တစ်နေ့တာ တက္ကစီစကား လဝကစကား

မနက်အစောကို ၆ နာရီခွဲမှာ အမြဲနှိုးစက်ပေးထားပါတယ် သို့ပေမယ့် နှိုးစက်ကိုတော့ ကြာတော့အားနာလာတယ် ဘယ်တော့မှ အသံမြည်လည်း နိုးတယ်မရှိပါဘူး။ အိပ်ယာကနိုးတော့ ၇ နာရီခွဲနေပါပြီ မိုးကလည်း သည်းသည်းမဲမဲ ရွာပါတယ် ဘာလို့များ မိုးသည်းသည်းမဲမဲရွာတာကို ခွေးနဲ့ကြောင်နဲ့ရွာတယ်လို့ ခေါ်သလဲမသိဘူးလို့ မဆီမဆိုင်စဉ်းစားမိသေးတယ်။ ဝိရိယလွန်တော့ ကျွန်ြဖစ်တယ်ဆိုလား အဲလိုအဖြစ်မခံချင်လို့ ဝိရိယမထားလိုက်ပုံက လဝကကိုပေးရမယ့် စာရွက်များက တစ်ခုမှမိတ္တူမကူးရသေးပါ။ မိတ္တူကူးစက် အနီးဆုံးရှိတဲ့ Lab ထဲကိုပဲသွားရပါတယ်။ ဒီနိုင်ငံမှာ ဘာဖြစ်လို့များ ဗမာပြည်မှာလို မိတ္တူဆိုင်မရှိလဲမသိ။

ကျောင်းကနေ ထွက်လာတော့ မိတ္တူကူးပြီးတော့ ၁၀ နာရီခွဲနေပါပြီ သူများတွေ လဝကသွားရင် လူစောင့်ရမှာစိုးလို့ ရုံးဖွင့်ချိန်အမှီ ၉ နာရီလောက်သွားတယ် ကိုယ်ကတော့ ဝေ့နေတာနဲ့ ၁၀ နာရီခွဲတောင် လမ်းပေါ်မရောက်သေးပါဘူး။ မိုးကလည်း ပိုသည်းတယ် ဒါနဲ့ တက္ကစီနဲ့လစ်ရပါတယ်။ ကျောင်းကလည်း အိုလံပစ်ပြိုင်ပွဲရှိတော့ လုံခြုံရေးအတွက် အဆောင်တွေဘေးကနေ ဗမာပြည်အားကျလို့ထင်ပါတယ် သံဇကာနဲ့ခတ်ပြီး ကင်မရာများတပ်ထားပါတယ် လမ်းကူးချင်ရင် အရင်လို​ပြေးလို့လွှားလို့ အဆင်မ​ပြေဘူး။

ကားသမားကလည်း စကားကများပါတယ် ဒါတွေကဘာလုပ်သလဲတဲ့ ​ပြောလိုက်ပါတယ် ဒါက ထောင်အသစ်ဆောက်မှာလို့။ ဒါလည်းမလုံပါဘူးဗျာ သံဇကာပဲကျော်ချလို့ရနေတာပဲလို့ ​ပြောလိုက်မိကာရှိတယ် ကားသမားက ဟုတ်တယ်အဆောင်တွေလည်း ပစ္စည်းပျောက်တယ်တဲ့ အဝတ်တွေလှန်းထားတာ ပျောက်သွားတယ် ပင်တီတွေလှန်းထားတာ ပျောက်သွားတယ်တဲ့။ အဲဒါနဲ့​ကျောင်းသူ​တွေ အတန်းရှိလို့ သွားမဝယ်နိုင်သေးလို့ ပင်တီမပါပဲ အတန်းလာတက်ရတယ်ဆိုပဲ။ နေပါဦးခင်ဗျားက ဘယ်လိုလုပ် သူတို့ ပင်တီမပါပဲ အတန်းတက်တာ သိသလဲဆိုတော့ အဲဒါငါ့သမီးပျောက်သွားတာ ဆိုတော့ဘာမှ ဆက်မ​ငြင်းတော့ပါဘူး။

