ပြဿနာရှင်းတတ်ဖို့အရေးကြီးတယ်

Software Development လုပ်တဲ့လူတစ်ယောက်အနေနဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှု့တွေ အမျိုးမျိုးရှိပါတယ် ပထမဆုံးအနေနဲ့ လူလိုတွေးတာကို ဖျောက်ပြီးတော့ ကွန်ပျူတာအလုပ်လုပ်သလို တွေးတတ်ရပါတယ် ဒုတိယအနေနဲ့ ကွန်ပျူတာအလုပ်လုပ်သလို ခိုင်းနိုင်ဖို့အတွက် Programming Language တစ်ခုခုကို အရင်ဆုံးကျွမ်းကျင်အောင် လေ့လာရပါတယ် တတိယအနေနဲ့က နမူနာပြဿနာအတု တွေကိုဖြေရှင်း ကြည့်ရပါတယ်။ နမူနာပြဿနာအတုဆိုရာမှာ ကိုယ်တိုင်က System တစ်ခုသတ်မှတ်ပြီး Implement လုပ်ကြည့်ရပါမယ် ဥပမာပြောရရင် Programming Language တစ်ခုလေ့လာအပြီးမှာ အဲဒီ့ Programming Language ကိုသုံးပြီးတော့ System တစ်ခုရေးကြည့်တာမျိုးကို ဆိုလိုပါတယ်။

သင်မှတတ်တယ်ထင်တဲ့ ကိုယ့်လူမျိုးရဲ့ အကျင့်အရပြောရမယ်ဆိုရင် အပေါ်ကသုံးဆင့်မှာ သင်ပေးလို့ရတာ ဒုတိယတစ်ဆင့်ပဲရှိပါတယ် ကျန်တဲ့အဆင့်နှစ်ခုက ကိုယ်တိုင်လုပ်ယူရတာပါ။ ပထမဆင့်မှာ ကွန်ပျူတာလို တွေးတတ်ဖို့ Logic Building ပုစ္ဆာတွေကို ရှင်းခိုင်းရပါတယ် သင်ယူတဲ့လူက ကိုယ်တိုင်မရှင်းနိုင်လို့ သင်ပေးတဲ့လူက ရှင်းလိုက်ပြီးတော့ အဖြေကိုရှင်းပြရင် သင်ယူတဲ့လူနားလည်သွားပါလိမ့်မယ် ဒါပေမယ့် သင်ယူတဲ့လူမတတ်လိုက်ပါဘူး သူနားလည်သွားတာက နမူနာပုစ္ဆာရဲ့အဖြေသာဖြစ်ပါတယ် တတ်သွားရမယ့် Logic ကိုမရခဲ့ပါဘူး။ တတိယတစ်ဆင့်မှာလည်း ပရောဂျက်တစ်ခု လုပ်ခိုင်းလိုက်တယ် ကျောင်းသားကကြိုးစားမလုပ်ဘူး အဲဒီ့မှာ သင်တန်းဆရာက ဒီလိုဆိုပြီး အစကနေ ဘယ်လိုရေးတယ်ဆိုပြီး ရေးပြလိုက်တယ် အဲဒါဆိုလည်း ကျောင်းသားအတွက် အလကားပါပဲ ရေးတတ်သွားတယ်လို့ ထင်သွားတယ် သို့ပေမယ့် ဘာမှမရလိုက်ပါဘူး။

