Archive for December, 2009

31
Dec 09

မွေးစားမမနဲ့ အတိတ်ကဓာတ်ပုံ


ကျွန်တော် ငယ်ငယ်က ငါးတန်းလောက်မှာ အိမ်နီးနားချင်းအဖြစ် ဂျပန်မတစ်ယောက် ရောက်လာတယ်။ အဲဒီ့အိမ်နီးနားချင်း အစ်မကသူ့ ပါရဂူဘွဲ့ကျမ်းအတွက် ဗမာပြည်မှာလာပြီး လက်တွေ့ကွင်းဆင်းရင်း ကျမ်းကိုဗမာပြည်မှာပဲရေးတာပါ။ ဗမာပြည်လာတော့ သူကဗမာလိုသင်လာတယ် ရောက်ကာစက တော်တော်လေးရယ်ရတယ် သူပြောတတ်တာက ကျေးဇူးတင်ပါတယ်ပဲ ပီပီသသပြောတတ်တယ်။ အိမ်ချင်းကပ်လျက်ဖြစ်တဲ့ ကျွန်တော့််အိမ်နဲ့ကတော့ မိသားစုလိုကို ဖြစ်နေတာပါ အဖေနဲ့အမေကို သူကမွေးစားအဖေနဲ့ အမေလို့ပြောတတ်တယ်။ ဗမာလိုသိပ်မပြောတတ်တော့ အဖေနဲ့ အမေကတော့ သူနဲ့စကားပြောရင် အင်္ဂလိပ်လိုပြောရတယ် ပုံမှန်အားဖြင့် ဂျပန်ပြောတဲ့ အင်္ဂလိပ်စကားက နားထောင်မဖြစ်ပါဘူး ဒါပေမယ့် အစ်မကတော့ ငယ်ကတည်းက သူ့အဖေနဲ့ အင်္ဂလန်မှာနေတော့ သူ့လေသံက မသိရင်ဂျပန်ပြောနေမှန်းကို မသိပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့စကားပြောမှ ဒုက္ခရောက်ပါတယ် အင်္ဂလိပ်လိုပြောလည်း ငါးတန်းကလေးက နားမလည်ပါဘူး ဗမာလိုပဲမနည်းပြောရပါတယ် ဒါနဲ့ပဲသူဗမာလို ပြောတတ်သွားလို့ နောက်ဆုံးစျေးထဲမှာ စျေးသည်နဲ့စျေးဆစ်ရင်း စကားတောင်များတတ်လာပါတယ်။ ဂျပန်နာမည်က ယူကာကိုလို့ခေါ်တယ် အဆင်ပြေအောင် ဘာနေ့သမီးလည်းမေးပြီး သောကြာသမီးဆိုတာနဲ့ သိင်္ဂီရှေလို့အဖေက ဗမာနာမည်ပေးထားတယ်။ ကျွန်တော်နဲ့ ညီမလေးနဲ့ကတော့ မမယူကာကိုခေါ်လိုက် မမသိင်္ဂီခေါ်လိုက်နဲ့ သူအားရင်ကစားဖော်ရနေတာပဲ။ ဒီလိုနဲ့ နှစ်နှစ်လောက်သူနေသွားတယ် ပြီးတော့ ကျမ်းရေးလို့ပြီးတာနဲ့ စစ်ဆေးဖို့တင်ရင်း တိုကျိုတက္ကသိုလ်ကို သူအပြီးပြန်သွားတယ်။

နောက်တော့ နှစ်နှစ်တစ်ခေါက်လောက်တော့ သူလုပ်တဲ့ သုတေသနအလုပ်နဲ့ လိုအပ်ရင် ဗမာပြည်ကိုလာတတ်တယ်။ အဖေကလည်း သူလိုအပ်တဲ့ ဒေတာတွေကို အမြဲရှာပေးလေ့ရှိတော့ အဆက်အစပ်တော့မပြတ်ဘူး။ သူကျောင်းပြီးတော့ တိုကျိုတက္ကသိုလ်မှာပဲ ကထိကပြန်လုပ်နေတယ်။ နောက်ပိုင်း အဖေလည်း သူ့ကျန်းမာရေးအရ သုတေသနအလုပ်ကနေ နားလိုက်ပြီး နယ်အလုပ်တွေကို ပြန်ပြောင်းလိုက်တော့ တစ်ခါတစ်လေ မမကဗမာပြည်လာတယ် ဒါပေမယ့် ကိုယ်ကတစ်ခြားမြို့မှာရောက်နေရင် သူလာချင်လည်း အချိန်မရတော့ မလာနိုင်တော့ဘူး။ ကျွန်တော်ဆယ်တန်းအောင်တော့ မန္တလေးကိုသူရောက်လာတယ် မတွေ့တာကြာတော့ အားလုံးဝမ်းသာကြပါတယ်။ ဖြစ်ချင်တော့သူက ချင်းတွင်းအထက်ပိုင်း မင်းကင်းနဲ့ မောက်ကတော်ဘက်ကို သွားချင်တယ် ဒါပေမယ့် အဲဒီ့ဘက်က နိုင်ငံခြားသားပေးမသွားဘူး။ အဖေအမျိုးမျိုးစီစဥ်ပေးတယ် ဒါပေမယ့် ဘယ်လိုမှသွားမရလို့ သူလိုချင်တဲ့ ဒေတာတွေရဖို့ ကျွန်တော်ပဲ မောက်ကတော်ဘက်ကိုသွားတယ် တစ်ရွာဝင်တစ်ရွာထွက် စာရင်းလိုက်ကောက်ရတယ်။ နောက်ကျွန်တော် ပထမနှစ်လောက်မှာ သူတစ်ခေါက်ပြန်လာတယ် စစ်ကိုင်းကအိမ်ကို သူရောက်လာသေးတယ်။ အဖေဆုံးတော့ သူ့ကိုပေးထားတဲ့ လိပ်စာနဲ့စာထည့်လိုက်တယ် ဗမာပြည်ကစာဟာ ဂျပန်ကိုရောက်ပုံမရဘူး။ နောက်တော့ ဗမာပြည်မှာအင်တာနက်ဆိုတာ ရလာတော့ သူပေးခဲ့တဲ့ တိုကျိုတက္ကသိုလ်က သူ့အီးမေးနဲ့ ဆက်သွယ်လည်းမရတော့ဘူး လိပ်စာမရှိတော့ဘူး။ ဒီလိုနဲ့ပဲအဆက်အသွယ် ပြတ်သွားခဲ့တယ်။

ဒီလိုနဲ့ အင်တာနက်မှာ လူပျောက်ရှာပုံတော် ကျွန်တော်ဖွင့်ရတယ် ဘယ်လိုမှရှာလို့မရဘူး။ နောက်ဆုံး Google Alert နဲ့ ရှာခိုင်းထားတယ် အဖြေအသစ်ထွက်တိုင်း ကျွန်တော့််ဆီကို အီမေးပို့ပေးတယ် ဒီတော့မှနာမည်တူတွေ အင်မတန်ပောမှန်းသိတယ် နာမည်တူပေမယ့် လူမတူပါဘူး။ ဒီလိုနဲ့ရှာလာတာ ၃ နှစ်လောက်ကြာတယ် ဂျပန်က သုတေသနလုပ်တဲ့ လူနာမည်တွေစုထားတဲ့ ဆိုက်တစ်ခုကိုတွေ့တယ် အဲဒီကနေမှသူ့ နာမည်ကိုရှာလို့တွေ့တယ် ဘယ်လိုမှမမှားနိုင်ဘူး တိုကျိုတက္ကသိုလ်က ကထိက ဒါပေမယ့် လိပ်စာကျွန်တော့််ကို ပေးထားခဲ့တဲ့ လိပ်စာဖြစ်နေတယ် နောက်ဆုံး Update လုပ်ခဲ့တဲ့ နေ့စွဲကလွန်ခဲ့သော ၃ နှစ်ဆိုတော့ ဘယ်လိုမှသုံးမရခဲ့ဘူး။ တိုကျိုတက္ကသိုလ်က Web Admin ဆီကိုအီးမေးပို့တယ် ဒီနာမည်နဲ့လူရဲ့ အီးမေးလိပ်စာကို ပြောလို့ရမလားဆိုတော့ အဲဒီ့နာမည်နဲ့ ကထိကမရှိဘူးဆိုပြီး စာပြန်လာတယ်။ ဒါနဲ့ပဲလက်လျော့ထားလိုက်ရတယ်။ တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၈ ဒီဇင်ဘာ ၃၁ မှာ Google Alert ကနေ အီးမေးပြန်ဝင်လာတယ် အရင်ရှာဖူးတဲ့ သုတေသန မှတ်တမ်းဆိုက်နဲ့ပဲ သွားကြည့်တော့ လိပ်စာတွေအကုန်ပြောင်းနေတယ် အီးမေးလိပ်စာမပါလာဘူး။ ဒါနဲ့သူ့ထဲကလိပ်စာနဲ့ စာပဲရေးပြီး ထည့်လိုက်ရတယ် ကျွန်တော့််လိပ်စာ၊ အီးမေးနဲ့ ဖုန်းနံပါတ်တွေ ထည့်ပေးလိုက်တယ်။

