Mobile Phone တွေ တစ်နှစ်နှစ်နှစ်အတွင်း အပြောင်းအလဲ အတော်များသွားခဲ့တယ် ဖုန်းတစ်လုံးနဲ့ အီးမေးသုံးလို့ရတယ် အင်တာနက် သုံးလို့ရတယ် Chat လို့ရတယ် ဂိမ်းနှိပ်လို့ရတယ် GPS ပါတယ် ကွန်ပျူတာတစ်လုံး အိတ်ထဲထည့်သွားနေသလို ဖြစ်လာတယ်။ အရင်ကတော့ ဖုန်းဆိုတာက စကားပြောဖို့နဲ့ SMS ပို့ဖို့လက်ခံဖို့အပြင် အပိုဖြစ်နိုင်တာက ဂိမ်းကစားဖို့ဖြစ်နိုင်တယ် တစ်ခြားဟာတွေ သုံးလို့မရတော့ အခက်အခဲဖြစ်တာပေါ့ အခုတော့ တခြားဟာတွေ အကုန်သုံးလို့ရသွားတယ် ဒါပေမယ့် ဘယ်လိုအခက်အခဲ ဖြစ်သလဲဆိုတော့ ဖုန်းလာရင် ဘယ်လိုကိုင်ရမှန်း အတော်စဉ်းစားရတယ် ဖုန်းဆက်ချင်ရင် ဘယ်ခလုတ်နှိပ်ရမလဲ အတော်ရှာနေရလို့ တယ်လီဖုန်းကိုင်ထားပြီး ဖုန်းဆက်ဖို့ အခက်အခဲဖြစ်သွားတယ်။
Category Archives: ထင်ရာမြင်ရာ
ယောနသံဇင်ယော်
ဟိုတစ်လောက မေကျော်က စာအုပ်တစ်အုပ် ဖတ်ဖူးလားမေးလို့ သတိရမိတယ်။ သူမေးတဲ့စာအုပ်က ယောနသံဇင်ယော် ဆိုတဲ့စာအုပ်ပါ။ ကိုးတန်းလောက်က အဖေ့ဆီကနေ ယောနသံဇင်ယော်ကို လက်ဆောင်ရဖူးတယ် စာအုပ်ကတော့ အဲဒီ့အချိန်ကိုပဲ အတော်လေးဟောင်းနေပါပြီ။ ယောနသန်ဇင်ယော်ရဲ့ မူရင်းစာအုပ်နာမည်က Jonathan Livingston Seagull ရေးတဲ့လူက Richard Bach ဗမာလိုဘာသာပြန်သူက ဓမ္မိကဦးဘသန်း။ စာအုပ်ကလေးက ပါးပါးလေးပါ ဒါပေမယ့် မူရင်းကနေ ဘာသာအတော်များများကို ပြန်ဆိုပြီးသားရှိတယ် ၁၉၇၀ ခုနှစ်ကပုံနှိပ်ပါတယ် အခုအချိန်အထိလည်း အကြိမ်ကြိမ်ပြန်လည် ပုံနှိပ်နေရပါတယ်။ ဗမာလိုဘာသာပြန်စာအုပ်ကိုပဲ အခုအချိန်မှာပြန်ပြီးပုံနှိပ်တာ အကြိမ်ရေအတော်ကိုများပါတယ်။
ယောနသံဇင်ယော်မှာ ဇာတ်ဆောင်ဟာ ဇင်ယော်လေး တစ်ကောင်ပါ။ စာအုပ်မှာအခန်း သုံးခန်းပဲပါပါတယ် ပထမအခန်းမှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် ကိုယ့်အားကိုယ်ကိုးတယ် အများနဲ့ကွဲထွက်လာတယ် သင်းကွဲဖြစ်လာတယ် ဒါပေမယ့် ကိုယ့်လမ်းကိုကိုယ် ပုံကြမ်းဖော်နိုင်တယ်။ ဒုတိယအခန်းမှာ သင့်လျော်တဲ့ဆရာတွေ တွေ့လာတယ် သူ့ရဲ့ဇာတိငှက်အုပ်ကို စွန့်ခွာခဲ့တယ် ဘယ်လောက်ပဲ ဆရာဆီမှာသင်ပါစေ ကိုယ်ပိုင်အတတ်ပညာတော့ ရှိအောင်ကြိုးစားရပြန်တယ်။ တတိယအခန်းမှာ သင့်လျော်တဲ့ တပည့်တစ်ယောက်ကိုတွေ့တယ် သူနဲ့သင့်လျော်မယ့် လမ်းညွှန်မှု့ပေးသလို လက်ဆင့်ကမ်းပေးတယ်။
