ကျွန်တော်နှင့်အိမ်ထောင်ရေး

ပေါက်ပေါက်ရှာရှာ လူပျိုကြီးကိုများ ကျွန်တော်နှင့်အိမ်ထောင်ရေး ဆိုပြီးတဂ်ရတယ်လို့ မတတ်နိုင်ဘူးလေ ကိုယ်လည်းကိုယ်သိတာ ရှာဖွေပြီးရေးရတာပေါ့။ လူပျိုကြီးဆိုတော့ အိမ်ထောင်ရေးနဲ့ မဆိုင်ဘူးရယ်တော့ မဟုတ်ပါဘူးလေ သိတော့သိရမယ်မဟုတ်လား။ တစ်ခါတစ်လေတော့လည်း ချစ်တာတွေ မေတ္တာတွေနဲ့ အိမ်ထောင်ရေးမဆိုင်သလိုပါပဲ တစ်ချိုကလည်း ချစ်လို့ကြိုက်လို့အိမ်ထောင်ပြုကြတယ် တစ်ချို့ကလည်း အိမ်ကစီစဥ်လို့အိမ်ထောင်ပြုကြတယ် ဒါပေမယ့်ကွဲချင်လည်း ကွဲကြတာပါပဲ။ အဓိကကတော့ တစိမ်းလူနှစ်ယောက် အတူနေကြတယ်ဆိုတော့ အနည်းနဲ့အများတော့ အခက်အခဲဖြစ်ကြတာပါပဲ။ အရေးကြီးတာကစိတ်ပါပဲ တစ်ကယ်ကတော့ ကိုယ့်အတ္တနဲ့သူ့အတ္တမျနိုင်ရင် အဆင်ပြေမှာပါပဲ။ ယောက်ျားဖြစ်လို့ အလိုလိုက်ရမယ် မိန်းမဖြစ်လို့ အလျော့ပေးရမယ်ရယ် မဟုတ်ပါဘူး မျမျတတပေါ့။ ရှင်းရှင်းပြောရရင် လင်နိုင်တဲ့မိန်းမလည်း ကြည့်မရသလို မယားနိုင်တဲ့ယောက်ျားလည်း အမြင်မကြည်ပါဘူး။
အိမ်ထောင်ကျသွားရင်တော့ နှစ်ဘက်လုံး ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ မျော်လင့်ချက်တွေကို အညီအမျဆုံးရှုံးခံကြရတာပါ။ ဥပမာပြောရရင် ကျောင်းတက်ရင်း အိမ်ထောင်ကျတဲ့ သူငယ်ချင်းတွေ ကျောင်းဆက်မတက်နိုင်ကြတာ များပါတယ် နှစ်ဦးနှစ်ယောက်ရပ်တည်ဖို့အတွက် အလုပ်လုပ်ဖို့လိုပြီလေ။ တစ်ချိန်က ပညာရေးအတွက် ဘယ်လိုပဲမျော်လင့်ခဲ့ပါစေ တစ်ခြားတစ်ယောက်အတွက်ငဲ့ပြီးတော့ ဆက်မလုပ်နိုင်တော့ဘူးမဟုတ်လား။ ဒါပေမယ့် သူ့ဘက်ကဆုံးရှုံးတယ်ဆိုပေမယ့် နှစ်ယောက်ဘဝအတွက်ကျတော့ အောင်မြင်တာဖြစ်ပြန်ရော။ လူပျိုလူလွတ်တွေ အလုပ်ကိုအာရုံမစိုက်နိုင်ခင်မှာ မိသားစုအတွက်ရုန်းကန်ရတော့ အလုပ်တွေအခြေတစ်ကျ ဖြစ်နေတာတွေလည်း အများကြီးပါ။ ဒါပေမယ့် သူ့အတ္တငါ့အတ္တမညှိနိုင်လို့ အချိန်မတိုင်ခင်ကွဲခဲ့ကြလို့ ဘဝပျက်သွားတဲ့ သူငယ်ချင်းတွေလည်း မြင်ဖူးပြန်တော့ စိတ်မကောင်းမိပြန်ဘူး။ ဘာပဲပြောပြော လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့မှ မရတာပဲ ချစ်လို့ခင်လို့ အလျော့အပေးတယ်ဆိုတာ မဖြစ်ထိုက်ဖူးလေ နှစ်ဦးနှစ်ဘက်လျော့မှသာ အဆင်ပြေမယ် အတူတူရည်ရှည် လက်တွဲသွားနိုင်မယ်မဟုတ်လား။
