Android Camp Mandalay & Me

မန္တလေးကိုခဏ ပြန်ရောက်တော့ သတိတရနဲ့ ဆရာဖြစ်သူဆီကို အလည်သွားရတယ် ဆရာလည်း ကိုယ့်မြင်တော့ အတော်အံ့ဩသွားပုံရတယ်။ ကွန်ပျူတာအကြောင်းမပါရင် စကားမပြောတတ်တဲ့ လူနှစ်ယောက်တွေ့မှတော့ ပြောသမျှလည်း ကွန်ပျူတာအကြောင်း မပြတ်ပြောရင်းနဲ့ ဆရာဇနီးက ၁၇ ရက်နေ့မှာ Android Camp လုပ်မယ်ဆိုပြီး မတွေ့တာလည်းကြာတော့ လာခဲ့ပါဦးဆိုလို့ Android Camp Mandalay ကိုသွားဖြစ်ခဲ့တယ်။

မနက်ခင်း ၉ နာရီလောက် ယောင်လည်လည်နဲ့ ရွှေဖြူပလာဇာကိုရောက် ကွန်ပျူတာပညာရှင်အသင်း ဘယ်မလဲလို့လိုက်ရှာရတယ်။ နေသားတကျဖြစ်နေတဲ့ ပညာရှင်အသင်းကိုမြင်တော့ မီးလောင်သွားတဲ့ ICT Park တောင်မရှိခင် တစ်ချိန်တုံးက အသင်းဝင်ချင်ရင် ဝင်ခွင့်ဖောင်ကို ဘယ်သင်တန်းမှာလိုက် ဝယ်ရမှန်းမသိတဲ့ အချိန်တွေကို သတိရမိသေးတယ်။ ဒီအချိန်မှတော့ ကိုယ့်ကိုသိတဲ့လူလည်း တစ်ယောက်မှ မတွေ့တော့ပါဘူး။ Android Camp ဘယ်အခန်းလဲ မေးပြီးဝင်သွားတော့ ဆရာဦးသိန်းထွဋ်တော့ရှိတယ်။

Android Camp စတော့ ပြောမယ့်လူက တစ်ယောက်ပဲရှိပါတယ် Luke ဆိုတဲ့ ထိုင်းမှာနေတဲ့ Mobile Developer တစ်ယောက်ပြောပါတယ်။ နည်းနည်း နားထောင်လိုက်တော့ ပြောတဲ့လူရဲ့ Development Skill ကတော့ အလုပ်လုပ်နေတဲ့လူမှန်း သိသာပါတယ် Development တော့သူကောင်းကောင်း နားလည်ပါတယ်။ ကိုယ်ကလည်း သူများကောင်းတယ်ပြောရင် မကောင်းတာကို ထည့်ပြောချင်တဲ့လူဖြစ်တော့ သူကတစ်ခုခုကောင်းတယ်ပြောလိုက် ကိုယ်ကအဲဒါကဘယ်လိုတော့ မကောင်းဘူးလုပ်လိုက်နဲ့ သူလည်းစကားကို သူပြောချင်တဲ့အတိုင်း ဆွဲပြောလို့မရ ဖြစ်ဖြစ်သွားတယ်။

အမေးအဖြေလုပ်ကြတော့ ကွာဟမှုရှိနေတာတွေကို သွားတွေ့ပါတယ်။ လက်ရှိရှိပြီးသား Web Services တွေကို Android App ကနေဘယ်လို သုံးလို့ရနိုင်မလဲလို့ တစ်ယောက်ကမေးပါတယ်။ မေးတဲ့လူက Web Services တွေကို Develop လုပ်နေတယ်လို့ဆိုတယ်။ HTTP Library တွေပါတဲ့အတွက် ယူသုံးလို့ရပါတယ်လို့ ပြန်ဖြေပါတယ်။ Luke ပြန်ဖြေတဲ့ အဖြေကမှန်ပါတယ်။ ဒါပေမယ့် ထပ်မေးတာက Browser လိုသလားဆိုတော့ မေးတဲ့လူဟာ Web Services နဲ့ Web Application ဆိုတာဘာလဲလို့ ကွဲပြားပါသလားလို့ ပြန်စဉ်းစားရမလိုဖြစ်တယ်။ ဖြစ်နိုင်တာက သူဟာ Web Application တွေကိုရေးပြီး အဲဒီ့ဟာတွေကို Android ပေါ်ကနေ သုံးလို့ရသလားလို့ မေးချင်တာဖြစ်မယ်။

