Archive for January, 2010

29
Jan 10

Planning to Migrate Encoding

ဒီရက်ပိုင်းမှ ဘလော့ကို ဟိုပြောင်းဒီပြောင်း လုပ်တာစမ်းရင် သတိထားလိုက်မိတာက ဘလော့ဆိုက်က အတော်ကြီးသွားပြီ စာတွေရေးတာ ရှည်တာလည်းပါမယ်ထင်တယ် Export လုပ်လိုက်တာ 3 MB လောက်ရှိလာတယ်။ ဒါတောင် တစ်နှစ်လောက်ပဲ ရှိပါသေးတယ် နောက်ဆိုဒီထက်ပဲ များလာဖို့ရှိတယ်။ မနေ့ကလည်း Facebook မှာငြင်းခုန်နေကြတာ မြင်နေလို့သတိရတာလည်း ပါလာပါတယ်။ လက်ရှိ Zawgyi ကနေ Standard Encoding ကိုပြောင်းမယ်ဆိုရင် Converter တွေရှိတယ်ဆိုပေမယ့် Zawgyi ကစာရိုက်တဲ့ Sequence ကိုရိုက်ချင်သလို ရိုက်လို့ရအောင် ခွင့်ပြုထားတဲ့အတွက် အထိုက်အလျောက်တော့ ဆုံးရှုံးမှု့ရှိပါတယ် ဒါတောင်ကျွန်တော် စာရိုက်တဲ့ Sequence က အတတ်နိုင်ဆုံးမှန်နေတဲ့အတွက် နည်းနည်းလောက်ပဲဆုံးရှုံးပေမယ့် မူရင်းလိုတော့ပြန်မရနိုင်တော့ပါဘူး။ မူရင်းဆိုတဲ့နေရာမှာ Contents ကိုဆိုလိုပါတယ်။ လက်နဲ့လိုက်ပြင်မလားဆိုတော့ နည်းတုန်းကတော့ ဖြစ်နိုင်ပါတယ် အခုတော့ကျွန်တော်လည်း ဒီလောက်စာအများကြီးမှာ မပြင်နိုင်တော့ပါဘူး။ ရှေ့ဆက်ပြီး ဘယ်လို Encoding နဲ့ကျွန်တော့်ရဲ့ Data တွေကို ထိမ်းသိမ်းမယ်ဆိုတာကို ကျွန်တော်စဥ်းစားရပါတယ် ဒီတော့ရည်ရှည်အတွက် Standard Encoding နဲ့ပဲသိမ်းဖို့ ကျွန်တော်ဆုံးဖြတ်ပါတယ်။

ဘလော့ဖြစ်နေတော့ ကျွန်တော်ရေးလို့ ကျွန်တော်ပိုင်ပေမယ့် ဘလော့လာဖတ်သူ အများနဲ့လည်း သက်ဆိုင်နေပါတယ် ကျွန်တော် Standard Encoding သုံးလို့လာတဲ့လူကို အဲဒါသုံးပြီးဖတ်လို့ တွန်းအားပေးလိုစိတ် လုံးဝမရှိပါ။ On-the-fly Converter အစကတည်းက ရေးပြီးသားရှိနေတာပါပဲ အဲဒါကိုကျွန်တော်ယူသုံးလို့ရတာပါပဲ။ အစကတော့ Format နှစ်မျိုးထားပြီးတော့ နှစ်ခုလုပ်ထားဖို့ ရည်ရွယ်ပါသေးတယ် နှစ်ခုရှိလည်းကျွန်တော် နှစ်ခုမတင်ဖြစ်တာများပါတယ်။ On-the-fly Converter ယူသုံးလိုက်တာက ကိစ္စအရှင်းဆုံးဖြစ်မယ်ထင်ပါတယ် ကွန်ပျူတာမှာအမြဲသုံးတဲ့ စကားတစ်ခုက What You See Is What You Get ဒီတော့ကျွန်တော် ဘယ်လိုသိမ်းသိမ်း လာဖတ်တဲ့လူ မြန်မာလိုဖတ်လို့ရရင် ပြီးတာပါပဲ။ Zawgyi နဲ့လား Standard နဲ့ညီတဲ့ Font နဲ့လားက အရေးမကြီးပါဘူး အရေးကြီးတာက ဖတ်တဲ့လူက မြန်မာလိုဖတ်လို့ ရဖို့ပဲအရေးကြီးတာပါ။ တစ်ခုပဲရှိမယ် Comment ရေးကြတဲ့ကိစ္စတွေတော့ လာလည်တဲ့လူက ရေးတာဆိုတော့ သူတို့မှာရှိတဲ့ Input နဲ့ပဲရေးကြမှာပါပဲ ဒါတော့ကျွန်တော် ကိုယ်တိုင်ပြန်ပြင်ရတော့မှာပေါ့ ကျွန်တော့်ဘလော့က မဟုတ်လည်း Comment နည်းတာပဲဟာ တပင်တစ်ပန်းလုပ်ရမယ့် အလုပ်မှမဟုတ်တာပဲ။ ကိစ္စမရှိဘူး ဘာနဲ့သုံးသုံးရေးထားခဲ့ပါ နောက်မှကျွန်တော် Encoding ပြန်ပြောင်းဖို့လိုရင် ပြန်ပြောင်းမှာပေါ့။ Blogger ကတော့ Comment ကိုပြင်ခွင့်မပေးဘူး ဒီတော့ပြင်ချင်ရင် ကျွန်တော် WordPress ပြန်ပြောင်းသုံးမှာပေါ့ ဒါဆိုရင် မြန်မာပြည်က လူတွေလည်း မကျော်မခွရပဲ Comment ရေးလို့ရသွားတာပေါ့။

ဘာလို့ပြောင်းသလဲမေးရင် ပြောင်းချင်လို့ပြောင်းတာပါ ဘလော့စရေးကတည်းက သုံးဖို့ရည်ရွယ်ခဲ့ပါတယ် ဒါပေမယ့်အကြောင်း အမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့သေးတာပါ။ နောက်ပြီးတော့ အမှားတွေများရင် Data တွေပိုများလာရင် အပြောင်းအလဲဆုံးရှုံးမှု့က ပိုများမှာကိုစိုးရိမ်ပါတယ် နှစ်ဘက်ထိမ်းသိမ်းရတာလည်း မလုပ်ချင်တော့တာနဲ့ ပြောင်းဖို့ပြင်ဆင်တာပါ။ ဘယ်တော့လောက် အပြီးသတ်ပြောင်းမယ်တော့ မပြောတတ်သေးပါဘူး ရှေ့လထဲမှာတော့ ပြောင်းဖြစ်မယ်ထင်ပါတယ် အလုပ်အခြေအနေအပေါ်လည်း မူတည်ပါတယ်။ နမူနာအစမ်းပြောင်းထားတာကတော့ http://unicalmhill.blogspot.com/ လာနေကျဘော်တာများလည်း စမ်းပြီးဝင်ဖတ်ပေးပြီး ဖတ်လို့ရမရတစ်ချက် ပြန်ပြောပေးပါလား။ December အစလောက်ကတည်းက ပြောင်းဖို့လုပ်နေတာ မအားတာနဲ့ အခုမှသာဆက်လုပ်နိုင်တာပါ။ ဖတ်လို့မရဘူးဖြစ်နေရင်တော့ Browser အမျိုးအစားတွေ တစ်ချက်ပြန်ပြောပေးခဲ့ပါဦး။ ကျွန်တော်လည်း နောက်တစ်မျိုးစမ်းရတာပေါ့ ရေးပြီးသားရှာသုံးလို့မရရင်တော့ ကျွန်တော်အပျင်းကြီးလို့ မရတော့ဘူးလေ ကိုယ်တိုင်ပဲစမ်းလုပ်ရတော့မှာပေါ့။ အစမ်းလုပ်ကြည့်လို့မှ လူတော်တော်များများ ဖတ်မရဘူးဆိုရင်တော့လည်း အဆင်ပြေအောင် တစ်ခုတော့စဥ်းစားရုံပေါ့။

28
Jan 10

Ukemi ဘာလဲသိသလောက်

Ukemi ဆိုတာဘယ်လိုဟာလဲမေးတော့ ဂျပန်လိုတော့ရှင်းမပြတတ်ဘူးဗျ အဲဒီ့အသုံးအနှုံးတွေက ရှေးကတည်းသုံးတဲ့ စကားလုံးတွေဆိုတော့ အခုခေတ်မသုံးသလောက် ဖြစ်သွားတာလည်းဖြစ်မှာပေါ့ ခက်တာကကျွန်တော်လည်း ဂျပန်လိုကမတတ်ဘူး။ နေ့စဥ်သုံးစကားလည်း မဟုတ်ဘူးလေ အဲဒီ့ဟာတွေက Technical Term တွေဖြစ်နေတယ်မဟုတ်လား တိုက်ရိုက်ဘာသာပြန်ရင်တော့ နည်းနည်းတော့လွဲမယ်ထင်တယ်။ Judo နဲ့ Aikido မှာဆိုရင် Tori ကလေ့ကျင့်တဲ့လူ Uke ကတော့ကူပေးတဲ့လူပေါ့။ Ukemi ဆိုတာက Judo နဲ့ Aikido မှာတော့ ကိုင်ပေါက်လိုက်တာ လှင့်ပစ်လိုက်တာများတော့ ကျတဲ့နည်းစနစ်တွေကို Ukemi ခေါ်ပါတယ် ဘာမှမသင်ခင် အဲဒါတွေအရင်သင်ရပါတယ်။ ကစားတဲ့နေရာမှာ Uke ကအရေးကြီးပါတယ် Tori ကစားသလိုအလိုက်သင့် နေပေးနိုင်ရပါတယ် အဲဒီလို Uke ကို Ukemi ကောင်းတယ်လို့ခေါ်ပါတယ်။ အဲဒါဆိုဇာတ်တိုက်ထားသလို ဖြစ်နေသလားဆိုတော့ အဲဒီလိုလည်းမဟုတ်ပါဘူး သာမန်လေ့ကျင့်တာဖြစ်လို့ Tori ကလည်းအားမထည့်ထားပါဘူး ဒါကြောင့် ဇာတ်တိုက်ထားသလို ကနေတယ်ထင်ရတာပါ တစ်ကယ်က ဇာတ်တိုက်ထားတာ မဟုတ်ပါဘူး လေ့ကျင့်နေကျဖြစ်နေလို့ Uke လုပ်ပေးတဲ့လူက Tori လှုပ်ရှားပုံကိုကြည့်ပြီး ဘာလုပ်မယ်ဆိုတာ သိနေလို့အလိုက်သင့် ဖြစ်နေတာပါ။ တောင့်နေရင် ဘာဖြစ်မလဲဆိုတော့ လက်အဆစ်တွေ ကျိုးသွားပါလိမ့်မယ်။ နမူနာကိုအောက်က Youtube ကိုသာကြည့်လိုက်ပါတော့။ သူတို့လည်း Ukemi တော်တော်ကိုကောင်းပါတယ်။

