Archive for the ‘နည်းပညာ’ Category

3
Sep 10

iBus, KMFL and Myanmar Unicode

ဒီရက်ပိုင်း စာ​မရေးဖြစ်သလောက်ြဖစ်နေတယ် ဖြစ်ရတာက မအားတာရယ် နောက်ပြီးတော့ ကွန်ပျူတာကနည်းနည်း ဒုက္ခပေးနေတယ် တင်ထားတာတွေ များလွန်းလို၌ ဝင်းဒိုးကတစ်ခါဖွင့်ရင် ၁၅ မိနစ်လောက်စောင့်မှ သုံးလို့ရသလိုဖြစ်နေတော့ အားတဲ့အချိန်လေးသုံးတာ အဲလောက်စိတ်မရှည်ဘူးဖြစ်တယ် ဒါနဲ့ Linux ​ဘက်မှာပဲသုံးနေဖြစ်တယ်။ ဖြစ်ချင်တော့ Linux ဘက်က Unicode ကဘုရားစူးမိုးကြိုးပစ် ကီးဘုတ်ြဖစ်နေတော့ ရိုက်လို့အတော်ခက်တယ် အဲဒါနဲ့ စာလည်းရေးမရဘူးဖြစ်နေတယ်။

လိုက်ရှာကြည့်တော့ ThanlwinSoft ကလုပ်ထားတဲ့ ကီးဘုတ်ကရှိတယ် Ubuntu Repository ထဲမှာကိုပဲ Package က kmfl-keyboards-mywin ဆိုတဲ့နာမည်နဲ့ပါပါတယ် ဒါပေမယ့်သူက SCIM ကိုသုံးထားတဲ့ဟာဆိုတော့ အခုက iBus ကို Default သုံးနေတဲ့အချိန်ြဖစ်နေတော့ နည်းနည်းလေး ခေတ်နောက်ကျနေပါပြီ။ အဲဒါနဲ့​ KMFL ကိုသွားကြည့်တော့ SCIM ရော iBus ရောနှစ်ခုလုံးမှာသုံးလို့ရပါတယ်။ လုပ်ဖို့လိုတာက iBus အတွက် KMFL ကို Install လုပ်ရပါမယ် Compile လုပ်ယူချင်ရင်တော့ မူရင်းဆိုက်မှာ Source code ကိုယူလို့ရတယ် Binary ပဲလိုချင်ရင်တော့ SIL Repository ကိုထည့်ဖို့လိုမယ်။

deb http://packages.sil.org/ubuntu lucid main

KMFL ကို iBus အတွက် package ကို Install လုပ်ဖို့လိုမယ်။ Ubuntu လိုကတော့လွယ်ပါတယ် apt နဲ့ Install လုပ်လိုက်ရုံပါပဲ။

apt-get install ibus-kmfl

အဲဒါပြီးရင်တော့ Keymen Source Code ရှိရင်အဆင်ပြေပြီ ဗမာစာအတွက် ကီးဘုတ်က Thanlwin Soft မှာ myWin ရှိတယ် အဲဒါကိုယူလည်းရတယ် ဒါမှမဟုတ် Myanmar 3 ကလည်း Open Source လုပ်ထားတော့ သူ့ဆီက ကီးဘုတ်လည်း ယူလို့ရတယ် အဲဒီ့ Keyman Source File .kmn ကို

/usr/share/kmfl

ထဲကိုကူးထည့်လိုက်ရင်ရပြီ root access လုပ်ခွင့်မရှိရင်လည်း ကိုယ့်ရဲ့ Home ထဲမှာပဲ .kmfl ဆိုပြီး directory တစ်ခုနဲ့ကူးထည့်လိုက်လည်းရတယ် ကိုယ့်တစ်ယောက်တော့ သုံးလို့ရပါတယ်။ အဲဒါဆို iBus ကိုဖွင့် ကီးဘုတ်အသစ်ထည့် ကီးဘုတ်အသစ်က Other အောက်မှာပဲတယ် အဲဒါဆိုသုံးလို့ရပြီပဲ။ ဒါကိုဘိုလိုရေးထားတာ ဖတ်ကြည့်ချင်ရင်တော့ အောက်ကလင့်ကိုသာ သွားကြည့်ပါ SIL မှာအသေအချာ ရေးထားပြီးသားရှိပါတယ်။

http://linux.lsdev.sil.org/wiki/index.php/Installing_KMFL_on_Ubuntu

17
Jul 10

XeLaTeX, Myanmar 3 and Linux

မနေ့ကစမ်းကြည့်တော့ Myanmar 3 က XeLaTeX မှာအလုပ်မလုပ်ပါဘူး စမ်းကြည့်တာက MikTeX နဲ့ Windows မှာစမ်းတာပါ။ သိပ်မကျေနပ်လို့ Linux မှာစမ်းကြည့်ပါတယ်။ MikTeX က Windows မှာပဲအဆင်ပြေတော့ TeXLive နဲ့စမ်းကြည့်ပါတယ်။ XeLaTeX သုံးချင်ရင် TeXLive က Full Install လုပ်မှအဆင်ပြေပါတယ် Size ကလည်းမသေးပါဘူး 1.8 GB လောက်ရှိပါတယ်။ စိတ်ရှည်လက်ရှည် စောင့်လိုက်ရပါတယ်။ Windows မှာက Compile လုပ်ရတာ အတော်ကြာပါတယ် Linux မှာတော့အတော်လေးမြန်ပါတယ်။ တစ်ခုထူးခြားတာက Windows မှာအလုပ်မလုပ်တဲ့ Myanmar 3 ကအလုပ်လုပ်ပါတယ်ဒါပေမယ့် ရှမ်းစာကတော့အလုပ် မလုပ်ပါဘူး။ ဖြစ်နိုင်တာက Font ပြဿနာမဟုတ်ပဲMikTeX ပြဿနာဖြစ်ပုံရပါတယ်။ Linux မှာက TeXWorks မှာ ဗမာစာကောင်းကောင်း အလုပ်လုပ်ရပါတယ် Windows မှာတော့ TeXWorks မှာ ဗမာလိုရိုက်လို့အဆင် မပြေပါဘူး။

16
Jul 10

Myanmar Scripts and TeX

LaTeX နဲ့စာရေးနေကျဆိုပေမယ့် ဗမာစာတော့ LaTeX နဲ့တစ်ခုမှ စမ်းမကြည့်မိဘူး။ တစ်ခါက ကိုရဲထက်လာပြောတုံးက စမ်းကြည့်မယ်ဆိုတာ တစ်ခါမှမစမ်းဖြစ်ဘူး။ အားတုံးစိတ်ကူးပေါက်လို့ စမ်းကြည့်တော့ LaTeX မှာက CJK တော့ရပါတယ် Unicode Character တွေအလုပ်မလုပ်ဘူး ဖြစ်နေတယ်။ ထပ်ရှာကြည့်မှ LaTeX မှာက Font ကအလွယ်တစ်ကူ ပြောင်းလို့မရဘူး SIL ကနေထုတ်ပေးတဲ့ XeLaTeX မှာတော့ Unicode တွေကို Support လုပ်ပါတယ်။ ဒီတော့ Unicode Character တွေသုံးချင်ရင် XeLaTeX ကိုသုံးပြီး Compile လုပ်မှပဲရပါတယ်။ MikTeX 2.7 ကနေစပြီးတော့ XeLaTeX ကတစ်ခါတည်း ပါလာပါတယ် အဲဒီတော့ ဘာမှတော့ထွေထွေထူးထူး ထပ်သွင်းစရာတော့မလိုပါဘူး။

လူသုံးအများဆုံး WinEdt ကတော့ Unicode Character တွေရေးလို့မရတော့ ဘယ်လိုမှသုံးလို့မဖြစ်ပါဘူး။ လိုက်စမ်းကြည့်လိုက်တော့ TeXworks ကတော့ Unicode Character တွေရေးလို့ရပါတယ် စမ်းပြီးတော့ ဗမာစာကိုရေးကြည့်လိုက်တော့ သူ့ Editor က Render မှန်အောင် မလုပ်ပေးနိုင်ပါဘူး။ ဒီတော့မတတ်နိုင်ဘူးဆိုပြီး Notepad မှာပဲရေးရပါတယ်။ သုံးတာကလွယ်ပါတယ် LaTeX လိုပါပဲ \usepackage{fontspec} ဆိုတဲ့ Package တစ်ခုကြေငြာပေးရမယ် အဲဒါဆိုရင်သုံးလို့ရပါပြီ။

သုံးကြည့်တော့ ပထမဆုံးပြဿနာက \fontspec{Myanmar3} နဲ့စမ်းကြည့်ရာမှာ ဗမာစာတွေက Render မလုပ်ပါဘူး အဲဒါနဲ့ Padauk, Yunghkio ပြောင်းကြည့်ပါတယ် ဒါလည်းအလုပ်လုပ်ပါဘူး။ ဇော်ဂျီနဲ့စမ်းကြည့်တော့ စကားလုံးက Render မပါတော့အလုပ်လုပ်ပါတယ်။ ဖတ်ကြည့်တော့ မူရင်းက Mac မှာစခဲ့တော့ AAT ကြောင့်လို့ထင်မိတယ် ဒါပေမယ့် OpenType လည်း အပြည့်အဝရတယ်ဆိုတော့ Render မလုပ်တာကို အခဲမကျေတော့ fontspec manaul ကိုအစအဆုံးဖတ်ပါတယ် ဒီတော့မှသူက OpenType မှာဆိုရင် Script ကိုအတိအကျ ဘယ် Script တွေသုံးမယ်ဆိုတာ ပြောရမယ်ဆိုတာပါပါတယ် ဒီတော့မှ \fontspec[Script=Myanmar]{Myanmar3} လိုထည့်လိုက်တော့ XeLaTeX Compiler ရပ်ကိုသွားပါတယ်။

