Android Camp Mandalay & Me

မန္တလေးကိုခဏ ပြန်ရောက်တော့ သတိတရနဲ့ ဆရာဖြစ်သူဆီကို အလည်သွားရတယ် ဆရာလည်း ကိုယ့်မြင်တော့ အတော်အံ့ဩသွားပုံရတယ်။ ကွန်ပျူတာအကြောင်းမပါရင် စကားမပြောတတ်တဲ့ လူနှစ်ယောက်တွေ့မှတော့ ပြောသမျှလည်း ကွန်ပျူတာအကြောင်း မပြတ်ပြောရင်းနဲ့ ဆရာဇနီးက ၁၇ ရက်နေ့မှာ Android Camp လုပ်မယ်ဆိုပြီး မတွေ့တာလည်းကြာတော့ လာခဲ့ပါဦးဆိုလို့ Android Camp Mandalay ကိုသွားဖြစ်ခဲ့တယ်။

မနက်ခင်း ၉ နာရီလောက် ယောင်လည်လည်နဲ့ ရွှေဖြူပလာဇာကိုရောက် ကွန်ပျူတာပညာရှင်အသင်း ဘယ်မလဲလို့လိုက်ရှာရတယ်။ နေသားတကျဖြစ်နေတဲ့ ပညာရှင်အသင်းကိုမြင်တော့ မီးလောင်သွားတဲ့ ICT Park တောင်မရှိခင် တစ်ချိန်တုံးက အသင်းဝင်ချင်ရင် ဝင်ခွင့်ဖောင်ကို ဘယ်သင်တန်းမှာလိုက် ဝယ်ရမှန်းမသိတဲ့ အချိန်တွေကို သတိရမိသေးတယ်။ ဒီအချိန်မှတော့ ကိုယ့်ကိုသိတဲ့လူလည်း တစ်ယောက်မှ မတွေ့တော့ပါဘူး။ Android Camp ဘယ်အခန်းလဲ မေးပြီးဝင်သွားတော့ ဆရာဦးသိန်းထွဋ်တော့ရှိတယ်။

Android Camp စတော့ ပြောမယ့်လူက တစ်ယောက်ပဲရှိပါတယ် Luke ဆိုတဲ့ ထိုင်းမှာနေတဲ့ Mobile Developer တစ်ယောက်ပြောပါတယ်။ နည်းနည်း နားထောင်လိုက်တော့ ပြောတဲ့လူရဲ့ Development Skill ကတော့ အလုပ်လုပ်နေတဲ့လူမှန်း သိသာပါတယ် Development တော့သူကောင်းကောင်း နားလည်ပါတယ်။ ကိုယ်ကလည်း သူများကောင်းတယ်ပြောရင် မကောင်းတာကို ထည့်ပြောချင်တဲ့လူဖြစ်တော့ သူကတစ်ခုခုကောင်းတယ်ပြောလိုက် ကိုယ်ကအဲဒါကဘယ်လိုတော့ မကောင်းဘူးလုပ်လိုက်နဲ့ သူလည်းစကားကို သူပြောချင်တဲ့အတိုင်း ဆွဲပြောလို့မရ ဖြစ်ဖြစ်သွားတယ်။

အမေးအဖြေလုပ်ကြတော့ ကွာဟမှုရှိနေတာတွေကို သွားတွေ့ပါတယ်။ လက်ရှိရှိပြီးသား Web Services တွေကို Android App ကနေဘယ်လို သုံးလို့ရနိုင်မလဲလို့ တစ်ယောက်ကမေးပါတယ်။ မေးတဲ့လူက Web Services တွေကို Develop လုပ်နေတယ်လို့ဆိုတယ်။ HTTP Library တွေပါတဲ့အတွက် ယူသုံးလို့ရပါတယ်လို့ ပြန်ဖြေပါတယ်။ Luke ပြန်ဖြေတဲ့ အဖြေကမှန်ပါတယ်။ ဒါပေမယ့် ထပ်မေးတာက Browser လိုသလားဆိုတော့ မေးတဲ့လူဟာ Web Services နဲ့ Web Application ဆိုတာဘာလဲလို့ ကွဲပြားပါသလားလို့ ပြန်စဉ်းစားရမလိုဖြစ်တယ်။ ဖြစ်နိုင်တာက သူဟာ Web Application တွေကိုရေးပြီး အဲဒီ့ဟာတွေကို Android ပေါ်ကနေ သုံးလို့ရသလားလို့ မေးချင်တာဖြစ်မယ်။