ဒီလိုနဲ့ ၁ဝ ရက်လောက်နေတော့ အီးမေးတစ်စောင်ဝင်လာတယ်။ စင်ကာပူကနေ စာရောက်လာလို့ ထူးဆန်းနေကြောင်းနဲ့ ကျွန်တော့််ဖြစ်နေလို့ အလွန်အ့သြမိကြောင်း မမဆီကနေ အဆက်အသွယ်ပြန်ရပါတယ်။ အရင်ဆက်သွယ်မရတာက ဗမာပြန်ကပြန်သွားပြီး သူတိုကျိုတက္ကသိုလ်ကနေ အလုပ်ထွက်ပြီး Tsukuba တက္ကသိုလ်မှာ ပါမောက္ခလုပ်နေလို့ လိပ်စာပြောင်းသွားတာဖြစ်ကြောင်း ပြောပါတယ်။ နှစ်သစ်မှာ အဆက်အသွယ်ပြတ်နေတဲ့ မိတ်ဆွေတွေဆီကနေ ပြန်ပြီးအဆက်အသွယ်ရတာ အင်မတန်ဝမ်းသာကြောင်း ပြန်ပြောလာပါတယ် မိသားစုပုံလေးပေးပါဆိုလို့ အမေရယ် ညီမလေးရယ် ကျွန်တော်ရယ် ရိုက်ထားတဲ့ပုံကို အီးမေးနဲ့ပို့လိုက်ရတယ်။ နောက်နေ့မှာ မမသိင်္ဂီဖုန်းဆက်လာတယ် ငါ့မွေးစားအဖေပုံက မပါလာဘူးတဲ့ ဒီတော့မှ အဖေဆုံးသွားပြီဖြစ်ကြောင်း ပြောပြရတယ်။ ဒီလိုနဲ့မမသိင်္ဂီနဲ့ ပြန်ပြီးအဆက်အသွယ်ရတယ် အမေ့ကိုလည်းပြောပြရတယ်။

ဒီနှစ်တော့ တိုက်တိုက်ဆိုင်ဆိုင် ၃၁ ရက်နေ့မှာပဲ မမသိင်္ဂီဆီကနေ နှစ်သစ်ကူးလက်ဆောင်ကဒ်နဲ့ ဓာတ်ပုံတစ်ပုံပါလာပါတယ်။ မမသိင်္ဂီဗမာပြည်ကို နောက်ဆုံးလာတုံးက ကျွန်တော်တို့မိသားစုနဲ့သူနဲ့ ရိုက်ထားတဲ့ပုံလေးပါ။ ဒါဗမာပြည်က ငါ့ရဲ့မိသားစုပုံတဲ့ မင်းဆီမှာလည်းရှိသင့်တယ်ထင်လို့ ပို့လိုက်တယ်လို့စာရေးထားတယ်။ ပြောမယ်ဆိုရင် အဖေကဓာတ်ပုံ ရိုက်ခဲပါတယ် ဒါ့ကြောင့် အဖေ့ဓာတ်ပုံဟာ တော်တော်ရှားပါတယ် မိသားစုပုံဆိုတာ မရှိသလောက်ပါပဲ ဒါ့ကြောင့် ကျွန်တော့််အတွက်တော့ ပို့လိုက်တဲ့ပုံဟာ တော်တော်ကို တန်ဖိုးရှိပါတယ်။ ပုံထဲမှာ ညီမလေးဆိုရင် နားသန်သီးလေးနဲ့ ကလေးလေးပဲရှိသေးတယ် အဖေလည်း ကျန်းကျန်းမာမာပဲရှိသေးတယ် ကျွန်တော်လည်း အခုလောက်ဆံပင်မဖြူသေးဘူး။ ဝမ်းသာစရာတစ်ခုက ဇန်နဝါရီ ၂ ရက်နေ့ စင်္ကာပူကို သူရောက်မယ်ပြောတယ် သွားကြိုရဦးမယ် ရ နှစ်အတွင်းမှာ မမယူကာကိုလည်း တော်တော်ကို အသက်ကြီးသွားရောပေါ့။

29
Dec 09

ညီမလေး

အရင်နှစ်ကလည်း ပြန်မလာနိုင်ခဲ့ဘူး ဒီနှစ်လည်း ပြန်မရောက်နိုင်ပြန်ဘူး ညီမလေးရေ။ အစ်ကိုမရှိပေမယ့် တစ်ခြားလူတွေ အစုံအနားမှာရှိကြမှာပါ။ မွေးနေ့အတွက်ဆိုပြီး လက်ဆောင်ဝယ်ပေးလေ့မရှိဘူး ဒါပေမယ့် ပြန်မလာနိုင်တဲ့ နှစ်တွေအတွက်ဆိုပြီး အမှတ်တရ ဝယ်ပေးလေ့ရှိတယ် အရင်နှစ်ကတော့ စောပြီးပို့လိုက်နိုင်တယ် ဒီနှစ်တော့ တစ်ပါတ်လောက်နောက်ကျမှ ရောက်မယ်ထင်တယ်။ ပြန်မရောက်လာလို့ စိတ်မကောင်းမဖြစ်ပါနဲ့ ဘယ်တုံးကမှလည်း အလိုမလိုက်ဘူး ခိုင်းထားတာ နည်းနည်းလေး လွဲတာနဲ့ ဆူမယ့်ပူမယ့် အစ်ကိုကြီး မလာနိုင်ဘူးလို့ပဲ မှတ်ထားလိုက်ပါ။ နောက်နှစ်လည်း အခြေအနေအရပေါ့ ပြန်ရောက်ဖို့တော့ ကြိုးစားပါဦးမယ်။

26
Dec 09

X’mas

25
Dec 09

ပြောရင်းဆိုရင်း ပြောစရာရပြန်ပြီ

အဘိဓာန်ဆိုလို့ အသံထွက်မှားတာ စကားစပ်မိမှ သီချင်းနားထောင်မိတယ် ကြက်ဥတာတွေရော စုံနေတာပဲ ကြောင်တောင်တောင်သီချင်းဆို သိပ်ကြိုက်တာကိုး နားထောင်ရင်း သီချင်းဆုံးကာနီးမှ မဟုတ်တာက ထွက်လာတယ် စပါးကျီကို အသံထွက်တတ်ပုံမပေါ်ဘူး စပါးကျီတဲ့ ဇဗဂျီလို့ထွက်တာ သိပုံမပေါ်ဘူး။ ဆိုတဲ့လူ ဗမာဟုတ်မဟုတ်တော့မသိဘူး သို့ပေမယ့် ကျီအပြင်မှာ မြင်ဖူးရဲ့လားမသိပါဘူး မြင်ဖူးမယ်တော့ သိပ်မထင်မိပါဘူးလေ။