တစ်ကယ်က Ukemi ဆိုတာက ရှေးကတော့ ကျနည်းစနစ်ဆိုတာထက်ပိုပါတယ် Uke တစ်ယောက်အနေနဲ့ Tori လေ့ကျင့်တာကို ကူညီပေးတဲ့နေရာမှာ အန္တရာယ်မရှိအောင် နေတဲ့နည်းစနစ်တွေပါ။ Judo နဲ့ Aikido ဆိုတာက ရှေးဟောင်း အတတ်ပညာတွေမဟုတ်တော့ အန္တရာယ်မရှိတော့ ကျတဲ့နည်းစနစ်အဖြစ်သာ ယူဆလိုက်တာပါ။ တစ်ကယ်က Aikido ဆိုတာက Takeda မိသားစု Shogun ဖြစ်ခဲ့စဥ်က နန်းတွင်းထဲမှာ လုပ်ကြံမှု့တွေကို ခုခံတဲ့နည်းစနစ်တွေကို စုစည်းထားတဲ့ အတတ်ပညာကို ခေတ်နဲ့ညီအောင်ပြုပြင်ထားတာပါ။ မူရင်းအတတ်ပညာက Daito Ryu Aiki Jujitsu လို့ခေါ်ပါတယ်။ Judo ဆိုလည်းအတူတူပဲ Jujitsu အတတ်ပညာမျိုးကွဲတွေ အများကြီးအပေါ်အခြေခံပြီးတော့ အားကစားအဖြစ် ပြုပြင်ထားခဲ့တာပါ။ Jujitsu ဆိုတာတွေက ကိုယ့်ကိုကိုယ်ကာကွယ်တဲ့ အတတ်ပညာဖြစ်တော့ တိုက်ခိုက်လာသူကို ကျိုးကန်းသွားစေတဲ့ နည်းစနစ်တွေများပါတယ် တစ်ချို့ဆိုရင်သေသွားစေနိုင်ပါတယ်။ အန္တရာယ်ဘယ်လိုရှိသလဲ အောက်က Youtube လေးတွေကို နည်းနည်းလောက်သာ ကြည့်လိုက်တာနဲ့ ရှင်းပြစရာ မလိုတော့ပါဘူး အဲဒါတွေက Aikido မဟုတ်ပါဘူး Daito Ryu က Aiki Jujitsu တွေပါ။ အဲဒီမှာ Uke တွေလို Ukemi ကောင်းဖို့ကတော့ အင်မတန်ခက်ပါတယ်။

27
Jan 10

Training with Ikuhiro Kubota Shihan

Ikuhiro Kubota Shihan အကြောင်းကို ကြားဖူးနေတာကြာပါပြီ 7 Dan ဆရာဆိုတာ တစ်ကမာ္ဘလုံးမှာ လက်ချိုးရေလို့ပါတယ်။ သဘောကောင်းတယ် 7 Dan Shihan ဆိုပေမယ့်ကလေးတန်းတွေ သင်ရတာအင်မတန်စိတ်ရှည်တယ် ကိုယ်တိုင်လည်း Ukemi လုပ်ပြပြီးစိတ်ရှည်လက်ရှည် သင်ပေးတတ်တယ်။ မနှစ်ကတော့ Kubota Shihan ပါမလာဘူး Mutsuko Minegishi Shihan ပဲရောက်လာတယ် Minegishi Shihan ဆိုတာက အမျိုးသမီးတွေထဲမှာ 7 Dan အဆင့်ရှိတာ သူတစ်ယောက်ပဲရှိတယ်။ Minegishi က စင်ကာပူကဆရာနဲ့ တစ်ဆရာတည်းထွက်လို့ ပြောလို့ရသလို သူငယ်ချင်းတွေလည်း ဖြစ်နေတော့ ဆရာကအမြဲပဲ ဒုက္ခပေးပြီး စင်ကာပူကိုခေါ်လေ့ရှိတယ်။ မနှစ်ကတော့ စာမေးပွဲနဲ့တိုက်နေလို့ မသွားနိုင်လိုက်ဘူး။

သင်တန်းလည်း ပျက်နေတာကြာပေါ့ တစ်ခါတစ်လေ Aikido ဆိုတာတောင် မေ့တေ့တေ့ဖြစ်နေတာ။ ဖုန်းနံပါတ်ပြောင်းထားတာ ဆရာကိုမပို့ဖြစ်ဘူး ဖြစ်ချင်တော့ Facebook ကနေဆရာက Event နဲ့လှမ်းဖိတ်တယ် ဖေဖော်ဝါရီလထဲမှာ Kubota Shihan နဲ့ Minegishi Shihan တို့လာပြီးတော့ Seminar လုပ်မယ် လာမယ်ဆိုစာရင်းပေးဆိုမှ ဆရာကိုဖုန်းဆက်ပြီး နံပါတ်ပြောင်းသွားကြောင်း အကြောင်းကြားလိုက်ရတယ် စနေနေ့လာကစားပါ့မယ်ဆိုတော့ ဒီနေ့လာကိုလာရမယ် Kubota Shihan ဒီည Dojo မှာသင်တန်းပေးမယ် မလာရင်မင်းဘယ်တော့မှ Dojo ကိုမလာနဲ့လို့ ရာဇသံပေးတော့ ညပိုင်းသင်တန်းကို အပြေးအလှားသွားလိုက်ရတယ်။ သင်တန်းကိုရောက်တော့ ဖေဖော်ဝါရီဆိုပြီးတော့ ဘယ်နှယုံစောရောက်နေသလဲလို့ ဆရာကိုမေးတော့ အဲဒါက Kubota Shihan ကအခု တောင်အာဖရိက အိုက်ကိကိုင်းကိုသွားတာ ပြန်လာမှ Minegishi Shihan ကလိုက်လာမှာ ဒါက Kubota Shihan စင်ကာပူမှာ Transit လုပ်တဲ့အချိန် သင်တန်းခေါ်ပြီး ဒုက္ခပေးတာလေ နှစ်ခါဖြစ်တော့ဘာဖြစ်သလဲတဲ့။ သူ့လေယာဥ်က ဘယ်အချိန် ပြန်ထွက်မှာလဲမေးတော့ အဘိုးကြီးမနက် ၄ နာရီကတည်းက လေယာဥ်စီးလာတာ စင်ကာပူကို ၅ နာရီရောက် သင်တန်းမှာ ၉ နာရီခွဲအထိကစား မနက် ၁ နာရီလေယာဥ်ပြန်စီး တောင်အာဖရိကရောက်ရင် ၂ နာရီလောက်နားပြီး သင်တန်း ၂ ချိန်ကစားမယ်တဲ့။ ဆရာလုပ်ပုံများ အားမနာတမ်း ခေါ်လာတယ်။ ဆရာရယ် ဖြစ်ပါ့မလားဆိုတော့ ရပါတယ်ဟ ငါသူ့အကြောင်းသိပါတယ်တဲ့။

ပြေးနေတာကြာပြီဆိုတော့ မြက်ဖျာပေါ်မှာ ဟိုပြေးဒီပြေးပေါ့ လေ့ကျင့်ခန်း လုပ်ချင်ယောင်နေတာ သွေးပူလေ့ကျင့်ခန်းကနေကို မတက်နိုင်တော့ဘူး စဥ်းစားကြည့်တယ် Fly Fall မပြောနဲ့ Roll တောင်ရရဲ့လား သံသယဖြစ်လာတယ် စမ်းလည်းမထိုးရဲဘူးရယ်။ Shihan ကြီးလည်း အဝတ်လဲပြီး အခန်းထဲရောက်လာရော စောရောက်နေတဲ့ သင်တန်းသားများက အပြင်ထွက်ကုန်တယ်ဗျာ ကိုယ့်တစ်ယောက်တည်း မအူမလည်နဲ့ သွေးပူလေ့ကျင့်ခန်းနဲ့ ကျန်နေခဲ့ရော။ မကြာပါဘူး Shihan ကြီးကလာဦးဆိုခေါ်ပါရော ဆရာကလည်း ခိုင်းတော့မယ်ဆိုတာသိလို့ သူသင်တန်းပျက်နေတာ လအတော်ကြာပြီ သို့ပေမယ့် ဒီကောင် Ukemi အင်မတန်ကောင်းတယ်လို့ ထန်းပင်တက်လက်မှတ်ပါ ပြောပြီးတော့ အခွန်နဲ့မတယ်ခင်ဗျာ။ Shihan ကြီးကလည်း ကိုယ့်ကြည့်ပြီး ပူမနေပါနဲ့ အနက်ဖြစ်နေမှတော့ သင်တန်းပျက်တာလောက်နဲ့ မကျိုးပါဘူးဗျာ စိတ်ချဆိုပြီး သင်တန်းမစခင် သင်ရမယ့်ဟာတွေ သူ့ဟာသူစဥ်စားရင်းကိုယ့်နဲ့ ကစားလိုက်တာ စောစောမလုပ်ရဲတဲ့ Fly Fall တွေလည်းဘယ်က ထွက်လာမှန်းမသိဘူး အဲလိုမှမဟုတ်လည်း ကျိုးတော့မှာကိုးဗျ။ ကိုယ်ကသာ ဖတ်ဖတ်မောနေတာ သူကဖြင့် သင်တန်းပြီးအထိ ဆက်တိုက်တောင် ဘာမှဖြစ်ဘူးဗျာ အသက် ရဝ ဆိုတာဘယ်လိုယုံရမှန်းမသိဘူး။ ပြန်ခာနီးနှုတ်ဆက်သွားတယ် Ukemi အားကြီးကောင်းတယ် ဖေဖော်ဝါရီထဲကျ မင်းနဲ့ငါနဲ့ထပ်တွေ့တာပေါ့ သင်တန်းမစခင် စောစောလာနော် ဒါမှစမ်းစရာရှိတာစမ်းရမှာတဲ့ စိတ်ထဲကတော့ ပြောလိုက်မိပါတယ် (မြတ်စွာဘုရား)။

26
Jan 10

သူ့နေရာနဲ့သူပေါ့

တွေ့နေတာကကြာပါပြီ ဘော်တာတစ်ယောက် Facebook မှာလာတင်မှ Comment များရေးထားတာ မြင်မိလို့ ပြန်သတိရလို့ရေးထားရတယ်။ ပုံကတော့အပေါ်မှာ ပြထားတဲ့အတိုင်းပါပဲ ကာတွန်းဆရာအားကြီးတော်တယ် မြင်သာထင်သာရှိအောင် ဆွဲတတ်တယ်ပြောပါတယ်။ တချို့လည်း ထောက်ခံကြတယ် ဒါမျိုးပြောသင့်ရေးသင့်တယ်တဲ့ ဒါမှမြင်မကောင်းရှု့မကောင်း မဝတ်ကြမှာပြောကြတယ်။ အချို့ကလည်းပြောတယ်ပေါ့လေ ကာတွန်းဆရာလူ့အခွင့်အရေး နားမလည်ဘူးတဲ့။ ကျုပ်ကတော့ ကြားနေရေးသမားပဲလေ မိန်းကလေးတွေလည်း သူများအတိုဝတ်ရင် သူတို့လည်းအတိုဝတ်ချင်မှာပေါ့ ဝတ်ချင်ရင်ဝတ်ကြပါစေလား အတော်တုံးတဲ့လူတွေ အရင်တုံးကမယ်ဗမာဆိုတာ ဘောင်းဘီတိုနဲ့ပြိုင်တာ မသိကြဘူးထင်တယ်။ ကာတွန်းဆရာလည်း သူမြင်တာသူဆွဲတာပဲလေ အဲဒါလည်းသူ့အခွင့်အရေးပဲမဟုတ်လား သူ့ပုံမှာကဘယ်သူလို့ နာမည်တပ်ထားတာမှမဟုတ်ပဲဟာ။ ကြည့်လိုက်တော့ Comment မှာငြင်းခုန်နေတာက ယောက်ျားတွေဗျာ မိန်းကလေးတစ်ယောက်မှ မပါဘူးရယ် တစ်ခုခုတော့လွဲမှားနေတာ အမှန်ပဲ ပြီးတော့သူတို့ဖြင့် မကြည့်ပဲနေကြမည့်လူတွေလည်း မဟုတ်ကြပါဘူး။

