စကားစပ်မိတဲ့ နာမည်ပြောင်း

ဒီကနေ့တော့ ကြံကြံဖန်ဖန် အင်္ဂလိပ်တစ်ယောက်၊ ထိုင်းတစ်ယောက်၊ တရုတ်နှစ်ယောက်၊ မလေးတစ်ယောက်နဲ့ စကားစပ်မိစပ်ရာပြောရင်း နာမည်တွေပြောင်းတဲ့ အကြောင်းရောက်သွားရော။ မင်းဘယ်က ငါဘယ်ကနဲ့ပြောရင်း ကိုယ်ကတော့ မြန်မာနိုင်ငံကနေလာတယ်လို့ ပြောမိတယ်။ တရုတ်ပြည်မကလာတဲ့ တရုတ်က မြန်မာနိုင်ငံ ဘယ်နားမှန်းမသိဘူး အူလည်လည်ဖြစ်နေတယ် ထိုင်းကလူက ငါ့နိုင်ငံနဲ့ အနောက်ဘက်ကပ်လျက်လို့ ပြောပြန်လည်း ထိုင်းလည်း မြေပုံပေါ်ဘယ်နားမှန်း သူသိပုံမပေါ်ဘူး။ အင်္ဂလိပ်က အရင်က ဘားမားလို့ခေါ်တယ်လို့ ပြောပြန်တော့လည်းမသိပြန်ဘူး ဘယ်လိုရှင်းရှင်းမရတော့ အကုန်လက်လျော့လိုက်ရတယ်။

ဘားမားနဲ့စကားစပ်မိလို့ မလေးနှစ်ယောက်က နာမည်ပြောင်းတာနဲ့ ပတ်သက်ပြီးတော့ မင်းဘယ်လိုခံစားပါသလဲတဲ့။ ပြန်ရှင်းရပြန်တယ် ငါကတော့ လူမျိုးက ဗမာလူမျိုးဆိုတော့ ဘားမားလည်း ငါ့အဖို့ကတော့ဘာမှမဖြစ်ဘူး တစ်ခြားလူမျိုးတွေ အနေနဲ့ကတော့ မဟာဗမာဆိုပြီး လက်ဝါးကြီးအုပ်ထားတယ်လို့ ပြောစရာခံစားစရာ ဖြစ်နိုင်တယ် ဒါ့ကြောင့် ဘုံနာမည်အဖြစ် တရားဝင်ပြောင်းလိုက်တယ်လို့ ငါယူဆတယ် နာမည်ပြောင်းရုံနဲ့ ပြေလည်မည့်ကိစ္စမဟုတ်ပေမယ့် နာမည်ကို ပြောင်းတာကတော့ ငါ့အနေနဲ့တော့ မကျေနပ်စရာမရှိပါဘူးလို့ ပြန်ပြောရတယ်။

အင်္ဂလိပ်က နာမည်ပြောင်းတုံးက ဒို့နိုင်ငံကကန့်ကွက်ဖူးတယ်လို့ ကြားဖူးတယ်တဲ့။ ဟုတ်ပါတယ် ဒါပေမယ့် ဒို့နိုင်ငံနာမည် ဒို့ဟာဒို့ပြောင်းတာ မင်းတို့ဘာမှလုပ်လို့မရဘူး ကန့်ကွက်လည်း အကျိုးမရှိဘူး မြန်မာလို့ခေါ်မယ်လို့ ကုလသမဂ္ဂမှာလည်း ပြင်လိုက်တယ်လို့ ပြန်ပြောတော့ အင်္ဂလိပ်က ဟုတ်ပါတယ်တဲ့ မင်းတို့ဟာမင်းတို့ နာမည်ပြောင်းတာ မင်းတို့အခွင့်အရေးပါ ငါကဖြစ်ခဲ့တာကို ပြောပြတာပါတဲ့ ဘာကြောင့် သွားကန့်ကွက်သလဲ ငါလည်းစဥ်းစားမရပါဘူးလို့ ပြောရှာပါတယ်။ ထိုင်းကတစ်ယောက်ကလည်း ငါတို့လည်း အရင်က ဆိုင်ယမ်ကနေ ထိုင်းလန်း လို့ပြောင်းခဲ့တာပဲ ကိုယ့်ဟာကိုယ်ပြောင်းတာ ပြောင်းပေါ့ဘာဖြစ်သလဲတဲ့။

