Culture Night 2009 လှုပ်ရှားမှု့များ အပိုင်း (၃)

ကျောင်းသားများ နားနေခန်းဆိုတာက မျက်စေ့ထဲမြင်အောင်ပြောရရင် အရက်ဘားလိုကောင်တာလေးရှိတယ် ကော်ဖီဖျော်ချင်ရင်လွယ်အောင် ရေနွေးစက်တပ်ထားပေးတယ် ပုဂံဆေးစရာနေရာလည်းရှိတယ် ဒါ့ကြောင့် စန္ဒယားတစ်လုံးသာမရှိရင် စိတ်ထဲ မီးဖိုချောင်ထဲများ ရောက်နေသလား တစ်ခါတစ်လေထင်မိတယ် အကျယ်အဝန်းကလည်း ကြုပ်ထဲကွေပြစ်ပါ အိမ်ကမီးဖိုခန်းအကျယ်လောက်ရှိတာဗျ။ စန္ဒယားငြိမ်းမောင်က အဲလေ စန္ဒယားစိုးမောင် က အခန့်သားစန္ဒယားရှေ့မှာ စွေ့ကနဲ့နေရာယူလိုက်တယ် တပင်တိုင်မင်းသမီးကလည်း ကရန်အသင့်အနေအထား။ တီးလုံးသံလေးစထွက်လာတယ် “မြူးကွတဲ့တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းက တံခူးလေမှာ …… ” ကိုယ့်လူချင်းမို့ မြောက်ပြောတာ ဟုတ်ပါတယ် တစ်ကယ်ကိုကောင်းတာဗျ။ ဒီအသံကြားလို့ ရှေရိုးဝင်ပြီး ဆိုလိုက်မိတာ ကမလို့ဟန်ခင်းနေတဲ့ တပင်တိုင်မမ လန့်ပြီးအကရပ်သွားတယ် အဲဒီတော့မှ ငယ်ငယ်က အမေဆုံးမတာသွားသတိရယ် မင်းအတီးအမှုတ်ဝါသနာပါရင် လေမှုတ်တူရိယာကိုသင်ပါ ဘာလို့ဆိုတော့ မင်းသီချင်းဆိုဖို့ ပါးစပ်မအားဖို့လိုတယ်တဲ့ အဲဒါလေးသတိရလို့ အသာလေးအဆိုရပ်ပြီး ဒေါင့်နားသွားကပ်နေရတယ်။ အောင်အောင်မြင်မြင် တီးလို့ကလို့ပြီးသွားတော့ ကနေ့မှရောက်တဲ့ ဦးရွှေရိုးနဲ့ဒေါ်မိုး လက်ခုပ်တီးပေးရတာပေါ့။ ကတာကတော့ ပြောဖို့မလိုဘူး တီးသွားတာလည်းအတူတူပဲ ကောင်းတယ်ဗျ ကျွန်တော့််ကို ကျောပြီးပေးတီးတော့ သတိထားမိတယ်ဗျာ တော်တော်ပြောင်မြောက်တယ်။

သူတို့တီးနေကနေတုံး ရှေရိုးတို့လည်း ရှာဖွေထားတဲ့ ဆရာတင်ရမယ့် ဦးရွှေရိုးဗွီဒီယိုများကိုကြည့်ပြီး ဘယ်ဟာကို အဓိကနမူနာယူမလဲလို့ တိုင်ပင်ကြတယ် ကျောင်းတက်စားလာတာ နှစ်ပေါင်းမနည်းတဲ့လူနှစ်ယောက် ဖြစ်လေတော့ ကိုးကားရင် မူရင်းကိုကိုးကားမယ်ဆိုတဲ့ အကျင့်ဖြစ်နေတယ်ထင်တယ် ဒါကမကတတ်တဲ့လူတွေကတာ ဒါကဘယ်လိုနဲ့ပယ်ရင်းပယ်ရင်းနဲ့ mrtv3 ကဗွီဒီယိုပဲ ခပ်တည်တည်နဲ့ မဲချလိုက်တယ်။ နှစ်ယောက်လုံး ဘယ်လိုအကတိုက်မှာလည်း အစဆုံးကြည့်တယ် ပြီးသာသွားတယ် ဘယ်နားကစပြီး အကတိုက်ရမှန်းသိဘူး ဒါနဲ့နောက်တစ်ခေါက်ပြန်ဖွင့် မထူးပါဘူးအတူတူပဲ။ ကတဲ့လူတွေကလည်း တစ်ကယ်ကတတ်တယ်ဗျ ဦးရွှေရိုးများ အစအဆုံး ကောက်ကွေးနေအောင်ကတာ ဒေါ်မိုးလည်းစထွက်လာကတည်းက မျက်နှာပေးအမျိုးမျိုးနဲ့ အဆက်မပြတ်ကတော့တာပဲ။ ဦးရွှေရိုးနဲ့ဒေါ်မိုးလက်သစ် နှစ်ယောက်လည်း ဒို့နှစ်ယောက်ဒီလိုမျိုးတော့ ဘယ်လိုမှမကနိုင်လောက်ဘူးလို့ တစ်လေသံတည်း ထွက်လာတယ်။ ဒေါ်မိုးအစမ်းကကြည့်တယ် ရုပ်သေးလက်လို ချိုးကတဲ့ကို နဂိုကတည်းကခက်တယ် အဲဒါကိုအမြန်ဆိုတော့ သူဘယ်လိုလုပ်လုပ် ကလို့လုံးဝမရဘူး။ အိုးစည်ဒိုးပတ်တီးသလို လက်နှစ်ဘက်ဘယ်ညာကတာပဲ ကလို့ရတယ်။ ဦးရွှေရိုးလည်း ကြည့်ရင်းနဲ့ ဇောခွေးပြန်နေပြီ။ ဒေါ်မိုးကလည်း သတိပေးတယ် ဒီလိုကွေးကောက်နေအောင်ကမှ ဦးရွှေရိုးအဆင်ပြေမယ်တဲ့။ သိက္ခာတော့ ဘယ်အကျခံမလဲ ဟာဗျာရပါတယ် စိတ်ချလို့ပြောလိုက်တာပဲ စင်ပေါ်ရောက်မှဘာဖြစ်ဖြစ် မီးစဥ်ကြည့်ကရမှာပဲ။