24
Dec 09

ကျွန်တော်နှင့် ဗမာစာအဘိဓာန်

ငယ်ကတည်းက ဗမာစာဆရာမဆိုတာ ကျွန်တော်နဲ့က ရန်သူပဲပြောရမယ် ကိုယ်ကပဲဗမာဖြစ်နေလို့ စကားအပြီလွန်နေသလား မသိပါဘူး ဖတ်တာမမှန်ရင် လုံးဝမကြိုက်ဘူး။ ငါးတန်းကဆရာမကလည်း စကားမပြီကလာ ပြီကလာနဲ့ ရှမ်းမပါဗျာ ကျောင်းပြောင်းလာကာစက ဝါကျလို့ တစ်ခါထွက်လိုက်မိတယ် ခေါင်းခေါက်ခံရတယ် ဝက်ကျတဲ့ ဒါလည်းဟုတ်တယ်လေ ကိုယ်မှားတာပဲဟာ။ နေဦးဒင်းတော့လား ဘယ်လောက်မှန်အောင် ဖတ်တတ်မလည်းဆိုပြီး မှတ်ထားတာ နောက်နေ့ ကဗျာဖတ်တာ တစ်ချက်တွေ့တာပဲ “ဝါးပြာထည့်ကျို အိုးနားတိုနှင့် ခပ်ချိုညစ်တေ” ဘယ်ရမလဲ “အိုးနားတို” လို့ဖတ်သွားတာ “အိုးနဒို” လို့ဖတ်ရတယ် မဟုတ်ဘူးလားဆရာမရဲ့ဆိုတော့ နင်ဘယ်လောက်သိသလဲဆိုပြီး ခေါင်းခေါက်ပြန်ရော ဘယ်တုံးကမှငြိမ်ခံတဲ့လူမှမဟုတ်တာ မှန်ပါတယ်ဗျ ဆရာမမှားတာဆိုတော့ ထပ်အခေါက်ခံရပြန်ရော။ ဒီတစ်ခါတော့ နပ်သွားပြီ နောက်နေ့မှတွေ့မယ်ပေါ့ မှန်လျက်နဲ့အခေါက်ခံရတယ် အိမ်ကျမှအဖေ့ကိုတိုင်။ ဒါမျိုးကျတော့ အဖေကသိပ်အားကိုးရတယ် မှန်ရဲ့သားနဲ့ အရိုက်ခံရ အခေါက်ခံရတယ်ဆိုတာ မရှိရဘူးဆိုပြီး ကျောင်းလိုက် ပြဿနာရှာတာပဲ ဆရာမလည်းစိတ်ညစ်သွားပုံပေါ်တယ် နောက်ဘယ်လိုထွက်ထွက် ဘာမှမပြောရှာတော့ဘူး။ မကြာပါဘူး သမိုင်းဆရာမနဲ့ ထပ်ညိပြန်ရော “တန့်ဆည်” တဲ့လုပ်ပုံက “ဒဇယ်” လုပ်ပါဗျာဆိုတော့ အတန်းထဲကထွက်သွားရော နင့်ကိုတိုင်မယ်တဲ့ နောက်တော့ သူလည်းသတင်းရပုံရတယ် ခေါင်းလည်းမခေါက်ဘူး အတန်းပိုင်နဲ့လည်း မတိုင်ဘူးရယ် အိမ်ကလိုက်လာမှာ ကြောက်ပုံရတယ်။ ဒီလိုနဲ့ပဲ ရှစ်တန်းအထိ ဆရာမများနဲ့ အသံထွက်ပြဿနာတက်ရင်း လိမ်ဖယ်လိမ်ဖယ်နဲ့ အတန်းတက်သွားတာပါပဲ။ ကိုးတန်းရောက်မှ ကိုယ်ခံရတဲ့အလှည့်ရောက်တာပဲ ရှမ်းပြည်ကလည်းခွာခဲ့ပြီ ဆရာကဖြစ်ချင်တော့ အဖေနဲ့ဘော်တာ လူကအညာသား စကားကပြီလိုက်တာမှ ခက်နေတယ်။ အမေလုပ်ပုံက သားဖြစ်သူက ဗမာစာည့တယ်တဲ့ ဒါလည်းဟုတ်တယ် စာစီစာကုံးများ ဘယ်လိုရေးရေးမရေးတတ်ဘူးရယ် လက်ရေးလက်သားတော့ ပြောမနေနဲ့ ဗမာစာလက်ရေး ဖတ်မရသလောက်ပဲ ဒါနဲ့ကျူရှင်မသင်တဲ့ ဆရာဆီမှာ ဘော်တာချင်း သင်ပေးပါလုပ်ပြီးအတင်း သင်ခိုင်းလို့ကျူရှင်ဆိုတာ စတက်ဖူးတာပဲ တပည့်တစ်ယောက် ဆရာတစ်ယောက်။ ကဗျာသင်တယ်ဆို အသံနေအသံထားနဲ့ ရွတ်ခိုင်းပြန်ရော အသံထွက်မှားရင် နားရင်းတစ်ချက်ရိုက်ပဲ အညာမင်္ဂလာဆောင်ဆိုရင် ရွတ်လိုက်ရတဲ့ဖြစ်ခြင်း တိုက်တိုက်ဆိုင်ဆိုင် ဆရာကမ့်ရွေးသားကိုး ဘယ်ကာရံကဘယ်လိုဆိုရင် ဟုတ်ကဲ့ဆရာပေါ့။ အခုတော့ အဲဒီ့ကဗျာတွေလည်း မသင်ရတော့ဘူးဆိုလားပဲ။ ဒီတစ်ခါမှအရင် ဆရာမတွေကို ဒုက္ခပေးခဲ့သမျဝဋ်လည်တာပဲ။

တစ်ကယ်က နယ်တကာလှည့်သွားနေတာ ဘယ်လိုမှဗမာစာ ဝေါဟာရများများစားစား သိစရာအကြောင်းမရှိပါဘူး ဗမာစာသိပ်မတတ်တဲ့နေရာတွေမှာပဲ နေလာတာများပါတယ် ပတ်ဝန်းကျင်ကနေတော့ ဗမာစာဘယ်လိုမှ မတတ်တာသေချာတယ်။ ဖြစ်ချင်တော့အိမ်မှာက တစ်ယောက်တည်းနေရတော့ ဖတ်စရာစာအုပ်ကလည်းမရှိဘူး အိမ်မှာရှိတဲ့စာအုပ်တွေက ကလေးစာအုပ်တွေထက် လူကြီးစာအုပ်တွေပါ ကျန်တာတွေမဖတ်တတ်ဘူး။ ပုံပဲကြည့်ဖြစ်တဲ့ စာအုပ်တွေက ဖြစ်ချင်တော့ ဗမာအဘိဓာန် ၅ အုပ်တွဲရှိတယ် အိမ်မှာက “အ” တစ်တွဲတော့ပျောက်နေတယ်။ သုံးလေးတန်းကတည်းက အဲဒီ့စာအုပ်တွေကို လှန်ကြည့်ဖြစ်တာများတယ် ကလေးစိတ်ဝင်စားစရာ ပုံတွေပါတယ် ဒါနဲ့ပဲ ဘယ်ပစ္စည်းဗမာလို ဘာခေါ်တယ်ဆိုတာ ငယ်ကတည်းက ရင်းနီးနေတယ် နည်းနည်းစာဖတ်တတ်လာတော့ ဖတ်ဖြစ်တာပေါ့။ အသံထွက်လည်းပါတယ် ဗမာစာလုံးအသစ် အသံမထွက်တတ်ရင် အဘိဓာန်မှာဘယ်လို အသံထွက်သလည်း ပြေးကြည့်တာက အကျင့်ဖြစ်လာတယ်။ “အ” တစ်တွဲမရှိတော့ “အ” နဲ့စတဲ့အစကားလုံးတွေ မသိဘူးဖြစ်ကုန်ပြီလို့ ပြဿနာရှာလို့ အဖေဘယ်ကရှာလာသလဲမသိဘူး မနည်းရှာလာရတယ်ပြောတယ်။ ဗမာဖြစ်ပြီး ဗမာအဘိဓာန်လိုသလား မေးလာရင်တော့ လိုတယ်ပြောရမယ် မယ့်ရင်ဖတ်ကြည့်လို့ရတယ် မသိသေးတဲ့စကားလုံးတွေ အများကြီးရှိတယ် အဓိကအားဖြင့် ပစ္စည်းအခေါ်အဝေါ်တွေ မသိတာသိပ်များတယ်။ အခုတော့ အဲဒီ့ငါးအုပ်တွဲက ဘယ်လိုမှရှာလို့မရသလောက်ပါပဲ နောက်တော့ တစ်အုပ်တည်းချုံ့ပြီးပြန်ထုတ်တယ်။ ညီမဝမ်းကွဲလေးက မြန်မာစာကဆိုတော့ တစ်အုပ်တည်းထုတ်ထားတဲ့ အဘိဓာန်ကုန်သွားလို့တဲ့ လိုက်ရှာရမတဲ့ ဒါနဲ့မရှာနဲ့ ငါ့စာအုပ်စင်က အတွဲလိုက်ကိုသုံးပါဆိုတော့ တစ်အုပ်တည်းပဲ ပေါ့ပေါ့ပါးပါးကောင်းတာ ငါးအုပ်ဆိုမကောင်းဘူးတဲ့ ဒါနဲ့ နင့်ဟာနင်သွားရှာ ငါ့စာအုပ်ကို ငါကဘယ်သူမှမကိုင်လေ ကြိုက်လေပဲလို့ ပြောလှတ်လိုက်ရတယ် တော်တော်စိတ်ဝင်စားပုံရပါတယ် တစ်ခါမှကိုလာကြည့်ပုံမပေါ်ဘူး။

