Archive for February, 2010

28
Feb 10

When One Eye Is Fixed Upon Your Destination

A young boy traveled across Japan to the school of a famous martial artist. When he arrived at the dojo he was given an audience by the Sensei
“What do you wish from me?” the master asked.
“I wish to be your student and become the finest kareteka in the land,” the boy replied. “How long must I study?”
“Ten years at least,” the master answered.
“Ten years is a long time,” said the boy. “What if I studied twice as hard as all your other students?”
“Twenty years,” replied the master.
“Twenty years! What if I practice day and night with all my effort?”
“Thirty years,” was the master’s reply.
“How is it that each time I say I will work harder, you tell me that it will take longer?” the boy asked.
“The answer is clear. When one eye is fixed upon your destination, there is only one eye left with which to find the Way.”

From AikidoFAQ

သင်တန်းတစ်ခုကို ကျောင်းသား အသစ်ရောက်တာနဲ့ အမြဲမေးတတ်တာက အချိန်ဘယ်လောက်ကြာရင် တတ်မှာလဲ သင်တန်းပြီးရင် ဘာဖြစ်လာမှာလဲ။ တစ်သက်လုံး သင်ယူလေ့လာနေဖို့ လိုတယ်ဆိုတာ မေ့နေကြတယ်။ ဒါ့ကြောင့်လဲ သင်တန်းပေါင်းစုံ အလုပ်ဖြစ်နေတယ် ကြော်ငြာလို့ကောင်းတယ် သင်တန်းပြီးလျှင်ဘာဖြစ်မည်ပေါ့ ၆ လအပြတ် ဆော့ဝဲအင်ဂျင်နီယာဖြစ်သင်တန်း ၃ လအပြတ်နိုင်ငံတစ်ကာ အဆင့်မှီပရိုဂရမ်မာ။ မည်သည့်နိုင်ငံမှ ပေးအပ်မည့် ဘွဲ့ကိုမြန်မာနိုင်ငံတွင် သင်ယူနိုင်ဆိုတာကလည်း တွေ့တွေ့ရတတ်တယ် မည်သည့်နိုင်ငံလို့တော့ ပါလာပါတယ် ဒါပေမယ့် မည်မျှအဆင့်အတန်းရှိဆိုတာ မပါလာတာကို သတိမပြုမိကြဘူး ဒို့နိုင်ငံခြံစည်းရိုးအပြင်က မှန်မျှအဆင့်အတန်း မြင့်နေတယ်လို့ ထင်နေရင် သူတပါးကို အထင်ကြီးလွန်းနေပြီ။

ပရိုဂရမ်မာဖြစ်ချင်တယ် ဆော့ဝဲအင်ဂျင်နီယာဖြစ်ချင်တယ် ဘာတွေသင်ရမလဲ ဘာလက်မှတ်တွေ ရှိရမလဲမေးတာ ခဏခဏတွေ့ရတယ်။ ဆော့ဝဲအင်ဂျင်နီယာဖြစ်ဖို့ လက်မှတ်တွေ လိုနေတာမဟုတ်ပါဘူး လက်မှတ်တွေဆိုတာ သူလေ့လာခဲ့တဲ့ အချိန်အတိုင်းအတာတွေအတွက် မှတ်တိုင်တွေ အဖြစ်ပဲအသုံးဝင်ပါတယ် လက်မှတ်တွေကြောင့် ဆော့ဝဲအင်ဂျင်နီယာဖြစ်တာမဟုတ်ပဲ သူ့အရည်အချင်းကြောင့် ဖြစ်နေတာကို သတိထားရမယ်။ ဘာတွေသင်ရမလဲကိုပဲ အာရုံစိုက်သင့်တယ် သင့်လျော်တဲ့အချိန် တစ်ခုအထိတော့ ရင်းနှီးရမှာပါပဲ။ လက်မှတ်အတွက်ကို အာရုံစိုက်မယ်ဆိုရင်တော့ အပေါ်ကစာလိုပဲ အနှစ်သုံးဆယ်လည်း ဖြစ်လာမယ်မထင်။ “The answer is clear. When one eye is fixed upon your destination, there is only one eye left with which to find the Way.” ဆိုတဲ့အဖြေကို အကြိုက်ဆုံးပဲ။

25
Feb 10

ပထမဆုံးခြေလှမ်း

#include<stdio.h>
main()
{
	int i, j;
	printf("Enter Number:");
	scanf("%d", &i);
	j = i * i;
	printf("Square: %d", j);
	return 0;
}

အခုအချိန်အထိ ဒီပရိုဂရမ်လေးကို မှတ်မိနေသေးတယ် စပြီးသင်နေတာ တစ်ပါတ်လောက်ရှိပြီဆိုတော့ စာအုပ်ထဲမှာတော့ ပရိုဂရမ်ကိုအတော်လေး ရေးနေပြီဖြစ်သလို နမူနာလေးတွေလည်း ရေးပြီးသားရှိနေပါပြီ။ ဒယ်ဒီဖားသားကလည်း သူ့ကွန်ပျူတာလေးက ကျွန်တော်သုံးမရတော့လို့ ကျွန်တော့်အတွက် ကွန်ပျူတာတစ်လုံး ဝယ်ပေးပါတယ် ကျွန်တော့်ရဲ့ဘဝမှာ ပထမဆုံးကိုယ်ပိုင် ကွန်ပျူတာပေါ့ ပထမဆုံး ကွန်ပျူတာပရိုဂရမ်ကို စပြီးရေးပြီး Execute လုပ်လိုက်တယ် ရေးထားတာက ၆ ကြောင်းထဲ တက်လာတဲ့ Error က ၆ ခုမကပဲ ပွစိတက်နေတယ်။ stdio မှာ stdo လို့ရေးထားမိတယ် scanf က &i မှာ i လို့ရေးမိတယ် return 0; မှာ ; မပါလာခဲ့ဘူး။ printf မှာ တွက်ပြီးသား j ကိုမရေးမိပဲ i လို့ရေးမိလို့ အဖြေမှန်မထွက်လာလို့ Error မရှိတဲ့နောက်တောင် အတော်လေးခေါင်းခြောက်သွားရတယ်။ မေးစရာလူမရှိဘူး ဖတ်စရာစာအုပ်ဆိုလို့ ကျောင်းကပုံနှိပ်စာအုပ် လက်တစ်ဝါးအရွယ် စာအုပ်လေးပဲရှိတယ် Turbo C IDE ဆိုတာကလည်း ပထမဆုံးစပြီးသုံးဖူးတာပဲ။ မှတ်မှတ်ရရ တစ်ညလုံးအချိန်ကုန်သွားမှ Error ကုန်သွားပြီး အလုပ်လုပ်တဲ့ Program တစ်ခုရခဲ့ဖူးတယ်။ ကုန်ဆုံးသွားတဲ့ ဆယ်စုနှစ်တစ်ခုရဲ့ ပထမဆုံးခြေလှမ်းကို အခုအချိန်အထိ အမှတ်တရနဲ့ သိမ်းထားတယ် မှတ်မိနေပါတယ်။ အဲဒီ့တစ်ညတာ အောင်အောင်မြင်မြင် မကုန်ဆုံးခဲ့ရင် ကြိုးစားမှု့လက်လျော့ခဲ့ရင် အခုအချိန်က ကျွန်တော့်အခြေအနေကို ရောက်ချင်မှရောက်ခဲ့မယ်လို့ အခုအချိန်ထိစဥ်းစားမိတယ်။ ကျူရှင်တက် စာကျက်ပြီး စာမေးပွဲဖြေဆိုတဲ့ လမ်းကြုံလိုက်ရမယ့် လမ်းကနေသွေဖီပြီး ဒီခြေလှမ်းက ကိုယ်တိုင်လျောက်ရမယ့် လမ်းကိုဦးတည်ပေးခဲ့ပါတယ်။

22
Feb 10

See the same moon

Though there are many paths
At the foot of the mountain
All those who reach the top
See the same moon