ဘယ်သင်တန်းကောင်းသလဲ ဆိုတဲ့အမေးတွေကို ဖြေရမယ်ဆိုရင် အပေါ်မှာပြောထားသလို သင်ယူမယ့်လူအနေနဲ့ ပထမနဲ့ တတိယ အဆင့်နှစ်ဆင့်ကို ကိုယ်တိုင်သင်ယူရမယ်ဆိုတာ သဘောပေါက်ရင် ဘယ်သင်တန်းမှာသင်သင် အတူတူပါပဲ။ ချော့သင်တဲ့နေရာမှာ ဗမာပြည်ထက် ကောင်းတဲ့နေရာ တစ်နေရာမှ မမြင်ဖူးပါဘူး ဗမာပြည်က တက္ကသိုလ်မှာ Language တစ်ခုကို တစ်နှစ်သင်ရတယ် စာသင်လအနေနဲ့တွက်ရင် ၉ လလောက်ရှိပါတယ် တတိယနှစ်အထိ Language တစ်မျိုးစီသင်ပါတယ်။ တစ်ခြားနိုင်ငံက တက္ကသိုလ်မှာ Language တစ်ခုဟာ Semester တစ်ခုပဲသင်ပါတယ် စာသင်လဟာ ၄ လလောက်ပဲရှိတယ် စာသင်ရက် ၁၅ ရက်လောက်ပဲရတယ် အနည်းဆုံး တစ်ရက်တစ်ခန်းနဲ့ အပြတ်သင်တာပါ ဗမာပြည်လို ဒီတစ်ပါတ် if နောက်တစ်ပါတ် for ဆိုပြီးသင်နိုင်တာမဟုတ်ပါ။ အဲဒါကို ဘာလို့တတ်သလဲဆိုတော့ ပရောဂျက်က အနည်းဆုံး ၄ဝ% လောက်ယူပါတယ် ဒီတော့အဲဒါမလုပ်ရင် ကျဖို့ကသေချာပါတယ် ဒီတော့သင်တာ မကောင်းလည်း ကျမှာကြောက်တော့ အတင်းတွန်းပြီး ကိုယ့်ဟာကိုယ်လုပ်ရပါတယ်။ ဗမာပြည်က တက္ကသိုလ်က အဲဒီ့လိုဖိအား မရှိတဲ့အတွက် ကိုယ့်ကိုကိုယ် တတ်အောင်လုပ်မယ်ဆိုတဲ့ ဖိအားလိုပါတယ် အဲဒါသာရှိမယ်ဆိုရင် ဘယ်မှာသင်သင် အတူတူပါပဲ။

အဲဒီ့လိုသင်ခဲ့ရင် အလုပ်မှာသုံးလို့ရပြီလားဆိုရင် သုံးစားလို့မရသေးပါဘူး ပြောရမယ်ဆိုရင် လက်သင်ပဲရှိပါသေးတယ် အလုပ်မှာက သင်တန်းမှာရေးတဲ့ ပရောဂျက်နဲ့ကွာတာက အပြင်မှာသုံးတဲ့ပြဿနာပါ သူ့သတ်မှတ်ချက်ကို မရရအောင်ရေးရပါတယ် ဒီနေရာမှာကိုယ်ရေးတဲ့ Language မှာမပါတဲ့ Features ဖြစ်ဖြစ် ရှိပေမယ့်ကိုယ်မသိတာပဲဖြစ်ဖြစ် ပြဿနာပေါင်းစုံ အမြဲတွေ့ရပါတယ် အဲဒါကိုရှင်းတဲ့နေရာမှာ ကိုယ်တတ်သလောက်နဲ့ ဖြစ်အောင်လုပ်ယူရပါတယ် အဲဒါကို Problem Solving Skill ခေါ်ပါတယ် Problem Solving Skill ဟာတစ်ယောက်နဲ့ တစ်ယောက်မတူပါ။ ပြဿနာများများကြုံတဲ့လူဟာ ဖြေရှင်းနည်းများများသိပါတယ် အဲဒါကို အတွေ့အကြုံလို့ခေါ်တာပါပဲ။ Problem Solving Skill မမြင့်ပေမယ့် ပြဿနာတက်လိုက် ဟိုလူ့မေးလိုက် ဒီလူ့မေးလိုက်နဲ့ လိမ်ဖယ်လိမ်ဖယ်နဲ့ အတွေ့အကြုံများများလာတဲ့ လူလည်းရှိတာပါပဲ။ ဒီတော့ဆိုလိုတာက အလုပ်လုပ်တယ်ဆိုရင် အတွေ့အကြုံဆိုတာက တစ်ဖြည်းဖြည်းများလာတာပါ နည်းတာနဲ့ များတာပဲကွာပါတယ် Problem Solving Skill မြင့်တဲ့လူကတော့ အလုပ်လုပ်တာ အချိန်တူရင်တောင် အတွေ့အကြုံပိုများများရမယ်ပေါ့။ ဒီတော့အလုပ်လုပ်ဖို့အတွက် Problem Solving Skill မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ လိုအပ်ပါတယ်။ အဲဒါမရှိရင်တော့ အလုပ်လုပ်လို့မရပါ။

