို့ရတဲ့လူတစ်ယောက်ကို မေးမြန်းလို့ ပြန်ဖြေလိုက်တဲ့အဖြေဟာ ကိုယ်နားမလည်တာ တစ်ခုနဲ့တော့ လျိုတယ်လို့ပြောရင် မှားတတ်ပါတယ်။ တစ်ကယ်က အတတ်ပညာတစ်ခုမှာ လျို့ဝှက်ချက်ဆိုတာမှ မရှိတာပဲ တတ်ကွမ်းအောင် အမျိုးမျိုးကြိုးစားခဲ့ပြီးမှ တတ်မြောက်ခဲ့တာပဲ လျို့ဝှက်ချက်ကို လက်ဆင့်ကမ်းလို့ တတ်မြောက်တယ်ဆိုတာ မရှိပါဘူးလေ။ သင်တယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုအထိ အခြေခံရှိမှအဆင့်ဆင့်သင်လို့ရပါတယ်။
ညီအစ်ကိုလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ ကျောင်းတုံးကသူငယ်ချင်း တစ်ယောက်နဲ့ အွန်လိုင်းမှာပြန်ဆုံကြောင်းနဲ့ ဂုဏ်ထူးတန်းမှာ UML နားလည်အောင်ရှင်းမပြပဲ လျိုထားလို့ဒေါသထွက်ကြောင်း ရန်တွေ့ခံရတယ်လို့ ပြောပြပါတယ်။ တစ်ကယ်က အခြေခံမရှိလို့မလိုက်နိုင်တာကို နားမလည်အောင်ရှင်းတယ် ထင်တာပါ။ အတန်းကြီးလာတာနဲ့အမျ ပရိုဂရမ်းမင်း မတတ်ရင်စာတွေက အလွယ်ပြောရရင် ကကြီးခခွေးမတတ်ပဲ ကဗျာစပ်သင်သလိုဖြစ်နေတာပါ။ တစ်ကယ်က Relation တွေဆိုတာက ဘယ်ဘက်ကဘာဆိုတာ ရှင်းစရာမှမလိုတာပဲ OOP သိတဲ့လူက ဘယ်ဘက်မှာ Variable ဘယ်နှစ်လုံးကြေငြာတယ်ဆိုတာပ UML ပုံကိုကြည့်ပြီး မျက်စေ့ထဲမြင်လိုက်တာပါ။ ဒီတော့ပုံကိုဘယ်လိုဆွဲပဲ သင်ပေးလို့ရတယ် နားလည်ဖို့ကတော့ အရင်ကတည်းက အတိုင်းအတာတစ်ခုအထိ ရှိနေခဲ့ရမှာကိုး ဘယ်သူကအမြဲတမ်း ကကြီးကနေ အအထိပြောပြချိန်မရှိပါဘူး။
နောက်ပြီးတော့ဆရာမလိုဘူးလို့ မပြောပါဘူး ရှိတာကကောင်းပါတယ်။ ဒါပေမယ့်သိထားဖို့က ဒီဆရာဘယ်လိုသင်သင် ကိုယ်က တစ်ဝက်ရဖို့တောင်မလွယ်ပါ ဒါကသင်ကြားခြင်းနဲ့ သင်ယူသူကြားမှာ အမြဲဖြစ်နေတဲ့အကြောင်းပါ။ ဆရာလိုတတ်ချင်ရင် ဆရာကိုသင်ခိုင်းလို့မဖြစ်ဘူး ဆရာသင်ယူခဲ့သလို သင်ယူမှသာဖြစ်နိုင်ပါတယ်။ ဆရာတစ်ယောက်က သင်ပေးတာကောင်းရင် တပည့်တွေသဘောကျတယ် နာမည်ကြီးပါတယ် ဒါပေမယ့် တတ်သမျသိသမျကို အိတ်သွန်ဖာမှောက် အာပေါက်အောင်သင်ပါစေ ဒါပေမယ့်တပည့်တွေကို အကုန်သင်မပေးပဲ လျိုထားတယ်လို့ပြောလို့ရပါတယ်။ အဲဒီ့လိုဆရာမျိုးမှာ တပည့်ပေါပေမယ့် ထူးခွန်တဲ့တပည့်နည်းပါတယ်။ တစ်ကယ်တတ်စေချင်တဲ စေတနာရှိရင် အခြေခံလောက်တတ်ရင် ဆက်သင်စရာမလိုပါဘူး။ ကိုယ့်လမ်းကိုယ်သွားနိုင်အောင် ဆရာလျောက်ခဲ့တဲ့လမ်းကို တပည့်ကိုလှတ်နိုင်ရမယ်။ ဒီလိုဆရာမျိုးမှာတော့ တပည့်နည်းတတ်ပါတယ် နည်းတာမဟုတ်ပါဘူးလေ တပည်ကကြာကြာမနေနိုင်တာပါ။ ဒါပေမယ့် ကျန်တဲ့တပည့်တွေမှာ ထူးခွန်တဲ့တပည့်များပါတယ်။ ဒါ့ကြောင့် ညီငယ်ညီမငယ်များ မူကြိုဆရာများ၏လက်မှ လွတ်ကင်း၍ အင်မတန်ခိုင်းသော ဆရာများ၏ထံတွင် ကြာရှည်စွာနေနိုင်ကြပါစေ ဆရာအရွေးမှန်ခဲ့ကြပါစေ။
28
Nov 09