အင်တာနက်မှာ ရှာရင်းဖွေရင် မရောက်တာကြာလို့ AikidoFAQ ကိုရောက်ဖြစ်လို့ ဖတ်မိတာလေး ကူးယူလာခဲ့တယ်။ Aikido, Karate, Judo, … စသည်ဖြင့် ဘယ်ဟာက ပိုကောင်းသလဲဆိုတာကို “သွားချင်တဲ့လမ်းကသွား တောင်ပေါ်ရောက်ရင် မြင်ရမယ့်လမင်းကတော့ အတူတူပါပဲ” အပေါ်ကစာသားနဲ့ ရှင်းထားတာကို သဘောကျမိတယ်။ နေ့စဥ်လှုပ်ရှားနေရတဲ့ လောကထဲမှာလည်း အတူတူပါပဲလေ လူတိုင်း ကိုယ်သဘောကျရာလမ်းကို လျောက်ကြပါစေလား ဘယ်သူကမှ ပဲ့ကိုင်စရာမလိုပါဘူး ကိုယ့်ဘဝအတွက်တော့ ကိုယ်ပဲအရှင်သခင်ပေါ့။ စိုးရိမ်လို့ဆိုတာ တစ်ခုတည်းနဲ့တော့ ဘယ်သူ့ကိုမှထိမ်းချုပ်သလို မဖြစ်ပါစေနဲ့လား သွားချင်တဲ့လမ်းကသွား အချိန်တန်ရင် တောင်ပေါ်အထိ ရောက်အောင် တက်ရမယ်ဆိုတဲ အသိမျိုးရှိအောင် သင်ကြားပေးထားပါ အဲဒါတစ်ခုလောက်ဆို လုံလောက်နေပါပြီ။

19
Feb 10

ထုံးစံအတိုင်း စီးပွားဖြစ်တယ်

မန္တလေးအိမ်မှာနေတုံးကတော့ မောင်နှမနှစ်ယောက် အခါကြီးရက်ကြီးဆိုရင် နည်းနည်းပါးပါး အရင်းအနှီးထည့်ပြီး စီးပွားရေး သောင်းကြမ်းတတ်တယ်။ သင်္ကြန်နားနီးရင် ရေအိုးတစ်လုံးဝယ် ကန်တော့စရာပစ္စည်းဝယ်ပြီး ဦးလေးတွေ အဒေါ်တွေကို လိုက်ကန်တော့ရတယ် မုန့်ဖိုးကတော့ ကန်တော့ပစ္စည်းရဲ့ နှစ်ဆမရရင်မပြန်ဘူး လုပ်ကြသေးတယ်။ သီတင်းကျွတ်ဆိုရင်တော့ ဖယောင်းတိုင်ပေါ့လေ ဝါဆိုဆိုရင်လည်း တစ်မျိုးစီနဲ့ကန်တော့ရတယ်။

အခုလည်းမနေ့က အာကီဒိုသင်တန်းက ဆရာရဲ့ တရုတ်နှစ်ကူးပါတီကို သွားလိုက်တယ် သယ်သွားတာက လိမ္မော်သီး ၆ လုံး ပေးရတာက ၁ ကျပ်နဲ့ ပြား ၂ဝ ပဲပေးရတယ်။ ထည့်သွားစရာ အိတ်အနီမရှိလို့ အိမ်မှာရှိတဲ့ အိတ်အနီနဲ့ထည့်သွားတယ်။ လိမ္မော်သီးလည်း လက်ဆောင်ပေးလိုက်ရော အန်ပေါင်းဆိုပြီး စာအိတ်အနီလေးနဲ့ ပြန်ပေးတယ်။ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ၆ ကျပ်ပါလာတယ် ဘာပဲပြောပြော အရင်းကျေသွားပြီလေ။ သူများတွေလည်း လိမ္မော်သီးတို့ ဝိုင်ပုလင်းတို့ သယ်လာကြတယ်။

ဝိုင်တွေလည်းသောက်တော့ သောက်ကြတယ် ဒါပေမယ့် ယူလာတာနဲ့ သောက်တာနဲ့ မနိုင်လို့အပြန်တော့ အများကြီးပိုနေတယ်။ နောက်ဆုံး ဝိုင်းသိမ်းချိန်အထိ အဆက်မပြတ်သောက်နေတဲ့ ကျွန်တော်က ပစ္စည်းသိမ်းတာဝန်ကျတော့ ဆရာ ပုလင်းတွေ အိမ်လိုက်ပို့ရမလားဆိုတော့ မင်းသာသယ်သွားပါ ငါ့အိမ်လည်း အများကြီးဖြစ်နေတယ်ဆိုလို့ မဖောက်ရသေးတဲ့ ဝိုင်နှစ်ပုလင်းရယ် အအေးဘူးတွေ မုန့်တွေ လိမ္မော်သီးတွေ အကုန်သယ်ပြီး ပြန်လာခဲ့တယ်။ ဒီမှာလည်း ဗမာပြည်မှာလို တရုတ်နှစ်ကူးမှာ အလုပ်ဖြစ်နေသားပဲ :P

17
Feb 10

Migration Complete

အပြောင်းအရွှေ့လည်း လုပ်လို့ပြီးသွားပါပြီ တစ်ချို့နေရာတွေမှာ Converter အမှားတွေကြောင့် စာလုံးပေါင်းနည်းနည်း မှားနေတာတွေ ဖြစ်သွားပါတယ် ဒါတောင်တော်တော်များများကို ကိုယ့်ဟာကိုယ်ထည့်သင့်တာထည့် ထုတ်သင့်တာထုတ်နဲ့ ပြင်ထားလို့တော်တော်လေး အမှားနည်းသွားပါတယ်။ Standard Unicode Font မရှိလည်း ဖတ်လို့ရဖို့အတွက် On-the-fly converter လည်းထည့်သုံးလိုက်ပါတယ်။ IE မှာတော့ EOT နဲ့အဆင်ပြေပါလိမ့်မယ်။ Comment များကိုတော့ လာနေကျ သူငယ်ချင်းများ ရေးချင်တာနဲ့သာ ရေးခဲ့ကြပါ ကိစ္စမရှိပါဘူး ပြီးမှသာ ကျွန်တော်ပြန်ပြင်ပေးပါ့မယ်။ ကြားထဲမှာ စာလုံးတွေပြန်ပြင်ဖို့ Moderation ခံထားလိုက်လို့ အရင်လိုတော့ Comment ရေးလိုက်ချင်း ပေါ်အောင် လုပ်ထားလို့ မရတော့ဘူး ဖြစ်သွားပါတယ် အဲဒါလေးတော့ နည်းနည်းနားလည်ပေးကြပါလို့ တောင်းပန်ပါတယ်။

Standard Unicode Font များကိုသုံးမယ်ဆိုပါကလည်း Padauk, Myanmar3, Yunghkio Unicode စတာတွေကိုသုံးနိုင်ပါတယ်။ Padauk, Myanmar3 ကတော့ ဗမာစာအတွက် အသုံးပြုနိုင်မှာဖြစ်ပြီးတော့ Yunghkio Unicode ကတော့ ရှမ်းစာအတွက်ပါ အသုံးပြုနိုင်ပါလိမ့်မယ် ရှမ်းစာအတွက်တော့ လက်ရှိအနေအထားမှာ Yunghkio Unicode တစ်ခုပဲ Standard Unicode Font အဖြစ်ရှိနေပါသေးတယ်။ စကားလုံးတွေကို ဇော်ဂျီလိုမြင်ချင်တယ် ဒါပေမယ့် Standard Unicode လည်းသုံးချင်တယ်ဆိုရင်တော့ Padauk-Zawgyi နဲ့ Yunghkio 005 ကိုသုံးနိုင်ပါတယ်။ ရနိုင်မယ့် Link များကိုလည်း အောက်မှာဖော်ပြပေးထားပါတယ်။ အဆင်မပြေတာတွေ ဖတ်လို့မရတာတွေ ရှိလာရင်တော့ Browser အမျိုးအစားနဲ့ သုံးထားတဲ့ Font တွေအကြောင်းနည်းနည်း ပြောပြထားပေးခဲ့ကြပါ။

http://scripts.sil.org/cms/scripts/page.php?site_id=nrsi&id=Padauk

http://www.myanmarnlp.net.mm/downloads/Myanmar3_Unicode.zip

http://www.yunghkio.com/Yunghkio_Unicode.ttf

http://padauk-zawgyi.googlecode.com/files/Padauk-Zawgyi.ttf

http://sites.google.com/site/calmhillfile/files/yunghkio_005_20090923_ship.ttf

မနေ့ကတော့ Blogger ရဲ့ Comment ကိုမသုံးတော့ပဲ Disqus ကိုစမ်းသုံးလိုက်တယ် အဆိုဆုံးအခြေအနေဖြစ်သွားပြီး ရေးလို့မရဘူးဖြစ်သွားပါတယ်။ ဒါနဲ့ပဲ Blogger ကိုနှုတ်ဆက်ပြီး WordPress လေးပဲပြန်တင်သုံးလိုက်ပါတယ်။ ပြီးမှပဲပြင်စရာရှိတာ ပြန်ပြင်လိုက်ဦးမယ် ပြင်ချင်ရာပြင်လို့ရတဲ့ကိစ္စလည်း ဒီနေရာတော့အတော်လေး အကောင်းသားပဲ။

