အတုမြင်အတတ်သင်

သူများတွေကတော့ ​ပြောပါတယ် မိန်းကလေးတွေနဲ့ ပြိုင်ပြီးရန်မဖြစ်နဲ့တဲ့ မရပါဘူး အကျင့်ကိုကပါနေတယ် ယောက်ျားသော မိန်းမသော နားမလည်ဘူး တစ်ခွန်း​ပြောရင် တစ်ခွန်းပြန်ကိုပြောရမှ အတုမြင်အတတ်သင်ပါလေ ငယ်ကတည်းက အဖေကဒီလိုပဲ ရန်ဖြစ်တာပဲ။ တစ်ခါက တောင်ကြီးကနေ မန္တလေးကို ပြန်လာတာ အောင်ပန်းမှာ ကျွန်တော်က ငှက်ပျောသီးစားချင်တယ်​ပြောလို့ ငှက်ပျော်သီးသည်ဆီကနေ ငှက်ပျောတစ်ဖီးဝယ်ပါတယ် တစ်ဖီးကို ၁၅ ကျပ်တဲ့ အဲဒါကို ၁၀ ထားဆိုပြီးဆစ်ပါတယ် ဈေးသည်ကယူသွားဆိုပြီး အိတ်ထဲထည့်ပြီးမှ ၁၀ နဲ့ပေးလိုက်ရလို့ ပလတ်စတစ်ဖိုး ၂ ကျပ်ပေးပါတောင်းပါရော အဲဒါနဲ့ အလကားပေးရတဲ့ အိတ်ကိုဘာလို၌ ၂ ကျပ်ပေးရမလဲဆိုပြီး အဖေနဲ့စကားများပါရော ဟိုကလည်း ယောက်ျားကြီးဖြစ်ပြီး စေးလိုက်တာတဲ့ အဖေကလည်း ခင်ဗျားကလည်း အစကတည်းက မလျော့နိုင်ရင် ဘာလို့လိမ်သလဲဆိုပြီး ဖြစ်ကြတာ ကားထွက်မယ်လို့ ကားသမားအတင်း လာခေါ်မှရပ်ပါတယ် ၂ ကျပ်ဖိုး ဇာတ်လမ်းရှုပ်သွားတာနဲ့ ကျွန်တော်လည်း ငှက်ပျောသီးငတ်ပါရောဗျာ။

ဒီမနက်ကတော့ Bus ကားဂိတ်မှာ ကားခနည်းနေတာနဲ့ ကားခဖြည့်တယ်ပေါ့လေ။ ကိုယ့်ရှေ့မှာလည်း ကလေးတစ်သိုက် ကားခဖြည့်နေပြီးတော့ အမျိုးသမီးကြီးတစ်ယောက် တန်းစီနေပါတယ် တန်းစီတဲ့ဘေးဘက်နားမှာကတော့ မိဘတွေကရပ်စောင့်နေပါတယ် ဒါနဲ့ကိုယ်လည်း မိန်းမကြီးနောက်ကနေ တန်းစီဖို့လိုင်းလေး တားထားတဲ့အနားက ဝင်တန်းစီပေါ့လေ ဘေးဘီကိုကြည့်မိတော့ ကလေးမိဘတွေနားက ​ပြောင်ပြောင်လက်လက် ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ကိုယ့်တွေကိုမျက်စောင်းတွေ ထိုးနေတာတော့ သတိထားမိတယ်။ ရှေ့ဆုံးကကလေးတွေ ကဒ်ြဖည့်အပြီးမှာ အဲဒီ့အမျိုးသမီးက အတင်းရှေ့ကိုဝင်တန်းပါတယ် ကျွန်တော့်အရှေ့က တန်းနေတဲ့ တရုတ်မကြီးက အဝင်မခံပါဘူး တွန်းဖယ်လွှတ်ပါတယ်။ အဲဒါကို တရုတ်မကြီးကိုမနိုင်တော့ ကိုယ့်လာရန်ထောင်ပါတယ်။