RSS Address Changes

RSS Link ကို Hosting ပြောင်းရလွယ်စေရန် http://feeds.feedburner.com/CalmHill ဟုပြောင်းလဲပါမည်။ Comment ရေးရခြင်းများကို ကျော်ရခွရမဖြစ်စေရန် အခြား Blog Software ပြောင်းချင်ပြောင်းမည်ဖြစ်ပါသဖြင့် RSS ခဏခဏ ပြောင်းရခြင်းများမဖြစ်ရန် Feed Burner ဖြင့် ပြောင်းထားလိုက်ပါသည်။ ခဏခဏပြောင်းနေသဖြင့် စိတ်အနှောက်အယှက်ဖြစ်ရသော ဘော်တာများကို အထူးတောင်းပန်ပါသည်။

27
Nov 09

မန်းတုန်အောင် လမ်းဆုံကဟစ်ချင်ရင်ဖြင့်

အချိန်တွေကလည်း ကုန်တာပိုမြန်သလိုပဲ မန္တလေးဆောင်းကို ငါခွဲခဲ့တာ ၂ နှစ်တောင်ရှိသွားခဲ့ပြီပဲ။ ငယ်ဘဝကတော့ တောင်ကြီးဆောင်းမှာ မီးဖိုနဲ့ကုန်ဆုံးခဲ့ရတယ် နောက်တော့ မန္တလေးဆောင်း။ ဆရာဖေပြောတဲ့ “ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို ့ မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့” ဆိုတာကို ငယ်ကတော့ တောင်ကြီးသားတစ်ဝက်ဖြစ်နေတဲ့ ကျွန်တော်ကရယ်တယ်။ ဒါပေမယ့် အညာဆိုတော့ရာသီဥတုက ကြမ်းပါတယ် ပူရင်လည်းအင်မတန်ပူသလို အေးရင်လည်း အင်မတန်အေးပါတယ် အနေကြာတော့မှ မန္တလေးဆောင်းလည်း သူ့နည်းသူ့ဟန်နဲ့ အင်မတန်အေးတာသိလာတယ်။
မနက်ခင်းချမ်းချမ်းစီးစီးမှာ သူများတွေကျန်းမာရေးဆိုတော့ ကိုယ်လည်းကျန်းမာရေးပေါ့ ကျုံးဘေးလမ်းလျောက်တယ် တစ်ခါတစ်လေပြေးရှိပါတယ်။ မောင်နှမလေးယောက် အများလိုပဲကျုံးဘေးလမ်းလျောက် ဒါပေမယ့်သူများလို ခြေကျင်မဟုတ်ဘူး ကျုံးကဝေးလို့ဆိုင်ကယ်နဲ့ ကျုံးအရှေ့ထိပ်က သူငယ်ချင်းအိမ်ကိုသွား ဆိုင်ကယ်ထားပြီးမှ သူငယ်ချင်းကိုခေါ်ပြီး အရှေ့ကျုံးအတိုင်း မန္တလေးတောင်ဘက်အထိ လမ်းလျောက်လေ့ရှိတာပါ။ လူတင်မကပါဘူး ခွေးကလေးပါခေါ်လို့ အားလုံးပေါင်း လူငါးယောက်နဲ့ ခွေးတစ်ကောင်လို့ဆိုရမယ်။ ခွေးကလေးကို ခွေးအကြီးတွေမကိုက်ဖို့က ညီမနှစ်ယောက် တာဝန်ယူပေါ့ အစ်ကိုနှစ်ယောက်ကတော့ လေ့ကျင့်ခန်းလုပ်နေတဲ့ တရုတ်မလေးတွေကို ကြည့်ဖို့တာဝန်ယူပေါ့။ သူငယ်ချင်းရှမ်းလူပျိုကြီးကတော့ ရှေ့ကနေ မော့တော့မော့တော့နဲ့ ခပ်သုတ်သုတ်လျောက်လေ့ရှိတယ်။
