ပရိုဂရမ်မာဋီကာ (၂)

ကွန်ပျူတာလောကမှာ အသစ်ဆိုရင် ပိုကောင်းတယ်လို့ လူတိုင်းလက်ခံကြတယ် ဒီနေ့ဝယ်ထားတဲ့ကွန်ပျူတာ နောက်ထပ်အလွန်ဆုံး ခေတ်မှီလှရင် သုံးလေးလပေါ့ သိပ်မကြာပါဘူး အဲဒီ့ထက်ကောင်းတာ ထွက်လာတာပါပဲ။ အစပဲကောင်းတဲ့ တရုတ်ပစ္စည်း ဒုက္ခပေးလွန်းလို့ မူလလက်ဟောင်းမှ ကောင်းတယ်လို့ ထင်တတ်တဲ့ ကိုယ့်နိုင်ငံက လူမျိုးတွေတောင် ကွန်ပျူတာ အဟောင်းဝယ်ပါလား အကြံပေးမိရင် ရူးနေသလားလို့ ကိုယ့်ကိုပြန်မပြောသွားရင် ကံကောင်းလို့ဆိုရမယ်။

သို့ပေမယ့် ဟောင်းလေလေ အဖိုးတန်လေလေဆိုတာ့ ပရိုဂရမ်မာတွေလို့ ပြောလို့ရပါတယ်။ ဒါကိုလည်း လူငယ်ခြေတက် ပရိုဂရမ်မာတွေက လက်ခံဦးမယ်မဟုတ်ဘူး ဘယ်နှယ့်ဗျာ Fortran, COBOL, BASIC ခေတ်က ပရိုဂရမ်မာအိုကြီးတွေတော့ သုံးရမယ်မဟုတ်ပါဘူးလို့ ဆိုချင်ဆိုကြဦးမယ် အဲလိုမြင်တဲ့လူတွေကို အပြစ်မပြောထိုက်ဘူး ခိုင်းစားလို့ရတဲ့ ပရိုဂရမ်မာ အမြန်ထုတ်လို့ရတဲ့ခေတ်မှာ ပရိုဂရမ်မာဖြစ်လာတဲ့ လူတွေရဲ့အမြင်ကိုးဗျ။

တစ်ခေတ်တစ်ခါက ပရိုဂရမ်မာဆိုတာက ကွန်ပျူတာတွေ ဘယ်လိုအလုပ်လုပ်သလဲ အရင်ဆုံးနားလည်ပြီးမှသာ ကွန်ပျူတာကိုခိုင်းတဲ့ ပရိုဂရမ်ကိုရေးလို့ရတယ်။ အခုခေတ် ပရိုဂရမ်မာဆိုတာက ကွန်ပျူတာဆိုတာ ဘယ်လိုအလုပ်လုပ်သလဲ အသေအချာမသိလည်း ပရိုဂရမ်ဆိုတာက ရေးလို့ရတဲ့ခေတ်မှာ လူဖြစ်ကြသကိုးလို့ ပြောရမလိုဖြစ်တယ်။ အခြေခံဖြစ်တဲ့ Processor တွေက Instruction တွေကို ဘယ်လို Execute လုပ်သလဲ Memory ထဲမှာ Data တွေဘယ်လိုသိမ်းသလဲ Operating System တွေဘယ်လို အလုပ်လုပ်သလဲ Network ပေါ်မှာ Data တွေဘယ်လိုသွားသလဲ အသေအချာ နားလည်တဲ့ ပရိုဂရမ်မာဆိုတာ အခုခေတ်မှာက အတော်ရှားသွားပြီ။

ဥပမာပြောရရင် ကွန်ပျူတာတစ်လုံးကနေ အခြားတစ်လုံးကို Network ပေါ်ကနေ Data ပို့ချင်ရင် အခုအချိန်မှာ အင်မတန်လွယ်ပါတယ် အခုခေတ်မှာ အလွန်ဆုံးရေးရမယ်ဆို အကြောင်းနှစ်ဆယ်အစိတ်ပေါ့။ တစ်ချိန်ကဆိုရင် Socket Server တစ်ခုရေး Port တစ်ခုကိုဖွင့် အဲဒီ့ Port ကိုလာသမျှ Data တွေကို အဆက်မပြတ်ဖတ်ပြီးတော့ ရေးယူကြရတယ်။ ဒီထက်ပို ခက်တဲ့ အချိန်ကဆိုရင် ကိုယ်သွားမယ့် Network အမျိုးအစားအလိုက် Protocol ကအစ ဘာသုံးသလဲသိဖို့လိုပြီး သက်ဆိုင်ရာ Operating System ကပေးထားတဲ့ API တွေကိုခေါ်ဖို့လိုတယ်။

