ငရုတ်ပွအဆာသွပ်

အရင်တစ်ပါတ်က အစ်မတစ်ယောက် အဆောင်ကိုအလည်သွားတာ ငရုတ်ပွကို အဆာသွပ်ပြီး ချက်တာစားခဲ့ရတယ်။ မနေ့ညကတော့ စျေးသွားရင်းနဲ့ ငရုတ်ပွအကြီးကြီးတွေ့လို့ အဆာသွပ်ဦးမယ်ဆိုပြီး အသားကြိတ်သားနဲ့ အဆာပလာတွေ ဝယ်လာလိုက်တယ်။ အလုပ်ရှုပ်တယ် ထင်ရပေမယ့် အလုပ်မရှုပ်ပါဘူး ချက်ရတာသက်သာပါတယ်။


လုပ်ပုံလုပ်နည်းကတော့ အင်မတန်လွယ်ပါတယ် ဂျူးမြိတ်နဲ့ မှိုကို သေးသေးလေးတွေ ဖြစ်အောင် နုတ်နုတ်လှီး အသားကြိတ်သားနဲ့ နယ်သာထားလိုက်ပါ ဆားနည်းနည်း ပဲငံပြာရည်နည်းနည်း ချင်းရည်နည်းနည်း ထည့်နယ်ပါ အဲဒါဆိုအထဲကိုထည့်မယ် အဆာတွေကိစ္စပြီးပါပြီ ကျွန်တော်ကတော့ ကြက်သွန်ဖြူကို ကြိုက်လို့ အတောင့်လိုက် အသားထဲထည့်ထားပါတယ်။ ပန်းငရုတ်ပွကို အပေါ်ပိုင်းကို ဓားသေးသေးနဲ့ ဖွင်လိုက်ပြီးအထဲက ငရုတ်အစေ့တွေကို သန့်ရှင်းလိုက်ပါ စောစောက အဆာတွေထည့် အပေါ်ကနေဖွင့်ထားတဲ့ အပိုင်းလေးပြန်ပိတ် ရေနွေးငွေ့နဲ့ နာရီဝက်လောက် ပေါင်းလိုက်ပါ အဲဒါဆိုရင် စားလို့ရပါပြီ ငရုတ်ပွနဲ့ မွှေးမွှေးလေးနဲ့ အသားပေါင်း ချိုချိုလေးရပါပြီ။

ကိုယ့်ကိုကိုယ် ပြင်စရာတွေ

အကူအညီတောင်းလာရင် လုပ်ပေးချင်တဲ့အကျင့်က ကောင်းတယ်ပြောရမယ် မကောင်းတဲ့အကျင့်က အချိန်အခက်အခဲကို သတိမထားတတ်တဲ့ ကိုယ့်အကျင့်ကို ပြင်ရဦးမယ် မအားရင်လည်း လုပ်မပေးနိုင်ဘူးလို့ အားမနာတမ်း ပြောထွက်အောင်ပြောရမယ်။ ကိုယ်မှာကလည်း သူများလို အလုပ်ပြီးရင် အားပြီလို့ဆိုတဲ့ လူမျိုးမဟုတ်ဘူး အလုပ်ပြီးရင် တစ်ခြားလုပ်စရာတွေ ဝါသနာပါရာတွေ အများကြီးရှိသေးတယ်။

အရင်လလောက်ကတည်းက သူများအကူအညီတောင်းတာတွေ ကူညီတာတွေများလို့ အလုပ်လည်းပျက်တယ် နားရမယ့်အချိန်နည်းသွားတယ် ဝါသနာပါရာလည်း လုပ်ချိန်နည်းသွားသလို တစ်ခါတစ်ခါ ပျက်ကွက်သွားတယ်။ ဒီတစ်ပါတ်ထဲမှာ အကြွေးကျန်နေတဲ့ အလုပ်တွေ မနည်းဖြတ်လိုက်ရတယ်။ ကိုယ်လုပ်နေကျအလုပ် သူများကိုကူညီလို့ ပျက်ကွက်တယ်ဆိုတာ မဖြစ်သင့်ဘူး အကူအညီတောင်းတဲ့လူတိုင်း သူတို့အလုပ် အရေးကြီးတယ် ပြောကြတာပါပဲ အဲဒါတွေ သိပ်အရေးမစိုက်တော့ဘူး။

အခုတော့ အလုပ်လုပ်ချိန်၊ စာဖတ်ချိန်၊ နားချိန်၊ အာကီဒိုကစားချိန်၊ အားတဲ့အချိန် စသည်ဖြင့်ပေါ့လေ အချိန်ဇယားဆွဲထားလိုက်တယ်။ အကူအညီတောင်းတဲ့ အချိန်တွေကို အားတဲ့အချိန်ပဲ လုပ်ပေးတော့တယ်။ နားချိန်မှာ သူငယ်ချင်းတွေနဲ့ လျောက်သွားချင်သွားမယ် အဲဒါအားနေတာ မဟုတ်ဘူး။ ကိုယ့်အချိန်ဇယားကို သူများအလုပ် ဦးစားပေးစနစ်နဲ့ မပြင်တော့ဘူးလို့ အတိအကျ ဆုံးဖြတ်လိုက်တယ်။ အားတဲ့အချိန်ပဲ ကူညီနိုင်မယ် နားတဲ့အချိန်ကို ဖျက်မပေးနိုင်ဘူး နောက်ထပ်အားတဲ့ အချိန်ကိုရောက်မှ ကူညီပေးနိုင်မယ်လို့ အပြတ်ပြောတဲ့ စနစ်ကိုကျင့်သုံးတော့မယ်။ လူမုန်းနည်းနည်းပိုများမယ် သန်းခေါင်ထက်တော့ ညဥ့်မနက်ပါဘူးလေ။