14
Feb 10

တရုတ်နှစ်ကူး

တရုတ်နှစ်သစ်ကူးဆိုတော့ ရုံးတွေပိတ်တော့ မအားတဲ့လူများလည်း အားအောင်ကြိုးစားပြီး အပန်းဖြေခရီးထွက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး တိုက်ခန်းမှာနေရတာကြာလို့ ကမ်းခြေမှာတဲထိုးအိပ်ကြတာပါ။ လာမယ့်လူများက အမျိုးမျိုးချက်ခဲ့ကြပါတယ် ဝက်သားဒုတ်ထိုး၊ ကြာဇံကြော်၊ အုန်းထမင်း၊ ဝက်သား စသည်ဖြင့်ပေါ့လေ။ ကျွန်တော်၊ ကိုသာသာနဲ့ စေတန်ရယ်ကတော့ မချက်နိုင်မပြုတ်နိုင်တဲ့ လူတွေဆိုတော့ အာလူးကြော်များနဲ့ တဲတစ်လုံးလက်ထဲဆွဲ အအေးဘူးများကိုဝယ်ပြီး တရုတ်နှစ်ကူးမှာ East Coast ကိုချီတက်ကြတယ်။ ကျွန်တော်နဲ့ စေတန်ကတော့ ဝိုင်ပုလင်းလေးနှစ်လုံး ကျောပိုးအိတ်ထဲထည့်ပြီး လူမမြင်အောင်ယူလာသေးတာပေါ့။

နေရာဦးမယ်ဆိုတဲ့ ကျွန်တော်တို့ သုံးယောက်က မနက် ရ နာရီကတည်းက အိမ်ကနေ အထုတ်အပိုးနဲ့ချီတက်လိုက်တာ မနက် ၁ဝ နာရီမှရောက်ပြီး မနက် ၉ နာရီမှအိမ်က ထွက်လာတဲ့ ကိုဒီဘီတို့ စုံတွဲက ကြိုရောက်နေလို့ အားနာရသေးတယ်။ ရောက်ရောက်ချင်း ပစ္စည်းတွေနေရာချ ပါလာတဲ့တဲလေးတွေ စတင်ပြီးထိုးရတာပေါ့။ တရုတ်နှစ်ကူးဆိုတော့ လူကလည်းစည်တယ်ခင်ဗျ မြင်သမျကတော့ မလေးရယ်၊ ကုလားရယ်၊ ဗမာရယ်ပဲမြင်မိတယ်။ တရုတ်က နှစ်ကူးဆိုတော့ မအားဘူးလေ ညနေအပိုင်းအိမ်မှာ ကျွန်တော့်တာတွေနဲ့ အပြင်ကိုမထွက်အားဘူး။ ဒီလိုနဲ့ တရုတ်မပါတဲ့ တရုတ်နှစ်သစ်ကူးကြီး East Coast မှာစည်ကားနေလိုက်တာပေါ့ဗျာ။

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ မောင်စေတန်က အစ်ကိုရေပုလင်း တစ်လုံးဖွင့်ကြစို့ဆိုပဲ။ မလုပ်ပါနဲ့ စောပါသေးတယ်ဆိုပြီး စကားလေးဘာလေးပြောပြီး ထိုင်နေရတယ်။ ကိုဒီဘီသူငယ်ချင်း ကိုမောင်ပုဆိုတဲ့ အစ်ကိုရောက်လာတော့ ရေခဲသွားဝယ်ပြီး အအေးဘူးတွေထည့်ရတယ် ဒါလည်းမောင်စေတန်က ဝိုင်ပုလင်းထည့်မယ် လုပ်နေလို့တားထားရတယ်။ မသောက်စေချင်လို့ မဟုတ်ပါဘူး အစဥ်အတိုင်း သောက်ရမယ်မဟုတ်လား ကိုဒီဘီကလည်း အစ်မကိုဖိနပ်တစ်ရံ လဘ်ထိုးပြီး ဝယ်ထားတဲ့ ဘီယာတွေက နှစ်ဒါဇင်လောက် ပါလာတယ်။ အဲဒါတွေကို ရေခဲဘူးထဲစီထည့် အမျိုးသမီးတွေအတွက် အအေးဘူးတွေထည့်ပေါ့။

ဆယ့်တစ်နာရီခွဲလောက်ကျ ဝက်သားဒုတ်ထိုးလုပ်လာတဲ့ အစ်မနှစ်ယောက်လည်း ရောက်လာရော လူစုံပြီဆိုပြီး ဆော့ကြတယ်။ ငယ်ငယ်ရွယ်ရွယ်တွေဆိုတော့ ရန်ကုန်အခေါ် ကုလားမစည်းနင်းတာပေါ့ မန္တလေးအခေါ်က လေယာဥ်ပျံရှပ်ထိုး။ ခုန်လိုက်ပေါက်လိုက်နဲ့ လူတွေကလည်းဆာနေပြီလေ ကြာဇံကြော်နဲ့ ဝက်သားဒုတ်ထိုး အပြီတွယ်ကြတော့တာပဲ ယောက်ျားများက စိတ်ချရတယ် ဘီယာတစ်ယောက်တစ်ဘူး ကိုသာသာက ဘီယာမသောက်ဘူး လုပ်နေလို့ ချော့ချက်တိုက်ရသေးတယ်။ စေတန်ကတော့ပြောတယ် ကျွန်တော်ဘီယာမကြိုက်ဘူးတဲ့ သို့ပေမယ့် သောက်ဆိုတော့လည်း သူကမငြင်းဘူးခင်ဗျာ။ နေ့လည်ပိုင်းကလည်း ပူလိုက်တာ ဒါနဲ့အားလုံး သစ်ပင်အရိပ်အောက်ကို လူတွေအကုန်ပြောင်း။ ကိုဒီဘီက ဓာတ်ပုံရိုက်ထွက်မယ်ပြောလို့ ကမ်းခြေတစ်လျောက် လမ်းလျောက်လိုက်တာ ပြန်ရောက်တော့ ခွေးထွက်လွန်ပြီး အကုန်ယဲ့ယဲ့ပဲကျန်ပါတယ်။

အဲဒါနဲ့ နောက်တစ်ခေါက် ဘီယာများထပ်သောက်ရတယ် အအေးဘူးတွေ မသောက်တာက အမျိုးသမီးတွေ သောက်စရာမကျန်မှာစိုးလို့ ခွေတာတာပါလို့ ပြောတော့ ကိုဒီဘီရဲ့ အမျိုးသမီးက ငါ့မောင်တွေ ကျန်းမာပါစေ ချမ်းသာပါစေဆိုပြီး သာဓုခေါ်ပါတယ်။ မူးသလားဆိုတော့ ဘယ်သူမှကို မမူးပါဘူး Dehydration ဖြစ်နေတဲ့အချိန် သောက်တာဖြစ်လို့ မမူးတဲ့အပြင် မြန်မြန်ပြန်ပြီးလန်းလန်းဆန်းဆန်း ဖြစ်လာတာပါ။ ဘီယာမသောက်ဘူးဆိုတဲ့ ကိုသာသာတောင် တယ်ဟုတ်ပါလို့ အသံထွက်လာတယ်။ ဒီလိုနဲ့ ယောက်ျားငါးယောက် သောက်လိုက်ကြတာ နေမစောင်းခင် ပါလာသမျဘီယာ ၃ လုံးပဲကျန်ပါတော့တယ်။

ညနေစာကတော့ အုန်းထမင်းနဲ့ ကြက်သား ချက်လာမယ့်လူက ဆောင်းရေလျဥ် သူတို့နောက်ကျနေလို့ ကမ်းခြေတစ်လျောက် စက်ဘီးစီးပြီး ရေခဲအဝယ်ထွက်ရတယ်။ ပြန်ရောက်မှ ဝိုင်ပုလင်းတွေ ရေခဲဘူးထဲ ထပ်ထည့်ရတယ်။ ဝိုင်အင်အားတောင့်သွားပုံက ကိုဒီဘီရဲ့ရုံးက အစ်မတစ်ယောက်ကို လူကြုံမှာပြီး ဝိုင်ပုလင်းတစ်လုံး ထပ်သယ်လာသေးတယ်။ ကိုမောင်ပုကတော့ နှိုးစက်များပေးထားသလား မသိပါဘူး ၆ နာရီထိုးကတည်းက သူသယ်လာတဲ့ Cognac ပုလင်းကို ဖောက်မယ်ပဲပြောနေတယ် ဝိုင်တွေမသောက်နဲ့ဦး ရောကုန်ရင်မကောင်းဘူး ဆိုတာကပါသေးတယ်။

