မူတူးနဲ့ ဆာမိ

တစ်ခါက မြို့တစ်မြို့မှာ မူတူးနဲ့ဆာမိဆိုတဲ့ ကုလားသူငယ်ချင်း နှစ်ယောက်ရှိတယ် အင်မတန်ချစ်ကြတဲ့ သူငယ်ချင်းတွေဆိုတော့ တစ်ယောက်က တစ်ခုခုလုပ်ရင် နောက်တစ်ယောက်ကလည်း လိုက်လုပ်တာလည်း ထုံးစံလိုဖြစ်နေတယ် တစ်ယောက်က စက်ဘီးဝယ်တော့ နောက်တစ်ယောက်လည်း စက်ဘီးလိုက်ဝယ် တစ်ယောက် အိမ်ပြောင်းရင် နောက်တစ်ယောက်လည်း လိုက်ပြောင်းနဲ့ အကုန်လိုက်လုပ်တတ်တယ်။ တစ်ရက်တော့ ဆာမိက ဘယ်သူစည်းရုံးလိုက်တယ်မသိဘူး ဗုဒ္ဓဘာသာကိုပြောင်းလိုက်တယ် ဘာသာပြောင်းတော့ အိမ်မှာဘုန်းကြီးဆွမ်းကျွေးလုပ်တော့ သူငယ်ချင်း မူတူးကိုလည်းဖိတ်ပါတယ်။

သူငယ်ချင်း မင်းကတော့ ဘာသာကမတူဘူးပေါ့ ဒါပေမယ့် ထမင်းနဲ့မုန့်တော့လာစားပါကွာလို့ ဖိတ်ထားတော့ မူတူးလည်းလာပါတယ်။ သူကလည်း ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုလည်းမသိဘူးပေါ့ဆိုပြီး သွားကြည့်ဦးမယ်ဆိုပြီး ဘုန်းကြီးတရားဟောကတည်းက အစောကြီးရောက်နေပြီး ဘေးကနေကြည့်တယ်။ တရားဟောတဲ့ ကိုယ်တော်ကလည်း အာပေါင်အာရင်းသန်သန်နဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ …. ရှေ့ကနေတရားကို လိုက်ဆိုခိုင်းတယ် ခဏနေတော့ တရားနာတဲ့လူအုပ်ကြီးက သာဓု သာဓု ဆိုပြီး အသံကျယ်ကြီးနဲ့ အော်ကြတော့ သာဓုဆိုတာ ဘာတုံးသွားမေးတော့ ကောင်းတယ် ကောင်းတယ်လို့ ဆိုလိုတယ်ဆိုတော့ မူတူးလည်းသဘောကျသွားတယ်။

မူတူးလည်းစဉ်းစားတယ် ဆာမိကိုတော့ ဒီတစ်ခါတော့ရှုံးလို့မဖြစ်ဘူး ငါလည်းဘာသာပြောင်းမယ်ဆိုပြီး တရားဟောကိုယ်တော်ကို သွားလျှောက်တယ် သူလည်းဆွမ်းကျွေးလုပ်ပြီး ဘာသာပြောင်းချင်လို့ နောက်နေ့သူ့အိမ်ကို ဆွမ်းစားကြွပါဆိုပြီးပင့်တယ် တစ်ခါတည်း တရားနာပရိတ်သတ်ကိုလည်း နောက်နေ့သူ့အိမ်ကိုလည်း တရားနာရင်း ဆွမ်းကျွေးဖိတ်ပါတယ်ဆိုပြီး တစ်ခါတည်းဖိတ်ခဲ့တယ်။

မူတူးအိမ်မှာဆွမ်းကျွေးစတော့ ဘုန်းကြီးကလည်း ဒါယိကာကြီး ဘုန်းကြီးတိုင်ပေးသလို လိုက်ဆိုဆိုပြီးတိုင်ပေးတယ် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အဲဒီ့မှာမူတူးလည်း နည်းနည်းအံ့ဩသွားတယ် ဒါနဲ့ဘုန်းကြီးကို အရှင်ဘုရားလွဲနေပါတယ် တပည့်တော်က မူတူးပါ ဆာမိမဟုတ်ပါဘူး ပြန်လျောက်ရတယ်။ ဘုန်းကြီးကလည်း အေး.. ဒါယိကာကြီး ဘုန်းကြီးသိပါတယ် လိုက်သာဆိုပါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ထပ်တိုင်ပေးတယ်။ မူတူးကလည်း မဟုတ်သေးဘူးဘုရား တပည့်တောက် မူတူးပါလို့ ထပ်လျောက်ြပန်တယ်။ ဒီတော့မှ တရားဟောကိုယ်တော်လည်း သဘောပေါက်သွားပြီး စဉ်းစားတယ် အင်း… ငါတော့ တရားစာကို ပြင်မပေးရင် ဆွမ်းကျွေးပျက်ဖွယ်ရှိတယ် ဆိုပြီးတော့

ကဲကဲ ဒါယိကာကြီးမူတူး လိုက်ဆိုလိုက်ဆို ဗုဒ္ဓံ သရဏံ ဂစ်မူတူး ဓမ္မံ သရဏံ ဂစ်မူတူး သံဃံ သရဏံ ဂစ်မူတူး