မနက်ငါးနာရီလောက် မြူဆိုင်းနေတဲ့ ကျုံးရေပြင်နောက်က မြို့ရိုးတွေ တံခါးတွေကို အခုထက်ထိပြန်မြင်မိပါတယ်။ မှုံပြပြပဲမြင်ရတဲ့ မန်းလေးတောင်လည်း လွမ်းမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပြန်ပြီးထိမ်းသိမ်းထားတယ်ဆိုလည်း ရှေးမူတော့ပြန်မြင်ရပါသေးတယ်။ ပဒေသရာဇ်ကို သဘောကျတဲ့လူမဟုတ်ပေမယ့် ကျန်ခဲ့တဲ့အဆောက်အဦးတွေကိုတော့ တစ်ချိန်က ယဥ်ကျေးမှု့ ပြယုဂ်အဖြစ်တော့ ဂုဏ်ယူမိပါတယ်။ မန္တလေးလို့ပြောလိုက်ရင် ကျောင်းကသူငယ်ချင်းတွေ မျက်စေ့လည်ပေမယ့် Desktop မှာတင်ထားတဲ့ မြို့ရိုးပုံကိုမြင်တာနဲ့ ဗမာပြည်ကဘယ်နေရာဆိုတာ ကုလားလည်းသိတယ် တရုတ်လည်းသိတယ် မလေးလည်းသိကြပါတယ်။
မြို့ရိုးနဲ့အပြိုင်ကျုံးဘေးမှာ တရုတ်မအကြီးအငယ်အရွယ်စုံ ကက်ဆက်ချပြီး ယပ်တောင်အနီရောင်တွေ စတီးရောင်ထနေတဲ့ ပလတ်စတစ်ဓားတွေ တရုတ်ဝတ်စုံအပြည့်နဲ့ သိုင်းလေ့ကျင့်ခန်း လုပ်ကြပါတယ်။ ဒါလည်းဂုဏ်ယူစရာပါ နိုင်ငံရပ်ခြားမှာ သူတို့ယဥ်ကျေးမှု့ မပျောက်ပျက်အောင် ထိမ်းသိမ်းထားကြတာပဲ။ နိုင်ငံရပ်ခြားက ဒို့ဗမာများကတော့မသိ။ အိမ်အောက်ထပ်ဆင်းလိုက်တယ် လုံချည်စွန်တောင်ဆွဲနဲ့ အကျႌအပြင်ထုတ်ဝတ်ထားသလား သေချာတယ် ဘင်္ဂလားကုလား။ စွပ်ကျယ်အကျႌကိုအပေါ်ကဝတ်ပြီး ပုဆိုးကို ဘုန်းကြီးသင်းပိုင်လို လိပ်ပြီးဝတ်ထားသလား အဲဒါသေချာတယ် မလေးရှား။ ဗမာလား မရှိဘူးမဟုတ်ပါဘူး ရ ရက်နေလို့ ၁ ယောက်တွေ့ခဲပါတယ်။ အခုထက်ထိတော့ အိမ်နားကစျေးလည်း ပုဆိုးနဲ့စျေးဝယ်ထွက်ဆဲပါ။ ဓာတ်လှေကားပေါက်က မလေးအဘိုးကြီး တွေ့တိုင်းအမြဲပြောတယ် ငါတို့ဆီကကလေးတွေ ငါ့လိုလုံချည်မဝတ်ကြတော့ဘူးတဲ့ မင်းကတော့ လူငယ်ပေမယ့် မင်းတို့လူမျိုးအဝတ်အစား ဝတ်တတ်တာ အင်မတန် သဘောကျတယ်လို့ အမြဲဆုံတိုင်းပြောလေ့ရှိတယ်။
ဒီနှစ်တော့ မန္တလေးဆောင်းလည်း နှင်းတွေလည်းဆိုင်းနေဆဲဖြစ်မှာပါ မြို့ရိုးကြီးလည်း ချမ်းနေဆဲဖြစ်မှာပါ မန်းလေးတောင်လည်း မြူတွေကိုစောင်ခြုံဆဲပဲရှိမှာပါ တရုတ်မလေးတွေလည်း ကြောက်စရာကောင်းတဲ့ ပလတ်စတစ်ဓားတွေနဲ့ လေ့ကျင့်ခန်းလုပ်နေဆဲရှိမှာပါ။ အခုတော့တစ်ယောက်တည်းပဲ ကမာ္ဘအလယ်ခြမ်းအရပ်မှာ “ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို ့ မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့” ပေမယ့် “မန်းတုန်အောင် လမ်းဆုံကဟစ်ချင်ရင်ဖြင့် ချမ်းပုံမှာ ကမ်းကုန်စေရန် လိမ်ညာစရာ နှင်းတွေရှိသတဲ့ စင်တာခေါ်ဆိုင်းရင့်ကို သွားရမှာကြောင့်” စရိတ်မတတ်နိုင်လို့ ယပ်ခပ်ရင်းသာ ဘလော့ရေးလိုက်ပါတယ် မွေးရပ်မြေရယ်။