ဘယ်ပုလင်းဖြစ်ဖြစ် ဒို့ယောက်ျားများက မငြင်းကြပါဘူးလေ။ ဒိုင်ခံပြီးငှဲ့ပေးလိုက်တာ အတော်ပြင်းသွားတယ် ကိုသာသာက ဒီနေရာကျလူပါး ကျွန်တော်ထည့်ပေးတာ လက်မခံဘူး သူ့ဟာသူထည့်တာ ကျွန်တော်ကြည့်လိုက်တော့ သူ့ခွက်ထဲမှာက နှီးတစ်ပြားလောက်ပဲ ထည့်ထားတာရယ် အဲဒါကိုတစ်ခွက်လုံးအပြည့် ဆော်ဒါထည့်သောက်တယ်။ Cognac ဆိုတော့ အဝင်လည်းမဆိုးဘူး အနံကလည်းမှေးနေတော့ လျောကနဲ့ဝင်တာပဲ။ စေတန်တို့ကတော့ ပြင်းလို့နှစ်ခွက်ရောပြီး ဂွတ်ကနဲ့အမြန်မော့လေရဲ့။ သိလိုက်တယ် ဒီကောင်တော့ ချက်ချင်းနာတော့မယ်လို့။ ကျွန်တော်ကတော့ လူလည်လုပ်ပြီး ပြင်းလည်း ထပ်မရောဘူးဆိုပြီး အစားများများစားပြီး ဖြည်းဖြည်းချင်းပဲ သောက်ပါတယ်။

လူကြီးနှစ်ယောက်ကတော့ အမြဲသောက်နေကျဖြစ်တော့ ပြဿနာက ဘာမှမရှိဘူး။ မကြာပါဘူး သောက်စလုံးဝမရှိတဲ့ ကိုသာသာတစ်ယောက် ခြေလှမ်းမှားပြီး ယိုင်တိုင်တိုင်နဲ့ တဲထဲဝင်ပြီး ချက်ချင်းကိုမှောက်လျက်နဲ့ အိပ်ပျော်သွားပါတော့တယ်။ ကျန်တဲ့လူလေးယောက် ဆက်သောက်လိုက်တာ မောင်စေတန်ကတော့ ကောင်းနေပြီကောင်းနေပြီ တစ်တွတ်တွတ်ပြောနေသေးဗျာ။ စေတန်နဲ့ ကျွန်တော် သောက်တဲ့ပမာဏတူပေမယ့် ကျွန်တော်က စားတာပဲပိုဦးစားပေး စားလို့ဖြစ်မယ်ထင်တယ် အခြေအနေမပျက်သေးဘူး။ ကိုဒီဘီနဲ့ ကိုမောင်ပုကတော့ ဒီလောက်နဲ့တော့ အခြေအနေပျက်မယ့် လူတွေမဟုတ်ကြပါဘူး။

မှောက်နေတဲ့ ကိုသာသာကိုနှိုးပြီး နည်းနည်းသက်သာအောင်ဆိုပြီး ရေချိုးထွက်ပေးရသေးတယ်။ ရေချိုးပြီးတော့မှ ကိုသာသာလည်း ပုံမှန်ပြန်ဖြစ်သွားတယ် ကောင်းနေတယ်ဆိုတဲ့ စေတန်လည်း နည်းနည်းအရှိန်ပြန်ကျသွားတယ်။ ရေချိုးပြန်ရောက်တော့ ဆောင်းရေလျဥ်လည်း ရောက်နေပါပြီ အုန်းထမင်းနဲ့ ကြက်သားမဟုတ်ဘူး ဝက်သားဆိုပဲ။ အီနေမှာစိုးတော့ ဝိုင်ပုလင်းများကို ထပ်ဖောက်ရပြန်ပါတယ် တကယ်ကတော့ အကြောင်းပြတာပါလေ မဟုတ်လည်း သောက်မှာပါပဲ။ ဒီတစ်ခါတော့ သောက်မယ့်လူ တစ်ယောက်တိုးနေပြီဖြစ်တော့ မေးကြည့်ပါတယ် ပါမစ်ပါသလားဆိုတော့ ရပါတယ်ပြောတာပါပဲ။ ပါမစ်ပါတယ်ဆိုပြီး မောင်ဆောင်းကအပျော့ဆို မသောက်ဖူးဆိုပဲ ဒါနဲ့ကိုယ်တို့တတွေပဲပဲ ဝိုင်သောက်ပြီး မောင်ဆောင်းကို Cognac တိုက်ရပါတယ်။ ဒီလိုနဲ့တက်ညီလက်ညီ လှုပ်ရှားလိုက်ကြတာ ဝိုင်နှစ်လုံး ဘယ်လိုပျောက်သွားမှန်းကို သတိမထားလိုက်မိဘူး။

အကုန်လုံးကလည်း မှန်နေပြီဆိုတော့ ပြာပြာဆီကနေ မတီးတတ်ပဲ ယူလာတဲ့ဂစ်တာကိုယူပြီး သောင်ပြင်ပေါ်ဒိုးရတယ်။ ဂျုံဂျန်ဂျုံဂျန်နဲ့ နည်းနည်းတီးတတ် ခေါက်တတ်တဲ့ ကိုသာသာကို တီးခိုင်းပြီး စေတန်နဲ့ကျွန်တော်ကတော့ အင်မတန်စည်းဝါးကိုက်စွာပဲ တစ်ယောက် ကီးတစ်မျိုးနဲ့ အဝင်အထွက် တစ်ယောက်တစ်မျိုးနဲ့ ဆိုကြတာပါပဲ။ မောင်ဆောင်းကတော့ မန်နေဂျာနေမကောင်း ဖြစ်နေလို့ဆိုချင်ပေမယ့် မဆိုနိုင်သလို သောက်လက်စလည်း လက်စမသတ်နိုင်လိုက်ဘူး။ ကိုငြိမ်းချမ်းထွေးရောက်လာလို့ သီချင်းအဆိုရပ်ပြီး သူ့ကိုဧည့်ခံရင်း အားနာလို့ ထပ်သောက်ကြပြန်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်က မူးပုံမူးနည်းက မတူကြပြန်ဘူး။ စေတန်ရေချိန် ကိုက်ပုံကထူးဆန်းတယ် ရေချိန်မကိုက်တစ်ကိုက် အချိန်အထိ သူနဲ့ ကျွန်တော်နဲ့က သောက်ရင်းနဲ့ တရားအကြောင်း ဆွေးနွေးနေကြသေးတာ ပြီးတော့မှ ကျွန်တော်မုန့်သွား ထပ်စားတုံးဖောက်လာတာ သူမထနိုင်တော့ဘူး ငုတ်တုတ်လေး နောက်ပစ်ထိုင်ပြီး အစ်ကိုပြန်လာရင် ကျွန်တော့််အတွက် တစ်ခွက်လောက် ထပ်ယူခဲ့ပါဦးဆိုပြီး အော်မှာတယ် သူကိုယ်တိုင်တောင် မထနိုင်တော့ဘူး နောက်ပြီးတော့ သွားလေးဖြီးပြီးတော့ ဟဲဟဲ ဟဲဟဲနဲ့ ဆက်မပြတ် ရယ်နေတော့တာပဲ။ ကျွန်တော်လည်း သူ့အခြေအနေကြည့်လိုက်တာ မဟန်တာနဲ့ မသိချင်ယောင်ဆောင်ပြီး ထပ်ထည့်မပေးတော့ဘူး။ ဒီလိုဖြစ်နေပုံကို မှတ်တမ်းတင်မယ်ဆိုပြီး ဓာတ်ပုံဆရာကို ကြည့်လိုက်တော့ ဓာတ်ပုံဆရာလည်း ကင်မရာကို နိုင်တော့တဲ့ပုံမပေါ်ဘူး ငြိမ်နေတာပဲ။ မကြာပါဘူး ခဏနေတော့ စေတန်ဝင်အိပ်သွားလေရဲ့။ ညဘက်အိပ်ရင်းနဲ့ ယောင်ပြီးတော့ ကိုသာသာကို ဘယ်သူလဲဆိုပြီး ထထကြည့်တယ်ဆိုပဲ။

သူများတွေ အိပ်သွားတော့ မအိပ်သေးတဲ့ ကိုသာသာနဲ့ ကျွန်တော်ပဲကျွန်တော့်တယ်။ ဒါနဲ့မအိပ်ချင်သေးတာနဲ့ သူများတွေမူးပြီးတော့ ပုံစံအမျိုးမျိုးပြောတယ် ကျွန်တော်မူးတော့ ဘယ်ပုံလဲဆိုတာ ကိုသာသာကိုမေးကြည့်တော့ ခင်ဗျားကတော့ မမူးတာလား မမူးချင်ယောင်ဆောင်တာလား မသိဘူး သောက်တာတော့ သူများထက်မနည်းဘူး ခင်ဗျားက ကွက်တွင်းများ ဖြစ်နေသလားတဲ့။ ကောင်းကြရောပဲ သူများကိုလိုက်ပြောနေတာ ကိုယ့်ကျမှကွက်တွင်းကို ဖြစ်ကရော။