အဲတော့မှ သဘောပေါက်ပါတယ် သူကကလေးအမေတွေ စောင့်နေတာကို တန်းစီတယ်မှတ်လို့ အဲဒီ့နောက်က ဝင်ပြီးတန်းစီနေတာပါ။ တကယ်ဆိုကိုယ်လည်း သူလာ​ပြောရင် ကိုယ့်အရှေ့က ဝင်စီခိုင်းပါတယ် အခုတော့ အသားလွတ်လာ ရန်​ထောင်လေတော့ ဖယ်ပေးချင်စိတ်လည်းမရှိ မင်းမျက်စေ့စစ်သင့်တယ် ဒီမှာတန်းစီတဲ့လိုင်း မမြင်ဘူးလားလို့ ​ပြောလိုက်ပါတယ် အဲဒါလည်း ရှစ်တွေကိုးတွေနဲ့ပါ ဆဲဆိုလာလေတော့ ကိုယ်လည်း ပြိုင်တော့မဆဲပါဘူးလေ ပညာမတတ်တဲ့ အမျိုးသမီး ဘယ်လိုစနစ်တကျ တန်းစီရမှန်းမသိပါလား လာပါခင်ဗျားအရင်သွား ရှေ့ကတန်းစီလို့ သာသာနဲ့နာနာ နှက်လိုက်တာ ကဒ်မဖြည့်ပဲ ချာကနဲလှည့်ထွက်သွားပါတော့တယ်။ အနောက်က တန်းစီနေတဲ့ လူများကလည်း ဩဘာပေးကြပါတယ်။ အနောက်က တန်းစီနေတဲ့ တရုတ်မလေးက ကောင်းတယ်လို့ထောက်ခံတာ ကျေးဇူးပဲညီမလေးလို့ ​ပြောလိုက်တာ မျက်စောင်းထိုးသွားပါတယ် သတိထားကြည့်လိုက်တော့ ယောက်ျားစိတ်ပေါက်နေတဲ့ ညီမလေးဖြစ်နေသကိုး အသာလေး မသိချင်ယောင်ဆောင်ြပီးတော့ ကဒ်ြဖည့်ပြီးထွက်လာခဲ့ရတယ်။

တနင်္လာဆိုတော့ အာကီဒိုသင်တန်းက သွားရသေးတယ် ဒု​တ်တွေဓားတွေထည့်ထားတဲ့ အိတ်အရှည်ကြီးကလည်း ရုံးသွားရင်းယူသွားပါတယ်။ ရထားကြပ်တော့ အဲဒီ့လက်နက်အိတ်ကြီးက လူကြားထဲအတော်လေး မျက်စောင်းထိုးခံရတယ်။ ဘေးနားက မိန်းမကြီးကို အိတ်နဲ့ခေါင်းခေါက်မိသလိုဖြစ်သွားလို့ ရယ်သလိုမောသလိုနဲ့ ဟဲဟဲ ဆောရီးလို့လုပ်ထားရတယ်။ ဂျူရောင်းအိ(စ်) မှာရထား​ပြောင်းမယ်လုပ်တော့ အထဲကကိုယ်မထွက်ရသေးခင် အပြင်မှာတက်ဖို့လူတွေက တပ်တောင်တာဗိုလ်ထုနဲ့ တံခါးပေါက်အပြည့် နေရာယူပြီးတော့ အထဲဝင်ဖို့ဟန်ခင်းနေပြီ အလယ်မှာတစ်ယောက်စာတောင် နေရာချန်မထားဘူး။ လူကလည်းမနက်ကတည်းက ရန်ြဖစ်လာတာ စိတ်ကပေါက်နေတော့ ဒုတ်တွေထည့်ထားတဲ့ အိတ်ကိုလူရှေ့မှာကန့်လန့်ြဖတ် ကိုင်လိုက်တယ် ပိတ်နေတဲ့လူတွေကို မရှိသလိုသဘောထားပြီး တိုးထွက်လိုက်တယ် လူတွေများဒုတ်နဲ့ ထိုးမိမှာကြောက်တော့ ဘေးကိုရှဲကနဲ့အလုအယက် ရှောင်သွားမှပဲ ထွက်စရာလမ်းလေး ပွင့်သွားတော့တယ်။ အနောက်ကလိုက်လာတဲ့ တစ်ယောက်က ဂွဒ်ဂျော့(ဘ်) ဆိုပြီး​ပြောလို့ ကျေးဇူးပဲအစ်မ လုပ်လိုက်ပြီးမှ စောစောက ယောက်ျားလျာလားလို့ လှည့်ကြည့်ရသေးတယ် အိတ်နဲ့ခေါင်းခေါက်မိတဲ့ အဒေါ်ကြီးဖြစ်နေတယ်။ အစ်မခေါ်လိုက်မိလို့ထင်တယ် ဘွားတော်ကြီး တဟဲဟဲနဲ့ သဘောတွေ ကျနေလေရဲ့။ စလုံးကတရုတ်မတွေ တတ်လည်းတတ်နိုင်တယ် စောစောကပဲ ဒီအိတ်ကြီးပါလို့ မျက်စောင်းတစ်ခဲခဲနဲ့ အခုတော့ ဒီအိတ်ပါလို့တဲ့ ကောင်းတယ်ြဖစ်ရပြန်တယ် ဘယ်လိုကိုနားလည်ရမှန်းမသိဘူး။