တစ်ခြား Font တွေပြောင်းကြည့်ပါတယ် Script=Myanmar လိုပြောထားရင် အဆင်ပြေပါတယ် Padauk, Yunghkio, Parabaik, Ayar, Zawgyi စမ်းပြောင်းကြည့်တော့ အကုန်အလုပ်လုပ်ပါတယ်။ ဗမာစာတင်အားမရလို့ ရှမ်းလိုလည်းစမ်းကြည့်ပါတယ်။ ရလဒ်ကတော့ Myanmar 3 and Parabaik ကအလုပ်မလုပ်ပါဘူး။ Parabaik ကတော့စာပေါ်ပေမယ့် Render မလုပ်ပါဘူး။ ဗမာစကားလုံးတွေကတော့ Zawgyi and Ayar က Unicode Standard အပြည့်မဟုတ်လို့ လွဲနေတာကလွဲရင် Font အနေနဲ့က အားလုံးအလုပ်လုပ်ပါတယ်။ ရှမ်းစာကတော့ အငြင်းအခုန်မရှိပဲ Standard အတိုင်းရှိတဲ့အတွက် Font အားလုံးနီးနီးမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပါတယ်။ ရှမ်းစာကတော့ ကိုယ်လည်းမရေးတတ်တော့ သူငယ်ချင်းရဲ့ Web Site ကနေကူးထည့်ထားတာပါ။ အခြားသောစာများဖြစ်တဲ့ မွန်နဲ့ ကရင်ကတော့ ဘယ်နားသွားရှာရမှန်းမသိလို့ ထည့်စမ်းမကြည့်မိပါဘူး။

စမ်းထားတဲ့နမူနာများ ကြည့်ချင်ရင်တော့ အောက်မှာပဲယူကြည့်ကြပါတော့ မူရင်း TeX File ရယ် Output ကတော့ pdf ကိုပေးထားပါတယ်။

Myanmar Scripts XeLaTeX

11
Jul 10

Where am I?

တစ်ခါတစ်ရံတော့ အရာအားလုံးကို ခြုံငုံကြည့်မှ မိမိထမ်းဆောင်နေတဲ့ အလုပ်ဟာဘယ်လောက် သေးငယ်တယ် ကြီးမားတယ် ကိုယ့်ထက်အဆင့်မြင့် အနိမ့်မြင်ရတတ်ပါတယ်။ စိတ်ကူးပေါက်လို့ Design Pattern တွေပြန်ဖတ်ရင်း စာအုပ်အသစ်တစ်အုပ်မှာ သဘောကျစရာ သရုပ်ပြပုံတစ်ပုံတွေ့မိတယ်။ Software Industry ကလူတစ်ယောက်အဖို့ ပုံထဲမှာကိုယ်ဘယ်နေရာမှာ ရောက်နေသလဲဆိုတာကို တစ်ချက်ရှာကြည့်ရင်း မိမိရဲ့အဆင့်အတန်း အနိမ့်အမြင့်ကို သုံးသပ်နိုင်ပါလိမ့်မယ်။ မိမိရဲ့လက်ရှိကြိုးစားမှု့က ကိုယ်ရောက်နေတဲ့ နေရာရဲ့အထက်အလွှာမှာ ပြသထားတဲ့ အကြောင်းအရာတွေကို မြင်တတ်ဖို့ကြိုးစားနေတာ မဟုတ်ရင်တော့ လှေကားထောင်နေတာမဟုတ်ပဲ ကျင်းတူးနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

3
May 10

ပျင်းလို့ဆော့တယ်

အရင်က Low-Level Programming ကိုအတော်လေး ဝါသနာပါလိုက်သေးတာ အခုခေတ်လို အင်တာနက်မရှိတော့ ဒေါင်းလုပ်လုပ်ပြီး အီးဘုတ်အုပ် ဖတ်လို့မရဘူးပေါ့ဗျာ။ သူငယ်ချင်းနှစ်ယောက် Assembly စာအုပ်တစ်အုပ်ကို မိတ္တူကူးပေးတဲ့ဆိုင်မှာ မှာပြီးကူးယူရတယ် 8086/8088, 80286, 80386 and 80486 Assembly Language Programming ကိုစပြီးဖတ်ဖြစ်ကြတယ် Processor အကြောင်းဖတ်လိုက် Instruction တွေဖတ်လိုက်နဲ့ အတော်လေး လုံးလည်လိုက်ခဲ့တယ်။ အတူတူဖတ်တဲ့ သူငယ်ချင်းကတော့ နောက်ပိုင်းသိပ်မဖတ်ဖြစ်တော့ဘူးပြောတယ် ကိုယ်ကတော့ဆက်ဖတ်ဖြစ်တယ် နောက်ပိုင်းစာသင်စားတော့ ဘယ်သူမှသင်မယ့်လူ မရှိတော့ Assembly ဆိုရင်ကိုယ်ပဲသင်ရတယ်။ စာသင်ရင် ကျောင်းသားတွေကို High-Level Language တစ်ခုနဲ့ရေးထားတဲ့ Program ကို Low-Level Language နဲ့ဘာသာပြန်ပြီးရေးခိုင်းတယ်။

အဆက်ပြတ်နေတာလည်း ကြာပါပြီ တစ်နေ့ကမှ Youtube မှာ Video တစ်ခုတွေ့လို့ကြည့်မိတယ် အစကတော့ Crack လုပ်တဲ့နမူနာလို့ ထင်နေမိတာပါ အဲဒါမျိုးတွေကလည်း Youtube မှာအတော်ပေါတယ် သူကတော့ Keygen ပါရေးပါတယ်။ ဘယ် Software အထောက်အကူမှမယူပဲ ကိုယ်တိုင်ပဲ Assembly ကိုဘာသာပြန်ပြီး ပြန်ရေးပါတယ်။ ဆော့ဝဲအားကိုးနဲ့ Click နှိပ်ပြနေရင် ကိုယ်ကလည်း အထင်မကြီးပါဘူး ဒါမျိုး ကိုယ်ပိုင်အစွမ်းအစနဲ့ လုပ်ထားတာမျိုးဆိုရင်တော့ အတော်လေးစိတ်ဝင်စားပါတယ်။ ကိုယ်လည်းတစ်ချိန်က SoftICE နဲ့သူခိုးအကြီးစား လုပ်ခဲ့ဖူးတော့ အားရင်အားသလို ဒါမျိုးတွေလည်း ဝါသနာပါပါတယ်။ Crack လုပ်တာ ခက်ခဲတယ်မဟုတ်ပါဘူး Assembly နည်းနည်းနားလည်ပြီး Debugger သုံးတတ်ရင် အဆင်ပြေပါတယ် စစ်ထားတဲ့နေရာ သင့်လျော်သလိုကျော်ချတဲ့ Code လေးဖြည့်လိုက်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် ရှုပ်ထွေးတဲ့ Key Generation တွေကို Reverse ပြန်လုပ်တာကတော့ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။

နမူနာစမ်းပြထားတဲ့ Key Generation ကအရမ်းတော့မရှုပ်ပါဘူး။ အဆက်ပြတ်နေတာလည်းကြာတော့ အပျင်းပြေဆော့ရင်း လုပ်ကြည့်မယ်ဆိုပြီး သူစမ်းပြတဲ့ mIRC ကို Reverse Engeneering လုပ်ကြည့်ပါတယ် ဖြစ်ချင်တော့ သူစမ်းပြတဲ့ Version နဲ့ကိုယ့်မှာရှိတဲ့ Version တူပုံမရဘူး ထွက်လာတဲ့ Code တွေမတူဘူး ဒီတော့စမ်းမိမှတော့ မထူးတော့ပါဘူး ကိုယ့်ဟာကိုယ်ပဲ အစအဆုံးလုပ်ကြည့်လိုက်ရတယ်။ မဆိုးဘူးပြောရမယ် အရင်လောက် အလေ့အကျင့်မရှိတော့ ဖတ်တာမမြန်တော့ဘူး ဒါပေမယ့် စိတ်နဲ့ဖတ်သွားရုံနဲ့ Code တွေကို စိတ်ထဲမှာ Execute လုပ်နိုင်နေသေးတယ် နောက်ပြီးတော့ သူသုံးတဲ့ Debugger ကလည်း တစ်ချိန်တုံးက အကျွမ်းတဝင်ရှိတဲ့ SoftICE မဟုတ်တော့ နည်းနည်းကြောင်တာ တစ်ခုပါပဲ။ နောက်ဆုံး သူ့ရဲ့ Algorithm ကိုရလိုက်ပါတယ် စိတ်ဝင်စားနေတာနဲ့ အိပ်ရေးနည်းနည်းပျက်သွားတယ်။ ဒါကတော့ ကလေးကစားတာ မဟုတ်လောက်ဘူး လူကြီးဖဲရိုက်တာ ခေါ်မယ်ထင်တယ်။ အောက်က Video လေးကြည့်ပြီး ဆော့ကြည့်ကြပါဦးလား။ သူ့အတိုင်း တစ်သွေမတိမ်းလုပ်လို့တော့ ရမယ်မဟုတ်ဘူး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြောင်းရေးကောင်းရေးရမယ်။

int data[] =
{
0x0B, 0x06, 0x11, 0x0C, 0x0C, 0x0E, 0x05, 0x0C, 0x10, 0x0A, 0x0B, 0x06, 0x0E,
0x0E, 0x04, 0x0B, 0x06, 0x0E, 0x0E, 0x04, 0x0B, 0x09, 0x0C, 0x0B, 0x0A, 0x08,
0x0A, 0x0A, 0x10, 0x08, 0x04, 0x06, 0x0A, 0x0C, 0x10, 0x08, 0x0A, 0x04, 0x10
};

int calculate_hash(char *name, int type)
{
	int hash = 0;
	char *name_temp = name + 3;
	int i = 0;
	while (*name_temp)
	{
		if(type==1)
			hash+=(int) *name_temp++ * data[i++];
		else if(type==2)
			hash+=(int) *name_temp * (int) *(name_temp++ -1) * data[i++];
		if (i>0x26)
			i =0;
	}
	return hash;
}
19
Apr 10

