ပြောရင်းဆိုရင်း ပြောစရာရပြန်ပြီ

အဘိဓာန်ဆိုလို့ အသံထွက်မှားတာ စကားစပ်မိမှ သီချင်းနားထောင်မိတယ် ကြက်ဥတာတွေရော စုံနေတာပဲ ကြောင်တောင်တောင်သီချင်းဆို သိပ်ကြိုက်တာကိုး နားထောင်ရင်း သီချင်းဆုံးကာနီးမှ မဟုတ်တာက ထွက်လာတယ် စပါးကျီကို အသံထွက်တတ်ပုံမပေါ်ဘူး စပါးကျီတဲ့ ဇဗဂျီလို့ထွက်တာ သိပုံမပေါ်ဘူး။ ဆိုတဲ့လူ ဗမာဟုတ်မဟုတ်တော့မသိဘူး သို့ပေမယ့် ကျီအပြင်မှာ မြင်ဖူးရဲ့လားမသိပါဘူး မြင်ဖူးမယ်တော့ သိပ်မထင်မိပါဘူးလေ။

ကျွန်တော်နှင့် ဗမာစာအဘိဓာန်

ငယ်ကတည်းက ဗမာစာဆရာမဆိုတာ ကျွန်တော်နဲ့က ရန်သူပဲပြောရမယ် ကိုယ်ကပဲဗမာဖြစ်နေလို့ စကားအပြီလွန်နေသလား မသိပါဘူး ဖတ်တာမမှန်ရင် လုံးဝမကြိုက်ဘူး။ ငါးတန်းကဆရာမကလည်း စကားမပြီကလာ ပြီကလာနဲ့ ရှမ်းမပါဗျာ ကျောင်းပြောင်းလာကာစက ဝါကျလို့ တစ်ခါထွက်လိုက်မိတယ် ခေါင်းခေါက်ခံရတယ် ဝက်ကျတဲ့ ဒါလည်းဟုတ်တယ်လေ ကိုယ်မှားတာပဲဟာ။ နေဦးဒင်းတော့လား ဘယ်လောက်မှန်အောင် ဖတ်တတ်မလည်းဆိုပြီး မှတ်ထားတာ နောက်နေ့ ကဗျာဖတ်တာ တစ်ချက်တွေ့တာပဲ “ဝါးပြာထည့်ကျို အိုးနားတိုနှင့် ခပ်ချိုညစ်တေ” ဘယ်ရမလဲ “အိုးနားတို” လို့ဖတ်သွားတာ “အိုးနဒို” လို့ဖတ်ရတယ် မဟုတ်ဘူးလားဆရာမရဲ့ဆိုတော့ နင်ဘယ်လောက်သိသလဲဆိုပြီး ခေါင်းခေါက်ပြန်ရော ဘယ်တုံးကမှငြိမ်ခံတဲ့လူမှမဟုတ်တာ မှန်ပါတယ်ဗျ ဆရာမမှားတာဆိုတော့ ထပ်အခေါက်ခံရပြန်ရော။ ဒီတစ်ခါတော့ နပ်သွားပြီ နောက်နေ့မှတွေ့မယ်ပေါ့ မှန်လျက်နဲ့အခေါက်ခံရတယ် အိမ်ကျမှအဖေ့ကိုတိုင်။ ဒါမျိုးကျတော့ အဖေကသိပ်အားကိုးရတယ် မှန်ရဲ့သားနဲ့ အရိုက်ခံရ အခေါက်ခံရတယ်ဆိုတာ မရှိရဘူးဆိုပြီး ကျောင်းလိုက် ပြဿနာရှာတာပဲ ဆရာမလည်းစိတ်ညစ်သွားပုံပေါ်တယ် နောက်ဘယ်လိုထွက်ထွက် ဘာမှမပြောရှာတော့ဘူး။ မကြာပါဘူး သမိုင်းဆရာမနဲ့ ထပ်ညိပြန်ရော “တန့်ဆည်” တဲ့လုပ်ပုံက “ဒဇယ်” လုပ်ပါဗျာဆိုတော့ အတန်းထဲကထွက်သွားရော နင့်ကိုတိုင်မယ်တဲ့ နောက်တော့ သူလည်းသတင်းရပုံရတယ် ခေါင်းလည်းမခေါက်ဘူး အတန်းပိုင်နဲ့လည်း မတိုင်ဘူးရယ် အိမ်ကလိုက်လာမှာ ကြောက်ပုံရတယ်။ ဒီလိုနဲ့ပဲ ရှစ်တန်းအထိ ဆရာမများနဲ့ အသံထွက်ပြဿနာတက်ရင်း လိမ်ဖယ်လိမ်ဖယ်နဲ့ အတန်းတက်သွားတာပါပဲ။ ကိုးတန်းရောက်မှ ကိုယ်ခံရတဲ့အလှည့်ရောက်တာပဲ ရှမ်းပြည်ကလည်းခွာခဲ့ပြီ ဆရာကဖြစ်ချင်တော့ အဖေနဲ့ဘော်တာ လူကအညာသား စကားကပြီလိုက်တာမှ ခက်နေတယ်။ အမေလုပ်ပုံက သားဖြစ်သူက ဗမာစာည့တယ်တဲ့ ဒါလည်းဟုတ်တယ် စာစီစာကုံးများ ဘယ်လိုရေးရေးမရေးတတ်ဘူးရယ် လက်ရေးလက်သားတော့ ပြောမနေနဲ့ ဗမာစာလက်ရေး ဖတ်မရသလောက်ပဲ ဒါနဲ့ကျူရှင်မသင်တဲ့ ဆရာဆီမှာ ဘော်တာချင်း သင်ပေးပါလုပ်ပြီးအတင်း သင်ခိုင်းလို့ကျူရှင်ဆိုတာ စတက်ဖူးတာပဲ တပည့်တစ်ယောက် ဆရာတစ်ယောက်။ ကဗျာသင်တယ်ဆို အသံနေအသံထားနဲ့ ရွတ်ခိုင်းပြန်ရော အသံထွက်မှားရင် နားရင်းတစ်ချက်ရိုက်ပဲ အညာမင်္ဂလာဆောင်ဆိုရင် ရွတ်လိုက်ရတဲ့ဖြစ်ခြင်း တိုက်တိုက်ဆိုင်ဆိုင် ဆရာကမ့်ရွေးသားကိုး ဘယ်ကာရံကဘယ်လိုဆိုရင် ဟုတ်ကဲ့ဆရာပေါ့။ အခုတော့ အဲဒီ့ကဗျာတွေလည်း မသင်ရတော့ဘူးဆိုလားပဲ။ ဒီတစ်ခါမှအရင် ဆရာမတွေကို ဒုက္ခပေးခဲ့သမျဝဋ်လည်တာပဲ။