အဲဒီမှာဖြေတဲ့လူကလည်း မျက်စေ့လည်သွားတယ် Browser မလိုဘူး HTTP ပေါ်ကနေ RESTful Service တွေကိုသုံးလို့ရတာပဲ ပြန်လာတော့အများအားဖြင့် JSON လာမယ်မဟုတ်လားဆိုတော့ ပိုရှုပ်သွားတယ် RESTful ဆိုတော့ဘာကို ပြောမှန်းမေးတဲ့လူ ပိုလည်သွားတယ်။ အဲဒါကိုဖြေတဲ့လူက Heroku ကြားဖူးသလား Cloud ပေါ်မှာ Web Application တွေ Service တွေတင်လို့ လွယ်တယ်ဆိုတဲ့နောက်တော့ ဘယ်လိုမှရှင်းမရတော့ပဲ ရပ်လိုက်ရတော့တယ်။ တစ်ခြားမေးခွန်းတွေကတော့ Android ရေးတဲ့လူတွေမေးတော့ Implementation နဲ့ဆိုင်တာတွေဆိုတော့ အဆင်ပြေပါတယ်။

Implementation အတွက် Luke ပြင်ဆင်နေတုံးမှာ အားနေလို့တစ်ယောက်ယောက် စကားပြောထားဗျာဆိုတော့ ဆရာဦးသိန်းထွဋ်က ခင်ဗျားအမေးဆုံးဆိုတော့ ခင်ဗျားထွက်ပြောဗျာဆိုတော့ ဘာမှမပြင်ဆင်ထားတော့ မေးချင်ရာမေးဖြေချင်ရာဖြေပေါ့ Mobile Application တွေအကြောင်း သိချင်တာမေးဆိုတော့ ပထမဆုံးမေးတာက Apple Store မှာ Gift Card ဝယ်လို့ရတယ်ပြောတယ် Android Store မှာအဲဒါမျိုးရှိသလားဆိုတော့ အတော်ဖြေရခက်သွားတယ် ကိုယ်ကဒီအတိုင်း ဝယ်လို့ရတဲ့နေရာမှာနေတော့ မြန်မာနိုင်ငံထဲကနေ ဘယ်လိုဝယ်ကြသလဲ ဘယ်လိုမှမသိနိုင်တော့ဘူး အဲဒီတော့ မသိပါဘူးပဲဖြေရတယ်။

နောက်တစ်ယောက်က အစ်ကိုက Android ကိုဘာနဲ့ရေးသလဲဆိုတော့ ကျွန်တော်အဲဒါတွေ တစ်ခါမှမရေးဖူးလို့ ဖြေရပြန်တယ် အဲဒါကိုထပ်မေးတာက စောစောကအစ်ကို Development Tools တွေကို ဘယ်ဟာကအလကားရတယ် ဘယ်ဟာဘာသုံးတယ်ပြောတယ် အဲဒါမရေးပဲနဲ့ အဲဒီလောက်အထိ ဘယ်လိုသိတာလဲဆိုတော့ အတော်ဖြေရခက်သွားတယ်။ မရေးဘူးဆိုတာက Application တစ်ခုအဖြစ် ထွက်လာအောင် မရေးပေမယ့်အဲဒီ့ Application တွေဘယ်လိုဖြစ်အောင် ဒီဇိုင်းလုပ်တဲ့ လူတစ်ယောက်ဟာ Programming အသေအချာ တတ်ပါတယ်ဆိုတာ အလွယ်ဆုံးဘယ်လို ရှင်းပြရမလဲမသိဘူး။

နောက်တစ်ခု စိတ်ဝင်စားကြတာက Mono နဲ့ Android မှာဘယ်လို Development လုပ်သလဲလို့ စိတ်ဝင်စားကြတယ်။ ဒါကတော့ Mono ကိုဘယ်သူတွေ သုံးနေကြသလဲအသေအချာ လေ့လာရတော့မယ် နောက်ပြီးတော့ သူတို့ရဲ့ Support အခြေအနေဘယ်လိုရှိသလဲ လက်ရှိအခြေအနေမှာ Application ဘယ်နှစ်ခုဟာ Mono ကိုသုံးပြီးရေးထားသလဲ အသေချာလေ့လာပြီးမှပဲ သုံးသင့်မသုံးသင့် ဆုံးဖြစ်ရမှာဖြစ်လို့ ကောင်းသည်မကောင်းသည် မပြောဖြစ်ခဲ့တော့ဘူး။