ညှော်တယ်အော်တယ်

မြင်ရရင် လျောက်မမေးရ မနေနိုင်တာလည်း ဝါသနာဖြစ်မယ် ဒီလကတော့ စင်ကာပူမှာ တရုတ်ကုလား အားပြိုင်တဲ့လလို့ဆိုရမယ် တရုတ်ကလည်း ဗိုက်ဆာနေတဲ့ တစ္ဆေတွေပွဲလို့​ပြောတယ် ညနေပိုင်းဟိုဟာ မလုပ်ရဒီဟာ မလုပ်ရလို့သူများတွေတော့ပြောတယ် ကိုယ်ကတော့ သိပါဘူးသယ်ချင်တာသယ် စားချင်ရာစားတာပဲ။ ရုံးမှာကလည်း ဗမာကနှစ်ယောက်ရှိတာ ရှိတဲ့အစ်ကိုကလည်း ထမင်းစားချိန်အိမ်ခဏပြန်တာများတော့ ထမင်းစားချိန်ဆို ကျန်တဲ့လူတွေက တရုတ်တွေပါ ထမင်းစားသွားတိုင်း ကိုယ်ကလည်းစပ်စပ်စုစု လျောက်မေးပါတယ် ရုံးအောက်မှာ စည်ပိုင်းပြတ်နဲ့ စက္ကူတွေမီးရှို့တာကို မေးကြည့်တော့ တစ်ယောက်က ငါကသေသေချာချာ မသိဘူးတဲ့ သူကခရစ်ယာန်တဲ့ ငါတို့ဘာသာမှာ Ghost မရှိဘူးတဲ့။ အဲဒါနဲ့ဘာရှိသလဲဆိုမေးကြည့်တော့ Spirit ပဲရှိတယ်တဲ့ အဲဒါနဲ့ အဲဒီ့နှစ်ခုက ဘာကွာတာလဲလို့မေးတော့ သူလည်းအတော်လေး စိတ်ညစ်သွားပုံရတယ် ငါလည်းမခွဲတတ်ဘူးတဲ့ အဲဒါနဲ့ ခွဲတတ်ဖို့ဆိုရင် မင်းနှစ်ခုလုံးမြင်ဖူးရမယ် အဲဒါမှမင်းခွဲတတ်မယ်ထင်တယ်လို့ ​ပြောလိုက်ရော ငါမသိတော့ဘူး သူ့မေးဆိုပြီး နောက်တစ်ယောက်ကို ဘော်လီဘောပုတ်ပြန်တယ်။