အလုပ်လုပ်လို့ရပြီဆိုရင် ဘယ်လောက်အထိ တိုးတက်မလဲဆိုတာ ကြည့်သင့်သေးတယ် Implementation မှာ Problem Solving Skill မြင့်တယ် အတွေ့အကြံများတယ်ဆိုရုံနဲ့ အပြင်ကကြုံတွေ့နေတဲ့ ပြဿနာတွေကို Analyze မလုပ်နိုင်သလို ပရောဂျက်တစ်ခုကို စီမံခန့်ခွဲနိုင်ခြင်းမရှိပါ ဒီနေရာမှာ Implementation ထက်ပိုတဲ့ ဘာသာရပ်တွေ အများကြီးသင်ယူဖို့လိုပါသေးတယ် Software Engineering, Project Management, Management Information System, System Analysis and Design စသည်ဖြင့် တတ်ကျွမ်းဖို့လိုပါတယ် အဲဒါတွေကို မသင်ပဲအလုပ်လုပ်ရုံနဲ့ တတ်မယ်လို့မျှော်လင့်လို့မရပါ။ အဲဒါတွေသင်ဖူးရင် လုပ်နိုင်ပြီလားဆိုတော့လည်း မဟုတ်ပါ ဒီနေရာမှာလည်း သင်ထားတာကို သင့်လျော်တဲ့ပြဿနာမှာ သုံးတတ်တဲ့ Problem Solving Skill ရှိဖို့လိုအပ်ပါတယ်။ အဲဒါတွေမသင်ဖူးရင် ပြဿနာမရှင်းတတ်ဖူးလားဆိုတော့ အဲဒီ့လိုလည်းမဟုတ်ပါ မြင်ဖူးတဲ့ပြဿနာတော့ ရှင်းတတ်ကောင်း ရှင်းတတ်ပါလိမ့်မယ် သို့ပေမယ့် ရှုပ်ထွေးတဲ့ပြဿနာတွေ ရှင်းနိုင်လိမ့်မည်မဟုတ်ပါ Implementation ပြဿနာမဟုတ်တဲ့အတွက် ဒါလေးမရေးတတ်လို့ဆိုပြီး ဖိုရမ်မှာမေးလို့လည်း မရတော့ပါ။ ဒီအရာတွေကို Management Problem Solving Skill လို့နာမည်တပ်လိုက်ပါ့မယ် ဒါတွေမကျွမ်းကျင်ပဲ သက်ဆိုင်ရာဌာနရဲ့ Management Level ကိုမရောက်နိုင်ပါ။

ဒါတွေကတော့ လိုအပ်တဲ့ Technical Skill တွေကိုပြောတာပါ ဒါတွေနဲ့တော့ မလုံလောက်သေးပါဘူး အခြားသော Communication, Team Work စသည်ဖြင့်လိုအပ်တဲ့ Skill တွေရှိဦးမှာပါ။ နောက်တစ်ခုက Technical ပဲသိရှိပြီး စီးပွားရေးအမြင်မရှိရင်လည်း Software Developement လုပ်ငန်းတစ်ခုနဲ့ ငွေရှာနိုင်မယ့်လူ ဖြစ်မလာပါဘူး သူများဆီမှာအလုပ်လုပ်တဲ့ ဝန်ထမ်းပဲဖြစ်နိုင်ပါတယ် ရာထူးကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အလုပ်သမားဟာ အလုပ်သမားပါပဲ။ ဒါ့ကြောင့် Software Developement နဲ့အသက်မွေးချင်တယ်ဆိုရင်တော့ ဆယ်တန်းအောင် ကျောင်းမတက်ပဲ Programming သင်ပြီးအလုပ်လုပ်လို့ရတယ်လို့ မတွေးစေချင် လခစားလုပ်ရင်တောင် ခိုင်းသမျှလုပ်ရမယ့် Implementation မှာတစ်သက်လုံး အချိန်ကုန်ခံဖို့မသင့်လျော်ပါ။ ဒါ့ကြောင့် ဘယ်နေရာရောက်ရောက် သင့်တော်တဲ့ ပညာသင်ဖို့လိုအပ်သလို သင်လို့မရတဲ့ Problem Solving Skill လည်းအရေးကြီးလှပါတယ်။