11
Feb 10

Buzz and My Privacy

Buzz ကိုဒီနေ့တော့ တော်တော်လေး ဒေါသထွက်တယ် Auto Suggession မှာ ကိုယ်မိတ်ဆွေ မဟုတ်တာတွေလည်း Following လုပ်ပြီးသားပါနေတယ် ဖြစ်ပုံက Personal နဲ့ Nick E-Mail တွေခွဲထားတယ် ဒါပေမယ့် နောက်ဆုံးတော့ အီးမေးတစ်ခုအထဲမှာ Auto Forward လုပ်ထားပြီးထားတာ Reply ပြန်တော့လည်း ကိုယ်စားအနေနဲ့ နာမည်တစ်ခုစီနဲ့ပြန်တယ် ဒီတော့ Sent မှာပါနေလည်း သူကတော့ Friend လို့သတ်မှတ်ပြီးတော့ Auto Suggession မှာပါသွားတယ်။

ပြီးတော့ အရင်ကတည်းက Twitter ကိုမသုံးဘူး အချင်းချင်း Information Share လုပ်တာကို သဘောကျပါတယ် ဒါပေမယ့် အားတိုင်း Web Site ပေါင်းစုံဝင်ကြည့် URL တွေအကုန် Share လုပ် ကြာတော့ ဒါတွေပဲတွေ့နေတယ် တစ်ရက်ကို URL ပေါင်း ၁၀ဝ လောက် Share တဲ့လူတောင်ရှိတယ် ဒီတော့ ကိုယ်တောင် ကုန်အောင်မဖတ်တဲ့ Site တွေကို သူများကို အတင်းထိုးပေး ဖတ်လို့ပြောနေသလို ခံစားမိတယ်။ ဒီတော့ Spam တွေဖြစ်လာတယ် ကိုယ်ကလည်း Spam ဆိုရင်သဘောမကျဘူး။ တစ်ရက်တစ်ရက် ဒါတွေပဲတွေ့နေတယ် Social Activities တစ်ခုမှကိုမမြင်လာတော့ဘူး။ ဒါနဲ့ တပ်ထားတဲ့ Twitter Plugin တွေအကုန်ဖြုတ်လိုက်တယ် ဝင်ကိုမဝင်တော့ဘူး။

နောက်ပြီးတော့ Follow လာလုပ်ရင် ကိုယ်လက်ခံချင်မှန်းမသိ လက်မခံချင်မှန်းမသိ တစ်ခါတည်း Follow ဖြစ်သွားတယ် ဒီတော့ ကိုယ့်အနေနဲ့ မသိသူကို Banned လို့ရပေမယ့် သူ Follow လုပ်တာကို မသိလိုက်ခင်ကြားအချိန်မှာ သူ့အနေနဲ့ ကိုယ့်ထဲက Tweet တွေကိုဖတ်လို့ရသွားပြီ။ ဒါပေမယ့် Twitter မှာလည်း Request လုပ်ပြီး Accept လုပ်မှ Follow လုပ်လို့ရမယ့် Option တော့ပါပါတယ်။

Buzz မှာက တစ်ခြားသူငယ်ချင်း တစ်ယောက်ဆီမှာ တွေ့လို့ဘယ်သူမှန်းမသိပဲ လာပြီး Follow လုပ်လည်းရနေတယ် နောက်ပြီးတော့ Twitter မှာက လူတစ်ယောက် Follow လာလုပ်ရင် Notification ရှိတယ် အခုက Notification မရှိဘူး လူအရေအတွက် မှတ်ထားနေရတယ် အသစ်တိုးလာရင် ဘယ်သူလည်းလိုက်ရှာနေရတယ်။ တွေ့သမျ Option တွေအကုန်လုံးလိုက်ပြီး ရှာကြည့်တယ် အဲဒါတွေမတွေ့သေးဘူး။

နောက်တစ်ခုက Buzz ရဲ့ Privacy Policy ကိုဖတ်ကြည့်တယ် Follow လုပ်လာရင် လက်မခံချင်က Banned လို့ရမယ်လို့ ရေးထားတာပဲတွေ့တယ်။ တစ်ကယ်ဆို Banned ဆိုတာရယ် Ignore ဆိုတာရယ်က ခြားနားပါတယ်။ လူတစ်ယောက်က Follow လာလုပ်တယ် သွားကြည့်လို့လည်း ဘယ်သူမှန်းမသိဘူး အဲဒါဆိုရင် Banned မှာလား သူ့ Profile မှာက အချက်အလက် ပြည့်ပြည့်စုံစုံမပါလာရင် စဥ်းစားစရာဖြစ်လာပြီ မသေချာပဲ Banned လုပ်လိုက်မိပြီး မိတ်ဆွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ Banned ပြီးမှပြန်ပြီး ဖြုတ်ရဦးမယ်ဆိုရင်လည်း မကောင်းသေးဘူး။ ဘယ်သူမှန်းမသိလို့ လက်မခံသေးဘူး သိမှလက်ခံလို့ရတာပဲ အဆင်ပြေတယ်လို့ ယူဆမိတယ်။

သာမန်လူနေမှု့ဘဝက အပေါင်းအသင်းတွေရှိတယ် မိတ်ဆွေတွေရှိတယ် သူငယ်ချင်းတွေရှိတယ် ဒီဟာတွေနဲ့ အွန်လိုင်းပေါ်က မိတ်ဆွေတွေနဲ့ အပေါင်းအသင်းတွေနဲ့ ရောရောထွေးထွေး မထားတတ်ဘူး။ နောက်ပြီးတော့ ကိုယ်ရဲ့ ပြင်ပဘဝက အကြောင်းအရာတွေကို မတတ်သာတဲ့ ကျောင်းကိစ္စတွေကလွဲရင် အွန်လိုင်းမှာမထားတတ်ဘူး နာမည်အရင်းနဲ့ဘယ်တော့မှ အသုံးမပြုဘူး။ Personal သုံးတဲ့ အီးမေးနဲ့ ကိုယ်မသိပဲ Follow လုပ်လို့ရတာကို စိတ်ထဲမှာမလုံခြုံဘူးလို့ ခံစားရတယ်။ ကြည့်ဦးမယ် Twitter လို Spam လို့ခံစားလာရရင်တော့ Buzz ကိုလည်း ပိတ်ထားလိုက်မှာပါပဲ။

9
Feb 10

မှုံတာလား ပိုမြင်တာလား ????

အခုနောက်ပိုင်း သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေး အားပေးတဲ့အနေနဲ့ စာတွေကို ပရင့်ထုတ်မဖတ်တာ တစ်နှစ်ခွဲလောက်ရှိပြီ မတတ်သာမှသာ ပရင်ထုတ်ပါတယ်။ လက်ချာတွေ ပရင့်မထုတ်ပဲ ဖတ်လွန်းလို့ စာမေးပွဲနားနီးရင် စာရွက်ကိုဖတ်စရာမရှိလို့ ပြဿနာတက်တတ်ပါတယ်။ မျက်စေ့က ဘာဖြစ်နေမှန်းမသိဘူး အနည်းဆုံး စာမျက်နှာ ၅ဝ – ၆ဝ လောက်ဖတ်ပြီးရင် ခဏနားပြီးပြန်ဖတ်လိုက် ဗမာစကားလုံးတွေဆိုရင် အဝိုင်းဒေါင့်အချိုးတွေက Pixel တွေကိုပါ မြင်နေရတယ်ဗျ။ တစ်ကယ်က LCD တွေမှာ Clear Type မှာ Shadding တွေပါတော့ တစ်ကယ်ဆို ဗမာစာလုံးအဝိုင်းက Pixel တွေမသပ်မရပ်နဲ့ မမြင်ရဘူးရယ် အဲဒါကြောင် တစ်ခါတစ်လေ စိတ်က Clear Type များပိတ်မိသလား သွားကြည့်မိတတ်တယ်။ ဒါနဲ့အသေအချာကြည့်တော့ ဒေါင့်ချိုးမှမဟုတ်ဘူး ကျန်တဲ့နေရာတွေလည်း Pixel တွေနဲ့ ဆွဲထားတာကို သေသေချာချာမြင်နေရတယ်။ ဖြစ်နေတာက ကြာပါပြီ အခုမှသတိရလို့ အသေအချာ ကြည့်လိုက်မှ သတိထားမိတာပါ။ အိမ်ကစက်ကြောင့်လားဆိုပြီး စဥ်းစားတော့လည်း မဟုတ်သေးဘူး ကျောင်းကစက်လည်း အတူတူပဲရယ်။ မျက်မှန်က ဆလင်ဒါကြောင့်သာ ညဘက်ဆိုရင် မီးလုံးတို့ဘာတို့ နှစ်လုံးထပ်မြင်တတ်လို့ တပ်ထားတာ တစ်ကယ်က အနီးရောအဝေးပါ ပါဝါမရှိဘူးရယ်။ အိမ်မှာသာ ဆိုင်ကယ်စီးတော့ ညဘက်ဆို မတပ်ရင် ကားမောင်းလာတာ ဆိုင်ကယ်နှစ်စီး အပြိုင်စီးတာ အလယ်ကရှောင်လိုက်မယ်ဆို လုပ်လိုက်မိရင် ပြဿနာတက်မယ် မဟုတ်လား အခုတော့ လမ်းကူးတောင် မီးပွိုင့်ကပဲကူးတယ် အနည်းဆုံးတော့ အတိုက်ခံရရင် အာမခံကြေးရမယ်မဟုတ်လား။ အခုဟာက ပါဝါတက်တယ်ဆိုလည်း သူများတွေလို နည်းနည်းဖတ်ပြီး မျက်စေ့ပင်ပန်းလာရင် မမြင်ရပဲဝါးသွားတာ စာလုံးတွေတော့မြင်တယ် ဖတ်လို့မရတာ ဒါမျိုးပဲဖြစ်တတ်တယ် ကြားဖူးပါတယ်။ အခုဟာက မျက်စေ့ပင်ပန်းအောင် လုပ်လိုက်မှ ပိုမြင်သလိုဖြစ်နေတယ်။ တစ်ခုတော့ရှိပါတယ် ဝါးသွားတာကို စိတ်က Pixel မြင်ရတယ်ပဲထင်နေမိသလား။ ဒါပေမယ့်လည်း ကြည်ကြည်လင်လင်ကြီး ဖတ်လို့ရနေတယ် Pixle ပါမြင်နေရတော့ ပိုပြီးပါဝါတက်တယ်လို့ လက်ခံရခက်နေတယ်။