18
Dec 09

အိမ်လွမ်းသူ

“ရေလှာလည်း ခင်းပြန့်ကြည်လင်စေ မိုးဦးလည်း လှပသာယာစေ ဘဝစေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့ ရေစုန်ကိုဆန်ကာပြန်ခဲ့ပြီ …..” ခင်ဝမ်းသီချင်းက တိုးတိုးလေး ဖွင့်ထားသံ ကြားတယ် စားပွဲပေါ်မှာ လက်ဘက်ရည်တစ်ခွက်၊ ရေနွေးကြမ်းဓာတ်ဘူးနဲ့ အကြမ်းပန်းကန်တစ်လုံး။ ဆိုင်ဒေါင့်က ချောင်ကျကျစားပွဲမှာ ထိုင်လို့ပေါ့ လူရှင်းနေတဲ့ဆိုင်ထဲမှာ ဘယ်ကိုကြည့်မှန်းမသိပဲ ငေးနေမိတယ် ဒီလိုအချိန်မျိုး ပြန်မရနိုင်တော့ဘူးလို့ ထင်နေမိတာပါ။ သြော်… ငါမဟာနွယ်မှာ ရောက်နေတာပဲ။ စားပွဲထိုးညီလေးရေ အစ်ကို့ကို ပူတီတစ်ပွဲပေးပါဟ။ ဟေ…. ပူတီမရဘူးဟုတ်လား သြော်… ဒါဆိုရင်ဒါ မဟာနွယ်မဟုတ်ပါလား။

“နာမည်ဆန်းတဲ့ လက်ဘက်ရည်ဆိုင် အလွမ်းကဖီးလို့ ပေးထားတယ် အချစ်ဆုံးမင်းနဲ့အတူ အမြဲသောက်တဲ့ ဒီဆိုင်လေး …..” ဂျေညီညီသီချင်းဖြစ်သွားပါလား။ သြော်…. မိန်းထဲက ရူဘီမှာရောက်နေတာပဲ။ ဘေးဘယ်ညာလှည့်ကြည့်တော့ အမေ့ဓောတ်ပုံတွေထဲမှာ တွေ့တွေ့နေတဲ့ တိုင်လုံးကြီးတွေနဲ့ ပင်မအဆောက်အဦးပါလား၊ ဒီဘက်မှာကစာသင်ဆောင်တွေ၊ ဟိုး… ဘက်မှာက လူမရှိတဲ့ လူနေဆောင်တွေ၊ နိုင်ငံခြားဘာသာ တက္ကသိုလ်ထဲတော့ မဝင်တော့ပါဘူးလေ ဆရာနဲ့တိုးရင် လာတက်ဦးခေါ်နေဦးမယ်။ ဟေ့… စားပွဲထိုးညီလေးရေ အစ်ကို့ကို မုန့်တီတစ်ပွဲပေးကွာ။ ဟေ… မုန့်တီမရှိဘူး ကြာဇံသုတ်ပဲရတယ်ဟုတ်လား အေး… ကျေးဇူးပါညီလေးရယ် မယူတော့ပါဘူးကွယ်။

“ရိုးရိုးလေးသာ ဝတ်ခဲ့ပါကွယ် အေးမြလို့ ကျင်လည်ရာလူ့လောကမှာ အပူမီးနဲ့အတူ လှုပ်ရှားရုံးကန် ဟန်လုပ်ပြုံးရခြင်းတွေ စွန့်ပစ်ခဲ့မယ်သွားကြမယ်လေ ဘုရားဖူးစို့ …” ဟောဗျာ ခင်မောင်တိုး ဖြစ်သွားပြန်ပြီ။ ဒါကဘယ်မှာလဲ ငါ… အောင်တော်မူထဲရောက်နေတာပဲ ကဖီးဘလူးမှာ မနက်စာစားနေတာဖြစ်မယ်။ အင်း… အဖေရှိစဥ်ကတော့ တနင်္လာမနက်တိုင်း လာလေ့ရှိတယ်။ စားပြီးရင်တော့ အမှတ်တရအဖြစ် ဘုရားဝင်ပြီးတရားထိုင်ဦးမယ်။ ဟေ့… ညီငယ်လေးရေ အစ်ကို့ဆိုင်ကယ်ကို ထုံးစံအတိုင်း ခဏထားခဲ့မယ် အစ်ကိုဘုရားကို ဝင်ဖူးလိုက်ဦးမယ် မသိမသာကြည့်ထားပေးနော်။ ခင်ဗျာ… အစ်ကိုဘယ် ဘယ်ဘုရားသွားမှာလဲဟုတ်လား။ အင်းအင်း… အစ်ကိုစကားမှားပြောမိတာ ဖြစ်မယ်ထင်ပါတယ် ညီလေးရယ်။

“ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ် ကြင်နာသူအတွက်ဆို မိုးကောင်းကင် ဒူးနဲ့ တိုက်မယ် ဘဝကိုပေး ရင်းချစ်ရဲတယ် သူ့အလိုအတိုင်း အမြဲတမ်း ပြည့်စေမယ် ချစ်သူအတွက် သတ္တိရှိတယ် သူ့အတွက်ပဲ ကိုယ့်ဘဝ ဖြစ်ခဲ့တယ် …” ဟမ်… ဒါက စိုးလွင်လွင်ပါလား။ ခက်တာကဒီလောက် မိုက်ကန်းတဲ့သီချင်းဖွင့်တဲ့ဆိုင် ငါထိုင်လေ့မရှိပါဘူး ဘယ်ဆိုင်လဲငါစဥ်းစားမရဘူး။ သြော်…. ရေနွေးတစ်အိုးအောင် ကုန်ပါပေါ့လား ညီလေးရေ ငါ့ကိုရေနွေးပေးဦးဟ။ ဟေ… ရေနွေးဖိုးဟုတ်လား ဘယ်လောက်လဲ အေးအေး… ရော့တစ်ကျပ်ခွဲ။ အတိတ်ကနေအခုပဲ ပြန်ပြီးရောက်တော့ သတိထားမိတာက ငါရဲရင့်မှာနေ့လည် တစ်ယောက်တည်းထိုင်နေမိတယ်။ အင်း… လူကမူးနောက်နောက်နဲ့ ကျန်ခဲ့တယ် ဘာပဲဖြစ်ဖြစ်ပါ သီချင်းလေးပုဒ်စာလောက် ပစ္စုပ္ပန်ကိုမေ့ခွင့်ရတာနဲ့ကို တစ်ကျပ်ခွဲကတန်ပါတယ်လေ အခုတော့လူကအခန်းကိုပြန်မယ် စိတ်ကတော့အိမ်ရောက်ချင် ရောက်ဦးမယ်ပေါ့။

16
Dec 09

Culture Night 2009 လှုပ်ရှားမှု့များ အပိုင်း (၃)