နောက်တစ်ယောက်က စိတ်ရှည်လက်ရှည် ရှင်းပြပါတယ် ကန်တင်းနားမှာ ရှို့မလို့ပြင်ဆင်ထားတဲ့နေရာ ခေါ်သွားပြီးတော့ စက္ကူတွေကိုပြပါတယ် ဒါကစက္ကူမဟုတ်ဘူး ပိုက်ဆံတဲ့ အဲဒါရှို့မှ တစ္ဆေတွေက တမလွန်ကနေ ပိုက်ဆံရတာတဲ့ ဒါမှသူတို့ကပျော်တာတဲ့ တစ်နှစ်မှာတစ်လ သေမင်းတံခါးကပွင့်တော့ ဒီလမှဒို့ကပိုက်ဆံလွဲရ​တာတဲ့။ အဲဒါနဲ့ သူတို့ကသုံးစရာနေရာ ရှိလိုလားမေးကြည်တော့ ငါလည်းမသိဘူးလေ မရောက်ဖူးသေးဘူးတဲ့။ ဒါနဲ့အဲဒါတွေက ဝယ်တာဘယ်လောက် ပေးရသလဲမေးကြည့်​တယ် တစ်စုံကို ၂၀ လောက်တော့ရှိတယ်​ပြောတယ် အခုပုံထားတဲ့အပုံလောက်ဆို ၁၀၀ လောက်တန်မယ်ထင်တယ်တဲ့။ ဒါနဲ့အဲဒါဆိုရင် အဲဒါတွေ ဘာလို့ရှို့နေသလဲ ၁၀၀ တန်တစ်ရွက်လောက် ရှို့လိုက်ရင်အဆင်​ပြေတယ် အဲဒါဆိုရင် တစ္ဆေတွေလည်း ဒေါ်လာအစစ်ရလို့ အတော်ကိုပျော်မယ် အခုတော့အတုတွေ မီးရှို့တော့ဒို့ကညှော်တာပေါ့လို့ ​အကြံပေးမိတယ်။ သူကလည်းကိုယ့်ကို ပြန်ပြီးတော့ အချွန်နဲ့မပါတယ် အကြံဉာဏ်ကောင်းတယ်တဲ့ ရှို့နေတဲ့အန်ကယ်ကြီးကို မင်းသွားပြောပါလားတဲ့။

အိမ်ြပန်ရင် ကုလားတွေကလည်း ဥပုသ်လဖြစ်လေတော့ တိုက်အောက်မှာ ယိုင်ပတ်ပြီးတော့ ဝတ်ပြုစရာနေရာတွေ လုပ်ထားပါတယ် ပုံမှန်ကပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဗမာပြည်မှာလို လော်စပီကာနဲ့ အော်လို့မရပါဘူး။ ဗမာပြည်တော့ ဗလီကနာရီခြားနဲ့ အော်တာပါပဲ အတော်ဆူတာပဲ မထူးပါဘူး ဘုရားပေါ်ကလည်း သူများတွေ အိမ်မှန်းမသိ မအိပ်မှန်းမသိ မနက်စောကြီး တရားတိတ်ခွေ လော်စပီကာနဲ့ဖွင့်တာလည်း အင်မတန်ဆူတာပဲ ဒီမှာပဲအေးတယ် ဘယ်သူမှမဆူနဲ့ Church လည်း အကြောင်းထွေထူးမရှိရင် ခေါင်းလောင်းထိုးလို့မရ ကုလားလည်း ပွဲမရှိမအော်ရ ဘုန်းကြီးကျောင်းလည်း တရားတိတ်ခွေကို လော်စပီကာနဲ့မဖွင့်ရပဲ။ ဘာပဲပြောပြော ဆူဆူညံညံမရှိတာ အတော်စိတ်ချမ်းသာစရာ ကောင်းတယ်။ ဒါပေမယ့်ဒီလတော့ ကုလားလည်း ဥပုသ်ထွက်ချိန် အော်လို့ရပါတယ် အဲဒါကို ဓာတ်လှေခါးထဲအတူတူ ပါလာတဲ့ တရုတ်မကြီးက စကားစပ်မိလို၌ ဆူတယ်တဲ့ အဲဒါနဲ့ သူ့လက်ထဲက တမလွန်ကို လွှဲမယ့်ငွေအထပ်လိုက်ကို လက်ညှိုးထိုးပြီး ညှော်တယ်လို့​ပြောခဲ့လိုက်တယ်။