ကျွန်တော်ကတော့ အဝတ်အစားနဲ့ ပတ်သက်ရင် ပစိပစပ်များရင် သိပ်စိတ်မရှည်လှဘူး။ ဗမာပြည်ကထွက်လာကာစက လေဆိပ်ရောက်တော့ သူငယ်ချင်းတစ်ယောက်လာကြိုတယ် သူနဲ့အတူနောက်ထပ် သူငယ်ချင်းတစ်ယောက်ပါလာတယ်။ အဲဒီ့သူငယ်ချင်းက အဝတ်အစားသိပ်ဇီဇာကြောင်တယ် လူကိုကြည့်ပြီးတော့ ဟောဗျာ ဘောင်းဘီကဒေါက်မပါတာ မဝတ်ခဲ့ဘူးလား ဒီမှာဒေါက်နဲ့ဘယ်သူမှမဝတ်ဘူး ရှပ်အင်္ကျီကပွနေတယ် ဒီမှာအကြပ်ပဲဝတ်ကြတယ် ဆံပင်ကြီးက အရှည်ကြီးကို အလယ်မကျ ဘေးမကျနဲ့ခွဲထားတယ် အတိုညှပ်ပြီးထောင်လိုက်ပါနဲ့ တစ်လမ်းလုံးပြောလိုက်လာတယ်။ ကြာတော့စိတ်မရှည်ဘူး ကျုပ်ဝတ်ထားတာ စုတ်စုတ်ပြတ်ပြတ် မြင်မကောင်းတာများ ဝတ်ထားသလား ဒီလိုပုံနဲ့စာသင်ခန်းထဲ ဝင်လို့မရဘူးလား ဒီပုံနဲ့ဆိုရင် အခြားသူများကကျုပ်ကို အဖက်လုပ်ပြီးစကားမပြောကြဘူးလားလို့ ရွဲ့မေးတော့မှရပ်သွားတယ်။ လူကပိန်တော့ ဘောင်းဘီဒေါက်မပါရင် သွားကြားထိုးတံကို ဘောင်းဘီဝတ်ထားသလို စိတ်ထဲထင်မိလို့ဝတ်လေ့မရှိဘူး။ အင်္ကျီအကြပ်ဝတ်တဲ့ အလေ့အကျင့် ငယ်ကတည်းကမရှိဘူး။ ဆံပင်တိုရင်မနေတတ်ဘူး အနည်းဆုံးဆံပင်ဟာ ဂုတ်ကိုထောက်နေမှ အနေတော်လောက်ထင်မိတယ်။ ဘယ်သူတွေ ဘယ်လိုဝတ်ဝတ် ပြောင်းလဲဖို့မစဥ်းစားဘူး။ ဘယ်လိုဝတ်သွားသွား ခင်တဲ့လူကခင်ကြတာပဲ အဲလိုမှမဟုတ်လည်း အဝတ်အစားကြောင့် စကားမပြောချင်ဘူးဆိုလည်း သိပ်အရေးစိုက်မနေပါဘူးလေ။

ကျွန်တော့်အတန်းဖော် အစ်မတွေလည်း သူများနည်းတူပေါ့ တရုတ်မလေးတွေ အားကျလို့ထင်ပါတယ် တစ်ခါတစ်လေ ဘောင်းဘီတို စကပ်အတိုပေါ့။ တစ်ရက်က တိုက်တိုက်ဆိုင်ဆိုင် စာအုပ်တွေနဲ့ ကားဂိတ်နားမှာခလုတ်တိုက်ပြီး စာအုပ်တွေအကုန်ပြုတ်ကျရော ဘေးကလူလိုက်ကြည့်နဲ့ မျက်စိပျက်မျက်နှာပျက်နဲ့ဖြစ်နေရော ကိုယ့်ကလည်း ကားဂိတ်မှာရှိနေတော့ သူငယ်ချင်းအချင်းချင်း ဘာများဖြစ်သလဲပေါ့ဘာတုံးလို့ မေးတော့လည်းမပြောဘူး။ ကျွန်တော်နောက်က ရောက်လာတဲ့အစ်မတွေက ပြာပြာသလဲနဲ့ စာအုပ်ကိုကောက်ပေးတယ်။ ပြီးတော့မှ အစ်မတွေကကိုယ့်ကို အပြစ်တင်ရော နင်ရှိနေတာဘာလို့ စာအုပ်တွေကောက်မပေးသလဲတဲ့။ ဒါနဲ့မဟုတ်သေးပါဘူး သူ့ပုံကစာအုပ်ကျတာကို ဒီလောက်မျက်စိမျက်နှာပျက်နေတာ ကျွန်တော်လည်း စာအုပ်အရေးမစိုက်ပဲ ဘာများဖြစ်လဲလို့မေးသားပဲလို့ပြောတော့။ နင်နဲ့တော့ခက်တယ် စကပ်အတိုနဲ့ သူကစာအုပ်ကို ကုန်းကောက်လို့လည်းမရဘူး ထိုင်ပြီးတော့ကောက်လို့လည်း မရဘူးတဲ့။ ဒါမျိုးကျတော့ ကိုယ့်ဒုက္ခကိုယ်ရှာသလိုပဲလေ။

သူ့နေရာနဲ့သူပေါ့လေ ကိုယ်ဟာကိုယ်ဝတ်ချင်ရာ ဝတ်လို့ရပါတယ် အဝတ်အစားက ကိုယ့်ကိုချုပ်နှောင်ထားသလို ဖြစ်နေရင်တော့ အဆင်မပြေဘူးပေါ့။ ဒီမှာကဘောင်းဘီတို စကပ်အတိုနဲ့က ပြဿနာမရှိပါဘူး အသွားအလာက အဆင်ပြေနေပါတယ် ဒီမှာကမိန်းကလေး Formal ဝတ်စုံက စကပ်အတိုပဲမဟုတ်လား သို့ပေမယ့်စာအုပ် ကောက်မရလောက်အောင်တော့ မတိုဘူးပေါ့လေ။ ရထားလည်း တိုးဝှေ့မနေရသလို ကားလည်းထိုနည်းတူပဲ ဗမာပြည်မှာလို ဒိုင်နာပေါ် ပြေးတက်ရတာမှ မဟုတ်တာ။ ဘောင်းဘီတိုနဲ့ မက်ဒေါ်နယ်ကထိုင်ခုံမှာ ထိုင်ပြီးအစားအသောက် စားနေတာကဘာမှမဖြစ်ပါဘူး အဲအဲ ပုံထဲကလိုမျိုး လမ်းဘေးမှာခွေးခြေခုံအပုနဲ့ ငုတ်တုတ်ထိုင်ပြီး မုန့်ဟင်းခါးစားရင်တော့ ကာတွန်းပုံလိုမျိုးဖြစ်နေမှာပေါ့။ ကျွန်တော့်လို ဂွတီးဂွကျလူမဟုတ်ရင် အများဝတ်လည်း ကိုယ်လည်းဝတ်ချင်မှာပါပဲ ဒါပေမယ့်အမြဲတမ်းတော့ ဘယ်ဖြစ်ပါ့မလဲ ကိုယ်အဝတ်အစားနဲ့ ကိုယ်လုပ်မယ့်အလုပ်သွားမယ့်နေရာ ကိုက်မကိုက်တော့ စဥ်းစားရဦးမယ်ပေါ့။

25
Jan 10

Beyond PageRank and Third Generation IR

ဂူဂဲတည်ထောင်ခဲ့တာ ၁၉၉၆ ဆိုတော့အခုအချိန်ဆို ၁၄ နှစ်ကြာခဲ့ပြီပေါ့။ ဘာများထူးခြားလာသလဲ လူအကြောင်းကို သူတို့ပိုနားလည်တယ် ဘယ်လိုဆိုရင် လူမြင်လို့ပိုကောင်းမလဲ သူတို့ပိုနားလည်တယ် အလကားပေးပေမယ့် အားမနာတမ်းကြော်ငြာမထည့်ဘူး စာသားကြော်ငြာထည့်ပေမယ့် အခြားလူတွေလို မျက်စေ့နောက်လောက်တဲ့ ပုံတွေနဲ့ကြော်ငြာများ မထည့်တာတစ်ခုနဲ့ပဲ သူ့ကိုသုံးလာခဲ့တာပဲ။ ပထမမျိုးဆက် Altavista ကို ဒုတိယမျိုးဆက် Yahoo ကျော်တက်လိုက်တယ် ဒုတိယမျိုးဆက်ပဲဆိုပေမယ့် Google က Rank နည်းပညာအသာနဲ့ Yahoo ကိုကျော်တက်ပြန်တယ်။ တတိယမျိုးဆက်တွေ လက်ထက်ဆိုရင်တော့ သူတို့လည်း ဂူဂဲကိုကျာ်တက်ကောင်းတက်မှာပဲပေါ့။

မူရင်းအသုံးပြုနေတဲ့ Page Rank တွက်ပုံကို အများကထောက်ခံသူ များမှသာ Rank မြင့်တယ်ဆိုတဲ့ ပေါ်လစီကိုယူသုံးခဲ့တယ် မြင့်တဲ့လူကညှန်းရင်ပိုမြင့်တယ်ဆိုတာလည်း ပါလာခဲ့ပြန်တယ်။ သမရိုးကျ Page တစ်ခုလုံးမှာပါတဲ့ စကားလုံးတွေ အဆင့်အတန်းတူတယ်ဆိုတာကို ပယ်ဖျက်ပြီး နေရာအလိုက် အရေးပါမှု့ကိုသတ်မှတ်ခဲ့တယ်။ ဒါတွေဟာ မှတ်သားလောက်အောင် အထင်ကြီးလောက်တဲ့ အကြောင်းအရာတွေပါ။ ၁၉၉၆ နှစ်များကလုပ်ခဲ့တဲ့အရာတွေ အခုတော့ဘာတွေထပ်တိုးသလဲဆို ဘာမှထပ်မတိုးလာဘူး။ သူ့မှာစီးပွားဖြစ်လာတာနဲ့အမျ ကြီးမားတဲ့ Computing Power ကိုပိုင်ဆိုင်လာတယ် ဒီတော့ ပိုကောင်းတဲ့နည်းပညာအစား Computing Power ကိုအသုံးချလိုက်တယ် Stem လုပ်တာဟာ မူရင်းထက်တန်ဖိုးကျတယ်ဆိုတာ လက်ခံပါတယ် ဒါပေမယ့် Stem ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာထက် Stem မလုပ်ပဲအကုန်ကောက်ထည့်လိုက်တာကို ကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလား မစဥ်းစားတတ်အောင်ပဲ။ ဒီလိုနည်းလမ်းတွေကိုပဲ အသုံးပြုတာများလာသလိုမြင်လာမိတယ်။ သို့ပေမယ့်လုပ်နိုင်တဲ့ Computing Power ပိုင်ဆိုင်နေတော့ လုပ်သမျဖြစ်လာတယ် ဒါပေမယ့်အထင်ကြီးလောက်တဲ့ နည်းလမ်းတစ်ခုလို့ မမြင်မိတာအမှန်ပဲ။