http://cache.virtualtourist.com/846281-Mandalay_Fort_at_sunrise-Mandalay.jpg

24
Nov 09

ဆရာကြီးဘာလုပ်သလဲ

တစ်ခါကနာမည်ကျော် ပန်းပဲဆရာကြီးတစ်ယောက်ရှိသတဲ့။ တစ်နေ့တော့ နာမည်ကြီးလွန်းလို့ဆိုပြီး အခုခေတ်စကားနဲ့ဆိုရင်တော့ အင်တာဗျူးတာပေါ့။ ပထမတော့ ဆရာကြီးအကြောင်းတွေမေး နောက်တော့ ပန်းပဲအလုပ်အကြောင်းတွေမေးပေါ့။ နောက်ဆုံးပြန်ခါနီးမှာ အဆုံးသတ်အနေနဲ့ အခုလုပ်နေတဲ့ ပန်းပဲအလုပ်ထဲမှာ ဆရာကြီးဘယ်အဆင့်မှာ ပါဝင်လုပ်ဆောင်ပါသလဲလို့ မေးတဲ့အခါမှာတော့။

မေး။ ။ ဆရာကြီးအခု အလုပ်ထဲမှာ သံရွေးတဲ့နေရာတွေ မှာဆရာကြီးပါဝင်သလား။
ဖြေ။ ။ အဲဒါတွေလောက်တော့ တပည့်တွေခိုင်းရတာပေါ့ဗျာ။

မေး။ ။ ဒါဆိုရင်သံစပ်တဲ့နေရာမှာ ဆရာကြီးကိုယ်တိုင်ဝင်လုပ်တာပေါ့နော်။
ဖြေ။ ။ ဒါတွေလည်း ကျုပ်ပါစရာမလိုပါဘူး တပည့်တွေရှိနေတာပဲဟာ။

မေး။ ။ ဒါဆိုရင် တူထုတဲ့နေရာမှာ ဆရာကြီးကိုယ်တိုင်လုပ်ပါသလား။
ဖြေ။ ။ အောင်မယ်လေးမောင်ရယ် ကျုပ်အသက်ကြီးပါပြီ ဒီလောက်တော့ ကျုပ်ပါစရာမလိုပါဘူး တပည့်တွေခိုင်းပေါ့။

မေး။ ။ ဒါဆိုရင်အချောသတ်တော့ ဆရာကြီးလုပ်ပါသလား။
ဖြေ။ ။ ငါ့မှာ တပည့်အရင်းတွေရှိပါတယ် အဲဒါတွေကို သူတို့လုပ်တယ်လေ။

မေး။ ။ ဒါဆိုရင် နောက်ဆုံးဆေးသားတင်တော့ ဆရာကြီးကိုယ်တိုင်တင်တာပေါ့နော်။
ဖြေ။ ။ အမွေခံမည့် တပည့်တစ်ယောက်ရှိတယ် အဲဒါသူအတွေ့အကြုံရအောင် ခိုင်းလိုက်တာပေါ့။

မေး။ ။ ဒါဆိုရင်ဆရာကြီးက အလုပ်ထဲမှာ ဘယ်နေရာမှာအဓိကပါဝင်ပါသလဲ။
ဖြေ။ ။ အကုန်လုံးက တပည့်တွေခိုင်းဖြစ်တာပဲ ကျုပ်ကတော့ ဖိုဆွဲတာပေါ့ဗျာ။

