ငယ်ဘဝအမှတ်တရများ (၂)

ရပ်စောက်မှာခဏနေပြီး ကျောင်းဖွင့်တော့ မန္တလေးပြန်ရတယ် မကြာပါဘူးအရေးအခင်း ဖြစ်တော့ကျောင်းပြန်ပိတ်တော့ အဖေကပြန်လာခေါ်တော့ တောင်ကြီးကိုရောက်ပါတယ် အဲဒီမှာလည်း အမေကအလုပ်​ပြောင်းမရသေးတာနဲ၌ မလိုက်လာနိုင်သေးတော့ အဖေကသူ့သူငယ်ချင်း လူပျိုကြီးများနဲ့ပဲ တစ်အိမ်မှာပေါင်းနေရတယ် ရပ်စောက် ဦးဦးလူပျိုကြီးများထဲက နှစ်ယောက်လည်း တောင်ကြီးအိမ်မှာရောက်နေတော့ တစိမ်းရယ်တော့မဟုတ်ပါဘူးလေ။ နောက်ထပ် အသစ်တိုးတဲ့ ဦးဦးလူပျိုကြီးနှစ်ယောက်မှာ တစ်ယောက်ကတော့ အရက်အတော်သောက်ပါတယ် ဦးမြင့်သန်းလို့ခေါ်တယ် ကျောက်ဆူးတံဆိပ်ဘီယာ သောက်နေကျဖြစ်လို့သူ့နာမည်ကို အများကကျောက်ဆူးလို့ ခေါ်ကြပါသေးတယ်။ နောက်တစ်ယောက်က ဦးဝင်းမော်လို့ခေါ်တယ် ရပ်စောက်ကဦးဦးနှစ်ယောက်က သိပ်မကြာဘူးတစ်ခြားမှာ တာဝန်ကျသွားတော့ နောက်တော့သူတို့ နှစ်ယောက်ပဲ ကျွန်တော့်ကိုထိမ်းပါတယ်။

မနက်မိုးလင်းတာနဲ့ ထုံးစံအတိုင်း ဂျီကျတာပါပဲ ကျားခေါင်းရုံးအောက်နားလေး မင်းလမ်းဘေးက လေထိုးကျွတ်ဖာဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ရှမ်းခေါက်ဆွဲကို စားချင်ပါတယ်​ပြောတယ် လက်ဘက်ရည်ဆိုင်က ပလာတာစားချင်တယ် အမြဲအော်ပါတယ်။ သူတို့ရုံးပြန်လာရင် တောင်ကြီးဟော်တယ်ထဲက မုန့်ဆိုင်ကနေ ပေါင်မုန့်ကို မုန့်ကြိုးလိမ်လိုလိမ်ပြီး ဖုတ်ထားတဲ့ ပေါင်မုန့်ဝယ်လာရတယ် မပါရင်တော့ အဲဒီ့ညတော့ပြဿနာရှာပြီပဲ မုန့်ကြိုးလိမ်မရလို့ အလုံးဝယ်လာရင်လည်း မစားပါဘူး။ ငယ်တုံးကတော့ အဲလိုပဲလူကြီးတွေကို အမြဲဒုက္ခပေးပါတယ် အစားလည်းအင်မတန် ရွေးပါတယ်။ နောက်ကြီးလာတော့ မရွေးလွန်းလို့ခက်တယ် အဲဒီ့ ဦးဦးတွေ ကြီးတော့ပြန်တွေ့တော့ အစုံစားတဲ့ကျွန်တော့်ကိုမြင်တော့ ဒီကောင်ငယ်ငယ်က ဒို့ကိုသက်သက် ဒုက္ခပေးတာဆိုပြီး ​ပြောလို့မဆုံးတော့ပါဘူး။