ဘုတ်အုပ်စုတဲ့ရောဂါ

လူအများပြောတဲ့ စာဖတ်ဝါသနာပါတယ်ဆိုတာ ဘယ်လိုဟာလည်း ကျွန်တော်မသိပါဘူး ကျွန်တော့်အတွက်က စာဖတ်တာက ဝါသနာမဟုတ်ပါဘူး ကျွန်တော်စာဖတ်ရခြင်း အကြောင်းအရင်း နှစ်မျိုးပဲရှိပါတယ် အသက်မွေးဝမ်းကျောင်းအတွက်ရယ် ဝါသနာအတွက်ရယ် စာဖတ်တာပါ။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က စာမဖတ်ရင် မရတဲ့အတွက် စာကိုအဆက်မပြတ်ဖတ်ရပါတယ် ဒီတော့စာဖတ်တာကိုက အလုပ်တစ်ခုလို့ပြောလို့ရတယ်။ နောက်တစ်ခုက ကိုယ်ဝါသနာပါရာ အကြောင်းအရာတွေကို သိချင်လို့စာကို ဖတ်ပါတယ်။ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းက စာဖတ်တာချင်းတူပေမယ့် ဖတ်ပုံဖတ်နည်းချင်းကွဲပါတယ်။ ဝါသနာအတွက် ဖတ်တဲ့စာတွေဟာ တစ်ခါနှစ်ခါထက် ပိုမဖတ်ဖြစ်တာများပါတယ် ဘယ်စာအုပ်ထဲ ဘာရှိတယ်ဆိုမှတ်မိရင် အဆင်ပြေပါတယ် လိုတဲ့အချိန်မှ ပြန်ရှာလည်း ကိစ္စမရှိပါဘူး။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ဖတ်တဲ့စာကတော့ အတတ်ပညာတစ်ခု သင်တာဖြစ်လို့ အဲဒီ့လိုလုပ်ပြီးဖတ်လို့မဖြစ်ပါဘူး။

ကျွန်တော် တက္ကသိုလ်စတက်ချိန်က စပြီးသင်ရတာက C Language ကိုသင်ရပါတယ် အဲဒီ့တော့စာဖတ်ရပါတယ် အခြေခံကသင်ပြီးလေတော့ ကျွန်တော်အသေးစိတ် စပြီးဖတ်ဖြစ်တဲ့စာအုပ်က Stretching Turbo C စာအုပ်ပါ ၁၉၈၈ မှာပုံနှိပ်တဲ့စာအုပ်ဆိုတော့ ကျွန်တော်ဖတ်ချိန်မှာ အတော်လေးဟောင်းပါပြီ။ စာကြည့်တိုက်က C Language နဲ့ပါတ်သက်တဲ့ စာအုပ်တွေ အများကြီးဖတ်ဖူးပါတယ် ဒါပေမယ့် အသေးစိတ်ဖတ်ခဲ့တာက Stretching Turbo C တစ်အုပ်ပဲရှိပါတယ်။ နောက်တော့ တစ်ခြား Language တွေ VB, Assembly, Power Builder, C# … စသည်ဖြင့် ဖတ်တော့လည်း ဒီလိုပါပဲ အသေးစိတ်ဖတ်တဲ့ စာအုပ်တစ်အုပ်တော့ အမြဲတမ်းရှိပါတယ်။ Database နဲ့ပါတ်သက်ပြီးဖတ်တယ် Theory စာအုပ်က C.J Date ရဲ့စာအုပ်ဟာ အရင်ကတည်းက ကျွန်တော်ပင်တိုင်ဖတ်တယ် Commercial Database System တွေအတွက် MS SQL Server ဆိုရင် Microsoft SQL Server 7.0 Database Implementatoin Training Kit ဆိုတဲ့စာအုပ်ဟာ အသေးစိတ်ဖတ်ခဲ့ဖူးတဲ့စာအုပ်ပါ အခုဆိုရင် 2008 တောင်ထွက်နေလို့ 7.0 ဟာရှေးဟောင်း ပစ္စည်းဖြစ်နေပါပြီ ဒါပေမယ့်လိုရင် ဖတ်နေတုံးပါပဲ။ ထို့နည်းတူပဲ Oracle, DB2, PostgreSQL, MySQL … စသည်ဖြင့် အားလုံးမှာ ကျွန်တော် အသေးစိတ်ဖတ်တာ တစ်အုပ်စီတော့ရှိကြတယ်။ အသစ်ထွက်သမျှလည်း ဖတ်ပါတယ် ဒါပေမယ့် တစ်ခုကိုအသေးစိတ် ဖတ်ပြီးဖြစ်လို့ မလိုတာတွေမဖတ်ပဲ အသစ်တိုးတာပဲ ဦးစားပေးဖတ်ပါတယ် အသစ်ထွက်တိုင်း အသေးစိတ်ဖတ်ရရင် ဘယ်လိုမှစာပေါင်းစုံ အလျင်မှီအောင် ကျွန်တော်မဖတ်နိုင်ပါ။ ဒါကကျွန်တော် ဖတ်နေကျအတိုင်း ပြောတာပါ သူများဖတ်တာတော့ ဒီလိုဟုတ်ချင်မှ ဟုတ်မယ်ပေါ့လေ။

အခုနောက်ပိုင်း တွေ့လို့သတိထားမိတာက အချို့သောလူများက စာအုပ်အင်မတန် လိုချင်တယ် ကိုယ်ကိုယ်တစ်ခုခုမေးလို့ ခင်ဗျားဘယ်စာအုပ် ထဲမှာတော့အသေးစိတ် ပါတယ်ပြောလိုက်ရင် အဲဒီ့ဟာလေးမရှိဘူးလား ဆိုပြီးကူးယူသွားတယ် နောက်တစ်ခုလည်း ကောင်းတယ်ပြောရင် အဲဒါလည်းကူးသွားတာပဲ။ အခုနောက်ပိုင်းက စာအုပ်တွေက E-Book တွေဖြစ်လေတော့ ကူးလို့ကလည်းလွယ်တာကိုး မိတ္တူကူးရမယ်ဆိုတော့ ကူးချင်မှကူးမယ်ထင်တယ်။ နောက်ပိုင်း မေးချင်လို့ဆိုပြီးစကားစပ်မိရင် ခင်ဗျားအရင်တစ်ခါ ကူးသွားတဲ့ ဘယ်စာအုပ်ထဲမှာပါတယ် ဘယ်အခန်းမှာပြန်ကြည့်လို့ပြောလိုက်ရင် စာအုပ်နာမည်ကို မသိတော့တာများတယ်။ ဒီတော့ကိုယ်ပဲ ပေးလိုက်တာ များသွားလို့မဖတ်သလားဆိုပြီး နောက်ပိုင်းကျတော့ တစ်အုပ်ပဲပေးလိုက်တယ် ဖတ်လို့ပြီးရင်ပြော နောက်ထပ်ဖတ်သင့်တာ ရှာပေးမယ်ဆိုရင် နောက် ၁ လနေလည်း ပေါ်မလာဘူး ၂ လနေလည်းပေါ်မလာဘူး။ နောက်ပိုင်းစကားစပ်မိလို့ နောက်ထပ်စာအုပ် ကိုယ့်ဆီကတွေ့ရင် ထပ်တောင်းသေးတယ်။ အရင်စာအုပ်ကိစ္စမေးလိုက်ရင် ပေးလိုက်မှန်းတောင် မမှတ်မိပါဘူး။ ကြုံပါများမှ သဘောပေါက်လာတယ် သူတို့ကစာဖတ်တာမဟုတ်ဘူး စာအုပ်စုတဲ့ဝါသနာ ပါကြတာကိုးဗျ။ အရင်ကဆို တစ်ကူးတစ်က အချိန်ကုန်ခံပြီး Upload လုပ်ပေးတယ်။ နောက်တော့ သဘောပေါက်သွားတယ် ဘာသာတစ်ခုကို တစ်အုပ်စီတင်ထားတယ် မေးလာရင် အဲဒီ့တင်ပြီးသား တစ်အုပ်ကိုညွှန်းလိုက်တယ် ထပ်တောင်းရင် ဖတ်မယ်ဆိုရင် အဲဒါအရင်ဖတ် ပြီးရင်ဖတ်စရာထပ်ပေးပါ့မယ် စာအုပ်စုမယ့်လူဆိုရင်တော့ အားရင်အိမ်ဝင်ခဲ့ Hardisk သယ်ခဲ့အကုန်ကူးသွား အလုပ်ရှုပ်လို့ Upload တော့လုပ်မပေးအားဘူးလို့ ပြောတော့တယ်။ ဝါသနာပါရာ စာအုပ်စုတာက ကိစ္စမရှိပါဘူး အသက်မွေးဝမ်းကျောင်း ဖတ်ရမယ့်စာကို စုပြီးမဖတ်ပဲနေရင်တော့ ဘာမှဖြစ်လာမယ်မထင်ဘူး။