တစ်ကယ်က နယ်တကာလှည့်သွားနေတာ ဘယ်လိုမှဗမာစာ ဝေါဟာရများများစားစား သိစရာအကြောင်းမရှိပါဘူး ဗမာစာသိပ်မတတ်တဲ့နေရာတွေမှာပဲ နေလာတာများပါတယ် ပတ်ဝန်းကျင်ကနေတော့ ဗမာစာဘယ်လိုမှ မတတ်တာသေချာတယ်။ ဖြစ်ချင်တော့အိမ်မှာက တစ်ယောက်တည်းနေရတော့ ဖတ်စရာစာအုပ်ကလည်းမရှိဘူး အိမ်မှာရှိတဲ့စာအုပ်တွေက ကလေးစာအုပ်တွေထက် လူကြီးစာအုပ်တွေပါ ကျန်တာတွေမဖတ်တတ်ဘူး။ ပုံပဲကြည့်ဖြစ်တဲ့ စာအုပ်တွေက ဖြစ်ချင်တော့ ဗမာအဘိဓာန် ၅ အုပ်တွဲရှိတယ် အိမ်မှာက “အ” တစ်တွဲတော့ပျောက်နေတယ်။ သုံးလေးတန်းကတည်းက အဲဒီ့စာအုပ်တွေကို လှန်ကြည့်ဖြစ်တာများတယ် ကလေးစိတ်ဝင်စားစရာ ပုံတွေပါတယ် ဒါနဲ့ပဲ ဘယ်ပစ္စည်းဗမာလို ဘာခေါ်တယ်ဆိုတာ ငယ်ကတည်းက ရင်းနီးနေတယ် နည်းနည်းစာဖတ်တတ်လာတော့ ဖတ်ဖြစ်တာပေါ့။ အသံထွက်လည်းပါတယ် ဗမာစာလုံးအသစ် အသံမထွက်တတ်ရင် အဘိဓာန်မှာဘယ်လို အသံထွက်သလည်း ပြေးကြည့်တာက အကျင့်ဖြစ်လာတယ်။ “အ” တစ်တွဲမရှိတော့ “အ” နဲ့စတဲ့အစကားလုံးတွေ မသိဘူးဖြစ်ကုန်ပြီလို့ ပြဿနာရှာလို့ အဖေဘယ်ကရှာလာသလဲမသိဘူး မနည်းရှာလာရတယ်ပြောတယ်။ ဗမာဖြစ်ပြီး
ဗမာအဘိဓာန်လိုသလား မေးလာရင်တော့ လိုတယ်ပြောရမယ် မယ့်ရင်ဖတ်ကြည့်လို့ရတယ် မသိသေးတဲ့စကားလုံးတွေ အများကြီးရှိတယ် အဓိကအားဖြင့် ပစ္စည်းအခေါ်အဝေါ်တွေ မသိတာသိပ်များတယ်။ အခုတော့ အဲဒီ့ငါးအုပ်တွဲက ဘယ်လိုမှရှာလို့မရသလောက်ပါပဲ နောက်တော့ တစ်အုပ်တည်းချုံ့ပြီးပြန်ထုတ်တယ်။ ညီမဝမ်းကွဲလေးက မြန်မာစာကဆိုတော့ တစ်အုပ်တည်းထုတ်ထားတဲ့ အဘိဓာန်ကုန်သွားလို့တဲ့ လိုက်ရှာရမတဲ့ ဒါနဲ့မရှာနဲ့ ငါ့စာအုပ်စင်က အတွဲလိုက်ကိုသုံးပါဆိုတော့ တစ်အုပ်တည်းပဲ ပေါ့ပေါ့ပါးပါးကောင်းတာ ငါးအုပ်ဆိုမကောင်းဘူးတဲ့ ဒါနဲ့ နင့်ဟာနင်သွားရှာ ငါ့စာအုပ်ကို ငါကဘယ်သူမှမကိုင်လေ ကြိုက်လေပဲလို့ ပြောလှတ်လိုက်ရတယ် တော်တော်စိတ်ဝင်စားပုံရပါတယ် တစ်ခါမှကိုလာကြည့်ပုံမပေါ်ဘူး။