အဲဒီမှာဖြေတဲ့လူကလည်း မျက်စေ့လည်သွားတယ် Browser မလိုဘူး HTTP ပေါ်ကနေ RESTful Service တွေကိုသုံးလို့ရတာပဲ ပြန်လာတော့အများအားဖြင့် JSON လာမယ်မဟုတ်လားဆိုတော့ ပိုရှုပ်သွားတယ် RESTful ဆိုတော့ဘာကို ပြောမှန်းမေးတဲ့လူ ပိုလည်သွားတယ်။ အဲဒါကိုဖြေတဲ့လူက Heroku ကြားဖူးသလား Cloud ပေါ်မှာ Web Application တွေ Service တွေတင်လို့ လွယ်တယ်ဆိုတဲ့နောက်တော့ ဘယ်လိုမှရှင်းမရတော့ပဲ ရပ်လိုက်ရတော့တယ်။ တစ်ခြားမေးခွန်းတွေကတော့ Android ရေးတဲ့လူတွေမေးတော့ Implementation နဲ့ဆိုင်တာတွေဆိုတော့ အဆင်ပြေပါတယ်။

Implementation အတွက် Luke ပြင်ဆင်နေတုံးမှာ အားနေလို့တစ်ယောက်ယောက် စကားပြောထားဗျာဆိုတော့ ဆရာဦးသိန်းထွဋ်က ခင်ဗျားအမေးဆုံးဆိုတော့ ခင်ဗျားထွက်ပြောဗျာဆိုတော့ ဘာမှမပြင်ဆင်ထားတော့ မေးချင်ရာမေးဖြေချင်ရာဖြေပေါ့ Mobile Application တွေအကြောင်း သိချင်တာမေးဆိုတော့ ပထမဆုံးမေးတာက Apple Store မှာ Gift Card ဝယ်လို့ရတယ်ပြောတယ် Android Store မှာအဲဒါမျိုးရှိသလားဆိုတော့ အတော်ဖြေရခက်သွားတယ် ကိုယ်ကဒီအတိုင်း ဝယ်လို့ရတဲ့နေရာမှာနေတော့ မြန်မာနိုင်ငံထဲကနေ ဘယ်လိုဝယ်ကြသလဲ ဘယ်လိုမှမသိနိုင်တော့ဘူး အဲဒီတော့ မသိပါဘူးပဲဖြေရတယ်။

နောက်တစ်ယောက်က အစ်ကိုက Android ကိုဘာနဲ့ရေးသလဲဆိုတော့ ကျွန်တော်အဲဒါတွေ တစ်ခါမှမရေးဖူးလို့ ဖြေရပြန်တယ် အဲဒါကိုထပ်မေးတာက စောစောကအစ်ကို Development Tools တွေကို ဘယ်ဟာကအလကားရတယ် ဘယ်ဟာဘာသုံးတယ်ပြောတယ် အဲဒါမရေးပဲနဲ့ အဲဒီလောက်အထိ ဘယ်လိုသိတာလဲဆိုတော့ အတော်ဖြေရခက်သွားတယ်။ မရေးဘူးဆိုတာက Application တစ်ခုအဖြစ် ထွက်လာအောင် မရေးပေမယ့်အဲဒီ့ Application တွေဘယ်လိုဖြစ်အောင် ဒီဇိုင်းလုပ်တဲ့ လူတစ်ယောက်ဟာ Programming အသေအချာ တတ်ပါတယ်ဆိုတာ အလွယ်ဆုံးဘယ်လို ရှင်းပြရမလဲမသိဘူး။

နောက်တစ်ခု စိတ်ဝင်စားကြတာက Mono နဲ့ Android မှာဘယ်လို Development လုပ်သလဲလို့ စိတ်ဝင်စားကြတယ်။ ဒါကတော့ Mono ကိုဘယ်သူတွေ သုံးနေကြသလဲအသေအချာ လေ့လာရတော့မယ် နောက်ပြီးတော့ သူတို့ရဲ့ Support အခြေအနေဘယ်လိုရှိသလဲ လက်ရှိအခြေအနေမှာ Application ဘယ်နှစ်ခုဟာ Mono ကိုသုံးပြီးရေးထားသလဲ အသေချာလေ့လာပြီးမှပဲ သုံးသင့်မသုံးသင့် ဆုံးဖြစ်ရမှာဖြစ်လို့ ကောင်းသည်မကောင်းသည် မပြောဖြစ်ခဲ့တော့ဘူး။