ဘုတ်အုပ်စုတဲ့ရောဂါ

လူအများပြောတဲ့ စာဖတ်ဝါသနာပါတယ်ဆိုတာ ဘယ်လိုဟာလည်း ကျွန်တော်မသိပါဘူး ကျွန်တော့်အတွက်က စာဖတ်တာက ဝါသနာမဟုတ်ပါဘူး ကျွန်တော်စာဖတ်ရခြင်း အကြောင်းအရင်း နှစ်မျိုးပဲရှိပါတယ် အသက်မွေးဝမ်းကျောင်းအတွက်ရယ် ဝါသနာအတွက်ရယ် စာဖတ်တာပါ။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က စာမဖတ်ရင် မရတဲ့အတွက် စာကိုအဆက်မပြတ်ဖတ်ရပါတယ် ဒီတော့စာဖတ်တာကိုက အလုပ်တစ်ခုလို့ပြောလို့ရတယ်။ နောက်တစ်ခုက ကိုယ်ဝါသနာပါရာ အကြောင်းအရာတွေကို သိချင်လို့စာကို ဖတ်ပါတယ်။ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းက စာဖတ်တာချင်းတူပေမယ့် ဖတ်ပုံဖတ်နည်းချင်းကွဲပါတယ်။ ဝါသနာအတွက် ဖတ်တဲ့စာတွေဟာ တစ်ခါနှစ်ခါထက် ပိုမဖတ်ဖြစ်တာများပါတယ် ဘယ်စာအုပ်ထဲ ဘာရှိတယ်ဆိုမှတ်မိရင် အဆင်ပြေပါတယ် လိုတဲ့အချိန်မှ ပြန်ရှာလည်း ကိစ္စမရှိပါဘူး။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ဖတ်တဲ့စာကတော့ အတတ်ပညာတစ်ခု သင်တာဖြစ်လို့ အဲဒီ့လိုလုပ်ပြီးဖတ်လို့မဖြစ်ပါဘူး။

ကျွန်တော် တက္ကသိုလ်စတက်ချိန်က စပြီးသင်ရတာက C Language ကိုသင်ရပါတယ် အဲဒီ့တော့စာဖတ်ရပါတယ် အခြေခံကသင်ပြီးလေတော့ ကျွန်တော်အသေးစိတ် စပြီးဖတ်ဖြစ်တဲ့စာအုပ်က Stretching Turbo C စာအုပ်ပါ ၁၉၈၈ မှာပုံနှိပ်တဲ့စာအုပ်ဆိုတော့ ကျွန်တော်ဖတ်ချိန်မှာ အတော်လေးဟောင်းပါပြီ။ စာကြည့်တိုက်က C Language နဲ့ပါတ်သက်တဲ့ စာအုပ်တွေ အများကြီးဖတ်ဖူးပါတယ် ဒါပေမယ့် အသေးစိတ်ဖတ်ခဲ့တာက Stretching Turbo C တစ်အုပ်ပဲရှိပါတယ်။ နောက်တော့ တစ်ခြား Language တွေ VB, Assembly, Power Builder, C# … စသည်ဖြင့် ဖတ်တော့လည်း ဒီလိုပါပဲ အသေးစိတ်ဖတ်တဲ့ စာအုပ်တစ်အုပ်တော့ အမြဲတမ်းရှိပါတယ်။ Database နဲ့ပါတ်သက်ပြီးဖတ်တယ် Theory စာအုပ်က C.J Date ရဲ့စာအုပ်ဟာ အရင်ကတည်းက ကျွန်တော်ပင်တိုင်ဖတ်တယ် Commercial Database System တွေအတွက် MS SQL Server ဆိုရင် Microsoft SQL Server 7.0 Database Implementatoin Training Kit ဆိုတဲ့စာအုပ်ဟာ အသေးစိတ်ဖတ်ခဲ့ဖူးတဲ့စာအုပ်ပါ အခုဆိုရင် 2008 တောင်ထွက်နေလို့ 7.0 ဟာရှေးဟောင်း ပစ္စည်းဖြစ်နေပါပြီ ဒါပေမယ့်လိုရင် ဖတ်နေတုံးပါပဲ။ ထို့နည်းတူပဲ Oracle, DB2, PostgreSQL, MySQL … စသည်ဖြင့် အားလုံးမှာ ကျွန်တော် အသေးစိတ်ဖတ်တာ တစ်အုပ်စီတော့ရှိကြတယ်။ အသစ်ထွက်သမျှလည်း ဖတ်ပါတယ် ဒါပေမယ့် တစ်ခုကိုအသေးစိတ် ဖတ်ပြီးဖြစ်လို့ မလိုတာတွေမဖတ်ပဲ အသစ်တိုးတာပဲ ဦးစားပေးဖတ်ပါတယ် အသစ်ထွက်တိုင်း အသေးစိတ်ဖတ်ရရင် ဘယ်လိုမှစာပေါင်းစုံ အလျင်မှီအောင် ကျွန်တော်မဖတ်နိုင်ပါ။ ဒါကကျွန်တော် ဖတ်နေကျအတိုင်း ပြောတာပါ သူများဖတ်တာတော့ ဒီလိုဟုတ်ချင်မှ ဟုတ်မယ်ပေါ့လေ။