အဲဒီတော့ ဒီခေတ်မှာ ဒါတွေသုံးမှမသုံးတာလို့ ပြောကောင်းပြောမယ် ဟုတ်ပါတယ်မသုံးပါဘူး ဒါပေမယ့် အလုပ်ဘယ်လိုလုပ်သွားသလဲ အသေးစိတ်သိနေတဲ့အတွက် သူတို့ရဲ့ Knowledge Level ဟာ လက်ရှိလူတွေထက် ပိုများနေတဲ့အတွက် ခက်ခက်ခဲခဲ ပြဿနာတစ်ခုဖြစ်ရင် အဲလိုလူတွေက ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာ ပိုပြီးတော့ရှင်းပေးနိုင်ပါတယ်။ အဲဒါကြောင့် အလုပ်လုပ်ဖို့ဆိုရင်တော့ ငယ်တဲ့ပရိုဂရမ်မာကိုခန့်ရတယ် ဒါပေမယ့် ပြဿနာရှင်းဖို့ နေရာအတွက်တော့ အိုဟောင်းနေတဲ့ ပရိုဂရမ်မာတွေကို ခန့်ကြရတာပေါ့။

ဒီလိုဆိုရင် ဒို့ကအဟောင်းတွေ လိုက်ဖတ်ရမှာလားလို့ မေးလာရင်တော့ အဲလိုလည်းမဟုတ်ဘူးလို့ပဲ ပြောပါရစေ။ အဟောင်းဆိုတာက အချိန်အရ ဟောင်းသွားတာမဟုတ်လား။ ကိုယ်လုပ်နေတဲ့ အကြောင်းအရာတွေကိုပဲ အကောင်းဆုံးဖြစ်အောင် လေ့လာဖို့ပဲလိုပါတယ် နောင်တစ်ချိန်မှာ အခုခေတ်မှာသုံးနေတဲ့ နည်းပညာတွေထက် လွယ်တဲ့အရာတွေပဲ ထပ်ထပ်ပြီးထွက်လာဦးမှာပါ။ အခုခေတ်လုပ်နေတဲ့အရာတွေက နောက်လူတွေအတွက် အင်မတန်ခက်ခဲတဲ့အရာတွေ ဖြစ်လာဦးမှာပါ။

ဒီတော့ အခုအချိန်မှာ အသေအချာ လေ့လာခဲ့တဲ့လူတွေက တစ်ချိန်ကျရင် အဖိုးတန်တဲ့ ပရိုဂရမ်မာအိုကြီးတွေ ဖြစ်လာဦးမှာပေါ့။ ဟောင်းသွားတိုင်း ကောင်းမှာလားမေးရင်တော့ ကိုယ့်ခေတ်က အတတ်ပညာမှ အသေအချာမတတ်ရင် နောင်တစ်ခေတ်က အတတ်ပညာကိုလည်း နားလည်မှာမဟုတ်​တော့ သစ်သီးများလိုပဲ အချိန်ကြာတော့ ပုတ်သွားသလိုပဲ အသက်ကြီးလာလို့ ဘယ်နားမှသုံးမရလို့ ဘယ်သူကမှလည်း အလုပ်မခန့်တော့တဲ့ ပရိုဂရမ်မာအိုကြီးတွေလည်း အများကြီးပဲပေါ့။ ဟောင်းသွားအောင် အတင်းကြိုးစားစရာမလိုပေမယ့် ပုတ်သွားမယ့်အထဲ မပါအောင်တော့ အသေအချာဂရုစိုက်ရလိမ့်မယ်။

ပရိုဂရမ်မာဋီကာ (၁)