လူတစ်ယောက်နဲ့တစ်ယောက် ဖတ်ပြီးခံစားပုံချင်းမတူနိုင်ဘူး တစ်ယောက်ရဲ့ဘဝ ဖြတ်သန်းခဲ့ပုံနဲ့တစ်ယောက်ဟာ အနည်းနဲ့အများကွာခြားကြပါတယ်။ ငယ်တုံးကဖတ်တုံးက ခံစားချက်နဲ့အခုအချိန်မှာ ခံစားချက်ဟာ ကွဲပြားနေတာသတိထားမိတယ်။ အခုတော့အလွယ်ပြောရရင် သုံးခန်းအတွက် သုံးခုလောက်အကျဉ်းချုပ် မှတ်ထားတယ် ပထမဆုံးက ဘယ်သူ့မှအားမကိုးပဲ ကိုယ့်လမ်းကိုယ်လျှောက်ပေါ့ ရူးရင်ရူး မရူးရင်ထူးရမယ် ဒုတိယအခန်းအတွက်က တပည့်သေချာမှ ဆရာလာတယ်ဆိုတဲ့ ရှေးဟောင်းအိန္ဒိယဆိုရိုးရှိတယ် ထိုက်တန်မယ့်ဆရာတော့ တစ်ချိန်မှာတွေ့မှာပါ။ ဆရာသင်ပေးတာထက် ပိုပြီးဖောက်မထွက်နိုင်ရင် ဘယ်တော့မှပညာမတတ်ဘူး။ တတိယအခန်းကတော့ သူ့အိုးနဲ့သူ့ဆန်တန်တဲ့ တပည့်လည်းတွေ့ဦးမှာပါ ဘယ်သူလဲဆိုတာတော့ သတိထားကြည့်ရမယ် လူတိုင်းကိုအတင်းလိုက်ပေးရင်တော့ လူပေါကြီးလည်းဖြစ်နိုင်တယ် သတိထားရမယ်။ နောက်ငါးနှစ်ဆယ်နှစ်နေလို့ ပြန်ဖတ်မိရင်တော့ ဒီအမြင်တွေထပ်ပြောင်းနိုင်တယ် အခုတော့ဒီလိုပဲခံစားမိတယ်။
Adaptability
အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေ လာလာပြောနေကျ စကားတွေကို စိတ်ကူးပေါက်လို့ Chat List ထဲမှာပြန်ကြည့်မိတော့ မလုပ်ဖူးတာတွေ လုပ်ရတယ် မလုပ်တတ်ပါဘူးဆို ခိုင်းတော့ကြာမှာပေါ့ လုပ်နေကျမှမဟုတ်ပဲ ဒါတွေက အများဆုံးတွေ့ရတဲ့ ကြားနေကျစကားတွေပါ။ တကယ်တော့ လုပ်နေကျအလုပ်ပဲ လုပ်ရတဲ့အလုပ်တော့ ဘယ်နေရာမှမမြင်မိပါဘူး ဈေးရောင်းစားတောင် အခန့်မသင့်ရင် ဈေးဝယ်ကို ပြန်ဖြေရတဲ့စကား ကွဲပြားသေးတာပါပဲ။ နောက်တစ်ခု စဉ်းစားလို့မရတာက ဘာဖြစ်လို့များ လုပ်တတ်ပြီးသား အလုပ်တွေကို လုပ်ချင်ကြသလဲ မကွဲပြားဘူး။
တကယ်တော့ ကိုယ်လည်းအလုပ်မှာ ကျွမ်းကျင်တာနဲ့ မဆိုင်တာတွေ အများကြီးဖြစ်သလို ကိုယ့်မသိတာတွေလည်း အများကြီးရှိပါတယ် ယူထားတဲ့ဘွဲ့တွေက ကွန်ပျူတာသိပ္ပံနဲ့ သုတသိပ္ပံ အလုပ်လုပ်နေတာက မာတီမီဒီယာနဲ့ ဂိမ်းအလုပ်တွေ ပြောမယ်ဆိုရင် ကျောင်းကစာရေးမကြီးကများ ဘွဲ့လက်မှတ်ကို အထူးပြုဘာသာ မှားရိုက်ပေးလိုက်သလား ယူဆရမယ်။ အလုပ်ဆိုတော့ မဆိုင်ဘူးနေလို့မရဘူး ဝါသနာမပါလည်း စိတ်ဝင်စားယူရတာပဲ။ ပြောမယ်ဆိုရင် မိုဘိုင်းဆော့ဝဲတွေ စိတ်ကိုမဝင်စားလို့ ကျောင်းသာပြီးတယ် တစ်ဘာသာမှမယူဘူး သူငယ်ချင်းတစ်ယောက် မိုဘိုင်းနဲ့ပါတ်သက်ပြီး အခက်အခဲဖြစ်တော့ အကူအညီတောင်းတယ် နားတော့မလည်ဘူး ဖတ်ကြည့်ပေးတယ် ကူရှင်းပေးတယ် အဆင်ပြေတာပါပဲ။ လူတချို့က သူတို့ကျွမ်းကျင်တဲ့အလုပ်ကို စာဖတ်ကြည့်ရတယ် ပြောတော့သိပ် အမြင်မကြည်ဘူး တကယ်တော့ သူတို့လည်း ဘာထူးတော်တာလိုက်လို့ စာဖတ်ပြီးတတ်လာတာပါပဲ သူတို့ကိုယ်ပိုင် တီထွင်ထားတာ တစ်ခုမှမမြင်မိပါဘူး။
အဖေနဲ့ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ရောက်လာလို့ တစ်ရက်လောက် စကားပြောဖြစ်တယ် သူကတစ်သက်လုံးမှာ တစ်ဝက်လောက်က တက္ကသိုလ်မှာပဲ နေခဲ့တယ်ပြောရမယ် တက္ကသိုလ်ပေါင်းစုံ လှည့်တက်ပြီးတော့ တက္ကသိုလ်မှာပဲ ဆရာဘဝနဲ့ မော်ကွန်းထိမ်းဘဝနဲ့ နှစ်အတော်ကြာခဲ့တယ် နောက်တော့ ကျောင်းကထွက်ပြီး အပြင်ကလူမှု့ရေးအလုပ်တစ်ခုမှာ အရာရှိတစ်ယောက်အဖြစ်နဲ့ အလုပ်ဝင်လုပ်တယ်။ ဦးဦး အနှစ် ၂၀ – ၃၀ သင်လာတဲ့ လေ့လာလာတဲ့ ဘာသာရပ်တွေနဲ့ အခုအလုပ် ဘာမှမဆိုင်ဘူး ဒါပေမယ့် ဦးဦး အလုပ်မှာ ကောင်းကောင်း စီမံခန့်ခွဲနိုင်တာပဲ အရေးအကြီးဆုံးက မင်းလက်ရှိ မင်းရဲ့ကိုယ်ပိုင်စွမ်းရည်ကို ဘယ်လောက် အသုံးချမလဲ လက်ရှိအလုပ်ကို မင်းဘယ်လောက် လေ့လာနိုင်မလဲဆိုတာပဲ အရေးကြီးတယ် အရင်က မင်းဘာတွေ လေ့လာခဲ့တယ်ဆိုတာ အရေးမကြီးပါဘူးလို့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က သူပြောခဲ့ဖူးတယ်။ အခုပြန်တွေ့တော့လည်း အရင်လိုပဲ ဒီလိုစကားမျိုးပဲပြောပြီးဆုံးမတယ်။
အိုက်ကီဒိုသင်တန်းမှာ ကစားရင်းနဲ့ခင်နေတဲ့ ဗီယက်နမ်သူငယ်ချင်း တစ်ယောက်ရှိတယ် သူ့နိုင်ငံမှာတော့ သူတို့အမျိုးက ဆွေကြီးမျိုးကြီးပြောရမယ် ဆွေစဉ်မျိုးဆက်က ဗီယက်နမ်လွတ်လပ်ရေးကနေ ပြည်တွင်းစစ်ထဲမှာလည်း အရေးပါခဲ့တဲ့လူတွေပါ။ သူ့အဖေဖြစ်သူက ဗီယက်နမ်မှာပဲ ကျောင်းတက်တယ် ကျောင်းမှာလည်း ထူးချွန်ပါတယ် အဲဒါကြောင့် ကွန်မြူနစ်နိုင်ငံဆိုတော့ ဆိုဗီယက်ကိုပို့ပြီး ကျောင်းဆက်တက်စေတယ် ၁၀ နှစ်လောက်ကြာတော့ နယူးကလီးယားအင်နာဂျီအထူးပြုနဲ့ ပါရဂူဘွဲ့ရခဲ့တယ် သူ့နိုင်ငံမှာ အလုပ်လုပ်စရာမရှိတော့ ဂျပန်က နယူကလီးယားစက်ရုံမှာ အလုပ်လုပ်တယ်။ သူအဖေအကြောင်း သူပြောပြတော့ သူ့အဖေတို့စက်ရုံက ဒါရိုက်တာက နယူးကလီးယား