Archive for the ‘ဆောင်းပါး’ Category

22
Apr 10

ပြဿနာရှင်းတတ်ဖို့အရေးကြီးတယ်

Software Development လုပ်တဲ့လူတစ်ယောက်အနေနဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှု့တွေ အမျိုးမျိုးရှိပါတယ် ပထမဆုံးအနေနဲ့ လူလိုတွေးတာကို ဖျောက်ပြီးတော့ ကွန်ပျူတာအလုပ်လုပ်သလို တွေးတတ်ရပါတယ် ဒုတိယအနေနဲ့ ကွန်ပျူတာအလုပ်လုပ်သလို ခိုင်းနိုင်ဖို့အတွက် Programming Language တစ်ခုခုကို အရင်ဆုံးကျွမ်းကျင်အောင် လေ့လာရပါတယ် တတိယအနေနဲ့က နမူနာပြဿနာအတု တွေကိုဖြေရှင်း ကြည့်ရပါတယ်။ နမူနာပြဿနာအတုဆိုရာမှာ ကိုယ်တိုင်က System တစ်ခုသတ်မှတ်ပြီး Implement လုပ်ကြည့်ရပါမယ် ဥပမာပြောရရင် Programming Language တစ်ခုလေ့လာအပြီးမှာ အဲဒီ့ Programming Language ကိုသုံးပြီးတော့ System တစ်ခုရေးကြည့်တာမျိုးကို ဆိုလိုပါတယ်။

သင်မှတတ်တယ်ထင်တဲ့ ကိုယ့်လူမျိုးရဲ့ အကျင့်အရပြောရမယ်ဆိုရင် အပေါ်ကသုံးဆင့်မှာ သင်ပေးလို့ရတာ ဒုတိယတစ်ဆင့်ပဲရှိပါတယ် ကျန်တဲ့အဆင့်နှစ်ခုက ကိုယ်တိုင်လုပ်ယူရတာပါ။ ပထမဆင့်မှာ ကွန်ပျူတာလို တွေးတတ်ဖို့ Logic Building ပုစ္ဆာတွေကို ရှင်းခိုင်းရပါတယ် သင်ယူတဲ့လူက ကိုယ်တိုင်မရှင်းနိုင်လို့ သင်ပေးတဲ့လူက ရှင်းလိုက်ပြီးတော့ အဖြေကိုရှင်းပြရင် သင်ယူတဲ့လူနားလည်သွားပါလိမ့်မယ် ဒါပေမယ့် သင်ယူတဲ့လူမတတ်လိုက်ပါဘူး သူနားလည်သွားတာက နမူနာပုစ္ဆာရဲ့အဖြေသာဖြစ်ပါတယ် တတ်သွားရမယ့် Logic ကိုမရခဲ့ပါဘူး။ တတိယတစ်ဆင့်မှာလည်း ပရောဂျက်တစ်ခု လုပ်ခိုင်းလိုက်တယ် ကျောင်းသားကကြိုးစားမလုပ်ဘူး အဲဒီ့မှာ သင်တန်းဆရာက ဒီလိုဆိုပြီး အစကနေ ဘယ်လိုရေးတယ်ဆိုပြီး ရေးပြလိုက်တယ် အဲဒါဆိုလည်း ကျောင်းသားအတွက် အလကားပါပဲ ရေးတတ်သွားတယ်လို့ ထင်သွားတယ် သို့ပေမယ့် ဘာမှမရလိုက်ပါဘူး။

ဘယ်သင်တန်းကောင်းသလဲ ဆိုတဲ့အမေးတွေကို ဖြေရမယ်ဆိုရင် အပေါ်မှာပြောထားသလို သင်ယူမယ့်လူအနေနဲ့ ပထမနဲ့ တတိယ အဆင့်နှစ်ဆင့်ကို ကိုယ်တိုင်သင်ယူရမယ်ဆိုတာ သဘောပေါက်ရင် ဘယ်သင်တန်းမှာသင်သင် အတူတူပါပဲ။ ချော့သင်တဲ့နေရာမှာ ဗမာပြည်ထက် ကောင်းတဲ့နေရာ တစ်နေရာမှ မမြင်ဖူးပါဘူး ဗမာပြည်က တက္ကသိုလ်မှာ Language တစ်ခုကို တစ်နှစ်သင်ရတယ် စာသင်လအနေနဲ့တွက်ရင် ၉ လလောက်ရှိပါတယ် တတိယနှစ်အထိ Language တစ်မျိုးစီသင်ပါတယ်။ တစ်ခြားနိုင်ငံက တက္ကသိုလ်မှာ Language တစ်ခုဟာ Semester တစ်ခုပဲသင်ပါတယ် စာသင်လဟာ ၄ လလောက်ပဲရှိတယ် စာသင်ရက် ၁၅ ရက်လောက်ပဲရတယ် အနည်းဆုံး တစ်ရက်တစ်ခန်းနဲ့ အပြတ်သင်တာပါ ဗမာပြည်လို ဒီတစ်ပါတ် if နောက်တစ်ပါတ် for ဆိုပြီးသင်နိုင်တာမဟုတ်ပါ။ အဲဒါကို ဘာလို့တတ်သလဲဆိုတော့ ပရောဂျက်က အနည်းဆုံး ၄ဝ% လောက်ယူပါတယ် ဒီတော့အဲဒါမလုပ်ရင် ကျဖို့ကသေချာပါတယ် ဒီတော့သင်တာ မကောင်းလည်း ကျမှာကြောက်တော့ အတင်းတွန်းပြီး ကိုယ့်ဟာကိုယ်လုပ်ရပါတယ်။ ဗမာပြည်က တက္ကသိုလ်က အဲဒီ့လိုဖိအား မရှိတဲ့အတွက် ကိုယ့်ကိုကိုယ် တတ်အောင်လုပ်မယ်ဆိုတဲ့ ဖိအားလိုပါတယ် အဲဒါသာရှိမယ်ဆိုရင် ဘယ်မှာသင်သင် အတူတူပါပဲ။

အဲဒီ့လိုသင်ခဲ့ရင် အလုပ်မှာသုံးလို့ရပြီလားဆိုရင် သုံးစားလို့မရသေးပါဘူး ပြောရမယ်ဆိုရင် လက်သင်ပဲရှိပါသေးတယ် အလုပ်မှာက သင်တန်းမှာရေးတဲ့ ပရောဂျက်နဲ့ကွာတာက အပြင်မှာသုံးတဲ့ပြဿနာပါ သူ့သတ်မှတ်ချက်ကို မရရအောင်ရေးရပါတယ် ဒီနေရာမှာကိုယ်ရေးတဲ့ Language မှာမပါတဲ့ Features ဖြစ်ဖြစ် ရှိပေမယ့်ကိုယ်မသိတာပဲဖြစ်ဖြစ် ပြဿနာပေါင်းစုံ အမြဲတွေ့ရပါတယ် အဲဒါကိုရှင်းတဲ့နေရာမှာ ကိုယ်တတ်သလောက်နဲ့ ဖြစ်အောင်လုပ်ယူရပါတယ် အဲဒါကို Problem Solving Skill ခေါ်ပါတယ် Problem Solving Skill ဟာတစ်ယောက်နဲ့ တစ်ယောက်မတူပါ။ ပြဿနာများများကြုံတဲ့လူဟာ ဖြေရှင်းနည်းများများသိပါတယ် အဲဒါကို အတွေ့အကြုံလို့ခေါ်တာပါပဲ။ Problem Solving Skill မမြင့်ပေမယ့် ပြဿနာတက်လိုက် ဟိုလူ့မေးလိုက် ဒီလူ့မေးလိုက်နဲ့ လိမ်ဖယ်လိမ်ဖယ်နဲ့ အတွေ့အကြုံများများလာတဲ့ လူလည်းရှိတာပါပဲ။ ဒီတော့ဆိုလိုတာက အလုပ်လုပ်တယ်ဆိုရင် အတွေ့အကြုံဆိုတာက တစ်ဖြည်းဖြည်းများလာတာပါ နည်းတာနဲ့ များတာပဲကွာပါတယ် Problem Solving Skill မြင့်တဲ့လူကတော့ အလုပ်လုပ်တာ အချိန်တူရင်တောင် အတွေ့အကြုံပိုများများရမယ်ပေါ့။ ဒီတော့အလုပ်လုပ်ဖို့အတွက် Problem Solving Skill မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ လိုအပ်ပါတယ်။ အဲဒါမရှိရင်တော့ အလုပ်လုပ်လို့မရပါ။

အလုပ်လုပ်လို့ရပြီဆိုရင် ဘယ်လောက်အထိ တိုးတက်မလဲဆိုတာ ကြည့်သင့်သေးတယ် Implementation မှာ Problem Solving Skill မြင့်တယ် အတွေ့အကြံများတယ်ဆိုရုံနဲ့ အပြင်ကကြုံတွေ့နေတဲ့ ပြဿနာတွေကို Analyze မလုပ်နိုင်သလို ပရောဂျက်တစ်ခုကို စီမံခန့်ခွဲနိုင်ခြင်းမရှိပါ ဒီနေရာမှာ Implementation ထက်ပိုတဲ့ ဘာသာရပ်တွေ အများကြီးသင်ယူဖို့လိုပါသေးတယ် Software Engineering, Project Management, Management Information System, System Analysis and Design စသည်ဖြင့် တတ်ကျွမ်းဖို့လိုပါတယ် အဲဒါတွေကို မသင်ပဲအလုပ်လုပ်ရုံနဲ့ တတ်မယ်လို့မျှော်လင့်လို့မရပါ။ အဲဒါတွေသင်ဖူးရင် လုပ်နိုင်ပြီလားဆိုတော့လည်း မဟုတ်ပါ ဒီနေရာမှာလည်း သင်ထားတာကို သင့်လျော်တဲ့ပြဿနာမှာ သုံးတတ်တဲ့ Problem Solving Skill ရှိဖို့လိုအပ်ပါတယ်။ အဲဒါတွေမသင်ဖူးရင် ပြဿနာမရှင်းတတ်ဖူးလားဆိုတော့ အဲဒီ့လိုလည်းမဟုတ်ပါ မြင်ဖူးတဲ့ပြဿနာတော့ ရှင်းတတ်ကောင်း ရှင်းတတ်ပါလိမ့်မယ် သို့ပေမယ့် ရှုပ်ထွေးတဲ့ပြဿနာတွေ ရှင်းနိုင်လိမ့်မည်မဟုတ်ပါ Implementation ပြဿနာမဟုတ်တဲ့အတွက် ဒါလေးမရေးတတ်လို့ဆိုပြီး ဖိုရမ်မှာမေးလို့လည်း မရတော့ပါ။ ဒီအရာတွေကို Management Problem Solving Skill လို့နာမည်တပ်လိုက်ပါ့မယ် ဒါတွေမကျွမ်းကျင်ပဲ သက်ဆိုင်ရာဌာနရဲ့ Management Level ကိုမရောက်နိုင်ပါ။

ဒါတွေကတော့ လိုအပ်တဲ့ Technical Skill တွေကိုပြောတာပါ ဒါတွေနဲ့တော့ မလုံလောက်သေးပါဘူး အခြားသော Communication, Team Work စသည်ဖြင့်လိုအပ်တဲ့ Skill တွေရှိဦးမှာပါ။ နောက်တစ်ခုက Technical ပဲသိရှိပြီး စီးပွားရေးအမြင်မရှိရင်လည်း Software Developement လုပ်ငန်းတစ်ခုနဲ့ ငွေရှာနိုင်မယ့်လူ ဖြစ်မလာပါဘူး သူများဆီမှာအလုပ်လုပ်တဲ့ ဝန်ထမ်းပဲဖြစ်နိုင်ပါတယ် ရာထူးကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အလုပ်သမားဟာ အလုပ်သမားပါပဲ။ ဒါ့ကြောင့် Software Developement နဲ့အသက်မွေးချင်တယ်ဆိုရင်တော့ ဆယ်တန်းအောင် ကျောင်းမတက်ပဲ Programming သင်ပြီးအလုပ်လုပ်လို့ရတယ်လို့ မတွေးစေချင် လခစားလုပ်ရင်တောင် ခိုင်းသမျှလုပ်ရမယ့် Implementation မှာတစ်သက်လုံး အချိန်ကုန်ခံဖို့မသင့်လျော်ပါ။ ဒါ့ကြောင့် ဘယ်နေရာရောက်ရောက် သင့်တော်တဲ့ ပညာသင်ဖို့လိုအပ်သလို သင်လို့မရတဲ့ Problem Solving Skill လည်းအရေးကြီးလှပါတယ်။

19
Apr 10

ဘုတ်အုပ်စုတဲ့ရောဂါ

လူအများပြောတဲ့ စာဖတ်ဝါသနာပါတယ်ဆိုတာ ဘယ်လိုဟာလည်း ကျွန်တော်မသိပါဘူး ကျွန်တော့်အတွက်က စာဖတ်တာက ဝါသနာမဟုတ်ပါဘူး ကျွန်တော်စာဖတ်ရခြင်း အကြောင်းအရင်း နှစ်မျိုးပဲရှိပါတယ် အသက်မွေးဝမ်းကျောင်းအတွက်ရယ် ဝါသနာအတွက်ရယ် စာဖတ်တာပါ။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က စာမဖတ်ရင် မရတဲ့အတွက် စာကိုအဆက်မပြတ်ဖတ်ရပါတယ် ဒီတော့စာဖတ်တာကိုက အလုပ်တစ်ခုလို့ပြောလို့ရတယ်။ နောက်တစ်ခုက ကိုယ်ဝါသနာပါရာ အကြောင်းအရာတွေကို သိချင်လို့စာကို ဖတ်ပါတယ်။ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းက စာဖတ်တာချင်းတူပေမယ့် ဖတ်ပုံဖတ်နည်းချင်းကွဲပါတယ်။ ဝါသနာအတွက် ဖတ်တဲ့စာတွေဟာ တစ်ခါနှစ်ခါထက် ပိုမဖတ်ဖြစ်တာများပါတယ် ဘယ်စာအုပ်ထဲ ဘာရှိတယ်ဆိုမှတ်မိရင် အဆင်ပြေပါတယ် လိုတဲ့အချိန်မှ ပြန်ရှာလည်း ကိစ္စမရှိပါဘူး။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ဖတ်တဲ့စာကတော့ အတတ်ပညာတစ်ခု သင်တာဖြစ်လို့ အဲဒီ့လိုလုပ်ပြီးဖတ်လို့မဖြစ်ပါဘူး။

