ငရုတ်ပွအဆာသွပ်

အရင်တစ်ပါတ်က အစ်မတစ်ယောက် အဆောင်ကိုအလည်သွားတာ ငရုတ်ပွကို အဆာသွပ်ပြီး ချက်တာစားခဲ့ရတယ်။ မနေ့ညကတော့ စျေးသွားရင်းနဲ့ ငရုတ်ပွအကြီးကြီးတွေ့လို့ အဆာသွပ်ဦးမယ်ဆိုပြီး အသားကြိတ်သားနဲ့ အဆာပလာတွေ ဝယ်လာလိုက်တယ်။ အလုပ်ရှုပ်တယ် ထင်ရပေမယ့် အလုပ်မရှုပ်ပါဘူး ချက်ရတာသက်သာပါတယ်။


လုပ်ပုံလုပ်နည်းကတော့ အင်မတန်လွယ်ပါတယ် ဂျူးမြိတ်နဲ့ မှိုကို သေးသေးလေးတွေ ဖြစ်အောင် နုတ်နုတ်လှီး အသားကြိတ်သားနဲ့ နယ်သာထားလိုက်ပါ ဆားနည်းနည်း ပဲငံပြာရည်နည်းနည်း ချင်းရည်နည်းနည်း ထည့်နယ်ပါ အဲဒါဆိုအထဲကိုထည့်မယ် အဆာတွေကိစ္စပြီးပါပြီ ကျွန်တော်ကတော့ ကြက်သွန်ဖြူကို ကြိုက်လို့ အတောင့်လိုက် အသားထဲထည့်ထားပါတယ်။ ပန်းငရုတ်ပွကို အပေါ်ပိုင်းကို ဓားသေးသေးနဲ့ ဖွင်လိုက်ပြီးအထဲက ငရုတ်အစေ့တွေကို သန့်ရှင်းလိုက်ပါ စောစောက အဆာတွေထည့် အပေါ်ကနေဖွင့်ထားတဲ့ အပိုင်းလေးပြန်ပိတ် ရေနွေးငွေ့နဲ့ နာရီဝက်လောက် ပေါင်းလိုက်ပါ အဲဒါဆိုရင် စားလို့ရပါပြီ ငရုတ်ပွနဲ့ မွှေးမွှေးလေးနဲ့ အသားပေါင်း ချိုချိုလေးရပါပြီ။

Mayonnaise ကိုယ်တိုင်လုပ်ချင်သလား

မမဆင်ဆင်က Mayonnaise လုပ်တတ်သလားဆိုလို့ လုပ်တဲ့နည်းရေးထားပါတယ် Mayonnaise လုပ်တာက မခက်ပါဘူး အိမ်မှာကိုယ်တိုင် လုပ်လို့ရပါတယ် အင်မတန်လွယ်ပါတယ် လိုအပ်အတဲ့ပစ္စည်းတွေကလည်း ကြက်ဥအနှစ်၊ သံပုရာသီး၊ ရှာလကာရည်၊ Dijon or Yellow Mustard ၊ ဟင်းရွက်ဆီ၊ ဆား၊ ငရုတ်ကောင်း ဒါတွေရှိရင်ရပါပြီ။ Mustard ကတော့ ဗမာပြည်မှာလည်း ဝယ်လို့ရမယ်ထင်ပါတယ် Super Market တွေမှာရှိမှာပါ ရှာမရလည်းမထည့်နဲ့ ကိစ္စမရှိဘူး မပါလည်းရပါတယ်။ ဗမာပြည်မှာနေတုံးက ဝယ်ရတာရှားလို့ မထည့်ပဲလုပ်ပါတယ် ကိစ္စမရှိပါဘူး။

Mayonnaise စလုပ်မယ်ဆိုရင် သန့်ရှင်းရေးက အရေးကြီးပါတယ်။ Mayonnaise လုပ်ဖို့ ဖန်ပန်းကန်လုံး ခပ်ကြီးကြီးလိုပါတယ် ဖန်မရလည်းကွေပန်းကန်ပေါ့ သတ္တုပန်းပန်တော့ မသုံးတာကောင်းပါတယ်။ သန့်ရှင်းအောင်ဆေးပြီး ရေတစ်စက်မှ မကျန်အောင် ခြောက်သွေ့နေဖို့လိုပါတယ် ရေပါရင် Mayonnaise ပျက်သွားပါတယ်။ Mayonnaise လုပ်ချိန်မှာ အပူလည်းမထွက်ဖို့လိုပါတယ် အေးတဲ့တိုင်းပြည်တွေမှာတော့ Room Temperature လို့ပြောကြတယ် ပူတဲ့နိုင်ငံအဖို့ကတော့ ဖြစ်နိုင်ရင် Mayonnaise လုပ်မယ့်ပန်းကန်အောက်မှာ ရေခဲခံပြီး Mayonnaise လုပ်တာအဆင်ပြေတယ် အရမ်းတော့အရေးမကြီးလှပါဘူး။