17
Apr 10

နည်းပညာဘလော့ဘာလဲဘယ်လဲ

တစ်ခါတစ်လေ ဂျီတော့မှာပြောရင်း အွန်လိုင်းပေါ်က ဘော်တာတွေက ပြောလေ့ရှိတယ် ခင်ဗျားဘလော့ကို နည်းပညာလေးဘာလေး ရေးပါလို့ ပြောတတ်တယ်။ အမြဲတော့မရေးဘူး တစ်ခါတစ်လေရေးပါတယ် ဖတ်ကြည့်ပါလို့ ပြောတော့ အဲဒါမျိုးတွေမဟုတ်ဘူးတဲ့ ခင်ဗျားဘလော့မှာ ဒေါင်းလုပ်လုပ်စရာ ဘာမှမရှိဘူးဆိုပဲ။ ဒါနဲ့အတော်ပြန်စဥ်းစားရတယ် သူတို့ပြောတာလည်း လွန်တော့မလွန်ဘူး မြင်ဖူးတဲ့ ဗမာနည်းပညာ ဘလော့ဆိုတာတွေက နှစ်မျိုးပဲရှိတယ် File Sharing နဲ့ Application Tips ပဲတွေ့ပါတယ်။ ဒါ့ကြောင့် တစ်ခါက မိတ်ဆွေတွေနဲ့ Facebook မှာစကားစပ်မိလို့ ဗမာကွန်ပျူတာ နည်းပညာ ဘလော့ဆိုတာ File Sharing + Crack + Serial ဖြစ်နေသလားလို့ ပြောမိပါသေးတယ်။

Application Tips ဆိုတာက End User အတွက်အသုံးတည့်ပါတယ် ဒါတွေတောင် ကျွန်တော့်အမြင်နဲ့ဆို ကွန်ပျူတာနည်းပညာလို့ မမြင်မိသေးဘူး ဒါတွေက ကွန်ပျူတာအသုံးချမှု့ သက်သက်ပဲ ရှိပါသေးတယ်။ လက်ရှိအနေအထားနဲ့ ကွန်ပျူတာနည်းပညာနဲ့ ပါတ်သက်တဲ့ Knowledge ကို မျှဝေတဲ့ဘလော့ဟာ နည်းလွန်းပါသေးတယ် အများစုကနည်းပညာ ဘလော့ဆိုကြတယ် ဒါပေမယ့် File Sharing နဲ့ Application Tips ကလွဲရင်မတွေ့မိသေးဘူး။ တစ်ခြားနိုင်ငံကလူတွေလည်း File Sharing နဲ့ Application Tips တွေရေးကြပါတယ် ဒါပေမယ့်သူတို့က အဲဒါတွေကို နည်းပညာဆိုပြီး အမည်မတပ်ကြပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ကွန်ပျူတာ နည်းပညာဘလော့ဆိုတာ ရေးတဲ့လူရဲ့ ကိုယ်ပိုင်အသိဥာဏ်ရယ် လေ့လာထားတဲ့ ကွန်ပျူတာနည်းပညာ သုံးသပ်ချက်တင်ပြချက် ဘယ်လောက် ပါဝင်တယ်ပဲ အဓိကထားပါတယ် အဲဒါတွေမပါရင် ကွန်ပျူတာ နည်းပညာဘလော့လို့ လက်သင့်မခံပါဘူး။

နမူနာပြရမယ်ဆိုရင် ဘလော့နှစ်ခုရှာကြည့်ထားတယ်။ ပထမတစ်ခုက Brian E. Hall

ရဲ့ ဘလော့ကိုကြည့်နိုင်တယ် သူဟာကွန်ပျူတာ နည်းပညာလောကရဲ့ နာမည်ကြီးပေ့ဆိုတဲ့ လူတွေအထဲမှာ မပါဝင်ပါဘူး။ သူ့ရဲ့ဘလော့ကို ကြည့်နိုင်တယ် သူရဲ့ကိုယ်ပိုင်အသိဥာဏ်နဲ့ ပါတ်သက်တဲ့ နည်းပညာ အကြောင်းအရာတွေ ရေးပါတယ် နောက်ဆုံး ကိုယ်တိုင်ရေးတဲ့ စာအုပ်တွေပါပါတယ် ဒေါင်းလုပ်လုပ်ခွင့်ပေးတယ် File Sharing မဟုတ်ပါဘူး သူ့ရဲ့ လေ့လာထားတဲ့ ကိုယ်ပိုင် ကွန်ပျူတာ နည်းပညာ အသိဥာဏ်တွေပါ ရေးသမျှဟာ အကုန်လုံး အသေးစိတ်ကို ရေးထားတာပါ။ ဒါတွေပဲရေးသလားဆိုတော့ မဟုတ်ပါဘူး သူဝါသနာပါရာ ဓာတ်ပုံအကြောင်း ခရီးသွားတဲ့အကြောင်း စသည်ဖြင့်လည်း ရေးထားပါသေးတယ်။

ဒုတိယတစ်ခုအနေနဲ့ Joe Drumgoole

ရဲ့ဘလော့ကိုလည်း ကြည့်နိုင်ပါတယ်။ သူကတော့ CloudSplit Ltd ရဲ့ CEO တစ်ယောက်ပါ။ သူ့ဘလော့မှာ အစုံရေးလေ့ရှိတယ် ထမင်းဆိုင်မှာ ထမင်းသွားစားတာ ချက်နည်းပြုတ်နည်းကနေ သူ့ရဲ့ Conference Presentation အထိ အကုန်ပါပါတယ်။ သူရေးတာက နည်းပညာနဲ့ပါတ်သက်တဲ့ အကြောင်းအရာဆိုရင် စီးပွားရေးအမြင်နဲ့ ခြုံငုံရေးတတ်ပါတယ် ပထမဘလော့မှာ ပြောထားသလို Technical Detail ရေးတဲ့လူမဟုတ်ပါဘူး။ ဒါပေမယ့် သူရေးတဲ့အကြောင်းအရာတွေဟာ ကွန်ပျူတာနည်းပညာပါပဲ မဟုတ်ဘူးလို့ ဘယ်လိုမှမငြင်းနိုင်ပါဘူး။

ဗမာလိုရေးတဲ့ နည်းပညာဘလော့ဆိုတာတွေမှာ အဲဒါမျိုးတွေနည်းလွန်းလှတယ် နည်းရခြင်းအကြောင်းအရင်းက ရေးမယ့်လူနည်းတာလည်း ပါသလို လူတိုင်းလည်း မရေးနိုင်တာကလည်း တစ်ချက်အခက်အခဲရှိတယ်။ မြန်မာလူမျိုးတွေထဲမှာ ရေးနိုင်တဲ့ လူတွေရှိပါတယ် ရေးတယ်ဆိုတာကလည်း ရေးရတာ ဝါသနာပါမှ ရေးဖြစ်တာမျိုး ဖြစ်လေတော့ သိတဲ့လူမျိုးတိုင်းလည်း စာမရေးဖြစ်တာက နောက်တစ်ချက်ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုက ဖတ်မယ့်ပရိတ်သတ် ဗမာလူငယ်တွေ ကွန်ပျူတာနည်းပညာကို စိတ်ဝင်စားတယ်သာ ပြောကြတယ် တစ်ကယ်တမ်း နင်လားငါလား လိုက်စားတဲ့လူက နည်းလွန်းလှတယ်။ File Sharing ဘလော့လုပ်ရတာက ကျွမ်းကျင်မှု့အတိုင်းအတာက နည်းပညာဘလော့လို အများကြီးမလိုအပ်လှဘူး နောက်ပြီးတော့ ပေးထားတဲ့ Knowledge ပမာဏနဲ့ ဖတ်တဲ့လူရဲ့ Knowledge ပမာဏ ကွာခြားမှု့မများလေတော့ ဖတ်မယ့်လူများတယ် လူအလာများတယ်။ ဘာပဲဖြစ်ဖြစ်ပါ File Sharing တွေများများလာတာထက် Technically ဆွေးနွေးတာ တင်ပြတာများတဲ့ ဗမာကွန်ပျူတာ နည်းပညာဘလော့တွေတော့ မြင်မိချင်ပါသေးတယ်။

27
Mar 10

Sequence of Mouse Click

တစ်ခါတစ်ခါ တွေ့နေရတာက လူအတော်များများ ဆော့ဝဲကိုအားကိုးတယ် တစ်ခုခုလုပ်ချင်တယ် အဲဒီ့လိုလုပ်တဲ့ ဆော့ဝဲလေးများ မရှိဘူးလားဟင်ဆိုတာ အရင်လာတယ် ဘယ်လိုလုပ်ထားသလဲ လေ့လာဖို့မကြိုးစားတာများတယ်။ အသိတစ်ယောက် Password မေ့သွားလို့ ဘယ်လိုလုပ်သလဲမေးလို့ လာခဲ့ဆိုပြီး Cain & Able လေးယူပြီး ပြန်ဖြည့်ကြည့် ပေးလိုက်တယ် တော်တော်နဲ့မရဘူး ဒါနဲ့ရှိတဲ့ Rainbow လေးနဲ့စမ်းကြည့်လိုက်မှ ကံအားလျော်စွာ မြန်မြန်ပြီးသွားတယ်။ အဲဒါကို လုပ်တတ်ချင်တယ် ဖြစ်ပြန်ရော ဒါနဲ့သင်မပေးအားဘူး ကိုယ့်ဟာကိုယ်စမ်းကြည့် မသိတဲ့ဟာမှမေးဆိုတော့ တော်ကြာနေရင် ဖုန်းဆက်ပြန်ပြီ ဟိုဟာလေးကဘာလဲဟင် ဒီဟာကဘာလဲဟင် ဖြစ်နေတယ်။