အရာအားလုံးအတွက် မသက်ဆိုင်တဲ့ လိုအပ်ချက်တွေဖြစ်လာတယ် သမရိုးကျမဟုတ်ပဲ လိုအပ်တာတွေရှိလာတယ် နမူနာအဖြစ်ဗမာလိုစမ်းသပ်လိုက်တယ် “ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း” ကို ဂူဂဲမှာရှာလိုက်တယ် ထွက်လာတဲ့အဖြေစာရင်းကို အစဥ်အတိုင်းအောက်မှာပြထားတယ်။ ( မှတ်ချက်။ ။ တစ်ရက်နှင့်တစ်ရက် အဖြေထွက်ပုံမတူနိုင်သလို အစဥ်အတိုင်းလည်း မတူနိုင်ပါ )

(၁) blog.nweyoe.net
(၂) blog.calmhill.info
(၃) nay-lin.blogspot.com
(၄) khinoomay77.blogspot.com
(၅) arrmanthit.blogspot.com

နွယ်ရိုးဘလော့က ဆိုရှယ်ရော၊ နည်းပညာရော၊ ရှမ်းနဲ့ပါတ်သက်တဲ့ ဗဟုသုတရော တင်လေ့ရှိတော့ ပရိတ်သတ် သုံးဘက်ရှိသလိုဖြစ်မယ် ဒါ့ကြောင့် ညှန်တဲ့လူများနိုင်သလို ညှန်တဲ့လူများကလည်း Page Rank မြင့်တဲ့ဝဘ်ဆိုက်လည်း ပါဝင်နိုင်ပါတယ်။ ကျွန်တော့််ဆိုက်ကတော့ ညှန်တဲ့လူနည်းနည်းပဲရှိပါတယ် ဒါပေမယ့် Page Rank မြင့်တဲ့ ဖိုရမ်လိုနေရာတွေကနေ ညှန်နေတယ် နောက်ပြီးတော့ ရှာတဲ့စာသားက Anchor အရ အခြားဝဘ်ဆိုက်တွေမှာထက် မြင့်နေတော့ ဒုတိယလိုက်တာ သဘာဝကျပါတယ်။ ကိုနေလင်းဘလော့ကတော့ သိပ်မခင်တော့သွားကြည့်ရတယ် သူကလည်း ဗဟုသုတရစရာနဲ့ ဆိုရှယ်အတွက် ရေးတဲ့လူဆိုတော့ ပရိတ်သတ် နှစ်ဘက်နဲ့ ဆိုတော့ ညှန်တာခံရတာများပုံရပါတယ်။ အဘွားခင်ဦးမေရဲ့ ဝဘ်ဆိုက်တော့ စတုတ္ထနေရာမှာပြေးနေပါတယ် ဒီနေရာမှာစဥ်းစားမယ်ဆိုရင် အဘွားဘလော့ကို ညှန်တဲ့လူက အပေါ်သုံးခုထက် အဆမတန် များတယ်ဆိုတာ ဘယ်လိုမှငြင်းစရာမရှိဘူး ဒါပေမယ့်အဘွားပရိတ်သတ်က ဆိုရှယ်ပရိတ်သတ်ပဲများတယ် ဒီတော့ညှန်တဲ့လူတွေကလည်း ဆိုရှယ်ဝဘ်ဆိုက်တွေပဲ။ ဆိုရှယ်ဝဘ်ဆိုက်တွေမှာ Page Rank မြင့်နိုင်တဲ့ဆိုက်က ရှားပါတယ် အဘွားဆိုက်လိုဟာပဲ ရှားရှားပါးပါးရှိတယ် ဒီတော့ Page Rank နိမ့်တဲ့နေရာတွေကနေ ညှန်မယ်ဆိုရင် Page Rank သိပ်မမြင့်နိုင်အောင် လုပ်ထားတဲ့ ညီမျခြင်းကဒီနေရာမှာ အများဆုံးအလုပ်လုပ်သွားတယ်။ ကိုသီဟလည်း ဆိုရှယ်သမားဝဘ်ဆိုက်ပဲ လူအညှန်များတယ် ဒါပေမယ့်အဘွားထက်တော့ လူနည်းတော့ အဘွားဘလော့ထက်တော့ Page Rank နိမ့်နေတာ သဘာဝကျပါတယ်။ အပေါ်ကပုံအရဆို အဘွားနဲ့ ကိုသီဟဘလော့တွေက E နဲ့တူပြီး နွယ်ရိုးနဲ့ ကိုနေလင်းဘလော့တွေက B နဲ့တူတယ် ကျွန်တော့််ဘလော့က C နဲ့တူနေပါတယ်။

ဒီလောက်ဆိုလုံလောက်ပြီလားဆိုတော့ အရင်ကဆိုရင်တော့ ဒါတွေဟာအားရစရာအဖြေတွေပေါ့။ အခုအခြေအနေမှာတော့ အားမရတော့ဘူး Rank က Graph ရဲ့ In or Out Degree နဲ့ပဲတွက်ချက်နေတယ် Network တစ်ခုလို့မစဥ်းစားပဲ အစကဘယ်မှာလဲ အဆုံးကဘယ်မှာလဲ တွက်ချက်ထားတာမဟုတ်ဘူး ပြောမယ်ဆိုရင် Flow မရှိဘူး။ ဘယ်သူကဘယ်သူ့ကိုညှန်သလဲ အဆင့်ဆင့်သွားနေတဲ့ Network တစ်ခုဖြစ်မလာဘူး Degree တစ်ခုထဲအပေါ် အခြေခဲတဲ့ Directed Graph တစ်ခုထက်ပိုမလာဘူး။ Google Scholar မှာတော့ တတ်နိုင်သလောက် Cited ကနေအဆင့်ဆင့် သွားကြည့်လိုဖြစ်နိုင်တယ် သို့သော်လည်း အခုခေတ်မှာ Scholar တစ်ခုပဲ Network တစ်ခုအဖြစ်စဥ်းစားတာ ကုန်သွားပြီ ဘလော့တွေလည်း အဆင့်ဆင့် Cited လုပ်လာပြီဒါပေမယ့် ရှာပေးနိုင်မယ့် Search Engine မထွက်လာသေးဘူး။ အဖြေတွေကို Text တွေ ပုံတွေနဲ့ ဖော်ပြရုံနဲ့တော့ မလုံလောက်တဲ့ခေတ်ကိုရောက်ပြီ Scholar မှာ Cited ကိုထူးထူးခြားခြားသုံးတဲ့လူ တစ်ကမာ္ဘလုံးနဲ့စာရင် လက်တစ်ဆုတ်စာပဲရှိမယ်။ Scholar ဆိုတာက အစကတည်းက သုံးတာနည်းပါသေးတယ် လူတိုင်းသုံးတဲ့ Google Search မှာ Feedback ဖြစ်တဲ့ Similar ကိုမြင်နေပါလျက်နဲ့ ဘယ်သူသုံးသလဲ လက်ချိုးရေကြည့်ရမယ်ထင်တယ်။

WolframAlpha လိုမျိုး Meta Search Engine မျိုးကအဖြေတွေဟာ Search Engine စကားနဲ့ဆိုရင် Recall နည်းပါတယ် သို့ပေမယ့် Precision အင်မတန်မြင့်တယ်ဆိုတာ ဘယ်သူမှငြင်းလို့မရဘူး ဂူဂဲဘယ်လောက်ကောင်းကောင်း သူ့အဖြေကိုတော့မမှီနိုင်တာအမှန်ပဲ။ TouchGraph လိုမျိုးအဖြေထုတ်ပေးတဲ့ Search Engine မျိုးအခုထိမတွေ့သေးဘူး တစ်ခါတော့ Google Lab မှာစမ်းနေတဲ့ Image Graph ကိုတွေ့မိတယ် သုံးဖြစ်တဲ့အခြေအနေမဟုတ်ဘူး TouchGraph လို Visualize လုပ်ထားတဲ့ Search Engine ရှိလာနိုင်ရင်ကောင်းမယ် လူတိုင်းနားလည်လွယ်မယ်။ Dirctory Search ဆိုတာက လူကိုယ်တိုင် Index လုပ်ထားတဲ့ Search Engine လူအင်အားဆိုတော့ သိပ်တော့အဖြေမများဘူး သို့သော်လည်းတိကျတယ် ဒါတွေက သိတဲ့လူတောင်အင်မတန်နည်းသွားသလို သုံးတဲ့လူတောင် မရှိတော့သလောက်ပဲ။ Data Mining တွေအများကြီးတိုးတက်နေပြီပဲ လက်နဲ့မခွဲနိုင်တောင် စက်နဲ့တော့ခွဲပေးနိုင်ပါတယ်။ WebClust.com လို Clusty.com လိုမျိုးခွဲပေးနိုင်တာလည်း ကောင်းနေတာပဲ သူတို့မှာကိုယ်ပိုင် Search Result တွေမပိုင်ဆိုင်တော့ ထွက်လာတဲ့ အဖြေတွေကလည်း သိပ်မကောင်းတာပါနိုင်တယ် ဒါပေမယ်ထွက်လာတဲ့အဖြေကို ရှာဖတ်ရတာအဆင်ပြေကြောင်း လူတိုင်းနားလည်တယ်။

လူတွေရဲ့လိုအပ်ချက်က မတူညီပဲကွဲပြားလာတယ် တတိယမျိုးဆက် Search Engine တွေကတော့ သက်ဆိုင်ရာနယ်ပယ်အလိုက် သီးသန့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်းထွက်လာမှာဆိုတော့ အရာအားလုံးကို အရင်လိုလက်ဝါးကြီးအုပ်လို့ မဖြစ်နိုင်တော့ပါဘူး။ ဒုတိယမျိုးဆက် ဂူဂဲအနေနဲ့ တတိယမျိုးဆက်ကိုပြောင်းချင်ရင်တောင် ကွဲပြားတဲ့လိုအပ်ချက်အတိုင်းအတွက် သူလိုက်မလုပ်နိုင်တော့ဘူး လက်ရှိအပေါ်မှာပဲ ဘယ်လိုထပ်ဆင့်မလဲစဥ်းစားရမှာ ဖြစ်နေတဲ့အတွက် ထူးခြားတဲ့အပြောင်းအလဲတော့ ပြောင်းလဲချင်တောင် မဖြစ်နိုင်တော့ပါဘူး။ အခြားအရာတွေကို သူလှမ်းမိုးချင်ရင်တောင် အသေးအမှားလေးတွေပဲ သူလုပ်လို့ရနိုင်တော့မယ် WolframAlpha လိုအဖြေမျိုးတွေရှာလို့ရအောင် သူလုပ်နိုင်ဖို့ လမ်းမမြင်တော့ပါဘူး။ ဒီလိုနဲ့ပဲ သက်ဆိုင်ရာလိုအပ်ချက်အလိုက် ရှာပေးနိုင်မယ့် ဖတ်ရလွယ်အောင်ဖော်ပြပေးနိုင်မယ့် Search Engine လေးတွေထွက်လာနေဦးမှာပါပဲ။

