ဆန္ဒနဲ့ ဘဝ

စာမျက်နှာ(၁) မူလတန်းကျောင်းသား

ဆန္ဒ = ဘဝ = ကစားချိန်မှာကစားမယ် အိပ်ချိန်မှာဝင်အိပ်မယ် အပူအပင်ကင်းတဲ့ ကလေးလေးဘဝ

စာမျက်နှာ(၂) အလယ်တန်းကျောင်းသား

ဆန္ဒ = ပန်းချီဆွဲတတ်ချင်တယ် စန္ဒယားတီးတတ်ချင်တယ်
ဘဝ = စာကျက်ချိန်မှာစာကျက်ရမယ် အားတဲ့အချိန်မှာ ကစားစရာအဖော်မရှိ ဖတ်စရာစာအုပ်တွေပဲရှိတဲ့ အိမ်လေးတစ်လုံး

စာမျက်နှာ(၃) အထက်တန်းကျောင်းသား

ဆန္ဒ = အဖေ့လိုဖြစ်ချင်တယ် အနည်းဆုံး အဖေ့ထက်မညံ့ပဲ အများဆုံး အဖေ့ထက်တော်ရမယ်
ဘဝ = အဖေ့လိုဖြစ်ချင်တဲ့ ဆန္ဒကိုဖျက်သိမ်းတယ် မတူညီတဲ့ဘဝကနေလဲ မညံ့အောင်ကြိုးစားနိုင်သလို ပိုတော်အောင်လည်း နေနိုင်တာပါပဲ မကျန်တော့တဲ့ အချိန်တစ်ခုအတွင်းမှာ အဝေးကိုထွက်မသွားနိုင်တော့ဘူး

စာမျက်နှာ(၄) တက္ကသိုလ်ကျောင်းသားဘဝ

ဆန္ဒ = ရွေးချယ်လိုက်တဲ့ နယ်ပယ်တစ်ခုမှာ တန်းတူကလွဲပြီး ငါ့ထက်တော်တဲ့လူမရှိတဲ့ အခြေအနေအထိ ရောက်ရမယ်
ဘဝ = ဆန္ဒတစ်ခုအတွက် ငယ်ရွယ်အချိန်၊ လွတ်လပ်မှု့၊ ပျော်ရွှင်မှု့ အားလုံးစွန့်လွှတ်လိုက်ရတယ် ထိပ်ဆုံးတော့ မရောက်ပေမယ့် အလယ်အလတ်တော့ကျော်ခဲ့တယ်။

စာမျက်နှာ(၅) လက်ရှိဘဝ

ဆန္ဒ = ဆန္ဒတစ်ခုတည်းအတွက် အရာရာရင်းနှီးခဲ့တဲ့ အချိန်တွေကိုပြန်ရချင်တယ် ဘယ်အရာမှ မထူးချွန်ချင်တော့ဘူး ဆန္ဒတွေအများကြီးနဲ့ မျှတတဲ့ဘဝကိုပဲ ပြန်တည်ဆောက်ခွင့် ရချင်မိတယ်
ဘဝ = ပျော်ချင်ပေမယ့် ပျော်ခွင့်ရချင်မှရမယ် နေချင်ပေမယ့် သွားချင်သွားရမယ် ကံအတိုင်းပဲ အဆင်သင့်သလို ဖြတ်သန်းနေတဲ့ဘဝ