21
Nov 09

မငိုပါနဲ့ဂျိုနီ

၁၉၇၅ ခုနှစ်များကသီချင်း တစ်ပုဒ်ပေါ့ Conway Twitty ရယ် Joni Lee Jenkins ရယ်ဆိုထားခဲ့တာပါ။ ကိုယ့်အသက်ထက်ကို ကြီးနေတဲ့သီချင်းပေါ့ ငယ်ငယ်ကတော့အိမ်က အဖေဖွင့်နေလို့ ကြားဖူးပါတယ် ကလေးဆိုတော့ စာသားတွေဘယ်နားလည်ပါ့မလဲ နောက်ကြီးလာတော့လည်း ဆက်ပြီးနားမထောင်ဖြစ်တော့ဘူး အခွေလည်း ကျွန်တော်ဆော့ပြီး Record မှားနှိပ်လို့ ပျက်သွားတာပါပါတယ်။ ကြာတော့ကြာပါပြီ Youtube မှာတွေ့လို့ဖွင့်ပြီး နားထောင်ကြည့်မှ ဇာတ်လမ်းကလည်း ရယ်ချင်စရာလေး ဖြစ်နေတာကိုး။ ဒီတော့စိတ်ဝင်စားသူများ အသေအချာနားထောင်ကြည့်လိုက်ပါဦး သီချင်းဆုံးတာနဲ့ အနည်းဆုံးတော့ မရယ်ဖြစ်တောင်ပြုံးမိကြမှာပါ။ နားထောင်ရလွယ်အောင် သီချင်းစာသားပါ ရှာထားလိုက်တယ်။ ဒီလိုပါပဲ အချိန်နဲ့အမျပြောင်းလဲသွားကြတာပါပဲ။ ဒီလိုပဲဆားချက်လိုက်တယ် မရေးချင်လို့မဟုတ်ပါဘူး မအားဘူးဗျာ စာဖတ်နေတာများလို့ ခေါင်းမီးတောက်နေပြီ အပန်းပြေ ဘလော့ပေါ်တက်လာတယ်။

Woman- Jimmy please say you’ll wait for me I’ll grow up someday you’ll see Saving all my kisses just for you Signed with love forever true.

Man – Joni was the girl who lived next door I’ve known her I guess ten years or more. Joni wrote me a note one day. And this is what she had to say.

Woman-Jimmy please say you’ll wait for me I’ll grow up someday you’ll see Saving all my kisses just for you Signed with love forever true.

Man- Slowly I read her note once more Then I went over to the house next door Her tear-drops fell like rain that day When I told Joni what I had to say.

Man- Joni, Joni please don’t cry You’ll forget me by and by You’re just fifteen and I’m twenty two, and Joni I just can’t wait for you.

Man – Soon I left our little home town, Got me a job and tried to settle down But these words kept haunting my memory, the words that Joni said to me.

Woman- Jimmy please say you’ll wait for me I’ll grow up some day you’ll see Saving all my kisses just for you Signed with love forever true.

Man – I packed my clothes and I caught a plane and I had to see Joni. I had to explain, how my heart was filled with her memory and ask my Joni if she’d marry me I ran all the way to the house next door but things weren’t like they were before My tear-drops fell like rain that day When I heard what Joni had to say.

Woman- Jimmy, Jimmy please don’t cry You’ll forget me by and by. It’s been five years since you’ve been gone Jimmy, I – (married) – your best friend John.

From: http://www.sing365.com/music/lyric.nsf/Don%27t-Cry-Joni-lyrics-/4C174AC0C69503AD48256F9B0023DD11