23
Jan 10

မလျော့သောဇွဲ (၁) (၂)

တက္ကသိုလ်တက်လာတာ ၃ နှစ်ကျော် ၄ နှစ်မြောက်တဲ့နှစ်ပေါ့ အတန်းကတော့ ဂုဏ်ထူးတန်းရောက်ခဲ့ပြီ ခုနှစ်အရပြောရရင် ၂၀၀၄ ခုနှစ်။ ကုန်လွန်သွားတဲ့ ဘွဲ့ဲကြိုကျောင်းသားဘဝတွေကို ပြန်တွေးရင်း သူငယ်ချင်းတစ်စု ကဗျာစာအုပ်များထုတ်ကြတာပေါ့။ ကျွန်တော့််အထဲမှာ လက်ခံစာအုပ်တွေ တစ်အုပ်မှမရှိတော့ပါဘူး အကုန်လုံးအိမ်မှာထားခဲ့ပါတယ်။ မှတ်မှတ်ရရတစ်ချို့ ကဗျာတွေကို အယ်ဒီတာဆီကနေ ပြန်ပြီးတောင်းထားရတယ် ဘလော့မှာတင်ဦးမယ်ဆိုတော့ အယ်ဒီတာလည်း ဝင်းအင်းဝခေတ်က စာတွေကို ဇော်ဂျီနဲ့ရိုက်ပြီးပြန်ပို့ပေးပါတယ်။ အမည်မသိခတ်စာဆို ရေးထားတဲ့ မလျောသောဇွဲကို အမှတ်တရပြန်တင်ထားလိုက်တယ် အမည်မသိခေတ်စာဆိုကြီး ကျွန်တော့််ကိုဒီအချိန်မြင်ရင်တော့ ကဗျာတွေမှာ နောက်ထပ်နှစ်ပိုဒ်သုံးပိုဒ်လောက် ထပ်ပြီးထည့်စပ်ရမယ်ထင်ပါတယ်။ ဒီလိုပါပဲ အရိုးသီချင်းလိုဆိုရင် “အချိန်တွေကုန်တာ မြန်လွန်းတယ် ဆယ်စုနှစ်တစ်ခုဟာ မကြာလိုက်သလိုပဲ….. နောက်ကြောင်းပြန်ရင်း စပ်ဖြီးဖြီးနဲ့ အတိတ်ကိုတွေးရင် ရုပ်ရှင်ကြည့်ရသလိုပဲ …..”

မလျော့သောဇွဲ(၁)

တက္ကသိုလ်ဆို တို့ကျောင်းကိုဖြင့်
တက်ခွင့်တဖန် ကြုံခဲ့ပြန်တော့
မောင်တို့တတွေ အကြံကြီးတယ်
ပညာကိုဖြင့် အမှန်မတတ်လျင် နေလိမ့်မည်
ကြင်ယာကိုတဲ့ ဧကံရရပေခြိမ့်
ဖြူနီဝါပန်းခင်းနှယ်ဖြင့်
မဒီတွေပေါလှတာကြောင့်
ရွေးရင်းပင် တစ်နှစ်ခန်းတယ်
ဒီမောင်မှာလွမ်း။
ဒုတိယတဖန် တစ်နှစ်ဆန်းမှာဖြင့်
ပစ်မှတ်ကယ် အမှန်ရွေးမိသော်လည်း
ခင်ပျိုရယ် ငြင်းရက်တာကြောင့်
ပစ်မှတ်ကိုတဖန် ထပ်မံလို့ပြောင်း။
တတိယဆို နောက်ဆုံးနှစ်မှာဖြင့်
မိမိကအမှန်ချိန်ပြန်လျင်လည်း
တပါးသူထံ ပါလေအမြဲမို့
ထိုအဆိုမှန်ကောင်းရဲ့ဟု
သူတပါးကိုချိန်ရန် စေခိုင်းပြန်တော့
ထိုသူနှင့်ညား။
လွတ်တဲ့ငါးကိုဖြင့်လည်း မကြီးချင်တော့ပါပြီ
လိုတာကိုဖြင့် အမှန်မရနိုင်ပြန်လျင်
ရတာကိုသာ တဖန်ချိန်ပါတော့မည်ဟု
သက်တမ်းကို ထပ်လောင်းတိုးရန်ဖြင့်
ကျောင်းအပ်ရန်အားတင်း။

အမည်မသိခေတ်စာဆို

မလျော့သောဇွဲ(၂)

ပထမဆိုနှစ်ကာလမှာလ
ပျိုမေတွေပြောကြပါတဲ့
မလိုချင်လို့နေကြဦးမည်
ခေါင်းခေါက်လို့ရွေးရင်ပင်မဆုံး။
ဒုတိယတဖန် နှစ်တွေမှာဆန်းပြန်တော့
မယ်တို့တတွေ တစ်မျိုးကြံတယ်
အမှန်တကယ်ဆိုရင်ပြောပါဟု
ယခုဆိုချက်ခြင်းဖြင့် မရနိုင်ပေါင်
မူရဦးမည်မောင်ဟုပြော။
ထိုနည်းဖြင့်တဖန် အခြေမဟန်သူများမှဖြင့်
တတိယကိုတဲ့ အမှန်ထပ်မံလို့ကူး
လျော့စျေးဆိုတဲ့အသံ ဧကံပင်ကြားပြန်တော့
ကိုကိုတွေပြေးကာပုန်းရတယ်
လိုက်လို့ပင်ရှာကြဦး။
အပျိုဟိုင်းဆို သက်တမ်းတိုးတို့မှာဖြင့်
ယခုနှစ်တဖန် မြင်ရပြန်တော့
ရှေ့ရေးကိုအမှန်မျော်တွေးကာ
ကြားယောင်ပါဘိစိတ်ထဲ
ခင်တို့ကတဖန်ပြန်၍ပင်လျောက်လှာတင်မည်
လျောက်လှာဆို ထိုစာရွက်ကိုဖြင့်
ဟိုမောင်တို့က ရောင်းဖို့ပင်အားတင်း။