ငယ်ငယ်ကတည်းက စပ်စပ်စုစုလည်း အတော်မေးပါတယ်။ ဦးဝင်းမော်ကတော့ တစ်ခါရုပ်ရှင်ြပမယ်ဆိုပြီး ခေါ်သွားတာ အိမ်ြပန်ရောက်တဲ့အထိ မြင်သမျှမေးလိုက်တာ အိမ်နားက လမ်းသွားရင်း ဆေးလိပ်မသောက်ရဆိုတဲ့ ဆိုင်းဘုတ်ကို စက်ဘီးစီးရင်းကျတော့ရော သောက်လို့ရသလားလို့ မေးပြီးကတည်းက သူလည်းကျွန်တော့်ကို နောက်ရုပ်ရှင်ပြမခေါ်တော့ပါဘူး။ နေတဲ့အိမ်က သရဲ​​ခြောက်တယ်လို့ နာမည်ကြီးပါတယ် ဦးဝင်းမော်ကတော့ သုံးလေးခါအခြောက်ခံရတယ်​ပြောတယ် သူကအဲလိုလည်း နည်းနည်းကြောက်တတ်တယ် ဦးမြင့်သန်းကတော့ ကြောက်ပုံမပေါ်ဘူး သရဲကပဲသူ့ကြောက်လို့လားမသိ သူ့တော့သရဲကမ​ခြောက်ဘူး။ အဲဒါနဲ့ ဘုန်းကြီးဆွမ်းကပ် ပရိတ်တရားနာလုပ်တာပေါ့လေ။

နေ့လည်ပိုင်းကျတော့ ဦးဝင်းမော်က ပရိတ်သဲတွေကို အိမ်ကိုပတ်ပြီးတော့ဖြူးပါတယ် အဲဒါကိုလိုက်ပြီးကြည့်တယ် အဲဒါတွေက ဘာလုပ်တာတုံးမေးကြည့်တယ် မကောင်းဆိုးဝါးမဝင်အောင် ပရိတ်သဲဖြူးရတယ်တဲ့။ အဲဒါနဲ့ မကောင်းဆိုးဝါးက ဘယ်လိုဟာတုံးမေးတော့ သူလည်းစိတ်ရှည်လက်ရှည် ဟိုလိုဒီလိုပြောပါတယ် ခက်တာကကိုယ်ကလည်း မမြင်ဖူးတော့နားမလည်ဘူး။ အဖေကကြားသွားတော့ ကိစ္စ​အေးအောင်ဝင်​ပြောပေးတယ် မကောင်းဆိုးဝါးဆိုတာ နမူနာ​ပြောရရင် ဦးမြင့်သန်းကိုပြောတာတဲ့။ ဒါနဲ့အတော်စိတ်ဝင်စားမိတယ် ဒီသဲဖြူးထားရင် ဦးမြင့်သန်းဝင်မရဘူးပေါ့ ဘယ်လိုဖြစ်သလဲ စိတ်ဝင်စားလို့ အိမ်ပေါက်ဝကထိုင်စောင့်တာပဲ။ အဲဒါနဲ့ဦးမြင့်သန်း ဒုက္ခရောက်တာပဲ နောက်ကြီးလာမှ အဲဒီ့တုံးက အကြောင်းတွေ​ပြောပြတယ် အဲဒီ့ညက ကျွန်တော်အိပ်မှ ဦးမြင့်သန်းကို ပြန်လာခိုင်းရတယ်။ ဒါတောင်မနက်မိုးလင်းတော့ ဒီလူကြီးဘယ်လိုဝင်လာသလဲ လုပ်နေလို့​အတော်ရှင်းယူရတယ်​ပြောတယ်။

ဦးမြင့်သန်းကလည်း ကျွန်တော့်ဒဏ်ကို အတော်ခံရပါတယ် အဖေ့ထက်တော့သူက အတန်းငယ်လို့ ဂျူနီယာဖြစ်ပေမယ့် သူကအိမ်အလုပ်တွေကြောင့် ဆယ်တန်းအောင်တော့ ကျောင်းဆက်မတက်ပဲ ၃ နှစ်လောက်အလုပ်လုပ်နေလို့ ဘွဲ့ရတာနောက်ကျတာ နောက်ပြီးတော့ အမေနဲ့က ကျောင်းနေဖက်သူငယ်ချင်း ဖြစ်လေတော့ ငယ်ကတည်းက ကျွန်တော့်ကိုသူပဲ ထိမ်းတာများပါတယ်။ တကယ်ကသူက ကလေးရောလူကြီးရော တစ်ပြိုင်တည်း ထိမ်းတာပေါ့လေ။ အန်တီသီတာနဲ့ချိန်းတွေ့တိုင်း အိမ်ကအထွက်အပြကောင်းအောင် ကျွန်တော့်ကိုထိမ်းမယ်ဆိုပြီး အပြင်ထွက်တာပဲ။ အရက်သောက်တာ အလွန်အကျွံဖြစ်ရင်တော့ မကောင်းဘူးဆိုရမယ် ဦးမြင့်သန်း အသက်သိပ်မရှည်ခဲ့ဘူး အသည်းအသန်ြဖစ်တော့ ဆေးရုံမှာတစ်ခါတွေ့တယ်။ ဆုံးသွားတဲ့အချိန် ခရီးထွက်နေလို့မရောက်နိုင်ခဲ့ဘူး ဘာမှအမျိုးမတော်ပေမယ် ဦးလေးအရင်းတစ်ယောက်လိုပဲ ဖြစ်နေခဲ့လို့ ​အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်။