20
Nov 09

ခေတ်အဆက်ဆက် ဒုက္ခများ

ရှေးကတော့ သတင်းစကားပါးချင်ရင် ဆက်သားလှတ်ပြီး အပို့ခိုင်းတယ်။ ဆက်သားလှတ်ရတာလည်း စိတ်ကပူရပန်ရ ကုန်းတစ်တန်ရေတစ်တန်နဲ့ ခရီးရက်ရှည်သွားမှ ပို့ချင်တဲ့ သတင်းရောက်ရတယ် ပို့တဲ့လူလည်းစိတ်မောရသလို မျော်တဲ့လူလည်းစိတ်ပင်ပန်း ပို့တဲ့လူလည်းပင်ပန်းရတယ် ဒီလို ဒုက္ခတွေကနေလွတ်ချင်ပြန်သတဲ့။
လူတွေပင်ပန်းလို့သနားလို့ဆိုပြီး ခိုလေးတွေကို ဘိန်းကွေးလှတ်ရပြန်တော့ အရင်ကထက်တော့မြန်တယ် သို့ပေမယ့် ဘိန်းစားခိုဆိုတော့ လမ်းမှာလည်းပျောက်လို့ပျောက် သေလိုသေနဲ့ မျော်ရပူရတဲ့ ဒုက္ခကပိုတက်လာပြန်တယ် ဒါမျိုးဒုက္ခများကလည်း လွတ်ကင်းလိုကျပြန်တယ်။
စာပို့သမားကြီး ကိုယ်တိုင်လာပို့တဲ့ခေတ် ရောက်ပြန်တော့လည်း စာတိုက်ကနေ စာရေးမ ခိုးဖတ်လို့ ရည်းစားစာ တစ်ရပ်လုံးသိကုန်တဲ့ဒုက္ခရယ် နိုင်ငံခြားကစာဆိုရင် ဘာမှလည်းမဆိုင်ပဲ မုန့်ဖိုးပေးပြီးရွေးရတဲ့ ဘဝမျိုးတွေကနေ ကင်းလွတ်ချင်ပြန်တယ်။
ဗမာလိုဘယ်လိုစိတ်ကူးပေါက်ပြီး နာမည်ပေးလိုက်မှန်းမသိတဲ့ လိပိဒီပိကာကျမ်း ထဲကဟာမျိုးတွေသုံးတဲ့ခေတ် ရောက်ပြန်တော့လည်း “သားမောင်ကျန်းမာသည် အဖေတို့ အမေတို့ ကျန်းမာရဲ့လား အဆောင်လခ အမြန်ပို့ပါ” ဒါမျိုး မြန်မြန်ရောက်ပြန်တော့လည်း “အိမ်း… အဖေတို့အမေတို့ နေကောင်းသည် ပေးထားတဲ့ငွေ အကုန်မြန်လှချည်လား” ဒါမျိုးတွေ ချက်ချင်းပြန်မဖြေနိုင်တဲ့ အဖြစ်များမှလည်း လွတ်ကင်းလိုကြပြန်တယ်။
အပြန်အလှန် စကားပြောနိုင်တဲ့ စကားပြောတယ်လီဖုန်း ခေတ်ရောက်ပြန်တော့လည်း ဖုန်းဆက်ချိန်အိမ်မှာ ငုတ်တုတ်မရှိခြင်း ဖုန်းပျက်သဖြင့် ရုံးကိုအကြောင်းကြားရခြင်းနှင့် လက်ဘက်ရည်ဖိုး ပေးရခြင်းများမှလည်း ကင်းဝေးလိုကြပြန်တယ်။
ပြေးရင်းလှားရင်းပြောလို့ရတဲ့ မိုဘိုင်းဖုန်းများ ရရှိပြန်တော့လည်း မဆက်စေချင်သူများ ပြန်မပြောချင်သောသူများ ညကြီးအချိန်မတော် ကိစ္စအရေးမကြီးပဲ ဖုန်းဆက်ခံရခြင်းများမှလည်း ကင်းဝေးချင်ကြပြန်တယ်။
အရေးကြီးစာများ ခရီးသွားရင် ဖတ်ရန်ဆိုပြီး အီးမေးဆိုသော အရာကိုဖုန်းပေါ် တင်လိုက်ပြန်တော့ အရေးမကြီးသော Spam များအားတိုင်းဝင်ခြင်းမှ လွတ်ကင်းလိုပြန်တယ်။
ခတ်အဆက်ဆက် ကြုံတွေခဲ့ရသော ဤမှန်ကန်သော ဒုက္ခများကြောင့် Messenger ဆိုသောအရာကို ဖုန်းပေါ်တင်ကြသောခေတ်တွင် ကျွန်တော်မျိုးအား အရေးမကြီးပဲ ခဏခဏလှမ်းခေါ်တတ်သော Chat ဒုက္ခများမှ ကင်းဝေးရပါလို၏။
18
Nov 09