အမည်မသိခေတ်စာဆို

21
Jan 10

ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း

ဗမာစာမှာလည်း စာရေးတဲ့နေရာမှာ Standard သတ်မှတ်ထားတာတွေ ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမယ့် မလိုက်နာတာ များပါတယ် စာလုံးတွေရေးတဲ့အခါ ဆွဲရမယ့်လမ်းကြောင်းနဲ့ ရေးရမယ့်အချက်ရေ သတ်မှတ်ထားတာ ရှိပါတယ်။ ဗမာစာလုံးတွေက နာရီလက်တံလည်တဲ့အတိုင်းပဲ ရေးကြတာပါ။ “က” ဆိုရင်နှစ်ချက်ရေးတယ် “ခ” ဆိုရင်တစ်ချက်တည်း အပြီးရေးတယ် ဒါမျိုးတွေလည်း သတ်မှတ်ထားတာ ရှိတာပါပဲ။ ရှေးကရှိမရှိတော့ မပြောတတ်ဘူး ဒါပေမယ့် ဘယ်လိုရေးရမယ်ဆိုတာက သတ်မှတ်ထားပါတယ် မယ့်ရင်သူငယ်တန်း ဖတ်စာအုပ်ပြန်ကြည်ပေါ့။ ဒါပေမယ့် စာအုပ်ထဲလက်နဲ့ရေးတော့ ကြီးလာတာနဲ့တစ်ပြိုင်တည်း ရေးချင်သလိုရေးတာပါ နာရီလက်တံ ပြောင်းပြန်လည်း ရေးလိုက်တာပဲ “ည” ရေးတာကို “သ” ကိုအရင်ရေးပြီး နောက်ဆုံးမှ အောက်ကနေခြေထောက် တပ်လိုက်တာလည်း “ည” ဖြစ်သွားတာပဲမဟုတ်လား။ Standard အတိုင်းအကုန်ရေးတဲ့ လူဆိုတာက ၁၀ဝ မှာ ၁ ယောက်မရှိအောင်ကို ရှားပါတယ် နောက်ပြီးတော့ လက်နဲ့စာရေးတာမှာ အဲဒါတွေကအသေးစိတ် လိုက်နာစရာမှမလိုတာကိုး ဘယ်လိုရေးရေး နောက်ဆုံးဖတ်လို့ရဖို့ အရေးကြီးတယ်မဟုတ်လား။
ကွန်ပျူတာမှာ ဗမာလိုစပြီးတော့ ရိုက်လို့ရတဲ့ခေတ်များမှာပေါ့ အရင်ကတော့ ဗမာလိုလိုချင်ရင် လက်နှိပ်စက်နဲ့ပဲ ရိုက်ရတာပေါ့။ ဗမာစာအတွက် ASCII Font များထွက်လာပါတယ်။ ရှေ၊ ဝင်း၊ အကယ်ဒမီ၊ စီအီး စသည်ဖြင့်ပေါ့ အဲဒီ့ဖောင့်တွေနဲ့ ဗမာလိုရိုက်လို့ရိုက်လို့ ရလာပါတယ်။ ဘာမှကန့်သတ်ချက်မပါတော့ လက်နှိပ်စက်ရိုက်သလို ရိုက်တဲ့အလုပ်နဲ့ ဗမာစာကိုရိုက်လို့ရပါတယ် ဗမာစာလုံးသတ်မှတ်ချက် မရှိသေးတော့ ပုံပေါ်ဖို့ကိစ္စက အရေးကြီးတာပါပဲ ကျန်တာကပြဿနာမရှိပါဘူး။ “ဈ” ဆိုရင်လည်း “စ” + “-ျ” = “စျ” ဆိုပြီးရေးလိုက်တယ်။ “၎င်း” ဆိုရင် Alt နဲ့တွဲနှိပ်ရမှာ ပျင်းရင် “၄” + “င်း” = “၄င်း” ဖြစ်ကရောပဲ သိပ်မလှတာကလွဲရင် ဖတ်လို့တော့ဖြစ်သပေါ့။ “ဪ” ဆိုတာကလည်း တစ်ကယ်တော့ တစ်လုံးတည်းရယ် လက်နှိပ်စက်လိုပဲ သဝေထိုးကနေ စပြီးရိုက်ထည့်လိုက်ရတယ်။ နောက်ပြီးတော့ ဝလုံးနဲ့ သုညခွဲမထားဘူး ဝိုင်းရင်ပြီးရော လက်နှိပ်စက်လို တစ်ခုပဲရှိတယ်။ ဒါပေမယ့် ဘာမှသိပ်ပြဿနာမတက်သေးဘူး ဖတ်လို့ဖြစ်ရင် အလုပ်တွင်သေးတယ် မဟုတ်လည်း ပြီးတော့စာရွက်ထုတ် ဖတ်တာပဲလေ ကွန်ပျူတာကဖိုင်နဲ့ တစ်ခါတည်းအလုပ်လုပ်တဲ့ ခေတ်မှမဟုတ်တာပဲ Find နဲ့ရှာလည်း မတွေ့မှာမပူရဘူး။
တစ်ကမာ္ဘလုံးကစာတွေ ကွန်ပျူတာမှာ သိမ်းလို့ရရမယ်ဆိုတော့ ဒို့ဗမာစာလည်း ပါသွားသပေါ့။ အဲဒီတော့မှ ပြဿနာများက စလာပါတယ်။ ရိုက်ချင်သလိုရိုက်ရင် ရှာချင်သလိုရှာလို့ မရတော့ဘူးပေါ့။ ဒါကထားလိုက်ပါတော့ လူတိုင်းကို ဒီအကြောင်းတွေသိအောင်ပြောရတာ လွယ်တဲ့ကိစ္စမဟုတ်လှပါဘူး။ အရင်ကတည်းက တွေ့နေတာကြာပါပြီ မပါတ်သက်လို့မပြောဖြစ်ဘူး ရေးချင်သလိုရေးရာကနေ မြင်ရပြီးရောရိုက်တဲ့ အကျင့်များကိုနမူနာပြရရင် “ဟ” ကိုကြံကြံဖန်ဖန် “ပ” + “-ာ” = “ပာ” နဲ့ရေးကြတဲ့လူတွေလည်း ရှိပါတယ် ဘယ်လိုများစဥ်းစားသလဲ နားမလည်နိုင်အောင်ပဲ။ ကိုရဲမြတ်သူကဝင်ပြောတယ် အဲဒါဘာဟုတ်သေးသလဲတဲ့ “၏” ကို “ဧ” + “။” + “ -်” = “ဧ။်” ဖြစ်အောင်တောင် ရေးကြတာမြင်ဖူးတယ်ဆိုပဲ။ ဟိုးအရင်ကလူတွေ ဗမာစာရိုက်နေကျဖြစ်နေလို့ အရင်ကအမှားတွေ ရိုက်နေတယ်ဆိုရင် ဒါကလက်ခံနိုင်ပါသေးတယ်။ ကျွန်တော်ဆိုရင် ဝလုံးနဲ့ သုညကိုတူတူ ရိုက်တာအကျင့်ပါနေလို့ သတိထားပြီးပြင်ထားရတာပါ။
ပြဿနာက ကွန်ပျူတာသုံးတတ်ရုံနဲ့ ကွန်ပျူတာနဲ့ပါတ်သက်တာ နားလည်အောင်ရှင်းပြလို့ ရမယ်လို့မထင်နဲ့ အင်မတန်ရှင်းရခက်တယ်။ ကွန်ပျူတာအသုံးပြုသူဆိုလို့ အပြောခံရလို့ စိတ်ဆိုးကောင်းဆိုကြဦးမယ် တစ်ကယ်ဆိုရင် အတန်းအစား အမျိုးမျိုးရှိတယ် သုံးတတ်တဲ့လူ၊ ဘယ်လိုအလုပ်လုပ်တယ်သိတဲ့လူ၊ ဘယ်လိုဖန်တီးထားသလဲသေသေချာချာသိတဲ့လူ၊ ကိုယ်တိုင်အစိတ်အပိုင်အချို့ဖန်တီးနိုင်သူ စသည်ဖြင့်ခွဲခြားမယ်ဆိုရင် အများကြီးရှိနိုင်ပါတယ်။ ကွန်ပျူတာ တက္ကသိုလ် ပထမနှစ်ကျောင်းသားကို character “1″ နဲ့ numeric “1″ ဟာမတူဘူးဆိုတာ သဘောပေါက်အောင် အာပေါက်အောင်ရှင်းပြရတာ ကိုယ်တွေ့လုပ်ခဲ့တဲ့အရာတွေ။ ပထမနှစ်ကျောင်းသားဆိုတာက ဘယ်လိုအလုပ်လုပ်တယ်တော့ သိပြီးသားလူတွေပါ ဘယ်လိုဖန်တီးထားတယ်ဆိုတာကို တစ်ချို့လည်းဝိုးတစ်ဝါးဖြစ်မယ် တစ်ချို့လည်းသိကောင်းသိမယ်ပေါ့ ဒီအခြေအနေကလူကို ရှင်းပြရတာတောင်မလွယ်လှပါဘူး။ “ဈ” ဆိုရင်လည်း “စ” + “-ျ” = “စျ” ဆိုပြီးမရေးပါနဲ့ “ဈ” လို့တစ်လုံးပဲ ခလုတ်ကိုမှန်မှန် နှိပ်ပါလို့လူတိုင်းကို နားလည်အောင် လိုက်နာအောင် ပြောဖို့ကလွယ်တဲ့ ကိစ္စတော့မဟုတ်လှဘူး။
သာမန်လူပြိန်းနားလည်ဖို့နဲ့ စည်းကမ်းလိုက်နာချင်ပြီး ရေးချင်သလိုရေးမလုပ်ဖို့က အကျိုးအပြစ်နဲ့ ယှဥ်ပြောမှပဲလိုက်နာချင်စိတ်ရှိမှာပဲ ဘယ်က Standard ကဖြင့်ဘယ်လို ပြောလို့ကတော့ နွားပလာတာကွေးသလိုပဲ ဖြစ်နေမှာပဲပေါ့။ ဥပမာပြောရရင် “ပ” + “-ာ” = “ပာ” လို့ကိုယ့်တစ်ယောက်တည်း မှားရေးနေရင် ကိုယ်ရေးတဲ့စာကို အမှန်ရေးတဲ့လူ သူများတွေရှာဖတ်လို့ခက်တယ် မယ့်ရင်တော့ “ပာင်း” နဲ့ “ဟင်း” လို့တစ်မျိုးစီ ရှာကြည့်ထွက်တဲ့အဖြေမတူဘူး အမှန်ရေးတဲ့အဖြေတွေအများကြီးထွက်ပြီး အမှားနဲ့ဆိုရင် လိုချင်တာမတွေ့နိုင်ဘူး စသည်ဖြင့်ပြောရင်တော့ အဆင်ပြေနိုင်ပါတယ်။ (စမ်းကြည့်ချင်သူများ ဂူဂဲမှာရှာကြည့်ပါ ပစောက်ရေးချာနှင့် ပထမရေးထားသော စာလုံးဖြင့်ရှာပါက အဖြေ ၁၀ဝ ခန့်ထွက်ပြီး ဟ နှင့်ရေးသော ဒုတိယစကားလုံးနှင့် ရှာပါက အဖြေ ၄၀၀၀ဝ ခန့်ထွက်သည်) ဒီတော့လူအများသိအောင်က အများလက်ခံအောင်ပြောနိုင်တဲ့ မီဒီယာတစ်ခုလိုသပေါ့။ ဘလော့ပေါ်ရေးလည်း မီဒီယာပဲလို့များ မမျော်လင့်ပါနဲ့ ကိုယ်ကအမှန်ပြောတိုင်း လက်ခံမယ်လို့မျော်လင့်လို့မရပါဘူး လူ့စိတ်ဆိုတာကခက်တယ်။ မှန်သားပဲဆိုပြီး လက်ခံတဲ့လူလည်းရှိသလို မှန်နေမှန်းတော့သိတယ် ဒီကောင်ကဘာကောင်မို့ ငါကလက်ခံရမှာလည်းဆိုတဲ့ လူတန်းစားများလည်း အများကြီးပါပဲလေ။ ကိုသာသာစကားနဲ့ ပြောရရင်တော့ ပစ္စည်းမဲ့မာနသမား ဆိုတာလည်းရှိသေးတယ် သိသလားဆိုတော့လည်း နားကန်းတစ်လုံးမှမသိဘူး သိတဲ့လူပြောတော့လည်း မင်းကဘယ်လောက်သိလို့ ဆရာလုပ်သလဲ ငါဘကြီးကမင်းထက်သိတယ်ဆိုတဲ့ လူတန်းစားများလည်း အများကြီးရှိသေးသကိုး။ Standard ဆိုတာကို နားလည်တဲ့လူအချင်းချင်း ပြောနေကြတာထက် လူပြိန်းနားလည်အောင် လိုက်နာချင်အောင် ပြောဖို့ကသာပြီးအရေးကြီးသပေါ့ဗျာ အထူးအဖြင့်ကျုပ်လို အပြောအဆိုအရေးအသား အထူးရှောင်ဖို့လိုအပ်သပေါ့။
20
Jan 10

