ဖုန်းဆက်လိုက်ရမလား

ဗမာပြည်သားနိုင်ငံခြားမှာ ဖြစ်ရတာတယ်လည်း မျက်နှာငယ်လှတယ် စုတ်စုတ်ပြတ်ပြတ် ဘင်္ဂလားကုလားတောင် ၂၄ နာရီအိမ်ကို ဖုန်းဆက်နိုင်တယ် ၈ ကျပ်တန် ဖုန်းကဒ်တစ်ကဒ်ဟာ သူတို့အတွက် မိနစ် ၅ဝဝ လောက်စကားပြောလို့ရတယ်။ ဒို့ဗမာပြည်တော့ စပြီးမခေါ်လိုက်နဲ့ “သင့်မှာ ၂၃ မိနစ်သာ ပြောရန်ကျန်ရှိပါတော့တယ်” စရောက်ကာစကဆို ဘယ်နှယ်ဖုန်းကဒ်ကအသစ် ၂၃ မိနစ်သာဆိုတော့ ဘယ်လိုကြီးပါလိမ့်ပေါ့။ ၂၃ မိနစ်ဆိုတာ အားလျားနေရင်သာ အချိန်ကကုန်ခဲတာ ဖုန်းပြောရင် ဘယ်လိုများ ပျောက်သွားသလဲမသိ ကျက်သရေတုံးတဲ့ အသံကထွက်ထွက်လာတယ် “သင့်မှာ ၁ မိနစ်သာ ပြောရန်ကျန်ရှိပါတော့တယ်” အဲဒီ့အသံများကြားရင် ငှက်ဆိုးထိုးသံအလားမှတ်ရတယ်။

ဒီတော့မိုးပြိုတယ် ပြောရင်သာယုံချင်ယုံမယ် ဗမာပြည်ကို ၁ နာရီဖုန်းပြောလို့ရတဲ့ ကဒ်ရှိတယ်ပြောရင်တောင် သိပ်ယုံချင်တာမဟုတ်ဘူး အရင်လည်းကဒ်ပေါင်းများစွာ ထွက်ခဲ့ဖူးပါတယ် အလွန်ဆုံးပြောရ ၃၅ မိနစ်ပဲ။ အစ်မ ဒဏ္ဍာရီကပြောတယ် ဗမာပြည်ကို မိနစ် ၇၅ဝ ပြောလို့ရတယ်တဲ့ အစ်မရယ်ဟုတ်လို့လားဆိုတော့ ဟုတ်တယ်တဲ့ အစ်မတောင် မနေ့က ၃ နာရီလောက် ပြောပြီးပြီဆိုပဲ။ စဥ်းစားရတယ် ဒီနေ့ကလည်း ၂ ရက်နေ့ရှိနေပါပြီ ဧပြီဖူးလည်း မဟုတ်တော့ပါဘူးပေါ့။ ကဒ်နာမည်ပြောပါ အစ်မရယ်ဆိုတော့ IDD 1576 တဲ့ ပြောချင်ရင် အစ်မကဒ်နဲ့ ယူပြောပါလို့ပြောတယ်။ အဲဒါနဲ့ အဲလိုတော့မဟုတ်သေးပါဘူး ဟုတ်တယ်ဆိုရင် ကျွန်တော်လည်း သွားရှာလိုက်ပါဦးမယ် ဆိုပြီးတော့ IDD 1576 ကိုအရှာထွက်ရတယ်။

အိမ်နားလေးက ဆိုင်ပေါက်စနတွေ တစ်ဆိုင်မှမရှိဘူး ဒါနဲ့ဝယ်နေကျဆိုင်ကို ဝေးလည်းသွားမယ်ဆိုပြီး ရောက်သွားတော့ IDD 1756 ရှိလားလို့ မေးလိုက်တော့ 1756 မဟုတ်ဘူးလေတဲ့ 1576 ဗမာပြည်ကို ဆက်မှာမဟုတ်လား အခုဗမာပြည်အတွက် အဲဒါအသစ်ပေါ်တာဆိုပဲ။ ဒါနဲ့ ဝမ်းသာအားရ အဲအဲ ဟုတ်တယ်မှားသွားလို့ အဲဒါလေး တစ်ကဒ်ပေးဆိုတော့ ရှိတော့ဘူးတဲ့ နေ့လည်ကတည်းက ကုန်သွားပြီတဲ့ နောက်နေ့မှရမယ်တဲ့။ မလျော့သောဇွဲနဲ့ ရှိသမျှဆိုင်တွေ အကုန်ပတ်ရှာပါသေးတယ် မရှိဘူးပဲပြောတယ် နာမည်တောင် မကြားဖူးဘူး ဆိုတဲ့ဆိုင်ကဆိုတယ်။

