Training with Ikuhiro Kubota Shihan

Ikuhiro Kubota Shihan အကြောင်းကို ကြားဖူးနေတာကြာပါပြီ 7 Dan ဆရာဆိုတာ တစ်ကမာ္ဘလုံးမှာ လက်ချိုးရေလို့ပါတယ်။ သဘောကောင်းတယ် 7 Dan Shihan ဆိုပေမယ့်ကလေးတန်းတွေ သင်ရတာအင်မတန်စိတ်ရှည်တယ် ကိုယ်တိုင်လည်း Ukemi လုပ်ပြပြီးစိတ်ရှည်လက်ရှည် သင်ပေးတတ်တယ်။ မနှစ်ကတော့ Kubota Shihan ပါမလာဘူး Mutsuko Minegishi Shihan ပဲရောက်လာတယ် Minegishi Shihan ဆိုတာက အမျိုးသမီးတွေထဲမှာ 7 Dan အဆင့်ရှိတာ သူတစ်ယောက်ပဲရှိတယ်။ Minegishi က စင်ကာပူကဆရာနဲ့ တစ်ဆရာတည်းထွက်လို့ ပြောလို့ရသလို သူငယ်ချင်းတွေလည်း ဖြစ်နေတော့ ဆရာကအမြဲပဲ ဒုက္ခပေးပြီး စင်ကာပူကိုခေါ်လေ့ရှိတယ်။ မနှစ်ကတော့ စာမေးပွဲနဲ့တိုက်နေလို့ မသွားနိုင်လိုက်ဘူး။

သင်တန်းလည်း ပျက်နေတာကြာပေါ့ တစ်ခါတစ်လေ Aikido ဆိုတာတောင် မေ့တေ့တေ့ဖြစ်နေတာ။ ဖုန်းနံပါတ်ပြောင်းထားတာ ဆရာကိုမပို့ဖြစ်ဘူး ဖြစ်ချင်တော့ Facebook ကနေဆရာက Event နဲ့လှမ်းဖိတ်တယ် ဖေဖော်ဝါရီလထဲမှာ Kubota Shihan နဲ့ Minegishi Shihan တို့လာပြီးတော့ Seminar လုပ်မယ် လာမယ်ဆိုစာရင်းပေးဆိုမှ ဆရာကိုဖုန်းဆက်ပြီး နံပါတ်ပြောင်းသွားကြောင်း အကြောင်းကြားလိုက်ရတယ် စနေနေ့လာကစားပါ့မယ်ဆိုတော့ ဒီနေ့လာကိုလာရမယ် Kubota Shihan ဒီည Dojo မှာသင်တန်းပေးမယ် မလာရင်မင်းဘယ်တော့မှ Dojo ကိုမလာနဲ့လို့ ရာဇသံပေးတော့ ညပိုင်းသင်တန်းကို အပြေးအလှားသွားလိုက်ရတယ်။ သင်တန်းကိုရောက်တော့ ဖေဖော်ဝါရီဆိုပြီးတော့ ဘယ်နှယုံစောရောက်နေသလဲလို့ ဆရာကိုမေးတော့ အဲဒါက Kubota Shihan ကအခု တောင်အာဖရိက အိုက်ကိကိုင်းကိုသွားတာ ပြန်လာမှ Minegishi Shihan ကလိုက်လာမှာ ဒါက Kubota Shihan စင်ကာပူမှာ Transit လုပ်တဲ့အချိန် သင်တန်းခေါ်ပြီး ဒုက္ခပေးတာလေ နှစ်ခါဖြစ်တော့ဘာဖြစ်သလဲတဲ့။ သူ့လေယာဥ်က ဘယ်အချိန် ပြန်ထွက်မှာလဲမေးတော့ အဘိုးကြီးမနက် ၄ နာရီကတည်းက လေယာဥ်စီးလာတာ စင်ကာပူကို ၅ နာရီရောက် သင်တန်းမှာ ၉ နာရီခွဲအထိကစား မနက် ၁ နာရီလေယာဥ်ပြန်စီး တောင်အာဖရိကရောက်ရင် ၂ နာရီလောက်နားပြီး သင်တန်း ၂ ချိန်ကစားမယ်တဲ့။ ဆရာလုပ်ပုံများ အားမနာတမ်း ခေါ်လာတယ်။ ဆရာရယ် ဖြစ်ပါ့မလားဆိုတော့ ရပါတယ်ဟ ငါသူ့အကြောင်းသိပါတယ်တဲ့။