မေကျော် Tag လုပ်သဖြင့်ရေးပါသည်။

Yudansha

အိုက်ကိဒိုစာမေးပွဲဆိုတာနဲ့ ဝေးနေခဲ့တာအနည်းဆုံး ၄ နှစ်လောက်ရှိခဲ့ပါပြီ။ တကယ်တော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဖြေခဲ့ရမယ့်စာမေးပွဲပါ စစ်မယ့်ဆရာနဲ့ဖြေမယ့်လူ အကြောင်းကြောင်းကြောင့် မဖြေဖြစ်ခဲ့တော့ပဲ ရပ်တန့်ခဲ့တာ အချိန်တွေအတော် ကျော်သွားတယ် တစ်ခြားနိုင်ငံတစ်ခုကို ထွက်လာခဲ့လိုက်တယ်။ ဒါပေမယ့် အဆင့်ဆိုတာကို ခေါင်းထဲမထည့်လို့ အိုက်ကိဒိုကိုတော့ မရပ်တန့်ခဲ့ပါဘူး ဒီကြားထဲကနှစ်တွေမှာ အခက်အခဲအမျိုးမျိုးနဲ့ ရုန်းကန်ရလည်း အိုက်ကိဒိုကို မရပ်တန့်စေခဲ့ဘူး။ ဝင်ငွေမရတဲ့အလုပ်ကို အချိန်တစ်ခုပုံမှန်ပေးပြီး လုပ်ယူရတာ အချိန်ကိုငွေနဲ့တိုင်းတာတဲ့ အရပ်ဒေသမှာတော့ တကယ်ကခက်ခဲလွန်းပါတယ်။ ဒီလိုနဲ့ပဲအချိန် ၃ နှစ်လောက်လွန်လာခဲ့တယ်။

ဆရာတွေမှာလည်း အမျိုးမျိုးရှိတယ် တစ်ချိန်ကသူတို့ ဖြတ်သမ်းခဲ့တဲ့လမ်းလို မဖြစ်စေလိုတဲ့ဆရာရှိသလို ဖြစ်စေလိုတဲ့ဆရာလည်းရှိတယ်။ လက်ရှိဆရာက မင်းစာမေးပွဲဖြေဖို့စဉ်စားပါတော့လို့ အကြံပေးတယ်။ မဖြေပါရစေနဲ့တော့ စာမေးပွဲလည်း စိတ်မဝင်စားတော့သလို အဆင့်ဆိုတာလည်း ကျွန်တော့်အတွက်တော့ ဘာမှခံစားချက် မရှိတော့ပါဘူး ကျွန်တော် ဘယ်နိုင်ငံရောက်ရောက် လက်ရှိအဆင့်ထက် ဘယ်သူမှနှိမ်လို့မရနိုင်ဘူးလို့ ပြောမိတယ်။ ဆရာကလည်း ကိုယ့်အကြောင်းသိနေတော့ မလိုချင်တာငါနားလည်တယ် ငါလည်းမင်းဘယ်အဆင့်ဖြစ်ဖြစ် ငါ့တပည့်ပါပဲလို့နားလည်တယ် ဒါပေမယ့် မင်းကိုငါဖြစ်ခဲ့သလို မဖြစ်စေချင်ဘူးလို့ သူ့အကြောင်းကိုပြောပြတယ်။

ငါအိုက်ကိဒိုစပြီးကစားတော့ ၁၉၆၂ ခုနှစ်မှာစခဲ့တယ် ဒါပေမယ့် ငါဘယ်တော့မှ ငါ့ဆရာကိုစာမေးပွဲ ဖြေပါရစေလို့မပြောဖူးဘူး ဆရာကမင်းဖြေလို့ပြောတဲ့အချိန်မှသာ ဝင်ဖြေပါတယ်လို့ ဆရာကပြောပြတယ်။ ဒါပေမယ့် ငါ Yudansha ပထမဆင့်ကို ရတာက ၁၉၇၇ ခုနှစ်မှရခဲ့တယ် အဲဒီ့အချိန်မှာ တစ်ချိန်က ငါသင်ခဲ့တဲ့တပည့်တောင် ဒုတိယအဆင့် ရောက်တဲ့လူကရောက်နေပြီလို့ ပြောပြပါတယ်။ ဒီလိုနဲ့ဒုတိယအဆင့် စာမေးပွဲလည်းငါမဖြေဖြစ်ပြန်ပဲ အချိန်တွေအတော်ကြာခဲ့ပြန်တယ် ၁၉၈၇ နှစ်ရောက်မှ Fujita Shihan နဲ့တွေ့လို့ Shihan ကြီးကမနေနိုင်လို့ တတိယအဆင့်ကို ကျော်ပြီးပေးခဲ့ရတယ်လို့ပြောပြတယ်။ နောက်လည်းစာမေးပွဲကို ကရုမစိုက်ပြန်ဘူး ၂၀၀၂ ခုနှစ်မှ ပဉ္စမအဆင့်ကို ကျော်ပြီးရောက်ခဲ့ပြန်တယ်။ ၂၀၁၀ မှာတော့ ဆဋ္ဌမအဆင့်ကိုရခဲ့တယ်။