အဟောင်းကကောင်းပြီး အသစ်ကမကောင်းဘူးတဲ့ ကိုယ်မိန်းမကမှ ငွေရှာပေးနိုင်သည်ြဖစ်စေ မရှာနိုင်သည်ြဖစ်စေ မျက်နှာမပျက်ပဲ ကိုယ့်အတွက် လုပ်စရာရှိတာ လုပ်ကိုင်ပေးပါတယ်ဆိုပဲ။ ရည်းစားကတော့ အဲလိုမဟုတ်ဘူး ကိုယ်ကကရုစိုက်နိုင်ချိန်ပဲ ကြည်ဖြူပြီးတော့ ကျန်တဲ့အချိန်ငြူစူတယ်တဲ့။ အဲဒါကြောင့် မိန်းမဆီက ကောင်းတဲ့အကျင့်တွေကို လေ့လာပြီးတော့ ရည်းစားကို သင်ပေးသင့်တယ်ဆိုတော့ ကိုယ်လည်းနည်းနည်း နားရှုပ်သွားတယ်။ နေပါဦး မိန်းမရှိမှတော့ ရည်းစားဘယ်လိုရှိမလဲဆိုတော့ မဟုတ်ဘူးတဲ့ ငါတို့နိုင်ငံက မိန်းမနှစ်ယောက် တစ်ပြိုင်တည်းယူလို့မရဘူးတဲ့ အဲဒါကြောင့်ငါ့မှာ မိန်းမကတစ်ယောက်ပဲ ရှိတယ်တဲ့ ကျန်တာက ရည်းစားဆိုတော့ ကိုယ်လည်း အတော်သနားသွားမိတယ်။ ဗမာပြည်တော့ ဦးနေဝင်းကို ကျေးဇူးတင်သင့်တယ် တရားဝင်က ယူချင်သလောက် ယူလို့ရတယ် တရားဝင်တယ်။

ကားသမားရဲ့စကားကို တစ်လမ်းလုံးသည်းခံ လာလိုက်ရတာ လဝကရုံးရောက်မှပဲ ဒုက္ခကလွတ်ပါတယ်။ ကံကောင်းတယ်ပဲ ​ပြောရမလားမသိပါဘူး လူမရှုပ်ပါဘူး ထုံးစံအတိုင်း တန်းစီရတာတောင် ကိုယ့်ရှေ့မှာတစ်ယောက်ပဲရှိပါတယ် စာရွက်တွေကို​စစ်တဲ့ ကောင်တာကအဘွားကြီးက စစ်ပါတယ် ဖတ်လည်း မဖတ်တတ်ပဲနဲ့ ဗမာလိုရေးထားတဲ့ အိမ်ထောင်စုစာရင်းကိုလည်း မိတ္တူတောင်းပါတယ် မူရင်းကိုကြည့်ချင်တယ် လုပ်နေလို့ ရွေးကောက်ပွဲကို ခုတုံးလုပ်လိုက်ပါတယ် လူစာရင်းကောက်နေတယ် အဲဒါယူလို့မရဘူးလို့ ​ပြောမှရပ်သွားပါတယ်။