မဟုတ်တော့ဘူးဆိုပြီး သက်ဆိုင်ရာဘာတွေ သိသလဲမေးကြည့်တော့ Hash, Encryption, TPC/IP အဲဒါတွေ ဘာမှမသိဘူး ဒါနဲ့ Cain & Able ကအထဲမှာ သုံးလို့ရတာတွေက ပွစိတက်နေတယ် မဟုတ်သေးဘူး ခင်ဗျားတစ်ခြားဟာတွေ အရင်ဖတ်ပါဆိုပြီး စာအုပ်တွေပို့လိုက်တယ်။ အဲဒီတော့ အဲဒါတွေမဖတ်ပဲ သုံးတတ်ဖို့အရေးကြီးတာ မဟုတ်လား ကျုပ်ကအဲဒါမျိုးတွေ ရေးမှာမှမဟုတ်တာဆိုပြီး အတွန့်တက်ပြန်ရော။ ဘာတဲ့ပြောသေးတယ် Reinvent the Wheel ဆိုပဲ။ ဒါနဲ့ပြောလိုက်ရတယ် ခင်ဗျားက Reinvent the Wheel လို့ပြောရအောင် အဲဒီ့ Wheel ကိုဘယ်လိုလုပ်ထားမှန်း သိလို့လား အဲဒီ့စကားက Wheel ဘယ်လိုလုပ်ထားမှန်း သိတဲ့လူမှပြောရတယ် ဘယ်လိုလုပ်ထားမှန်းမသိတဲ့ နလပိန်းတုန်း ပြောတဲ့စကားမဟုတ်ဘူးလို့ ပြောလိုက်ရော နောက်ထပ်လည်း ဖုန်းမဆက်တော့ဘူး။

တစ်ကယ်က အတိုင်းအတာတစ်ခုထိ Knowledge ရှိမယ်ဆိုရင် Software တစ်ခုကို အသုံးချတတ်ဖို့သင်ယူတယ်ဆိုတာ ဘာမှခက်ခဲ့တဲ့အလုပ်မဟုတ်ပါဘူး သင်စရာလည်းမလိုပါဘူး ရှုပ်ရှုပ်ထွေးထွေးမဟုတ်ရင် စမ်းသုံးကြည့် ၂ ရက်ထက် ပိုမစမ်းရတာများပါတယ်။ တစ်ခုပဲရှိတယ် သက်ဆိုင်ရာ Knowledge တစ်ခုပဲရှိဖို့လိုတယ် လက်နဲ့ Drawing မဆွဲတတ်တဲ့လူကို CAD ဘယ်လိုသုံးလို့သင်လို့ မတတ်ဘူး။ သင်္ချာမတွက်တတ်ပဲ MatLab ကိုအသုံးချတတ်ဖို့ အတော်လေးခဲယဥ်းမယ်။ သိသင့်တာက Software တစ်ခုဆိုတာ အထောက်အကူပြု ပစ္စည်းတစ်ခုထက်မပိုဘူး အထောက်အကူပြုဆိုတာ မူရင်း Knowledge အပေါ်မှာပဲ အခြေခံတယ် ဘာမှမတတ်ပဲ သုံးတတ်ချင်ရင်တော့ Mouse Click တွေကိုအလွတ်ကျက်နေတာပဲ ဖြစ်လိမ့်မယ်။ ကိုယ်ပိုင် လက်သုံးစကား အသစ်တိုးထားလိုက်မယ်။

Upgrade your knowledge, don’t try to remember sequence of mouse click or command.

10
Mar 10

Web Version မရေမရာ

အခုအချိန်အထိ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့် မသဲကွဲသေးတဲ့ အသုံးအနှုံးတွေ တွေ့နေရတယ်။ အတိအကျမေးရင် ဘယ်သူမှကွဲကွဲပြားပြား မဖြေတတ်ဘူး ကိုယ်ထင်ရာကိုယ်ပဲ ဘာသာပြန်ပြီး ပြောတာရှိတယ် လူအများပြောတာကို ကြားဖူးတာကို ပြန်ကိုးကားပြီး မသဲမကွဲဖြေရတာရှိတယ်။ အဲဒီ့အသုံးအနှုံးတွေကို ရေးဖို့အတွက် စာတွေဖတ်ရပြန်တယ် မတူညီတဲ့အမြင်ကို အရင်စုရတာ အပင်ပန်းဆုံးပဲ ကျယ်ကျယ်ပြန်ပြန် မဖတ်မိမှာလည်း စိုးရိမ်ရတယ် အသုံးမကျတွေပဲ မဖတ်မိအောင်လည်း သတိထားရတယ် မှန်ကန်မှု့ ဘယ်လောက်ရှိသလဲလည်း သုံးသပ်ရတယ်။ အခုတော့ Web Version မသဲမကွဲအကြောင်း တစ်နာရီလောက် မွှေ့နှောက်ဖတ်ထားသလောက် ရေးထားလိုက်တယ်။ အချိန်တစ်နာရီဆိုတာ ကျယ်ကျယ်ပြန်ပြန် မဖြစ်နိုင်ဘူးဆိုတာတော့ သေချာပါတယ် ဒါ့ကြောင့် အပေါ်ယံလို့ပဲကြိုပြောထားပါတယ် ဒါပေမယ့် ရေးရတာက တစ်နာရီမက အချိန်ကုန်ပါတယ်။

Web 1.0
From http://en.wikipedia.org/wiki/Web_1.0

Web 1.0 ဆိုတာကို ၁၉၉၁-၂ဝဝ၃ အထိ ကာလလို့ပြောထားသလို www ကိုပြင်ပကို စပြီးချပေးလိုက်ချိန် ၁၉၉၁ ခုနှစ်နှစ်အစကနေ bursting of the Dot-com bubble ၂ဝဝ၁ မတိုင်ခင်ကာလ အထိ ကြားကာလကို Version 1.0 လို့ခေါ်တယ်ပြောပြန်တယ်။ Terry Flew ရဲ့ New Media မှာ personal websites တွေ blogs ဖြစ်လာတယ် ဖတ်တဲ့လူလည်း ရေးနိုင်လာတယ် အပြန်အလှန်ဆက်သွယ်မှု့ရှိလာတယ် content management systems တွေသုံးလာတယ် အဲဒါကို Web 1.0 ကနေ Web 2.0 အပြောင်းအလဲလို့ဆိုတယ် Reed Hastings ကပြောသွားတာက Web 1.0 က dial-up ဖြစ်ပြီး Web 2.0 က Broadband ဆိုရမလိုဖြစ်နေတယ် Web 3.0 ဆိုတာက 10 megabits per second ဆိုပဲ။

ဖတ်ရတာသိပ် အဆင်မပြေလှဘူး သူပြောသလို ၁၉၉၁ မှာစထုတ်လို့ Version 1.0 ဆိုရင် အရင်က အဲဒီ့အချိန်က Version 1.0 လို့ပြောခဲ့တဲ့လူ ဘယ်သူရှိပါသလဲ အခု Version 2.0 ဆိုမှအရင်က Version 1.0 လို့အော်နေတယ်လို့ ပြောရင်ငြင်းရာ အချက်အလက် မရှိသေးဘူး။ Terry Flew ပြောတာက လက်ခံနိုင်စရာရှိတယ် လက်ရှိအနေအထားနဲ့ အရင်ကအနေအထားကြားထဲမှာ အပြောင်းအလဲဖြစ်နေတာတွေက သူပြောတဲ့အချက်တွေပါနေတယ်။ Reed Hastings အဖြေကတော့ အတော်ရယ်ရတယ်ပြောရမယ် သူကတော့ Streaming လုပ်တဲ့လူဆိုတော့ မြန်လေ Version မြင့်လေလို့ခံယူထားပုံရတယ်။ ဒါပေမယ့် မှားတယ်လို့တော့ ပြောလို့မရဘူး လက်ရှိ Web နည်းပညာတွေက အရင်က Dial-up နှုန်းနဲ့ဆိုရင် အလုပ်မဖြစ်နိုင်တဲ့အရာတွေ ရှိနေတယ်။

Web 2.0
From http://en.wikipedia.org/wiki/Web_2.0

Web 2.0 ကို ၂ဝဝ၄ ခုနှစ်နောက်ပိုင်းလို့ ဆိုထားပြီးတော့ information sharing, interoperability, user-centered design and collaboration တွေကို www ပေါ်မှာ တည်ဆောက်ထားတဲ့ application လို့အဓိပ္ပာယ်ဖွင့်ထားတယ်။ ဥပမာတွေအနေနဲ့ hosted services, web applications, social-networking sites, video-sharing sites, wikis, blogs, mashups, and folksonomies လို့ပြောထားတယ်။ ရေးထားတာတွေ လက်ခံစရာကောင်းပါတယ် အချို့ပြောတဲ့ Wiki, blog ကိုလက်ညှိုးထိုးပြီး အဲဒါ 2.0 လို့ပြောတဲ့လူတွေကို Wiki, blog ဆိုတာ 2.0 ဟုတ်ပါတယ် ဒါပေမယ့် 2.0 ဆိုတာ Wiki, blog မဟုတ်ဘူးလို့ သူပြောတဲ့ အချက်အလက်မျိုး ကိုင်တွယ် ပြောနိုင်ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကို တွေ့ရတယ် Web 2.0 ဆိုတဲ့အသုံးအနှုန်းဟာ ၂ဝဝ၄ မှာလုပ်ခဲ့တဲ့ O’Reilly Media ရဲ့ Conference နဲ့သက်ဆိုင်တယ် ဆိုတာတွေ့ရတယ်။ ဒီနေရာမှာ Web New Version ဆိုတာဟာ နည်းပညာစံသတ်မှတ်ချက်ကို ပြောင်းလဲတာမဟုတ်ပဲ software developers နဲ့ end-user ရဲ့ www ကိုသုံးချပုံ ပြောင်းလဲလာတယ်လို့ ဆိုလိုတယ်လို့ ပြောထားတာဟာ အပေါ်က Web 1.0 မှာမရေမရာပြောထားပုံနဲ့ ယှဥ်ကြည့်ရင် အများကြီးလက်ခံနိုင်ပါတယ်။