စာမေးပွဲအတွက် ငါလည်းကရုမစိုက်ခဲ့ပါဘူး အချိန်တန်လို့ ထိုက်တန်တဲ့အချိန် မရမရှိဘူးမလိုချင်လည်း ရမှာပါလို့ ငါလည်းလက်ခံခဲ့တာပါလို့ ဆရာကပြောပါတယ်။ ဒါပေမယ့် ငါ့ရဲ့တတိယအဆင့်နဲ့ ပဉ္စမအဆင့်ကြားမှာ ခံပြင်းစရာအတော်များများ ရှိခဲ့တယ်လို့ပြောပြတယ်။ ငါသင်ပေးခဲ့တဲ့ တပည့်တွေကို စတုတ္ထအဆင့်ရောက်နေပြီ အဲဒါကိုငါဘယ်လိုမှ မခံစားရပါဘူး ဒါပေမယ့် တစ်ယောက်က ပြိုင်ဘက်လိုသဘောထားလာတယ် စော်စော်ကားကား အပြုအမူတွေလုပ်လာတယ် ငါ့ကိုဘယ်သူမှ ရိုသေစရာမလိုပါဘူး ဒါပေမယ့် အလကားနေရင် စော်စော်ကားကားလုပ်ခွင့်မရှိဘူး ဒါတွေဟာခံပြင်းစရာတွေပါလို့ ပြောပြပါတယ်။ ငါ့အကြောင်းကို လူတိုင်းသိသလို သူငါ့ထက်ပိုတော်လို့ မဟုတ်မှန်းလည်း လူတိုင်းသိတယ် ဒါပေမယ့် စာရွက်ထဲကနံပါတ်က ငါ့ထက်များနေတယ်လို့ ပြောပြာပါတယ်။

မင်းကတော့ငါ့လို ဒီအလုပ်လုပ်စားမယ့်လူမဟုတ်ဘူး ဒါပေမယ့်မင်းနောက်က လူတွေအခုတော့မင်းရဲ့ ဘယ်ဘက်ဘေးမှာတန်းစီတယ် မင်းရပ်နေရင် မင်းရဲ့ညာဘက်ကိုရောက်မယ် ငါ့ဆီမှာတော့ ငါ့လိုအဖြစ်မျိုးတွေထပ်ပြီးတော့ အဖြစ်မခံသင့်ဘူး မင်းဖြေကိုဖြေရမယ် တစ်ချိန်ကမင်း ဘာလို့မဖြေခဲ့သလဲဆိုတာ ငါ့ကိုမင်းမပြောဖူးဘူး ဒါပေမယ့် ငါခန့်မှန်းလို့ရပါတယ် ဘာကိုမှစိတ်ထဲမထားနဲ့ အကုန်မေ့လိုက်ပါ ငါ့ဆီရောက်ရင် ငါ့တပည့်ပဲ ဘာတစ်ခုမှခွဲခြားမှု့မဖြစ်စေရဘူး မင်းလည်းဖြေချိန်ကို ရောက်တာမဟုတ်ဘူး အချိန်တွေကျော်နေပါပြီလို့ ပြောလာခဲ့တယ်။