အဲဒီတော့ လက်ရှိမြင်ခဲ့တာက Android ပဲဖြစ်ဖြစ်ပဲပေါ့ Mobile ရေးကြမယ်ဆိုရင် ရေးတတ်တယ် ဘာနဲ့ရေးမယ်ဆိုတာထက် ပိုတာတွေသိဖို့လိုတယ်ဆိုတာ လိုအပ်နေကြသေးတယ်။ Phone တစ်လုံးထဲမှာပဲ Internet Connection မလိုတဲ့ Application တစ်ခုဆိုတာ အင်မတန်ရှားတယ်ဆိုတာ သိဖို့လိုအပ်နေသေးတယ်။ အလွယ်ဆုံးပြောရရင်တော့ အခုအချိန်မှာသုံးနေတဲ့ Application တွေဟာ ဘယ်လိုအလုပ်လုပ်သလဲ နောက်ပြီးတော့ ရေးမယ်ဆိုရင်တော့ ဘာရေးမှာလဲဆိုတာကို အရင်ဆုံးသိဖို့လိုတယ်ဆိုတာ လေ့လာသင့်ကြသေးတယ်။

ပွဲပြီးခါနီးမှ ဆရာရောက်လာတယ် ငါကမင်းကိုဒီနေ့အတွက် တစ်ခုခုပြောခိုင်းမလို့ လိုက်ရှာနေတာ ဘယ်လိုက်ရှာရမှန်း မသိတော့ဘူးပြောတယ်။ ကြိုပြီးသိခဲ့ရင်တော့ ပြင်ဆင်လာလို့ရသေးတယ်။ မပြန်ခင်တစ်ရက်ရရင် ပြောပါဆိုတော့ ရက်ကအတော်ကပ်နေပြီ ၁၉ ရက်နေ့မနက်ခင်း လုပ်ချင်ရင်တော့ Cloud Computing ရယ် Web Services တွေကို Mobile တွေကနေ ဘယ်လိုသုံးကြတယ်ဆိုတာ ပြောပေးမယ်ဆိုတော့ စီစဉ်ကြသေးတယ် ဒါပေမယ့် ကွန်ပျူတာပြပွဲကလည်း ကပ်နေတော့ဘယ်လိုမှ စီစဉ်မရတော့ဘူးလို့ စနေနေ့မှာ ဆရာပြန်ဖုန်းဆက်တော့ Seminar မလုပ်ဖြစ်ခဲ့ဘူး။

ဒိုဂျိုသို့အလည်တစ်ခေါက်

မန္တလေးကိုခဏပြန်ရောက်တော့ အိုက်ကီဒိုသင်တန်းကို အရောက်မဖြစ် ရောက်ပါတယ် သွားခဲ့တာနှစ်တွေကြာခဲ့တော့ တစ်ချိန်က ကိုယ်သင်ပေးခဲ့တဲ့ သင်တန်းသားတွေကိုပဲ လက်ထောက်ဆရာတွေ ဖြစ်နေကြပြီပေါ့ တစ်ညပဲနေမှာဖြစ်လို့ မတွေ့လိုက်ရဘူး ဖြစ်မှာစိုးရိမ်လို့ ဆက်သွယ်လို့ရသမျှ သင်တန်းသားတွေကို မန္တလေးမသွားခင် အရင်ဆုံးဆက်သွယ်ရတယ်။ ညနေပိုင်းရောက်တော့ ဝတ်စုံလေးအိပ်ထဲထည့်ပြီး သင်တန်းဘက်ထွက်လာခဲ့တယ် သင်တန်းရှေ့ဆိုင်ကယ်ရပ်မိတော့ သင်တန်းထဲကနေ သင်တန်းသားတွေက ဆရာဆိုပြီးဝိုင်းနှုတ်ဆက်ကြတယ်။ မြင်ဖူးတဲ့လူရော မမြင်ဖူးတဲ့လူရော ရှိသမျှလူအကုန် ဆရာခေါ်နေကြတော့ ကိုယ်မရှိတော့ပေမယ့် အမှတ်တရရှိနေကြသေးတဲ့အတွက် အတိုင်းမသိဝမ်းသာမိတယ်။