စုပေါင်းစာကျက်ခြင်းသည်းခံပါ

စာကျက်စာကျက်နဲ့ ငယ်ကတည်းက လူကြီးတွေပြောလာတာ ငယ်တုံးကတော့ နားထောင်ပါတယ် ဒါပေမယ့် ဆယ်တန်းအောင်ကတည်းက ဘယ်တော့မှစာမကျက်တော့ပါဘူး။ တက္ကသိုလ်တစ်လျောက်လုံး စာမကျက်ပါဘူး သူများတွေက ကျက်စာကျက်စာနဲ့ပြောတယ် ကိုယ့်အတွက်တော့ ဘယ်ဟာမှကျက်စာမဟုတ်ဘူး ဖတ်ပဲဖတ်တယ် ပြီးရင်မေးလာရင် အဆင်ပြေသလိုချရေးပေးလိုက်တယ်။ သူများတွေကလည်း စာရှင်းပြပါ စာရှင်းပြပါနဲ့ပြောတတ်တယ် နားလည်ချင်လို့ဆိုရင် ဘယ်လိုရှင်းရှင်းရပါ စာမေးပွဲဖြေနိုင်ချင်လို့ဆိုတော့ ခက်တာကကိုယ်ကလည်း ဘယ်လိုဖြေနိုင်အောင် ရှင်းပြရမှန်းမသိ။
အခုလည်း အတန်းထဲကအစ်မကြီးများက မနက်ဖြန်စာစုကျက်ရအောင် လာခဲ့ပါဦးတဲ့။ ခက်တာက သူတို့က စာရနေတယ်လို့ ထင်တယ် ကိုယ်လည်း စာကဖတ်နေဆဲ။ နောက်ပြဿနာက ကိုယ်ကလည်း စာဖတ်ရင် တစ်ယောက်တည်းပဲ ဖတ်တတ်တယ်။ ကျောင်းမှာ အတန်းတွေလည်း အတူတူတက်လာတာ နှစ်တွေလည်းကြာပါပြီ ကိုယ့်အကြောင်းလည်း သူတို့ကအခုထက်ထိမသိ။ ကိုယ်ကဖြင့် မနက်ဖြန် စာမေးပွဲဆိုတောင် ဒီနေ့ညသန်းခေါင်အထိ စာကိုဖတ်လို့ပြီးသေးတာမဟုတ်။ ဒီလိုပဲမပြီးသေးလည်း စာမေးပွဲသွားဖြေတာ အထဲရောက်မှ ဖတ်ဖူးသမျ လုပ်ဖူးသမျစာတွေ အလုပ်မှာကြုံဖူးတာတွေနဲ့ စုပေါင်းပြီး အသားကုန်ညှစ်ထုတ်ရတာ စာမရလို့ လျောက်ရေးတာမျိုးမဟုတ်ဘူး မေးထားတာနဲ့ ဆက်စပ်ပြီးရေးပေးလိုက်တာ။ စာမေးပွဲအခန်းထဲမှမဟုတ်ရင် အဲဒီလောက်စာက ဘယ်လိုရေးရေး မထွက်လာဘူးရယ်။ မဟုတ်ရင်ပြောကြဦးမယ် စာရှင်းမပြချင်ဘူး ဖြစ်ကြဦးမယ် ခက်တာက ကိုယ့်လိုလျောက်ရေးတတ်ဖို့က သင်ပေးလို့မှမရတာ။ စာတွေလည်းဖတ်ဖို့ အများကြီးကျန်သေးတယ် မနက်ဖြန်တော့ မတတ်နိုင်ဘူး ထင်ချင်ရာသာထင် မလာဘူးလို့ အပြတ်ပြောလိုက်ပြီးသားပဲ။
17
Nov 09

မြို့မရယ် ဒါးတန်းရယ် ကသစ်ပန်းရယ်

ဒါးတန်းဆိုရင် မျက်စေ့ထဲမြင်မိကြတာက ဘိလပ်ရည် ဒါးတန်းဘိလပ်ရည်ဆိုတာ အရင်ကတော့ ဒါပဲရှိတာကိုးဗျ။ အခုခေတ်လို အချိုရည်အမျိုးစုံမှ မပေါ်သေးတော့ ဒါးတန်းက ဘိလပ်ရည်ပဲ မန်းလေးသားများ သောက်ရတာပါပဲ။ ငယ်ငယ်ကတော့ ဝယ်သောက်ပါတယ် ကရင်ဆော်ဒါဆိုတာကို ဘိုလိုများ ဂရင်းဆိုဒါ လို့သွားပြီးမပြောနဲ့ မရှိဘူးပြောလှတ်လိမ့်မယ်။ ဒါးတန်းကို လူသိများတာက ဘိလပ်ရည်ရယ် နောက်တစ်ခုကတော့ မြို့မအသင်းရယ်။ မြို့မသင်းကို စတင်တည်ထောင်တုံးက အမာခံကြီးတစ်ယောက်က ဒါးတန်းဦးသန့်။ ဒီ့အပြင် နောက်ပိုင်းလူတွေ ပိုသိတာက ဒါးတန်းသူခင်ခင်ထား ဒါကတော့ သင်္ကြန်မိုးထဲက မင်းသမီးခင်သန်းနု သရုပ်ဆောင်ခဲ့တာကိုး။ ရုပ်ရှင်ထဲတော့ ခင်ခင်ထားက ဒါးတန်းထဲမှာနေတာပေါ့ လာရိုက်တော့ နေတဲ့အိမ်ကပွဲကုန်းလမ်းမတန်းမှာ။ ဦးသန့်ပြီးတော့ မြို့မနဲ့တွဲလျက် လူတိုင်းသိတာက မြို့မငြိမ်း။ မြို့မငြိမ်းဆိုလို့ အခုပဲ Youtube ကနေ ကသစ်ပန်းကို ပြန်ပြီးနားထောင်ဖြစ်လို့ ဒါးတန်းကိုသတိရလို့ရေးထားတာပါ။ ဒီလောက်စာလုံးပေါင်းခက်တဲ့ သီချင်းကို မြို့မငြိမ်း ဘယ်လိုများစဥ်းစားရေးပါလိမ့်။ ကိုအ့ကြီးကလည်း ပြီပြီသသဆိုလို့ တော်သေးတာပေါ့ ဒါတောင်စာသားကို မနည်းစာလုံပေါင်းမှန်အောင်ရိုက်ရတယ် ဒါတောင်တစ်ချို့စကားလုံးတွေ မသေချာဘူး မှားနိုင်တယ်။ ဒီလိုပဲ မအားတဲ့ကြားက ဆားချက်လိုက်တယ်။ ဆောင်းတွင်းကြီး ကသစ်ပန်းလို့ ပြောချင်လည်းပြောသွား ဒို့ဆီတော့ အခုမိုးရာသီပဲ ကြည့်ရတာ အသူရိန်နဲ့ သိကြားတွေလည်း တစ်နိုင်ငံချင်းစီလှည့်ပြီး မိုးရွာတာရှာပြီး အမြဲစစ်ခင်းနေတယ်ထင်ပါတယ်။

