Terminator

Terminator ဆိုရင်တော့ လူတိုင်းမြင်ကြတာက မင်းသားအာနိုး စက်ရုပ်နဲ့တွဲမြင်တာပေါ့လေ ဒါပေမယ့် Terminator ကတော့ Gnome မှာသုံးတဲ့ Terminal ပါ။ ပုံမှန် Terminal ကတော့ ပုံမှန်အားဖြင့် Screen တစ်ခုပဲရှိတော့ အလုပ်တစ်ခုပဲလုပ်လို့ရတာပေါ့လေ ဒါပေမယ့် Multiple Screen လိုချင်ရင်တော့ Screen Application သုံးရင်လည်းရပါတယ် ဒါပေမယ့်သူကတော့ Screen ​ပြောင်းဖို့အတွက် Command တွေသိဖို့လိုမှာပေါ့။ တကယ်က Administration အလုပ်တွေက အများအားဖြင့် Terminal မှာပဲအလုပ်တွင်ပါတယ် ဒီတော့အလုပ်များရင် များသလောက်တော့ Terminal တွေအများကြီးဖွင့်ထားရတာ များပါတယ်။ အခုခေတ်ကလည်း မော်နီတာတွေကလည်း ဆိုက်အကြီးတွေဖြစ်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် Terminal များရင် တစ်ခုကနေ တစ်ခုကို အကူးအပြောင်းမှာ အတော်လေးအလုပ်ရှုပ်ပါတယ် ကီးဘုတ်ပေါ်ကလက်ကို မောက်စ်အပေါ်သွားဖို့ ခဏဖယ်ရမယ် မဖယ်ရင်တောင် Shortcut တွေကအဲလောက် ကူးလို့မလွယ်လှပါဘူး။

Terminator မှာကတော့ Single Window မှာ Terminal တွေအများကြီးဖွင့်ထားလို့ရပါတယ် အဲဒီတော့ အဲဒီ့ Terminal တွေအထဲမှာ အကူးအပြောင်းကိုလည်း အလွယ်တစ်ကူပဲသွားလို့ရပါတယ်။ လက်ရှိရောက်နေတဲ့ Terminal ကိုပဲ Horizontal or Vertical အဖြစ် ဘိုးဘိုးအောင်ရဲ့ ဝလုံးလိုပဲ တစ်ခုကနေ နှစ်ခုပွားပြီးခွဲလိုက်လို့ရပါတယ်။ အဲဒီတော့အပေါ်ကပုံလိုပဲ Window တစ်ခုတည်းကိုပဲ Maximize လုပ်ပြီးတော့ကြိုက်သလိုသာ Terminal တွေခွဲလို့ရပါပြီ။ တစ်ခုက ဆာဗာတစ်ခုကို ssh နောက်တစ်ခု ဆာဗာပေါ်က ဖိုင်တွေကို vim နဲ့ဖွင့် စသည်ြဖင့်ပေါ့လေ ကီးဘုတ်ပေါ်ကလက်မဖယ်ပဲ Terminator ရဲ့ Shortcut တွေနဲ့ပဲ အလုပ်လုပ်သွားလို့ရပါပြီ။ Shortcut များကိုတော့ Terminator ရဲ့ Manual မှာသာ စိတ်ဝင်စားလျှင် ဖတ်နိုင်ပါတယ်။

လိမ်တယ်ညာတယ်

မုသာဝါဒဆိုတာ အတော်ခက်တဲ့ကိစ္စပဲ လူကြီးတွေပြောတယ် လိမ်မ​ပြောရဘူး မကောင်းဘူးတဲ့ ပြီးတော့သူတို့ပဲ သားသား ဧည့်သည်လာရင် အမေမရှိဘူး ​ပြောလိုက်ဆိုတော့ အခက်သားပဲ။ လှသလားမေးရင် မလှဘူး​​ဖြေပါတယ် အဲတော့လည်း စိတ်ဆိုးကြသဗျာ လူတွေများ အတော်ခက်တယ် သူတို့မေးလို့ အရှိအတိုင်းလည်း ​ဖြေရသေးတယ်။ ငယ်တုံးကဖတ်ဖူးတဲ့ မှန်သောစကားကိုဆိုခြင်းနှင့် စပ်ဆိုင်သောပြဿနာများမှာ မလိုအပ်ရင်မ​ပြောနဲ့ရယ် မလိမ့်တစ်ပါတ်​ဖြေတာရယ်။ မလိုအပ်ရင်ဆိုတော့ လှသလား ကောင်းသလားမေးတာ မ​​ဖြေပဲနေလို့မရဘူး။ မဆိုးပါဘူးလေလို့ ​​​ဖြေလို့က ရချင်မှရမယ် မဟုတ်လား။ တောင်ဖီလာဆရာတော်​ဖြေသလို ငါ့တူမဟုတ်ဘူးလို့ ဘယ်သူပြောသလဲဆိုတာ ဆိုတာမျိုးက သူတို့ကတော့ လိမ်တာမဟုတ်ဘူးဆိုပေမယ့် တကယ်ကတော့လိမ်တာပါပဲ ပါးစပ်ကထွက်တဲ့စကားထက် စိတ်ထဲကလိမ်လိုတဲ့ ဆန္ဒကပါနေပြီပဲ။