ပြေးနေတာကြာပြီဆိုတော့ မြက်ဖျာပေါ်မှာ ဟိုပြေးဒီပြေးပေါ့ လေ့ကျင့်ခန်း လုပ်ချင်ယောင်နေတာ သွေးပူလေ့ကျင့်ခန်းကနေကို မတက်နိုင်တော့ဘူး စဥ်းစားကြည့်တယ် Fly Fall မပြောနဲ့ Roll တောင်ရရဲ့လား သံသယဖြစ်လာတယ် စမ်းလည်းမထိုးရဲဘူးရယ်။ Shihan ကြီးလည်း အဝတ်လဲပြီး အခန်းထဲရောက်လာရော စောရောက်နေတဲ့ သင်တန်းသားများက အပြင်ထွက်ကုန်တယ်ဗျာ ကိုယ့်တစ်ယောက်တည်း မအူမလည်နဲ့ သွေးပူလေ့ကျင့်ခန်းနဲ့ ကျန်နေခဲ့ရော။ မကြာပါဘူး Shihan ကြီးကလာဦးဆိုခေါ်ပါရော ဆရာကလည်း ခိုင်းတော့မယ်ဆိုတာသိလို့ သူသင်တန်းပျက်နေတာ လအတော်ကြာပြီ သို့ပေမယ့် ဒီကောင် Ukemi အင်မတန်ကောင်းတယ်လို့ ထန်းပင်တက်လက်မှတ်ပါ ပြောပြီးတော့ အခွန်နဲ့မတယ်ခင်ဗျာ။ Shihan ကြီးကလည်း ကိုယ့်ကြည့်ပြီး ပူမနေပါနဲ့ အနက်ဖြစ်နေမှတော့ သင်တန်းပျက်တာလောက်နဲ့ မကျိုးပါဘူးဗျာ စိတ်ချဆိုပြီး သင်တန်းမစခင် သင်ရမယ့်ဟာတွေ သူ့ဟာသူစဥ်စားရင်းကိုယ့်နဲ့ ကစားလိုက်တာ စောစောမလုပ်ရဲတဲ့ Fly Fall တွေလည်းဘယ်က ထွက်လာမှန်းမသိဘူး အဲလိုမှမဟုတ်လည်း ကျိုးတော့မှာကိုးဗျ။ ကိုယ်ကသာ ဖတ်ဖတ်မောနေတာ သူကဖြင့် သင်တန်းပြီးအထိ ဆက်တိုက်တောင် ဘာမှဖြစ်ဘူးဗျာ အသက် ရဝ ဆိုတာဘယ်လိုယုံရမှန်းမသိဘူး။ ပြန်ခာနီးနှုတ်ဆက်သွားတယ် Ukemi အားကြီးကောင်းတယ် ဖေဖော်ဝါရီထဲကျ မင်းနဲ့ငါနဲ့ထပ်တွေ့တာပေါ့

မလျော့သောဇွဲ (၁) (၂)