အပျင်းကြီးတယ်ဆိုတာ ပရိုဂရမ်မာစစ်စစ်တွေရဲ့ ကြန်အင်လက္ခဏာများထဲက အရေးကြီးတဲ့ အချက်များထဲက တစ်ချက်ပေါ့ ဒီအချက်နဲ့ မပြည့်စုံရင် ထူးချွန်တဲ့ပရိုဂရမ်မာ ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်း အတော်နည်းပါတယ်။ တကယ်တော့ သူတိုရဲ့စိတ်ထဲမှာ အလုပ်တစ်ခုကို တစ်ခါလုပ်ပြီးရင် ထပ်မလုပ်ချင်ပဲ လုပ်ပြီးသားအလုပ်ကို ပြန်သုံးချင်တဲ့ အပျင်းကနေအစပြုပါတယ်။

ဂဏန်းလေးနှစ်လုံး ပေါင်းချင်တယ်ဆိုပါစို့ စိတ်နဲ့မပေါင်းချင်တောင် ဂဏန်းပေါင်းစက်လေးယူပြီး ပေါင်းပေးလိုက်ရင် ချက်ချင်းအဖြေထွက်တာပေါ့ အဲဒါကိုနောက်တစ်ခါ လာခိုင်းနေရင် လုပ်ပေးရမှာစိုးတော့ ပေါင်းတဲ့ပရိုဂရမ်လေး တစ်ခုရေးပေးလိုက်တာ ကောင်းပါတယ် ပြီးမှပေးလိုက်ရင် သူ့ဟာသူတွက်ပေါ့ နောက်တစ်ခါ ငါအလုပ်ရှုပ်သက်သာတယ်ဆိုပြီး Console မှာအလုပ်လုပ်တဲ့ ပရိုဂရမ်လေးရေးလိုက်ပါရော။

ပရိုဂရမ်လေးအလုပ်လုပ် အဖြေလည်းထွက်တော့ စိတ်ကူးကတစ်မျိုးပြောင်းပြန်တယ် ဒီခေတ်မှာတော့ Command Line မှာသုံးတတ်တဲ့လူက မရှိသလောက်ဖြစ်နေပြီ ပေးလိုက်ရင် ဒီအတိုင်းသုံးတတ်မယ်မထင်ဘူး သင်ပေးရဦးမယ်ထင်တယ် သင်ပေးတော့အချိန်ကုန်တယ် သူ့ဟာသူစမ်းသုံးလို့လွယ်မယ့် UI လေးတော့ ထည့်ပေးလိုက်မယ်ဆိုပြီး Textbox လေး Button လေးတွေထည့်မိပြန်တယ်။

UI လေးနဲ့ အလုပ်လုပ်တာ ပြီးသွားတော့ ထပ်စဉ်းစားမိတာက သူကရုံးမှာသုံးလိုက် အိမ်မှာသုံးလိုက် သုံးချင်တယ်ဆိုပြီး ဖြစ်နေရင်တော့ လိုက်ပြီးတော့ Install လုပ်ပေးရရင်လည်း ငါအတော်အလုပ်ပျက်မယ့် သဘောရှိတယ် ဘာမှထည့်စရာမလိုပဲ လှမ်းသုံးလို့လွယ်အောင် Web ဆိုရင်ပိုအဆင်ပြေတယ်ဆိုပြီး ပရိုဂရမ်ကို အင်တာနက်ပေါ် တင်ဖို့ကြိုးစားပြန်တယ်။

ပရိုဂရမ် Web ပေါ်ပို့ပြီးပြန်တော့ တကယ်တော့ အင်တာနက်ဆိုတာ နေရာတိုင်းရတာမဟုတ် ကွန်ပျူတာဆိုတာက အကြီးကြီးပဲ နေရာတကာသယ်နိုင်တာမဟုတ် သွားရင်းလာရင်းတွက်လို့ရအောင် ဖုန်းထဲမှာအလုပ်လုပ်ရင် အဆင်အပြေဆုံးပဲဆိုပြီး အပေါ်တင်ထားတဲ့ ပရိုဂရမ်ကို ပြန်ဆွဲချပြီးတော့ အတင်းပဲဖုန်းထဲကို မရမက အတင်းသွပ်ပြန်တယ်။