အဲဒါတွေကတော့ ကိုယ်ဥာဏ်မှီရာပြောတာပဲလေ ကိုယ်လည်းမသိဘူး။ ကိုယ်နဲ့ဆိုင်တာပြောရရင် လူပျိုကြီးရဲ့ အိမ်ထောင်မကျတာက အဲဒါတွေမြင်လို့မဟုတ်ပါဘူး လူပျိုကြီးရဲ့ အတ္တကြောင့်ပဲဖြစ်ပါလိမ့်မယ်။ လုပ်ချင်တာတွေကလည်း များနေတယ်လေ ငယ်ကတည်းက ရည်မှန်းထားတာတွေကို အခုအချိန်အထိ တစ်ဆင့်ချင်းလုပ်လာ ခဲ့တာပါပဲ။ ဒီအချိန်ရောက်မှ အမျိုးသမီးတစ်ယောက်အတွက် တစ်သက်လုံးလုပ်ခဲ့တာတွေကို ရပ်လိုက်ဖို့ဆုံးဖြတ်ဖို့ အခက်သားလား။ နောက်ပြီးတော့ ကိုယ့်ကြောင့်တော့ အိမ်ထောင်ဖက်ကို မျက်နှာမငယ်စေချင်ပါဘူး ကိုယ့်အလုပ်က အများအလုပ်လုပ်သလို မချမ်းသာနိုင်ပေမယ့် ဆင်းရဲတဲ့အလုပ်လည်း မဟုတ်ပါဘူးလေ သို့ပေမယ့် လက်ရှိတော့ မပြီးဆုံးသေးဘူးမဟုတ်လား ရှေ့ဆက်ဖို့တွေလည်း ကျန်နေသေးတာကိုး။ မည်သူ့ကိုမှ အများထက်မျက်နှာငယ်မယ့်ဘဝမှာ နေနိုင်ပါတယ်ဆိုတောင် စောင့်နိုင်မယ်ဆိုရင်တောင် ကိုယ့်တစ်ယောက်တည်းအတွက် လိုက်လျောပေးရမှာဖြစ်လို့ တောင်းဆိုဖို့စိတ်ကူးမရှိပါ။ တစ်ခုတော့ရှိပါတယ် စကားကိုကုန်အောင်တော့ မပြောပါဘူးလေ အခုဆုံးဖြတ်ချက်ကို ပြန်ပြင်လောက်တဲ့ မိန်းကလေးနဲ့ မဆုံဖြစ်သေးတာလည်း ဖြစ်နိုင်ပါတယ်။
နောက်များတော့ တဂ်လုပ်မယ့်လူများ ဒီလိုမျိုး မဟုတ်ကဟုတ်ကများ တဂ်မလုပ်ကြပါနှင့် ဘာတွေလျောက်ရေးရမှန်းမသိပါဘူး။ သွားလေသူ တဂ်လုပ်သူကြီးကလည်း တဂ်လုပ်လို့မှမကြာသေးဘ
ူး ဘလော့လောကကနေ သိုင်းစာအုပ်ထဲကစကားနဲ့ပြောရရင် လက်ဆေးပွဲကျင်းပသွားတယ် ကောင်းကြရော ပြန်လာရင်လာပြောဦးနော်။

Make me happy

ပျော်ရှင်စေသော အရာများဆိုပြီးတော့ တဂ်လုပ်ပြန်တော့ အသေအချာပြန်စဥ်းစားကြည့်ပါတယ် ကျွန်တော့််ကို ပျော်ရှင်စေမယ့်အရာက ကျွန်တော်ဝါသနာပါရာ စိတ်ဝင်စားရာ အလုပ်တွေကို လုပ်ခွင့်ရနေရင် ကျွန်တော်ပျော်နေပါတယ်။ ကျွန်တော့််မှာက စိတ်ဝင်စားတဲ့အလုပ်ဆိုတာက နှစ်မျိုးရှိပါတယ် အသက်မွေးဝမ်းကျောင်းအလုပ်ရယ် ဝါသနာအလုပ်ရယ်ရှိပါတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်ကိုအခုအချိန်အထိ ငွေရဖို့တစ်တည်းအတွက် မလုပ်ခဲ့ပါဘူး အမြဲပဲငယ်ကတည်းက ကိုယ်တတ်ကွမ်းတဲ့ပညာရေးနဲ့ပဲ အလုပ်လုပ်အသက်မွေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အသက်မွေးဝမ်းကျောင်းတဲ့ အလုပ်ဟာလည်း ကျွန်တော့််အတွက် ဝါသနာပါလို့ရွေးခြယ်ခဲ့တဲ့ ပညာရေးပဲဖြစ်လို့ လေ့လာရင်းအသုံးချရင်းနဲ့ ပျော်နေတာပါပဲ။ အလုပ်ပဲလုပ်နေပြန်တော့လည်း ပျော်ပေမယ့် စိတ်ပင်ပန်းရင် တစ်ခြားအလုပ်နဲ့ မပါတ်သက်တဲ့ ဝါသနာနဲ့ပဲ အပန်းဖြေရင်း ပျော်စရာရှာရပြန်ပါတယ်။ ရုပ်ရှင်ကြည့်လေ့မရှိဘူး၊ အဝတ်အစားလည်း၊ ဝါသနာမပါဘူး အစားအသောက်လည်း ဖြစ်သလိုစားတတ်တယ် အလကားနေရင်း အချိန်ငွေကုန်သွားတယ်လို့ ယူဆတတ်တယ်။ ဗဟုသုတရမယ် ဝါသနာတွေပဲ များပါတယ် ပြတိုက်တွေ လျောက်လည်တတ်တယ် စာအုပ်အဟောင်းတွေ ဝယ်တတ်တယ်။ လူပင်ပန်းတဲ့အရာဆိုရင် အားကစားလည်း လူချင်းသတ်ရမယ့် အားကစားမှန်သမျ ဝါသနာပါပါတယ် အဲဒီ့ဝါသနာများအတွက်ကျတော့ ငွေကုန်လည်း အကုန်ခံပါတယ် အားကစားယူနီဖောင်းစျေးကြီးပါတယ် Dogi တစ်ထည်ကို ၂၀ဝ လောက်တန်ပါတယ် Hakama တစ်ထည် ၁၅ဝ လောက်ပေးရတယ် ဒါလည်းဝယ်တာပါပဲ။ လူကလည်းငယ်ကတည်းက ပညာရေးဘက်ပဲ လုံးလည်ရိုက်နေတော့ ပညာဒါနလည်းဝါသနာပါပါတယ် ဘောပင်ခဲတံဗလာစာအုပ်လှူတဲ့ ဒါနမျိုးမဟုတ်ပါဘူး ပုံနှိပ်စာအုပ်များ မဝယ်ချင်လို့လာမတောင်းနဲ့ အင်မတန်စိတ်ဆိုးတယ် အော်လှတ်တတ်ပါတယ် မှတ်စုစာအုပ်များ ပိုဆိုးသေးတယ် ကိုယ့်ဟာကိုယ်ရေးလို့ ပြောလှတ်တတ်ပါတယ်။ ဘာလုပ်ပေးသလဲဆိုရင် စာသင်ပေးတတ်ပါတယ် သိချင်တာရှိလိုမေးလာရင် အလုပ်ရှိတောင်ဖျက်ပေးတတ်ပါတယ်။ သိစေချင်လို့များများပြောပြတယ် မလိုက်နိုင်ရင်တော့ အရင်ကဆိုအင်မတန် ကရုဏာဒေါသ ထွက်တတ်ပါတယ် ငါးနှစ်ခြောက်နှစ်လောက်ကြာပြီး အခုတော့ဖြေတတ်သွားပါတယ် မေးတဲ့လူရဲ့ အခြေအနေကိုပဲကြည့်ပါတယ် နားလည်နိုင်မလောက်ပဲ သင်ပေးပါတော့တယ် မလိုက်နိုင်တော့ဘူးထင်ရင်တော့ ဆက်မပြောတော့ပါဘူး လိုက်နိုင်တဲ့လူကိုတော့ မေးနိုင်သလောက်သာမေးပါ ပါးစပ်ပဲ အမြုပ်ထွက်ထွက် မမောမပန်း ကိုယ့်ထမင်းကိုယ်စားပြီး ပြောပြတတ်ပါတယ် ဘာတွေဆက်ဖတ်သင့်တယ်လို့ ညှန်းတတ်ပါတယ် ကိုယ်ဖြေတာထက် အဲဒါတွေကိုဖတ်မှ လုပ်မှသာ ပိုအဆင်ပြေမယ်လို့ ပြောတတ်ပါတယ် အဲဒါမျိုးဖြေရရင်ကိုပဲပျော်နေတာပါ။ ဒီတော့ကျွန်တော်ပျော်စေတဲ့အရာတွေကတော့ အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်တတ်တဲ့ပညာနဲ့ဆက်စပ်နေတဲ့အလုပ် အပန်းဖြေစရာ ပျော်စေတာကတော့ ဗဟုသုတအတွက် အပြင်ထွက်တာရယ် စာဖတ်တာရယ် အားကစားရယ် စာသင်တာရယ် ဒါတွေပါပဲ ထူးထူးဆန်းဆန်းမရှိပါဘူး။