တက္ကသိုလ်တက်လာတာ ၃ နှစ်ကျော် ၄ နှစ်မြောက်တဲ့နှစ်ပေါ့ အတန်းကတော့ ဂုဏ်ထူးတန်းရောက်ခဲ့ပြီ ခုနှစ်အရပြောရရင် ၂၀၀၄ ခုနှစ်။ ကုန်လွန်သွားတဲ့ ဘွဲ့ဲကြိုကျောင်းသားဘဝတွေကို ပြန်တွေးရင်း သူငယ်ချင်းတစ်စု ကဗျာစာအုပ်များထုတ်ကြတာပေါ့။ ကျွန်တော့််အထဲမှာ လက်ခံစာအုပ်တွေ တစ်အုပ်မှမရှိတော့ပါဘူး အကုန်လုံးအိမ်မှာထားခဲ့ပါတယ်။ မှတ်မှတ်ရရတစ်ချို့ ကဗျာတွေကို အယ်ဒီတာဆီကနေ ပြန်ပြီးတောင်းထားရတယ် ဘလော့မှာတင်ဦးမယ်ဆိုတော့ အယ်ဒီတာလည်း ဝင်းအင်းဝခေတ်က စာတွေကို ဇော်ဂျီနဲ့ရိုက်ပြီးပြန်ပို့ပေးပါတယ်။ အမည်မသိခတ်စာဆို ရေးထားတဲ့ မလျောသောဇွဲကို အမှတ်တရပြန်တင်ထားလိုက်တယ် အမည်မသိခေတ်စာဆိုကြီး ကျွန်တော့််ကိုဒီအချိန်မြင်ရင်တော့ ကဗျာတွေမှာ နောက်ထပ်နှစ်ပိုဒ်သုံးပိုဒ်လောက် ထပ်ပြီးထည့်စပ်ရမယ်ထင်ပါတယ်။ ဒီလိုပါပဲ အရိုးသီချင်းလိုဆိုရင် “အချိန်တွေကုန်တာ မြန်လွန်းတယ် ဆယ်စုနှစ်တစ်ခုဟာ မကြာလိုက်သလိုပဲ….. နောက်ကြောင်းပြန်ရင်း စပ်ဖြီးဖြီးနဲ့ အတိတ်ကိုတွေးရင် ရုပ်ရှင်ကြည့်ရသလိုပဲ …..”

မလျော့သောဇွဲ(၁)

တက္ကသိုလ်ဆို တို့ကျောင်းကိုဖြင့်
တက်ခွင့်တဖန် ကြုံခဲ့ပြန်တော့
မောင်တို့တတွေ အကြံကြီးတယ်
ပညာကိုဖြင့် အမှန်မတတ်လျင် နေလိမ့်မည်
ကြင်ယာကိုတဲ့ ဧကံရရပေခြိမ့်
ဖြူနီဝါပန်းခင်းနှယ်ဖြင့်
မဒီတွေပေါလှတာကြောင့်
ရွေးရင်းပင် တစ်နှစ်ခန်းတယ်
ဒီမောင်မှာလွမ်း။
ဒုတိယတဖန် တစ်နှစ်ဆန်းမှာဖြင့်
ပစ်မှတ်ကယ် အမှန်ရွေးမိသော်လည်း
ခင်ပျိုရယ် ငြင်းရက်တာကြောင့်
ပစ်မှတ်ကိုတဖန် ထပ်မံလို့ပြောင်း။
တတိယဆို နောက်ဆုံးနှစ်မှာဖြင့်
မိမိကအမှန်ချိန်ပြန်လျင်လည်း
တပါးသူထံ ပါလေအမြဲမို့
ထိုအဆိုမှန်ကောင်းရဲ့ဟု
သူတပါးကိုချိန်ရန် စေခိုင်းပြန်တော့
ထိုသူနှင့်ညား။
လွတ်တဲ့ငါးကိုဖြင့်လည်း မကြီးချင်တော့ပါပြီ
လိုတာကိုဖြင့် အမှန်မရနိုင်ပြန်လျင်
ရတာကိုသာ တဖန်ချိန်ပါတော့မည်ဟု
သက်တမ်းကို ထပ်လောင်းတိုးရန်ဖြင့်
ကျောင်းအပ်ရန်အားတင်း။

အမည်မသိခေတ်စာဆို

မလျော့သောဇွဲ(၂)