နောက်မဖြစ်ချေဘူး တစ်ခြားဟာရှာဆိုတော့ ကလေးတွေကတာလေးပဲ ကြည့်ရတော့တယ် သူတို့ကတော့ သီချင်းကိုသရုပ်ဖော်တယ် ကလေးဆိုတော့ကောင်းကောင်း မကနိုင်ဘူး ဒါပေမယ့် အဲဒါလေးလည်းသဘောကျတယ် ဘယ်လောက်ကက သူတို့မှနားမလည်တာ အဲဒါဆိုလည်းမရယ်ရပြန်ဘူး။ ဒါနဲ့အဲဒါမျိုးပဲကိုယ့်ဟာကို အကထည့်ပြီး အရုပ်ဆောင်တာထည့်မယ်ဆိုပြီး အကစတိုက်တယ်။ ဒေါ်မိုးရဲ့ အစွမ်းအစကဒီနေရာမှ ပြလာပါတယ် သရုပ်ဆောင်ပြီပြင်တယ်ခင်ဗျ တပင်တိုင်မင်းသမီးကလည်း သူမလုပ်ရဘူးဆိုပြီး ဘေးကနေမြောက်ပေးတယ် ဒီနေရာမှာ ဦးရွှေရိုးကို ဆောင့်တွန်းလိုက်တာအဆင်ပြေမယ် ဆိုလိုက်တာနဲ့ ဒေါ်မိုးကလက်ရောက်ပြီးသားပဲ နဖူးကိုလက်သီးနဲ့ထု

သည်းခံသာကြည့်ကြပါ

ဒီနေ့မှပဲ youtube မှာတင်ထားတဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးကတာကို ဗွီဒီယိုရိုက်ထားတဲ့ အစ်ကိုတစ်ယောက် ကောင်းမှု့နဲ့ရလာပါတယ်။ ကင်မရာအခြေအနေကြောင့် တော်တော်လေးမှောင်နေပါတယ် နောက်ဆုံးကနေဆွဲရိုက်ထားသလိုလည်း ဖြစ်နေလို့ပါ။ ဆီမီးခွက်ယိမ်းကတော့ မီးရောင်ပဲမြင်ရလို့ ယိမ်းသမများ အင်္ကျီအလှမပေါ်လို့ မကျေမနပ်ဖြစ်နေကြပါသဗျား။

Culture Night 2009 လှုပ်ရှားမှု့များ အပိုင်း (၂)