ကျွန်တော် တက္ကသိုလ်စတက်ချိန်က စပြီးသင်ရတာက C Language ကိုသင်ရပါတယ် အဲဒီ့တော့စာဖတ်ရပါတယ် အခြေခံကသင်ပြီးလေတော့ ကျွန်တော်အသေးစိတ် စပြီးဖတ်ဖြစ်တဲ့စာအုပ်က Stretching Turbo C စာအုပ်ပါ ၁၉၈၈ မှာပုံနှိပ်တဲ့စာအုပ်ဆိုတော့ ကျွန်တော်ဖတ်ချိန်မှာ အတော်လေးဟောင်းပါပြီ။ စာကြည့်တိုက်က C Language နဲ့ပါတ်သက်တဲ့ စာအုပ်တွေ အများကြီးဖတ်ဖူးပါတယ် ဒါပေမယ့် အသေးစိတ်ဖတ်ခဲ့တာက Stretching Turbo C တစ်အုပ်ပဲရှိပါတယ်။ နောက်တော့ တစ်ခြား Language တွေ VB, Assembly, Power Builder, C# … စသည်ဖြင့် ဖတ်တော့လည်း ဒီလိုပါပဲ အသေးစိတ်ဖတ်တဲ့ စာအုပ်တစ်အုပ်တော့ အမြဲတမ်းရှိပါတယ်။ Database နဲ့ပါတ်သက်ပြီးဖတ်တယ် Theory စာအုပ်က C.J Date ရဲ့စာအုပ်ဟာ အရင်ကတည်းက ကျွန်တော်ပင်တိုင်ဖတ်တယ် Commercial Database System တွေအတွက် MS SQL Server ဆိုရင် Microsoft SQL Server 7.0 Database Implementatoin Training Kit ဆိုတဲ့စာအုပ်ဟာ အသေးစိတ်ဖတ်ခဲ့ဖူးတဲ့စာအုပ်ပါ အခုဆိုရင် 2008 တောင်ထွက်နေလို့ 7.0 ဟာရှေးဟောင်း ပစ္စည်းဖြစ်နေပါပြီ ဒါပေမယ့်လိုရင် ဖတ်နေတုံးပါပဲ။ ထို့နည်းတူပဲ Oracle, DB2, PostgreSQL, MySQL … စသည်ဖြင့် အားလုံးမှာ ကျွန်တော် အသေးစိတ်ဖတ်တာ တစ်အုပ်စီတော့ရှိကြတယ်။ အသစ်ထွက်သမျှလည်း ဖတ်ပါတယ် ဒါပေမယ့် တစ်ခုကိုအသေးစိတ် ဖတ်ပြီးဖြစ်လို့ မလိုတာတွေမဖတ်ပဲ အသစ်တိုးတာပဲ ဦးစားပေးဖတ်ပါတယ် အသစ်ထွက်တိုင်း အသေးစိတ်ဖတ်ရရင် ဘယ်လိုမှစာပေါင်းစုံ အလျင်မှီအောင် ကျွန်တော်မဖတ်နိုင်ပါ။ ဒါကကျွန်တော် ဖတ်နေကျအတိုင်း ပြောတာပါ သူများဖတ်တာတော့ ဒီလိုဟုတ်ချင်မှ ဟုတ်မယ်ပေါ့လေ။

အခုနောက်ပိုင်း တွေ့လို့သတိထားမိတာက အချို့သောလူများက စာအုပ်အင်မတန် လိုချင်တယ် ကိုယ်ကိုယ်တစ်ခုခုမေးလို့ ခင်ဗျားဘယ်စာအုပ် ထဲမှာတော့အသေးစိတ် ပါတယ်ပြောလိုက်ရင် အဲဒီ့ဟာလေးမရှိဘူးလား ဆိုပြီးကူးယူသွားတယ် နောက်တစ်ခုလည်း ကောင်းတယ်ပြောရင် အဲဒါလည်းကူးသွားတာပဲ။ အခုနောက်ပိုင်းက စာအုပ်တွေက E-Book တွေဖြစ်လေတော့ ကူးလို့ကလည်းလွယ်တာကိုး မိတ္တူကူးရမယ်ဆိုတော့ ကူးချင်မှကူးမယ်ထင်တယ်။ နောက်ပိုင်း မေးချင်လို့ဆိုပြီးစကားစပ်မိရင် ခင်ဗျားအရင်တစ်ခါ ကူးသွားတဲ့ ဘယ်စာအုပ်ထဲမှာပါတယ် ဘယ်အခန်းမှာပြန်ကြည့်လို့ပြောလိုက်ရင် စာအုပ်နာမည်ကို မသိတော့တာများတယ်။ ဒီတော့ကိုယ်ပဲ ပေးလိုက်တာ များသွားလို့မဖတ်သလားဆိုပြီး နောက်ပိုင်းကျတော့ တစ်အုပ်ပဲပေးလိုက်တယ် ဖတ်လို့ပြီးရင်ပြော နောက်ထပ်ဖတ်သင့်တာ ရှာပေးမယ်ဆိုရင် နောက် ၁ လနေလည်း ပေါ်မလာဘူး ၂ လနေလည်းပေါ်မလာဘူး။ နောက်ပိုင်းစကားစပ်မိလို့ နောက်ထပ်စာအုပ် ကိုယ့်ဆီကတွေ့ရင် ထပ်တောင်းသေးတယ်။ အရင်စာအုပ်ကိစ္စမေးလိုက်ရင် ပေးလိုက်မှန်းတောင် မမှတ်မိပါဘူး။ ကြုံပါများမှ သဘောပေါက်လာတယ် သူတို့ကစာဖတ်တာမဟုတ်ဘူး စာအုပ်စုတဲ့ဝါသနာ ပါကြတာကိုးဗျ။ အရင်ကဆို တစ်ကူးတစ်က အချိန်ကုန်ခံပြီး Upload လုပ်ပေးတယ်။ နောက်တော့ သဘောပေါက်သွားတယ် ဘာသာတစ်ခုကို တစ်အုပ်စီတင်ထားတယ် မေးလာရင် အဲဒီ့တင်ပြီးသား တစ်အုပ်ကိုညွှန်းလိုက်တယ် ထပ်တောင်းရင် ဖတ်မယ်ဆိုရင် အဲဒါအရင်ဖတ် ပြီးရင်ဖတ်စရာထပ်ပေးပါ့မယ် စာအုပ်စုမယ့်လူဆိုရင်တော့ အားရင်အိမ်ဝင်ခဲ့ Hardisk သယ်ခဲ့အကုန်ကူးသွား အလုပ်ရှုပ်လို့ Upload တော့လုပ်မပေးအားဘူးလို့ ပြောတော့တယ်။ ဝါသနာပါရာ စာအုပ်စုတာက ကိစ္စမရှိပါဘူး အသက်မွေးဝမ်းကျောင်း ဖတ်ရမယ့်စာကို စုပြီးမဖတ်ပဲနေရင်တော့ ဘာမှဖြစ်လာမယ်မထင်ဘူး။

10
Mar 10

Web Version မရေမရာ

အခုအချိန်အထိ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့် မသဲကွဲသေးတဲ့ အသုံးအနှုံးတွေ တွေ့နေရတယ်။ အတိအကျမေးရင် ဘယ်သူမှကွဲကွဲပြားပြား မဖြေတတ်ဘူး ကိုယ်ထင်ရာကိုယ်ပဲ ဘာသာပြန်ပြီး ပြောတာရှိတယ် လူအများပြောတာကို ကြားဖူးတာကို ပြန်ကိုးကားပြီး မသဲမကွဲဖြေရတာရှိတယ်။ အဲဒီ့အသုံးအနှုံးတွေကို ရေးဖို့အတွက် စာတွေဖတ်ရပြန်တယ် မတူညီတဲ့အမြင်ကို အရင်စုရတာ အပင်ပန်းဆုံးပဲ ကျယ်ကျယ်ပြန်ပြန် မဖတ်မိမှာလည်း စိုးရိမ်ရတယ် အသုံးမကျတွေပဲ မဖတ်မိအောင်လည်း သတိထားရတယ် မှန်ကန်မှု့ ဘယ်လောက်ရှိသလဲလည်း သုံးသပ်ရတယ်။ အခုတော့ Web Version မသဲမကွဲအကြောင်း တစ်နာရီလောက် မွှေ့နှောက်ဖတ်ထားသလောက် ရေးထားလိုက်တယ်။ အချိန်တစ်နာရီဆိုတာ ကျယ်ကျယ်ပြန်ပြန် မဖြစ်နိုင်ဘူးဆိုတာတော့ သေချာပါတယ် ဒါ့ကြောင့် အပေါ်ယံလို့ပဲကြိုပြောထားပါတယ် ဒါပေမယ့် ရေးရတာက တစ်နာရီမက အချိန်ကုန်ပါတယ်။

Web 1.0
From http://en.wikipedia.org/wiki/Web_1.0

Web 1.0 ဆိုတာကို ၁၉၉၁-၂ဝဝ၃ အထိ ကာလလို့ပြောထားသလို www ကိုပြင်ပကို စပြီးချပေးလိုက်ချိန် ၁၉၉၁ ခုနှစ်နှစ်အစကနေ bursting of the Dot-com bubble ၂ဝဝ၁ မတိုင်ခင်ကာလ အထိ ကြားကာလကို Version 1.0 လို့ခေါ်တယ်ပြောပြန်တယ်။ Terry Flew ရဲ့ New Media မှာ personal websites တွေ blogs ဖြစ်လာတယ် ဖတ်တဲ့လူလည်း ရေးနိုင်လာတယ် အပြန်အလှန်ဆက်သွယ်မှု့ရှိလာတယ် content management systems တွေသုံးလာတယ် အဲဒါကို Web 1.0 ကနေ Web 2.0 အပြောင်းအလဲလို့ဆိုတယ် Reed Hastings ကပြောသွားတာက Web 1.0 က dial-up ဖြစ်ပြီး Web 2.0 က Broadband ဆိုရမလိုဖြစ်နေတယ် Web 3.0 ဆိုတာက 10 megabits per second ဆိုပဲ။

ဖတ်ရတာသိပ် အဆင်မပြေလှဘူး သူပြောသလို ၁၉၉၁ မှာစထုတ်လို့ Version 1.0 ဆိုရင် အရင်က အဲဒီ့အချိန်က Version 1.0 လို့ပြောခဲ့တဲ့လူ ဘယ်သူရှိပါသလဲ အခု Version 2.0 ဆိုမှအရင်က Version 1.0 လို့အော်နေတယ်လို့ ပြောရင်ငြင်းရာ အချက်အလက် မရှိသေးဘူး။ Terry Flew ပြောတာက လက်ခံနိုင်စရာရှိတယ် လက်ရှိအနေအထားနဲ့ အရင်ကအနေအထားကြားထဲမှာ အပြောင်းအလဲဖြစ်နေတာတွေက သူပြောတဲ့အချက်တွေပါနေတယ်။ Reed Hastings အဖြေကတော့ အတော်ရယ်ရတယ်ပြောရမယ် သူကတော့ Streaming လုပ်တဲ့လူဆိုတော့ မြန်လေ Version မြင့်လေလို့ခံယူထားပုံရတယ်။ ဒါပေမယ့် မှားတယ်လို့တော့ ပြောလို့မရဘူး လက်ရှိ Web နည်းပညာတွေက အရင်က Dial-up နှုန်းနဲ့ဆိုရင် အလုပ်မဖြစ်နိုင်တဲ့အရာတွေ ရှိနေတယ်။

Web 2.0
From http://en.wikipedia.org/wiki/Web_2.0

Web 2.0 ကို ၂ဝဝ၄ ခုနှစ်နောက်ပိုင်းလို့ ဆိုထားပြီးတော့ information sharing, interoperability, user-centered design and collaboration တွေကို www ပေါ်မှာ တည်ဆောက်ထားတဲ့ application လို့အဓိပ္ပာယ်ဖွင့်ထားတယ်။ ဥပမာတွေအနေနဲ့ hosted services, web applications, social-networking sites, video-sharing sites, wikis, blogs, mashups, and folksonomies လို့ပြောထားတယ်။ ရေးထားတာတွေ လက်ခံစရာကောင်းပါတယ် အချို့ပြောတဲ့ Wiki, blog ကိုလက်ညှိုးထိုးပြီး အဲဒါ 2.0 လို့ပြောတဲ့လူတွေကို Wiki, blog ဆိုတာ 2.0 ဟုတ်ပါတယ် ဒါပေမယ့် 2.0 ဆိုတာ Wiki, blog မဟုတ်ဘူးလို့ သူပြောတဲ့ အချက်အလက်မျိုး ကိုင်တွယ် ပြောနိုင်ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကို တွေ့ရတယ် Web 2.0 ဆိုတဲ့အသုံးအနှုန်းဟာ ၂ဝဝ၄ မှာလုပ်ခဲ့တဲ့ O’Reilly Media ရဲ့ Conference နဲ့သက်ဆိုင်တယ် ဆိုတာတွေ့ရတယ်။ ဒီနေရာမှာ Web New Version ဆိုတာဟာ နည်းပညာစံသတ်မှတ်ချက်ကို ပြောင်းလဲတာမဟုတ်ပဲ software developers နဲ့ end-user ရဲ့ www ကိုသုံးချပုံ ပြောင်းလဲလာတယ်လို့ ဆိုလိုတယ်လို့ ပြောထားတာဟာ အပေါ်က Web 1.0 မှာမရေမရာပြောထားပုံနဲ့ ယှဥ်ကြည့်ရင် အများကြီးလက်ခံနိုင်ပါတယ်။

Technology overview ဆိုပြီး keyword search တွေ information တွေအလွယ်တကူ Link လုပ်နိုင်ပုံတွေ Web Technology ကိုတတ်သိတဲ့လူမဟုတ်ပဲ ဝင်ရောက်ရေးသားနိုင်မယ် ရေးတဲ့လူကိုယ်တိုင် ရေးထားတဲ့ အကြောင်းအရာတွေကို ဘာအကြောင်းအရာဆိုတာ Tags လုပ်နိုင်မယ် RSS ကိုသုံးထားတဲ့ User တွေကို Content အသစ်ရောက်နေပြီလို့ အကြောင်းကြားပေးနိုင်တဲ့ Signals ပုံစံတွေကို ဆွေးနွေးထားတယ်။ ဒီနေရာမှာ သူဆွေးနွေးထားတာကို လက်ခံပါတယ် ဒါပေမယ့် အဲဒါတွေက RSS ကလွဲရင် Technology မဟုတ်ပဲ Features တွေပဲဖြစ်နေလို့ သူခေါင်းစဥ်ခွဲထားတာကို သိပ်လက်သင့်မခံချင်ဘူး။