အဲဒီတော့ လက်ရှိမြင်ခဲ့တာက Android ပဲဖြစ်ဖြစ်ပဲပေါ့ Mobile ရေးကြမယ်ဆိုရင် ရေးတတ်တယ် ဘာနဲ့ရေးမယ်ဆိုတာထက် ပိုတာတွေသိဖို့လိုတယ်ဆိုတာ လိုအပ်နေကြသေးတယ်။ Phone တစ်လုံးထဲမှာပဲ Internet Connection မလိုတဲ့ Application တစ်ခုဆိုတာ အင်မတန်ရှားတယ်ဆိုတာ သိဖို့လိုအပ်နေသေးတယ်။ အလွယ်ဆုံးပြောရရင်တော့ အခုအချိန်မှာသုံးနေတဲ့ Application တွေဟာ ဘယ်လိုအလုပ်လုပ်သလဲ နောက်ပြီးတော့ ရေးမယ်ဆိုရင်တော့ ဘာရေးမှာလဲဆိုတာကို အရင်ဆုံးသိဖို့လိုတယ်ဆိုတာ လေ့လာသင့်ကြသေးတယ်။

ပွဲပြီးခါနီးမှ ဆရာရောက်လာတယ် ငါကမင်းကိုဒီနေ့အတွက် တစ်ခုခုပြောခိုင်းမလို့ လိုက်ရှာနေတာ ဘယ်လိုက်ရှာရမှန်း မသိတော့ဘူးပြောတယ်။ ကြိုပြီးသိခဲ့ရင်တော့ ပြင်ဆင်လာလို့ရသေးတယ်။ မပြန်ခင်တစ်ရက်ရရင် ပြောပါဆိုတော့ ရက်ကအတော်ကပ်နေပြီ ၁၉ ရက်နေ့မနက်ခင်း လုပ်ချင်ရင်တော့ Cloud Computing ရယ် Web Services တွေကို Mobile တွေကနေ ဘယ်လိုသုံးကြတယ်ဆိုတာ ပြောပေးမယ်ဆိုတော့ စီစဉ်ကြသေးတယ် ဒါပေမယ့် ကွန်ပျူတာပြပွဲကလည်း ကပ်နေတော့ဘယ်လိုမှ စီစဉ်မရတော့ဘူးလို့ စနေနေ့မှာ ဆရာပြန်ဖုန်းဆက်တော့ Seminar မလုပ်ဖြစ်ခဲ့ဘူး။

Second Languages

ဖတ်ကြည့်ချင်တဲ့ စာအုပ်ရှိပြီးတော့မှ ကိုယ်မဖတ်တတ်တဲ့ ဘာသာနဲ့ရေးထားလို့ နည်းနည်းစိတ်ပျက်ရတယ်။ တကယ်တော့ ဘာသာစကားတစ်ခု သင်ရမှာကိုစိတ်မဝင်စားတဲ့ လူထဲမှာကိုယ်ပါမှန်းသိတယ်။ ဘာသာစကားတစ်ခုထက် ပိုတတ်တာကောင်းပါတယ် ဒါပေမယ့် အသက်မွေးဝမ်းကျောင်း အတတ်တစ်ခု သင်ရသလောက် စိတ်မပါခဲ့တော့ ဘာသာစကားများများ မတတ်လာခဲ့ဘူး။ ဒါပေမယ့်လည်း ဘာသာစကားတစ်ခုကို အတတ်ပညာတစ်ခုလို သတ်မှတ်ပြီးတော့ အလုပ်တစ်ခုလိုသင်နေတာကို အခုအချိန်အထိ သဘောမကျမိဘူး။

ညီတစ်ဝမ်းကွဲ တစ်ယောက်ကို ဆယ်တန်းအောင်ကာစက ကွန်ပျူတာတက္ကသိုလ်မှာ ဒီပလိုမာတန်းအပ်ထားပေးဖူးတယ် ပထမနှစ်ပြီးတော့ အမှတ်ကောင်းတယ်ဆိုရင် တက္ကသိုလ်က ဒုတိယနှစ်ကိုပြောင်းလို့ရပါတယ်။ ဒီပလိုမာတက်နေတုံး နိုင်ငံခြား ဘာသာတက္ကသိုလ်ကို ဝင်ခွင့်ကျလာတယ် ဒီပလိုမာတန်းကိုထွက်ပြီး ဂျပန်ဘာသာနဲ့ ဘီအေတက်ဖို့ ပြောင်းသွားခဲ့တယ်။ မပြောင်းပါနဲ့ ဘာသာစကားတစ်ခုဆိုတာ အသက်မွေးဝမ်းကျောင်း အတတ်ပညာရယ်လို့ သတ်မှတ်ဖို့ ခက်ပါတယ်လို့ တားခဲ့ဖူးတယ် ဒါပေမယ့်မရပါဘူး။ အချိန်တွေ ၇ နှစ်လောက် လွန်သွားတော့မှ ရွေးတာမှားသွားခဲ့တယ် ဆိုလာတော့ သူလည်းပြင်ချိန်မရှိတော့ဘူး။