7
Feb 10

ဘာတဲ့ သဝေထိုး ရယ်ရသကွာ

တစ်ခါလာလည်း Search Engine ကိုအကြောင်းပြတယ် လူနားမလည်တဲ့ အကြောင်းအရာလို့များ ထင်နေကြသလား အင်မတန်ရှုပ်ထွေးတဲ့ အများထင်နေလို့ ဇဝေဇဝါဖြစ်အောင်များ ပြောစရာတစ်ခုအဖြစ် ရနေသလား။ ငါကိုယ်တိုင်လည်း အများနားမလည်တဲ့ အရာတွေကိုပြောတတ်တယ် ဒါပေမယ့် အဲဒါတွေကို လူအများနားမလည်တာကို ခုတုံးလုပ်ပြီးတော့ ဘယ်တော့မှမလိမ်ဘူး အဲဒီ့လိုပြောတာကို အကြီးကျယ်ဆုံးလိမ်လည်မှု့လို့ ငါသတ်မှတ်တယ်။

လတ်တလောအနေနဲ့ ဗမာစာတွေ Google မှာအလုပ်လုပ်နေပုံကို အကြမ်းပြောမယ်ဆိုရင် Preprocess ဘာမှမလုပ်နိုင်ဘူး Space နဲ့ Tokenize လုပ်ပြီး Index လုပ်ထားတယ် Sorting လည်း စာလုံးတွေရဲ့ Code အပေါ်မူတည်ပြီး Lexicographically ပဲစီထားတာပါပဲ။ ဒီတော့ ကိုယ့်ဝဘ်ဆိုက်မှာရေးထားတဲ့ Space ခြားထားတဲ့အပေါ် မူတည်ပြီးတော့ ရှာလို့ရမှာပါပဲ။ ဥပမာပြောရင် “မော်လမြိုင်” နဲ့ “မော်လမြိုင်သို့” ဆိုရင်မတူဘူး။ Search Engine ဆိုတာ ဂူဂဲတစ်ခုတည်းမဟုတ်ဘူး ကိုယ်ပိုင်လည်းလုပ်လို့ရတာပဲ ဗမာစာအတွက် လုပ်နိုင်တာတွေရှိပါတယ်။ ဗမာစာ Search Engine ဆိုတာ လူအမြင်ကပ်အောင်ပြောရရင် Lucene, Sphinx, Sciencenet, …. ဒါတွေကို ယူသုံးတတ်တာလား။ အဲဒါတွေက ခက်ခဲ့တဲ့အရာတွေမပါပါဘူး ဖတ်ကြည့်သုံးတတ်ပါတယ်။ အရေးကြီးတာက ဗမာစာအတွက် ဘယ်နေရာက Improve လုပ်ဖို့လိုအပ်သလဲ။ လက်ရှိအနေနဲ့က စကားလုံး ဘယ်လိုဖြတ်မလဲက အရေးအကြီးဆုံး ဖြစ်နေတယ်။ ဖြစ်နိုင်တဲ့နည်းလမ်း ၂ ခုရှိမယ်။

ပထမတစ်ခုက ဗမာစာလုံးတွေဟာ Syllabic ဖြစ်နေလို့ Consonant ကနေအစပြုပြီးတော့ Syllabic တွေကုန်သွားရင် တစ်လုံးအဖြစ် သတ်မှတ်တာက အခြေခံအကျဆုံးနည်းစနစ်ပဲ။ ဒီတော့ ဗမာစကားလုံးမှာက ပဌ်ဆင့်နဲ့ အသတ်ဆုံးတာတွေမှာက နောက်ထပ် Consonant တစ်ခုအပိုပါတယ် အဲဒါကိုပါတစ်ခုတည်းအဖြစ် စဥ်းစားလိုက်ရင် Syllabic နဲ့ဖြတ်တာလွယ်ပါတယ်။ ဒီနေရာမှာ ဇော်ဂျီနဲ့လား ယူနီကုဒ်နဲ့လား ဒါကအရေးပါတယ်။ ဒါလည်း ခက်ခက်ခဲခဲမဟုတ်သေးပါဘူး ယူနီကုဒ်ဆိုရင် Consonant တစ်ခုအစကနေ Syllabic တွေအဆုံးသတ်တဲ့အထိ သို့မဟုတ် နောက်ထပ် Consonant မှာအသတ် (သို့) ပဌ်ဆင့် Syllabic အထိဆို တစ်လုံးပေါ့။ ဇော်ဂျီနဲ့ဆို Consonant တစ်ခုတည်းမဟုတ်ပဲ သဝေထိုး (သို့) ရရစ်လိုလည်း အစပြုနိုင်သည်ပေါ့။ Index လုပ်ရင် Bigram နဲ့လုပ်ပေါ့ ပြောမယ်ဆိုရင် Bidex ပေါ့။ ဥပမာ- မော်လမြိုင် လို့ရှာမယ်ဆိုရင် “မော်လ” AND “လမြိုင်” ဆိုပြီးတော့ Phrasal Search နဲ့ရှာလို့ရတယ်။ Precision မြင့်တဲ့ Search Engine တစ်ခုဖြစ်လာနိုင်တယ်။ ဒါတွေက Technical ဖြစ်လာလို့ အသေးစိတ်မရေးတော့ဘူး။

ဒုတိယတစ်ခုကတော့ ခက်ဖို့များတယ် ဗမာစာကြောင်းတစ်ခုကို Part of Speech နဲဲ့ဖြတ်ပေးမယ့် Parser တစ်ခုလိုမယ်။ ထွက်လာမယ့် စကားလုံးတွေကိုပဲ Index လုပ်ယူလို့ရတယ်။ ဒီနေရာမှာ Preprocessing လုပ်မှာလားဆိုတာကလည်း လိုအပ်ချက်အပေါ်မူတည်တယ်။ ကိုသာသာနဲ့ တစ်ခါက ဗမာစကားလုံးတွေစုပြီးတော့ Stemming လုပ်ကြည့်ဖူးတယ်။ မဆိုးပါဘူး ရလဒ်တွေက စကားလုံးကို မူရင်းပုံစံရောက်အောင် ၉၀% လောက်ပြန်ပို့လို့ရတယ်။ တစ်ခုပဲချို့ယွင်းချက်ရှိတယ် ဗမာစာ Parser မရှိလို့ Space နဲ့ဖြတ်ထားရတယ်။ ဒီနေရာမှာ ဗမာစာ Parser တစ်ခု လုပ်ကြမယ်ဆိုပါစို့။ သတ်မှတ်ချက်အတိုင်း အစဥ်အလိုက်သိမ်းတဲ့ ယူနီကုဒ်က လုပ်လို့လွယ်မှာငြင်းစရာမလိုဘူး။ ဇော်ဂျီကတော့ ဗြောက်သောက်ရိုက်တဲ့ အက္ခရာစဥ်နဲ့ဆို သေလုအောင်လုပ်ရမယ် ဘာလို့လဲဆိုတော့ အမှန်လို့ သတ်မှတ်ထားတာမရှိတော့ ဖြစ်နိုင်သမျကို လိုက်ပြင်ကြည့်ပြီးသုံးရမလိုဖြစ်မယ်။ ပြောမယ်ဆိုရင် မူရင်းကိုပြင်တယ်ဆိုတာ တန်ဖိုးကျပါတယ် ဖြစ်နိုင်သမျပြင်ကြည့်ပြီး စဥ်းစားဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဒီနည်းကတော့ Bidex, Tridex လိုမသုံးပဲ Term Index နဲ့ပဲ Search Engine လုပ်လို့ရမယ်။