အိမ်လွမ်းသူ

“ရေလှာလည်း ခင်းပြန့်ကြည်လင်စေ မိုးဦးလည်း လှပသာယာစေ ဘဝစေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့ ရေစုန်ကိုဆန်ကာပြန်ခဲ့ပြီ …..” ခင်ဝမ်းသီချင်းက တိုးတိုးလေး ဖွင့်ထားသံ ကြားတယ် စားပွဲပေါ်မှာ လက်ဘက်ရည်တစ်ခွက်၊ ရေနွေးကြမ်းဓာတ်ဘူးနဲ့ အကြမ်းပန်းကန်တစ်လုံး။ ဆိုင်ဒေါင့်က ချောင်ကျကျစားပွဲမှာ ထိုင်လို့ပေါ့ လူရှင်းနေတဲ့ဆိုင်ထဲမှာ ဘယ်ကိုကြည့်မှန်းမသိပဲ ငေးနေမိတယ် ဒီလိုအချိန်မျိုး ပြန်မရနိုင်တော့ဘူးလို့ ထင်နေမိတာပါ။ သြော်… ငါမဟာနွယ်မှာ ရောက်နေတာပဲ။ စားပွဲထိုးညီလေးရေ အစ်ကို့ကို ပူတီတစ်ပွဲပေးပါဟ။ ဟေ…. ပူတီမရဘူးဟုတ်လား သြော်… ဒါဆိုရင်ဒါ မဟာနွယ်မဟုတ်ပါလား။

“နာမည်ဆန်းတဲ့ လက်ဘက်ရည်ဆိုင် အလွမ်းကဖီးလို့ ပေးထားတယ် အချစ်ဆုံးမင်းနဲ့အတူ အမြဲသောက်တဲ့ ဒီဆိုင်လေး …..” ဂျေညီညီသီချင်းဖြစ်သွားပါလား။ သြော်…. မိန်းထဲက ရူဘီမှာရောက်နေတာပဲ။ ဘေးဘယ်ညာလှည့်ကြည့်တော့ အမေ့ဓောတ်ပုံတွေထဲမှာ တွေ့တွေ့နေတဲ့ တိုင်လုံးကြီးတွေနဲ့ ပင်မအဆောက်အဦးပါလား၊ ဒီဘက်မှာကစာသင်ဆောင်တွေ၊ ဟိုး… ဘက်မှာက လူမရှိတဲ့ လူနေဆောင်တွေ၊ နိုင်ငံခြားဘာသာ တက္ကသိုလ်ထဲတော့ မဝင်တော့ပါဘူးလေ ဆရာနဲ့တိုးရင် လာတက်ဦးခေါ်နေဦးမယ်။ ဟေ့… စားပွဲထိုးညီလေးရေ အစ်ကို့ကို မုန့်တီတစ်ပွဲပေးကွာ။ ဟေ… မုန့်တီမရှိဘူး ကြာဇံသုတ်ပဲရတယ်ဟုတ်လား အေး… ကျေးဇူးပါညီလေးရယ် မယူတော့ပါဘူးကွယ်။