ဘာတွေပြင်ဆင်ဖို့လိုမလဲစဉ်းစား လိုအပ်တာငါ့ကိုပြော လေ့ကျင့်ဖို့လူလိုရင်လည်း ငါပြောပေးမယ်ပြောတော့ ကိုယ်လည်းဖြေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ လွန်သွားတဲ့အချိန်တွေဟာ ကျွန်တော့်အတွက်တော့ အကောင်းဆုံးပြင်ဆင်ချိန်တွေပါ ဘာမှထူးပြီးမလိုအပ်ပါဘူးလို့ ဆရာ့ကိုပြောပြီး စာမေးပွဲဝင်ဖြေတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတော့ လိုချင်စိတ်ရှိနေခဲ့သေးတယ် အနည်းနဲ့အများ စိတ်လှုပ်ရှားမှု့ရှိနေတယ်။ အခုအချိန်မှာတော့ လိုချင်စိတ်လည်းမရှိလို့ ကျသွားမယ်လို့ စိုးရိမ်စိတ်မရှိဘူး။ ကိုယ့်ရဲ့လှုပ်ရှားမှု့ နည်းစနစ်ကိုလည်း ပူပန်မှု့မရှိဘူး ချောချောမောမောပဲ စာမေးပွဲပြီးသွားပါတယ်။

အောင်စာရင်းဟာ ထုံးစံအရ ၇ ရက်လောက်ခွာပြီးမှ ကြေငြာလေ့ရှိပါတယ် ဒါပေမယ့် Yudansha အဆင့်ဖြစ်တဲ့အတွက် အောင်လက်မှတ်ဟာ Japan Aikikai ကနေယူပေးရမှာဖြစ်လို့ ဆရာ့ဆီကနေ အောင်လက်မှတ်မှာ နာမည်ကိုဂျပန်လို ရေးရမှာဖြစ်လို့ အရင်လက်မှတ်မှာ ရေးထားတဲ့စကားလုံးအတိုင်း ရေးပြီးပြန်ပို့ပေးပါလို့ အီးမေးရောက်တဲ့အတွက် အောင်မြင်ကြောင်း ကြိုသိလိုက်ရပါတယ်။ မန္တလေးသင်တန်းက လက်ရင်းဆရာကိုလည်း ဖုန်းဆက်ပြီးတော့ အကြောင်းကြားလိုက်တယ် ဆရာလည်း တပည့်တစ်ယောက် Yudansha ရရှိကြောင်းကြားတော့ အတော်ကိုဝမ်းသာပါတယ်။ ဆရာဆိုတာထက် ဦးလေးလို အဖေလိုဖြစ်နေခဲ့တဲ့ လူတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကိုယ့်ကိုဖြစ်စေချင်ခဲ့တဲ့လူ Yudansha မဖြစ်သွားခဲ့လို့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့တယ်။ အခုတော့သူလည်း ဝမ်းသာနိုင်ပြီပေါ့လေ။

စာကြွင်း။ ။ Yudansha စာမေးပွဲမှာ မအားမလပ်ပဲ တစ်ဦးတည်းသော ရည်းစားရဲ့အငြိုအငြင်ကိုခံပြီး ဓာတ်ပုံလိုက်ရိုက်ပေးသော ညီငယ် ဖြိုးမော် ကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ အားပေးတဲ့ ပရိတ်သတ်အဖြစ် လာရောက်အားပေးတဲ့ သူငယ်ချင်း ခွန်သာထက် တို့ ဇနီးမောင်နှံကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ မအားမလပ်လို့ မလာရောက်နိုင်ပေမယ့် သတိတရ စာမေးပွဲသတင်းကို မေးလာတဲ့ ကိုကိုဒီဘီ ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း။