ကျောင်းသားများ နားနေခန်းဆိုတာက မျက်စေ့ထဲမြင်အောင်ပြောရရင် အရက်ဘားလိုကောင်တာလေးရှိတယ် ကော်ဖီဖျော်ချင်ရင်လွယ်အောင် ရေနွေးစက်တပ်ထားပေးတယ် ပုဂံဆေးစရာနေရာလည်းရှိတယ် ဒါ့ကြောင့် စန္ဒယားတစ်လုံးသာမရှိရင် စိတ်ထဲ မီးဖိုချောင်ထဲများ ရောက်နေသလား တစ်ခါတစ်လေထင်မိတယ် အကျယ်အဝန်းကလည်း ကြုပ်ထဲကွေပြစ်ပါ အိမ်ကမီးဖိုခန်းအကျယ်လောက်ရှိတာဗျ။ စန္ဒယားငြိမ်းမောင်က အဲလေ စန္ဒယားစိုးမောင် က အခန့်သားစန္ဒယားရှေ့မှာ စွေ့ကနဲ့နေရာယူလိုက်တယ် တပင်တိုင်မင်းသမီးကလည်း ကရန်အသင့်အနေအထား။ တီးလုံးသံလေးစထွက်လာတယ် “မြူးကွတဲ့တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းက တံခူးလေမှာ …… ” ကိုယ့်လူချင်းမို့ မြောက်ပြောတာ ဟုတ်ပါတယ် တစ်ကယ်ကိုကောင်းတာဗျ။ ဒီအသံကြားလို့ ရှေရိုးဝင်ပြီး ဆိုလိုက်မိတာ ကမလို့ဟန်ခင်းနေတဲ့ တပင်တိုင်မမ လန့်ပြီးအကရပ်သွားတယ် အဲဒီတော့မှ ငယ်ငယ်က အမေဆုံးမတာသွားသတိရယ် မင်းအတီးအမှုတ်ဝါသနာပါရင် လေမှုတ်တူရိယာကိုသင်ပါ ဘာလို့ဆိုတော့ မင်းသီချင်းဆိုဖို့ ပါးစပ်မအားဖို့လိုတယ်တဲ့ အဲဒါလေးသတိရလို့ အသာလေးအဆိုရပ်ပြီး ဒေါင့်နားသွားကပ်နေရတယ်။ အောင်အောင်မြင်မြင် တီးလို့ကလို့ပြီးသွားတော့ ကနေ့မှရောက်တဲ့ ဦးရွှေရိုးနဲ့ဒေါ်မိုး လက်ခုပ်တီးပေးရတာပေါ့။ ကတာကတော့ ပြောဖို့မလိုဘူး တီးသွားတာလည်းအတူတူပဲ ကောင်းတယ်ဗျ ကျွန်တော့််ကို ကျောပြီးပေးတီးတော့ သတိထားမိတယ်ဗျာ တော်တော်ပြောင်မြောက်တယ်။

သူတို့တီးနေကနေတုံး ရှေရိုးတို့လည်း ရှာဖွေထားတဲ့ ဆရာတင်ရမယ့် ဦးရွှေရိုးဗွီဒီယိုများကိုကြည့်ပြီး ဘယ်ဟာကို အဓိကနမူနာယူမလဲလို့ တိုင်ပင်ကြတယ် ကျောင်းတက်စားလာတာ နှစ်ပေါင်းမနည်းတဲ့လူနှစ်ယောက် ဖြစ်လေတော့ ကိုးကားရင် မူရင်းကိုကိုးကားမယ်ဆိုတဲ့ အကျင့်ဖြစ်နေတယ်ထင်တယ် ဒါကမကတတ်တဲ့လူတွေကတာ ဒါကဘယ်လိုနဲ့ပယ်ရင်းပယ်ရင်းနဲ့ mrtv3 ကဗွီဒီယိုပဲ ခပ်တည်တည်နဲ့ မဲချလိုက်တယ်။ နှစ်ယောက်လုံး ဘယ်လိုအကတိုက်မှာလည်း အစဆုံးကြည့်တယ် ပြီးသာသွားတယ် ဘယ်နားကစပြီး အကတိုက်ရမှန်းသိဘူး ဒါနဲ့နောက်တစ်ခေါက်ပြန်ဖွင့် မထူးပါဘူးအတူတူပဲ။ ကတဲ့လူတွေကလည်း တစ်ကယ်ကတတ်တယ်ဗျ ဦးရွှေရိုးများ အစအဆုံး ကောက်ကွေးနေအောင်ကတာ ဒေါ်မိုးလည်းစထွက်လာကတည်းက မျက်နှာပေးအမျိုးမျိုးနဲ့ အဆက်မပြတ်ကတော့တာပဲ။ ဦးရွှေရိုးနဲ့ဒေါ်မိုးလက်သစ် နှစ်ယောက်လည်း ဒို့နှစ်ယောက်ဒီလိုမျိုးတော့ ဘယ်လိုမှမကနိုင်လောက်ဘူးလို့ တစ်လေသံတည်း ထွက်လာတယ်။ ဒေါ်မိုးအစမ်းကကြည့်တယ် ရုပ်သေးလက်လို ချိုးကတဲ့ကို နဂိုကတည်းကခက်တယ် အဲဒါကိုအမြန်ဆိုတော့ သူဘယ်လိုလုပ်လုပ် ကလို့လုံးဝမရဘူး။ အိုးစည်ဒိုးပတ်တီးသလို လက်နှစ်ဘက်ဘယ်ညာကတာပဲ ကလို့ရတယ်။ ဦးရွှေရိုးလည်း ကြည့်ရင်းနဲ့ ဇောခွေးပြန်နေပြီ။ ဒေါ်မိုးကလည်း သတိပေးတယ် ဒီလိုကွေးကောက်နေအောင်ကမှ ဦးရွှေရိုးအဆင်ပြေမယ်တဲ့။ သိက္ခာတော့ ဘယ်အကျခံမလဲ ဟာဗျာရပါတယ် စိတ်ချလို့ပြောလိုက်တာပဲ စင်ပေါ်ရောက်မှဘာဖြစ်ဖြစ် မီးစဥ်ကြည့်ကရမှာပဲ။

နောက်မဖြစ်ချေဘူး တစ်ခြားဟာရှာဆိုတော့ ကလေးတွေကတာလေးပဲ ကြည့်ရတော့တယ် သူတို့ကတော့ သီချင်းကိုသရုပ်ဖော်တယ် ကလေးဆိုတော့ကောင်းကောင်း မကနိုင်ဘူး ဒါပေမယ့် အဲဒါလေးလည်းသဘောကျတယ် ဘယ်လောက်ကက သူတို့မှနားမလည်တာ အဲဒါဆိုလည်းမရယ်ရပြန်ဘူး။ ဒါနဲ့အဲဒါမျိုးပဲကိုယ့်ဟာကို အကထည့်ပြီး အရုပ်ဆောင်တာထည့်မယ်ဆိုပြီး အကစတိုက်တယ်။ ဒေါ်မိုးရဲ့ အစွမ်းအစကဒီနေရာမှ ပြလာပါတယ် သရုပ်ဆောင်ပြီပြင်တယ်ခင်ဗျ တပင်တိုင်မင်းသမီးကလည်း သူမလုပ်ရဘူးဆိုပြီး ဘေးကနေမြောက်ပေးတယ် ဒီနေရာမှာ ဦးရွှေရိုးကို ဆောင့်တွန်းလိုက်တာအဆင်ပြေမယ် ဆိုလိုက်တာနဲ့ ဒေါ်မိုးကလက်ရောက်ပြီးသားပဲ နဖူးကိုလက်သီးနဲ့ထုဆိုရင် ခွပ်ကနည်းပဲ စကားစပ်မိမှမေးကြည့်ဦးမယ် ဒေါ်မိုး ကရာတေးများ ကစားဖူးသလားမသိဘူး။ အဲဒါတွေနဲ့ ဒေါ်မိုးခြေတစ်လှမ်းတက်ရင် ဦးရွှေရိုးတစ်လှမ်းဆုတ် အဲဒါကိုတိုင်ပင်ကိုက်အောင် လေ့ကျင့်ရတာနဲ့တင် ည ရ နာရီလောက်ရောက်သွားတယ်။ ကနေ့တော့ ဒီလောက်ဆိုအဆင်ပြေပြီဆိုပြီး ပြန်လာတာပဲ။ မပြန်လာခင် ယိမ်းသမများလည်း လေ့ကျင့်ခန်းအတွက် ရောက်လာတာတွေ့ပါတယ်။ ဒေါ်မိုးရဲ့ အခန်းဖော် မမကြီးက ကတာမကြည့်လိုက်ရလို့ဆိုပြီး ပူညံပူညံလုပ်သေးတယ် ရှေရိုးကငယ်ကတည်းက အဒေါ်တွေနဲ့လည်းနေလာတော့ အသက်ကြီးရင် နည်းနည်းစကားများတာ သဘောပေါက်တယ် ဒီတော့ဘာမှပြောတော့ပါဘူး။