ဆယ်တန်းအောင်တော့ နိုင်ငံထဲက တက္ကသိုလ်တွေက အဆင့်မရှိဆိုပြီး နိုင်ငံခြားသွား တက်မယ်လုပ်တယ် အင်္ဂလိပ်စာ အရေးကြီးတယ်ဆိုပြီး အလုအယက်သင်ကြတယ် အင်္ဂလိပ်လိုကောင်းရမယ်ဆိုတာ လက်ခံပါတယ် ဒါပေမယ့်အဲဒါတစ်ခုထဲနဲ့ ကျောင်းဝင်ခွင့်ကရတာမှမဟုတ်ပဲ အဲလိုနဲ့အချိန်တွေကုန်ပြီး နောက်ဆုံးတော့ အိမ်မှာချိတ်ထားစရာ ဘွဲ့တော့ရှိမှပါလေဆိုပြီး အဝေးသင်တော့ ပြန်လျှောက်ဦးမယ်ဆိုပြီး အချိန်တွေကုန်သွားတဲ့ သူငယ်ချင်း လေးငါးယောက်ကိုလည်း သတိရမိတယ်။ ဘာသာစကားက အရေးကြီးသလို ကိုယ့်အတွက် အထောက်အကူလည်း ဖြစ်ပါတယ် ဒါပေမယ့် ဒါကိုပဲမလိုအပ်ပဲ ပထမဦးစားပေး နေရာကိုတော့ မထားခဲ့သင့်ဘူးဆိုတဲ့ ကိုယ့်ရဲ့အမြင်တွေ အခုထိမပြောင်းလဲသေးဘူး။

ဖတ်မိဖတ်ရာ တွေးမိတွေးရာ

အလုပ်ထဲကိုလူကို နှစ်ထားခဲ့တာ ကြာလာတော့ အလုပ်နဲ့ မပါတ်သက်တဲ့ စာတွေလည်း မဖတ်ဖြစ်တာ အတော်ကြာသွားတယ်။ အရင်တစ်ပါတ်ပိတ်ရက်မှာ The Soviet Story ကိုကြည့်ဖြစ်လိုက်တယ် The Soviet Story မှာတော့ ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်တော့ လူ့အဖွဲ့အစည်းအသစ် ပြန်တည်ထောင်မယ်ဆိုပြီး လူတန်းစားတစ်ခု ဒါမှမဟုတ်လူမျိုးစုတစ်ခုကို အကုန်လုံးအမြစ်မကျန် သတ်ခဲ့တာတွေ ယူကရိန်းမှာ အစားအသောက်တွေ ဖြတ်တောက်ပြီးတော့ အငတ်ဘေးနဲ့သေစေခဲ့လို့ ယူကရိန်း ၇ သန်းလောက် သေခဲ့တာတွေကို နာဇီပါတီက ဂျူးတွေကို အမျိုးပြုတ်သတ်ခဲ့တာနဲ့ ယှဉ်ပြထားတယ်။

The Soviet Story ကိုကြည့်ဖြစ်လိုက်ရာကနေ ဆက်မဖတ်ဖြစ်ပဲ ရပ်ထားခဲ့တဲ့ The Black Book of Communism. Crimes, Terror, Repression ပြန်ဖတ်ဖြစ်တယ်။ အဲဒီ့စာအုပ်ကတော့ ဆိုဗီယက်နိုင်ငံ တစ်ခုတည်းအကြောင်းမဟုတ်ပဲ ဆိုဗီယက်၊ ပိုလန်၊ စပိန်၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ လက်တင်အမေရိကနိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ ကွန်မြူနစ်နိုင်ငံထူထောင်ရင်း ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ရေးထားတာဖြစ်တယ်။