ဇာတ်ဆရာဝင်းနောင်က ဖောင်ပိတ်လိုက်ပြီလို့ ကြေငြာပြီးနောက်နေ့ အကတိုက်ကြမယ်တဲ့ ဂျူရောင်းအရှေ့ဆိုတဲ့ အရပ်ကိုလာကြမယ်တဲ့။ ကျွန်တော်ကတော့ ကံဆိုးချင်တော့ နောက်ဆုံးနှစ်စာမေးပွဲကို နောက်ဆုံးဘာသာမှာ နောက်ဆုံးနေ့ သောကြာနေ့ နောက်ဆုံးအချိန်မ ှဖြေရသဗျာ ဒါနဲ့သူတို့အကတိုက်မယ့်နေ့ မသွားနိုင်ပါဘူး။ စနေကျပြန်တော့လည်း ကြီးကြပ်တဲ့ဆရာက ရာဇသံပေးထားတယ် ငါတနင်္ဂနွေခရီးထွက်မယ် တစ်လကြာမယ် မင်းစာအုပ်ကိုစနေအပြီး ငါ့ကိုအကြမ်းပေးတဲ့။ အဲဒါတွေလုပ်နေတာနဲ့ စနေအထိ မောင်ရှေရိုးက အကမတိုက်နိုင်သေးဘူး။ အတန်းထဲက မမကြီးတွေကလည်း တွန်းတယ်ခင်ဗျာ နင်ကအခုထက်ထိ အကမတိုက်သေးဘူးလားနဲ့ တွေ့တိုင်းပြောနေတယ်။ ရှေရိုးက ကသာမကတတ်တာ မပူပန်ပေါင်ဗျာ။

စနေနေ့ကလည်း ညနေပိုင်းဆရာနဲ့ ကိစ္စဝိစ္စပြီးတော့ ဆီမီးခွက်အကများတိုက်နေတယ်ဆိုလို့ သွားကြည့်လိုက်သေးတယ်။ အဲဒီ့နေ့က ပထမဆုံးအကတိုက်တဲ့ နေ့လိုဖြစ်နေလို့ သွားအားပေးတာ ရောက်သွားတာနောက်ကျတော့ သူတို့ကကနှင့်နေပြီဗျ။ အားရစရာပဲဗျ တစ်ကယ်ကိုအင်တိုက်အားတိုက် အာလူးကြော်တွေ အအေးတွေနဲ့ အကတိုက်နေတာပဲ။ ခပ်တည်တည်နဲ့ ကိုယ်လည်းအကမတိုက်ပဲ ဝင်ပြီးတော့ အာလူးကြော်စားခဲ့သေးတယ်။ ဆီမီးခွက်အကအတွက် သီချင်းဆိုပြီး ဇာတ်ဆရာနဲ့ ကိုစောကတော့ အားရပါးရကွန်ပျူတာ တစ်လုံးနဲ့ youtube မှာရှာနေတယ်ခင်ဗျာ။ နောက်တစ်ယောက်ကတော့ အိုင်ဖုန်းတစ်လုံးနဲ့ ဓါတ်ပုံလည်ရိုက်နေတယ် ဟိုဘက်လေကန် သည်ဘက်ဆရာလုပ်နဲ့ သူ့ဟာသူတော့ ဟုတ်နေတာပဲလေ။ ပြီးတော့ Facebook ပေါ်တင်လို့ဆိုပြီး ယိမ်းသမများကလည်း မေတ္တာပို့ကြပါတယ်။

ဆီမီးခွက်တဲ့အဖွဲ့က အင်မတန်စည်းလုံးကြတယ် သွားကြည့်တိုင်း မငြင်းတဲ့အခါကိုမတွေ့ဘူးဗျာ။ တွေ့တာတော့ ညည်းကမှားနေပြီအေ့ ငါမမှားဘူး နင်မှားတာ လက်ကိုမမှောက်နဲ့ ဟိုဘက်လက်က ချိုးထားလေ မီးလောင်မယ်နော်နဲ့ အော်ဟစ်နေကြတာပဲ။ မီးမထွန်းတဲ့ ဆီမီးခွက် အဲလေ ဒန်ခွက်သေးသေးလေးတွေနဲ့ အားရပါးရကကြတယ်ဗျ။ သီချင်းလည်းရှာလို့ရလာတယ်။ သီချင်းကတော့ ရခိုင်သီချင်း ဒါပေမယ့် ရှေးဟန်နဲ့ ခေတ်သီချင်းနဲ့ပေါင်းထားတာ အဲဒါနဲ့ဆီမီးခွက်အက တယ်ကောင်းတာပဲ။ သီချင်းကိုတော့ အင်မတန် သဘောကျတယ်။ ပွဲနေ့မှစကားစပ်မိတာက ကျွန်တော့််ဘော်တာ ကိုမျိုးအောင် အမျိုးသမီးက ရခိုင်ဘက်က သူပြောပြတော့မှ အဆိုတော်က သူ့သူငယ်ချင်းတဲ့။ ဒီလိုနဲ့ပဲ မညီအညာယိမ်းတွေ စတိုက်ကြတာပေါ့။ ကျွန်တော့််အဖေပြောတဲ့ စကားကိုသတိရတယ် ခြေအတူတူလက်အတူတူ မြောက်လိုက်ရင်ယိမ်းဖြစ်သတဲ့။ နောက်တော့ တစ်ဖြည်းဖြည်းညီညီညာညာ ဖြစ်လာပါတယ် အဲဒီတော့ ယိမ်းလို့ခေါ်လို့ရလာသပေါ့ဗျာ။ သို့ပေမယ့်လည်း ဒန်ခွက်တွေတော့ ကျတဲ့အခါပြုတ်ကနေဆဲပါပဲ။ ဇာတ်ဆရာကတော့ အဲဒါမြင်ပြီး မျက်ခုံးလှုပ်လှပြီ စင်ပေါ်မှပြဿနာတက်ရင် ဒုက္ခလေ။ ယိမ်းလူမစုံရင် ဇာတ်ဆရာလည်း အစားဝင်ကရပါတယ် အဲဒီ့အချိန် လေဒီဝင်းနောင်ပေါ့ဗျာ။ ဒီလိုနဲ့ ဆီမီးခွက်ယိမ်း စနေဂနွေ နှစ်ရက်လွန်မြောက်သွားတယ်။