အရင်ဆုံးကြက်ဥကို အကာနဲ့အနှစ်ခွဲဖို့လိုပါမယ် Mayonnaise မှာက ကြက်ဥအနှစ်ကိုပဲသုံးပါတယ်။ ကြက်ဥအကာနဲ့အနှစ်ခွဲတဲ့ ပန်းကန်လေးတွေလည်းရှိပါတယ် အလွယ်ဆုံးနဲ့ အကောင်းဆုံးကတော့ ကြက်ဥကိုဖောက်ပြီး လက်ထဲကိုထည့်ပါ ကြက်ဥအကာတွေဟာ လက်ချောင်းလေးတွေ ကြားကနေထွက်ကျသွားပါမယ် နောက်ပြီးတော့ ကြက်ဥမှာပါတဲ့ အချင်းကိုလည်း ကြက်ဥအနှစ်မပေါက်အောင် အသာလေးဖယ်လိုက်ပါ။ သတိထားရမှာက ကြက်ဥအကာလုံးဝမပါဖို့ရယ် လက်ကိုရေခြောက်နေစေဖို့ သတိထားပါ။ ကြက်ဥအနှစ်သန့်ရှင်းလေလေ Mayonnaise ကောင်းလေလေပါပဲ။

Mayonnaise စလုပ်မယ်ဆိုရင် ကြက်ဥအနှစ်နှစ်လုံးကို ဖန်ပန်းကန်ထဲကိုထည့်ပါ။ သံပုရာသီးတစ်ခြမ်းကို အဖတ်တွေမပါဖို့ ဇကာခံပြီးတော့ ညှစ်ထည့်ပါ။ ရှာလကာရည်အဖြူ တစ်ဇွန်းထည့်ပါ။ Mustard တစ်ဇွန်းလောက်ထည့်ပါ။ ပြီးရင်တော့ ကြက်ဥမှေတံနဲ့ သမအောင်မှေပါ ကြက်ဥမှေတံမရှိရင်တော့ ခက်ရင်းနဲ့ခေါက်လို့ရပါတယ် သမသွားပြီးဆိုရင် ဆီကိုစပြီးထည့်ပါမယ် အရေးကြီးတာက ဆီစပြီးထည့်တာနဲ့ Mayonnaise မဖြစ်မချင်းရပ်လို့မရဘူးဆိုတာ သတိထားပါ။

ဆီကို နည်းနည်းချင်း ထည့်ပေးပါ နည်းနည်းချင်းဆိုရာမှာ ဇွန်းတစ်ဝက်လောက်ချင်း ထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဆီနည်းနည်းထည့်လိုက် သမအောင်မှေလိုက်နဲ့ ဆက်တိုက်ပဲ မှေနေရပါမယ် မရပ်ရပါဘူး။ လူနှစ်ယောက်ဆိုရင် ပိုအဆင်ပြေပါတယ် တစ်ယောက်က ဆီထည့်ပေးပြီး တစ်ယောက်က အဆက်မပြတ် မှေနေရပါတယ်။ ဆီထည့်တာ မလောဖို့လည်းလိုပါတယ် ထည့်တာများသွားလို့ သမအောင်အချိန်မှီမမှေနိုင်ရင် အရည်ကျဲပြီး Mayonnaise ပျက်သွားပါတယ်။ Mayonnaise အပြစ်အကျဲ အတော်လောက်ဖြစ်သွားရင် ဆားတစ်ဇွန်းလောက်ရယ် ငရုတ်ကောင်း ဇွန်းဝက်လောက်ထည့်မှေပြီး ရပ်လိုက်လို့ရပါပြီ။ ကြက်ဥနှစ်လုံးအတွက်ဆို ဆီက လက်ဘက်ရည် ပန်းကန်လုံးတစ်ဝက်လောက် အထိထည့်ရတတ်ပါတယ်။