ပထမဆိုနှစ်ကာလမှာလ
ပျိုမေတွေပြောကြပါတဲ့
မလိုချင်လို့နေကြဦးမည်
ခေါင်းခေါက်လို့ရွေးရင်ပင်မဆုံး။
ဒုတိယတဖန် နှစ်တွေမှာဆန်းပြန်တော့
မယ်တို့တတွေ တစ်မျိုးကြံတယ်
အမှန်တကယ်ဆိုရင်ပြောပါဟု
ယခုဆိုချက်ခြင်းဖြင့် မရနိုင်ပေါင်
မူရဦးမည်မောင်ဟုပြော။
ထိုနည်းဖြင့်တဖန် အခြေမဟန်သူများမှဖြင့်
တတိယကိုတဲ့ အမှန်ထပ်မံလို့ကူး
လျော့စျေးဆိုတဲ့အသံ ဧကံပင်ကြားပြန်တော့
ကိုကိုတွေပြေးကာပုန်းရတယ်
လိုက်လို့ပင်ရှာကြဦး။
အပျိုဟိုင်းဆို သက်တမ်းတိုးတို့မှာဖြင့်
ယခုနှစ်တဖန် မြင်ရပြန်တော့
ရှေ့ရေးကိုအမှန်မျော်တွေးကာ
ကြားယောင်ပါဘိစိတ်ထဲ
ခင်တို့ကတဖန်ပြန်၍ပင်လျောက်လှာတင်မည်
လျောက်လှာဆို ထိုစာရွက်ကိုဖြင့်
ဟိုမောင်တို့က ရောင်းဖို့ပင်အားတင်း။

အမည်မသိခေတ်စာဆို

အတိတ် 2009 ပစ္စုပ္ပန်နဲ့အနာဂတ် 2010

ဇန်နဝါရီမှာကျောင်းစဖွင့်တယ် ခက်တယ်ဆိုပြီး ဘယ်သူမှမယူတဲ့ ဘာသာများစိတ်ဝင်စားလို့ယူတယ်။ လူတိုင်းကြောက်တဲ့ ပရော်ဖက်ဆာက ကျမ်းကြီးကြပ်ရေးဆရာ ဖြစ်လာတယ်။ ဆရာက သဘောကောင်းပေမယ့် အင်မတန်ခိုင်းတယ် မျက်စေ့ရှေ့တင် ကျောင်းသားတစ်ယောက် ဒဏ်မခံနိုင်လို့ ကျောင်းထွက်သွားတယ်။ ကျောင်းတက်ရင်း မတ်လအထိ အရောင်းစာရေး လုပ်နေသေးတယ်။ နောက်တော့ဆရာ့ဆီမှာ အချိန်ပိုင်းအလုပ်လုပ်တယ်။ စာမေးပွဲနီးမှ သူများမယူတဲ့ ဘာသာများရဲ့ ဒဏ်ကပေါ်လာတယ် မှတ်မှတ်ရရ ပရိုဂရမ်မင်းဘာသာစကား လေးမျိုးလောက်ပြောင်းရေးရတယ် အင်မတန်ပင်ပန်းပေမယ့် လော့ဂျစ်မှန်တိုင်း အလုပ်ဖြစ်ဘူး အလုပ်ကြီးရင် Hardware and Software များရဲ့ အမြင့်ဆုံး လုပ်ဆောင်နိုင်မှု့ဟာ ကိုယ့်လိုအပ်ချက်ကို မပြည့်စေတာတွေဖြစ်လာကြောင်း ကောင်းကောင်းကြီး အတွေ့အကြုံရလိုက်တယ် စာမေးပွဲလည်း ဖြေစားလာတာ ကြာပြီဖြစ်လို့ မဖြေနိုင်တော့မရှိပါ အဆင်ပြေပါတယ်။ ကျောင်းပိတ်တော့ ကျောင်းထဲကအလုပ်တစ်ခုမှာ သူငယ်ချင်းတစ်ယောက် အကူအညီနဲ့အလုပ်ရတယ် ကျောင်းပိတ်ရက်သုံးလ အလုပ်လုပ်တယ် ဆံပင်လည်း ၂၀% လောက်ပိုဖြူသွားတယ်။ ကျောင်းဖွင့်တော့ စာတမ်းရေးတာနဲ့ အလုပ်နဲ့မနိုင်တာကြောင့် အလုပ်ထွက်လိုက်ရတယ်။