ဦးရွှေရိုးနဲ့ ဒေါ်မိုးကတော့ အားတဲ့အချိန်ညှိတာ လက်လွန်သွားလို့ တနင်္လာရောက်တာပဲ။ တနင်္လာမှအကမတိုက်ရင်လည်း ဒေါ်မိုးလည်း နားမခံနိုင်လောက်တော့ဘူး သူ့အခန်းဖော် မမကြီးက အကတိုက်တော့ အကတိုက်တော့နဲ့ အတင်းတွန်းနေပြီလေ။ မကခင်တစ်ရက်မှာ ကျွန်တော်လည်း ရှေရိုးကတာရှာတာပဲ အင်တာနက်မှာ ဦးဂူဂဲကိုနည်းမျိုးစုံနဲ့ မေးတာပဲ ဒါပေမယ့် သိပ်ကောင်းတာ မတွေ့ပြန်ဘူး။ mrtv3 ကနေ ဦးရွှေရိုးနဲ့ဒေါ်မိုးကတာ တွေ့တယ်။ Resolution မကောင်းပေမယ့် အကကတော့ တော်တော်ကောင်းတယ်။ ဒါနဲ့အဲဒါလေးကို နမူနာဆိုပြီး တနင်္ဂနွေကတည်းကတည်းက သတ်မှတ်ထားလိုက်တယ်။ Canteen B ဆိုတဲ့အရပ်ကနေ ဦးရွှေရိုးနဲ့ ဒေါ်မိုး တနင်္လာနေ့ ၄ နာရီလောက်မှ
ာ SCI ကိုချီတက်လာတာပေါ့။ ကျောင်းရောက်မှ ဘွဲ့လွန်ကျောင်းသားများ နားနေခန်းက သော့ခတ်ထားသဗျာ ရှေရိုးလည်း ဘယ်ရမလဲ ကျောင်းသားကဒ်နဲ့ ကပ်လိုက်လည်း တီလို့ကိုအသံမမြည်ရှာဘူး။

ဒါနဲ့ဖွင့်မယ့်လူလိုက်ရှာရတာပေါ့ ကံကောင်းချင်တော့ စာသင်ခန်းတံခါးတစ်ခုကို လက်ကိုင်လှည့်လိုက်တာ အထဲကနေအမျိုးသမီး တစ်ယောက်ထွက်လာတယ် ပရော့ခရစ်ကူးကို လာရှာတာမဟုတ်လားတဲ့။ တစ်ကယ်ကတော့ မဟုတ်ပါဘူး ရမ်းလှည့်လိုက်တယ် သူရှိမှန်းဘယ်သိမလဲ ဘယ်ရမလဲ ဟုတ်တယ်လို့ ရောချလိုက်တာပဲ။ ပရောဖက်ဆာကို တံခါးလိုက်ဖွင့်ခိုင်းတော့ မင်းကဒ်ကိုကပ်လိုက်စမ်းတဲ့ မရဘူးဆိုတာမရဘူး အတင်းခိုင်းနေတယ်။ နောက်တော့ သူ့ဟာသူပဲဖွင့်ပေးလိုက်ရတယ်။ မင်းကဒ်ပျက်နေတယ်ထင်တယ်တဲ့ ငါ့အတွင်းရေးမှူးဆီမှာ တိုင်ကြားချက်ဖွင့်ပါတဲ့။ ဟုတ်သေးပါဘူး ကဒ်ကအကောင်းရှိတာ ကျိုးသွားမှပဲ ပျက်နိုင်တာ ဘယ်နှယ့်ဖြစ်သလဲမသိ။ သို့ပေမယ့်လည်း အထဲဝင်လို့ရသွားရင် ပြီးတာပဲမဟုတ်လား။ အထဲရောက်မှ မကြာပါဘူး တပင်တိုင်မင်းသမီးရောက်လာတယ် စောစောက မုန့်သွားစားနေတာတဲ့ သူလည်းအကတိုက်နေတယ်ဆိုပဲ။

(ဆက်ရန်)