သူများကိုရစ်ခဲ့လို့ ဘယ်နေရာရောက်ရောက် ရစ်ခံရတာလည်းထုံးစံပါ တံဆိပ်တုံးထုပြီးတာတောင် အရာရှိအန်တီကြီးက လာပါဦးဆိုလို့သွားရပါတယ်။ ဘာဖြစ်သလဲဆိုတော့ ကျန်တာအကုန်အဆင်​ပြေတယ်တဲ့ အလုပ်လုပ်တဲ့ကုမ္ပဏီက နှိပ်ပေးလိုက်တဲ့ တံဆိပ်တုံးက အသေးလေးဖြစ်နေတယ်ဆိုပဲ။ အဲဒါကဘာဖြစ်သလဲဆိုတော့ ကုမ္ပဏီအသေးလည်းမဟုတ်ဘူးတဲ့ ဒီလိုတံဆိပ်တုံးအသေးလေး မဖြစ်သင့်ဘူးဆိုပဲ အတော်လေးစဉ်းစားရကြပ်တယ် ဘယ်လိုမှရှင်းလို့မရပါဘူး ဒါနဲ့ပဲ ကုမ္ပဏီကိုပြန်သွား မတူတဲ့တံဆိပ်တုံးထပ်ရှာပြီး ထုလာခဲ့ရပါတယ် အဲဒါမြင်တော့မှ ဒီဟာမျိုး​ပြောတာတဲ့ တစ်ကယ်က ဘာမှလည်းမထူးပါဘူး နောက်တစ်ခုက အောက်မှာ စာကြောင်းတစ်ကြောင်းပဲ အပိုပါတာပါ။ နောက်ဆိုရင် ကုမ္ပဏီအရွယ်အစားအပေါ် မူတည်ပြီးတော့ တံဆိပ်တုံးကို လက်မအရွယ်ကနေ လက်တစ်ဝါးအရွယ်အထိ လုပ်ထားသင့်တယ်။

ငယ်ဘဝအမှတ်တရများ (၁)

ငယ်ငယ်ကနေရာ ဗမာပြည်အနှံ့နေခဲ့ဖူးတယ် သူငယ်တန်းမတိုင်ခင်အထိက မကွေးတိုင်းထဲမှာ လှည့်နေတယ် ငယ်လွန်းတော့ မမှတ်မိနိုင်တော့ဘူး။ ငယ်ကတည်းက ကံပါလာတာက လူကြီးတွေနဲ့နေရဖို့ ကံပါလာတယ်လို့ဆိုရမယ် အဖေ့ရဲ့သူငယ်ချင်း အတော်များများက အဖေ့ထက်အိမ်ထောင်ကျ နောက်ကျတာများတော့ ကျွန်တော်မွေးချိန်မှာ ကလေးဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ရှိပါတယ်။ အဲဒီတော့ အဖေ့ရဲ့သူငယ်ချင်း လူပျိုကြီးများနဲ့ ကလေးမရှိသေးတဲ့ လင်မယားစုံတွဲများက ကျွန်တော့်ကိုထိမ်းကြပါတယ်။ အဖေ့သူငယ်ချင်းတွေ ဆိုပေမယ့်လည်း ကျွန်တော့်အတွက်တော့ ဦးလေးအဒေါ်အရင်းတွေလိုပါပဲ။ ဒီလိုနဲ့ပဲငယ်ကတည်းက လူကြီးတွေနဲ့နေရမယ် ကံပါလာပုံရပါတယ်။

နည်းနည်းသိတတ်တဲ့ အရွယ်ကိုရောက်တော့ ပထမဆုံးမှတ်မိတာက ရပ်စောက်မှာနေတယ် သူငယ်တန်းစာမေးပွဲ ပြီးသွားလို့ ကျောင်းပိတ်ရက်မှာ အဖေကသူနဲ့ခေါ်ထားတာပါ။ ထုံးစံအတိုင်း တစ်အိမ်ထဲမှာနေကြရတာက လူပျိုကြီးသုံးယောက်နဲ့ပါ သူတို့သုံယောက်ဟာ နောက်နှစ်တော်တော်ကြာတဲ့အထိ ကျွန်တော့်ဒဏ်ကို အတော်လေးခံကြရပါတယ်။ မနက်မိုးလင်းတာနဲ့ ပူဆာတဲ့ဇာတ်လမ်းစပါတယ် လူပျိုကြီးသုံးယောက် မိုးလင်းတာနဲ့ကျွန်တော့်ကို မုန့်လိုက်ကျွေးတဲ့တာဝန်ယူရပါတယ်။ မနက်မိုးလင်း လက်ဘက်ရည်ဆိုင်သွားရင် လူပျိုကြီးသုံးယောက်ရယ် ကျွန်တော့်အဖေရယ် နောက်ပြီးတော့ ကလေးရောခွေးရောလို့ ​ပြောလို့ရပါတယ်။