ကျောင်းတော်ကြီးသို့အလွမ်း ( ၉ )

ငယ်တုံးကတော့ ကျောင်းမှာကလေးတွေ ပိုက်ဆံအတင်းကောက်ပြီး ဝါဆိုသင်္ကန်းဆိုပြီးလုပ်ရင် အလှူငွေထည့်ရတယ်ပေါ့လေ။ ပထမနှစ်ကနေ တတိယနှစ်ကအထိတော့ အီးစီတွေက လည်ဖို့ပတ်ဖို့ဆိုအင်မတန် တက်ကြွပါတယ် ဘာသာရေးအလှူကျတော့ ရှိတယ်ကိုမထင်ကြဘူး။ တကယ်တော့ အီးစီခန့်တာကလည်း တက်ကြွလို့ခန့်တာမှမဟုတ်တာပဲလေ ဆရာမတစ်ယောက်လာပြီး မြင်တဲ့လူခန့်သွားတာ ပြောမယ်ဆိုရင် သူငယ်တန်းကလိုဆို လူကောင်ထွားလို့ ခန့်ထားတယ်​ပြောရမယ်။ တတိယနှစ်အောင်တော့ ဂုဏ်ထူးတန်းကို အီးစီအားလုံးနီးနီး တက်ခွင့်မရကြပါဘူး။ ဒီတော့ ဂုဏ်ထူးတန်းမှာ လူကောင်မထွားပေမယ့် အာကျယ်ပြီး လူတစ်ကာနဲ့ စကား​ပြောတတ်တဲ့ ကျွန်တော်အပါအဝင် သူငယ်ချင်းသုံးယောက်လောက် ဘယ်သူမှမခန့်ပဲ အလိုလိုနေရင်း ခေါင်းဆောင်ြဖစ်ပါတယ်။

အလည်အပတ် ခရီးထွက်ဖို့မစီစဉ်တော့ပဲ ဝါဆိုသင်္ကန်းကပ်ကို ပထမဆုံးအနေနဲ့ စပြီးလုပ်ြဖစ်ပါတယ်။ အတန်းထဲလည်ပြီး အလှူငွေကောက် ဆရာမတွေရဲ့ ဌာနပေါင်းစုံကိုလိုက်ပြီး အလှူငွေကောက် ရုံးဌာနတွေဖြစ်တဲ့ ငွေစာရင်း စီမံ ကျောင်းသားရေးရာလည်း မချန်ပါဘူး အကုန်လိုက်ကောက်တယ် စာကြည့်တိုက်က မစန္ဒာကတော့​ပြေးမလွတ်ဘူးပေါ့။ ဘုန်းကြီးကတော့ ဒဟတ္တောရွာထဲက ဘုန်းကြီးကိုသွားပင့်ထားတယ်။ ဆွမ်းချက်တာက ကန်တင်းက စွယ်တော်ရိပ်ဆိုင်ခွဲကို ချက်ခိုင်းရတယ် ဆိုင်ကလည်းချက်ပေးရှာပါတယ် ကုသိုလ်ရေးဆိုတော့ ထမင်းသူတို့လှူတာပါ ဈေးဖိုးပေးပြီးကျန်တဲ့ အသားငါးကို အလကားချက်ပေးပါတယ်။