ဘယ်လိုအလုပ်လုပ်သလဲဆိုပြီးတော့မှ လက်ရှိအသုံးပြုနေတဲ့ Technologies တွေဖြစ်တဲ့ Ajax, Adobe Flash, Adobe Flex, XML, JSon စသည်ဖြင့်တင်ပြထားတာ တွေ့ရပါတယ်။ အဲဒီ့ Technologies တွေကို Client ဘက်မှာအသုံးပြုတယ်လိုဆိုပြီး Server Site မှာတော့ ယခင်နည်းပညာ အဟောင်းများဖြစ်တဲ့ CGI, Database စသည်ဖြင့်ပဲ မပြောင်းလဲပဲ အသုံးပြုနေတာကို တင်ပြထားပါတယ်။ ဒီနေရာမှာ ပြန်သုံးသပ်မယ်ဆိုရင်လည်း CGI, Database နဲ့ Dynamic Website တွေ ရေးနေခဲ့တာ အရင်ကတည်းကပါ အခုမှမဟုတ်ပါဘူး Web 2.0 လို့စပြီးအော်ချိန်ကနေ အခုအချိန်အထိ အပြောင်းအလဲဟာ Web Application တွေဟာ အရင်လို Thin Client နည်းသွားပြီး အပေါ်မှာပြထားတဲ့ Technologies တွေနဲ့ Rich Client ကိုဖန်တီးထားတာပဲ ပိုလာတာကို မြင်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် Web 2.0 ဆိုတာဘာလဲ စဥ်းစားတဲ့နေရာမှာ မြင်သာတဲ့ Rich Client ကိုသာလက်ညှိုးထိုးပြီး အဲဒါတွေက Web 2.0 လို့ပြောကြတဲ့လူတွေ ရှိလာတာပါ။

Web 1.0 vs. Web 2.0
From http://blog.vovici.com/blog/bid/18085/Web-1-0-vs-Web-2-0

Jeffrey Henning ကတော့ Web 1.0 နဲ့ Web 2.0 ကိုအောက်မှာဖော်ပြထားတဲ့ ဇယားတစ်ခုနဲ့ တင်ပြထားပြန်ပါတယ်။

Web 1.0		Web 2.0
One-Way		Two-Way
Authoritarian	Democratic
Passive		Active
Static		Dynamic
Closed		Collaborative

One-Way နဲ့ Two-Way ဆိုတာမှာ အရင်က Personal Website တွေ Coporate Website တွေမှာဆိုရင် ဖတ်လို့ပဲရတာများပါတယ် အနည်းဆုံး Feedback ပြန်ပေးချင်ရင် အီးမေးနဲ့ပဲလုပ်ရတာ များပါတယ်။ အခုနောက်ပိုင်းမှာတော့ ဘလော့ဖြစ်ဖြစ် Social Network ဖြစ်ဖြစ် Website တော်တော်များများမှာ Feedback လုပ်လို့ လွယ်ပါတယ် အနည်းဆုံးတော့ Comment ရေးလို့ရတယ် ဒါလည်း မြင်သာတဲ့ အနေအထားတစ်ခုပါပဲ။
Authoritarian နဲ့ Democratic ဆိုတာကတော့ အရင်ကတော့ Web မှာ Publish လုပ်ဖို့အတွက်လည်း သက်ဆိုင်ရာ Website ကခွင့်ပြုမှသာ ဖြစ်နိုင်ပါတယ် သာမန်လူတွေ အနေနဲ့က နည်းပညာချို့တဲ့မှု့တွေကြောင့် ကိုယ်တိုင် Website လုပ်ဖို့ အနည်းနဲ့အများ အခက်အခဲရှိပါတယ် အခုဆိုရင်တော့ Blog တစ်ခုလုပ်ဖို့ မခဲယဥ်းတာကြောင့် ကိုယ်တိုင် လုပ်ရပိုလွယ်တယ်။ အားနည်းချက်အနေနဲ့ ယုံကြည်နိုင်မှု့တော့ လျော့ကျပါတယ် ရေးထားတဲ့ အကြောင်းအရာ မှန်ကန်တယ်လို့ ယုံကြည်နိုင်ဖို့ အတော်လေးဆုံးဖြတ်ရမယ်။

Passive နဲ့ Active ဆိုတာကိုတော့ သူတို့အနေနဲ့ ဖတ်ရုံသက်သက်နဲ့ Interactive လုပ်လို့ရမရလို့ ပြောထားတယ်။ အရင်က Website တွေမှာက ဖတ်ဖို့များတယ်ဆိုတာ လက်သင့်ခံပါတယ် ဒါပေမယ့် သူဥပမာပြောထားတဲ့ အွန်လိုင်းက အရောင်းအဝယ်လုပ်တဲ့ Active ကိစ္စကတော့ အရင်လည်းရှိတာပါပဲ ဒါတွေကတော့ သိပ်ပြီးသိသာထင်ရှားတဲ့ အပြောင်းအလဲတော့ မဟုတ်ဘူးလို့ ယူဆပါတယ်။ Static နဲ့ Dynamic မှာလည်း ဒီလိုပဲသုံးသပ်ပါတယ် ၂ဝဝဝ ခုနှစ်များက Website များဟာ Static များတယ်လို့ဆိုပေမယ့် အရာအားလုံး Static မဟုတ်ပါဘူး အခုခေတ်လည်း Personal Page တွေရဲ့ခေတ်က ကုန်ဆုံးမသွားသေးပါဘူး အနည်းနဲ့အများရှိနေကြပါတယ် ဒါ့ကြောင့် ဘယ်လောက်အတိုင်းအတာအထိ Dynamic ဖြစ်တယ်ဆိုတာကို ပြောနိုင်မယ်ဆိုရင်တော့ လက်ခံကောင်းလက်ခံနိုင်ပါမယ်။ Closed နဲ့ Collaborative ဆိုတာကတော့ လက်သင့်ခံနိုင်ပါတယ် ဖတ်တဲ့လူတွေ ပါဝင်နိုင်မှု့ လွယ်မလွယ်ဆိုတဲ့နေရာမှာ Wiki လိုလူတိုင်း ပါဝင်ခွင့်ရတဲ့ နေရာမျိုးက သက်သေထူပါတယ် ဒါပေမယ့် Wiki မှာတောင် အချို့အကြောင်းအရာတွေက လူတိုင်းကိုပြင်ခွင့်မပေးပဲ Closed အဖြစ်ရှိနေတာတွေက Collaborative အားလုံးလုပ်ဖို့ မဖြစ်နိုင်ကြောင်း ဖော်ပြနေပါတယ်။

လူတစ်ယောက်ချင်း အမြင်အဖြစ်နဲ့ ထပ်ပြီးဖတ်ချင်ရင် Joe Drumgoole ရေးတဲ့ Web 2.0 vs Web 1.0 ကိုလည်း http://joedrumgoole.com/blog/2006/05/29/web-20-vs-web-10/

မှာဖတ်လို့ရပါတယ် သိပ်ကွာခြားမှု့မရှိလှပါဘူး။

Web 1.0 vs Web 2.0, the Difference
From http://www.sizlopedia.com/2007/08/18/web-10-vs-web-20-the-visual-difference/

အများအနေနဲ့မြင်သာမယ့် Diagram အဖြစ် Web 1.0 and Web 2.0 ကို Saad Hamid ကတော့ အောက်မှာပြထားတဲ့ ပုံနဲ့ တင်ပြထားပါသေးတယ်။

Key Differences between Web 1.0 and Web 2.0
From http://www.uic.edu/htbin/cgiwrap/bin/ojs/index.php/fm/article/view/2125/1972

First Monday မှာ Graham Cormode နဲ့ Balachander Krishnamurthy ရေးထားတဲ့ Key Differences between Web 1.0 and Web 2.0 ကတော့ Website တွေရဲ့ ကွာခြားချက်ကို Survey လုပ်ပြီး စနစ်တကျရေးထားပါတယ် Qualitative Data တွေကို Survey လုပ်ထားတာ ဖြစ်တဲ့အတွက် သူတို့သတ်မှတ်ထားတဲ့ အတိုင်းအတာများကိုတော့ မူရင်းမှာပဲ အသေးစိတ် ဖတ်လို့ရပါမယ်။ အဓိကတင်ပြထားတာက Traffic and Technology ကိုအဓိကတင်ပြထားပြီး စိတ်ဝင်စားစရာအဖြစ် တင်ပြထားပါတယ်။ သူတင်ပြထားတဲ့ Web 1.0 and Web 2.0 မှာသုံးစွဲတဲ့ Traffic ပမာဏကွာတယ်ဆိုတာ လက်ခံနိုင်ပါတယ် တစ်ခါတည်း အကုန်လုံးဆွဲချတယ် နောက်တော့ Ajex လိုတစ်ပိုင်းချင်းစီဆွဲယူတယ် အစက Information တွေက Text နဲ့ပဲရှိတယ် နောက်တော့ ရုပ်ရှင်တွေလို Information တွေပါလာတယ် ဒါတွေမှာ Technology ကိုမူတည်ပြီး Traffic လည်းကွဲပြားလာတယ်။ ဒီဆောင်းပါးကိုတော့ မူရင်းမှာအသေးစိတ် ဖတ်မှပဲ သူတို့လုပ်ထားတဲ့ Survey နဲ့ တင်ပြချက်တွေကို အသေးစိတ်ဖတ်နိုင်ပါမယ် အသေးစိတ်ဖတ်သင့်တဲ့ ဆောင်းပါးတစ်ခုပါ။ တင်ပြထားတဲ့ Survey အဖြေတွေအရ အပေါ်ကဘလော့တွေမှာ ရေးထားသလိုမဟုတ်ပဲ မှန်ကန်ကြောင်းလည်း အခိုင်အမာသက်သေခံနိုင်ပါတယ်။ ဒီနေရာမှာ Authoritarian နဲ့ Democratic ရဲ့အကျိုးအပြစ်ကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ် Blog or Wiki မှာရေးထားတယ် ယုံကြည်ရမလား ကိုယ်တိုင်ဆုံးဖြတ်ရမယ် Journal မှာပါဝင်ဖို့ နားလည်တဲ့ Technical ဘုတ်အဖွဲ့ပါဝင်တာကြောင့် ဆောင်းပါးရဲ့ မှန်ကန်ကြောင်း အကျိုးရှိကြောင်း အတည်ပြုချက်လိုတယ် ဒါ့ကြောင့်ပိုပြီးယုံကြည်ရတယ်။

What Is Web 2.0
From http://oreilly.com/pub/a/web2/archive/what-is-web-20.html?page=1

Web 2.0 ဆိုတဲ့အခေါ်အဝေါ်ဟာ Oreilly ကစခဲ့တယ်ဆိုတော့ Oreilly မှာပြောခဲ့တယ်ဆိုတာကိုလည်း တစ်ခေါက်ဖတ်ရပြန်တယ် Oreilly မှာလည်း Web 1.0 and Web 2.0 ကိုအောက်မှာပြထားတဲ့ နှိုင်းယှဥ်ချက်နဲ့ ပြထားပြန်ပါတယ်။

Web 1.0				Web 2.0
DoubleClick			Google AdSense
Ofoto				Flickr
Akamai				BitTorrent
mp3.com

Napster
Britannica Online		Wikipedia
personal websites		blogging
evite				upcoming.org

and EVDB
domain name speculation	search engine optimization
page views			cost per click
screen scraping			web services
publishing			participation
content management system	wikis
directories(taxonomy)		tagging(folksonomy)
stickiness			syndication

Oreilly ရဲ့ဆောင်းပါးမှာတော့ The Web As Platform, Harnessing Collective Intelligence, Data is the Next Intel Inside, End of the Software Release Cycle, Lightweight Programming Models, Software Above the Level of a Single Device, Rich User Experiences ဆိုပြီးတော့ အခန်းခွဲပြီးတော့ တင်ပြထားပါတယ်။ အပေါ်မှာတင်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ ကွဲပြားစွာထပ်ပါလာတာက Data is the Next Intel Inside လို့ပြောရပါမယ် Web 1.0 ခေတ်ကဆိုရင် Data အတော်များများဟာ Static Page အတွင်းမှာသာရှိနေပြီးတော့ Web 2.0 ခေတ်မှာ Data တွေဟာ Web Component အပြင်မှာရှိလာကြောင်း တွေ့ရပါတယ် ဥပမာအားဖြင့် XML or External Database ထဲမှာပဲ ထိမ်းသိမ်းတာများလာကြောင်း တွေ့ရပါတယ်။ End of the Software Release Cycle မှာလည်း သာမန် Software Release မှာလို Acceptance မှာ Test Team ထက်ပိုပြီး User တွေကို ပိုမိုပါဝင်ခွင့် ပေးလာတာကို တင်ပြထားတာ တွေ့ရပါတယ်။ Software Above the Level of a Single Device မှာတော့ Web 2.0 မှာ PC ဆိုတာထက် ပိုမိုပြီးတော့ အခြားသော Platform များအထိ ပါဝင်သွားတယ်ဆိုတာကို ဦးစားပေး တင်ပြထားတာကို မြင်နိုင်ပါတယ်။

သုံးသပ်ချက်

အပေါ်မှာ တင်ပြသွားတဲ့ လူတစ်ယောက်ချင်းရဲ့ အမြင်တွေရယ် ဆောင်းပါးတွေရယ်ကို စုပေါင်းကြည့်မယ် အမျိုးအစား ခွဲကြည့်မယ်ဆိုရင် Web Site တွေရဲ့ Content ပြောင်းလဲမှု့၊ User တွေရဲ့ အခန်းကဏ္ဍ၊ Technological Support ဆိုပြီးခွဲခြားနိုင်ပါတယ်။

Web Site တွေရဲ့ Content ပြောင်းလဲမှု့မှာဆိုရင် ယခင်ကလို Content နဲ့ Web Component တွေခွဲခြားထားနိုင်တယ် Content တွေကို Data တွေအနေနဲ့ သီးသန့်ထုတ်ထားနိုင်တယ် ဒါ့ကြောင့် Content အပြောင်းအလဲဟာ အခြားသောအကြောင်းအရာတွေကို ထိခိုက်မှု့လျော့သွားတယ်။ Content ဆိုရာမှာ အရင်ကဆိုရင် သာမန် User တိုင်း ပြုပြင်နိုင်ခွင့်နည်းပါတယ် Wiki လို Blog လိုအကြောင်းအရာများက ယခင်ထက် သာမန် User တွေကိုတင်ပြခွင့်တွေ ပိုမိုလာခဲ့တယ်။