ငယ်ကတည်းက လူကြီးတွေလိမ်သမျှ ကလေးတွေခံရတာပါ ဆယ်တန်းတုံးက မိဘတွေပြောတယ် သားရယ်ဒီတစ်နှစ်ပါ ကြိုးစားလိုက်ပါ တက္ကသိုလ်ရောက်ရင် ဒီလောက်မပင်ပန်းပါဘူး ဆိုတာကပါသေးတယ်။ အလိမ်ခံလိုက်ရတယ်လေ တက္ကသိုလ်ရောက်တော့ ပြန်စဉ်းစားလိုက်တော့ ဆယ်တန်းစာဆိုတာ ဘာမှရှိတာမှမဟုတ်ပဲ တက္ကသိုလ်ရောက်တော့ စာတွေကဖတ်လိုက်ရတာ များလွန်းလို့ ပထမဆုံးဆံပင်ဖြူပါတယ်။ ဒီလိုနဲ့ လူကြီးတွေလိမ်တာ အကြီးအကျယ်ခံခဲ့ရတယ်။ တစ်ခါသေဖူး ပျဉ်ဖိုးနားမလည်ပဲ ​ပြောရမယ်ထင်တယ် ပညာသင်စဉ်မှာ ကြင်ယာမရှာပါနဲ့ ပညာရေးထိခိုက်မယ်တဲ့ ပညာစုံရင် အလိုလိုဖြစ်လာမယ်ဆိုပဲ။ ဒီလိုနဲ့ ဟုတ်များဟုတ်မလားလို့ ကျောင်းတက်စားလိုက်တာ ၁၀ နှစ်ကြာတယ်။

အခုတော့ ဆံပင်လည်းဖြူ နဖူးလည်းပြောင်စပြုလာတယ် ပညာပဲမစုံသေးလို့လားမသိ အခုထိတော့ ဒုံရင်းအတိုင်းပဲ။ အခုတော့ လူကြီးတွေများ အရင်ကသူတို့ မ​ပြောတဲ့အတိုင်းပဲ နင့်အသက်လည်း ပြန်စဉ်းစားဦး ဒီအချိန်အထိ အိမ်ထောင်မကျသေးဘူး ဘာလုပ်နေသလဲဆိုပဲ။ တစ်ချိန်တုံးက ​ပြောခဲ့တာတွေကို အသံသွင်းမထားခဲ့တာ သက်သေခံပစ္စည်းပျောက်ပျက်သလို ဖြစ်နေတယ်။ နောင်လာနောက်သားများ လူကြီးများလိမ်ြခင်းမှ ကင်းဝေးကြပါစေလို့ပဲ ဆုတောင်းလိုက်ချင်ပါတော့တယ်။

တစ်နှစ်တိုးသွားပြန်ပေါ့

စက်တင်ဘာ ၂၂ ရက်ဆိုတာ ကျွန်တော့်ရဲ့အသက် တစ်နှစ်တိုးတဲ့ရက်ပါ တက္ကသိုလ်မရောက်ခင်အထိက မွေးနေ့ဆိုရင်အိမ်မှာပဲ အဖေနဲ့အမေက တစ်ခုခုစားဖို့စီစဉ်ပေးပါတယ်။ တက္ကသိုလ်ရောက်တော့ သူငယ်ချင်းများကို မွေးနေ့ရောက်ရင် အပြင်မှာပဲ မုန့်လိုက်ကျွေး​လေ့ရှိပါတယ် မကျွေးလို့လည်း မရပါဘူးလေ သူငယ်ချင်းတွေက မွေးနေ့တွေကို စာရင်းနဲ့မှတ်ထားတာပါ။ အဲဒီ့သူငယ်ချင်းတွေနဲ့ ၇ နှစ်လောက်အတူတူ မပျက်စတမ်း မွေးနေ့အတူလုပ်လာတာ အခုတော့မဆုံနိုင်တော့ပါဘူးလေ။ မုန့်ကျွေးတဲ့ ထုံးစံမပျက်ရအောင် အတူရှိတဲ့သူငယ်ချင်းတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေက မုန့်ကျွေးဖို့ချိန်းရပါတယ်။