အဲလိုနဲ့အပေါ်တင်လိုက် အောက်ပြန်ချလိုက်နဲ့ အမျိုးမျိုးလည်ပြီးတဲ့နောက်တော့ ဆက်လုပ်ရမှာလည်း ပျင်းလာပြန်တယ်။ ရသလောက်ပဲရပ် ဒါပဲဆိုပြီးပေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ရောက်တော့ တွက်ခိုင်းတဲ့လူက စိတ်မရှည်လို့ စက္ကူနဲ့ခဲတံသုံးတွက်လိုက်လို့ အဖြေထွက်နေတာက လေးငါးရက်ရှိပြီဖြစ်လို့ သုံးစရာမလိုလို့ဆိုပါတယ်။

ဒီမှာလည်း ပျင်းတဲ့ရောဂါက မရပ်သေးပါဘူး ရေးထားတာလေးက ကောင်းနေတယ် သုံးမယ့်လူမရှိလည်း ငါ့လိုပျင်းတဲ့ နောင်လာနောက်သား သုံးလိမ့်မပေါ့ဆိုပြီး ရေးထားတာတွေ အပျင်းကြီးသူတွေ နားလည်စေဖို့ဆိုပြီး ဖြစ်သလိုရေးထားတဲ့ နေရာတွေကို အသေအချာလိုက်ရှာပြီး Comment တွေထည့် Document တွေရေးပြီးတော့ Opensource လုပ်လိုက်ရပါတယ်။

နေ့လည်းမအိပ် ညလည်းဇီးကွက်လို အလုပ်မပြီးမချင်း ထိုင်ရာကမထတဲ့လူမျိုးက ဘယ်လိုပျင်းသလဲလို့ မေးကောင်းမေးကြဦးမယ်။ ဒါလည်းမေးထိုက်တယ် ထပ်ပြီးတော့ဖြေရမယ်ဆိုရင် ပရိုဂရမ်မာတွေက ပျင်းရုံတင်ဘယ်ကမလဲ ခဏလုပ်ရမယ့်အလုပ် ထပ်လုပ်ရမှာပျင်းလို့ ပရိုဂရမ်ရေးမိရကာကနေ နောက်ဆုံး ဘယ်သူမှမသုံးတဲ့ အခြေအနေ ရောက်ရောက်သွားတော့ ဒီလိုလူတွေကိုမှ အတုံးဆုံးလူလို့မပြော ဘယ်လူတွေကို ပြောလို့ရပါဦးမလဲ။

ဂြိုဟ်သွားပြက္ခဒိန်

မန္တလေးအိမ်က စာအုပ်စင်မှာ နက္ခတ်ဗေဒင်စာအုပ် အများကြီးရှိတယ် အဖေ့လက်ထက်က ကျန်ခဲ့တာတွေရယ် အသစ်ထွက်သမျှ စိတ်ဝင်စားရင်ဝယ်တယ် အဟောင်းဆိုင်ကနေ ရှာဖွေပြီးတော့ ဝယ်ထားတဲ့စာအုပ်တွေရယ် အတော်ကိုများများရှိတယ်။ ကိုယ်စိတ်ဝင်စားလို့ ကိုယ်ဖတ်တာဖြစ်လည်း လူအပြောခံရတာတော့ မလွတ်ကင်းဘူး ဒီလိုခေတ်မှာ ဗေဒင်တွေဘာလို့ သင်နေသလဲလို့ ပြောတဲ့လူကပြောတယ် လက်ဝါးထိုးပေးပြီး ဟောပေးပါလားလို့ မေးတဲ့လူလည်းမေးတယ် ရှေ့ဖြစ်မဟောတတ်ပါဘူး နားလည်တာတွေက သင်္ချာတွေလို့ဆိုတော့ သူတို့သဘောမပေါက်ကြဘူး နက္ခတ်ဗေဒင်တွေဟာ အင်မတန်ရှေးကျတဲ့ သိပ္ပံအတတ်ပညာတွေဆိုတာ သဘောပေါက်တဲ့လူ အတော်နည်းပါတယ်။