အကုန်ကိစ္စအေးမှပြဿနာက ဘုန်းကြီးဆွမ်းကပ်ဖို့ စားပွဲမရှိပါဘူး ကျောင်းစာသင်ခန်းက စာသင်ခုံကိုစားပွဲလုပ် ဆွမ်းကပ်လို့လည်း ခုံကခုံစောင်းဆို​တော့ ဘုန်းကြီးတွေပြဿနာတက်မှာ စိုးရိမ်ရတယ်။ ငှားစရာမရှိလို့ ဘုန်းကြီးကျောင်းကို ဘုန်းကြီးလည်းကြွပါ စားပွဲလည်းငှားပါလို့ သွားပြီးနားပူရတယ်။ အခုသယ်သွားဆိုလို့ စားပွဲကိုမောင်စိုင်းဒီနဲ့ ကျွန်တော်နဲ့ ထမ်းကြရပါတယ် ကျောင်းပေါ်အထိ နှစ်ြပလောက်အဝေးကို ကုန်းတက်လည်းဖြစ်တော့ လူတွေလည်း​အတော်လေး မျက်ဖြူဆိုက်ကြပါတယ်။ နောက်တော့ ကျောင်းသားကဒ်ကို အာမခံထားပြီးတော့ စီမံဌာနကနေ အိုးခွက်ပန်းကန်တွေ ငှားကြရတယ် ပန်းကန်ဘယ်နှစ်လုံး ဇွန်းဘယ်နှစ်ချောင်းပေါ့လေ အပ်ရင်တော့လျော်ရမယ်ဆိုတာ ထုတ်ကတည်းကသိပါတယ် အလှူဆိုတာ ဇွန်းပျောက်တာထုံးစံမဟုတ်လား။

ဆွမ်းကပ်တဲ့နေ့ကျ မနက်ငါးနာရီလောက်ကတည်းက အိမ်ကနေကျောင်းကို ဆိုင်ကယ်နဲ့လာကြရတယ် လှူဖွယ်ဝတ္ထုအစုစုလည်း သယ်လာရတယ် အသိဆိုင်ကနေ အများကောင်းမှု့အဖြစ် သင်္ကန်းငါးစုံ​ဝယ်လာတယ် ကျန်တဲ့လူတွေကလည်း သူ့အစီအစဉ်နဲ့သူ ဝယ်ချင်သပဆိုလည်း ဝယ်ခဲ့လို​ပြောထားလို့ အလှူပစ္စည်းကတော့ အတော်လေးကိုစုံပါတယ် ရေစက်ချတော့ ပါချုပ်လုပ်တဲ့ ဆရာဦးစိုးမြင့်ကို အတင်းခေါ်နာခိုင်းရတယ် ဆရာကြီးလည်း တရားနာဆိုတော့ အားနာနာနဲ့လာပါတယ်။ ဆရာကြီးကလည်း အများကောင်းမှု့ပိုသိသာအောင်ဆိုပြီး ကပ့်မယ်သင်္ကန်းတွေကို ဘူးထဲကနေထုတ်ြဖန့်ပြီး ကျောင်းသားကျောင်းသူတိုင်းကို ကိုင်ခိုင်းပြီးရေစက်ချပါတယ် သူကတော့ စေတနာနဲ့ပေါ့လေ ဘုန်းဘုန်းတွေတော့ နည်းနည်းပြဿနာတက်သွားတယ် ဖြန့်လိုက်တော့ ဆိုင်ပြန်သွင်းရ နည်းနည်းခက်သကိုးဗျ။

တရားနာပြီးတော့ အများကောင်းမှု့ဆွမ်းကျန် ကွမ်းကျန်စားကြတာပေါ့ အစကတည်းက ပိုချက်ထားတာ တစ်တန်းလုံးစားတာတောင် ဟင်းတွေကပိုနေတယ်။ အချိုပွဲတွေလည်း ဌာနပေါင်းစုံလိုက်ဝေပါတယ်။ နောက်ဆုံးစာရင်းချုပ်တော့ ဇွန်း ၅ ချောင်းနဲ့ အချိုပန်းပန်ြပား ၁ ချပ်ပျောက်တယ် ပျောက်တာက ဆရာဦးစိုးမြင့်အခန်းမှာပါ အဲဒါသူ့အခန်းတာဝန်ကျတဲ့လူက အဲဒါသူတို့ဟာနဲ့ပေငြင်းနေလို့ ကျောင်းပစ္စည်းကျောင်းဆိုပြီး ပြန်မတောင်းတော့တာ ဒါပေမယ့်စီမံက အန်တီကြီးက ကိုယ့်တွေတိုင်း ဇွန်းအကြွေးတောင်းတယ် ဘယ်တော့မှလည်း မလျော်ပါဘူးလေ ဇွန်းအကြွေးကျန်လို့ အောင်စာရင်းမထွက်လို့မှ မရှိပဲဟာ။ ပြဿနာက ဘုန်းကြီးကျောင်းက စားပွဲနောက်နေ့မှပို့မယ်ဆိုပြီး ထားခဲ့တာ နောက်နေ့လာတော့ မရှိတော့ဘူး အစောင့်တွေကတော့ သူများသွားပို့တယ်ထင်တယ်လို့​ပြောတယ် ဒါပေမယ့် လိုရမယ်ရအနေနဲ့ နောက်နှစ်တော့ တောင်​ခြေကျောင်းက ဘုန်းကြီးပြောင်းပင့်မယ်လို့ သူငယ်ချင်းနှစ်ယောက်သား တိုင်ပင်ထားတယ်။