စလုံးတရုတ်တစ်ယောက်က အဲဒါပြီးတော့ တစ်ခြားနာမည်တွေလည်း အကုန်ပြောင်းတယ်မဟုတ်လားတဲ့။ လူတောင်အူကြောင်ကြောင်းဖြစ်တယ် ဟမ်… ဘာတွေပြောင်းသေးလို့လဲလို့ မေးတော့ ရန်ဂွန်းကနေ ရန်ကုန်လို့ တစ်ခြားမြို့နာမည်တွေ ပြောင်းလိုက်တယ်လေတဲ့။ အဲဒီတော့ရှင်းပြရတယ် အဲဒါက ပြောင်းတာမဟုတ်ဘူး အမှန်ပြင်တာ ဒို့လူမျိုး ရန်ဂွန်းလို့ ဘယ်တော့မှမခေါ်ဘူး ရန်ကုန်လို့ပဲခေါ်တယ် အင်္ဂလိပ်က မထွက်တတ်ပဲ လျောက်ပေါင်းလို့ ရန်ဂွန်းဖြစ်နေတာ။ တစ်ခြားမှားနေတာတွေရှိတယ် မော်လမြင်း ကို မော်လမြိုင် ပရုန်းကို ပြည် စသည်ဖြင့် ဒို့ခေါ်သလိုမှန်အောင် ပြင်လိုက်တာ ပြောင်းတာမဟုတ်ဘူး လွဲနေလို့ ပြင်လိုက်တာ ငါတို့စကားကို ငါတို့အတတ်ဆုံးပါ အင်္ဂလိပ်ရေးချင်ရာ ရေးထားခဲ့တာကို ဒီအတိုင်း မထားနိုင်ဘူးလို့ ပြောလိုက်ရတယ်။

အဲဒါဆိုရင် အရင်နာမည်အဟောင်းတွေ ခေါ်မိရင်မင်းတို့ စိတ်ဆိုးပါသလားတဲ့ အတွန့်တက်ပြီးမေးကြပြန်ရော။ မင်းတို့ဟာမင်းတို့ ဘယ်လိုခေါ်ခေါ် ဘယ်သူမှတော့ စိတ်ဆိုးစရာတော့ မရှိပါဘူး မင်းတို့မှအမှန်မထွက်တတ်ပဲ ငါတို့လည်း မင်းတို့မြို့နာမည်တွေ မှန်အောင်မထွက်တတ်ဘူး ကုန်ကုန်ပြောရရင် ရထားဘူတာနာမည်တွေ ငါမှန်အောင်တောင် မပြောတတ်ဘူးဆိုတော့ စလုံးတရုတ်ကရယ်တယ်။ ငါတို့နာမည်ပြောင်းတွေ နာမည်ပြင်တယ်ဆိုတာ နိမ့်ကျတဲ့စကားလုံးဖြစ်လို့ ပြောင်းတာပြင်တာမှမဟုတ်တာ စိတ်ဆိုးစရာတော့မရှိပါဘူး။ ဒါပေမယ့် တရားဝင်ပြောင်းပြီးဖြစ်လို့ တရားဝင်စကားပြောတဲ့အခါ အရေးအသားသုံးနှုံးတဲ့အခါမှာတော့ မင်းတို့အမှားသုံးနှုံးခွင့်မရှိဘူးလို့ ပြောလှတ်လိုက်တယ်။