ဗေဒင်စာအုပ်မှာ ရှေ့ဖြစ်ဟောနည်း စာအုပ်တွေဟာ အင်မတန်ပေါပါတယ် ကောင်းတယ်မကောင်းဘူး မှန်တယ်မမှန်ဘူးတော့ မဆိုလိုဘူးပေါ့လေ။ ဒါပေမယ့် အတွက်အချက်ကျမ်းတွေကတော့ နားလည်တဲ့လူလည်း နည်းသလို စာအုပ်စာတမ်းဟာ အင်မတန်ကိုရှားပါတယ်။ အတွက်အချက်ကျမ်းမှာ အလွန်ဆုံးရှာလို့လွယ်ရင် တွက်ပြီးသွား ဂြိုဟ်သွားပြက္ခဒိန်ကိုကြည့်ပြီး ဇာတာဖွဲ့နည်းကျမ်းပဲ ရှာလို့ရနိုင်ပါတယ်။ နားလည်တဲ့လူနည်းတယ်ဆိုတာဟာ အခုအချိန်အထိ ဂြိုဟ်သွားပြက္ခဒိန်ထုတ်ပြီး ရောင်းနေတဲ့လူအရေအတွက်ဟာ လက်ချိုးရေနိုင်တဲ့ အနေအထားမှာရှိပါတယ်။ စာအုပ်ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ ဂြိုဟ်သွားပြက္ခဒိန်တွေမှာ ရေးထားတာတွေ့လေ့ရှိတဲ့ သံဒိဋ္ဌကျမ်းတွေ သူရိယသိဒ္ဓန္တကျမ်းတွေက နာမည်သာရှိပေမယ့် ဖတ်ချင်လည်းရှာလို့ မရတတ်ပါဘူး အဲဒီတော့ အဟောင်းဆိုင်တွေမှာတွေ့ရင် မဖတ်နိုင်သေးတောင် အားရင်ဖတ်ဖို့ဝယ်ထားရတယ်။

ရှေးကစာအုပ်တွေ ဖတ်ရတာကအတော်လည်း စိတ်ရှည်ရပါတယ် ကိန်းဂဏန်းတွက်ချက်တာကို ရှေးကအခေါ်အဝေါ်တွေနဲ့ရေးပါတယ် ဥပမာပြောရင် ၁ နဲ့ ၂ နဲ့ပေါင်းဆိုရင် ၁ ကို ၂ နှောတယ်လို့ရေးလေ့ရှိတယ် ၃ နဲ့ ၄ မြှောက်တယ်ဆိုလည်း ၃ ကို ၄ခါဆ လို့ရေးလေ့ရှိတယ် အဲဒီတော့ အသားမကျသေးခင် လွယ်လွယ်ကူကူ တွက်ရမယ့်အခန်းတွေကိုပဲ တစ်လုံးချင်းဖတ်ပြီး ဂဏန်ပေါင်းစက်နဲ့ မှန်းတွက်လိုက် ထွက်လာတဲ့အဖြေတိုက်နဲ့ မနည်းဖတ်ရပါတယ်။ အတော်ကို ကြိုးစားတွက်တော့ သူ့အထဲကအတိုင်းတော့ တွက်လို့ရသွားပါတယ် ဒါပေမယ့် အဖြေတွေကို ဝယ်လို့ရတဲ့ တွက်ပြီးသား ပြက္ခဒိန်တွေနဲ့ တိုက်ကြည်တော့ တစ်ချို့နေရာတွေ မတူပြန်ဘူး အနည်းနဲ့အများ လွဲတာတွေရှိတယ် ဘာလို့လဲလို့ အဖြေမရှာတတ်ဘူး။

