ဘုတ်အုပ်စုတဲ့ရောဂါ

လူအများပြောတဲ့ စာဖတ်ဝါသနာပါတယ်ဆိုတာ ဘယ်လိုဟာလည်း ကျွန်တော်မသိပါဘူး ကျွန်တော့်အတွက်က စာဖတ်တာက ဝါသနာမဟုတ်ပါဘူး ကျွန်တော်စာဖတ်ရခြင်း အကြောင်းအရင်း နှစ်မျိုးပဲရှိပါတယ် အသက်မွေးဝမ်းကျောင်းအတွက်ရယ် ဝါသနာအတွက်ရယ် စာဖတ်တာပါ။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က စာမဖတ်ရင် မရတဲ့အတွက် စာကိုအဆက်မပြတ်ဖတ်ရပါတယ် ဒီတော့စာဖတ်တာကိုက အလုပ်တစ်ခုလို့ပြောလို့ရတယ်။ နောက်တစ်ခုက ကိုယ်ဝါသနာပါရာ အကြောင်းအရာတွေကို သိချင်လို့စာကို ဖတ်ပါတယ်။ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းက စာဖတ်တာချင်းတူပေမယ့် ဖတ်ပုံဖတ်နည်းချင်းကွဲပါတယ်။ ဝါသနာအတွက် ဖတ်တဲ့စာတွေဟာ တစ်ခါနှစ်ခါထက် ပိုမဖတ်ဖြစ်တာများပါတယ် ဘယ်စာအုပ်ထဲ ဘာရှိတယ်ဆိုမှတ်မိရင် အဆင်ပြေပါတယ် လိုတဲ့အချိန်မှ ပြန်ရှာလည်း ကိစ္စမရှိပါဘူး။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ဖတ်တဲ့စာကတော့ အတတ်ပညာတစ်ခု သင်တာဖြစ်လို့ အဲဒီ့လိုလုပ်ပြီးဖတ်လို့မဖြစ်ပါဘူး။

ကျွန်တော် တက္ကသိုလ်စတက်ချိန်က စပြီးသင်ရတာက C Language ကိုသင်ရပါတယ် အဲဒီ့တော့စာဖတ်ရပါတယ် အခြေခံကသင်ပြီးလေတော့ ကျွန်တော်အသေးစိတ် စပြီးဖတ်ဖြစ်တဲ့စာအုပ်က Stretching Turbo C စာအုပ်ပါ ၁၉၈၈ မှာပုံနှိပ်တဲ့စာအုပ်ဆိုတော့ ကျွန်တော်ဖတ်ချိန်မှာ အတော်လေးဟောင်းပါပြီ။ စာကြည့်တိုက်က C Language နဲ့ပါတ်သက်တဲ့ စာအုပ်တွေ အများကြီးဖတ်ဖူးပါတယ် ဒါပေမယ့် အသေးစိတ်ဖတ်ခဲ့တာက Stretching Turbo C တစ်အုပ်ပဲရှိပါတယ်။ နောက်တော့ တစ်ခြား Language တွေ VB, Assembly, Power Builder, C# … စသည်ဖြင့် ဖတ်တော့လည်း ဒီလိုပါပဲ အသေးစိတ်ဖတ်တဲ့ စာအုပ်တစ်အုပ်တော့ အမြဲတမ်းရှိပါတယ်။ Database နဲ့ပါတ်သက်ပြီးဖတ်တယ် Theory စာအုပ်က C.J Date ရဲ့စာအုပ်ဟာ အရင်ကတည်းက ကျွန်တော်ပင်တိုင်ဖတ်တယ် Commercial Database System တွေအတွက် MS SQL Server ဆိုရင် Microsoft SQL Server 7.0 Database Implementatoin Training Kit ဆိုတဲ့စာအုပ်ဟာ အသေးစိတ်ဖတ်ခဲ့ဖူးတဲ့စာအုပ်ပါ အခုဆိုရင် 2008 တောင်ထွက်နေလို့ 7.0 ဟာရှေးဟောင်း ပစ္စည်းဖြစ်နေပါပြီ ဒါပေမယ့်လိုရင် ဖတ်နေတုံးပါပဲ။ ထို့နည်းတူပဲ Oracle, DB2, PostgreSQL, MySQL … စသည်ဖြင့် အားလုံးမှာ ကျွန်တော် အသေးစိတ်ဖတ်တာ တစ်အုပ်စီတော့ရှိကြတယ်။ အသစ်ထွက်သမျှလည်း ဖတ်ပါတယ် ဒါပေမယ့် တစ်ခုကိုအသေးစိတ် ဖတ်ပြီးဖြစ်လို့ မလိုတာတွေမဖတ်ပဲ အသစ်တိုးတာပဲ ဦးစားပေးဖတ်ပါတယ် အသစ်ထွက်တိုင်း အသေးစိတ်ဖတ်ရရင် ဘယ်လိုမှစာပေါင်းစုံ အလျင်မှီအောင် ကျွန်တော်မဖတ်နိုင်ပါ။ ဒါကကျွန်တော် ဖတ်နေကျအတိုင်း ပြောတာပါ သူများဖတ်တာတော့ ဒီလိုဟုတ်ချင်မှ ဟုတ်မယ်ပေါ့လေ။