User တွေရဲ့ အခန်းကဏ္ဍမှာဆိုရင် ယခင်ကလို နည်းပညာတတ်ကျွမ်းမှ ဒါမှမဟုတ် အယ်ဒီတာအဖွဲ့ အတည်ပြုမှတင်ပြခွင့်ထက် မိမိကိုယ်တိုင် တင်ပြခွင့်ကို ပြောင်းလဲလာတဲ့ နည်းပညာက အကူအညီပေးခဲ့တယ်။ အကျိုးအမြတ်အဖြစ် လွတ်လပ်စွာတင်ပြခွင့် ရရှိလာတယ်။ ဆိုးကျိုးလည်းရှိတာပါပဲ တင်ပြချက်တွေမှာ အမှားတွေ အများကြီးပါလာတယ် ဒါ့ကြောင့် ယုံကြည်သင့်မယုံကြည်သင့် ခွဲခြားနိုင်ဖို့စွမ်းအားရှိဖို့ အင်မတန်လိုအပ်တယ်။ Technical User တွေပဲပြောပြော Developer တွေပဲပြောပြော သူတို့ရဲ့ ကဏ္ဍကတော့ အရင်အတိုင်းပဲ သာမန် User တွေ Web မှာ လွယ်လွယ်ကူကူ ရေးသားလို့ရတယ်ဆိုတာ သာမန် User တွေ Web နည်းပညာကို တတ်ကျွမ်းလာတယ်လို့ မဆိုလိုဘူး မတတ်လည်းရေးလို့ရအောင် အလွယ်တကူရှိတဲ့ Software တွေနဲ့ ထောက်ပံ့ပေးထားတာသာဖြစ်တယ်။ ဒီလို Software တွေအတွက် Technical User တွေကတော့ အရေးပါတဲ့ ကဏ္ဍကနေ ရှိနေမှာပါပဲ။

Technological Support မှာ သာမန် User တွေအတွက် Support နဲ့ Technical User တွေအတွက် Support ဆိုပြီးခွဲခြားမြင်နိုင်ပါသေးတယ်။ သာမန် User တွေအနေနဲ့ Web မှာပါဝင်ရေးသားနိုင်အောင် Blog လို Wiki လိုဆော့ဝဲတွေက အထောက်အကူပြုပေးနိုင်တယ် အဖွဲအစည်းအတွေအတွက်လည်း အမျိုးမျိုးသော Content Management System တွေကလည်း အကူအညီပေးနိုင်ပါတယ်။ ဥပမာ- Blogger, WordPress, Wiki, Joomla, … စသည်ဖြင့်ပေါ့လေ ဒီလိုဆော့ဝဲတွေဟာ သာမန် User တွေအတွက် Content ပဲစိုက်ထုတ်ရုံနဲ့ Web မှာတင်ပြနိုင်အောင် လုပ်ပေးနိုင်ကြပါတယ်။

Technical User တွေကတော့ သာမန် User တွေကို အထောက်အကူပြုတဲ့ Software များကို ဖန်တီးဖို့အတွက် အခြားသော နည်းပညာများကို အသုံးပြုနိုင်ပါတယ် ဒီနေရာမှာ Rich Client တွေဖန်တီးဖို့ JavaScript, Web Page ရဲ့ တစ်စိတ်တစ်ဒေသကို ပြုပြင်ပေးနိုင်တဲ့ Ajex, Publish Subscribe အတွက် RSS စသည်ဖြင့်ပေါ့လေ အသစ်အသစ်နဲ့ ထွက်လာတဲ့ Web Technology တွေက Technical User တွေကိုဖန်တီးခွင့်ပေးမယ့် Technological Support တွေအဖြစ် ရှု့မြင်နိုင်ပါတယ်။

နိဂုံး

မရေမရာဖြစ်နေတဲ့ Web 2.0 ကို လှည့်လည်ဖတ်ရှု့လိုက်တော့ တစ်ယောက်တစ်ပေါက် ပြောနေတဲ့ Ajex ဆိုတာ Web 2.0 ဆိုတာမျိုး၊ Blog ဆိုတာ Web 2.0 ဆိုတာတွေ၊ Wiki ဆိုတာ Web 2.0 စသည်ဖြင့်ပေါ့လေ ပြောနေတာတွေဟာ အင်မတန် ဘောင်ကျဥ်းတယ်ဆိုတာ သိသာလာပါတယ်။ အားလုံးခြုံငုံလိုက်ရင်တော့ Content ကို Contribute လုပ်တဲ့ User တွေတိုးလာတယ် အရင်လိုလာကြည့်ရုံမဟုတ်ဘူး အကြောင်းကြားပေးတဲ့ ပုံစံတွေဖြစ်လာမယ် ဒီလိုဖြစ်ဖို့အတွက် ဖန်တီးရတဲ့ နည်းပညာအသစ်တွေ ပေါ်လာတယ် ဒါတွေအားလုံးပေါင်းက Tim Berners-Lee စခဲ့တဲ့ WWW ထက်ပိုလာတယ် ဒီကွဲပြားခြားနားချက်ကို Web 2.0 လို့ခေါ်ထားတယ်။ ဒါဆိုရင် ဘယ်အချိန်မှာ Web 3.0 ဖြစ်လာမလဲမေးရင်တော့ အခုထိ Web 2.0 ကိုတောင် တိတိကျကျ သတ်မှတ်ချက် မရှိသေးတော့ Web 3.0 ဆိုတာလည်း နောင်တစ်ချိန်တော့ ဒီလိုပဲ အပြောင်းအလဲ ပမာဏနဲ့ မသေမချာပြောနေရင်း ပြောင်းသွားဦးမှာပါပဲ။

7
Feb 10

ဘာတဲ့ သဝေထိုး ရယ်ရသကွာ

တစ်ခါလာလည်း Search Engine ကိုအကြောင်းပြတယ် လူနားမလည်တဲ့ အကြောင်းအရာလို့များ ထင်နေကြသလား အင်မတန်ရှုပ်ထွေးတဲ့ အများထင်နေလို့ ဇဝေဇဝါဖြစ်အောင်များ ပြောစရာတစ်ခုအဖြစ် ရနေသလား။ ငါကိုယ်တိုင်လည်း အများနားမလည်တဲ့ အရာတွေကိုပြောတတ်တယ် ဒါပေမယ့် အဲဒါတွေကို လူအများနားမလည်တာကို ခုတုံးလုပ်ပြီးတော့ ဘယ်တော့မှမလိမ်ဘူး အဲဒီ့လိုပြောတာကို အကြီးကျယ်ဆုံးလိမ်လည်မှု့လို့ ငါသတ်မှတ်တယ်။

လတ်တလောအနေနဲ့ ဗမာစာတွေ Google မှာအလုပ်လုပ်နေပုံကို အကြမ်းပြောမယ်ဆိုရင် Preprocess ဘာမှမလုပ်နိုင်ဘူး Space နဲ့ Tokenize လုပ်ပြီး Index လုပ်ထားတယ် Sorting လည်း စာလုံးတွေရဲ့ Code အပေါ်မူတည်ပြီး Lexicographically ပဲစီထားတာပါပဲ။ ဒီတော့ ကိုယ့်ဝဘ်ဆိုက်မှာရေးထားတဲ့ Space ခြားထားတဲ့အပေါ် မူတည်ပြီးတော့ ရှာလို့ရမှာပါပဲ။ ဥပမာပြောရင် “မော်လမြိုင်” နဲ့ “မော်လမြိုင်သို့” ဆိုရင်မတူဘူး။ Search Engine ဆိုတာ ဂူဂဲတစ်ခုတည်းမဟုတ်ဘူး ကိုယ်ပိုင်လည်းလုပ်လို့ရတာပဲ ဗမာစာအတွက် လုပ်နိုင်တာတွေရှိပါတယ်။ ဗမာစာ Search Engine ဆိုတာ လူအမြင်ကပ်အောင်ပြောရရင် Lucene, Sphinx, Sciencenet, …. ဒါတွေကို ယူသုံးတတ်တာလား။ အဲဒါတွေက ခက်ခဲ့တဲ့အရာတွေမပါပါဘူး ဖတ်ကြည့်သုံးတတ်ပါတယ်။ အရေးကြီးတာက ဗမာစာအတွက် ဘယ်နေရာက Improve လုပ်ဖို့လိုအပ်သလဲ။ လက်ရှိအနေနဲ့က စကားလုံး ဘယ်လိုဖြတ်မလဲက အရေးအကြီးဆုံး ဖြစ်နေတယ်။ ဖြစ်နိုင်တဲ့နည်းလမ်း ၂ ခုရှိမယ်။

ပထမတစ်ခုက ဗမာစာလုံးတွေဟာ Syllabic ဖြစ်နေလို့ Consonant ကနေအစပြုပြီးတော့ Syllabic တွေကုန်သွားရင် တစ်လုံးအဖြစ် သတ်မှတ်တာက အခြေခံအကျဆုံးနည်းစနစ်ပဲ။ ဒီတော့ ဗမာစကားလုံးမှာက ပဌ်ဆင့်နဲ့ အသတ်ဆုံးတာတွေမှာက နောက်ထပ် Consonant တစ်ခုအပိုပါတယ် အဲဒါကိုပါတစ်ခုတည်းအဖြစ် စဥ်းစားလိုက်ရင် Syllabic နဲ့ဖြတ်တာလွယ်ပါတယ်။ ဒီနေရာမှာ ဇော်ဂျီနဲ့လား ယူနီကုဒ်နဲ့လား ဒါကအရေးပါတယ်။ ဒါလည်း ခက်ခက်ခဲခဲမဟုတ်သေးပါဘူး ယူနီကုဒ်ဆိုရင် Consonant တစ်ခုအစကနေ Syllabic တွေအဆုံးသတ်တဲ့အထိ သို့မဟုတ် နောက်ထပ် Consonant မှာအသတ် (သို့) ပဌ်ဆင့် Syllabic အထိဆို တစ်လုံးပေါ့။ ဇော်ဂျီနဲ့ဆို Consonant တစ်ခုတည်းမဟုတ်ပဲ သဝေထိုး (သို့) ရရစ်လိုလည်း အစပြုနိုင်သည်ပေါ့။ Index လုပ်ရင် Bigram နဲ့လုပ်ပေါ့ ပြောမယ်ဆိုရင် Bidex ပေါ့။ ဥပမာ- မော်လမြိုင် လို့ရှာမယ်ဆိုရင် “မော်လ” AND “လမြိုင်” ဆိုပြီးတော့ Phrasal Search နဲ့ရှာလို့ရတယ်။ Precision မြင့်တဲ့ Search Engine တစ်ခုဖြစ်လာနိုင်တယ်။ ဒါတွေက Technical ဖြစ်လာလို့ အသေးစိတ်မရေးတော့ဘူး။

ဒုတိယတစ်ခုကတော့ ခက်ဖို့များတယ် ဗမာစာကြောင်းတစ်ခုကို Part of Speech နဲဲ့ဖြတ်ပေးမယ့် Parser တစ်ခုလိုမယ်။ ထွက်လာမယ့် စကားလုံးတွေကိုပဲ Index လုပ်ယူလို့ရတယ်။ ဒီနေရာမှာ Preprocessing လုပ်မှာလားဆိုတာကလည်း လိုအပ်ချက်အပေါ်မူတည်တယ်။ ကိုသာသာနဲ့ တစ်ခါက ဗမာစကားလုံးတွေစုပြီးတော့ Stemming လုပ်ကြည့်ဖူးတယ်။ မဆိုးပါဘူး ရလဒ်တွေက စကားလုံးကို မူရင်းပုံစံရောက်အောင် ၉၀% လောက်ပြန်ပို့လို့ရတယ်။ တစ်ခုပဲချို့ယွင်းချက်ရှိတယ် ဗမာစာ Parser မရှိလို့ Space နဲ့ဖြတ်ထားရတယ်။ ဒီနေရာမှာ ဗမာစာ Parser တစ်ခု လုပ်ကြမယ်ဆိုပါစို့။ သတ်မှတ်ချက်အတိုင်း အစဥ်အလိုက်သိမ်းတဲ့ ယူနီကုဒ်က လုပ်လို့လွယ်မှာငြင်းစရာမလိုဘူး။ ဇော်ဂျီကတော့ ဗြောက်သောက်ရိုက်တဲ့ အက္ခရာစဥ်နဲ့ဆို သေလုအောင်လုပ်ရမယ် ဘာလို့လဲဆိုတော့ အမှန်လို့ သတ်မှတ်ထားတာမရှိတော့ ဖြစ်နိုင်သမျကို လိုက်ပြင်ကြည့်ပြီးသုံးရမလိုဖြစ်မယ်။ ပြောမယ်ဆိုရင် မူရင်းကိုပြင်တယ်ဆိုတာ တန်ဖိုးကျပါတယ် ဖြစ်နိုင်သမျပြင်ကြည့်ပြီး စဥ်းစားဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဒီနည်းကတော့ Bidex, Tridex လိုမသုံးပဲ Term Index နဲ့ပဲ Search Engine လုပ်လို့ရမယ်။

လတ်တလော နည်းပညာအခြေအနေအရ ပထမနည်းက အတိကျဆုံး ဗမာစာ Search Engine ဖြစ်လာနိုင်မယ်။ ဒုတိယနည်းမှာတော့ Parser တစ်ခုလိုအပ်နေလို့ သိပ်မလွယ်လှသေးဘူး Research လိုအပ်နေတယ်။ ဒီနေရာမှာ သုံးတဲ့လူတွေကို အနည်းငယ်ယုံကြည်လိုက်ပြီး Space and Punctuation တွေနဲ့ဖြတ်ပြီး ယာယီအစားထိုးထားနိုင်တယ်။ လက်ရှိသုံးနေတဲ့ ဂူဂဲက အဲဒီ့နည်းစနစ်လို့ ပြောလို့ရမယ် သူ့အနေနဲ့ Preprocess မလုပ်နိုင်ဘူး နောက်ပြီးတော့ စာလုံးဖြတ်တာမမှန်နိုင်ဘူးဖြစ်နေတယ်။ အဲဒါတွေ ထပ်ထည့်နိုင်ရင် လက်ရှိထက်ကောင်းတဲ့ အဖြေတွေထွက်မှာ သေချာပါတယ်။ ဟုတ်ပြီ ယူနီကုဒ်နဲ့ဇော်ဂျီစကားလုံးတွေ Index တစ်ခုထဲမှာ သိမ်းလို့ရသလားဆိုတာ စဥ်းစားစရာရှိတယ်။ သိမ်းလို့တော့ရတယ်လို့ ပြောလို့ရပါတယ် ပထမနည်းမှာကတော့ Syllabic ကိုဦးစားပေးလို့ ရှာတဲ့လူကတော့ သူဘာနဲ့ရိုက်တယ်ဆိုတာ ပြောဖို့တော့လိုလိမ့်မယ် အဲဒါဆိုရင် Query ကိုသက်ဆိုင်ရာနဲ့ Syllabic ဖြတ်လိုက်ဖို့လိုမယ်။ ဒုတိယနည်းကတော့ လက်ရှိအနေထားနဲ့ ဘာနဲ့သုံးတယ်ဆိုတာ မလိုအပ်သေးဘူး ဒါ့ကြောင့် ဂူဂဲမှာဘာနဲ့ရှာရှာ ရှာလို့ရနေတာပေါ့။ ဒါပေမယ့် Parser တစ်ခုသုံးလိုက်ရင်တော့ သူလည်းဘာသုံးတယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