ပြဿနာက သံဒိဋ္ဌကျမ်းတွေက မူအမျိုးမျိုးနဲ့ ကွဲပြားနေတယ် အဓိကအားဖြင့်တော့ ဆင်တဲမူနဲ့ ကန်ဦးမူဆိုပြီး နှစ်ခုကအပြိုင်ဖြစ်နေတယ်။ အဖေ့စာအုပ်တွေထဲက ဆင်တဲမူနဲ့တွက်ကြည့်ရာကနေ ကန်ဦးမူနဲ့ သံဒိဋ္ဌကျမ်းတစ်ခုလည်း ထပ်ပြီးရှာလို့ရခဲ့တော့ နှစ်ခုကိုယှဉ်တွက်ကြည့်တယ် တစ်ချို့နေရာတွေမှာ ထွက်လာတဲ့ အဖြေလွဲတာတွေရှိတယ်။ သူတို့ကတော့ သူမှန်တယ် ကိုယ်မှန်တယ် ငြင်းကြပေမယ့် ကိုယ့်အမြင်ကတော့ နှစ်ခုလုံးသူ့နည်းသူ့ဟန် လွဲကြပါတယ်။ သူရိယသိဒ္ဓန္တကျမ်းတွေမှာပါတဲ့ ကိန်းဂဏန်တွေက ကြီးလွန်းတဲ့အတွက် ဂဏန်တွက်စက်မရှိတဲ့ အလီကျက်ပြီး တွက်ရတဲ့ခေတ်မှာဆိုတော့ ဂဏန်းကြီးလွန်းရင် တွက်ချိန်ကြာသလို အမှားလည်းများပါတယ် အဲဒါကြောင့် အနီးစပ်ဆုံးအစားထိုးတွက်နိုင့်မယ့် ကိန်းအသေးကိုကိုယ့်နည်း ကိုယ့်ဟန်အစားထိုးကြတာပါ။ နောက်ပြီးတော့ ဒဿမကိန်း မသုံးတတ်တဲ့အတွက် အနီးစပ်ဆုံးယူတဲ့အတွက်လည်း အမှားဖြစ်တဲ့အကြိမ်လည်း ပိုတိုးပါတယ်။

ဒီလိုနဲ့ တစ်ယောက်ထဲ ကျမ်းပေါင်းစုံနဲ့ တွက်လိုက်ချက်လိုက် လုံးလည်လိုက်ပြီးတဲ့နောက် အသေအချာသင်ပေးနိုင်မယ့် ဆရာတစ်ယောက်နဲ့ ဆုံဖြစ်တယ်။ ဆရာကတော့ ဆွေစဉ်မျိုးဆက်က ပြက္ခဒိန်ဆက်တဲ့ ပုဏ္ဏားမျိုးရိုးဆိုတော့ ဗေဒင်လက်ရိုး အသေချာငယ်ကတည်းက သင်ခဲ့ရတဲ့လူဆိုတော့ အတော်အဆင်ပြေပါတယ်။ တစ်ခြားလူတွေနဲ့မတူတာက သူတွက်ပုံတွေဟာ လက်ရိုးဆိုပေမယ့် ခေတ်မှီပါတယ် Scientific Calculator ကိုကောင်းကောင်း အသုံးချနိုင်တဲ့အတွက် ဒီဂရီတွေ နာရီတွေကို အဆင်ပြေပြေအသုံးချနိုင်တယ်။ ကိုယ်သိထားတဲ့ ဗွက်ပေါက်နေတဲ့ သူရိယသိဒ္ဓန္တကို သူအသေအချာရှင်းပြမှပဲ အသေအချာတွက်နိုင်တော့တယ်။

ဆရာလည်း ဂဏန်းတွက်စက်နဲ့ တွက်ရတာအဆင်ပြေပေမယ့် ကိုယ်ကတော့ ကွန်ပျူတာသမားဆိုတော့ ခလုပ်လည်းအခါခါ နှိပ်ချင်တဲ့လူမဟုတ်။ ပရိုဂရမ်အပြီးရေးမယ်လို့လုပ်လိုက် မအားလိုက်နဲ့အချိန် အတော်ကြာသွားပြီး အပြင်ထွက်လာလိုက်တာ ဒီအချိန်အထိရောက်သွားခဲ့တာပဲ မှတ်စုတွေမြင်မိရင် ကြွေးတင်နေသလို စိတ်ထဲမှာဖြစ်နေတာလည်းကြာခဲ့ပြီ အခုတော့မအားတဲ့ကြားကနေ ဂြိုဟ်သွားပြက္ခဒိန်ကို အပြီးသတ်အောင်တော့ရေးနေတယ် သူရိယသိဒ္ဓန္တ အမရပူရမူနဲ့တော့ ထပ်တူလို့မပြောလိုဘူး တစ်ချို့နေရာတွေ ပြင်လိုက်တာတွေရှိတယ်။ နှစ်တွေထောင်ချီသွားတော့ မူရင်းကိန်းသေတွေဟာ ဒီအချိန်မှာ အနည်းနဲ့အများတော့ မှားတာကတော့မှားနေပါပြီ ခေတ်သစ်နက္ခတ္တဗေဒနဲ့ ဘယ်လောက်ကွာဟသလဲ ယှဉ်ကြည့်ချင်သေးတယ်။