လက်နဲ့မမှေနိုင်လို့ ပင်ပန်းတယ်ဆိုရင်လည်း Blander ထဲကို ကြက်ဥ၊ သံပုရာ၊ ရှာလကာ၊ Mustard၊ ဆား၊ ငရုတ်ကောင်း တစ်ခါတည်းအကုန်ထည့်ပြီးမှေပါ။ ပြီးရင်တော့ ပထမဆုံးအနေနဲ့ ဆီတစ်ဇွန်းစာလောက် ထည့်ပြီးမှေနေပါ သမလောက်ပြီဆိုရင်တော့ ဆီကိုကွက်မြီးတန်းလောက်လေးနဲ့ ဖြည်းဖြည်းချင်းထည့်ပေးရင်း အပြစ်အကျဲအခြေအနေ အနေတော်ရင် ဆီထည့်ရပ်လိုက်လို့ရပါပြီ ပိုသမသွားအောင်တော့ အချိန်နည်းနည်းလောက် Blander ကိုဆက်ဖွင့်ထားပေးပါ။

Mayonnaise ကိုရေခဲသေတ္တာထဲမှာ လေလုံတဲ့ဘူးနဲ့ထည့်ပြီး သိမ်းထားလို့ရပါတယ် ၃-၄ ရက်လောက်အထိ ခံပါတယ်။ ကိုယ်တိုင်လုပ်ကြည့်ပါ ခက်ခက်ခဲခဲလည်းမဟုတ်သလို ပစ္စည်းတွေလည်း ထွေထွေထူးထူးမလိုအ
ပ်လှပါဘူး။ ပြီးရင်တော့ ဆိုင်ကဝယ်တဲ့ Mayonnaise နဲ့ယှဥ်ပြီးစားကြည့်ပါဦး လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ Mayonnaise ကပိုကောင်းကြောင်း သိသာပါလိမ့်မယ် နောက်ပြီးတော့ ကြာရှည်ခံအောင်လုပ်ထားတဲ့ Chemical လည်းတစ်ခုမှ မပါဘူးလေ။ လတ်လတ်ဆတ်ဆတ် Mayonnaise လေးလုပ်ကြည့်ကြပါဦးလား။

မနက်ဖြန် ကြက်ဥကို ဘယ်လိုချက် ????

ဟိုတစ်ရက်က ကြက်ဥကို ပေါင်းပြီးချက်စားတယ် တစ်နေ့က ကြက်ဥကိုကြော်တယ် မနေ့က ကြက်ဥကိုပြုတ်ပြီး သုတ်စားတယ် ဒီနေ့တော့ ကြက်ဥကိုပြုတ်ပြီး ခရမ်းချဥ်သီးနဲ့ချက်စားတယ် မနက်ဖြန် ကြက်ဥကို ဘယ်လိုစားရမလဲစဥ်းစားတယ် ဒါနဲ့ပဲ ကြက်ဥအမျိုးမျိုးချက်နည်း ပြုတ်နည်း စဥ်စားမိသလောက် စာရင်းလုပ်ထားမိတယ် သိတဲ့လူများလည်း နာမည်လေးတွေ ပြောသွားကြပါဦးဗျာ ကြက်ဥချက်နည်း များများသိမှ ကျွန်တော်အဆင်ပြေမယ်။

(၁) ကြက်ဥကြော်
(၂) ကြက်ဥပြုတ်သုတ်
(၃) ကြက်ဥဖောက်ချက်
(၄) ကြက်ဥပြုတ်အချဥ်ချက်
(၅) ကြက်ဥပေါင်းချက်
(၆) သီးစုံဟင်းနဲ့ ကြက်ဥနဲ့ချက်
(ရ) ကြက်ဥစပယ်ရှယ်ကြော်ချက်

မနက်ဖြန်တော့ သီးစုံဟင်းနဲ့ ကြက်ဥချက်ရမလား ခက်တာက မဆလာပြတ်နေတယ်။ ကြက်ဥစပယ်ရှယ် လုပ်ရအောင်လည်း ကြက်ဥအနှစ်တွေက ပိုနေမယ် အဲဒါတွေ မရိုးနစ်လုပ်လိုက်ရအောင်လည်း ကိုယ်ကလည်း မရိုးနစ်သိပ်မကြိုက် မထူးပါဘူးမဆလာလေး ပြေးဝယ်ပြီး ကြက်ဥသီးစုံချဥ်ရည်လေးပဲ ချက်တာကောင်းပါတယ်။ နောက်နေ့မှ ကြက်ဥအမျိုးမျိုး တစ်ပါတ်စာ ချက်နည်းပြုတ်နည်း စိတ်ရှည်လက်ရှည်ရေးဦးမယ်။