အဖေ့သူငယ်ချင်း မွေးထားတဲ့ အယ်ဇေးရှင်းကြီး အမြဲပါပါတယ် ခွေးကြီးကအကြီးကြီးပါ နာမည်ကတိုက်ဂါးလို့ပေးထားတယ်။ ဒီကောင်ကြီးက ကျွန်တော့်ရဲ့စီးတော်ခွေးလို့ ​ပြောလို့ရပါတယ် ကျွန်တော်တက်စီးလို့ရတယ်။ တိုက်ဂါးကြီးဟာ အတော်ကိုလိမ္မာပါတယ် သူ့သခင်အိမ်ကိုလာတဲ့ ဧည့်သည်ကို အိမ်ပေါက်ဝကနေ ခေါင်းထောင်ကြည့်ပါတယ် သားသားနားနားသာ ဝတ်လာခဲ့ပါသူက အိပ်ရေးပျက်ခံပြီးတောင် ထပြီးမဟောင်ပါဘူး။ စုတ်စုတ်ြပတ်ပြတ်ဝတ်လာရင်တော့ ဘယ်သူတွေဘာတွေ သူနားမလည်ပါဘူး အသေကိုက်ပါတယ်။ အဲဒီ့တုံးက မဆလမပြုတ်သေးပါဘူး မြို့နယ်ကောင်စီ ဥက္ကဌကအိမ်ကို အမြဲလာတတ်ပါတယ် လာရင်တော့ရုံးကလာတော့ တိုက်ပုံနဲ့ဘာနဲ့အမြဲလာပါတယ် တစ်ညနေတော့ ဥက္ကဌကြီး စွတ်ကျယ်အစုတ်နဲ့လာတာ တိုက်ဂါးကိုက်လွှတ်လိုက်လို့ ဆေးခန်းပို့ရဖူးပါတယ်။

မနက်မိုးလင်းတာနဲ့ တိုက်ဂါးကကျွန်တော့် အိမ်ပေါက်ကိုရောက်နေပါပြီ လက်ဘက်ရည်ဆိုင် မလိုက်ရမချင်းသူမပြန်ဘူး လက်ဘက်ရည်ဆိုင် မသွားတဲ့နေ့ဆိုရင် အနည်းဆုံးတော့အိမ်မှာ ဖျော်တဲ့ကော်ဖီတိုက်မှ တိုက်ဂါးကသူ့အိမ်ကိုပြန်ပါတယ်။ လက်ဘက်ရည်ဆိုင်ရောက်ရင် တိုက်ဂါးကိုလည်း လက်ဘက်ရည်တစ်ခွက် တိုက်ရပါတယ် မုန့်ကျွေးရင်ဒီကောင်ကမစားဘူး။ သူ့အကျင့်က မုန့်ဆိုတစ်ြခားလူတွေ ကျွေးမှစားပါတယ် လက်ဘက်ရည် သောက်ြပီးတာနဲ့ တစ်ြခားဝိုင်းမှာသူက မုန့်လိုက်တောင်းပါတယ်။ ရပ်စောက်ဆိုတာက ကျဉ်းကျဉ်းလေးဆိုတော့ တိုက်ဂါးကြီးအကြောင်း လူတိုင်းကသိတော့ မုန့်ကျွေးကြပါတယ်။ တိုက်ဂါးမုန့်တောင်းတာက စားနေတဲ့လူတွေရဲ့ ပေါင်ကိုလက်နဲ့ပုတ်ြပီး တောင်းတတ်တယ်။

ရပ်စောက်ဆိုတော့ မြို့တစ်ဘက်အထွက်မှာ စစ်သင်တန်းကျောင်းကလည်းရှိတယ် တစ်ခါတစ်လေ အဲ့ဒီ့ကိုလာတဲ့ ဧည့်သည်တွေလည်း လက်ဘက်ရည်ဆိုင်ကို လာတတ်ပါတယ်။ တစ်ခါကလည်း လက်ဘက်ရည်ဆိုင်မှာ ဧည့်သည်မိသားစု တစ်စုထိုင်နေတာကို တိုက်ဂါးက မုန့်သွားတောင်းပါတယ်။ သူကတော့သူ့အကျင့်အတိုင်း ထိုင်နေတဲ့မိသားစုထဲက ကောင်မလေးရဲ့​ပေါင်ပေါ် လက်နဲ့သွားပုတ်တော့ ဟိုကလှည့်ကြည့်တယ် ခွေးအကြီးကြီးဆိုတော့​ကြောက်ြပီး ထ​ပြေးလိုက်တာ စားပွဲလည်းမှောက်ပြီးတော့ လက်ဘက်ရည်တွေ မုန့်တွေအကုန်မှောက်ပါတယ်။