ရှေရိုးပြန်တော့ကို ကနေတဲ့တစ်ပင်တိုင်နဲ့ စန္ဒယားကိုကိုကတော့ ကြိုးစားပမ်းစားကနေသေးတာပဲ တစ်ချက်တစ်ချက်ကြားတယ် လက်ကတော့ကနေတယ် ပါးစပ်ကတော့အားတာပဲလေ ဟောဟော… စန္ဒယားခလုပ်ကို နင်းရမယ့်အချိန်ရောက်ပြီ ဟင်… တီးတာမြန်ပြန်ပြီ ဟော… မနင်းပဲနဲ့ တိုင်ပင်တွေကျော်ကုန်ပြီ ဟာ… သီချင်းတစ်ပိုဒ်ကို နှစ်ခါထပ်တီးပြန်ပြီ နဲ့လို့တော့ အမြဲကြားနေတယ်။ အစကရှေရိုးအကြံပေးမလို့ စဥ်းစားသေးတယ် မပြောဖြစ်လိုက်ဘူး မေ့သွားတယ်။ ဘယ်လိုလဲဆိုတော့ တပင်တိုင်မင်းသမီးကို စန္ဒယားတီးခိုင်းပြီး စန္ဒယားစိုးမောင်ကို ကြက်တောင်စီးလေးဘေးနှစ်ဘက်နဲ့ ကျန်တဲ့ဆံပင်ပြောင်ရိတ်ပြီး သူငယ်တော်အက ကခိုင်းရင်အဆင်ပြေလောက်တယ်။ သီချင်းကတော့ ခက်တာမှတ်လို့ ဒိုးကလေးပေါ့။ မျက်စေ့ထဲမြင်ကြည့်တာတော့ တော်တော်ကြည့်ကောင်းမယ်။ လုပ်လိုက်ရင်လူအရမ်း စိတ်ဝင်စားမယ်ဗျ။ အခုတော့ စန္ဒယားစိုးမောင်ခမျာ ငြိမ်းမောင်အားကျတယ်တဲ့ မြခက်ရှာပုံတော်ဖွင့်တယ် အခုထိဘယ်လိုမှရှာလို့မရဘူး။ မေးမိသေးတယ် ခင်ခင်ထားအရင်ရှာဆိုတော့ မဖြစ်နိုင်ဘူးတဲ့ သူ့အပြောက ကားပွဲစားစကားနဲ့ဆို ကျောင်းမှာလိုင်စင်မဲ့ရှားတယ်တဲ့ ဒါ့ကြောင့်နှစ်စီးရှာ အဲလေ နှစ်ယောက်ရှာလို့ သိပ်မဖြစ်နိုင်ဘူးတဲ့။ ဒါကြောင့် နည်းနည်း ပြောင်ပြောင်ယောင်ယောင်ရှိလာတာ လူမရိပ်မိဖို့ “ဘန္တေ သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ” ရဟန်းခံတော့မယ်ဆိုလား နောက်ဆုံးသတင်းကြားမိတယ် သတင်းသေချာရင် ရှေရိုးရဟန်းဒါယိကာအဖြစ် အသနားခံချင်တယ် ဒုကုဋ်ကြီးအပါအဝင် သင်္ကန်းတြိစုံလှူပါ့မယ် သာဓု သာဓု ….

(ဆက်ရန်)

15
Dec 09

သည်းခံသာကြည့်ကြပါ

ဒီနေ့မှပဲ youtube မှာတင်ထားတဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးကတာကို ဗွီဒီယိုရိုက်ထားတဲ့ အစ်ကိုတစ်ယောက် ကောင်းမှု့နဲ့ရလာပါတယ်။ ကင်မရာအခြေအနေကြောင့် တော်တော်လေးမှောင်နေပါတယ် နောက်ဆုံးကနေဆွဲရိုက်ထားသလိုလည်း ဖြစ်နေလို့ပါ။ ဆီမီးခွက်ယိမ်းကတော့ မီးရောင်ပဲမြင်ရလို့ ယိမ်းသမများ အင်္ကျီအလှမပေါ်လို့ မကျေမနပ်ဖြစ်နေကြပါသဗျား။

14
Dec 09

Culture Night 2009 လှုပ်ရှားမှု့များ အပိုင်း (၂)

ဇာတ်ဆရာဝင်းနောင်က ဖောင်ပိတ်လိုက်ပြီလို့ ကြေငြာပြီးနောက်နေ့ အကတိုက်ကြမယ်တဲ့ ဂျူရောင်းအရှေ့ဆိုတဲ့ အရပ်ကိုလာကြမယ်တဲ့။ ကျွန်တော်ကတော့ ကံဆိုးချင်တော့ နောက်ဆုံးနှစ်စာမေးပွဲကို နောက်ဆုံးဘာသာမှာ နောက်ဆုံးနေ့ သောကြာနေ့ နောက်ဆုံးအချိန်မ ှဖြေရသဗျာ ဒါနဲ့သူတို့အကတိုက်မယ့်နေ့ မသွားနိုင်ပါဘူး။ စနေကျပြန်တော့လည်း ကြီးကြပ်တဲ့ဆရာက ရာဇသံပေးထားတယ် ငါတနင်္ဂနွေခရီးထွက်မယ် တစ်လကြာမယ် မင်းစာအုပ်ကိုစနေအပြီး ငါ့ကိုအကြမ်းပေးတဲ့။ အဲဒါတွေလုပ်နေတာနဲ့ စနေအထိ မောင်ရှေရိုးက အကမတိုက်နိုင်သေးဘူး။ အတန်းထဲက မမကြီးတွေကလည်း တွန်းတယ်ခင်ဗျာ နင်ကအခုထက်ထိ အကမတိုက်သေးဘူးလားနဲ့ တွေ့တိုင်းပြောနေတယ်။ ရှေရိုးက ကသာမကတတ်တာ မပူပန်ပေါင်ဗျာ။

စနေနေ့ကလည်း ညနေပိုင်းဆရာနဲ့ ကိစ္စဝိစ္စပြီးတော့ ဆီမီးခွက်အကများတိုက်နေတယ်ဆိုလို့ သွားကြည့်လိုက်သေးတယ်။ အဲဒီ့နေ့က ပထမဆုံးအကတိုက်တဲ့ နေ့လိုဖြစ်နေလို့ သွားအားပေးတာ ရောက်သွားတာနောက်ကျတော့ သူတို့ကကနှင့်နေပြီဗျ။ အားရစရာပဲဗျ တစ်ကယ်ကိုအင်တိုက်အားတိုက် အာလူးကြော်တွေ အအေးတွေနဲ့ အကတိုက်နေတာပဲ။ ခပ်တည်တည်နဲ့ ကိုယ်လည်းအကမတိုက်ပဲ ဝင်ပြီးတော့ အာလူးကြော်စားခဲ့သေးတယ်။ ဆီမီးခွက်အကအတွက် သီချင်းဆိုပြီး ဇာတ်ဆရာနဲ့ ကိုစောကတော့ အားရပါးရကွန်ပျူတာ တစ်လုံးနဲ့ youtube မှာရှာနေတယ်ခင်ဗျာ။ နောက်တစ်ယောက်ကတော့ အိုင်ဖုန်းတစ်လုံးနဲ့ ဓါတ်ပုံလည်ရိုက်နေတယ် ဟိုဘက်လေကန် သည်ဘက်ဆရာလုပ်နဲ့ သူ့ဟာသူတော့ ဟုတ်နေတာပဲလေ။ ပြီးတော့ Facebook ပေါ်တင်လို့ဆိုပြီး ယိမ်းသမများကလည်း မေတ္တာပို့ကြပါတယ်။

ဆီမီးခွက်တဲ့အဖွဲ့က အင်မတန်စည်းလုံးကြတယ် သွားကြည့်တိုင်း မငြင်းတဲ့အခါကိုမတွေ့ဘူးဗျာ။ တွေ့တာတော့ ညည်းကမှားနေပြီအေ့ ငါမမှားဘူး နင်မှားတာ လက်ကိုမမှောက်နဲ့ ဟိုဘက်လက်က ချိုးထားလေ မီးလောင်မယ်နော်နဲ့ အော်ဟစ်နေကြတာပဲ။ မီးမထွန်းတဲ့ ဆီမီးခွက် အဲလေ ဒန်ခွက်သေးသေးလေးတွေနဲ့ အားရပါးရကကြတယ်ဗျ။ သီချင်းလည်းရှာလို့ရလာတယ်။ သီချင်းကတော့ ရခိုင်သီချင်း ဒါပေမယ့် ရှေးဟန်နဲ့ ခေတ်သီချင်းနဲ့ပေါင်းထားတာ အဲဒါနဲ့ဆီမီးခွက်အက တယ်ကောင်းတာပဲ။ သီချင်းကိုတော့ အင်မတန် သဘောကျတယ်။ ပွဲနေ့မှစကားစပ်မိတာက ကျွန်တော့််ဘော်တာ ကိုမျိုးအောင် အမျိုးသမီးက ရခိုင်ဘက်က သူပြောပြတော့မှ အဆိုတော်က သူ့သူငယ်ချင်းတဲ့။ ဒီလိုနဲ့ပဲ မညီအညာယိမ်းတွေ စတိုက်ကြတာပေါ့။ ကျွန်တော့််အဖေပြောတဲ့ စကားကိုသတိရတယ် ခြေအတူတူလက်အတူတူ မြောက်လိုက်ရင်ယိမ်းဖြစ်သတဲ့။ နောက်တော့ တစ်ဖြည်းဖြည်းညီညီညာညာ ဖြစ်လာပါတယ် အဲဒီတော့ ယိမ်းလို့ခေါ်လို့ရလာသပေါ့ဗျာ။ သို့ပေမယ့်လည်း ဒန်ခွက်တွေတော့ ကျတဲ့အခါပြုတ်ကနေဆဲပါပဲ။ ဇာတ်ဆရာကတော့ အဲဒါမြင်ပြီး မျက်ခုံးလှုပ်လှပြီ စင်ပေါ်မှပြဿနာတက်ရင် ဒုက္ခလေ။ ယိမ်းလူမစုံရင် ဇာတ်ဆရာလည်း အစားဝင်ကရပါတယ် အဲဒီ့အချိန် လေဒီဝင်းနောင်ပေါ့ဗျာ။ ဒီလိုနဲ့ ဆီမီးခွက်ယိမ်း စနေဂနွေ နှစ်ရက်လွန်မြောက်သွားတယ်။