အဲဒါကို တစ်ခါကကြားဖူးတယ် ယူနီကုတ်များ စည်းရုံးရေးဆင်းနေတုံးက ဂူဂဲကသုံးတဲ့ Database ကများ ဇော်ဂျီကို Support လုပ်လို့မရတော့ရင် အားလုံးရှာလို့မရတော့ဘူးဆိုပဲ။ ဂူဂဲက Index ကို Database သုံးတယ်လို့ ဘယ်သူကများပြောလိုက်ပါလိမ့်။ အခုလည်းလာပြန်ပြီနောက်တစ်ဖွဲ့ ဇော်ဂျီမှာ သဝေထိုးအရှေ့ထားတာ Search Engine နဲ့ဆိုင်လို့ဆိုပဲ ငါပဲဥာဏ်မမှီတာဖြစ်မယ် အပေါ်မှာပြောခဲ့တာတွေနဲ့ ဆက်စပ်ကြည့်တယ် ဘယ်လိုသက်ဆိုင်မှန်း စဥ်းစားလို့မရဘူး။ ဇော်ဂျီကို စလုပ်ကာစအခြေအနေက Microsoft Keyboard Layout Creator မှာ Input အတွက် Keystroke Order ကို Swap လုပ်မပေးနိုင်ဘူး နောက်ပြီးတော့ Shaping Engine မရှိဘူးဒါ့ကြောင့် သဝေထိုးနဲ့ ရရစ်တွေက အရှေ့မှာရောက်နေတယ် အဲဒီလိုပဲငါနားလည်ထားတာ။ အေးလေ ငါသိတာမှားနေတာပဲ ဖြစ်မယ်ထင်ပါတယ်။ ဘယ်သူဖြစ်ဖြစ် နောက်ဆုံး Search Engine အကြောင်းပြတာ ထုံးစံဖြစ်လာသလား။

ပျက်နေတာကို ပြန်မပြင်ဖြစ်တာက နားလည်လို့ရပါတယ် အခြေအနေအရပေါ့ အခုအချိန်မှာသုံးနေတဲ့ မှားနေတာတွေက အများကြီးဖြစ်နေပြီမဟုတ်လား ပြင်ဖို့မလွယ်ဘူးဆိုတာ လက်ခံပါတယ်။ လတ်တစ်လော လိုအပ်ချက်တစ်ခုအရ မှန်နေပြီးသားအရာတစ်ခုကို ငါ့လိုလိုက်မှားစေမယ်ဆိုရင်တော့ အဲဒါကိုကန့်ကွက်ရမယ်။ သိမ်းချင်သလို သိမ်းခွင့်လို့အော်မလား အဲဒါဆိုလည်း ဘာလို့အပင်ပန်းခံနေကြလဲ ဟိုးအရင်က ASCII Fonts တွေလည်း သုံးရနေသားပဲ။ ဗမာစာနဲ့ ရှမ်းစာမှာ ဘုံသုံးတဲ့ အက္ခရာတွေ ရှိနေတာငါလည်းသိတယ် ကိုယ်ကိစ္စနဲ့ကိုယ် ဘယ်နားမှာ သဝေထိုးထားထား အစကတည်းက စံကိုလိုက်နာတဲ့ ရှမ်းစာက သဝေထိုးတော့ ရှေ့ကိုပို့စရာ အကြောင်းမရှိပါဘူးလေ။ Search Engine နဲ့သဝေထိုး ဂူဂဲရဲ့ Database ဟေးဟေးဟေး ကြားဖူးသမျ ဟာသတွေထဲမှာ ဒီဟာသတွေအရယ်ရဆုံးပဲ။ ဘယ်ဘက်အဖွဲ့ကမှမနေဘူး ဒါပေမယ့် ဘယ်သူလိမ်တာမှမခံဘူး လူနားမလည်ဘူးဆိုပြီး အလုံးကြီးကြီးပြောပြီး ထင်ယောင်ထင်မှားပြောတာကို အင်မတန်သောက်မြင်ကပ်တယ်။

2
Feb 10

အလုပ် FAQs

အလုပ်ကိစ္စကို အများကမေးလေ့ရှိတာကို သတိရမိလို့ရေးထားလိုက်တယ်။ အများမှားတတ်တာက ဗမာပြည်ကဘွဲ့ကသုံးမရဘူးတဲ့ အဲဒီလိုတော့မဟုတ်ဘူးဗျ ဗမာပြည်ကဘွဲ့မရှိရင်တော့ နိုင်ငံခြားကဘွဲ့တော့ရှိရမယ် မဟုတ်ရင် စင်ကာပူမှာ အလုပ်ရလည်း Pass မရတာတွေရှိတယ် Degree ဆိုတာလည်း ဘယ်ကရရလိုအပ်ချက် တစ်ခုအဖြစ်ရှိပါတယ် ကောင်းတာက ကိုယ်လုပ်မယ့်အလုပ်နဲ့ အခြေခံဘွဲ့ဟာတူရင် ပိုအဆင်ပြေပါတယ် ရထားတဲ့ဘွဲ့က သမိုင်း အလုပ်က ပရိုဂရမ်မာဆိုလည်း မဟုတ်သေးဘူးရယ်။ လူတိုင်းမေးလေ့ရှိတာက ဘယ်လိုအလုပ်တွေ ပေါသလဲပေါ့ .Net, Java, PHP, Networking စုံနေတာပါပဲ။ တစ်ကယ်ကတော့ ပေါတယ်မဟုတ်ပါဘူး အကုန်လုံးရှိပါတယ်။ နောက်ပြီးတော့ ဘယ်လိုလက်မှတ်တွေ MCTS, MCPD, MCSE, SCJP, SCJD, CCNA, … စသည်ဖြင့်ပေါ့ ဘယ်ဟာတွေအသုံးကျသလဲဆိုတော့ ကိုယ်စိတ်ဝင်စားရာသာ ဖြေခဲ့ပါအကုန်အသုံးကျပါတယ်။ နောက်တစ်ခုက ဘယ်လက်မှတ်က အလုပ်ရတာ လွယ်သလဲဆိုတော့ ဘယ်လက်မှတ်မှ အလုပ်ရမလွယ်ပါဘူး လက်မှတ်ပြရုံနဲ့ အလုပ်ခန့်တဲ့ခေတ်က ကုန်သွားတာကြာပေါ့ အင်တွေများလွန်းလို့လည်းပါတယ် ကျက်ဖြေတာတွေလည်း နောက်တစ်ခုပါတာပေါ့လေ။

လက်မှတ်ဆိုတာကတော့ စာရွက်ပေါ်က အထောက်အထားတစ်ခု အဖြစ်တော့လိုအပ်ပါတယ်။ ဒါဆိုရင် အလုပ်ရဖို့ ဘာလိုသလဲဆိုတော့ တတ်ဖို့လိုအပ်ပါတယ် ကိုယ့်ဘက်ကတော့ အလုပ်ကသင်သွားမယ်လို့ မျော်လင့်ပေမယ့် အလုပ်ရှင်ကအဲဒီလို မမျော်လင့်ပါဘူး သင်ပေးရမယ့်လူခန့်ရင် အနည်းဆုံး ၃ လလောက်တော့ ခိုင်းစားမရပါဘူး မသင်ရမယ့်လူခန့်လိုက်ရင် သင်ပေးရသက်သာတယ် ပိုလည်းခိုင်းလို့ရတယ်မဟုတ်လား ဘယ်သူမှ လစာပေးထားပြီး ခိုင်းလို့မရတာ မလိုချင်ပါဘူး။ ကိုယ့်အတတ်ပညာနဲ့မဟုတ်ပဲ အလုပ်ထဲရောက်မှ အသစ်သင်ပေးပြီးလုပ်ရမယ့် အကြောင်းအရာဆိုရင်တော့ တစ်မျိုးပေါ့လေ အဲဒီ့လိုအလုပ်တွေလည်းရှိတာပါပဲ။ ကိုယ်လျောက်တဲ့အလုပ်နဲ့ ပတ်သက်တာသိရင်လည်း ပိုကောင်းပါတယ် အဲဒါဆိုရင် ငါမင်းတို့အလုပ်မှာ အကျိုးရှိအောင် ဘာတွေလုပ်ပေးနိုင်တယ် ပြောပြနိုင်ရင် ပိုအဆင်ပြေတာပေါ့။

နောက်တစ်ခုက လစာဘယ်လောက်ရမလဲ ဒါကလည်း လက်မှတ်နဲ့မဆိုင်ဘူး အသေအချာစဥ်းစားကြည့်ရင် သူတို့ကလည်း ကိုယ့်လုပ်အားနဲ့ ငွေရှာတာပဲမဟုတ်လား ကိုယ်လုပ်နိုင်တာက အလုပ်ရှင်အတွက် အကျိုးအမြတ်ရှိမယ်ဆိုရင် ကိုယ်ကိုဘာလို့ ငွေပိုမပေးနိုင်ရမလဲ ငါဒီလောက်လုပ်တာက မင်းတို့ဘယ်လောက် အကျိုးအမြတ်ရှိနိုင်မယ် ဒါ့ကြောင့်ငါဒီလောက် လခရရမယ်လို့ ပြောနိုင်မယ်ဆိုရင် တန်ရာတန်ကြေးရမှာပဲပေါ့ အလုပ်ထဲရောက်ပြီး ကိုယ်လုပ်နိုင်တာ ပိုလာတယ် နောက်ပြီးတော့ အလုပ်အတွက် အကျိုးအမြတ်ပိုရှိလာရင် ရတဲ့လခလည်း ပိုလာမှာပဲပေါ့။ ငါကဘယ်လက်မှတ်ရှိတယ် ဘယ်ဘွဲ့ရတယ် ဒါ့ကြောင့်ငါလခ ဘယ်လောက်လိုချင်တယ်ဆိုရင်တော့ အလုပ်ရှင်ကလည်း ထီထိုးရသလိုပဲ ခန့်ပြီးမှသုံးမရလည်း ပြန်ဖြုတ်ရတာ သိပ်မလွယ်လှဘူးလေ ဒီတော့သူလည်း အဆုံးအရှုံးနည်းအောင် စျေးဆစ်တော့တာပေါ့။

ဒါကကိုယ့်ဘက်ကပြောတာပါ အလုပ်ရှင်ကလည်း တန်ရာတန်ကြေး မပေးတာလည်း ရှိလာတတ်တာပဲ အဲဒါဆိုရင်တော့ အစကတည်းက မတန်ရင်မလုပ်ခဲ့တာ ကောင်းပါတယ်။ အလုပ်လုပ်ရင်းနဲ့မှ တန်ရာတန်ကြေး တိုးတောင်းတာ မရဘူးဆိုရင်တော့ တန်ရာတန်ကြေးပေးမယ့် အလုပ်ပြောင်းရပါလိမ့်မယ် အရင်းရှင်ဝါဒမှာ အရှုံးအမြတ်ပဲရှိတယ် စေတနာတွေ မေတ္တာတွေမရှိပါဘူး အလုပ်ရှင်လည်း အကျိုးအမြတ်ရှိလို့ ကိုယ့်ကိုငှားသလို ကိုယ်လည်း အကျိုးအမြတ်ရှိလို့ တန်ရာတန်ကြေးယူပြီး အလုပ်လုပ်ပေးတာပါ ဘာကျေးဇူးခံကျေးဇူးစားမှ မရှိပါဘူး။ လမ်းခွဲမယ်ဆိုရင်လည်း ပြုံးပြုံးနဲ့ပဲလမ်းခွဲခဲ့ပါ အကျိုးအမြတ်မရှိလို့ လက်တွဲဖြုတ်တာ ဒေါသထွက်စရာမရှိပါဘူး။ နောက်အလုပ်တစ်ခုမှာ အရင်အလုပ်က ရန်ဖြစ်ပြီး ထွက်လာတယ်ဆိုတာ ဘယ်လိုမှမကောင်းပါဘူး။

25
Jan 10

Beyond PageRank and Third Generation IR

ဂူဂဲတည်ထောင်ခဲ့တာ ၁၉၉၆ ဆိုတော့အခုအချိန်ဆို ၁၄ နှစ်ကြာခဲ့ပြီပေါ့။ ဘာများထူးခြားလာသလဲ လူအကြောင်းကို သူတို့ပိုနားလည်တယ် ဘယ်လိုဆိုရင် လူမြင်လို့ပိုကောင်းမလဲ သူတို့ပိုနားလည်တယ် အလကားပေးပေမယ့် အားမနာတမ်းကြော်ငြာမထည့်ဘူး စာသားကြော်ငြာထည့်ပေမယ့် အခြားလူတွေလို မျက်စေ့နောက်လောက်တဲ့ ပုံတွေနဲ့ကြော်ငြာများ မထည့်တာတစ်ခုနဲ့ပဲ သူ့ကိုသုံးလာခဲ့တာပဲ။ ပထမမျိုးဆက် Altavista ကို ဒုတိယမျိုးဆက် Yahoo ကျော်တက်လိုက်တယ် ဒုတိယမျိုးဆက်ပဲဆိုပေမယ့် Google က Rank နည်းပညာအသာနဲ့ Yahoo ကိုကျော်တက်ပြန်တယ်။ တတိယမျိုးဆက်တွေ လက်ထက်ဆိုရင်တော့ သူတို့လည်း ဂူဂဲကိုကျာ်တက်ကောင်းတက်မှာပဲပေါ့။