မဟာတန်းရောက်တော့ နောက်တစ်နှစ်လည်း ဆက်လုပ်ြဖစ်ပါသေးတယ် ကိုယ့်လူနဲ့ကိုယ် တက်ညီလက်ညီပါပဲ။ နောက်တော့ ကိုယ်မရှိတော့လည်း အစဉ်အလာတော့ ဖြစ်သွားတယ်​ပြောရမယ် ဝါဆိုမှာလည်းပုံမှန်လုပ်တယ် ကထိန်လည်းဖြစ်အောင် စီစဉ်ကြတယ်။ ကျောင်းရောက်ရင် ဝင်တာနဲ့ ကထိန်သင်္ကန်းအတွက် အလှူခံပုံးကလေးတစ်ခုတွေ့တယ် ဘာပဲဖြစ်ဖြစ်ဝမ်းသာမိပါတယ် ဖြစ်သလိုနဲ့စခဲ့တဲ့ ဝါဆိုသင်္ကန်းကနေ ပုံမှန်လုပ်ြဖစ်တယ် နောက်တော့ကထိန်အတွက်ပါ ကြိုးစားလုပ်ထားကြတယ်။ တစ်ချိန်ကတက်ညီ လက်ညီလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ကျောင်းပြီးတော့ တစ်ယောက်တစ်နယ်စီဖြစ်နဲ့ ပြန်မဆုံနိုင်ကြတော့ပါဘူး ဖြစ်နိုင်မယ်ဆိုရင်တော့ အရင်တစ်ချိန်ကို ခဏလောက်ြဖစ်ြဖစ် ပြန်ရောက်ချင်ပါသေးတယ် တစ်ခါတုံးက ကွန်ပျူတာတက္ကသိုလ်ရယ်။

အညာအလွမ်း​ပြေ အိမ်တွင်းဖြစ်နွားနို့ခဲ

ငယ်တုံးကတော့ တောင်ကြီးမှာနေတယ် ဒါပေမယ့်အမေက အညာသူဆိုတော့ ဟင်းချက်ရင် အညာကပုံစံပဲ ချက်လေ့ရှိပါတယ်။ ကြက်သွန်ဆီသတ်ြပီး ခရမ်းချဉ်အနှစ်နဲ့ အများအားဖြင့်ချက်ပါတယ် အောက်ြပည်အောက်ရွာလို ကြက်သွန်နဲ့အနှစ်လုပ်တာ မဟုတ်ပါဘူး။ မန္တလေးပြန်လို့ အဖွားတို့က အညာအစားအတွေ ထည့်ပေးတတ်တယ် အဖွားလေးရဲ့ယောက်ျားက စစ်ကိုင်းဘက်က လက်ပံစင်မှာ အမျိုးတွေရှိတယ် သူတို့ကနေပြီး နွားနို့ခဲတွေ နွားနို့ချက်တွေ ယူလာပြီးလက်ဆောင် ပေးတတ်ပါတယ်။ အညာကအစားအသောက်ထဲမှာ ကျွန်တော်အကြိုက်ဆုံးက နွားနို့ခဲချက်ပါ။ ကျွန်တော်ကြိုက်မှန်းသိတော့ ကျွန်တော့်အတွက်ပဲ ချက်ပေးတာများပါတယ်။ တစ်ခါတစ်ယံ တောင်ကြီးဈေးထဲမှာ သာစည်ကလာရောင်းတဲ့ နွားနို့ခဲသည်တွေ့ရင် အမေကအမြဲဝယ်လာပေးပါတယ်။