ဒုတိယနှစ်ဝက်လည်း အရင်လိုပဲ ဂွကျကျနဲ့ပဲ သူများမယူတဲ့ ဘာသာတွေကိုယူပါတယ်။ စာတမ်းတွေ တင်ရမယ့်ရက်တွေနီးလာလို့ မအိပ်ရတဲ့ရက်များပိုများလာတယ် အိပ်ရေးပျက်ရကျိုးနပ်ခဲ့ပါတယ်။ မကောင်းတာလည်းရှိတယ် အပြင်ကိုတင်မယ့် စာတမ်းတွေကို လုံးပန်းနေလို့ ဘွဲ့ယူကျမ်းမပြီးပဲနောက်ကျတယ် ကျမ်းကြီးကြပ်တဲ့ ပရောဖက်ဆာထောက်ခံပေးလို့ အချိန်တစ်လခွဲလောက်ပိုရသွားလို့ ခံသာသွားတယ်။ စာမေးပွဲကတော့ ထုံးစံအတိုင်းပဲ စာကိုကျက်မဖြေရတဲ့ တက္ကသိုလ်မှန်ရင် အဖြေလှာကို ပုံနှိပ်စာအုပ်ထဲကစာနဲ့ တူသလားလို့ တိုက်ပြီးစစ်တဲ့ဆရာများ စာမစစ်ရင်ဖြင့် ငါ့ကိုရိုက်ချတောင် ကျစရာမရှိဘူး။ စာမေးပွဲပြီးတော့ ပါလေရာအကျင့်အတိုင်း နှစ်စဥ်လုပ်နေကျ ယဥ်ကျေးမှု့ကပွဲမှာ ဝင်ကပြန်တယ်။ ဒါနဲ့ပဲဦးရွှေရိုးနာမည်တွင်သွားပြန်တယ် ကန်တင်းမှာတွေ့သမျ ဗမာကျောင်းသားများ ဦးရွှေရိုးကတဲ့အစ်ကိုကြီးလားလို့ မေးလေ့ရှိတယ်။

၂၀၁ဝ မှာရော ဘာတွေဆက်လုပ်မလဲ စဥ်းစားမိတယ်။ ဝါသနာပါရာအလုပ်ရယ် အသက်မွေးဝမ်းကျောင်းအလုပ်ရယ် နှစ်ခုရှိနေမယ်။ ဝါသနာအနေနဲ့ ဒန်စာမေးပွဲတစ်ခု ၂၀၁ဝ မှာပဲမဖြစ်မနေဖြေစရာရှိမယ်။ ၂၀၀၉ မှာအသက်မွေးဝမ်းကျောင်း အလုပ်အနေနဲ့ကတော့ ပညာရေးနဲ့ဆက်ပြီး ပတ်သက်မလား မပတ်သက်မလား အပြီးသတ်ဆုံးဖြတ်ဖို့ ဇဝေဇဝါဖြစ်နေတယ်။ ၂၀၁ဝ မှာတော့ တက္ကသိုလ်တက်လာတဲ့ သက်တမ်း ၁ဝ နှစ်ပြည့်ပါပြီ ဒီအချိန်ရောက်မှ နောက်ပြန်မလှည့်တော့ဘူးလို့ အပြီးသတ်ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ပဲ ၂၀၁ဝ မှာလည်း အရင်လိုပဲ ဘုကျကျနေမယ် ရေးလက်စ စာတမ်းများလည်း အောင်မြင်အောင်ကြိုးစားရမယ်။ လူအများစိတ်ဝင်စားစရာ လုပ်ဖို့အစီအစဥ်မရှိသလို အချိန်လည်းမရှိပါဘူးလေ ကိုယ်စိတ်ဝင်စားစရာပဲ ကိုယ်လုပ်ပါမယ် အများစိတ်ဝင်စားစရာမလိုပါဘူး နားလည်တဲ့လူ တစ်ယောက်ပဲဖြစ်ဖြစ် စိတ်ဝင်စားရင်တော်ပါပြီ။ ဘလော့လည်းဆက်ရေးဖြစ်နေမှာပါ ရောက်တတ်ရာရာပေါ့ ရယ်စရာဖြစ်လိုက် ထင်ရာမြင်ရာရေးလိုက်ပေါ့ လျောက်ရေးနေမှာပါပဲ။