မူရင်းအသုံးပြုနေတဲ့ Page Rank တွက်ပုံကို အများကထောက်ခံသူ များမှသာ Rank မြင့်တယ်ဆိုတဲ့ ပေါ်လစီကိုယူသုံးခဲ့တယ် မြင့်တဲ့လူကညှန်းရင်ပိုမြင့်တယ်ဆိုတာလည်း ပါလာခဲ့ပြန်တယ်။ သမရိုးကျ Page တစ်ခုလုံးမှာပါတဲ့ စကားလုံးတွေ အဆင့်အတန်းတူတယ်ဆိုတာကို ပယ်ဖျက်ပြီး နေရာအလိုက် အရေးပါမှု့ကိုသတ်မှတ်ခဲ့တယ်။ ဒါတွေဟာ မှတ်သားလောက်အောင် အထင်ကြီးလောက်တဲ့ အကြောင်းအရာတွေပါ။ ၁၉၉၆ နှစ်များကလုပ်ခဲ့တဲ့အရာတွေ အခုတော့ဘာတွေထပ်တိုးသလဲဆို ဘာမှထပ်မတိုးလာဘူး။ သူ့မှာစီးပွားဖြစ်လာတာနဲ့အမျ ကြီးမားတဲ့ Computing Power ကိုပိုင်ဆိုင်လာတယ် ဒီတော့ ပိုကောင်းတဲ့နည်းပညာအစား Computing Power ကိုအသုံးချလိုက်တယ် Stem လုပ်တာဟာ မူရင်းထက်တန်ဖိုးကျတယ်ဆိုတာ လက်ခံပါတယ် ဒါပေမယ့် Stem ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာထက် Stem မလုပ်ပဲအကုန်ကောက်ထည့်လိုက်တာကို ကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလား မစဥ်းစားတတ်အောင်ပဲ။ ဒီလိုနည်းလမ်းတွေကိုပဲ အသုံးပြုတာများလာသလိုမြင်လာမိတယ်။ သို့ပေမယ့်လုပ်နိုင်တဲ့ Computing Power ပိုင်ဆိုင်နေတော့ လုပ်သမျဖြစ်လာတယ် ဒါပေမယ့်အထင်ကြီးလောက်တဲ့ နည်းလမ်းတစ်ခုလို့ မမြင်မိတာအမှန်ပဲ။

အရာအားလုံးအတွက် မသက်ဆိုင်တဲ့ လိုအပ်ချက်တွေဖြစ်လာတယ် သမရိုးကျမဟုတ်ပဲ လိုအပ်တာတွေရှိလာတယ် နမူနာအဖြစ်ဗမာလိုစမ်းသပ်လိုက်တယ် “ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း” ကို ဂူဂဲမှာရှာလိုက်တယ် ထွက်လာတဲ့အဖြေစာရင်းကို အစဥ်အတိုင်းအောက်မှာပြထားတယ်။ ( မှတ်ချက်။ ။ တစ်ရက်နှင့်တစ်ရက် အဖြေထွက်ပုံမတူနိုင်သလို အစဥ်အတိုင်းလည်း မတူနိုင်ပါ )

(၁) blog.nweyoe.net
(၂) blog.calmhill.info
(၃) nay-lin.blogspot.com
(၄) khinoomay77.blogspot.com
(၅) arrmanthit.blogspot.com

နွယ်ရိုးဘလော့က ဆိုရှယ်ရော၊ နည်းပညာရော၊ ရှမ်းနဲ့ပါတ်သက်တဲ့ ဗဟုသုတရော တင်လေ့ရှိတော့ ပရိတ်သတ် သုံးဘက်ရှိသလိုဖြစ်မယ် ဒါ့ကြောင့် ညှန်တဲ့လူများနိုင်သလို ညှန်တဲ့လူများကလည်း Page Rank မြင့်တဲ့ဝဘ်ဆိုက်လည်း ပါဝင်နိုင်ပါတယ်။ ကျွန်တော့််ဆိုက်ကတော့ ညှန်တဲ့လူနည်းနည်းပဲရှိပါတယ် ဒါပေမယ့် Page Rank မြင့်တဲ့ ဖိုရမ်လိုနေရာတွေကနေ ညှန်နေတယ် နောက်ပြီးတော့ ရှာတဲ့စာသားက Anchor အရ အခြားဝဘ်ဆိုက်တွေမှာထက် မြင့်နေတော့ ဒုတိယလိုက်တာ သဘာဝကျပါတယ်။ ကိုနေလင်းဘလော့ကတော့ သိပ်မခင်တော့သွားကြည့်ရတယ် သူကလည်း ဗဟုသုတရစရာနဲ့ ဆိုရှယ်အတွက် ရေးတဲ့လူဆိုတော့ ပရိတ်သတ် နှစ်ဘက်နဲ့ ဆိုတော့ ညှန်တာခံရတာများပုံရပါတယ်။ အဘွားခင်ဦးမေရဲ့ ဝဘ်ဆိုက်တော့ စတုတ္ထနေရာမှာပြေးနေပါတယ် ဒီနေရာမှာစဥ်းစားမယ်ဆိုရင် အဘွားဘလော့ကို ညှန်တဲ့လူက အပေါ်သုံးခုထက် အဆမတန် များတယ်ဆိုတာ ဘယ်လိုမှငြင်းစရာမရှိဘူး ဒါပေမယ့်အဘွားပရိတ်သတ်က ဆိုရှယ်ပရိတ်သတ်ပဲများတယ် ဒီတော့ညှန်တဲ့လူတွေကလည်း ဆိုရှယ်ဝဘ်ဆိုက်တွေပဲ။ ဆိုရှယ်ဝဘ်ဆိုက်တွေမှာ Page Rank မြင့်နိုင်တဲ့ဆိုက်က ရှားပါတယ် အဘွားဆိုက်လိုဟာပဲ ရှားရှားပါးပါးရှိတယ် ဒီတော့ Page Rank နိမ့်တဲ့နေရာတွေကနေ ညှန်မယ်ဆိုရင် Page Rank သိပ်မမြင့်နိုင်အောင် လုပ်ထားတဲ့ ညီမျခြင်းကဒီနေရာမှာ အများဆုံးအလုပ်လုပ်သွားတယ်။ ကိုသီဟလည်း ဆိုရှယ်သမားဝဘ်ဆိုက်ပဲ လူအညှန်များတယ် ဒါပေမယ့်အဘွားထက်တော့ လူနည်းတော့ အဘွားဘလော့ထက်တော့ Page Rank နိမ့်နေတာ သဘာဝကျပါတယ်။ အပေါ်ကပုံအရဆို အဘွားနဲ့ ကိုသီဟဘလော့တွေက E နဲ့တူပြီး နွယ်ရိုးနဲ့ ကိုနေလင်းဘလော့တွေက B နဲ့တူတယ် ကျွန်တော့််ဘလော့က C နဲ့တူနေပါတယ်။

ဒီလောက်ဆိုလုံလောက်ပြီလားဆိုတော့ အရင်ကဆိုရင်တော့ ဒါတွေဟာအားရစရာအဖြေတွေပေါ့။ အခုအခြေအနေမှာတော့ အားမရတော့ဘူး Rank က Graph ရဲ့ In or Out Degree နဲ့ပဲတွက်ချက်နေတယ် Network တစ်ခုလို့မစဥ်းစားပဲ အစကဘယ်မှာလဲ အဆုံးကဘယ်မှာလဲ တွက်ချက်ထားတာမဟုတ်ဘူး ပြောမယ်ဆိုရင် Flow မရှိဘူး။ ဘယ်သူကဘယ်သူ့ကိုညှန်သလဲ အဆင့်ဆင့်သွားနေတဲ့ Network တစ်ခုဖြစ်မလာဘူး Degree တစ်ခုထဲအပေါ် အခြေခဲတဲ့ Directed Graph တစ်ခုထက်ပိုမလာဘူး။ Google Scholar မှာတော့ တတ်နိုင်သလောက် Cited ကနေအဆင့်ဆင့် သွားကြည့်လိုဖြစ်နိုင်တယ် သို့သော်လည်း အခုခေတ်မှာ Scholar တစ်ခုပဲ Network တစ်ခုအဖြစ်စဥ်းစားတာ ကုန်သွားပြီ ဘလော့တွေလည်း အဆင့်ဆင့် Cited လုပ်လာပြီဒါပေမယ့် ရှာပေးနိုင်မယ့် Search Engine မထွက်လာသေးဘူး။ အဖြေတွေကို Text တွေ ပုံတွေနဲ့ ဖော်ပြရုံနဲ့တော့ မလုံလောက်တဲ့ခေတ်ကိုရောက်ပြီ Scholar မှာ Cited ကိုထူးထူးခြားခြားသုံးတဲ့လူ တစ်ကမာ္ဘလုံးနဲ့စာရင် လက်တစ်ဆုတ်စာပဲရှိမယ်။ Scholar ဆိုတာက အစကတည်းက သုံးတာနည်းပါသေးတယ် လူတိုင်းသုံးတဲ့ Google Search မှာ Feedback ဖြစ်တဲ့ Similar ကိုမြင်နေပါလျက်နဲ့ ဘယ်သူသုံးသလဲ လက်ချိုးရေကြည့်ရမယ်ထင်တယ်။

WolframAlpha လိုမျိုး Meta Search Engine မျိုးကအဖြေတွေဟာ Search Engine စကားနဲ့ဆိုရင် Recall နည်းပါတယ် သို့ပေမယ့် Precision အင်မတန်မြင့်တယ်ဆိုတာ ဘယ်သူမှငြင်းလို့မရဘူး ဂူဂဲဘယ်လောက်ကောင်းကောင်း သူ့အဖြေကိုတော့မမှီနိုင်တာအမှန်ပဲ။ TouchGraph လိုမျိုးအဖြေထုတ်ပေးတဲ့ Search Engine မျိုးအခုထိမတွေ့သေးဘူး တစ်ခါတော့ Google Lab မှာစမ်းနေတဲ့ Image Graph ကိုတွေ့မိတယ် သုံးဖြစ်တဲ့အခြေအနေမဟုတ်ဘူး TouchGraph လို Visualize လုပ်ထားတဲ့ Search Engine ရှိလာနိုင်ရင်ကောင်းမယ် လူတိုင်းနားလည်လွယ်မယ်။ Dirctory Search ဆိုတာက လူကိုယ်တိုင် Index လုပ်ထားတဲ့ Search Engine လူအင်အားဆိုတော့ သိပ်တော့အဖြေမများဘူး သို့သော်လည်းတိကျတယ် ဒါတွေက သိတဲ့လူတောင်အင်မတန်နည်းသွားသလို သုံးတဲ့လူတောင် မရှိတော့သလောက်ပဲ။ Data Mining တွေအများကြီးတိုးတက်နေပြီပဲ လက်နဲ့မခွဲနိုင်တောင် စက်နဲ့တော့ခွဲပေးနိုင်ပါတယ်။ WebClust.com လို Clusty.com လိုမျိုးခွဲပေးနိုင်တာလည်း ကောင်းနေတာပဲ သူတို့မှာကိုယ်ပိုင် Search Result တွေမပိုင်ဆိုင်တော့ ထွက်လာတဲ့ အဖြေတွေကလည်း သိပ်မကောင်းတာပါနိုင်တယ် ဒါပေမယ်ထွက်လာတဲ့အဖြေကို ရှာဖတ်ရတာအဆင်ပြေကြောင်း လူတိုင်းနားလည်တယ်။

လူတွေရဲ့လိုအပ်ချက်က မတူညီပဲကွဲပြားလာတယ် တတိယမျိုးဆက် Search Engine တွေကတော့ သက်ဆိုင်ရာနယ်ပယ်အလိုက် သီးသန့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်းထွက်လာမှာဆိုတော့ အရာအားလုံးကို အရင်လိုလက်ဝါးကြီးအုပ်လို့ မဖြစ်နိုင်တော့ပါဘူး။ ဒုတိယမျိုးဆက် ဂူဂဲအနေနဲ့ တတိယမျိုးဆက်ကိုပြောင်းချင်ရင်တောင် ကွဲပြားတဲ့လိုအပ်ချက်အတိုင်းအတွက် သူလိုက်မလုပ်နိုင်တော့ဘူး လက်ရှိအပေါ်မှာပဲ ဘယ်လိုထပ်ဆင့်မလဲစဥ်းစားရမှာ ဖြစ်နေတဲ့အတွက် ထူးခြားတဲ့အပြောင်းအလဲတော့ ပြောင်းလဲချင်တောင် မဖြစ်နိုင်တော့ပါဘူး။ အခြားအရာတွေကို သူလှမ်းမိုးချင်ရင်တောင် အသေးအမှားလေးတွေပဲ သူလုပ်လို့ရနိုင်တော့မယ် WolframAlpha လိုအဖြေမျိုးတွေရှာလို့ရအောင် သူလုပ်နိုင်ဖို့ လမ်းမမြင်တော့ပါဘူး။ ဒီလိုနဲ့ပဲ သက်ဆိုင်ရာလိုအပ်ချက်အလိုက် ရှာပေးနိုင်မယ့် ဖတ်ရလွယ်အောင်ဖော်ပြပေးနိုင်မယ့် Search Engine လေးတွေထွက်လာနေဦးမှာပါပဲ။