Technology overview ဆိုပြီး keyword search တွေ information တွေအလွယ်တကူ Link လုပ်နိုင်ပုံတွေ Web Technology ကိုတတ်သိတဲ့လူမဟုတ်ပဲ ဝင်ရောက်ရေးသားနိုင်မယ် ရေးတဲ့လူကိုယ်တိုင် ရေးထားတဲ့ အကြောင်းအရာတွေကို ဘာအကြောင်းအရာဆိုတာ Tags လုပ်နိုင်မယ် RSS ကိုသုံးထားတဲ့ User တွေကို Content အသစ်ရောက်နေပြီလို့ အကြောင်းကြားပေးနိုင်တဲ့ Signals ပုံစံတွေကို ဆွေးနွေးထားတယ်။ ဒီနေရာမှာ သူဆွေးနွေးထားတာကို လက်ခံပါတယ် ဒါပေမယ့် အဲဒါတွေက RSS ကလွဲရင် Technology မဟုတ်ပဲ Features တွေပဲဖြစ်နေလို့ သူခေါင်းစဥ်ခွဲထားတာကို သိပ်လက်သင့်မခံချင်ဘူး။

ဘယ်လိုအလုပ်လုပ်သလဲဆိုပြီးတော့မှ လက်ရှိအသုံးပြုနေတဲ့ Technologies တွေဖြစ်တဲ့ Ajax, Adobe Flash, Adobe Flex, XML, JSon စသည်ဖြင့်တင်ပြထားတာ တွေ့ရပါတယ်။ အဲဒီ့ Technologies တွေကို Client ဘက်မှာအသုံးပြုတယ်လိုဆိုပြီး Server Site မှာတော့ ယခင်နည်းပညာ အဟောင်းများဖြစ်တဲ့ CGI, Database စသည်ဖြင့်ပဲ မပြောင်းလဲပဲ အသုံးပြုနေတာကို တင်ပြထားပါတယ်။ ဒီနေရာမှာ ပြန်သုံးသပ်မယ်ဆိုရင်လည်း CGI, Database နဲ့ Dynamic Website တွေ ရေးနေခဲ့တာ အရင်ကတည်းကပါ အခုမှမဟုတ်ပါဘူး Web 2.0 လို့စပြီးအော်ချိန်ကနေ အခုအချိန်အထိ အပြောင်းအလဲဟာ Web Application တွေဟာ အရင်လို Thin Client နည်းသွားပြီး အပေါ်မှာပြထားတဲ့ Technologies တွေနဲ့ Rich Client ကိုဖန်တီးထားတာပဲ ပိုလာတာကို မြင်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် Web 2.0 ဆိုတာဘာလဲ စဥ်းစားတဲ့နေရာမှာ မြင်သာတဲ့ Rich Client ကိုသာလက်ညှိုးထိုးပြီး အဲဒါတွေက Web 2.0 လို့ပြောကြတဲ့လူတွေ ရှိလာတာပါ။

Web 1.0 vs. Web 2.0
From http://blog.vovici.com/blog/bid/18085/Web-1-0-vs-Web-2-0

Jeffrey Henning ကတော့ Web 1.0 နဲ့ Web 2.0 ကိုအောက်မှာဖော်ပြထားတဲ့ ဇယားတစ်ခုနဲ့ တင်ပြထားပြန်ပါတယ်။

Web 1.0		Web 2.0
One-Way		Two-Way
Authoritarian	Democratic
Passive		Active
Static		Dynamic
Closed		Collaborative

One-Way နဲ့ Two-Way ဆိုတာမှာ အရင်က Personal Website တွေ Coporate Website တွေမှာဆိုရင် ဖတ်လို့ပဲရတာများပါတယ် အနည်းဆုံး Feedback ပြန်ပေးချင်ရင် အီးမေးနဲ့ပဲလုပ်ရတာ များပါတယ်။ အခုနောက်ပိုင်းမှာတော့ ဘလော့ဖြစ်ဖြစ် Social Network ဖြစ်ဖြစ် Website တော်တော်များများမှာ Feedback လုပ်လို့ လွယ်ပါတယ် အနည်းဆုံးတော့ Comment ရေးလို့ရတယ် ဒါလည်း မြင်သာတဲ့ အနေအထားတစ်ခုပါပဲ။
Authoritarian နဲ့ Democratic ဆိုတာကတော့ အရင်ကတော့ Web မှာ Publish လုပ်ဖို့အတွက်လည်း သက်ဆိုင်ရာ Website ကခွင့်ပြုမှသာ ဖြစ်နိုင်ပါတယ် သာမန်လူတွေ အနေနဲ့က နည်းပညာချို့တဲ့မှု့တွေကြောင့် ကိုယ်တိုင် Website လုပ်ဖို့ အနည်းနဲ့အများ အခက်အခဲရှိပါတယ် အခုဆိုရင်တော့ Blog တစ်ခုလုပ်ဖို့ မခဲယဥ်းတာကြောင့် ကိုယ်တိုင် လုပ်ရပိုလွယ်တယ်။ အားနည်းချက်အနေနဲ့ ယုံကြည်နိုင်မှု့တော့ လျော့ကျပါတယ် ရေးထားတဲ့ အကြောင်းအရာ မှန်ကန်တယ်လို့ ယုံကြည်နိုင်ဖို့ အတော်လေးဆုံးဖြတ်ရမယ်။

Passive နဲ့ Active ဆိုတာကိုတော့ သူတို့အနေနဲ့ ဖတ်ရုံသက်သက်နဲ့ Interactive လုပ်လို့ရမရလို့ ပြောထားတယ်။ အရင်က Website တွေမှာက ဖတ်ဖို့များတယ်ဆိုတာ လက်သင့်ခံပါတယ် ဒါပေမယ့် သူဥပမာပြောထားတဲ့ အွန်လိုင်းက အရောင်းအဝယ်လုပ်တဲ့ Active ကိစ္စကတော့ အရင်လည်းရှိတာပါပဲ ဒါတွေကတော့ သိပ်ပြီးသိသာထင်ရှားတဲ့ အပြောင်းအလဲတော့ မဟုတ်ဘူးလို့ ယူဆပါတယ်။ Static နဲ့ Dynamic မှာလည်း ဒီလိုပဲသုံးသပ်ပါတယ် ၂ဝဝဝ ခုနှစ်များက Website များဟာ Static များတယ်လို့ဆိုပေမယ့် အရာအားလုံး Static မဟုတ်ပါဘူး အခုခေတ်လည်း Personal Page တွေရဲ့ခေတ်က ကုန်ဆုံးမသွားသေးပါဘူး အနည်းနဲ့အများရှိနေကြပါတယ် ဒါ့ကြောင့် ဘယ်လောက်အတိုင်းအတာအထိ Dynamic ဖြစ်တယ်ဆိုတာကို ပြောနိုင်မယ်ဆိုရင်တော့ လက်ခံကောင်းလက်ခံနိုင်ပါမယ်။ Closed နဲ့ Collaborative ဆိုတာကတော့ လက်သင့်ခံနိုင်ပါတယ် ဖတ်တဲ့လူတွေ ပါဝင်နိုင်မှု့ လွယ်မလွယ်ဆိုတဲ့နေရာမှာ Wiki လိုလူတိုင်း ပါဝင်ခွင့်ရတဲ့ နေရာမျိုးက သက်သေထူပါတယ် ဒါပေမယ့် Wiki မှာတောင် အချို့အကြောင်းအရာတွေက လူတိုင်းကိုပြင်ခွင့်မပေးပဲ Closed အဖြစ်ရှိနေတာတွေက Collaborative အားလုံးလုပ်ဖို့ မဖြစ်နိုင်ကြောင်း ဖော်ပြနေပါတယ်။

လူတစ်ယောက်ချင်း အမြင်အဖြစ်နဲ့ ထပ်ပြီးဖတ်ချင်ရင် Joe Drumgoole ရေးတဲ့ Web 2.0 vs Web 1.0 ကိုလည်း http://joedrumgoole.com/blog/2006/05/29/web-20-vs-web-10/

မှာဖတ်လို့ရပါတယ် သိပ်ကွာခြားမှု့မရှိလှပါဘူး။

Web 1.0 vs Web 2.0, the Difference
From http://www.sizlopedia.com/2007/08/18/web-10-vs-web-20-the-visual-difference/

အများအနေနဲ့မြင်သာမယ့် Diagram အဖြစ် Web 1.0 and Web 2.0 ကို Saad Hamid ကတော့ အောက်မှာပြထားတဲ့ ပုံနဲ့ တင်ပြထားပါသေးတယ်။