ငါ့ဟာငါလုပ်ပါ့မယ်

ကြုံရဆုံက ကျောင်းသားဘဝမှာ အမြဲတမ်းကြုံရတာက ကျောင်းသားအချင်းချင်း စာမေးကြရတာထုံးစံပဲ။ သိတဲ့လူပြောပြ မသိတဲ့လူနားထောင်ပေါ့။ စာအုပ်ထဲကစာ မေးကြရတာကတော့ ဘယ်ကကျောင်းသားဖြစ်ဖြစ် တွက်မရချက်မရဆိုရင် သိတဲ့လူတွက်ပြ ရှင်းပြတာကတော့ အတူတူပဲ။ ကွန်ပျူတာကျောင်းသားဆိုတော့ သူများကျောင်းသားနဲ့မတူတာက ပရိုဂရမ်းမင်းဘာသာစကားများက တစ်ယောက်တစ်ပေါက်တတ်ကြတယ် လုပ်ရတဲ့အလုပ်များ မတူရင်ဖြင့် ပြဿနာကြုံဖူးပုံချင်းလည်း မတူပြန်ဘူး ဒီတော့တစ်ယောက်ကို တစ်ယောက်လုပ်ဖူးသလားမေးရင် သိတဲ့လူရှိတယ်ဆိုရင် အလုပ်ရှုပ်သက်သာတာပေါ့။
ကိုယ်ကလည်းအရင်လို ဂျူနီယာမဟုတ်တော့ဘူးဆိုတော့ ဆရာကလည်းလက်လှဲတတ်တယ် မင်းသူ့ကိုအခက်အခဲ ရှိတယ်ဆိုရင် ကူညီပေးလိုက်ပါဆိုပြီး အပ်ထားခဲ့တဲ့ ကျောင်းသားဘော်တာ အချင်းချင်းလည်းရှိပြန်ရော။ Analysis လုပ်ရင် အမြဲတမ်း Statistic တွေတွက်ရတာ ဂရပ်တွေဆွဲရတာက ထုံးစံပါပဲ။ တစ်ယောက်က Excel နဲ့ ဂရပ်မဆွဲတတ်ဘူးတဲ့ ငါ့ကိုသိရင်ပြောပါတဲ့ ကွန်ပျူတာဘွဲ့လွန်ကျောင်းသား Excel မသုံးတတ်တာ ထူးဆန်းသလား ကွန်ပျူတာကျောင်းသားပဲ Application သုံးနည်းသင်တန်းလာတက်တာမှ မဟုတ်တာ အသုံးလိုရင် စမ်းသုံးကြည့် သုံးတတ်မှာပေါ့ သူမှမသုံးဖူးတာ မတတ်တာမထူးဆန်းပါဘူး။ ဒါနဲ့ ဂဏန်းလေး ၁ဝ လုံးလောက် ရိုက်ပြီး ဒီလိုဆွဲဆိုပြီး အမြန်လုပ်ပြလိုက်တယ် မင်းဆွဲမရရင် ဆွဲချင်တဲ့ဟာတွေငါ့ကိုပြ ငါကြည့်ပေးမယ်လို့ဆိုတော့ ရပါတယ်ဒီလောက်ဆို ငါစမ်းလုပ်လို့ရပြီဆို ထွက်သွားတယ်။ လှမ်းမြင်နေရတာပဲ သူတော်တော်နဲ့ ဆွဲလို့မရပါဘူး ၂ နာရီလောက် တောင်စမ်းမြောက်စမ်း အကုန်လျောက်စမ်းပြီး ဆွဲလို့ရသွားတာပါပဲ။ နောက်တစ်ခေါက်ရောက်လာပြန်တယ် ငါဆွဲလို့ရသွားပြီတဲ့ ဒါပေမယ့် ကိန်းသိပ်မကွာတဲ့ ဂရပ်တွေကို မြင်သာအောင် လုပ်လို့မရဘူးဖြစ်နေတယ် အဲဒါလည်းသိသလားမေးတယ် ဒါနဲ့ ကိန်းတွေကိုမင်း log ယူလိုက်လေပြောလိုက်တယ် ဘယ်လိုယူရမလဲထပ်မမေးပါဘူး သူ့ဟာသူတစ်ခေါက်ရှာပြန်ဖွေပြန် စမ်းသပ်ပြန်ရော ပြီးတော့သူ့ဟာသူ လုပ်လို့ရသွားတယ် လာပြောပါတယ် နောက်လည်းလာမေးဦးမယ် ကျေးဇူးတင်တယ်တဲ့။ သူ့ကိုကိုယ်ကဖြေရတာက နှစ်ခွန်းသုံးခွန်းပါ သူ့ဟာသူပဲအသေးစိတ်က ရှာဖွေပြီးလုပ်သွားတာပါ။
နောက်တစ်ယောက်လည်း လာမေးပြန်တယ် Jabref ဆိုတဲ့ citation လုပ်ရာမှာသုံးတဲ့ ဆော့ဝဲကိုသုံးလို့မရလို့တဲ့။ ဒါနဲ့မဟုတ်သေးပါဘူး အဲဒါက java နဲ့ရေးထားတာပဲ deployment အင်မတန်လွယ်တာ ဖြစ်နိုင်တာကတော့ မင်းစက်မှာက jvm နည်းနည်း ပြဿနာရှိနေမယ်ထင်တယ် ငါလိုက်ကြည့်ပေးမယ်ဆိုတော့ ရတယ်တဲ့ငါ့ဟာငါကြည့်မယ် ဒီလောက်ဆိုငါသဘောပေါက်တယ် ဆိုပြီးထွက်သွားပြန်ရော။ တကယ်ကကိုယ်လည်း သိနေတာပဲ သူကတစ်ခြား ပရိုဂရမ်ဆိုရင် တစ်ခြားဘာသာစကားတစ်ခုကို အင်မတန်ကွမ်းကျင်ပါတယ် ဒါပေမယ့် Java ကိုလုံးလုံးမသုံးတဲ့လူ။ သူ့ဟာသူကိုယ်ပြောလိုက်တဲ့ စကားကိုအခြေခံပြီး ရှာလိုက်ဖွေလိုက်ပြီး ခဏနေတော့လာပြောတယ် ကျေးဇူးတင်တယ်နော် မင်းပြောတဲ့ပြဿနာပဲ ငါစမ်းပြင်လိုက်တာရသွားပြီတဲ့။
ဒီနေ့မနက်တော့ ဘော်တာတစ်ယောက်ကို ကူရပြန်ပါတယ် သူကလည်းလူအသစ် သုံးရမယ့်စမ်းရမယ့် System တွေကလည်းသူတစ်ခါမှ မသုံးဖူးမလုပ်ဖူးတဲ့ဟာတွေ။ Opensource ဆိုတဲ့အတိုင်းအလကားသာရတယ် အင်မတန်ဇယားတော့အရှုပ်သား ပြီးတော့တစ်ခုတည်းကလည်းမဟုတ် ငါးမျိုးလောက်ပေါင်းသုံးရတယ် လွယ်လွယ်ကူကူသုံးလို့ရတဲ့ဟာကျ သူတို့ကအလကားမရဘူးရောင်းစားတယ်။ ဒါနဲ့သူ့ကို အကုန်လုံး ဘယ်အစိတ်အပိုင်းတွေ ပါလာတယ် ဘယ်ဟာတွေက ဘာအတွက်သုံးရတယ် ပြောပြရတယ်။ နည်းနည်းပြောပြပြီးတော့ သူကဒီလောက်ဆိုရပြီတဲ့ Setup သူ့ဟာသူလုပ်မယ်တဲ့။ ဒါနဲ့မင်းမရလောက်ဘူးနော် Setup ကအကုန်လုံး ရှုပ်နေတာ မင်းလည်နေမယ်ဆိုတော့လည်း ရပါတယ်ဆိုတာနဲ့ ထားခဲ့လိုက်တယ်။ ခဏနေလုပ်မရတာ နည်းနည်းလာမေးလိုက်နဲ့ တစ်နေကုန်သွားတယ် တစ်ဝက်လောက်တော့ သူလုပ်လို့ပြီးတယ်။ တစ်ကယ်ဆိုကိုယ်လုပ်တုံးက မေးစရာလူမရှိဘူး တစ်ယောက်တည်းတွယ်ရတာ သုံးရက်လောက်ကြတယ် သူကတော့မေးစရာရှိတော့ မနက်ဖြန်ဆိုအကုန်ပြီးလောက်မယ် ဒါပေမယ့်မေးတယ်ဆိုပေမယ့် သူ့ဟာသူလုပ်သွားတာပါ ကိုယ်ကအကြမ်းပဲ ဘယ်ဟာလေးဆိုတာလောက် ပြောပေးလိုက်ရင်အဆင်ပြေတယ်။
အရင်ကစာမေးတဲ့လူတွေများကို ခေါ်ပြီးတော့ပြလိုက်ချင်တယ်။ စာရှင်းခိုင်းတာအားမရလို့ ဥပမာပါရေးပြပါပြောတယ်။ စာရှင်းခိုင်းရုံအပြင် မှတ်စုတောင် လိုချင်သေးတယ်။ ပရိုဂရမ်ဘယ်လိုရေးသလဲ မေးတာမဟုတ်ဘူး ဒါလေးရေးပေးပါလား လာပူဆာနေတယ်။ Paper နားမလည်ဘူးဆိုပြီး လာမေးတတ်တယ် ဘယ်နားလဲဆိုတော့ အကုန်နားမလည်လို့ကိုယ်စား ဖတ်ပေးပါဆိုတာက ပါလာသေးတယ်။ တစ်ခါတစ်လေ နားလည်အောင် စေတနာနဲ့ရှင်းပြတော့လည်း အဲလိုမရှင်းနဲ့ စာမေးပွဲမှာမေးခွန်းကိုဖတ်ပြီး အဖြေဘယ်လိုရေးရမယ် ရှင်းပြပါဆိုတာမျိုးလည်း တွေ့ဖူးပါတယ်။ ခင်ဗျားကအဲလို လုပ်ပေးဖူးသလားဆိုတော့ တစ်ခါမှလုပ်မပေးပါဘူး လာပြောတဲ့လူ လူတွေကိုတုံးအောင်လုပ်တာ ငါ့အကုသိုလ်ရှာတာ ငါ့ပညာပါရမီဖြည့်မရအောင် ဖျက်ဆီးတာပဲ လုပ်မပေးနိုင်ဆိုပြီး အပေါက်ဆိုးဆိုး အော်လှတ်လိုက်တာပဲ။ ငါ့ကျောင်းမှာ တစ်နှစ်ကျောင်းတစ်ခါပြီးတိုင်း သုံးစားလို့ရတဲ့လူက ၅% တောင်မထွက်ချင်ဘူးလို့ အခုအချိန်အထိ ငါပြောတတ်တဲ့ စကားတစ်ခွန်းရှိတယ်။ ငါ့ကျောင်းကလူတွေ လေးပုံတစ်ပုံလောက်ပဲ ကိုယ့်အားကိုယ်ကိုးမယ်ဆိုရင် အရင်ကနေအခုအထိ ငါပြောနေတဲ့စကားကို ပြန်ပြင်ပြောရဲတယ် ၂၀% လောက်ထွက်နိုင်ပါတယ်။ မေးစရာလူမရှိလို့ ဆိုလာမလား ဖတ်စရာစာရှာလို့ လွယ်ပါသေးတယ်။ ငါတို့ခေတ်က မေးစရာလူမရှိသလို ဖတ်စရာစာပါရှားပါတယ်။ ငါ့ဟာငါလုပ်မယ်ဆုံးဖြတ်လိုက် ဘုရားဖြစ်ချင်တောင် ဖြစ်လို့ရတယ်။
17
Jan 10

အမှတ်တရနေရာများ

မင်္ဂလာစျေးဒေါင့်က လှိုင်းဆိုတဲ့ဆိုင်က တစ်ခွက် ၃ဝ ကျပ်ခေတ်က လက်ဘက်ရည်နဲ့ စမူဆာစားချင်မိတယ်။
ပထမနှစ်ဆိုတဲ့ ကျောင်းသားဘဝတွေမှာ မမကြီးတွေကို ထိုင်ငေးခဲ့တဲ့နေရာပေါ့။
3 Color မှာလက်ဘက်ရည်သောက် ဂျာနယ်မဂ္ဂဇင်း တစ်လစာအကုန် အလကားဖတ်ချင်တယ်။
ရှမ်းထမင်းဆိုင်လို လာတဲ့ကျောင်းသူလေးတွေကို အမှတ်တရအနေနဲ့ပေါ့။
မနက်စောစော လူကြပ်ပေမယ့် မင်းသီဟမှာ ခုံလုပြီးထိုင်ချင်သေးတယ်။
သူငယ်ချင်းများ ကျောင်းပိတ်ရက်ဆုံရင်း ရင်ဖွင့်ကြတဲ့နေရာပေါ့။
ပူရီကလွဲရင် လက်ဘက်ရည်လက်မှန်တဲ့ မဟာနွယ်လည်း မမေ့သေးဘူး။
အပေါ်ထပ်က ဆေးကျောင်းသူ အဆောင်ကို သတိတရအဖြစ်နဲ့ပေါ့။
မန်းမြို့တော်မှာ ဘူးနို့ဆီနဲ့ဖျော်တဲ့ လက်ဘက်ရည်သောက်ပြီး ဝက်သားပေါင်း အစားပြိုင်ချင်သေးတယ်။
သူငယ်ချင်း ၈ ယောက်ရဲ့ မွေးနေ့ အမှတ်တရ အဖြစ်အပျက်များပေါ့။
Cafe Blue လည်းသွားရင်း အောင်တော်မူကို ဝင်ဖူးချင်သေးတယ်။
အသက်နည်းနည်း ကြီးသွားတဲ့အချိန်မှာ ကလေးတွေကို ပုံစံအစုံ တစ်အ့တစ်သြ မြင်ဖူးရတဲ့နေရာပေါ့။
ကျူရှင်လူမရှိလို့ စိတ်ညစ်ညစ်နဲ့ ရှေပြည်မိုးမှာ တစ်နေကုန်ထိုင်နေရလည်း တမ်းတမိသေးတယ်။
ကျူရှင်ဆရာပေါက်စဘဝ ပျော်စရာအတိတ်နေ့ရက်များပေါ့။
မတတ်သာမှထိုင်တဲ့ စားပွဲထိုးအချိုးမပြေတဲ့ Unison ကိုလည်း တစ်ခါတော့ပြန်ထိုင်ချင်မိသေးတယ်။
အပေါက်ဆိုးဆိုး ကျူရှင်ဆရာ အဖြစ်များထဲကတစ်ခုပေါ့။
ကျောင်းသားတွေကို စာမသင်ပျင်းရင် ချော့ပြီးခေါ်သွားတဲ့ Friend ဆိုတဲ့ ထန်းလက်မိုးတဲနဲ့ ဆိုင်လည်းသွားချင်တယ်။
လူလည်းကျတဲ့ ဆရာပါးဝသွားတဲ့ ကျူရှင်ဆရာတစ်ယောက်ရဲ့ လုပ်နည်းလုပ်ဟန်များထဲက တစ်ခုပေါ့။
UFL ထဲကိုတော့ ဒီတစ်သက်မှာ တစ်ခါစာမေးပွဲ ကျဖူးတဲ့ တက္ကသိုလ်အမှတ်တရနဲ့ သွားလည်ချင်သေးတယ်။
စာမေးလွန်းလို့ လာမမေးအောင် ဆရာမငယ်ငယ်လေးကို ဆရာမက လှတယ်နော်လို့ အတန်းထဲမှာ လူကြားအောင် ပြောခဲ့တာအမှတ်တရပေါ့။
မနက် ၆ နာရီ ကျောင်းကားဂိတ်က လက်ဘက်ရည်ဆိုင်စုတ်စုတ်လေးမှာလည်း ထိုင်ချင်နေမိသေးတယ်။
ဆိုင်နာမည်က မျော်တော်ယောင်လား အလွမ်းကဖီးလား အခုတော့ မမှတ်မိတော့ဘူး။
အခုတော့ ငါ့မှာက နို့ဆီမပါတဲ့ ဘလက်ကော်ဖီတစ်ခွက်ပဲ သောက်စရာရှိတယ်။
ဒါကတော့ စင်ကာပူညများ အမှတ်တရပေါ့။
15
Jan 10