The Black Book of Communism ကွန်မြူနစ်မဟုတ်တဲ့လူတွေရေးတဲ့ စာအုပ်ဖြစ်နေတော့ ကွန်မြူနစ်မကောင်းတာကို ပိုပိုသာသာရေးမယ်လို့ ယူဆလို့ရနိုင်တော့ ဆန့်ကျင်ဘက်စာအုပ်ကိုလည်း လိုက်ရှာဖြစ်ပါတယ်။ The Black Book of Capitalism ဆိုတဲ့စာအုပ်က The Black Book of Communism ထွက်လာတဲ့အတွက် ထပ်ရေးကြတာဖြစ်ပါတယ်။ ဒါပေမယ့်အဲဒီ့စာအုပ်က အင်္ဂလိပ်လို ဘာသာပြန်ထားတာမရှိပဲ ပြင်သစ်လိုပဲရှိတဲ့အတွက် ကိုယ်လည်းမဖတ်နိုင်ပါဘူး။ ဒါပေမယ့် ရေးထားတဲ့ အခန်းလိုက်ခေါင်းစဉ်တွေကတော့ ဝီကီမှာကြည့်လို့ရတဲ့အတွက် သိနိုင်ပါသေးတယ်။ အရင်းရှင်စနစ်ကြောင့် ကျွန်အရောင်းအဝယ်တွေ ပထမကမ္ဘာစစ်ကြောင့် သေခဲ့တဲ့အရေအတွက်တွေ ကွန်မြူနစ်ဝါဒကြောင့် အာဖရိနိုင်ငံတွေ လွတ်လပ်ရေးရခဲ့တာတွေကို ရေးထားတာပါပါတယ်။

ဒီနှစ်ခုကိုယှဉ်ဖတ်တော့ စာအုပ်နှစ်အုပ်က ဟိုဘက်သည်ဘက် မကောင်းတဲ့အကြောင်း ရေးနိုင်ကြပါတယ်။ ဒါပေမယ့် ကွန်မြူနစ်နိုင်ငံတွေ ထူထောင်တော့လုပ်ခဲ့ကြတဲ့ Crimes, Terror, Repression တွေကိုတော့ The Black Book of Capitalism ကမဟုတ်ပါဘူးလို့ ငြင်းနိုင်စွမ်းမရှိခဲ့ဘူး။ မူရင်းကွန်မြူနစ်ဝါဒ ကောင်းမကောင်းဆိုတာထက် တော်လှန်ရေးဆိုပြီး ကွန်မြူနစ်နိုင်ငံတွေ တည်ထောင်ဖို့အတွက် Crimes မှန်းသိလျက်နဲ့ ကျူးလွန်ခဲ့ကြတာတော့ ကောင်းတယ်လို့ လက်ခံနိုင်ကြမယ်မဟုတ်ဘူး။ Capitalism ကြောင့်လည်း လူတွေအများကြီး သေခဲ့တယ်ဆိုလည်း လက်ခံနိုင်ပါတယ် ဒါပေမယ့် Capitalism ဖြစ်ဖို့ဆိုပြီး သတ်ဖြတ်ခဲ့တဲ့ Crimes အမျိုးအစားတွေတော့ The Black Book of Capitalism မှာမတွေ့မိဘူး။

ဆက်စပ်ပြီးတော့ ပြန်စဉ်းစားမိတာက အထက်တန်းမှာသင်ခဲ့တဲ့ သမိုင်းမှာသင်ခဲ့ကြရတဲ့ ဒုတိယကမ္ဘာစစ် အကြောင်းအရာတွေမှာ အီတလီ၊ ဂျာမဏီ၊ ဂျပန်တွေကိုပေါင်းပြီးတော့ ဖက်ဆစ်ဆိုပြီးပြောတယ် ဖက်ဆစ်ဝါဒဟာ အရင်းရှင်စနစ်ပျက်လိုလို စာတွေနဲ့သင်ကြတယ်။ တကယ်တော့ နာဇီဝါဒဟာ ဘယ်လိုစဉ်းစားစဉ်းစား အရင်းရှင်ဝါဒလည်း မဟုတ်ခဲ့ဘူး ဆိုရှယ်လစ် လွှမ်းမိုးမှုတွေပဲ တွေ့နိုင်တယ်တယ်။ ဗမာပြည် ဆိုရှယ်လစ်ခေတ်မှာရေးတဲ့ သမိုင်းစာအုပ်တွေဖြစ်လို့ ဟစ်တလာဟာ ဆိုရှယ်လစ်ဝါဒီဖြစ်ခဲ့တယ်လို့ မရေးတာတော့ ထူးဆန်းတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။