လာပြန်ပြီနောက်တစ်ယောက်

ဂျီတော့မှာ ကျွန်တော် တစ်ခုမေးချင်လို့ ခင်ဗျ ဆိုလို့ မေးလို့ပြောမိပြန်တယ်။ ဆော့ဝဲတစ်ခု Install လုပ်လိုက်တာ Restart လုပ်လိုက်တော့ ဝင်းဒိုးက ပြန်ပြီးတော့ တက်မလာတော့ဘူး အဲဒါဘာလုပ်ရမလဲတဲ့။ အရှင်းဆုံးအဖြေ မသိဘူးခင်ဗျာလို့ ဖြေလိုက်ပါတယ်။ အဲဒီလိုပြီးစလွယ် မပြောနဲ့ဗျာတဲ့။ ဟောဗျာ မသိပါဘူးဆိုနေမှ ဘယ်လိုလုပ်ဖြေမလဲ ကိုယ့်စက်တောင် ကိုယ်မပြင်ဖြစ်တာ ၃ နှစ်လောက်ရှိပြီ။ ထပ်မေးဦးမယ်တဲ့ ဘလော့မှာ ဘယ်နိုင်ငံကလာတယ်ဆိုတာ အလံပုံလေးတွေနဲ့ ပေါ်နေတဲ့ဟာမျိုး ထည့်ချင်တယ်တဲ့ ဘယ်လိုထည့်သလဲမေးပြန်ရော။ အဲဒါဆိုရင် ထည့်ထားတဲ့ ဘလော့တစ်ခုကိုသွား မောက်စ်တင်ကြည့်လိုက် ဘယ်ဆိုက်ကနေ အဲဒါမျိုးပေးသလဲ တွေ့လိမ့်မယ်။ အဲဒီ့ဆိုက်မှာ စာရင်းသွင်းပြီးလုပ်လိုက်ပေါ့ အဆင်ပြေမှာပါလို့ ပြောလိုက်တယ်။ ခင်ဗျားပြီးစလွယ်ဖြေပြန်ပြီ အသေးစိတ် ဘယ်အဆင့်ကနေ ဘယ်လိုသိချင်တာတဲ့။ ဟမ်… ငါ့ဘလော့ကိုကြည့် မျက်စေ့ရှုပ်လို့ ဘာမှကိုမထည့်ထားဘူး ငါမလုပ်ဖူးဘူး မင်းဘယ်ကလာတယ်နော်လို့ ပြပြနေတာလည်း စုံစမ်းထောက်လှမ်းနေလို ခံစားရလွန်းလို့ ငါ့ဆိုက်မှာထည့်ကို မထားဘူး။ မင်းစမ်းကြည့်လိုက်ပါ အခက်အခဲရှိရင် ဘယ်နေရာမှာ ဘာဖြစ်တယ်ပြော စမ်းကြည့်ပေးမယ် ငါကတော့ မသုံးဖူးဘူးလို့ဖြေလိုက်တယ်။ ဒီလိုကျပြန်တော့လည်း ခင်ဗျားတောင် မသုံးဖူးတာ ဘယ်လိုလုပ်ခင်ဗျားက စမ်းကြည့်မှာတုံးတဲ့။ ဟမ်… အဲဒါဆို ငါ့ကိုမင်းက ဘာလို့လာမေးနေသလဲ လို့ပြောလိုက်တယ်။

ခင်ဗျားတို့လိုလူတွေကြောင့် ဗမာပြည်ကွန်ပျူတာသမားတွေ လမ်းပျောက်နေတာတဲ့ သိတဲ့အတတ်ပညာကိုလည်း မဖြန့်ဝေဘူးတဲ့။ ဟမ်… နေပါဦး မင်းကငါဘာတတ်တယ်လို့ သိထားလို့လဲ ငါလူအများအထင်ကြီးတဲ့ အတတ်ပညာတစ်ခုမှမတတ် ငါတတ်တဲ့အတတ်ပညာများက လူအများစိတ်မဝင်စားလို့ ပြန်ပြောတော့။ ခင်ဗျားဘာတတ်မှန်းကျုပ်က ဘယ်လိုသိမလဲ ဒါပေမယ့် ကျွန်တော်မေးတာတွေ ခင်ဗျားတစ်ခုမှ ပြန်မဖြေဘူးတဲ့။ အေး… မင်းမေးတဲ့ဟာတွေက ငါအတွက်ကတော့ အတတ်ပညာလို့ သတ်မှတ်ထားတဲ့ အရာတွေမဟုတ်ဘူး သာမန်လူတစ်ယောက် စမ်းလုပ်ကြည့် နားလည်နိုင်တဲ့အရာတွေပါ။ မင်း… ကိုယ်တိုင်စမ်းကြည့်ပြီးပြီလား ကိုယ်တိုင်လုပ်မကြည့်ပဲနဲ့ လူတစ်ကာကိုလိုက်မေးနေတာလား မင်းအသိဆုံးပဲဖြစ်မှာပါ။ ကျုပ်မှ မသိလို့မေးပါတယ်ဆို ကျုပ်ကဘာလို့စမ်းလုပ်နေရမှာလဲ။ အေးလေ… ငါလည်းမလုပ်ဖူးဘူး ငါဆိုရင်ဒီလိုလုပ်မယ်လို့ မင်းကိုအကြမ်းပြောလိုက်တယ် မဟုတ်လား မင်းအနေနဲ့ ကြိုးစားကြည့်ချင်စိတ်ရှိရင် တစ်ခါတည်းအဆင်ပြေသွားချင် ပြေသွားမယ် အခက်အခဲရှိရင် ငါပေးတဲ့အကြံဆိုတော့ ငါတာဝန်ယူတဲ့အနေနဲ့ ငါစမ်းကြည့်ပေးမယ်လို့ ပြောတယ်မဟုတ်လား။ ခင်ဗျားလည်းမသိမှတော့ ကျုပ်ကခင်ဗျားကို ဘာလို့ဆရာတင်နေရမလဲ။ အေး… ငါ့ကိုဆရာတင်လို့လည်း ငါမပြောပါဘူး ဒါပေမယ့် ငါအကြံတစ်ခုပေးမယ် သူများကိုထပ်ပြီး ဆရာတင်နေလည်း လုပ်တတ်ချင် တတ်သွားမယ် မင်းတိုးတက်မှာ မဟုတ်ဘူး။ မင်းကိုယ်တိုင် မင်းရဲ့ဆရာမဖြစ်သ၍ မင်းသူများနောက်လိုက်ပဲ ဖြစ်နေမှာပဲ။ ငါ့စကားရိုင်းမယ် နားဝင်မချိုဘူး မင်းဟာမင်း နားဝင်းချိုအောင် ပြောတတ်တဲ့လူလိုက်ရှာမေးချေ။ ကိုယ့်အားကိုယ် မကိုးချင်တဲ့ လူတစ်ယောက်အတွက် ငါအချိန်ကုန်ခံပြီး အကြံဥာဏ်မပေးနိုင်။