အဖေ​ပြောတဲ့ အီကြာကွေး

သားအဖနှစ်ယောက် လက်ဘက်ရည်ဆိုင် တစ်ဆိုင်ရောက်လို့ အီကြာကွေးစားကြရင် အမြဲပြောလေ့ရှိတာက ဒါကအီကြာကွေးအစစ် ဒါကအီကြာကွေးအတုလို့ ပြောရင်းစားတတ်တယ်။ ဧည့်သည်ပါလာရင် ဘာပြောတာလဲလို့ ခဏခဏရှင်းပြရတယ်။ အဖေကကြံကြံဖန်ဖန် ပုံပြင်တစ်ခုပြောပြဖူးတယ် အီကြာကွေးဖြစ်လာတဲ့ ပုံပြင်ပေါ့လေ။ တစ်ခါက တရုတ်ပြည်မှာ အီကြာကွေးဆိုတဲ့ လူကြီးတစ်ယောက်ရှိတယ်တဲ့ ဖြစ်ချင်တော့သူကလည်း အင်မတန်ဆိုးတဲ့ လူဆိုးကြီးဆိုပဲ ဂန္တဝင်လူဆိုးကြီးဆိုရမယ် ငတက်ပြားကိုဖမ်းသလို ဘုရင်ကိုယ်တိုင်ဆင်းဖမ်းမှ မိတော့တယ်​ပြောတယ်။ ဘုရင်ကလည်း လူဆိုးကြီးဖမ်းမိတော့ နောက်လူတွေ မဆိုးရဲအောင်ဆိုပြီး စံပြဖြစ်အောင်ဒဏ်ပေးမယ်ဆိုပြီး တခြားရာဇဝတ်သားတွေ သတ်သလိုမျိုး ခေါင်းဖြတ်မသတ်ပဲ ပေါင်နှစ်ချောင်းကို မြင်းနဲ့ဆွဲပြီးပေါင်ဖြဲသတ်လိုက်တယ်။ နောင်လာနောက်သားတွေ အီကြာကွေးလို မဆိုးရဲအောင် အမှတ်ရနေအောင်ဆိုပြီး ဂျုံကိုရှည်ရှည်လေး နှစ်ခေါက်ခေါက် ဆီနဲ့ကြော်တဲ့မုန့် တစ်မျိုးကိုလုပ်စေတယ် မုန့်ကစားချင်ရင်ကပ်ထားတဲ့ နှစ်ချောင်းကိုဆွဲခွာစားရတော့ အီကြာကွေးကို ပေါင်ဖြဲသတ်တာ အမှတ်ရစေတယ်ဆိုပဲ။ တစ်ချို့အီကြာကွေးဆိုင်တွေက ဂျုံကိုနှစ်ခေါက်မခေါက်ပဲ အလည်ကနေဖြတ်ပြီးတော့ နှစ်ခုထပ်ကြော်တယ် အဲဒီတော့ ပေါင်ကဆွဲဖြဲလို့မရတော့ ကျွန်တော်တို့သားအဖက အီကြာကွေးအတုလို့ခေါ်လိုက်တာပဲ။ အခုထိတော့ စင်ကာပူမှာ အီကြာကွေးက အစစ်ကိုမမြင်မိသေးဘူး အကုန်အတုဖြစ်နေတယ်။

သင်္ချာတော်တဲ့ကလေး

တစ်ခါက မူလတန်းကျောင်း တစ်ကျောင်းမှာ ကလေးတွေကို သင်္ချာစိတ်တွက်ပြိုင်ပွဲ လုပ်ကြတာပေါ့။ ပြိုင်ပွဲလုပ်ပုံကရှင်းရှင်းလင်းလင်းပါ အရှေ့ကဆရာမက ဂဏန်းသုံးလေးလုံးကို ရွတ်ပြလိုက်ရင် ကျောင်းသားကအဲဒါကို စိတ်နဲ့ပေါင်းပြီးပြန်ဖြေရတာပေါ့။ ကလေးတွေက ငယ်သေးတော့ ဂဏန်းသုံးလုံးနဲ့အထက်မှာ အတော်နဲ့မပေါင်းနိုင်ပဲ အတော်ကြာမှသာဖြေနိုင်ကြတယ်။ အဲဒီ့မှာ စိတ်တွက် တော်တဲ့ကလေးတစ်ယောက်တော့ တွေ့ရပါတယ်။

ဆရာမ။ ။ ၃ နဲ့ ၄ ပေါင်းရင် ဘယ်လောက်ရပါသလဲ။
ကျောင်းသား။ ။ ၇ ပါခင်ဗျ။
ဆရာမ။ ။ ၅ ရယ် ၄ ရယ် ၆ ရယ် ပေါင်းရင်ရောကွယ်။
ကျောင်းသား။ ။ ၁၅ ပါခင်ဗျ။
ဆရာမ။ ။ ၆ ရယ် ၇ ရယ် ၈ ရယ် ၉ ရယ်ဆိုရင်ရောကွယ်။
ကျောင်းသား။ ။ ၃ဝ ပါခင်ဗျ။

ဆရာမ။ ။ နောက်ဆုံး မေးခွန်းမေးမယ် သားရယ် ၁ ရယ် ၂ ရယ် ၃ ရယ်ဆိုရင် ဘယ်လောက်ရသလဲကွယ်။
ကျောင်းသား။ ။ ၂၀ ပါခင်ဗျ။
ဆရာမ။ ။ သြော်… သင်းကဒါ့ကြောင့်ကိုး။