အခုနောက်ပိုင်း တွေ့လို့သတိထားမိတာက အချို့သောလူများက စာအုပ်အင်မတန် လိုချင်တယ် ကိုယ်ကိုယ်တစ်ခုခုမေးလို့ ခင်ဗျားဘယ်စာအုပ် ထဲမှာတော့အသေးစိတ် ပါတယ်ပြောလိုက်ရင် အဲဒီ့ဟာလေးမရှိဘူးလား ဆိုပြီးကူးယူသွားတယ် နောက်တစ်ခုလည်း ကောင်းတယ်ပြောရင် အဲဒါလည်းကူးသွားတာပဲ။ အခုနောက်ပိုင်းက စာအုပ်တွေက E-Book တွေဖြစ်လေတော့ ကူးလို့ကလည်းလွယ်တာကိုး မိတ္တူကူးရမယ်ဆိုတော့ ကူးချင်မှကူးမယ်ထင်တယ်။ နောက်ပိုင်း မေးချင်လို့ဆိုပြီးစကားစပ်မိရင် ခင်ဗျားအရင်တစ်ခါ ကူးသွားတဲ့ ဘယ်စာအုပ်ထဲမှာပါတယ် ဘယ်အခန်းမှာပြန်ကြည့်လို့ပြောလိုက်ရင် စာအုပ်နာမည်ကို မသိတော့တာများတယ်။ ဒီတော့ကိုယ်ပဲ ပေးလိုက်တာ များသွားလို့မဖတ်သလားဆိုပြီး နောက်ပိုင်းကျတော့ တစ်အုပ်ပဲပေးလိုက်တယ် ဖတ်လို့ပြီးရင်ပြော နောက်ထပ်ဖတ်သင့်တာ ရှာပေးမယ်ဆိုရင် နောက် ၁ လနေလည်း ပေါ်မလာဘူး ၂ လနေလည်းပေါ်မလာဘူး။ နောက်ပိုင်းစကားစပ်မိလို့ နောက်ထပ်စာအုပ် ကိုယ့်ဆီကတွေ့ရင် ထပ်တောင်းသေးတယ်။ အရင်စာအုပ်ကိစ္စမေးလိုက်ရင် ပေးလိုက်မှန်းတောင် မမှတ်မိပါဘူး။ ကြုံပါများမှ သဘောပေါက်လာတယ် သူတို့ကစာဖတ်တာမဟုတ်ဘူး စာအုပ်စုတဲ့ဝါသနာ ပါကြတာကိုးဗျ။ အရင်ကဆို တစ်ကူးတစ်က အချိန်ကုန်ခံပြီး Upload လုပ်ပေးတယ်။ နောက်တော့ သဘောပေါက်သွားတယ် ဘာသာတစ်ခုကို တစ်အုပ်စီတင်ထားတယ် မေးလာရင် အဲဒီ့တင်ပြီးသား တစ်အုပ်ကိုညွှန်းလိုက်တယ် ထပ်တောင်းရင် ဖတ်မယ်ဆိုရင် အဲဒါအရင်ဖတ် ပြီးရင်ဖတ်စရာထပ်ပေးပါ့မယ် စာအုပ်စုမယ့်လူဆိုရင်တော့ အားရင်အိမ်ဝင်ခဲ့ Hardisk သယ်ခဲ့အကုန်ကူးသွား အလုပ်ရှုပ်လို့ Upload တော့လုပ်မပေးအားဘူးလို့ ပြောတော့တယ်။ ဝါသနာပါရာ စာအုပ်စုတာက ကိစ္စမရှိပါဘူး အသက်မွေးဝမ်းကျောင်း ဖတ်ရမယ့်စာကို စုပြီးမဖတ်ပဲနေရင်တော့ ဘာမှဖြစ်လာမယ်မထင်ဘူး။

3 thoughts on “ဘုတ်အုပ်စုတဲ့ရောဂါ

  1. စာဖတ်တာက ဝါသနာမဟုတ်ပါဘူး ကွန်တော်စာဖတ်ရခြင်း အကြောင်းအရင်း နှစ်မျိုးပဲရှိပါတယ် အသက်မွေးဝမ်းကျောင်းအတွက်ရယ် ဝါသနာအတွက်ရယ် စာဖတ်တာပါ။

    ဒီမြန်မာစကားကို နားမလည်ပါ။ စာဖတ်တာက ဝါသနာမဟုတ်ဘူးတဲ့… ဖတ်ရခြင်းအကြောင်းနှစ်မျိုးမှာ တစ်မျိုးက ဝါသနာအတွက်တဲ့.. အဲဒါ ဘာအလင်္ကာလဲဟင်

    • နည်းနည်ရှုပ်သွားတယ်ထင်တယ် စာဖတ်တဲ့ဝါသနာမဟုတ်ပဲ ကိုယ်ဝါသနာပါရာ အကြောင်းအရာကို ပိုပြီးသိချင်တဲ့အတွက် စာဖတ်တာကို ပြောတာပါ

  2. ဆိုလိုချင်တာက “စာဖတ်ခြင်းကို ဝါသနာမပါ၊ ကိုယ်ဝါသနာပါနေတာကို စာအုပ်ထဲမှာရှာဖို့ ဖတ်ပါတယ်.. ” အဲလိုပေါ့……

    နောက်တစ်ခါရှင်းရှင်းရေး….. :P

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">