ဒီအချိန်ကျတော့ ဦးဦးလူပျိုကြီးသုံးယောက်က အားကိုးရပါတယ် ညီမလေးဘာဖြစ်သွားသလဲ ဒီကောင်ကြီးကဒီလိုပဲ စသည်ဖြင့်ပေါ့လေ။ တိုက်ဂါးကလည်း သိတတ်ပါတယ် ဦးဦးလူပျိုကြီးသုံးယောက် သူ့ကိုဆူနေရင် ငုတ်တုတ်လေးနဲ့ မျက်နှာငယ်လေးနဲ့ ထိုင်နေတတ်ပါတယ်။ တစ်ကယ်က မုန့်သွားတောင်းတာ အစောကတည်းက သူတို့ကမြင်ပါတယ် တမင်သက်သက် မတားတာပါ။ ဒီလိုအကြောင်းတွေကြောင့် တိုက်ဂါးကို မနက်တိုင်း လက်ဘက်ရည်တိုက်ရလည်း ဦးဦးသုံးယောက် မနှမျောပါဘူး တိုက်ဂါးမလာရင်တောင် သွားခေါ်ကြပါတယ်။ အတော်လူလည်ကျတဲ့ ကျွန်တော့်ရဲ့ ဦးဦးလူပျိုကြီးသုံးယောက်ပါ။

သင်္ချာတော်တဲ့ကလေး

တစ်ခါက မူလတန်းကျောင်း တစ်ကျောင်းမှာ ကလေးတွေကို သင်္ချာစိတ်တွက်ပြိုင်ပွဲ လုပ်ကြတာပေါ့။ ပြိုင်ပွဲလုပ်ပုံကရှင်းရှင်းလင်းလင်းပါ အရှေ့ကဆရာမက ဂဏန်းသုံးလေးလုံးကို ရွတ်ပြလိုက်ရင် ကျောင်းသားကအဲဒါကို စိတ်နဲ့ပေါင်းပြီးပြန်ဖြေရတာပေါ့။ ကလေးတွေက ငယ်သေးတော့ ဂဏန်းသုံးလုံးနဲ့အထက်မှာ အတော်နဲ့မပေါင်းနိုင်ပဲ အတော်ကြာမှသာဖြေနိုင်ကြတယ်။ အဲဒီ့မှာ စိတ်တွက် တော်တဲ့ကလေးတစ်ယောက်တော့ တွေ့ရပါတယ်။

ဆရာမ။ ။ ၃ နဲ့ ၄ ပေါင်းရင် ဘယ်လောက်ရပါသလဲ။
ကျောင်းသား။ ။ ၇ ပါခင်ဗျ။
ဆရာမ။ ။ ၅ ရယ် ၄ ရယ် ၆ ရယ် ပေါင်းရင်ရောကွယ်။
ကျောင်းသား။ ။ ၁၅ ပါခင်ဗျ။
ဆရာမ။ ။ ၆ ရယ် ၇ ရယ် ၈ ရယ် ၉ ရယ်ဆိုရင်ရောကွယ်။
ကျောင်းသား။ ။ ၃ဝ ပါခင်ဗျ။

ဆရာမ။ ။ နောက်ဆုံး မေးခွန်းမေးမယ် သားရယ် ၁ ရယ် ၂ ရယ် ၃ ရယ်ဆိုရင် ဘယ်လောက်ရသလဲကွယ်။
ကျောင်းသား။ ။ ၂၀ ပါခင်ဗျ။
ဆရာမ။ ။ သြော်… သင်းကဒါ့ကြောင့်ကိုး။