သင်တန်းကတော့ အရင်လိုပဲမှောင်မှောင်မဲမဲ ဖုန်တစ်လုံးလုံး သဲတစ်လျှပ်လျှပ်နဲ့ပေါ့ ဒါပေမယ့် ဒီနေရာကိုပြန်ရောက်လာဖို့ မျှော်လင့်ခဲ့မိတာ နှစ်အတော်ကြာတဲ့အထိ ပြန်မရောက်နိုင်ခဲ့ဘူး ပြန်ရောက်လာတော့ အရင်လိုပဲ စိတ်အင်အားတွေ ပေးနိုင်နေတုံးပါပဲ။ အင်္ကျီလဲလိုက်ဦးမယ်ဗျဆိုတော့ သင်တန်းသားတွေက ဆရာက ကစားဦးမှာလားဆိုတော့ မကစားပဲနဲ့သင်တန်းကို ဘာလုပ်ဖို့လာခဲ့မလဲ နောက်ပြီးတော့ အင်မတန်ဝန်ကျယ်တဲ့ သင်တန်းဝတ်စုံတွေကို မိုင်ထောင်ချီ ခရီးအဝေးကြီးဘာဖြစ်လို့ သယ်ခဲ့ဦးမှာလဲလို့ မေးချင်မိတော့တယ်။ မိုးယိုနေတော့ ဗွက်တွေနဲ့ဆရာ့ အင်္ကျီပေမယ်ဆိုတော့ အရင်လည်းဒီလိုပဲ စုတ်စုတ်ပြတ်ပြတ် ကစားတာပါပဲဗျာလို့ ပြန်ပြောချင်မိတော့တယ်။ ဆရာကြီးကတော့ ရန်ကုန်သွားနေလို့ သင်တန်းမှာမရှိ ဒါပေမယ့်ကိုယ့်ကို သင်ပေးခဲ့ဖူးတဲ့ လက်ထောက်ဆရာရှိနေတယ် တွေ့လိုက်တော့ ဆရာလို့ ဝမ်းသာအားရခေါ်ပြီးတော့ အလေးပြုလိုက်မိတယ်။

ဆရာကခြေထောက် ဒဏ်ရာရထားလို့ ခင်ဗျားရောက်တာအတော်ပဲ သင်တန်းဒီနေ့အတန်းကို ခင်ဗျားကိုင်ပေးဆိုလို့ တစ်ရက်တာဝန်ယူလိုက်တယ်။ သင်တန်းသားတွေကို အားလုံးကျွမ်းထိုးကြမယ်ဆိုပြီး နမူနာထိုးပြလိုက်တော့ မိုးရွာထားလို့အခင်းတွေပေနေလို့ ကျောမှာတံဆိပ်နှိပ်ပြီးသား အမှတ်တရဖြစ်သွားတယ်။ ပြီးတော့ ဂျူနီယာတွေနဲ့ စီနီယာတွေကို တစ်ဝက်စီခွဲပြီး အခြေအနေကြည့်ပြီးတော့ သင်လို့ရမယ့်ဟာတွေ သင်ပေးခဲ့မိတယ် ကြမ်းကြမ်းတမ်းတမ်းကစားတာတွေကို နည်းစနစ်အဆင်ပြေနေရင် မပြင်ပေးမိတော့ဘူး ဖြစ်စေချင်တာက ဝုန်းကနဲပြုတ်ကျသွားမည့်အစား ငြင်ငြင်သာသာပဲ လိမ့်ထွက်သွားစေချင်ပေမယ့် တစ်ညနဲ့တော့ ပြင်မပေးနိုင်မှန်းသဘောပေါက်လို့ မပြင်ခဲ့မိတော့ဘူး။