Myanmar Window Mobile Keyboard ( currently Zawgyi only )

ဒါတွေဖြစ်ဖို့မျော်လင့်တယ်

(၁) User တွေအနေနဲ့ Long Term Memory တတ်နိုင်သ၍သုံးရဘူး Short Term Memory အသုံးနည်းရမယ် Working Memory ပဲတတ်နိုင်၍သုံးပြီး စာရိုက်လို့ရရမယ်။
(၂) Experts or Novices အတွက် နှစ်ဘက်မျထားတဲ့ Layout ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်။
(၃) အသစ်ဖြစ်လို့ အသုံးချတတ်ဖို့ အနည်းနဲ့အများ လေ့လာဖို့လိုကောင်းလိုမယ် ဒါပေမယ့် အချိန်တိုမှာ လွယ်လွယ်ကူကူ ဖြစ်ရမယ်။
(၄) ဘယ်သူဖြစ်ဖြစ် တရားဝင်အလကား သုံးလို့ရရမယ် ထပ်ထည့်ချင်သပဆိုလည်း ထည့်လို့ရရမယ်။ ကိုယ်လည်း သူများအလကားပေးတာ ယူသုံးရတယ် ဒီတော့လည်း ကိုယ့်လုပ်ထားတဲ့ဟာလည်း ပြင်ချင်သလိုပြင်နိုင်တယ်။

လက်ရှိဒါတွေလုပ်နေတယ်

(၁) Experts or Novices တွေရဲ့ Mental Model တွေကို အကြမ်းသတ်မှတ်နေတယ် အများနဲ့လေကန်ဖို့လိုတယ် တစ်ယောက်တည်း စဥ်းစားရင် သူများရဲ့ Mental Model ကိုရမယ်မဟုတ်ဘူး ကိုယ့် Mental Model ထုတ်သလိုဖြစ်နေမယ်။
(၂) ဗမာစကားလုံးတွေရဲ့ Keystroke Frequency ကိုဗမာလိုရေးထားတဲ့ ဘလော့များကနေပြီး ဆွဲထုတ်ပြီး ရေတွက်နေတယ်။
(၃) ကီးအရွယ်အစား အကြီးအသေးနဲ့ အရေအတွက်၊ Row ဘယ်နှစ်ခုထားမလဲ Layer ဘယ်နှစ်ခုထားမလဲ ဒါတွေကို တစ်မျိုးစီပြောင်းပြီး စမ်းသပ်နေတယ်။

လုပ်လို့ပြီးသွားတာတွေ

(၁) သုံးမယ့် Tools တွေကို လေ့လာပြီးတော့ သင့်လျော်တဲ့ Tool တစ်ခုကိုရွေးထားတယ်။ ရွေးထားတဲ့ Tool ကို ဘာတွေလုပ်နိုင်သလဲ စမ်းလို့ပြီးသွားပြီ။
(၂) Tools ကလက်ခံမယ့် ဘာသာစကားကို လေ့လာပြီးသွားပြီ။
(၃) ဇော်ဂျီထဲမှာ ရှိသမျစာလုံးတွေ အကုန်ပေါင်းသွပ်ထားတဲ့ ဒီဇိုင်းမရှိတဲ့ ကီးဘုတ်အကြမ်းတစ်ခုရှိတယ်။ ရိုက်လို့တော့ရတယ် ကိုယ့်ဟာကိုယ်တောင် ဘယ်စာလုံးဘယ်နားရှိမှန်း မမှတ်မိဘူး။

Fig: စုံစီနဖာ နမူနာ

လုပ်စရာကျန်နေတာတွေ

(၁) Overall Mental Model အပြီးသတ်မှတ်ရမယ်။
(၂) စာရင်းကောက်ထားတဲ့ Keystroke အရေအတွက်တွေကို Analyze လုပ်ရမယ်။
(၃) စမ်းထားတဲ့ ကီးအရွယ်အစားနဲ့ ကျန်တာတွေရယ် Analyze လုပ်ထားတာရယ် Mental Model ကိုအခြေခံပြီး Keyboard Layout ကိုအကြမ်း Design ဆွဲရမယ်။
(၄) ပြီးသွားရင်တော့ Design Evaluation လုပ်ကြည့်ဖို့တော့လိုဦးမယ်။ ဒါကတော့ ဗမာစာရိုက်တတ်တဲ့လူရော မရိုက်တတ်တဲ့လူရော အကုန်ဒုက္ခပေးရမှာပဲ။ Evaluation လုပ်နေကျ ဘော်တာများကိုတော့ ပုံတွေပို့ပြီး Evaluation လုပ်ခိုင်းမယ် ၁ နာရီ ၁ဝ တော့ အလကားလုပ်တဲ့ ပရောဂျက်ဆိုတော့ မပေးနိုင်တာအမှန်။
(၅) ပြီးရင်တော့ Evaluation မှာဘယ်လောက်မကောင်း ပြောထားသလဲကြည့်ပြီး ပြင်သင့်တာ ပြန်ပြင်ရဦးမယ်။ Evaluate လုပ်ပေးတဲ့လူကလည်း သူတို့ပြောတာတွေကို ပြင်စေချင်တယ် လုပ်ထားတဲ့လူကလည်း Evaluation Results အားလုံးအပေါ်မှာ အခြေခံပြီး ပြင်သင့်မပြင်သင့် စဥ်းစားရတယ်။ ဒီတော့တစ်ခါတစ်လေ ငါပြောတာမပြင်ဘူးဆိုပြီး ရန်ဖြစ်ရတတ်တယ်။

အကန့်အသတ်များ

(၁) ဖုန်းကတစ်လုံးပဲရှိတယ် မတူညီတဲ့ Resolution တွေအတွက် Simulation နဲ့ပဲစမ်းရမယ်။
(၂) တစ်ခြားအလုပ်များလည်း ရှိနေသေးတယ် တစ်ရက်မှ ၂ နာရီပဲအချိန်ပေးနိုင်တယ်။
(၃) စမ်းပေးမယ့် သူငယ်ချင်းများရှိပေမယ့် သူတို့လည်းအလုပ်ကိုယ်စီနဲ့ မအားကြတော့ အားနာရတယ်။
(၄) လတ်တလောတော့ ဇော်ဂျီအတွက်ပဲ ရဦးမယ် Standard လိုက်နာတဲ့ Myanmar Font များအတွက်တော့ Rendering ပြဿနာများ ရှိနေတဲ့အတွက် နည်းနည်းကြာဦးမယ်။
(၅) Mobile gadget တွေမှာ Resource Limitation ကြီးတယ် အထူးသဖြင့် Screen အရွယ်အစား အလွန်သေးတယ်။
(၆) ဇော်ဂျီရဲ့ မြောက်များလှစွာသော ကုဒ်အပိုများက ဘယ်လိုပဲ ကောင်းအောင် Design လုပ်ပါစေ Usability ကိုထိခိုက်စေတယ်။ မရှိမဖြစ်အရေးကြီးတဲ့ ကိစ္စမဟုတ်တဲ့အတွက် Usefulness ဖြစ်ပေမယ့် Usability မကောင်းရင် ဘယ်သူမှသည်းခံပြီး သုံးမယ်မဟုတ်ဘူး။
(၇) လက်ရှိတော့ Touch Screen အတွက်ပဲလုပ်နေတယ်။ Physical Keyboard တွေနဲ့ ရလာမယ့် Touch Screen Keyboard က Map လုပ်လို့မရပါ။

မမျော်လင့်တာတွေ

(၁) Experts or Novices တွေရဲ့ Mental Model တွေနဲ့ ထပ်တူညီဖို့ မမျော်လင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြည့်ရိုက်စရာမလိုတဲ့ ကီးဘုတ်ရိုက်တတ်တဲ့လူနဲ့ ကီးဘုတ်မမြင်ဖူးတဲ့လူရဲ့ ပထမဆုံးအမြင်မှာ သဘောကျမှု့ဟာ ကြည့်ရိုက်ရတဲ့ ကီးဘုတ်ရဲ့ ရည်ရှည်အတွက် Usability ကိုကောင်းစေမယ်လို့ မမျော်လင့်ဘူး။ ဒီအဆိုပြုချက် မှားကြောင်း ကျွန်တော်လက်ခံအောင် ပြောနိုင်ရင်တော့ လုပ်လက်စအလုပ်တွေကို ပြင်ဖို့လိုလိမ့်မယ်။
(၂) ဘယ်လိုလုပ်လုပ် အကောင်းဆုံး ဖြစ်လာမယ်လည်း မမျော်လင့်ပါဘူး သီအိုရီအရ မှန်ကန်ကြောင်း ပြနိုင်ပေမယ့် ဘယ်သူမှမသုံးတာတွေလည်း တစ်ပုံကြီးပဲမဟုတ်လား။
(၃) ဝင်းဒိုးဖုန်းက သုံးသူလည်းနည်းပါတယ် ဒီတော့လူအများလည်း သုံးကြမယ်လို့မမျော်လင့်ပါဘူး။ ကိစ္စမရှိပါဘူး သုံးချင်တဲ့လူယူသုံး ပြင်ချင်တဲ့လူယူပြင် ဘယ်သူမှမသုံးလည်း ကိုယ်လုပ်တာ ကိုယ်သုံးဖြစ်တော်ရောပေါ့။

(မအားဘူးဆိုတာ ဒီကိစ္စလည်းပါတယ် ခွင့်မစေ့သေးလို့ ပြန်သွားပါတယ် :P )

Switch to our mobile site

WP SlimStat