အခုနောက်ပိုင်း တွေ့လို့သတိထားမိတာက အချို့သောလူများက စာအုပ်အင်မတန် လိုချင်တယ် ကိုယ်ကိုယ်တစ်ခုခုမေးလို့ ခင်ဗျားဘယ်စာအုပ် ထဲမှာတော့အသေးစိတ် ပါတယ်ပြောလိုက်ရင် အဲဒီ့ဟာလေးမရှိဘူးလား ဆိုပြီးကူးယူသွားတယ် နောက်တစ်ခုလည်း ကောင်းတယ်ပြောရင် အဲဒါလည်းကူးသွားတာပဲ။ အခုနောက်ပိုင်းက စာအုပ်တွေက E-Book တွေဖြစ်လေတော့ ကူးလို့ကလည်းလွယ်တာကိုး မိတ္တူကူးရမယ်ဆိုတော့ ကူးချင်မှကူးမယ်ထင်တယ်။ နောက်ပိုင်း မေးချင်လို့ဆိုပြီးစကားစပ်မိရင် ခင်ဗျားအရင်တစ်ခါ ကူးသွားတဲ့ ဘယ်စာအုပ်ထဲမှာပါတယ် ဘယ်အခန်းမှာပြန်ကြည့်လို့ပြောလိုက်ရင် စာအုပ်နာမည်ကို မသိတော့တာများတယ်။ ဒီတော့ကိုယ်ပဲ ပေးလိုက်တာ များသွားလို့မဖတ်သလားဆိုပြီး နောက်ပိုင်းကျတော့ တစ်အုပ်ပဲပေးလိုက်တယ် ဖတ်လို့ပြီးရင်ပြော နောက်ထပ်ဖတ်သင့်တာ ရှာပေးမယ်ဆိုရင် နောက် ၁ လနေလည်း ပေါ်မလာဘူး ၂ လနေလည်းပေါ်မလာဘူး။ နောက်ပိုင်းစကားစပ်မိလို့ နောက်ထပ်စာအုပ် ကိုယ့်ဆီကတွေ့ရင် ထပ်တောင်းသေးတယ်။ အရင်စာအုပ်ကိစ္စမေးလိုက်ရင် ပေးလိုက်မှန်းတောင် မမှတ်မိပါဘူး။ ကြုံပါများမှ သဘောပေါက်လာတယ် သူတို့ကစာဖတ်တာမဟုတ်ဘူး စာအုပ်စုတဲ့ဝါသနာ ပါကြတာကိုးဗျ။ အရင်ကဆို တစ်ကူးတစ်က အချိန်ကုန်ခံပြီး Upload လုပ်ပေးတယ်။ နောက်တော့ သဘောပေါက်သွားတယ် ဘာသာတစ်ခုကို တစ်အုပ်စီတင်ထားတယ် မေးလာရင် အဲဒီ့တင်ပြီးသား တစ်အုပ်ကိုညွှန်းလိုက်တယ် ထပ်တောင်းရင် ဖတ်မယ်ဆိုရင် အဲဒါအရင်ဖတ် ပြီးရင်ဖတ်စရာထပ်ပေးပါ့မယ် စာအုပ်စုမယ့်လူဆိုရင်တော့ အားရင်အိမ်ဝင်ခဲ့ Hardisk သယ်ခဲ့အကုန်ကူးသွား အလုပ်ရှုပ်လို့ Upload တော့လုပ်မပေးအားဘူးလို့ ပြောတော့တယ်။ ဝါသနာပါရာ စာအုပ်စုတာက ကိစ္စမရှိပါဘူး အသက်မွေးဝမ်းကျောင်း ဖတ်ရမယ့်စာကို စုပြီးမဖတ်ပဲနေရင်တော့ ဘာမှဖြစ်လာမယ်မထင်ဘူး။