နတ်စည်ငယ်လေ ပုဇွန့်လက်ရိုး အာလမ္ဗဒါ ကျော့ကွန်းသံဝါ ဆော်ရွမ်းညံစာစာ တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလှာ အုံ့မှိုင်းညိုပြာ မိုးထက်ကဲဝဠာ ကိုးချက်နယ်မှာ တိမ်ခိုးယှက် မိုးသည်းကလေးတွေဖြာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်ကိုတက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတစ်သဲသဲ

(လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာ ဝတိံသာ အသူရိန်တွေဟာ ဘုံသာဝေယံနန်းမြင့် ကသစ်ပန်းပွင့်ရတုဖြာ သဘင်ပွဲအပြုမှာ) ၂

သြော် သခွတ်ဖြူစွာ အပွင့်ကိုသာမြင်တော့မှ ဝတိံတွင်မဟုတ်ပါလား ဟရို့ရဲ့ သေနင်ဗျူဟာ နတ်အသူရာမင်းငဲ့လေး စစ်ခင်လုမယ်လာ ရှေးရှု့ဝတိံသာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်သို့တက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတစ်သဲသဲ

အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ ဂုမာ္ဘန်ယက္ခ စတုမဟာရာဇာ မခံနိုင်ကြလို့သိကြားထွက်တဲ့အခါ တွက်ရေတစ်သိန်းခြောက်သောင်း ရှစ်ထာင့်ယူဇနာ ဝရဇိန်လှတ်ကာ မြင်းမိုရ်ကိုပင် သူခွင်းခြင်းထွင်းလို့ဖောက်နိုင်တာ နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ ရန်ဖန်မာန်တင်းသားက ဆင်တော်သုမိတ္တာ ရဲတံခွန်လှားသုံးဆယ်သုံးပါး သိကြားနှယ်ပါ နေလနတ်သားလေးပါး စစ်အင်္ဂါ ပင်လုံးကွတ်သခွပ်ပွင့်ချိန်အခါ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်သို့တက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတစ်သဲသဲ

(နှစ်တိုင်းပင် သခွပ်ပွင့်ချိန်မှာ သိကြားနဲ့အသူရာ သမက်နဲ့ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ) ၂

ဒါကိုအားမကျဖို့ မယားအလှတောင်းပန်မှာ ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုပို့ ဥပုသ်ရက်ရှည်စောင့်ခိုင်းမှာ

(ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်သိ့ုတက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတစ်သဲသဲ) ၂

16
Nov 09

ရှောင်တခင်ခွင့်

စာမေးပွဲလည်း လွန်စွာနီးကပ်နေပြီဖြစ်ပါသည် စာလည်းသင်ရိုးကုန်အောင် အချိန်ဇယားဆွဲကာ ဖတ်နေရပါသည်။ ထို့ကြောင့် ဘလော့ပေါ်သို့ မှန်မှန်လာနိုင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် ဘလော့ပေါ်မှ လကုန်အထိ ရှောင်တခင်ခွင့်ဖြင့် လစ်သွားပါသည်။ စာဖတ်၍ဥဏှောက်ခြောက်လာပါက ခဏခန့်တော့ ဘလော့ပေါ်တက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် မှာစရာရှိသည်များ မှာကြားထားခဲ့ကြပါ တုန့်ပြန်ချိန်အနည်းငယ်ကြာပါမည်။

Switch to our mobile site

WP SlimStat