ချိန်းတဲ့လူတွေက ထုံးစံအတိုင်း ကိုဒီဘီနဲ့ ကိုသာသာတို့ ဇနီးမောင်နှံနှစ်စုံတွဲ၊ မောင်ဆောင်း၊ စေတန်၊ ပြာပြာ ဒီလူတွေကတော့ ပင်တိုင်ပါတယ်ပေါ့လေ။ ဒီတစ်ခါတော့ ညီလေးဝမ်းကွဲလေးကိုလည်း ခေါ်ပါတယ် ညီလေးလာခဲ့ဆိုတာ ကောင်မလေး ကျောင်းကြိုနဲ့တိုက်နေလို့ မလာတော့ဘူးအစ်ကိုတဲ့။ နောက်ပြီးတော့ အလုပ်ရှာရင်းရောက်နေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ကိုလည်း ခေါ်ရပါတယ်။ ပြာပြာကတော့ လာမယ့်နေ့မှ သွေးလှူတယ်တဲ့ မူးလဲမှာစိုးလို့ မလာတော့ဘူးဆိုလို့ အတင်းလည်း မခေါ်တော့ပါဘူး မူးလဲရင် သူ့လည်းထူနိုင်မယ့်လူ တစ်ယောက်မှမပါဘူးလေ။ ဒီလိုနဲ့ ပြာပြာတစ်ရောက်လျော့နဲ့ လူ ၈ ယောက်ပဲ အဝစားခဲ့ပါတယ်။

ဒီနှစ်ကတော့ မွေးနေ့လက်ဆောင်က အိမ်မှာလိုညီမလေး မရှိလို့ဘာမှတော့ ထွေလီကာလီ ပေးမယ့်လူမရှိပါဘူး လူကလည်းအကျင့်က သူများပေးလည်း ပြန်ပေးတတ်လေတော့ ပေးမယ့်လူမရှိတာပဲ စိတ်ချမ်းသာပါတယ်။ ထူးထူးခြားခြားကတော့ ညီမငယ်ဒီးဒီးက လက်ဆောင်တစ်ခု ပေးပါတယ် ဖြစ်ချင်တော့ အရုပ်ြဖစ်နေတယ် ကြည့်ရတာ ဒီလူကြီးသူငယ်ြပန်ရင် ဆော့ဖို့လို့ရည်ရွယ်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရ ပေးတာလည်းဖြစ် ပြန်လည်းပို့လို့မလွယ်လို့ ရည်ရှည်စီမံကိန်းပေါ့လေ သားသားမီးမီးရမှပဲ ဆော့ဖို့ပေးမယ်ဆိုပြီး သိမ်းထားပါတယ်။ ရောက်နေတဲ့ သူငယ်ချင်းကတော့ သူ့သူငယ်ချင်းအကြောင်း ကောင်းကောင်းသိပါတယ် မငြင်းမယ့်ပစ္စည်းတွေ လက်ဆောင်ပေးပါတယ် ဘာတွေလဲဆိုတော့ မုန့်တွေအသီးတွေပါ အပိုအဖြစ်ကတော့ အိပ်ယာခင်းဘူးနဲ့ဝယ်လာတယ် ငါကဖျာခင်းအိပ်တယ်​ပြောလည်း နင့်​​ဖျာကတစ်သက်လုံး မစုတ်တာမဟုတ်ဘူး အဲဒါမရှိတော့ ဒီဟာသုံးလို့ရတယ်ဆိုတော့ ​ပြောမနေတော့ပါဘူး ယူထားလိုက်တယ်။

အရင်နှစ်ကလည်း သူငယ်ချင်​းတွေ Facebook မှာလာပြီးတော့ Happy Birthday ပေါ့လာ​ပြောပေးကြပါတယ် ဒါပေမယ့် မိတ်ဆွေအပေါင်းအသင်း နည်းတော့သိပ်မရှိပါဘူး ဒီနှစ်တော့ မှတ်မှတ်ရရ စံချိန်တင်ပါတယ် သူငယ်ချင်း တစ်ရာလောက် Wall မှာလာကြပါတယ် အဲဒီ့လူတွေ အကုန်လုံးက Online ပေါ်ကမိတ်ဆွေတွေ မဟုတ်ကြပါဘူး အကုန်လုံး အပြင်မှာခင်တဲ့လူတွေပါ အတော်လည်း အံ့အားသင့်မိပါတယ် ကိုယ့်ကိုခင်တဲ့ သူငယ်ချင်း တစ်ရာလောက်ရှိတယ်ဆိုတာ တစ်ခါမှမမျှော်လင့်ပါဘူး။ အရင်နှစ်ကထက် အတိုးတက်ဆုံးကတော့ လူတွေနဲ့အလိုက်အထိုက် နေတတ်သွားခဲ့ပုံရပါတယ် ဒီတစ်ခုက လွန်ခဲ့တဲ့တစ်နှစ်မှာ တိုးတက်ခဲ့တဲ့ အကြောင်းအရာတစ်ခုပေါ့လေ။ နောင်နှစ်များလည်း အခုလိုပဲဂွကျကျနေသွားဖို့တော့ စဉ်းစားထားရင်း လာရောက်နှုတ်ဆက်ကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ကြောင်း ​ပြောကြားလိုပါတယ်။