ဦးရွှေရိုးနဲ့ ဒေါ်မိုးကတော့ အားတဲ့အချိန်ညှိတာ လက်လွန်သွားလို့ တနင်္လာရောက်တာပဲ။ တနင်္လာမှအကမတိုက်ရင်လည်း ဒေါ်မိုးလည်း နားမခံနိုင်လောက်တော့ဘူး သူ့အခန်းဖော် မမကြီးက အကတိုက်တော့ အကတိုက်တော့နဲ့ အတင်းတွန်းနေပြီလေ။ မကခင်တစ်ရက်မှာ ကျွန်တော်လည်း ရှေရိုးကတာရှာတာပဲ အင်တာနက်မှာ ဦးဂူဂဲကိုနည်းမျိုးစုံနဲ့ မေးတာပဲ ဒါပေမယ့် သိပ်ကောင်းတာ မတွေ့ပြန်ဘူး။ mrtv3 ကနေ ဦးရွှေရိုးနဲ့ဒေါ်မိုးကတာ တွေ့တယ်။ Resolution မကောင်းပေမယ့် အကကတော့ တော်တော်ကောင်းတယ်။ ဒါနဲ့အဲဒါလေးကို နမူနာဆိုပြီး တနင်္ဂနွေကတည်းကတည်းက သတ်မှတ်ထားလိုက်တယ်။ Canteen B ဆိုတဲ့အရပ်ကနေ ဦးရွှေရိုးနဲ့ ဒေါ်မိုး တနင်္လာနေ့ ၄ နာရီလောက်မှာ SCI ကိုချီတက်လာတာပေါ့။ ကျောင်းရောက်မှ ဘွဲ့လွန်ကျောင်းသားများ နားနေခန်းက သော့ခတ်ထားသဗျာ ရှေရိုးလည်း ဘယ်ရမလဲ ကျောင်းသားကဒ်နဲ့ ကပ်လိုက်လည်း တီလို့ကိုအသံမမြည်ရှာဘူး။

ဒါနဲ့ဖွင့်မယ့်လူလိုက်ရှာရတာပေါ့ ကံကောင်းချင်တော့ စာသင်ခန်းတံခါးတစ်ခုကို လက်ကိုင်လှည့်လိုက်တာ အထဲကနေအမျိုးသမီး တစ်ယောက်ထွက်လာတယ် ပရော့ခရစ်ကူးကို လာရှာတာမဟုတ်လားတဲ့။ တစ်ကယ်ကတော့ မဟုတ်ပါဘူး ရမ်းလှည့်လိုက်တယ် သူရှိမှန်းဘယ်သိမလဲ ဘယ်ရမလဲ ဟုတ်တယ်လို့ ရောချလိုက်တာပဲ။ ပရောဖက်ဆာကို တံခါးလိုက်ဖွင့်ခိုင်းတော့ မင်းကဒ်ကိုကပ်လိုက်စမ်းတဲ့ မရဘူးဆိုတာမရဘူး အတင်းခိုင်းနေတယ်။ နောက်တော့ သူ့ဟာသူပဲဖွင့်ပေးလိုက်ရတယ်။ မင်းကဒ်ပျက်နေတယ်ထင်တယ်တဲ့ ငါ့အတွင်းရေးမှူးဆီမှာ တိုင်ကြားချက်ဖွင့်ပါတဲ့။ ဟုတ်သေးပါဘူး ကဒ်ကအကောင်းရှိတာ ကျိုးသွားမှပဲ ပျက်နိုင်တာ ဘယ်နှယ့်ဖြစ်သလဲမသိ။ သို့ပေမယ့်လည်း အထဲဝင်လို့ရသွားရင် ပြီးတာပဲမဟုတ်လား။ အထဲရောက်မှ မကြာပါဘူး တပင်တိုင်မင်းသမီးရောက်လာတယ် စောစောက မုန့်သွားစားနေတာတဲ့ သူလည်းအကတိုက်နေတယ်ဆိုပဲ။

(ဆက်ရန်)

13
Dec 09

Culture Night 2009 လှုပ်ရှားမှု့များ အပိုင်း (၁)

သင်နေတဲ့အထူးပြုမေဂျာက ကွန်ပျူတာသိပ္ပံဆိုပေမယ့် တစ်ချို့ဘာသာတွေက လူနဲ့ပါတ်သက်တာတွေ သင်ရတာလည်းများတော့ Social Science & Computer Engineering ကိုနှစ်ကျောင်း အပြေးအလှားခွတက်ရတယ်။ တစ်ကျောင်းက Social Science ကျောင်းဆိုတော့ Social လည်းဦးစားပေးလေတော့ နှစ်စဥ် ခရစ်မတ်နားမှာ စာမေးပွဲလည်းအပြီးဆိုပြီး နိုင်ငံစုံကကျောင်းသားတွေ ယဥ်ကျေးမှု့ပွဲလုပ်လေ့ရှိတယ် မနှစ်ကတော့ Paper Deadline အရမ်းကပ်လို့ ပွဲတိုင်းကျော်ပွကြီးကျွန်တော် တစ်နှစ်မနှဲလိုက်ရဘူး။ သို့သော်လည်း ဘူဖေးတော့မလွတ်စေဘူးပေါ့ ထိပ်ဆုံးကရောက်တာပဲ။ အစီအစဥ်ကတော့ ထုံးစံအတိုင်း သင်္ကြန်အကရယ်၊ ရှမ်းအတုတွေ ထည့်ထားတဲ့ ရှမ်းအကနဲ့ပဲ ဗမာအဖွဲ့နှဲလိုက်ရတယ်။

ဒီနှစ်တော့လားဆိုပြီး အားခဲထားကြတာ မိန်းကလေးတွေကလည်း အားရစရာကောင်းတယ် စာရင်းပေးထားတာ လူများသဗျား။ အစကတော့ ကရင်ဒုန်းယိမ်းကမလို့တဲ့ ယောက်ျားအရေအတွက် မလောက်လို့ လက်လျော့လိုက်တာ။ ဝါးညှပ်အကများကလိုက်လို့ကတော့ တစ်ချက်တစ်ယောက် ညှပ်မိမယ်ထင်တယ်။ စာရင်းပေးတဲ့ အမျိုးသမီး ၁၂ ယောက်သဘောတူ ရခိုင်ဆီမီးခွက်အက ကကြမယ်ဆိုဖြစ်တယ်။ ထပ်ပြောရရင် အကြံစပေးတဲ့ မမက ရခိုင်နဲ့တော်တော်နီးစပ်တယ် ရှမ်းပြည်ကလေ နန်းနဲ့စတဲ့ ရှမ်းမဖြစ်နေပါရောလားဗျာ။ ဘယ်သူမှကတတ်တဲ့လူ မပါလာဘူး ဒါပေမယ့်ကြိုးစားကြမယ်တဲ့။ သင်တန်းဆရာမလည်းမရှိဘူး ကိုယ်တိုင်ပဲ အမြင်နဲ့လေ့လာသင်ယူပဲ။ လေ့ကျင့်ကာစကတော့ ဘုရားတင်တဲ့ ဖယောင်းတိုင် ဒန်ခွက်ကလေးတွေနဲ့ ကျင့်ကြတာ မီးမပါဘူး ဘာပြောကောင်းမလဲ ပြုတ်ကျတာပါပဲ ဆီမီးခွက်သာဆိုရင် ကွဲလို့လောက်မယ်မထင်ဘူး။