လတ်တလော နည်းပညာအခြေအနေအရ ပထမနည်းက အတိကျဆုံး ဗမာစာ Search Engine ဖြစ်လာနိုင်မယ်။ ဒုတိယနည်းမှာတော့ Parser တစ်ခုလိုအပ်နေလို့ သိပ်မလွယ်လှသေးဘူး Research လိုအပ်နေတယ်။ ဒီနေရာမှာ သုံးတဲ့လူတွေကို အနည်းငယ်ယုံကြည်လိုက်ပြီး Space and Punctuation တွေနဲ့ဖြတ်ပြီး ယာယီအစားထိုးထားနိုင်တယ်။ လက်ရှိသုံးနေတဲ့ ဂူဂဲက အဲဒီ့နည်းစနစ်လို့ ပြောလို့ရမယ် သူ့အနေနဲ့ Preprocess မလုပ်နိုင်ဘူး နောက်ပြီးတော့ စာလုံးဖြတ်တာမမှန်နိုင်ဘူးဖြစ်နေတယ်။ အဲဒါတွေ ထပ်ထည့်နိုင်ရင် လက်ရှိထက်ကောင်းတဲ့ အဖြေတွေထွက်မှာ သေချာပါတယ်။ ဟုတ်ပြီ ယူနီကုဒ်နဲ့ဇော်ဂျီစကားလုံးတွေ Index တစ်ခုထဲမှာ သိမ်းလို့ရသလားဆိုတာ စဥ်းစားစရာရှိတယ်။ သိမ်းလို့တော့ရတယ်လို့ ပြောလို့ရပါတယ် ပထမနည်းမှာကတော့ Syllabic ကိုဦးစားပေးလို့ ရှာတဲ့လူကတော့ သူဘာနဲ့ရိုက်တယ်ဆိုတာ ပြောဖို့တော့လိုလိမ့်မယ် အဲဒါဆိုရင် Query ကိုသက်ဆိုင်ရာနဲ့ Syllabic ဖြတ်လိုက်ဖို့လိုမယ်။ ဒုတိယနည်းကတော့ လက်ရှိအနေထားနဲ့ ဘာနဲ့သုံးတယ်ဆိုတာ မလိုအပ်သေးဘူး ဒါ့ကြောင့် ဂူဂဲမှာဘာနဲ့ရှာရှာ ရှာလို့ရနေတာပေါ့။ ဒါပေမယ့် Parser တစ်ခုသုံးလိုက်ရင်တော့ သူလည်းဘာသုံးတယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

အဲဒါကို တစ်ခါကကြားဖူးတယ် ယူနီကုတ်များ စည်းရုံးရေးဆင်းနေတုံးက ဂူဂဲကသုံးတဲ့ Database ကများ ဇော်ဂျီကို Support လုပ်လို့မရတော့ရင် အားလုံးရှာလို့မရတော့ဘူးဆိုပဲ။ ဂူဂဲက Index ကို Database သုံးတယ်လို့ ဘယ်သူကများပြောလိုက်ပါလိမ့်။ အခုလည်းလာပြန်ပြီနောက်တစ်ဖွဲ့ ဇော်ဂျီမှာ သဝေထိုးအရှေ့ထားတာ Search Engine နဲ့ဆိုင်လို့ဆိုပဲ ငါပဲဥာဏ်မမှီတာဖြစ်မယ် အပေါ်မှာပြောခဲ့တာတွေနဲ့ ဆက်စပ်ကြည့်တယ် ဘယ်လိုသက်ဆိုင်မှန်း စဥ်းစားလို့မရဘူး။ ဇော်ဂျီကို စလုပ်ကာစအခြေအနေက Microsoft Keyboard Layout Creator မှာ Input အတွက် Keystroke Order ကို Swap လုပ်မပေးနိုင်ဘူး နောက်ပြီးတော့ Shaping Engine မရှိဘူးဒါ့ကြောင့် သဝေထိုးနဲ့ ရရစ်တွေက အရှေ့မှာရောက်နေတယ် အဲဒီလိုပဲငါနားလည်ထားတာ။ အေးလေ ငါသိတာမှားနေတာပဲ ဖြစ်မယ်ထင်ပါတယ်။ ဘယ်သူဖြစ်ဖြစ် နောက်ဆုံး Search Engine အကြောင်းပြတာ ထုံးစံဖြစ်လာသလား။

ပျက်နေတာကို ပြန်မပြင်ဖြစ်တာက နားလည်လို့ရပါတယ် အခြေအနေအရပေါ့ အခုအချိန်မှာသုံးနေတဲ့ မှားနေတာတွေက အများကြီးဖြစ်နေပြီမဟုတ်လား ပြင်ဖို့မလွယ်ဘူးဆိုတာ လက်ခံပါတယ်။ လတ်တစ်လော လိုအပ်ချက်တစ်ခုအရ မှန်နေပြီးသားအရာတစ်ခုကို ငါ့လိုလိုက်မှားစေမယ်ဆိုရင်တော့ အဲဒါကိုကန့်ကွက်ရမယ်။ သိမ်းချင်သလို သိမ်းခွင့်လို့အော်မလား အဲဒါဆိုလည်း ဘာလို့အပင်ပန်းခံနေကြလဲ ဟိုးအရင်က ASCII Fonts တွေလည်း သုံးရနေသားပဲ။ ဗမာစာနဲ့ ရှမ်းစာမှာ ဘုံသုံးတဲ့ အက္ခရာတွေ ရှိနေတာငါလည်းသိတယ် ကိုယ်ကိစ္စနဲ့ကိုယ် ဘယ်နားမှာ သဝေထိုးထားထား အစကတည်းက စံကိုလိုက်နာတဲ့ ရှမ်းစာက သဝေထိုးတော့ ရှေ့ကိုပို့စရာ အကြောင်းမရှိပါဘူးလေ။ Search Engine နဲ့သဝေထိုး ဂူဂဲရဲ့ Database ဟေးဟေးဟေး ကြားဖူးသမျ ဟာသတွေထဲမှာ ဒီဟာသတွေအရယ်ရဆုံးပဲ။ ဘယ်ဘက်အဖွဲ့ကမှမနေဘူး ဒါပေမယ့် ဘယ်သူလိမ်တာမှမခံဘူး လူနားမလည်ဘူးဆိုပြီး အလုံးကြီးကြီးပြောပြီး ထင်ယောင်ထင်မှားပြောတာကို အင်မတန်သောက်မြင်ကပ်တယ်။

5
Feb 10

Introduction to Writing Systems & Brahmic Family Scripts

Window Mobile အတွက် ကီးဘုတ်လေး လုပ်နေလို့ သူများလုပ်ထားတဲ့ ကီးဘုတ်လေးတွေ လိုက်ကြည့်ရင်း အာရှတောင်ပိုင်းက စာတွေကိုတစ်ခုပြီးတစ်ခု တွေ့နေရတယ် တူတာတွေ တော်တော်များများရှိတယ်။ ဒီတော့ စပ်စပ်စုစုအကျင့်အတိုင်း နောက်ကြောင်းလိုက်ကြည့်တယ် ကြည့်ရင်းနဲ့ ဘာသာစကားနဲ့ အက္ခရာဆိုပြီး ဖတ်ရင်းနှစ်မျိုးကွဲသွားတယ် အခုတော့ အက္ခရာအကြောင်းပဲ ကောင်းကောင်းဖတ်ဖြစ်သေးတယ်။ ငယ်ငယ်ကတည်းက ဗမာစာအဘိဓာန်တွေမှာ ဗမာအက္ခရာပြောင်းလဲပုံကို စိတ်ဝင်စားတယ် အများနားမလည်တဲ့ စာတွေကို ရေးကြည့်ဖို့စဥ်းစားဖူးတယ် ဗမာအက္ခရာတွေမှာ မူရင်းစာလုံးဖြစ်တဲ့ ဗြဟ္မီစာလုံးတွေနဲ့ အစားထိုးရေးဖူးတယ်။ ဒါပေမယ့် နမူနာလောက်ပဲ ပါတဲ့စာအုပ်တွေဖြစ်လို့ သုံးလို့ရတဲ့အထိ မရေးနိုင်ပါဘူး။ ပြည့်ပြည့်စုံစုံသိခဲ့ရရင်တော့ အခုအချိန်မှာ ဗြဟ္မီစာကိုအသံထွက် ဖတ်တတ်ကောင်း ဖတ်တတ်ပါလိမ့်မယ်။ အထက်တန်း မြန်မာစာအုပ်တွေမှာ ပုဂံခေတ်လောက်က ပုံစံအထိပါတယ် ဒါဟာမူရင်းကို ဖျောက်ဖျက်ခြင်းတစ်မျိုးပဲ ဗမာအက္ခရာတွေဟာ ပုဂံခေတ်မှပဲ တီထွင်သလိုလို ထင်ယောင်ထင်မှားဖြစ်စေတယ်။ ဒီနေ့တော့ ဝီကီထဲမှာရှာလိုက် အပြင်မှာရှာလိုက်နဲ့ စာရေးတဲ့ပုံစံ အမျိုးအစားတွေကို လေ့လာဖြစ်လိုက်တယ်။