“ရိုးရိုးလေးသာ ဝတ်ခဲ့ပါကွယ် အေးမြလို့ ကျင်လည်ရာလူ့လောကမှာ အပူမီးနဲ့အတူ လှုပ်ရှားရုံးကန် ဟန်လုပ်ပြုံးရခြင်းတွေ စွန့်ပစ်ခဲ့မယ်သွားကြမယ်လေ ဘုရားဖူးစို့ …” ဟောဗျာ ခင်မောင်တိုး ဖြစ်သွားပြန်ပြီ။ ဒါကဘယ်မှာလဲ ငါ… အောင်တော်မူထဲရောက်နေတာပဲ ကဖီးဘလူးမှာ မနက်စာစားနေတာဖြစ်မယ်။ အင်း… အဖေရှိစဥ်ကတော့ တနင်္လာမနက်တိုင်း လာလေ့ရှိတယ်။ စားပြီးရင်တော့ အမှတ်တရအဖြစ် ဘုရားဝင်ပြီးတရားထိုင်ဦးမယ်။ ဟေ့… ညီငယ်လေးရေ အစ်ကို့ဆိုင်ကယ်ကို ထုံးစံအတိုင်း ခဏထားခဲ့မယ် အစ်ကိုဘုရားကို ဝင်ဖူးလိုက်ဦးမယ် မသိမသာကြည့်ထားပေးနော်။ ခင်ဗျာ… အစ်ကိုဘယ် ဘယ်ဘုရားသွားမှာလဲဟုတ်လား။ အင်းအင်း… အစ်ကိုစကားမှားပြောမိတာ ဖြစ်မယ်ထင်ပါတယ် ညီလေးရယ်။

“ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ် ကြင်နာသူအတွက်ဆို မိုးကောင်းကင် ဒူးနဲ့ တိုက်မယ် ဘဝကိုပေး ရင်းချစ်ရဲတယ် သူ့အလိုအတိုင်း အမြဲတမ်း ပြည့်စေမယ် ချစ်သူအတွက် သတ္တိရှိတယ် သူ့အတွက်ပဲ ကိုယ့်ဘဝ ဖြစ်ခဲ့တယ် …” ဟမ်… ဒါက စိုးလွင်လွင်ပါလား။ ခက်တာကဒီလောက် မိုက်ကန်းတဲ့သီချင်းဖွင့်တဲ့ဆိုင် ငါထိုင်လေ့မရှိပါဘူး ဘယ်ဆိုင်လဲငါစဥ်းစားမရဘူး။ သြော်…. ရေနွေးတစ်အိုးအောင် ကုန်ပါပေါ့လား ညီလေးရေ ငါ့ကိုရေနွေးပေးဦးဟ။ ဟေ… ရေနွေးဖိုးဟုတ်လား ဘယ်လောက်လဲ အေးအေး… ရော့တစ်ကျပ်ခွဲ။ အတိတ်ကနေအခုပဲ ပြန်ပြီးရောက်တော့ သတိထားမိတာက ငါရဲရင့်မှာနေ့လည် တစ်ယောက်တည်းထိုင်နေမိတယ်။ အင်း… လူကမူးနောက်နောက်နဲ့ ကျန်ခဲ့တယ် ဘာပဲဖြစ်ဖြစ်ပါ သီချင်းလေးပုဒ်စာလောက် ပစ္စုပ္ပန်ကိုမေ့ခွင့်ရတာနဲ့ကို တစ်ကျပ်ခွဲကတန်ပါတယ်လေ အခုတော့လူကအခန်းကိုပြန်မယ် စိတ်ကတော့အိမ်ရောက်ချင် ရောက်ဦးမယ်ပေါ့။