ကျောင်းသားတစ်ယောက်ကလည်း စန္ဒယားတီးတတ်ပြန်သတဲ့။ ဒါနဲ့ မန်းလေးသူ တစ်ယောက်ကလည်း ဘယ်ခေမလဲ ဒို့အတတ်ဆုံး သင်္ကြန်မိုးကိုလက်စွမ်းပြခိုင်းပြီး တပင်တိုင်ကမှာတဲ့ဗျ။ စန္ဒယားနဲ့ကလည်း သူတို့မှာ အင်မတန်အေးနေတဲ့ အခန်းထဲမှာတောင် ခွေးပြိုက်ပြိုက်ကျအောင် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းကို အကတိုက်ရရှာတယ်။ တပင်တိုင်မမက ဆီမီးခွက်လည်း ဝင်ရမှာဆိုတော့ ညလည်းသူ့ခမျာမအားရရှာဘူး ညပိုင်းဆီမီးခွက်လည်း ဝင်ကရပြန်တယ်။ သူကတော့ နဂိုကတည်းက ကတတ်လေတော့ အကမှာတော့ ပြဿနာမရှိလေဘူး အဆင်ပြေတယ် ပင်ပန်းတာတစ်ခုပါပဲ။ စန္ဒယားသမားလည်း လက်စွမ်းကပြချင်တိုင်း ပြမရဘူး သူအတီးမြန်ရင် ကတဲ့လူသေအောင်မောတာပဲ။ တပင်တိုင်မမကလည်း စန္ဒယားသမားကို နာမည်သာ အသက်အရွယ်ကြောင့် ကိုတပ်ခေါ်တာ မြန်ပြန်ပြီခေါင်းခေါက်လိုက်ရ ဆိုတာကြည့်ပဲ စိတ်ထင်လို့လားမသိဘေူး ဒါကြောင့် စန္ဒယားကိုကို ပွဲပြီးတော့ ခေါင်းတောင် အရင်ထက်နည်းနည်း ပိုပြောင်သွားသလိုပဲဗျ။

မူလပထမ မောင်ရှေရိုးအကြံပေးသူ ကျွန်တော်ကတော့ ရှေရိုးတဲ့မဲချတယ်။ မဲကချစရာမှမလိုတာ ယောက်ျားလေးက မဲချလောက်အောင်ကို မရှိဘူးကိုး။ နင့်အကြံနင်ကဆိုပြီးပြောတော့ နဂိုတည်းက ရွပိုးထိုးနေတဲ့ကျွန်တော် ဟန်ဆောင်ပန်ဆောင်ငြင်းမနေပေါင် အေးလို့ပြောလိုက်တယ်။ ဖြစ်ချင်တော့ ဒေါ်မိုးလုပ်မယ့်လူ မရှိပြန်ဘူး။ ကျွန်တော့််ကို ကြောက်ကြလို့လို့များ မထင်လိုက်ပါနဲ့ ဂေါ်မစွံကြီးမှန်းလည်း သိကြပါတယ် ပေါလွန်းအားကြီးလို့ ယောက်ျားလို့ကို လူရာသွင်းပုံမပေါ်ပါဘူး။ ပေါသာပေါတာ ကျွန်တော့််ကိုမျက်နှာကြောက သိပ်တည့်ကြပုံတော့မပေါ်ဘူးဗျ။ သို့သော်လည်း ဒေါ်မိုးလိုမျက်နှာပြောင်နဲ့ မကရဲကြဘူးတဲ့ ရှက်ကြသတဲ့ ဒါလည်းဟုတ်တာပါပဲလေ သက်ဆိုင်သူများက သူများနဲ့တွဲကလို့ စိတ်ဆိုးမှာလည်း ပူရပန်ရသေးတယ် မဟုတ်လား။ အဲလိုဖြစ်ရင် ရှေရိုးလည်းလိုက်မရှင်းတတ်ဘူးလေ တော်ကြာနေ လက်သီးနဲ့အထိုးခံရမယ် ဒါမျိုးတော့ အာကီဒိုလည်း မကယ်နိုင်ဘူး ပြေးမှာပဲဗျ။

ဒါနဲ့ဒေါ်မိုးရှာပုံတော်ဖွင့်ရတယ် ကိုယ့်မေဂျာကလူတွေကလည်း ဟိုလူ့ဘော်လီဘောပုတ် သည်လူ့ဘော်လီဘောပုတ်ပေါ့ ကျွန်တော့််ကိုယ်ကျွန်တော် သံပုရာသီးဖြစ်နေမှန်း ဒီတော့မှသိတော့တယ်။ တပင်တိုင်မမက မျက်ခုံးလှုပ်နေပါပြီ ဘယ်သူမှမရှိရင် သူကရမလိုဖြစ်နေသကိုး သူ့နေရာတစ်ခြားလူထည့်လို့ရတယ်လေ။ ဘယ်လောက်မကချင်သလဲဆို အစ်ကိုရဲ့ ဒေါ်မိုးရှာမရသေးဘူးလားဆိုပြီး တွေ့တိုင်းမေးတယ်။ ကံကောင်းချင်တော့ ဘော်တာမမကြီးတစ်ယောက်က သူ့အခန်းဖော် ညီမလေးတစ်ယောက်က ဟိုတစ်လောက တိုက်တိုက်ဆိုင်ဆိုင် ဦးရွှေရိုးနဲ့ ဒေါ်မိုးကချင်တယ် ပြောတယ်ဆိုပဲ။ ဒါနဲ့မေးကြပါဟဲ့ ဆိုတော့မှ ဒေါ်မိုးအဖြစ်ကမယ့်လူ ရပါတော့တယ်။ အရင်ကလည်း ကျောင်းပွဲတွေမှာ တက်ပြီးဝါသနာပါလို့ ကဖူးတယ်ဆိုပဲ။ ကျေးဇူးလည်းအလွန်တင်ပါတယ် အားလည်းတော်တော်နာပါတယ် သူလည်းကရဲတယ်ဆိုပေမယ့် မိန်းကလေးပဲလေ ရှက်တော့အနည်းနဲ့အများ ရှက်မှာပါပဲ။ ကတတ်တယ်တဲ့ဆိုတော့ မောင်ရှေရိုးမျက်နှာငယ်တယ် သိပ်လည်းမကတတ်ဘူးကိုးဗျ။ ဒါနဲ့ပဲ ထရစ်ပယ်အီးဆိုတဲ့ ကျောင်းကနေ ဒေါ်မိုးအဖြစ် မမတစ်ယောက် စာရင်းပေါက်ပြီးရောက်လာပါတယ်။

ဒါနဲ့ပဲအစီအစဥ်များကို လူစေ့ပြီဆိုပြီး အစည်အဝေးဆုံးဖြတ်ချက်နဲ့ ဇာတ်ဆရာအဆုံးသတ်လိုက်တယ် ဆီမီးခွက်အက၊ သင်္ကြန်မိုးအဆိုအကအတီး၊ ဦးရွှေရိုးနဲ့ဒေါ်မိုး၊ စန္ဒယားကိုကိုက ဘာဂျာနဲ့တွဲတီးဦးမတဲ့ဗျား။ ဒီအချိန်မှာ တစ်ခြားအဖွဲများကလည်း အစီအစဥ်များထွက်လာတယ် အိန္ဒိယများက သူတို့အကွမ်းကျင်တဲ့ ဘောလီးဝုအကကမတဲ့။ တစ်ကိုယ်တော် တရုတ်စန္ဒယားမယ်ကလည်း တစ်ဗွေတည်းတက်တီးမှာတဲ့။ ထိုင်းကမမကလည်း Loy Kratong ဆိုတဲ့ မီးမျောပွဲမှာကတဲ့ အကကိုကမယ်ဆိုပဲ။ ထုံးစံအတိုင်း ပရောဖက်ဆာကူး ကတော့ တယောထိုးမှာပေါ့ အုပ်ချုပ်ရေးဌာနက အန်တီမမ ဝတုတ်ကြီးနဲ့ဆိုပဲ။ သူတို့နှစ်ယောက်လည်း တယောအထိုးကောင်းလို့ ဘူဖေးငတ်ပေါင်းလည်း နှစ်မနည်းတော့ပါဘူးလေ။

(ဆက်ရန်)

Switch to our mobile site

WP SlimStat