မန်းစလေးသားစိစိ

လေသံကတော့ ဘယ်လိုမှလိမ်လို့မရဘူး မန္တလေးရဲ့မူပိုင်ပဲ လူရွှင်တော်တွေက နာမည်ကြီးတွေပါ မန္တလေးသားစစ်စစ်ဖြစ်ကြသလို မန္တလေးလေသံစစ်စစ်တွေ ဘာပဲဖြစ်ဖြစ် အလွမ်းပြေကြည့်ရတယ် ကိုဒီဘီသူများဆီက မလာတာကို ကိုယ်လည်းပြန်ခိုးပြီး Vimeo တင်ထားတယ်။ လေသံက လူတိုင်းလိုက်ပြောလို့ မတတ်နိုင်ဘူး ငယ်ကတည်းက ရှမ်းပြည်မှာနေတယ် ဒါပေမယ့် ကျွန်တော့်လေသံက မန္တလေးလေသံစစ်စစ် မောင်ပီအမ်က တစ်ခါဖုန်းဆက်တုံးက အညာသားလေသံနဲ့ ဘယ်သူလဲမသိဘူး ပြောဖူးတယ်။ တောသားလေသံနဲ့ အစ်ကိုကြီးတစ်ယောက်လို့လည်း အပြောခံရဖူးတယ်။

ပျက်လုံးထဲက တရုတ်ကြီးလေသံကို သဘောကျတယ် တစ်ကယ်က မန္တလေးမှာနေတဲ့ တရုတ်ဆိုတာက နှစ်မျိုးရှိတယ် ရှေးကတည်းက နေလာတဲ့ မန္တလေးသားတရုတ်တွေရှိတယ် နောက်မှ ပြောင်းလာတဲ့ နိုင်ငံခြားသားတရုတ်တွေရှိတယ်။ နောက်မှ ပြောင်းလာတဲ့လူတွေနဲ့က စရိုက်မတူဘူး ဒါ့ကြောင့် လူပြောစရာဖြစ်တာပါ။ ဟိုးအရင်ကတည်းက နေခဲ့တဲ့တရုတ်တွေက သိသာပါတယ် စကားမပီတာမရှိပါဘူး တစ်ချို့ဆိုဗမာစာပဲတတ်တယ် တရုတ်စာမတတ်ဘူး။ အဝတ်အစားလည်း သူလိုကိုယ်လိုပဲ ဝတ်ကြတာပါ။ မန်းမြို့တော်ဆိုင်က တရုတ်ညီအစ်ကိုတွေမှာ လက်ဘက်ရည်ဆိုင်မဖွင့်ပဲ လျှပ်စစ်ပစ္စည်းရောင်းတဲ့ ဦးလေးကြီးနဲ့ သူငယ်ချင်းနဲ့က ဘော်တာတွေ အဲဒီ့လူကြီးတွေ တရုတ်မှ တစ်ပြားမှမလျော့ဘူး ပစ္စည်းဝယ်မလို့ ရွှေလီဘက်သွားတာ တရုတ်လိုမပြောတတ်လို့ ကုလားက တရုတ်လိုဘာသာ ပြန်ပေးရတယ်။ ပြန်ပြောပြလို့ ရယ်လိုက်ရတာလွန်ရော။

မန္တလေးမှာက မြင်ရတာက အခြားမြို့တွေနဲ့မတူဘူး အခုအချိန်အထိ ပုဆိုးနဲ့ ထဘီနဲ့မြင်နေရပါသေးတယ် အရင်ထက်စာရင်တော့ လူငယ်တွေ ယောက်ျားလေး မိန်းကလေး ဘောင်းဘီရှည်နဲ့လည်း တွေ့ရတတ်တယ် ဒါတွေကကိစ္စမရှိပါဘူး အနည်းဆုံးတော့ လေသံကတော့ ပျောက်ပျက်မသွားနိုင်ပါဘူး။ သေချာတာကတော့ ကျုံးရေခန်းသွားရင်ဖြစ်ဖြစ် မြို့ရိုးပြိုသွားချိန်မရောက်သ၍တော့ မန္တလေးမှာ ပုဆိုးနဲ့ ထဘီ မပျောက်ပျက်နိုင်သေးပါဘူးလေ။ မန္တလေးသူ တရုတ်မလေးတွေကတော့ ဗမာတွေနဲ့ အသားအရောင်ပဲကွာတယ် ကျန်တဲ့ဝတ်ပုံစားပုံက အတူတူပါပဲ။ တရုတ်မလေးများ ဘောင်းဘီတို စွပ်ကျယ်အင်္ကျီလိုဝတ်ပြီး ချက်ပေါ်နဲ့ ဆိုင်ကယ်စီးတာတော့ရှိသပေါ့။ အဲဒါတွေက မန္တလေးသူ တရုတ်မလေးတွေ မဟုတ်ဘူးလေ နိုင်ငံခြားသူ တရုတ်မလေးတွေမဟုတ်လား ဒီတော့မသိချင်ယောင်ဆောင်ပြီး နေရတယ်လေ မဟုတ်ရင်ကြည့်စရာမရှိဖြစ်မယ်။