သင်တန်းပြီးတော့ သင်တန်းသားတွေက ထမင်းကျွေးမယ်ဆရာဆိုလို့ အကင်ဆိုင်ကိုရောက်ဖြစ်တယ် စကားမပြောဖြစ်တာကြာလို့ ရှေးဟောင်းနှောင်းဖြစ်တွေပြော ရယ်လိုက်မောလိုက် လက်ဘက်ရည်ဆိုင်နဲ့ အကင်ဆိုင်ပဲကွာခြားတယ် လွန်ခဲ့တဲ့သုံးလေးနှစ်ကို ပြန်ရောက်သလိုပဲ ခံစားမိတော့တယ်။ သင်တန်းသားတွေကလည်း ကိုယ့်တော့လူငယ်လည်းဖြစ်နေတော့ သူငယ်ချင်းလိုပဲဖြစ်နေတယ် သူတို့ရဲ့သင်တန်း ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ပြောပြကြပါတယ် ကိုယ်လည်းနားထောင်ပြီး အကြံပေးနိုင်တာပေးရတယ်။ တကယ်တော့ တာဝန်တွေပိုလာတာပါ ကိုယ်တိုင်က အိုက်ကီဒိုကိုပဲလေ့လာမယ် သင်တန်းပြဿနာတွေ အဖွဲ့အစည်းအစွဲအလမ်းတွေ မထားဘူးလို့ဆုံးဖြတ်ထားပေမယ့် ကိုယ့်သင်တန်းကိစ္စတော့ ပါသင့်ပါသေးတယ်လို့ ချို့ယွင်းချက်စာရင်းမှာ ထည့်ထားပြီး ကူရှင်းပေးပါ့မယ်လို့ ကတိပေးခဲ့မိတယ်။ အချိန်တန်တော့ လူစုခွဲခဲ့ကြပြန်တယ် သင်တန်းသားတစ်ယောက်က အိမ်လိုက်ခဲ့မယ်ဆိုလို့ အိမ်ကိုခေါ်ခဲ့ပြီးတော့ ကိုယ်အနှစ်နှစ်အလလ ခိုးထားခဲ့တဲ့ အိုက်ကီဒိုဗီဒီယိုတွေကို ကူးထည့်ပေးလိုက်တယ် ကိုယ်မရှိပေမယ့် သူတို့အတွက် အထောက်အကူတစ်ခု ဖြစ်နိုင်မယ်ဆိုရင်ပဲ အတော်လေးဝမ်းသာမိမယ်ထင်ပါတယ်။

တောင်သမန်သို့တစ်ခေါက်

အလုပ်နဲ့ရန်ကုန်ပြန်သွားပေမယ့် မန်းလေးပြန်ဖို့ အစီအစဉ်မပါလာဘူး ဒါပေမယ့် အိမ်ဆိုတဲ့သံယောစဉ်ကလည်းခက်တယ် ရောက်နေတော့လည်း ပြန်ချင်မိပြန်တယ် အလုပ်တွေကိုစိတ်ချရအောင် စီစဉ်ပြီးတာနဲ့ အိမ်ကိုတော့ တစ်ညအိပ်ဆိုပြီး စနေညအိပ် တနင်္ဂနွေပြန်ဆိုပြီး ဖုတ်ပူမီးတိုက်ပြန်ခဲ့တယ်။ တစ်ညအိပ်ဆိုတော့ ဘယ်မှသိပ်မသွားနိုင်ပါဘူး ဒါပေမယ်ရောက်တုံးရောက်ခိုက် သွားမယ်လို့အားခဲထားတဲ့ နေရာတွေကတော့ရှိသပေါ့ ကျုံးနဲ့မြို့ရိုးရယ် မန္တလေးတောင်ရယ်ကို ဓာတ်ပုံရိုက်ရမယ် နောက်ပြီးတော့ တောင်သမန်ကိုခဏသွားမယ်လို့ အစကတည်းကမှန်းထားတယ် မနက်စောစော အိမ်ရောက်ခဏနားပြီးတော့ ညီတော်မောင်ရယ် သူငယ်ချင်းတစ်ယောက်ရယ်နဲ့ တောင်သမန်ဘက်ကို ထွက်လာခဲ့တယ်။ တောင်သမန်ဆိုတာ တစ်ချိန်ကတော့ ခဏခဏမဟုတ်ပေမယ့် ရောက်ဖြစ်တတ်တယ် မယ်ဇယ်ပင်အောက်ထိုင် အကြော်စားရင်း လေကန်နေကျပေါ့။ အရင်တုံးက ရွှေတစ်ချောင်းဘေးက ချိုင့်ဗလပွနဲ့လမ်းဟာ အခုတော့အတော်ကို ကောင်းလွန်းနေတယ်။ တောင်မြို့ တရုတ်ဘုံကျောင်းရှေ့က ဆိုင်ကယ်ဖြတ်တော့ ဘာမဆိုင်ညာမဆိုင် ဒီဒီဇုံတစ်ယောက်ကို သတိရမိလိုက်သေးတယ်။