အသုံးတည့်မယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ URL ကနေ တစ်လချင်းအလိုက် ပြက္ခဒိန်ကိုတွက်ကြည့်လို့ရပါတယ် ဗမာပြည်စံတော်ချိန်နဲ့ တွက်ထားတာပါ။ အမှားအမှန်တော့ အာမခံပါဘူး စမ်းကြည့်လိုက်ပြန်ပြင်လိုက်နဲ့ တတ်နိုင်သလောက်တော့ လိုက်စစ်နေပါတယ်။ ဒဿမတွေကို အကုန်ယူပြီးတွက်တဲ့အတွက် လက်ရှိ ဝယ်လို့ရနိုင်တဲ့ သံဒိဋ္ဌပြက္ခဒိန်တွေနဲ့ အနည်းငယ်တော့ အတိမ်းအစောင်းရှိပါတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေမှာတော့ ဂြိုဟ်အသီးသီးရဲ့ မန္ဒဥစ်တွေကို ၂၀၀၇ လောက်ကတွက်ထားတဲ့ ကိန်းသေတွေနဲ့ တွက်ထားတဲ့အတွက် အနှစ် ၂၀ လောက်ခွာတွက်မိရင်တော့ ကွာဟမှုများတာဖြစ်နိုင်ပါသေးတယ်။ မန္ဒဥစ်တွေကို ကိန်းအရှင်တွေနဲ့ အစားထိုးဖို့ကျန်နေသေးတယ်။

http://myancalendar.appspot.com

မြန်မာဝေါဟာရ ပြက္ခဒိန်မှာ ပြဿနာက အနာဂါတ်အတွက် ကြိုတွက်လို့မရဘူး နှစ်ကူးချိန်တွေနဲ့ ဝါထပ်ရက်ငင်တွေက တစ်ခါတစ်ရံမှာ ပုံသေတွက်လို့မရနိုင်ဘူး ပြက္ခဒိန်အကြံပေးအဖွဲ့က ဆုံးဖြတ်မှသာ ဝေါဟာရပြက္ခဒိန်ဟာ အတည်ဖြစ်တယ်။ အဲဒီ့နေရာမှာ အများပိုင်တဲ့ပြက္ခဒိန်ကို ကိုယ့်ပစ္စည်းလိုသဘောထားပြီး ယတြာခြေချင်လို့ လုပ်ချင်သလိုလုပ်ကြတဲ့ လူတွေကြောင့်ကတော့ ဘာမှလုပ်​ပေးလို့မရတဲ့တွက် မပြောလိုတော့ပါဘူး ဒါပေမယ့်တကယ်တမ်း အငြင်းအခုန်ဖြစ်ကြတာက အတတ်ပညာချို့ယွင်းချက်ကြောင့်လည်း ဆိုလို့ရပါတယ်။ အဓိကကတော့ တစ်နိုင်လုံးစံအဖြစ်သုံးမယ့် ကိန်းသေတွေကို အသေအချာညှိပြီး သတ်မှတ်သင့်တယ်။ ကြိုတွက်လို့မရပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ နှစ်ကူးချိန်တွက်ပြီး ထည့်လို့တော့ရပါတယ် ဒါပေမယ့် နှစ်စဉ်တော့ ပြက္ခဒိန်အကြံပေးအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ကိုက်မကိုက် ပြန်ကြည့်ပြီး လိုအပ်ရင်ညှိဖို့တော့လိုမယ် အချိန်ရရင်တော့ ဝေါဟာရပြက္ခဒိန်ကိုလည်း ထည့်ထားပါဦးမယ် လက်ရှိကတော့ ကိန်းဂဏန်းတွေပဲမြင်နေရတော့ ဝေါဟာရလတွေ ကြည့်လို့ရမှာမဟုတ်ဘူး။