21
Jan 10

ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း

ဗမာစာမှာလည်း စာရေးတဲ့နေရာမှာ Standard သတ်မှတ်ထားတာတွေ ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမယ့် မလိုက်နာတာ များပါတယ် စာလုံးတွေရေးတဲ့အခါ ဆွဲရမယ့်လမ်းကြောင်းနဲ့ ရေးရမယ့်အချက်ရေ သတ်မှတ်ထားတာ ရှိပါတယ်။ ဗမာစာလုံးတွေက နာရီလက်တံလည်တဲ့အတိုင်းပဲ ရေးကြတာပါ။ “က” ဆိုရင်နှစ်ချက်ရေးတယ် “ခ” ဆိုရင်တစ်ချက်တည်း အပြီးရေးတယ် ဒါမျိုးတွေလည်း သတ်မှတ်ထားတာ ရှိတာပါပဲ။ ရှေးကရှိမရှိတော့ မပြောတတ်ဘူး ဒါပေမယ့် ဘယ်လိုရေးရမယ်ဆိုတာက သတ်မှတ်ထားပါတယ် မယ့်ရင်သူငယ်တန်း ဖတ်စာအုပ်ပြန်ကြည်ပေါ့။ ဒါပေမယ့် စာအုပ်ထဲလက်နဲ့ရေးတော့ ကြီးလာတာနဲ့တစ်ပြိုင်တည်း ရေးချင်သလိုရေးတာပါ နာရီလက်တံ ပြောင်းပြန်လည်း ရေးလိုက်တာပဲ “ည” ရေးတာကို “သ” ကိုအရင်ရေးပြီး နောက်ဆုံးမှ အောက်ကနေခြေထောက် တပ်လိုက်တာလည်း “ည” ဖြစ်သွားတာပဲမဟုတ်လား။ Standard အတိုင်းအကုန်ရေးတဲ့ လူဆိုတာက ၁၀ဝ မှာ ၁ ယောက်မရှိအောင်ကို ရှားပါတယ် နောက်ပြီးတော့ လက်နဲ့စာရေးတာမှာ အဲဒါတွေကအသေးစိတ် လိုက်နာစရာမှမလိုတာကိုး ဘယ်လိုရေးရေး နောက်ဆုံးဖတ်လို့ရဖို့ အရေးကြီးတယ်မဟုတ်လား။
ကွန်ပျူတာမှာ ဗမာလိုစပြီးတော့ ရိုက်လို့ရတဲ့ခေတ်များမှာပေါ့ အရင်ကတော့ ဗမာလိုလိုချင်ရင် လက်နှိပ်စက်နဲ့ပဲ ရိုက်ရတာပေါ့။ ဗမာစာအတွက် ASCII Font များထွက်လာပါတယ်။ ရှေ၊ ဝင်း၊ အကယ်ဒမီ၊ စီအီး စသည်ဖြင့်ပေါ့ အဲဒီ့ဖောင့်တွေနဲ့ ဗမာလိုရိုက်လို့ရိုက်လို့ ရလာပါတယ်။ ဘာမှကန့်သတ်ချက်မပါတော့ လက်နှိပ်စက်ရိုက်သလို ရိုက်တဲ့အလုပ်နဲ့ ဗမာစာကိုရိုက်လို့ရပါတယ် ဗမာစာလုံးသတ်မှတ်ချက် မရှိသေးတော့ ပုံပေါ်ဖို့ကိစ္စက အရေးကြီးတာပါပဲ ကျန်တာကပြဿနာမရှိပါဘူး။ “ဈ” ဆိုရင်လည်း “စ” + “-ျ” = “စျ” ဆိုပြီးရေးလိုက်တယ်။ “၎င်း” ဆိုရင် Alt နဲ့တွဲနှိပ်ရမှာ ပျင်းရင် “၄” + “င်း” = “၄င်း” ဖြစ်ကရောပဲ သိပ်မလှတာကလွဲရင် ဖတ်လို့တော့ဖြစ်သပေါ့။ “ဪ” ဆိုတာကလည်း တစ်ကယ်တော့ တစ်လုံးတည်းရယ် လက်နှိပ်စက်လိုပဲ သဝေထိုးကနေ စပြီးရိုက်ထည့်လိုက်ရတယ်။ နောက်ပြီးတော့ ဝလုံးနဲ့ သုညခွဲမထားဘူး ဝိုင်းရင်ပြီးရော လက်နှိပ်စက်လို တစ်ခုပဲရှိတယ်။ ဒါပေမယ့် ဘာမှသိပ်ပြဿနာမတက်သေးဘူး ဖတ်လို့ဖြစ်ရင် အလုပ်တွင်သေးတယ် မဟုတ်လည်း ပြီးတော့စာရွက်ထုတ် ဖတ်တာပဲလေ ကွန်ပျူတာကဖိုင်နဲ့ တစ်ခါတည်းအလုပ်လုပ်တဲ့ ခေတ်မှမဟုတ်တာပဲ Find နဲ့ရှာလည်း မတွေ့မှာမပူရဘူး။
တစ်ကမာ္ဘလုံးကစာတွေ ကွန်ပျူတာမှာ သိမ်းလို့ရရမယ်ဆိုတော့ ဒို့ဗမာစာလည်း ပါသွားသပေါ့။ အဲဒီတော့မှ ပြဿနာများက စလာပါတယ်။ ရိုက်ချင်သလိုရိုက်ရင် ရှာချင်သလိုရှာလို့ မရတော့ဘူးပေါ့။ ဒါကထားလိုက်ပါတော့ လူတိုင်းကို ဒီအကြောင်းတွေသိအောင်ပြောရတာ လွယ်တဲ့ကိစ္စမဟုတ်လှပါဘူး။ အရင်ကတည်းက တွေ့နေတာကြာပါပြီ မပါတ်သက်လို့မပြောဖြစ်ဘူး ရေးချင်သလိုရေးရာကနေ မြင်ရပြီးရောရိုက်တဲ့ အကျင့်များကိုနမူနာပြရရင် “ဟ” ကိုကြံကြံဖန်ဖန် “ပ” + “-ာ” = “ပာ” နဲ့ရေးကြတဲ့လူတွေလည်း ရှိပါတယ် ဘယ်လိုများစဥ်းစားသလဲ နားမလည်နိုင်အောင်ပဲ။ ကိုရဲမြတ်သူကဝင်ပြောတယ် အဲဒါဘာဟုတ်သေးသလဲတဲ့ “၏” ကို “ဧ” + “။” + “ -်” = “ဧ။်” ဖြစ်အောင်တောင် ရေးကြတာမြင်ဖူးတယ်ဆိုပဲ။ ဟိုးအရင်ကလူတွေ ဗမာစာရိုက်နေကျဖြစ်နေလို့ အရင်ကအမှားတွေ ရိုက်နေတယ်ဆိုရင် ဒါကလက်ခံနိုင်ပါသေးတယ်။ ကျွန်တော်ဆိုရင် ဝလုံးနဲ့ သုညကိုတူတူ ရိုက်တာအကျင့်ပါနေလို့ သတိထားပြီးပြင်ထားရတာပါ။
ပြဿနာက ကွန်ပျူတာသုံးတတ်ရုံနဲ့ ကွန်ပျူတာနဲ့ပါတ်သက်တာ နားလည်အောင်ရှင်းပြလို့ ရမယ်လို့မထင်နဲ့ အင်မတန်ရှင်းရခက်တယ်။ ကွန်ပျူတာအသုံးပြုသူဆိုလို့ အပြောခံရလို့ စိတ်ဆိုးကောင်းဆိုကြဦးမယ် တစ်ကယ်ဆိုရင် အတန်းအစား အမျိုးမျိုးရှိတယ် သုံးတတ်တဲ့လူ၊ ဘယ်လိုအလုပ်လုပ်တယ်သိတဲ့လူ၊ ဘယ်လိုဖန်တီးထားသလဲသေသေချာချာသိတဲ့လူ၊ ကိုယ်တိုင်အစိတ်အပိုင်အချို့ဖန်တီးနိုင်သူ စသည်ဖြင့်ခွဲခြားမယ်ဆိုရင် အများကြီးရှိနိုင်ပါတယ်။ ကွန်ပျူတာ တက္ကသိုလ် ပထမနှစ်ကျောင်းသားကို character “1″ နဲ့ numeric “1″ ဟာမတူဘူးဆိုတာ သဘောပေါက်အောင် အာပေါက်အောင်ရှင်းပြရတာ ကိုယ်တွေ့လုပ်ခဲ့တဲ့အရာတွေ။ ပထမနှစ်ကျောင်းသားဆိုတာက ဘယ်လိုအလုပ်လုပ်တယ်တော့ သိပြီးသားလူတွေပါ ဘယ်လိုဖန်တီးထားတယ်ဆိုတာကို တစ်ချို့လည်းဝိုးတစ်ဝါးဖြစ်မယ် တစ်ချို့လည်းသိကောင်းသိမယ်ပေါ့ ဒီအခြေအနေကလူကို ရှင်းပြရတာတောင်မလွယ်လှပါဘူး။ “ဈ” ဆိုရင်လည်း “စ” + “-ျ” = “စျ” ဆိုပြီးမရေးပါနဲ့ “ဈ” လို့တစ်လုံးပဲ ခလုတ်ကိုမှန်မှန် နှိပ်ပါလို့လူတိုင်းကို နားလည်အောင် လိုက်နာအောင် ပြောဖို့ကလွယ်တဲ့ ကိစ္စတော့မဟုတ်လှဘူး။
သာမန်လူပြိန်းနားလည်ဖို့နဲ့ စည်းကမ်းလိုက်နာချင်ပြီး ရေးချင်သလိုရေးမလုပ်ဖို့က အကျိုးအပြစ်နဲ့ ယှဥ်ပြောမှပဲလိုက်နာချင်စိတ်ရှိမှာပဲ ဘယ်က Standard ကဖြင့်ဘယ်လို ပြောလို့ကတော့ နွားပလာတာကွေးသလိုပဲ ဖြစ်နေမှာပဲပေါ့။ ဥပမာပြောရရင် “ပ” + “-ာ” = “ပာ” လို့ကိုယ့်တစ်ယောက်တည်း မှားရေးနေရင် ကိုယ်ရေးတဲ့စာကို အမှန်ရေးတဲ့လူ သူများတွေရှာဖတ်လို့ခက်တယ် မယ့်ရင်တော့ “ပာင်း” နဲ့ “ဟင်း” လို့တစ်မျိုးစီ ရှာကြည့်ထွက်တဲ့အဖြေမတူဘူး အမှန်ရေးတဲ့အဖြေတွေအများကြီးထွက်ပြီး အမှားနဲ့ဆိုရင် လိုချင်တာမတွေ့နိုင်ဘူး စသည်ဖြင့်ပြောရင်တော့ အဆင်ပြေနိုင်ပါတယ်။ (စမ်းကြည့်ချင်သူများ ဂူဂဲမှာရှာကြည့်ပါ ပစောက်ရေးချာနှင့် ပထမရေးထားသော စာလုံးဖြင့်ရှာပါက အဖြေ ၁၀ဝ ခန့်ထွက်ပြီး ဟ နှင့်ရေးသော ဒုတိယစကားလုံးနှင့် ရှာပါက အဖြေ ၄၀၀၀ဝ ခန့်ထွက်သည်) ဒီတော့လူအများသိအောင်က အများလက်ခံအောင်ပြောနိုင်တဲ့ မီဒီယာတစ်ခုလိုသပေါ့။ ဘလော့ပေါ်ရေးလည်း မီဒီယာပဲလို့များ မမျော်လင့်ပါနဲ့ ကိုယ်ကအမှန်ပြောတိုင်း လက်ခံမယ်လို့မျော်လင့်လို့မရပါဘူး လူ့စိတ်ဆိုတာကခက်တယ်။ မှန်သားပဲဆိုပြီး လက်ခံတဲ့လူလည်းရှိသလို မှန်နေမှန်းတော့သိတယ် ဒီကောင်ကဘာကောင်မို့ ငါကလက်ခံရမှာလည်းဆိုတဲ့ လူတန်းစားများလည်း အများကြီးပါပဲလေ။ ကိုသာသာစကားနဲ့ ပြောရရင်တော့ ပစ္စည်းမဲ့မာနသမား ဆိုတာလည်းရှိသေးတယ် သိသလားဆိုတော့လည်း နားကန်းတစ်လုံးမှမသိဘူး သိတဲ့လူပြောတော့လည်း မင်းကဘယ်လောက်သိလို့ ဆရာလုပ်သလဲ ငါဘကြီးကမင်းထက်သိတယ်ဆိုတဲ့ လူတန်းစားများလည်း အများကြီးရှိသေးသကိုး။ Standard ဆိုတာကို နားလည်တဲ့လူအချင်းချင်း ပြောနေကြတာထက် လူပြိန်းနားလည်အောင် လိုက်နာချင်အောင် ပြောဖို့ကသာပြီးအရေးကြီးသပေါ့ဗျာ အထူးအဖြင့်ကျုပ်လို အပြောအဆိုအရေးအသား အထူးရှောင်ဖို့လိုအပ်သပေါ့။
28
Nov 09

အရွေးမှန်ခဲ့ကြပါစေ

တစ်ခါတစ်ရံတော့ အထင်နဲ့အမြင်နဲ့လွဲတတ်တယ် အချိန်တွေကုန်လွန်သွားတော့မှ အမှန်ကိုမြင်မိတာလဲရှိတယ်။ အတတ်ပညာတစ်ခုတတ်ဖို့ ဖြတ်လမ်းမရှိပါဘူး အရင်းအနှီးများပါတယ် အချိန်တွေ ငွေတွေ ကြိုးစားမှု့တွေ အများကြီးရင်းရတာပါ။ အတတ်ပညာတစ်ခုကို အတိုင်းအတာတစ်ခုအထိ တတ်မြောက်တယ်လို့ ပြောလို့ရတဲ့လူတစ်ယောက်ကို မေးမြန်းလို့ ပြန်ဖြေလိုက်တဲ့အဖြေဟာ ကိုယ်နားမလည်တာ တစ်ခုနဲ့တော့ လျိုတယ်လို့ပြောရင် မှားတတ်ပါတယ်။ တစ်ကယ်က အတတ်ပညာတစ်ခုမှာ လျို့ဝှက်ချက်ဆိုတာမှ မရှိတာပဲ တတ်ကွမ်းအောင် အမျိုးမျိုးကြိုးစားခဲ့ပြီးမှ တတ်မြောက်ခဲ့တာပဲ လျို့ဝှက်ချက်ကို လက်ဆင့်ကမ်းလို့ တတ်မြောက်တယ်ဆိုတာ မရှိပါဘူးလေ။ သင်တယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုအထိ အခြေခံရှိမှအဆင့်ဆင့်သင်လို့ရပါတယ်။
ညီအစ်ကိုလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ ကျောင်းတုံးကသူငယ်ချင်း တစ်ယောက်နဲ့ အွန်လိုင်းမှာပြန်ဆုံကြောင်းနဲ့ ဂုဏ်ထူးတန်းမှာ UML နားလည်အောင်ရှင်းမပြပဲ လျိုထားလို့ဒေါသထွက်ကြောင်း ရန်တွေ့ခံရတယ်လို့ ပြောပြပါတယ်။ တစ်ကယ်က အခြေခံမရှိလို့မလိုက်နိုင်တာကို နားမလည်အောင်ရှင်းတယ် ထင်တာပါ။ အတန်းကြီးလာတာနဲ့အမျ ပရိုဂရမ်းမင်း မတတ်ရင်စာတွေက အလွယ်ပြောရရင် ကကြီးခခွေးမတတ်ပဲ ကဗျာစပ်သင်သလိုဖြစ်နေတာပါ။ တစ်ကယ်က Relation တွေဆိုတာက ဘယ်ဘက်ကဘာဆိုတာ ရှင်းစရာမှမလိုတာပဲ OOP သိတဲ့လူက ဘယ်ဘက်မှာ Variable ဘယ်နှစ်လုံးကြေငြာတယ်ဆိုတာပ UML ပုံကိုကြည့်ပြီး မျက်စေ့ထဲမြင်လိုက်တာပါ။ ဒီတော့ပုံကိုဘယ်လိုဆွဲပဲ သင်ပေးလို့ရတယ် နားလည်ဖို့ကတော့ အရင်ကတည်းက အတိုင်းအတာတစ်ခုအထိ ရှိနေခဲ့ရမှာကိုး ဘယ်သူကအမြဲတမ်း ကကြီးကနေ အအထိပြောပြချိန်မရှိပါဘူး။
နောက်ပြီးတော့ဆရာမလိုဘူးလို့ မပြောပါဘူး ရှိတာကကောင်းပါတယ်။ ဒါပေမယ့်သိထားဖို့က ဒီဆရာဘယ်လိုသင်သင် ကိုယ်က တစ်ဝက်ရဖို့တောင်မလွယ်ပါ ဒါကသင်ကြားခြင်းနဲ့ သင်ယူသူကြားမှာ အမြဲဖြစ်နေတဲ့အကြောင်းပါ။ ဆရာလိုတတ်ချင်ရင် ဆရာကိုသင်ခိုင်းလို့မဖြစ်ဘူး ဆရာသင်ယူခဲ့သလို သင်ယူမှသာဖြစ်နိုင်ပါတယ်။ ဆရာတစ်ယောက်က သင်ပေးတာကောင်းရင် တပည့်တွေသဘောကျတယ် နာမည်ကြီးပါတယ် ဒါပေမယ့် တတ်သမျသိသမျကို အိတ်သွန်ဖာမှောက် အာပေါက်အောင်သင်ပါစေ ဒါပေမယ့်တပည့်တွေကို အကုန်သင်မပေးပဲ လျိုထားတယ်လို့ပြောလို့ရပါတယ်။ အဲဒီ့လိုဆရာမျိုးမှာ တပည့်ပေါပေမယ့် ထူးခွန်တဲ့တပည့်နည်းပါတယ်။ တစ်ကယ်တတ်စေချင်တဲ စေတနာရှိရင် အခြေခံလောက်တတ်ရင် ဆက်သင်စရာမလိုပါဘူး။ ကိုယ့်လမ်းကိုယ်သွားနိုင်အောင် ဆရာလျောက်ခဲ့တဲ့လမ်းကို တပည့်ကိုလှတ်နိုင်ရမယ်။ ဒီလိုဆရာမျိုးမှာတော့ တပည့်နည်းတတ်ပါတယ် နည်းတာမဟုတ်ပါဘူးလေ တပည်ကကြာကြာမနေနိုင်တာပါ။ ဒါပေမယ့် ကျန်တဲ့တပည့်တွေမှာ ထူးခွန်တဲ့တပည့်များပါတယ်။ ဒါ့ကြောင့် ညီငယ်ညီမငယ်များ မူကြိုဆရာများ၏လက်မှ လွတ်ကင်း၍ အင်မတန်ခိုင်းသော ဆရာများ၏ထံတွင် ကြာရှည်စွာနေနိုင်ကြပါစေ ဆရာအရွေးမှန်ခဲ့ကြပါစေ။
7
Aug 09