အကြောင်းဘာမှမသိဘူးတဲ့ ဟားဗက်ကနေ စီးပွားရေးအထူးပြုနဲ့ ပါရဂူဘွဲ့ရတယ်ဆိုပဲ။ သူအနေနဲ့ နယူးကလီးယားအကြောင်းကို အသေးစိတ်ဘာမှမသိပေမယ့် အလုပ်သဘာဝကို သူကောင်းကောင်းနားလည်ပါတယ် ဒါ့ကြောင့်လည်း သူကောင်းကောင်း စီမံခန့်ခွဲနိုင်တာပါ။ သူဒါတွေ မသင်ခဲ့ဘူးဆိုတာ မှန်ပါတယ် ဒါပေမယ့် အလုပ်သဘောမှာ လိုအပ်လာတော့ မလေ့လာဘူးဆိုတာတော့ မဟုတ်ခဲ့ဘူး။
နာမည်ကြီး အကြောင်းအရာကို ပြပါဆိုရင် ဒုတိယကမ္ဘာစစ်ထဲမှာ Operation Reserach အတွက် အင်္ဂလန်က တက္ကသိုလ်တွေကလူတွေ အများစုနဲ့ အမေရိကန်က တက္ကသိုလ်တွေက လူတွေစုပေါင်းပြီး အလုပ်လုပ်ကြတယ်။ တကယ်က Operation Reserach မှာက statistics, optimization, probability theory, queuing theory, game theory, graph theory, decision analysis, mathematical modeling and simulation တွေကိုအခြေခံတယ်။ အလုပ်လုပ်ကြတဲ့လူတွေထဲမှာ အဲဒါတွေနဲ့ မရင်းနီးတဲ့လူတွေ ပါနေတာတွေရှိပါတယ်။ Chairman တစ်ယောက်ဖြစ်တဲ့ Owen Wansbrough Jones ဟာ သင်္ချာသမားမဟုတ်ပဲ Chemist ဖြစ်တယ်။ ပိုထူးခြားတာက Conrad Hal Waddington ဟာ Biologist ဖြစ်ပါတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် သူတို့တတွေအလုပ်ကို တာဝန်ယူပြီးကြိုးစားတယ် လိုအပ်တဲ့အရာကို ထပ်ပြီးလေ့လာတယ် သူတို့ရဲ့ကျွမ်းကျင်တဲ့ Analysis Skill တွေအသုံးချခဲ့တယ် ဒီလိုနဲ့ပဲ စစ်အတွင်းက အသုံးချနိုင်ခဲ့တဲ့ Operation Reserach ထွက်လာတာပါပဲ။
ဒီနေရာမှာ ဘာမှမတတ်ပဲ လုပ်ချင်တဲ့အလုပ် လုပ်လို့ရတယ်လို မဆိုလိုပါဘူး အရေးကြီးတာက လိုက်လျောညီထွေပြောင်းလဲမှု့နဲ့ ကြိုးစားမှု့ပါပဲ ကိုယ်ပိုင်အရည်အချင်းလည်း အရေးကြီးတယ်။ တကယ်တော့ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းဆိုတာကိုက အတော်ကြိုးစားပျိုးထောင်ရတာပါ လွယ်တယ်တော့ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ်ဝါသနာပါတဲ့အလုပ် ကျွမ်းကျင်တဲ့အလုပ်ကို လုပ်ခွင့်ရတဲ့လူဟာ ၁၀၀ မှာ ၁ ယောက်ရှိတာမဟုတ်ပါဘူး အဲဒီ့လို လုပ်ခွင့်မရလို့ အခွင့်အရေးမရလို့ ကျဆုံးမယ်ဆိုရင် ၉၉ ယောက်လုံး ကျဆုံးကုန်မှာပေါ့။ တကယ်တော့ ရောက်ရာအရပ်မှာ ကျရာအလုပ်မှာ ထူးချွန်အောင်နေတတ်ရင် အရာရာအဆင်ပြေပါတယ်။
