About
ပုံပန်းသဏ္ဍန်
လူပုံကတော့ အသားညိုညို ပိန်ပိန်ပါးပါး အရပ်အမောင်း မကောင်းပါဘူး။ အများအားဖြင့် ဆံပင်ရှည်ရှည် မုတ်ဆိတ်မွှေး ပါးမြိုင်းမွှေး စုတ်ဖွားနဲ့ဖြစ်ပါတယ်။ မသိတဲ့လူကတော့ ဗမာလို့ပြောတောင် မယုံတဲ့လူရှိပါတယ် သို့ပေမယ့် ဘာလူမျိုးမှကို သွေးမရောတဲ့ ဗမာစစ်စစ် အညာသားပါ။ အသေချာဆုံးက ရုပ်မြင်ရင်ချစ်ခင်ပါစေဆိုတဲ့ အသွင်သဏ္ဍန်မျိုး လုံးဝမဟုတ်ပါ။
ဝတ်ပုံစားပုံ
လူအများနဲ့ လိုက်လျောညီထွေ ဝတ်စားပုံက လူအများက အင်္ကျီကိုအကျပ်ဝတ်ရင် ကျွန်တော်က အင်္ကျီအပွဝတ်ပါတယ် အများကစတိုင်ဘောင်းဘီဆိုရင် ကျွန်တော်ကဂျင်းဘောင်းဘီနဲ့ လာတတ်ပါတယ်။ အဝတ်အစား လှလို့ဝယ်တယ်ဆိုတာမရှိပါ လက်ထဲရှိတဲ့အဝတ် ဝတ်စရာမရှိအောင် ဟောင်းသွားလို့ ဝယ်တယ်သာရှိပါတယ်။ ဝယ်ထားတဲ့မီးပူက ပလပ်ပေါက်ဘယ်လို တပ်ရသလဲမေ့နေတာ ကြာပါပြီ အဲဒါကြောင့် မီးပူတိုက်ရမယ့် Formal အဝတ်အစား ဘယ်လိုမှသဘောမကျပါဘူး။ ဒါတွေကြောင့် ဝတ်ပုံစားပုံမြင်ပြီး လူအထင်ကြီးနိုင်မည့် အသွင်အပြင် လုံးဝမရှိပါ။
ပြောပုံဆိုပုံ
လူသဘောကျစေမည့် အကြောင်းမရှိ အကြောင်းရှာချီးမွမ်းခြင်း မြောက်ပင့်ပြောဆိုခြင်း စသည့်အပြောအဆိုမျိုး တစ်ခုမှမလုပ်တတ်ပါ။ မြင်သည့်အတိုင်း ပြောတတ်သည့်အပြင် ဥပမာနှင့် ခိုင်းနှိုင်းပြောတတ်သော စကားများမှာ ဒဲ့ဒိုးစကားထက် ပိုမိုတာသွားသောကြောင့် မှန်သော်ငြားလည်း လူအများသည်းမခံနိုင်ပါ။ အပြောအဆို အလွန်မောက်မာသော လူတစ်ယောက်ဟု ကျွန်တော်နှင့်စကား တစ်ခါမှမပြောဖူးသော လူအချို့က မှတ်ချက်ချကြပါသည်။ သေချာသည်မှာ အပြောအဆိုလူတိုင်းနှင့် အဆင်ပြေသူမဟုတ်ပါ။