ဦးပိန်ဆောက်တော့ ဦးပိန်တံတားခေါ်သတဲ့ ယိုင်နဲ့နဲ့ဆွေးနေတဲ့ တံတားပေါ် လမ်းလျှောက်ရင်း ရောက်တယ် ကင်မရာကိုင်လာတာမြင်လျက်နဲ့ ဓာတ်ပုံရိုက်ဦးမလားအစ်ကိုဆိုတဲ့ ဓာတ်ပုံဆရာတွေကို ဘယ်လိုနားလည်ရမှန်းမသိဘူး။ သုံးယောက်သား ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ လသာနေသလိုသဘောထားပြီး လမ်းလျှောက်လာလိုက်တာ ဇရပ်တစ်ဆောင်ရောက်တော့ ဟန်မဆောင်နိုင်တော့ဘူး ထိုင်နားရတော့တယ်။ သုံးယောက်ပုံရိုက်မယ်ဆိုပြီး Tripod ကိုထောက်လိုက်တော့ ကင်မရာတပ်လို့ရတဲ့ Tripod ထိပ်ကအပိုင်းက ဖြုတ်ထားရင်း ရန်ကုန်မှာကျန်ခဲ့မှန်းသိလိုက်ရတယ် အဲဒီ့မှာ Tripod ကိုသုံးမရပဲ ထမ်းခိုင်းရမလားဆိုပြီး ညီတော်မောင်က ပူညံပူညံလုပ်နေလို့ မင်းကအခုလာမှ သယ်ရတာပါကွာ ငါ့ဖြင့်ရန်ကုန်ကနေ မန်းလေးအထိ ဒါကြီးသယ်လာရတာပါလို့ ပြောမှငြိမ်သွားတယ် ဒီလိုနဲ့သုံးယောက်ပုံ ရိုက်မရပဲ နှစ်ယောက်စီပဲ Combination တွဲ့ပြီးရိုက်လိုက်ရတယ်။

ဇရပ်ထဲကနေ အင်းထဲမှာမော်တော်ဖြတ်သွားလည်းရိုက် ငါးမျှားနေလည်းရိုက် ငှက်တစ်စီးဖြတ်သွားတိုင်းရိုက် တစ်ယောက်တလှည့် ကင်မရာတစ်လုံးနဲ့ ရိုက်ကြပါတယ်။ စင်္ကာပူကို ပြန်ရောက်တော့ ကိုဒီဘီကရိုက်ထားတဲ့ ပုံတွေထဲကနေ သစ်ပင်ခြောက်ကိုမြင်တော့ တောင်သမန်ဆို ဒီအပင်ပါပါ့မလားလို့ စိတ်ပူနေတာဗျဆိုလို့ ဪ ဒါကမော်ဒယ်သစ်ပင်ဖြစ်မယ်လို့ တွေးမိလိုက်သေးတယ်။ ပါလာတဲ့သူငယ်ချင်းက သီလရှင်လေးတွေ ဆွမ်းဆန်ခံကြွသွားတာ မြင်လိုက်တော့ ငါတို့တစ်တွေ ဒီအတိုင်းရိုက်တာထက် ဆရာလေးတွေကို နေ့တွက်အပြတ် ဆွမ်းဆန်လှူလိုက်ပြီးတော့ တံတားပေါ် မော်ဒယ်လျှောက်ခိုင်းပြီး ဓာတ်ပုံရိုက်ရအောင် လုပ်နေလို့မလုပ်ပါနဲ့ ဆရာလေးတွေ ခေါင်းတုံးနေပူပြီး ပြဿနာတက်မယ်ဆိုပြီး မနည်းတားထားရတယ်။ ဒီလိုနဲ့ ဓာတ်ပုံတော့ ကောင်းမကောင်းမသိ လူတွေတော့ ငါးခြောက်ဖုတ်ဖြစ်ပြီး ပြန်လာခဲ့ရတယ် ဘာပဲဖြစ်ဖြစ်ပါ အိမ်ကိုခဏပြန်ပြီး တောင်သမန်ခဏသွားလိုက်ရတာ ပျော်မိပါတယ်။