Key Differences between Web 1.0 and Web 2.0
From http://www.uic.edu/htbin/cgiwrap/bin/ojs/index.php/fm/article/view/2125/1972

First Monday မှာ Graham Cormode နဲ့ Balachander Krishnamurthy ရေးထားတဲ့ Key Differences between Web 1.0 and Web 2.0 ကတော့ Website တွေရဲ့ ကွာခြားချက်ကို Survey လုပ်ပြီး စနစ်တကျရေးထားပါတယ် Qualitative Data တွေကို Survey လုပ်ထားတာ ဖြစ်တဲ့အတွက် သူတို့သတ်မှတ်ထားတဲ့ အတိုင်းအတာများကိုတော့ မူရင်းမှာပဲ အသေးစိတ် ဖတ်လို့ရပါမယ်။ အဓိကတင်ပြထားတာက Traffic and Technology ကိုအဓိကတင်ပြထားပြီး စိတ်ဝင်စားစရာအဖြစ် တင်ပြထားပါတယ်။ သူတင်ပြထားတဲ့ Web 1.0 and Web 2.0 မှာသုံးစွဲတဲ့ Traffic ပမာဏကွာတယ်ဆိုတာ လက်ခံနိုင်ပါတယ် တစ်ခါတည်း အကုန်လုံးဆွဲချတယ် နောက်တော့ Ajex လိုတစ်ပိုင်းချင်းစီဆွဲယူတယ် အစက Information တွေက Text နဲ့ပဲရှိတယ် နောက်တော့ ရုပ်ရှင်တွေလို Information တွေပါလာတယ် ဒါတွေမှာ Technology ကိုမူတည်ပြီး Traffic လည်းကွဲပြားလာတယ်။ ဒီဆောင်းပါးကိုတော့ မူရင်းမှာအသေးစိတ် ဖတ်မှပဲ သူတို့လုပ်ထားတဲ့ Survey နဲ့ တင်ပြချက်တွေကို အသေးစိတ်ဖတ်နိုင်ပါမယ် အသေးစိတ်ဖတ်သင့်တဲ့ ဆောင်းပါးတစ်ခုပါ။ တင်ပြထားတဲ့ Survey အဖြေတွေအရ အပေါ်ကဘလော့တွေမှာ ရေးထားသလိုမဟုတ်ပဲ မှန်ကန်ကြောင်းလည်း အခိုင်အမာသက်သေခံနိုင်ပါတယ်။ ဒီနေရာမှာ Authoritarian နဲ့ Democratic ရဲ့အကျိုးအပြစ်ကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ် Blog or Wiki မှာရေးထားတယ် ယုံကြည်ရမလား ကိုယ်တိုင်ဆုံးဖြတ်ရမယ် Journal မှာပါဝင်ဖို့ နားလည်တဲ့ Technical ဘုတ်အဖွဲ့ပါဝင်တာကြောင့် ဆောင်းပါးရဲ့ မှန်ကန်ကြောင်း အကျိုးရှိကြောင်း အတည်ပြုချက်လိုတယ် ဒါ့ကြောင့်ပိုပြီးယုံကြည်ရတယ်။

What Is Web 2.0
From http://oreilly.com/pub/a/web2/archive/what-is-web-20.html?page=1

Web 2.0 ဆိုတဲ့အခေါ်အဝေါ်ဟာ Oreilly ကစခဲ့တယ်ဆိုတော့ Oreilly မှာပြောခဲ့တယ်ဆိုတာကိုလည်း တစ်ခေါက်ဖတ်ရပြန်တယ် Oreilly မှာလည်း Web 1.0 and Web 2.0 ကိုအောက်မှာပြထားတဲ့ နှိုင်းယှဥ်ချက်နဲ့ ပြထားပြန်ပါတယ်။

Web 1.0				Web 2.0
DoubleClick			Google AdSense
Ofoto				Flickr
Akamai				BitTorrent
mp3.com

Napster
Britannica Online		Wikipedia
personal websites		blogging
evite				upcoming.org

and EVDB
domain name speculation	search engine optimization
page views			cost per click
screen scraping			web services
publishing			participation
content management system	wikis
directories(taxonomy)		tagging(folksonomy)
stickiness			syndication

Oreilly ရဲ့ဆောင်းပါးမှာတော့ The Web As Platform, Harnessing Collective Intelligence, Data is the Next Intel Inside, End of the Software Release Cycle, Lightweight Programming Models, Software Above the Level of a Single Device, Rich User Experiences ဆိုပြီးတော့ အခန်းခွဲပြီးတော့ တင်ပြထားပါတယ်။ အပေါ်မှာတင်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ ကွဲပြားစွာထပ်ပါလာတာက Data is the Next Intel Inside လို့ပြောရပါမယ် Web 1.0 ခေတ်ကဆိုရင် Data အတော်များများဟာ Static Page အတွင်းမှာသာရှိနေပြီးတော့ Web 2.0 ခေတ်မှာ Data တွေဟာ Web Component အပြင်မှာရှိလာကြောင်း တွေ့ရပါတယ် ဥပမာအားဖြင့် XML or External Database ထဲမှာပဲ ထိမ်းသိမ်းတာများလာကြောင်း တွေ့ရပါတယ်။ End of the Software Release Cycle မှာလည်း သာမန် Software Release မှာလို Acceptance မှာ Test Team ထက်ပိုပြီး User တွေကို ပိုမိုပါဝင်ခွင့် ပေးလာတာကို တင်ပြထားတာ တွေ့ရပါတယ်။ Software Above the Level of a Single Device မှာတော့ Web 2.0 မှာ PC ဆိုတာထက် ပိုမိုပြီးတော့ အခြားသော Platform များအထိ ပါဝင်သွားတယ်ဆိုတာကို ဦးစားပေး တင်ပြထားတာကို မြင်နိုင်ပါတယ်။

သုံးသပ်ချက်

အပေါ်မှာ တင်ပြသွားတဲ့ လူတစ်ယောက်ချင်းရဲ့ အမြင်တွေရယ် ဆောင်းပါးတွေရယ်ကို စုပေါင်းကြည့်မယ် အမျိုးအစား ခွဲကြည့်မယ်ဆိုရင် Web Site တွေရဲ့ Content ပြောင်းလဲမှု့၊ User တွေရဲ့ အခန်းကဏ္ဍ၊ Technological Support ဆိုပြီးခွဲခြားနိုင်ပါတယ်။

Web Site တွေရဲ့ Content ပြောင်းလဲမှု့မှာဆိုရင် ယခင်ကလို Content နဲ့ Web Component တွေခွဲခြားထားနိုင်တယ် Content တွေကို Data တွေအနေနဲ့ သီးသန့်ထုတ်ထားနိုင်တယ် ဒါ့ကြောင့် Content အပြောင်းအလဲဟာ အခြားသောအကြောင်းအရာတွေကို ထိခိုက်မှု့လျော့သွားတယ်။ Content ဆိုရာမှာ အရင်ကဆိုရင် သာမန် User တိုင်း ပြုပြင်နိုင်ခွင့်နည်းပါတယ် Wiki လို Blog လိုအကြောင်းအရာများက ယခင်ထက် သာမန် User တွေကိုတင်ပြခွင့်တွေ ပိုမိုလာခဲ့တယ်။

User တွေရဲ့ အခန်းကဏ္ဍမှာဆိုရင် ယခင်ကလို နည်းပညာတတ်ကျွမ်းမှ ဒါမှမဟုတ် အယ်ဒီတာအဖွဲ့ အတည်ပြုမှတင်ပြခွင့်ထက် မိမိကိုယ်တိုင် တင်ပြခွင့်ကို ပြောင်းလဲလာတဲ့ နည်းပညာက အကူအညီပေးခဲ့တယ်။ အကျိုးအမြတ်အဖြစ် လွတ်လပ်စွာတင်ပြခွင့် ရရှိလာတယ်။ ဆိုးကျိုးလည်းရှိတာပါပဲ တင်ပြချက်တွေမှာ အမှားတွေ အများကြီးပါလာတယ် ဒါ့ကြောင့် ယုံကြည်သင့်မယုံကြည်သင့် ခွဲခြားနိုင်ဖို့စွမ်းအားရှိဖို့ အင်မတန်လိုအပ်တယ်။ Technical User တွေပဲပြောပြော Developer တွေပဲပြောပြော သူတို့ရဲ့ ကဏ္ဍကတော့ အရင်အတိုင်းပဲ သာမန် User တွေ Web မှာ လွယ်လွယ်ကူကူ ရေးသားလို့ရတယ်ဆိုတာ သာမန် User တွေ Web နည်းပညာကို တတ်ကျွမ်းလာတယ်လို့ မဆိုလိုဘူး မတတ်လည်းရေးလို့ရအောင် အလွယ်တကူရှိတဲ့ Software တွေနဲ့ ထောက်ပံ့ပေးထားတာသာဖြစ်တယ်။ ဒီလို Software တွေအတွက် Technical User တွေကတော့ အရေးပါတဲ့ ကဏ္ဍကနေ ရှိနေမှာပါပဲ။

Technological Support မှာ သာမန် User တွေအတွက် Support နဲ့ Technical User တွေအတွက် Support ဆိုပြီးခွဲခြားမြင်နိုင်ပါသေးတယ်။ သာမန် User တွေအနေနဲ့ Web မှာပါဝင်ရေးသားနိုင်အောင် Blog လို Wiki လိုဆော့ဝဲတွေက အထောက်အကူပြုပေးနိုင်တယ် အဖွဲအစည်းအတွေအတွက်လည်း အမျိုးမျိုးသော Content Management System တွေကလည်း အကူအညီပေးနိုင်ပါတယ်။ ဥပမာ- Blogger, WordPress, Wiki, Joomla, … စသည်ဖြင့်ပေါ့လေ ဒီလိုဆော့ဝဲတွေဟာ သာမန် User တွေအတွက် Content ပဲစိုက်ထုတ်ရုံနဲ့ Web မှာတင်ပြနိုင်အောင် လုပ်ပေးနိုင်ကြပါတယ်။