ခေါင်းနဲ့ပန်း

လူတစ်ယောက် သေတယ်ရှင်တယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်မှန်းသိပါတယ် ဒါပေမယ့် တစ်ခါတစ်ယံမှာတော့ လက်ခံဖို့ခက်ခဲလွန်းတယ်။ နာတာရှည်ဖြစ်နေတဲ့ လူတစ်ယောက် သေသွားနိုင်တယ်ဆိုတာ မျှော်လင့်ပြီးဖြစ်လို့မထောင်းသာပါဘူး ဒါပေမယ့် လူကောင်းတစ်ယောက် ချက်ချင်းသေမယ်ဆိုတာ ရက်ချိန်းသိတော့ စိတ်မှာအတော်လေး လက်မခံနိုင်ြဖစ်မိတယ်။ ကျောင်းအတူတက်ခဲ့ကြတယ် အစ်ကိုကြီး တစ်ယောက်လိုလည်း ဖြစ်နေတယ် အရင်တစ်ပါတ် တနင်္ဂနွေကပဲ အတူတူပျော်ပျော်ရွှင်ရွှင် လက်ဘက်ရည်သောက် မုန့်စားအတူသွားနေတယ် ဒီတနင်္ဂနွေမှာ နောက်ဆုံးအလွန်ဆုံး ၆ လပဲအသက်ရှင်မယ်လို့ ပြောင်းလဲသွားတာကို အတော်လေး လက်ခံရခက်မိတယ်။

သတင်းသိသိချင်းပဲ ဆေးရုံကိုအရောက်သွားတယ် အတူတူလိုက်လာတဲ့အစ်မ နှစ်ယောက်ကတော့ စကာ​းပြောရင်း မျက်​ရည်တွေနဲ့ပေါ့ လူမမာကတော့ စိတ်ဓာတ်ကမာပါတယ် ဒါပေမယ့် ငြင်းလို့မရတာကတော့ အတိုင်းအတာတစ်ခုအထိတော့ လျော့ကျသွားပြီပေါ့လေ အစ်ကို​ပြောတဲ့စကားကိုသာ အလိုက်အထိုက်ဖြေဖြစ်တော့တယ် ဘယ်လိုစကားနဲ့ သတင်းမေးရမလဲ စဉ်းစားလို့မရသလို ​ပြောလို့လည်းမထွက်ခဲ့ဘူး။ အားရစရာသတင်း တစ်ခုမှမရှိဘူး ကင်ဆာဆဲတွေဟာ သွေးကြောထဲမှာ ရောက်နေပြီ ထိမ်းလို့မရတော့ဘူး ဘယ်လိုပဲအသက်ကို ဆွဲဆန့်ဆန့် လပိုင်းထက်ပိုမရတော့ဘူးဆိုတော့ ဘာမှလည်းအကြံပေးစရာ မရှိသလိုဖြစ်ရတယ်။

တကယ်တော့ အိမ်ထောင်ကျသွားရင်တောင် မိဘအတွက် အလုပ်မလုပ်နိုင်မှာစိုးတယ် အဲဒါကြောင့် သူချစ်တဲ့လူရှိလျက်နဲ့ ချန်ထားခဲ့ပြီးတော့ အိမ်ထောင်မပြုတော့ဘူးဆိုတဲ့ လူမျိုးတစ်ယောက်ပါလေ ဖန်ဆင်းရှင် ဘာသာတွေအရဆိုရင် ဘုရားသခင်ဟာ မတရားဘူးပဲဆိုရမယ် ကိုယ့်ဘာသာအရတော့ ကုသိုလ်ရဲ့လက်ငင်း အကျိုးပေးဟာ နှေးကွေးလွန်းလှတယ်။ ကိုယ်လုပ်ပေးနိုင်တာ သူစိတ်ဓာတ်မကျအောင်ပဲ အားပေးနိုင်တာ အကောင်းဆုံးအကူအညီပါ ဒါပေမယ့် ပြောမထွက်ခဲ့တာကိုပဲ ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ် တကယ်တော့ သေခြင်းတရားဟာ ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းလိုပဲ တစ်ခါတစ်ယံမှာ ချက်ချင်းလည်း ပြောင်းလည်းသွားတတ်တာပဲ။