Burmese Cheese

အဖေနဲ့မုံရွာလိုက်သွားရင် ဒေါ်ကြီးကိုပူဆာပြီးတော့ နွားနို့ခဲလုပ်ပြီးချက်ခိုင်းတယ်။ ဒေါ်ကြီးကတော့ နွားနို့ခဲလုပ်တာ လုပ်နေကျဆိုတော့ ကျွမ်းကျင်ပါတယ်။ နွားနို့ကိုအိုးလေးထဲထည့်ပြီး ဆူအောင်တည်ပါတယ် နွားနို့ပူလာပြီဆိုရင် ခြံထဲမှာပေါက်နေတဲ့ မရိုးပင်ကကိုင်းလေး တစ်ကိုင်းနှစ်ကိုင်း သွားချိုးပြီးထွက်လာတဲ့ မရိုးစေးလေးတွေကို နွားနို့အိုးထဲ့ထည့်ပြီး မရိုးကိုင်​းလေးနဲ့ပဲ မွှေရင်းနဲ့ပဲနွားနို့ကခဲလာပါတယ်။ အဲဒါလေးကို အဝတ်ပါးထဲလောင်းထည့်ပြီး အရည်စစ်ထားပြီး ငရုတ်ဆုံနဲ့ဖိထားလိုက်တယ်။ အရည်စစ်သွားရင် ခဲနေတဲ့နွားနို့ခဲလေးကို ထန်းလက်လေးနဲ့ဖြစ်ဖြစ် ဆတ်သွားဖူးရွက်နဲ့ဖြစ်ဖြစ် ပတ်ပြီးတော့မီးကင်ပါတယ် ဒါမှနွားနို့ခဲလေး အပေါ်ယံလေးတင်းပြီး အညိုရောင်လေး ဖြစ်သွားတယ်။ နွားနို့ခဲလေးကို ခရမ်းချဉ်သီး အနှစ်လေးနဲ့ချက်ရင် ချဉ်ချဉ်ဆိမ့်ဆိမ့် နွားနို့နံ့သင်းသင်းလေးနဲ့ အင်မတန်ကြိုက်ပါတယ်။

အခုတော့ နွားနို့ခဲကိုမစားရတာ နှစ်အတော်ကိုကြာပါပြီ စမ်းလုပ်ကြည့်ချင်ပေမယ့် မရိုးပင်မတွေ့တော့ လုပ်မရဘူးဖြစ်နေတယ်။ တစ်ခါကတော့ ရုက္ခဗေဒဥယျာဉ်ထဲမှာ မရိုးပင်ကိုတွေ့မိတယ် ဒါပေမယ်ဝေးလွန်းတော့ သွားပြီးခိုးချင်ပေမယ့် မလွယ်ဘူးဖြစ်နေတယ်။ အိမ်ရှင်ထီးလက်ရာမှာ အစ်ကိုတစ်ယောက် လုပ်ထားတာမြင်လို့ မရိုးမရှိပဲဘယ်လိုခဲသလဲ မေးလိုက်မိတော့ သံပုရာရည် နည်းနည်းထည့်ရင်အတူတူပဲလို့ပြောတယ် ဒါနဲ့သံပုရာကို မရိုးအစားထည့်သုံးလိုက်တယ်။ ကျန်တာကတော့ ငယ်ကတည်းက ဒေါ်ကြီးလုပ်တာမြင်နေကျဆိုတော့ မခက်ခဲပါဘူးလေ။ အညာလိုတော့ ခြံကနွားနို့တော့မဝယ်နိုင်ဘူးပေါ့ Dutch Lady နှစ်ဘူးဝယ်ပြီး နွားနို့ခဲလိုက်ပါတယ်။ ချက်ချင်းလုပ်ပြီးချက်တော့ မီးကင်တော့ပါဘူး ဒီအတိုင်းလေးပဲချက်လိုက်တယ်။ မစားရတာကြာတော့ အတော်လေးစားကောင်းတယ် ဒါပေမယ့် ဒေါ်ကြီးလုပ်တဲ့ နွားနို့ခဲကိုတော့ ဘယ်လိုမှမမှီဘူး။