အဆင်ကိုပြေလို့

အလည်ရောက်နေတဲ့ ဆရာမပြန်မယ်ဆိုလို့ မနက်ကတည်းက ချန်ဂီကိုသွားမယ်ဆိုပြီး ရထားစီးပြီး အိမ်ကထွက်ခဲ့တာပေါ့။ အဘိုးကြီးအဘွားကြီးနဲ့ ဗိုက်ကြီးသည်ပဲ ထိုင်တဲ့ခုံမှာ လူမရှိတာနဲ့ ခပ်တည်တည်ပဲ ထိုင်စီးလာတာ တရုတ်ဥယျာဥ်လည်းရောက်ရော ကုလားမကြီးသားမအမိ ရထားပေါ်တက်လာပါရော ထူးထူးဆန်းဆန်းဗျ မြင်တော့မြင်ရခဲတယ် အမေဖြစ်သူကလည်း ဆာရီနဲ့ပါ ဝတ်ထားတဲ့ ဆာရီဟာ အင်မတန် အဘိုးတန်မယ့် ဆာရီဆိုတာ အရမ်းသိသာတယ် အနားကွပ်တစ်လျောက်ကို ရှေကွပ်ထားတယ်ဗျ အင်္ကျီကလည်း ဆာရီဆင်နဲ့တစ်ဆင်တည်းပဲ။ သမီးဖြစ်သူကတော့ တစ်ထောင့်တစ်ည ပုံပြင်ထဲက မင်းသမီးဝတ်သလို ဝတ်စုံနဲ့ဗျာ မြင်သာအောင်ပြောရရင် အရင်ကတီဗွီမှာလာတဲ့ ဂျင်နီလို ဝတ်စုံနဲ့။ ကိုယ့်ဟာကိုယ်တောင် သံသယဖြစ်တယ် ငါစင်္ကာပူမဟုတ်ပဲ ဘဂ္ဂဒက်များ ရောက်နေသလားပေါ့။

နောက်တစ်ဘူတာလည်းရောက်ရော နောက်ထပ် ကုလားလင်မယား တက်လာပြန်ရော ပြီးတော့ ကိုယ်ထိုင်နေတဲ့ရှေ့ လာရပါတယ် ထိုင်နေတာ့ မော့လည်းမကြည့်မိပါဘူး။ ကုလားလို့ပြောရတာက ယောက်ျားက ကုလားလိုပြောနေသံကြားလို့ရယ် မိန်းမဖြစ်သူကလည်း ကုလားမတွေဝတ်တဲ့ သင်တိုင်းလိုအရှည်ကိုဝတ်ထားပြီး ပုဝါကိုစုံချထားတာတော့ ထိုင်နေလည်းမြင်မိတာပေါ့။ သူတို့စကားပြောသံကြားမှ စိတ်ထဲတစ်ခုခုတော့ လွဲနေတယ်လို့ ထင်မိတယ်။ ယောက်ျားက ကုလားလိုပြောနေတယ် အသေအချာနားထောင်မှ မိန်းမကတရုတ်လိုပြန်ပြောနေတယ်။ ဒါနဲ့မဟုတ်သေးပါဘူးလို့ မော့ကြည့်မိမှ ဘယ်ဟုတ်မလဲ ကုလားမမှမဟုတ်ပဲ တရုတ်မဖြစ်နေတယ် ယောက်ျားက ကုလားဖြစ်နေလို့ မိန်းမကကုလားဝတ်စုံ ဝတ်ထားတာ ဖြစ်နေပါရောလားဗျာ။ သူ့ဟာသူတော့ အဆင်ကိုပြေလို့ ကုလားကကုလားလိုပြော တရုတ်ကတရုတ်လိုပြော နှစ်ယောက်လုံးနားလည်ပါ့ဗျာ။