နည်းပညာဘလော့ဘာလဲဘယ်လဲ

တစ်ခါတစ်လေ ဂျီတော့မှာပြောရင်း အွန်လိုင်းပေါ်က ဘော်တာတွေက ပြောလေ့ရှိတယ် ခင်ဗျားဘလော့ကို နည်းပညာလေးဘာလေး ရေးပါလို့ ပြောတတ်တယ်။ အမြဲတော့မရေးဘူး တစ်ခါတစ်လေရေးပါတယ် ဖတ်ကြည့်ပါလို့ ပြောတော့ အဲဒါမျိုးတွေမဟုတ်ဘူးတဲ့ ခင်ဗျားဘလော့မှာ ဒေါင်းလုပ်လုပ်စရာ ဘာမှမရှိဘူးဆိုပဲ။ ဒါနဲ့အတော်ပြန်စဥ်းစားရတယ် သူတို့ပြောတာလည်း လွန်တော့မလွန်ဘူး မြင်ဖူးတဲ့ ဗမာနည်းပညာ ဘလော့ဆိုတာတွေက နှစ်မျိုးပဲရှိတယ် File Sharing နဲ့ Application Tips ပဲတွေ့ပါတယ်။ ဒါ့ကြောင့် တစ်ခါက မိတ်ဆွေတွေနဲ့ Facebook မှာစကားစပ်မိလို့ ဗမာကွန်ပျူတာ နည်းပညာ ဘလော့ဆိုတာ File Sharing + Crack + Serial ဖြစ်နေသလားလို့ ပြောမိပါသေးတယ်။

Application Tips ဆိုတာက End User အတွက်အသုံးတည့်ပါတယ် ဒါတွေတောင် ကျွန်တော့်အမြင်နဲ့ဆို ကွန်ပျူတာနည်းပညာလို့ မမြင်မိသေးဘူး ဒါတွေက ကွန်ပျူတာအသုံးချမှု့ သက်သက်ပဲ ရှိပါသေးတယ်။ လက်ရှိအနေအထားနဲ့ ကွန်ပျူတာနည်းပညာနဲ့ ပါတ်သက်တဲ့ Knowledge ကို မျှဝေတဲ့ဘလော့ဟာ နည်းလွန်းပါသေးတယ် အများစုကနည်းပညာ ဘလော့ဆိုကြတယ် ဒါပေမယ့် File Sharing နဲ့ Application Tips ကလွဲရင်မတွေ့မိသေးဘူး။ တစ်ခြားနိုင်ငံကလူတွေလည်း File Sharing နဲ့ Application Tips တွေရေးကြပါတယ် ဒါပေမယ့်သူတို့က အဲဒါတွေကို နည်းပညာဆိုပြီး အမည်မတပ်ကြပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ကွန်ပျူတာ နည်းပညာဘလော့ဆိုတာ ရေးတဲ့လူရဲ့ ကိုယ်ပိုင်အသိဥာဏ်ရယ် လေ့လာထားတဲ့ ကွန်ပျူတာနည်းပညာ သုံးသပ်ချက်တင်ပြချက် ဘယ်လောက် ပါဝင်တယ်ပဲ အဓိကထားပါတယ် အဲဒါတွေမပါရင် ကွန်ပျူတာ နည်းပညာဘလော့လို့ လက်သင့်မခံပါဘူး။