Technical User တွေကတော့ သာမန် User တွေကို အထောက်အကူပြုတဲ့ Software များကို ဖန်တီးဖို့အတွက် အခြားသော နည်းပညာများကို အသုံးပြုနိုင်ပါတယ် ဒီနေရာမှာ Rich Client တွေဖန်တီးဖို့ JavaScript, Web Page ရဲ့ တစ်စိတ်တစ်ဒေသကို ပြုပြင်ပေးနိုင်တဲ့ Ajex, Publish Subscribe အတွက် RSS စသည်ဖြင့်ပေါ့လေ အသစ်အသစ်နဲ့ ထွက်လာတဲ့ Web Technology တွေက Technical User တွေကိုဖန်တီးခွင့်ပေးမယ့် Technological Support တွေအဖြစ် ရှု့မြင်နိုင်ပါတယ်။

နိဂုံး

မရေမရာဖြစ်နေတဲ့ Web 2.0 ကို လှည့်လည်ဖတ်ရှု့လိုက်တော့ တစ်ယောက်တစ်ပေါက် ပြောနေတဲ့ Ajex ဆိုတာ Web 2.0 ဆိုတာမျိုး၊ Blog ဆိုတာ Web 2.0 ဆိုတာတွေ၊ Wiki ဆိုတာ Web 2.0 စသည်ဖြင့်ပေါ့လေ ပြောနေတာတွေဟာ အင်မတန် ဘောင်ကျဥ်းတယ်ဆိုတာ သိသာလာပါတယ်။ အားလုံးခြုံငုံလိုက်ရင်တော့ Content ကို Contribute လုပ်တဲ့ User တွေတိုးလာတယ် အရင်လိုလာကြည့်ရုံမဟုတ်ဘူး အကြောင်းကြားပေးတဲ့ ပုံစံတွေဖြစ်လာမယ် ဒီလိုဖြစ်ဖို့အတွက် ဖန်တီးရတဲ့ နည်းပညာအသစ်တွေ ပေါ်လာတယ် ဒါတွေအားလုံးပေါင်းက Tim Berners-Lee စခဲ့တဲ့ WWW ထက်ပိုလာတယ် ဒီကွဲပြားခြားနားချက်ကို Web 2.0 လို့ခေါ်ထားတယ်။ ဒါဆိုရင် ဘယ်အချိန်မှာ Web 3.0 ဖြစ်လာမလဲမေးရင်တော့ အခုထိ Web 2.0 ကိုတောင် တိတိကျကျ သတ်မှတ်ချက် မရှိသေးတော့ Web 3.0 ဆိုတာလည်း နောင်တစ်ချိန်တော့ ဒီလိုပဲ အပြောင်းအလဲ ပမာဏနဲ့ မသေမချာပြောနေရင်း ပြောင်းသွားဦးမှာပါပဲ။

11
Feb 10

Buzz and My Privacy

Buzz ကိုဒီနေ့တော့ တော်တော်လေး ဒေါသထွက်တယ် Auto Suggession မှာ ကိုယ်မိတ်ဆွေ မဟုတ်တာတွေလည်း Following လုပ်ပြီးသားပါနေတယ် ဖြစ်ပုံက Personal နဲ့ Nick E-Mail တွေခွဲထားတယ် ဒါပေမယ့် နောက်ဆုံးတော့ အီးမေးတစ်ခုအထဲမှာ Auto Forward လုပ်ထားပြီးထားတာ Reply ပြန်တော့လည်း ကိုယ်စားအနေနဲ့ နာမည်တစ်ခုစီနဲ့ပြန်တယ် ဒီတော့ Sent မှာပါနေလည်း သူကတော့ Friend လို့သတ်မှတ်ပြီးတော့ Auto Suggession မှာပါသွားတယ်။

ပြီးတော့ အရင်ကတည်းက Twitter ကိုမသုံးဘူး အချင်းချင်း Information Share လုပ်တာကို သဘောကျပါတယ် ဒါပေမယ့် အားတိုင်း Web Site ပေါင်းစုံဝင်ကြည့် URL တွေအကုန် Share လုပ် ကြာတော့ ဒါတွေပဲတွေ့နေတယ် တစ်ရက်ကို URL ပေါင်း ၁၀ဝ လောက် Share တဲ့လူတောင်ရှိတယ် ဒီတော့ ကိုယ်တောင် ကုန်အောင်မဖတ်တဲ့ Site တွေကို သူများကို အတင်းထိုးပေး ဖတ်လို့ပြောနေသလို ခံစားမိတယ်။ ဒီတော့ Spam တွေဖြစ်လာတယ် ကိုယ်ကလည်း Spam ဆိုရင်သဘောမကျဘူး။ တစ်ရက်တစ်ရက် ဒါတွေပဲတွေ့နေတယ် Social Activities တစ်ခုမှကိုမမြင်လာတော့ဘူး။ ဒါနဲ့ တပ်ထားတဲ့ Twitter Plugin တွေအကုန်ဖြုတ်လိုက်တယ် ဝင်ကိုမဝင်တော့ဘူး။

နောက်ပြီးတော့ Follow လာလုပ်ရင် ကိုယ်လက်ခံချင်မှန်းမသိ လက်မခံချင်မှန်းမသိ တစ်ခါတည်း Follow ဖြစ်သွားတယ် ဒီတော့ ကိုယ့်အနေနဲ့ မသိသူကို Banned လို့ရပေမယ့် သူ Follow လုပ်တာကို မသိလိုက်ခင်ကြားအချိန်မှာ သူ့အနေနဲ့ ကိုယ့်ထဲက Tweet တွေကိုဖတ်လို့ရသွားပြီ။ ဒါပေမယ့် Twitter မှာလည်း Request လုပ်ပြီး Accept လုပ်မှ Follow လုပ်လို့ရမယ့် Option တော့ပါပါတယ်။

Buzz မှာက တစ်ခြားသူငယ်ချင်း တစ်ယောက်ဆီမှာ တွေ့လို့ဘယ်သူမှန်းမသိပဲ လာပြီး Follow လုပ်လည်းရနေတယ် နောက်ပြီးတော့ Twitter မှာက လူတစ်ယောက် Follow လာလုပ်ရင် Notification ရှိတယ် အခုက Notification မရှိဘူး လူအရေအတွက် မှတ်ထားနေရတယ် အသစ်တိုးလာရင် ဘယ်သူလည်းလိုက်ရှာနေရတယ်။ တွေ့သမျ Option တွေအကုန်လုံးလိုက်ပြီး ရှာကြည့်တယ် အဲဒါတွေမတွေ့သေးဘူး။

နောက်တစ်ခုက Buzz ရဲ့ Privacy Policy ကိုဖတ်ကြည့်တယ် Follow လုပ်လာရင် လက်မခံချင်က Banned လို့ရမယ်လို့ ရေးထားတာပဲတွေ့တယ်။ တစ်ကယ်ဆို Banned ဆိုတာရယ် Ignore ဆိုတာရယ်က ခြားနားပါတယ်။ လူတစ်ယောက်က Follow လာလုပ်တယ် သွားကြည့်လို့လည်း ဘယ်သူမှန်းမသိဘူး အဲဒါဆိုရင် Banned မှာလား သူ့ Profile မှာက အချက်အလက် ပြည့်ပြည့်စုံစုံမပါလာရင် စဥ်းစားစရာဖြစ်လာပြီ မသေချာပဲ Banned လုပ်လိုက်မိပြီး မိတ်ဆွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ Banned ပြီးမှပြန်ပြီး ဖြုတ်ရဦးမယ်ဆိုရင်လည်း မကောင်းသေးဘူး။ ဘယ်သူမှန်းမသိလို့ လက်မခံသေးဘူး သိမှလက်ခံလို့ရတာပဲ အဆင်ပြေတယ်လို့ ယူဆမိတယ်။

သာမန်လူနေမှု့ဘဝက အပေါင်းအသင်းတွေရှိတယ် မိတ်ဆွေတွေရှိတယ် သူငယ်ချင်းတွေရှိတယ် ဒီဟာတွေနဲ့ အွန်လိုင်းပေါ်က မိတ်ဆွေတွေနဲ့ အပေါင်းအသင်းတွေနဲ့ ရောရောထွေးထွေး မထားတတ်ဘူး။ နောက်ပြီးတော့ ကိုယ်ရဲ့ ပြင်ပဘဝက အကြောင်းအရာတွေကို မတတ်သာတဲ့ ကျောင်းကိစ္စတွေကလွဲရင် အွန်လိုင်းမှာမထားတတ်ဘူး နာမည်အရင်းနဲ့ဘယ်တော့မှ အသုံးမပြုဘူး။ Personal သုံးတဲ့ အီးမေးနဲ့ ကိုယ်မသိပဲ Follow လုပ်လို့ရတာကို စိတ်ထဲမှာမလုံခြုံဘူးလို့ ခံစားရတယ်။ ကြည့်ဦးမယ် Twitter လို Spam လို့ခံစားလာရရင်တော့ Buzz ကိုလည်း ပိတ်ထားလိုက်မှာပါပဲ။

Switch to our mobile site

WP SlimStat