အိမ်ပြန်ရောက်တော့ အီးမေးစစ်လိုက်တော့ မာတာမိခင် မိုးရွာတုံးရေထွက်ခံတာ ချော်လဲလို့ လက်ဖျံမှာရေကန်အဖုံးနဲ့ ခြစ်မိတာ ဒဏ်ရာကြီးလို့ ချုပ်ထားရတယ် ဆိုပြီးတော့ ညီမဖြစ်သူက အီးမေးပို့ထားတာ တွေ့ပြန်တယ် အဲဒါနဲ့စိတ်ပူမိပြန်တယ် အဲဒီ့မိုးရွာထဲ ရေထွက်ခံတဲ့ကိစ္စက အဘွားရှိတုံးကလည်း အတူတူပဲ ရေရှားတာလည်း မဟုတ်ပဲနဲ့ အခုအမေလည်းလုပ်ပြန်ပြီ။ ဒါနဲ့မဖြစ်သေးဘူး IDD 1576 မရလည်း ထုံးစံအတိုင်း 1818 လေးဝယ်မှပဲဆိုပြီး အပြင်ထွက်မယ်လုပ်ပြီး ဂျီတော့ဖွင့်လိုက်တော့ အစ်မဒဏ္ဍာရီက ရသလားလို့ မေးထားတာ တွေတာနဲ့ တွေ့ဘူးရှာမရဘူးလို့ ပြောလိုက်တော့ အစ်မကဒ်နဲ့ခေါ်လိုက်ဆိုပြီး pin no. ပေးတယ် ကိုယ်ကလည်း အားနာတတ်တယ် မလုပ်ပါနဲ့ပြောလည်း အစ်မက မဟုတ်ဘူး မိနစ်တွေ အများကြီးပဲ ခေါ်သာခေါ်ပါဆိုတာနဲ့ စမ်းခေါ်ကြည့်တယ်။

ဖုန်းကအတော်တော့ စိတ်ရှည်ရတယ် ၁၅ မိနစ်လောက်ခေါ်ယူရတယ် ဝင်သွားတော့ လက်ကျန်က ၇ ကျပ်နဲ့ ပြား ၉ဝ ကျန်တယ်တဲ့ ဒါနဲ့ အိမ်ကဖုန်းနံပါတ်ကို ခေါ်လိုက်တော့ သင့်မှာ မိနစ် ၅၄ဝ ပြောရန်ကျန်သတဲ့။ ဒါနဲ့ မာမီမားသားကို သတင်းမေးရတယ် ဆေးခန်းသွားသလား ဘာလားပေါ့။ ပြီးတော့ ဖုန်းပြန်ချပြီးတော့ ဘယ်လောက် ကျန်သေးသလဲ ပြန်ခေါ်တော့ ဆယ်ပြားလားပဲ လျော့တယ်ဗျ။ အဲဒါနဲ့ အစ်မဒဏ္ဍာရီရဲ့ ဖုန်းကဒ်ကျေးဇူးနဲ့ အိမ်ကိုသတင်းမေးလို့ရသွားတယ် မနက်ဖြန်တော့ စင်္ကာပူကိုမြေလှန်ရှာမယ် နင်လားဟဲ့ IDD 1576 အနည်းဆုံး လက်ကျန် တစ်ကဒ်တော့ ရကောင်းပါရဲ့ ဖုန်းကဒ်များကလည်း ရတယ်ဆိုတဲ့အချိန် အသားကုန်ဆက်မှ နောင်များရချင်မှရမှာ စင်္ကာပူဖုန်းကဒ်များ ခံရပေါင်းများလို့ အခုခေါ်လို့ရပေမယ့် နောက်တော့ မပြောတတ်ဘူး။ ယခုရေးသောသတင်း ကောလဟာလမဟုတ် ပို့စ်တင်ချိန်အထိ အမှန်ဖြစ်သည်။

One thought on “ဖုန်းဆက်လိုက်ရမလား

  1. အဲဒါက ပရိုမိုးရှင်းတစ်ရက်ပဲဆို…. ဖုန်းကတ်ရောင်းတဲ့ဆိုင်မှာလုပ်နေတဲ့ အစ်မပြောတာပဲ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">