နမူနာပြရမယ်ဆိုရင် ဘလော့နှစ်ခုရှာကြည့်ထားတယ်။ ပထမတစ်ခုက Brian E. Hall

ရဲ့ ဘလော့ကိုကြည့်နိုင်တယ် သူဟာကွန်ပျူတာ နည်းပညာလောကရဲ့ နာမည်ကြီးပေ့ဆိုတဲ့ လူတွေအထဲမှာ မပါဝင်ပါဘူး။ သူ့ရဲ့ဘလော့ကို ကြည့်နိုင်တယ် သူရဲ့ကိုယ်ပိုင်အသိဥာဏ်နဲ့ ပါတ်သက်တဲ့ နည်းပညာ အကြောင်းအရာတွေ ရေးပါတယ် နောက်ဆုံး ကိုယ်တိုင်ရေးတဲ့ စာအုပ်တွေပါပါတယ် ဒေါင်းလုပ်လုပ်ခွင့်ပေးတယ် File Sharing မဟုတ်ပါဘူး သူ့ရဲ့ လေ့လာထားတဲ့ ကိုယ်ပိုင် ကွန်ပျူတာ နည်းပညာ အသိဥာဏ်တွေပါ ရေးသမျှဟာ အကုန်လုံး အသေးစိတ်ကို ရေးထားတာပါ။ ဒါတွေပဲရေးသလားဆိုတော့ မဟုတ်ပါဘူး သူဝါသနာပါရာ ဓာတ်ပုံအကြောင်း ခရီးသွားတဲ့အကြောင်း စသည်ဖြင့်လည်း ရေးထားပါသေးတယ်။

ဒုတိယတစ်ခုအနေနဲ့ Joe Drumgoole

ရဲ့ဘလော့ကိုလည်း ကြည့်နိုင်ပါတယ်။ သူကတော့ CloudSplit Ltd ရဲ့ CEO တစ်ယောက်ပါ။ သူ့ဘလော့မှာ အစုံရေးလေ့ရှိတယ် ထမင်းဆိုင်မှာ ထမင်းသွားစားတာ ချက်နည်းပြုတ်နည်းကနေ သူ့ရဲ့ Conference Presentation အထိ အကုန်ပါပါတယ်။ သူရေးတာက နည်းပညာနဲ့ပါတ်သက်တဲ့ အကြောင်းအရာဆိုရင် စီးပွားရေးအမြင်နဲ့ ခြုံငုံရေးတတ်ပါတယ် ပထမဘလော့မှာ ပြောထားသလို Technical Detail ရေးတဲ့လူမဟုတ်ပါဘူး။ ဒါပေမယ့် သူရေးတဲ့အကြောင်းအရာတွေဟာ ကွန်ပျူတာနည်းပညာပါပဲ မဟုတ်ဘူးလို့ ဘယ်လိုမှမငြင်းနိုင်ပါဘူး။

ဗမာလိုရေးတဲ့ နည်းပညာဘလော့ဆိုတာတွေမှာ အဲဒါမျိုးတွေနည်းလွန်းလှတယ် နည်းရခြင်းအကြောင်းအရင်းက ရေးမယ့်လူနည်းတာလည်း ပါသလို လူတိုင်းလည်း မရေးနိုင်တာကလည်း တစ်ချက်အခက်အခဲရှိတယ်။ မြန်မာလူမျိုးတွေထဲမှာ ရေးနိုင်တဲ့ လူတွေရှိပါတယ် ရေးတယ်ဆိုတာကလည်း ရေးရတာ ဝါသနာပါမှ ရေးဖြစ်တာမျိုး ဖြစ်လေတော့ သိတဲ့လူမျိုးတိုင်းလည်း စာမရေးဖြစ်တာက နောက်တစ်ချက်ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုက ဖတ်မယ့်ပရိတ်သတ် ဗမာလူငယ်တွေ ကွန်ပျူတာနည်းပညာကို စိတ်ဝင်စားတယ်သာ ပြောကြတယ် တစ်ကယ်တမ်း နင်လားငါလား လိုက်စားတဲ့လူက နည်းလွန်းလှတယ်။ File Sharing ဘလော့လုပ်ရတာက ကျွမ်းကျင်မှု့အတိုင်းအတာက နည်းပညာဘလော့လို အများကြီးမလိုအပ်လှဘူး နောက်ပြီးတော့ ပေးထားတဲ့ Knowledge ပမာဏနဲ့ ဖတ်တဲ့လူရဲ့ Knowledge ပမာဏ ကွာခြားမှု့မများလေတော့ ဖတ်မယ့်လူများတယ် လူအလာများတယ်။ ဘာပဲဖြစ်ဖြစ်ပါ File Sharing တွေများများလာတာထက် Technically ဆွေးနွေးတာ တင်ပြတာများတဲ့ ဗမာကွန်ပျူတာ နည်းပညာဘလော့တွေတော့ မြင်မိချင်ပါသေးတယ်။