(၃၈)ဖြာ နှင့် ဝိရောဓိ ဖြစ်ခြင်း

လူမိုက်ဆိုလျင် ရှောင်သွေလွဲလို့မမှီဝဲနဲ့ကင်းအောင်နေ။ ပညာရှိကို အစဥ်တွဲလို ့မှီဝဲ ဆည်းကပ် နည်းယူပေ။ ကျက်တာတော့ ငယ်ငယ်ကတည်းက မကျက်ချင်လည်း ကျက်ရတယ်။ ကြီးလာမှ စဥ်းစားမိတာက အဲဒီနှစ်ခု အကြီးအကျယ်ပြဿနာ တက်နေတာပါလား။


အသေ ဝနာစ ဗာလာနံ ဆိုတော့ အမြင်ကိုက လူမိုက်ဖက်က မဟုတ်ပြန်ဘူး လူမိုက်မဟုတ်သေးတဲ့ လူဘက်ကနေ ပြောနေတာကိုးဗျ ဟုတ်တယ်လေ လူမိုက်နဲ့ပေါင်းရင် မမိုက်သေးတဲ့လူက မိုက်သွားနိုင်တယ်ပေါ့ အခုထက်ထိတော့ မှန်နေတယ်ထင်ပါတယ်။


ပဏ္ဍိတာ န ဉ္စ သေဝနာ ဆိုတော့လည်း ပညာရှိမဟုတ်သေးတဲ့ ကြားလူအဖြစ်ကနေ ပြောနေတာဖြစ်ပြန်ရော ပညာရှိနဲ့ပေါင်းတော့ ကိုယ်တပည့်ဖြစ်တာပေါ့ အဲလေ ကိုယ်လိမ္မာတယ်ဆိုတော့လည်း မှန်နေပြန်ရော။


အဲဒီနှစ်ခုကို ဆက်စပ်ကြည့်တော့ သချင်္ာလိုရေးရင် ဆုံးမခံတဲ့လူက ကြားလူနေရာမှာပဲ ပဏ္ဍိတလည်းမဟုတ် ဗာလလည်းမဟုတ် ကြားလူကိုဆုံးမနေတာပဲ။ ပြဿနာတက်တာက ပဏ္ဍိတနဲ့ ဗာလ ဖြစ်မယ်ထင်တယ်။ ဗာလကလည်း ပဏ္ဍိတဖြစ်ချင်ရှာသလို ပဏ္ဍိတကလည်း ဗာလဖြစ်မှာလည်း ကြောက်ရှာမှာပေါ့။ ဗာလက ပဏ္ဍိတကို ပဏ္ဍိတာ န ဉ္စ သေဝနာ ဆိုပြီးလာပေါင်းရင် ပဏ္ဍိတက အသေ ဝနာစ ဗာလာနံ ဆိုပြီး အပေါင်းအသင်း မလုပ်နိုင်ဘူးဆိုရင် ပြဿနာ။


လူမိုက်နဲ့ပေါင်းလို့ လူတိုင်းလူမိုက်ဖြစ်တာ မဟုတ်သလို လူလိမ္မာနဲ့ ပေါင်းလည်း လူလိမ္မာဖြစ်ချင်မှ ဖြစ်မှာကိုး။ ဗာလလည်း မဖြစ်ချင်ဘူး ပဏ္ဍိတလည်းမဖြစ်ချင်ဘူး ဗာလမိုက်တာတွေကြည့်ပြီး ကိုယ်သူတို့လိုမဖြစ်အောင် နေတာက ပဏ္ဍိတကိုသွားပြီး ပေါင်းတာက ပိုအကျိုးရှိမလားလို့ တစ်ခါတစ်လေတော့ ထင်မိတယ်။ ပြောသာပြောရမယ် ပဏ္ဍိတကိုလည်း ကြောက်တော့ အကြောက်သား ပဏ္ဍိတဆိုးတာက ဗာလထက် အဆတစ်ရာပိုမယ်။ ဒါကြောင့် ပဏ္ဍိတကိုလည်း အပေါင်းအသင်းကို မလုပ်ချင်တာပါ။

7
Aug 09

Online ယဥ်ကျေးမှု့

ငယ်ငယ်ကတည်းက မိဘတွေက အပြောအဆို အနေအထိုင်ကို သူ့ယဥ်ကျေးမှု့အလိုက် သွန်သင်ခဲ့ကြတာပါပဲ အခုနောက်ပိုင်းတော့ Online ယဥ်ကျေးမှု့အဖြစ် သင်စရာနောက်တစ်ခု တိုးလာနေတာတွေ့ရတယ်။ ဗမာပြည်မှာကတော့ အင်တာနက်ဆိုတာ အသုံးများတာ နှစ်ပိုင်းပဲရှိသေးတော့ လူငယ်တွေအနေနဲ့ သိပ်ပြီးတော့ မသိကြဘူး မိဘတွေကလည်း Online နဲ့ အဆက်အစပ်နည်းတာရယ် ဒါမှမဟုတ် အဆက်အစပ်မရှိတာရယ် ကြောင့်ဒါတွေကို သိပ်သတိမထားမိဘူး။ တစ်ခြားနိုင်ငံတွေမှာကတော့ အခုနောက်ပိုင်း ကလေးတွေကို စနစ်တစ်ကျ ထိမ်းချုပ်ပြီး ဘယ်လိုသုံးသင့်တယ် မသုံးသင့်ဘူးစသည်ဖြင့် ငယ်စဥ်ကတည်းက သင်ကြားပေးလာတာပါ။ ဒါတွေ မသိခဲ့တဲ့အတွက် ဘာတွေဖြစ်လာကြသလဲ ခြေရာခံမိတယ်။



အမြင်သာဆုံးကိုကြည့်မယ်ဆိုရင် အီးမေးကိုကောင်းကောင်း မရေးတတ်ကြဘူး ဗမာလိုရေးတာ အင်္ဂလိပ်လိုရေးတာကို မဆိုလိုပါဘူး။ အနည်းဆုံးတော့ ကျင့်ဝတ်လေးတွေတော့ သိသင့်တယ်။ တွေ့သမျလာသမျအီးမေးတွေကို ကိုယ့်ထဲက လိပ်စာမှာရှိသမျ အကုန်လုံး Forward လုပ်တဲအကျင့်လည်း တစ်ဖြည်းဖြည်း ပြင်ဖို့လိုနေပြီ။ တစ်ခါတစ်ရံမှာ တစ်ဘက်လူအတွက် တော်တော်လေး အနှောက်အယှက်ဖြစ်ရပါတယ်။ နောက်ပြီးတော့ အီးမေးကနေ ရန်လည်း ဖြစ်တတ်သေးတယ်။ နည်းနည်းတော့ကြာပါပြီ နာမည်ကြီး တက္ကသိုလ်နှစ်ခုက ဗမာကျောင်းသားများ သူ့ကျောင်းကောင်းတယ် ငါ့ကျောင်းကောင်းတယ် ပြိုင်ရာကနေစပြီး အီးမေးနဲ့ ဟိုဘက်သည်ဘက် ဆဲကြပါရောလား။ ဘေးလူအနေနဲ့ ကြည့်ရင် နှစ်ဘက်လုံး ဘယ်ကျောင်းကထွက်ထွက် အဆင့်အတန်း လုံးဝမရှိတဲ့ အဖြစ်ကိုရောက်ရပါတယ်။



နောက်ပြီးတော့ Personal Information တွေကို ဘယ်သူမှန်းမသိတဲ့လူတွေကို လုံးဝမပေးသင့်ဘူးဆိုတာလည်း အရေးကြီးပါတယ် ဗမာပြည်မှာ GTalk လို IM တွေခေတ်မရောက်ခင်က IRC တွေသုံးနေတဲ့ အချိန်ကဆိုရင် ဘယ်သူတက်လာ တက်လာ ASL ဆိုပြီးမေးတယ် အစတော့ မဟုတ်တာတွေ လျောက်ဖြေတယ် နောက်တော့ ဖုန်းနံပါတ်က အစအကုန်သိကုန်ပါရော။ အနည်းဆုံးတော့ ကိုယ်ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ဖုန်းခေါ်တဲ့ ဒဏ်တော့ခံရမယ်။ နောက်တော့ ဒီထက်ဆိုးတဲ့ ကိစ္စတွေဖြစ်ကုန်ကြတယ်။ GTalk ပေါ်လာတော့လည်း ချက်နေကျလူက ချက်ဖို့အတွက်ပဲ သုံးလိုက်တာပါပဲ။



ဟိုတစ်လောကလည်း ဘလော့တွေမှာ လိုက်ပြီး ဆဲနေပြန်ပါရောလား သူများဆဲတာအားမရလို့ ဟိုဘက်သည်ဘက်တောင် လင့်တွေချန်ထားခဲ့ပြီး ရန်ဖြစ်အောင် ထားခဲ့ပြန်တယ်။ ဖိုရမ်မှာ ရန်ဖြစ်တာများ ထူးဆန်းတဲ့ကိစ္စကို မဟုတ်တော့တာပါ ဗမာဖိုရမ်မှန်ရင် ရန်မဖြစ်တာ တွေ့ကိုမတွေ့ဘူး နည်းတာနဲ့များတာပဲကွာတယ်။ တစ်ခြားနိုင်ငံက ဖိုရမ်တွေ ဝင်ကြည့်တယ် မဖြစ်ဘူးလို့ပြောလို့မရပေမယ့် ဖြစ်ခဲပါတယ်။ သူ့လည်းမမြင်ရ ကိုယ့်လည်းမမြင်ရ Nick ပဲမြင်ရတဲ့ Virtual Community တွေမှာပိုပြီး ယဥ်ကျေးမှု့ထိမ်းသင့်တာကို မမြင်ရတာအကြောင်းပြုပြီး အားနာမှု့လည်းမရှိကြတော့တာ ပြဿနာတစ်ခုပဲ။



အခုတော့ Social Networking တွေမှာအသုံးများနေကြပြန်ပြီ။ Facebook ပေါ်မှာ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ကြဘာကြနဲ့ ကောင်းပါတယ်။ နည်းနည်း စိတ်ချမ်းသာတာက တစ်ခြားနေရာတွေလို ရန်ဖြစ်တာမတွေ့သေးဘူး ဖြစ်နိုင်တာက သူ့ကိုယ်မသိ ကိုယ့်သူမသိအခြေအနေ မဟုတ်ပဲနဲ့ အပြင်က သူငယ်ချင်းအချင်းချင်းရယ် ပါတ်သက်ရာ ပါတ်သက်ကြောင်းတွေ ဆက်စပ်နေတာ မြင်နေရလို့ အားနာလို့မပြောကြတာလို့ပဲ သုံးသပ်ပါတယ်။ Social Networking ဆိုက်တွေမှာတောင် Personal Information တွေကို ထိမ်းချုပ်ထားသင့်ပါတယ် မိတ်ဆွေမဟုတ်ရင် ဘယ်သူ့ကိုမှ Personal Information ပေးမကြည့်တာ အကောင်းဆုံးပါပဲ။



မြင်သမျပြောမိပြန်ရင်လည်း လူအမြင်ကပ်တာ အဖတ်တင်မယ် သို့သော်လည်း နည်းပညာအပြောင်းအလဲမှာ လူနေမှု့ဘဝတွေလည်း ပြောင်းလဲသွားသလို မျိုးဆက်သစ်တွေကို ပျိုးထောင်တဲ့နေရာမှာ Virtual World ယဥ်ကျေးမှု့အတွက်လည်း တိုးပြီးလေ့ကျင့်ပေးသင့်ပြီလို့ပဲ မြင်မိပါတယ်။

Switch to our mobile site

WP SlimStat