စာရေးတဲ့ပုံစံက သိပ်များများမရှိပါဘူး Logographic, Logophonetic, Syllabic, Consonantal Alphabet, Syllabic Alphabet, Segmental Alphabet ဆိုပြီးတော့ ၆ မျိုးလောက်ပဲရှိပါတယ်။ Logographic တွေကတော့ တရုတ်စာလို အရုပ်စာလုံးတွေကို ခေါ်တာပါ စကားလုံးမှာ အဓိပ္ပာယ်ရှိတယ် ဒါပေမယ့်အသံထွက်မပါဘူး။ Logophonetic မှာကတော့ အရုပ်စာပဲ ဒါပေမယ့် သူ့မှာကအရုပ်အပြင် အသံထွက်ဘယ်လို ထွက်မယ်ဆိုတဲ့ အပိုသင်္ကေတတွေ ပါလာပါတယ်။ Syllabic ကတော့ အသံပြောင်းလဲပုံကို သက်ဆိုင်ရာ သင်္ကေတတွေနဲ့ ပြပြီးရေးလေ့ရှိပါတယ်။ ဝေးဝေးကြည့်စရာမလိုပါဘူး ဗမာစာဟာ Syllabic သုံးပါတယ် ရေးချ ပါလာရင် အာ ဆိုတဲ့အသံမျိုးထွက်တယ်တို့ စတဲ့သင်္ကေတတွေပါ။ Consonantal Alphabet ကတော့ နည်းနည်းထူးဆန်းပါတယ် အက္ခရာမှာ ဗျည်းပဲပါတယ် သရမပါပါဘူး ဖတ်တဲ့လူက ရေးထားတဲ့ ဗျည်းအပေါ်မူတည်ပြီးတော့ သရကိုထည့်ဖတ်တယ်ပြောတယ် အာရဗီတွေ၊ ဟီဘရူးစာတွေက Consonantal Alphabet မှာပါတယ်ပြောတယ် အဲဒီ့စာတွေက အဆက်အစပ်မရှိတော့ အသေအချာတော့ မပြောတတ်ဘူး။ Syllabic Alphabet ကတော့ ဗျည်းရော သရရောပါလာပါတယ် ဗျည်းကို Alphabet အဖြစ်အသုံးချပြီးတော့ သရကတော့ Syllabic သင်္ကေတတွေကို အသုံးချပါတယ် ဥပမာ- ဗမာစာမှာ “ကာ” ဆိုရင် “က = Alphabet”  “ -ာ = Syllabic” လို့ပြောလို့ရပါတယ်။ Segmental Alphabet ကတော့ ဥရောပမှာသုံးတဲ့ Roman အက္ခရာရေးသလိုတွေပါ Alphabet ပဲရှိတယ် ဗျည်းရော သရရော Alphabet ထဲမှာပဲပါတယ် Space ခြားပြီး အစုလိုက်လေးတွေရေးတယ်။ ဗမာပြည်မှာလည်း သရနဲ့ဗျည်ကိုးခွဲပြီးတော့ ဘန်းစကားပြောတတ်တယ် “သအွအား မအယ် = သွားမယ်” ဒီလိုမျိုးပေါ့ ဒါမျိုးတွေက Segmental Alphabet နည်းစနစ်နဲ့ ရေးတယ်ပြောရမယ်။ ဗြဟ္မီအက္ခရာတွေရဲ့ Syllabic တွေမသိလို့ ဒီလိုနည်းနဲ့ ငယ်ငယ်ကရေးခဲ့ဖူးတယ် ဒီနေ့မှာသာ ဗြဟ္မီအက္ခရာတွေရဲ့ Syllabic ကိုမြင်ဖူးတာပါ။

ဗြဟ္မီအက္ခရာတွေက မူရင်းအနေနဲ့ Phoenician အက္ခရာတွေကနေစတယ် ထူးဆန်းတာက Phoenician က Segmental Alphabet ဖြစ်နေပြီး Brāhmī က Syllabic Alphabet ဖြစ်နေတယ်။ ဒီတော့ Alphabet ကိုသာ Phoenician ဆီကနေရပြီး Syllabic နည်းနဲ့ဘယ်လို ပေါင်းစပ်တယ်ဆိုတာ မူရင်းပျောက်နေတယ်။ နေ့ချင်းညချင်းဖြစ်လာတဲ့ ကိစ္စမဟုတ်တဲ့အတွက် Phoenician Alphabet ကိုယူပြီး Syllabic ကိုယ်တိုင်တီထွင်တယ်လို့ ပြောလို့မဖြစ်နိုင်ပါ။ ဖြစ်နိုင်တာက မူရင်းအနေနဲ့ Syllabic အခြေခံတဲ့ စာရေးနည်းမျိုးရှိနေပြီး Phoenician Alphabet တွေကိုအစားထိုး သုံးလာတယ်လို့ ယူဆပါတယ် ဒါပေမယ့် အဲဒီ့ Syllabic အခြေခံကိုတော့ ရှာဖတ်လို့ရသလောက်တော့ မတွေ့မိသေးပါဘူး အားလုံးက Phoenician Alphabet အပေါ်အခြေခံတယ်ဆိုတာပဲ တွေ့ပြီးတော့ Syllabic Alphabet ပြောင်းလဲပုံကို လေ့လာထားချက်မတွေ့မိသေးပါ။

Indo-European, Tibeto-Burman, Mongolic, Dravidian, Austro-Asiatic, Austronesian, Tai, Korean ဒီဘာသာစကား မျိုးနွယ်တွေအားလုံးက ဗြဟ္မီအက္ခရာကိုပဲ အခြေခံပါတယ် ဒါ့ကြောင့် အာရှတစ်ခုလုံးနီးနီး ဗြဟ္မီအက္ခရာ အခြေခံစကားလုံးပဲ သုံးတယ်လို့ပြောနိုင်ပါတယ်။ ဗြဟ္မီအက္ခရာအခြေခံတဲ့ အက္ခရာတွေကို Wikipedia မှာ Brahmic family of scripts မှာယှဥ်ပြထားပါတယ်။ Oriya, Nagari, Devanagari, Gujarati, Gurmukhi, Tibetan, Brahmi, Telugu, Kannada, Sinhala, Malayalam, Tamil, Burmese, Khmer, Thai, Lao, Baybayin အက္ခရာတွေကို ယှဥ်ပြီးပြထားပါတယ်။ ဒီနေရာမှာ အက္ခရာနဲ့ ဘာသာစကားကွဲပြားချက်က သိသာလာပါတယ် အချို့ဘာသာစကားတွေမှာ မသုံးတဲ့အက္ခရာအသံတွေ မပါလာတာကို ယှဥ်ပြီးတော့တွေ့နိုင်ပါတယ်။ အသေးစိတ်များကို Reference များမှာဖတ်ကြည့်နိုင်ပါတယ်။

References

  1. http://www.ancientscripts.com/ws_types.html
  2. http://www.ancientscripts.com/brahmi.html
  3. http://www.ancientscripts.com/ws_origins.html
  4. http://www.ancientscripts.com/ws_timeline.html
  5. http://en.wikipedia.org/wiki/History_of_the_alphabet
  6. http://en.wikipedia.org/wiki/History_of_writing
  7. http://en.wikipedia.org/wiki/Brahmi_script
  8. http://en.wikipedia.org/wiki/Brahmic_family_of_scripts
  9. http://en.wikipedia.org/wiki/Devanagari
  10. http://brahmiscript.googlepages.com

Switch to our mobile site

WP SlimStat