iBus, KMFL and Myanmar Unicode

ဒီရက်ပိုင်း စာ​မရေးဖြစ်သလောက်ြဖစ်နေတယ် ဖြစ်ရတာက မအားတာရယ် နောက်ပြီးတော့ ကွန်ပျူတာကနည်းနည်း ဒုက္ခပေးနေတယ် တင်ထားတာတွေ များလွန်းလို၌ ဝင်းဒိုးကတစ်ခါဖွင့်ရင် ၁၅ မိနစ်လောက်စောင့်မှ သုံးလို့ရသလိုဖြစ်နေတော့ အားတဲ့အချိန်လေးသုံးတာ အဲလောက်စိတ်မရှည်ဘူးဖြစ်တယ် ဒါနဲ့ Linux ​ဘက်မှာပဲသုံးနေဖြစ်တယ်။ ဖြစ်ချင်တော့ Linux ဘက်က Unicode ကဘုရားစူးမိုးကြိုးပစ် ကီးဘုတ်ြဖစ်နေတော့ ရိုက်လို့အတော်ခက်တယ် အဲဒါနဲ့ စာလည်းရေးမရဘူးဖြစ်နေတယ်။

လိုက်ရှာကြည့်တော့ ThanlwinSoft ကလုပ်ထားတဲ့ ကီးဘုတ်ကရှိတယ် Ubuntu Repository ထဲမှာကိုပဲ Package က kmfl-keyboards-mywin ဆိုတဲ့နာမည်နဲ့ပါပါတယ် ဒါပေမယ့်သူက SCIM ကိုသုံးထားတဲ့ဟာဆိုတော့ အခုက iBus ကို Default သုံးနေတဲ့အချိန်ြဖစ်နေတော့ နည်းနည်းလေး ခေတ်နောက်ကျနေပါပြီ။ အဲဒါနဲ့​ KMFL ကိုသွားကြည့်တော့ SCIM ရော iBus ရောနှစ်ခုလုံးမှာသုံးလို့ရပါတယ်။ လုပ်ဖို့လိုတာက iBus အတွက် KMFL ကို Install လုပ်ရပါမယ် Compile လုပ်ယူချင်ရင်တော့ မူရင်းဆိုက်မှာ Source code ကိုယူလို့ရတယ် Binary ပဲလိုချင်ရင်တော့ SIL Repository ကိုထည့်ဖို့လိုမယ်။

deb http://packages.sil.org/ubuntu lucid main

KMFL ကို iBus အတွက် package ကို Install လုပ်ဖို့လိုမယ်။ Ubuntu လိုကတော့လွယ်ပါတယ် apt နဲ့ Install လုပ်လိုက်ရုံပါပဲ။

apt-get install ibus-kmfl

အဲဒါပြီးရင်တော့ Keymen Source Code ရှိရင်အဆင်ပြေပြီ ဗမာစာအတွက် ကီးဘုတ်က Thanlwin Soft မှာ myWin ရှိတယ် အဲဒါကိုယူလည်းရတယ် ဒါမှမဟုတ် Myanmar 3 ကလည်း Open Source လုပ်ထားတော့ သူ့ဆီက ကီးဘုတ်လည်း ယူလို့ရတယ် အဲဒီ့ Keyman Source File .kmn ကို

/usr/share/kmfl

ထဲကိုကူးထည့်လိုက်ရင်ရပြီ root access လုပ်ခွင့်မရှိရင်လည်း ကိုယ့်ရဲ့ Home ထဲမှာပဲ .kmfl ဆိုပြီး directory တစ်ခုနဲ့ကူးထည့်လိုက်လည်းရတယ် ကိုယ့်တစ်ယောက်တော့ သုံးလို့ရပါတယ်။ အဲဒါဆို iBus ကိုဖွင့် ကီးဘုတ်အသစ်ထည့် ကီးဘုတ်အသစ်က Other အောက်မှာပဲတယ် အဲဒါဆိုသုံးလို့ရပြီပဲ။ ဒါကိုဘိုလိုရေးထားတာ ဖတ်ကြည့်ချင်ရင်တော့ အောက်ကလင့်ကိုသာ သွားကြည့်ပါ SIL မှာအသေအချာ ရေးထားပြီးသားရှိပါတယ်။

http://linux.lsdev.sil.org/wiki/index.php/Installing_KMFL_on_Ubuntu