အလုပ်တွေရှုပ်သကွယ်

ဒီတစ်လအတွင်း အတော်လေး အလုပ်ရှုပ်သွားတယ်။ တကယ်တော့ အလုပ်ရှုပ်တာမဟုတ်ပါဘူးလေ အရှုပ်တွေလုပ်တာ ဖြစ်မယ်ထင်ပါတယ်။ ယူနီကုဒ်ဖောင့်လေး အငှားကြော်ငြာလိုက်တာ လုပ်တဲ့လူတောင် ကိုယ့်လောက် ကွန်ပလိန်းတက်ခံရမယ် မထင်မိဘူး ဘာပဲဖြစ်ဖြစ်ကောင်းပါတယ် အမှားထောက်ပြပေးကြတာ ကျေးဇူးတင်ရမယ်။

ဆိုင်းသံကြားရင်မနေနိုင်ဆိုသလိုပဲ အချိန်ကျတော့ကျောင်းမှာကလည်း ကပွဲကဒီနှစ်လည်းလုပ်ပါတယ်။ ပွဲဝင်ကချင်တာကလည်း တစ်ပိုင်းကိုသေလို့ ဖြစ်ချင်တော့ အာကီဒိုကလည်း စာမေးပွဲကရှိနေပြန်တယ် အကတိုက်မယ့်ရက်တွေကလည်း ထရိန်နင်ချိန်တွေနဲ့ အမြဲကိုက်နေလို့ မကပါရစေနဲ့လို့ တောင်းပန်ရတယ်။ ဒါလည်းပရော်ဖက်ဆာက ကျောင်းမှမကနိုင်ရင် ကွန်ဖရန့်မှာလုပ်မယ့် ညစာစားပွဲမှာကပါဆိုလို့ မအားတဲ့ကြားက အကတိုက်ရပြန်ပါတယ်။

အာကီဒိုကလည်း ဒန်အဆင့်စာမေးပွဲဆိုတာ တစ်သက်မှအလွန်ဆုံး ဖြေနိုင်မယ်ဆိုရင် ၄ ခါထက်မပိုနိုင်ပါဘူး အခုလည်း ဒုတိယအဆင့်ဖြေဆိုတော့ ပျက်လို့ကလည်းမရပါဘူး အဲဒါနဲ့နေ့တိုင်းနီးနီး ထရိန်နင်ဆင်းရပါတယ်။ စာမေးပွဲမရောက်ခင်ပဲ လူကလည်းတစ်ကိုယ်လုံး မနာတဲ့နေရာမရှိဆိုသလိုပဲ အဆစ်တွေနဲ့ ကြွက်သားတွေလည်း နာနေပါတယ်။ ဒီလိုနဲ့ပဲ ဒီနေ့တော့ စာမေးပွဲကိုသေလုမျောပါး ဖြေခဲ့လိုက်တယ်။ မှန်းထားသလိုတော့ ကျိုးပဲလာခဲ့တာ တစ်ခုမှတော့မရှိပါဘူးလေ။ အလုပ်ရှုပ်ခံပြီး ဓာတ်ပုံလာရိုက်ပေးတဲ့ ညီညီဖြိုးမော်ကိုလည်း ကျေးဇူးတင်ရပါတယ်။ အချိန်လုပြီးတော့ အကတိုက်တဲ့ အလွဲလွဲအချော်ချော်များနဲ့ အာကီဒိုစာမေးပွဲအကြောင်း ရေးပါဦးမယ်။

သူငယ်ချင်းပြောတဲ့ တရုတ်စာသင်နည်း

ရုံးနားကကန်တင်းက ခေါက်ဆွဲဆိုင်ရောက်ရင် အမြဲဒုက္ခရောက်တတ်တာက တရုတ်မကြီးက အင်္ဂလိပ်လိုမပြောတတ်ပါဘူး မှာချင်ရင် ခေါက်ဆွဲပန်းကန်ပုံတွေကို လက်ညှိုးထိုးမှာရတယ် ကိုယ်ကဟိုဟာဒီဟာ စုံစီနဖာထည့်ချင်ရင် ပြဿနာတက်ပါတယ် လုစကားဝမသိ ဝစကားလုနားမလည် ဖြစ်ရပါတယ်။ ကိုယ်ကလည်း တရုတ်စကားဆိုလို့ သူတို့ပြောတဲ့စကားထဲမှာ တစ်ကျပ်ကနေ သုံးကျပ်အထိပဲ နားလည်ပါတယ် သုံးကျပ်ကျော်ရင် လက်ညှိုးထောင်ပြရတယ်။ အဲဒီ့အကြောင်းကို သူငယ်ချင်းနဲ့စကားစပ်မိတော့ သူငယ်ချင်းကရယ်ပါတယ် အစ်ကိုကလည်း ညံ့လိုက်တာတဲ့ တရုတ်မကြီးတရုတ်စာ သင်လိုလုပ်ရင်ချက်ချင်း တတ်တယ်ဆိုတော့ ကိုယ်လည်းစိတ်ဝင်စားမိတယ် ဘယ်လိုသင်သလဲငါ့ပြောပြလို့ ချော့ချက်မေးတော့ သူငယ်ချင်းက တရုတ်စာသင်တဲ့ပုံပြင်ပြောပါတယ်။

တစ်ခါက မြို့တစ်မြို့မှာ တရုတ်လင်မယား နှစ်ယောက်ရှိသတဲ့ အဲဒီ့မှာတရုတ်မကြီးက စာမတတ်ဘူး။ တစ်ရက်တော့ ယောက်ျားဖြစ်သူက မိန်းမကိုပြောတယ် မင်းအလကားနေအားနေတာ စာသွားသင်ပါ တရုတ်ဖြစ်ပြီးတရုတ်လို မရေးတတ်တာ သိက္ခာကျတယ်ပေါ့ အဲဒီလိုပြောတော့ တရုတ်မကြီး တရုတ်စာသွားသင်တယ်။ တရုတ်စာသင်တန်းကလည်း တစ်နှစ်သုံးလေးက စသင်တာပေါ့ ပထမရက်မှာ တစ် ကိုအရေးသင်တယ် တစ်ဆိုတော့ ဒုတ်ချောင်းတစ်ချောင်းခြစ်ပေါ့။ နောက်ရက်ကျတော့ နှစ်ဆိုတော့ ဒုတ်ချောင်း နှစ်ချောင်းခြစ်။ သုံးရက်မြောက်ကျတော့ ဒုတ်ချောင်းသုံးချောင်း။ အဲလိုနဲ့လေးရက်လည်း ရောက်လာတော့ တရုတ်မကြီးက သင်တန်းမသွားတော့ဘူး ယောက်ျားကမေးတော့ ငါတရုတ်စာတတ်ပြီတဲ့ သင်စရာမလိုတော့ဘူး ငါလည်းသင်တန်းဖွင့်မယ်ဆိုပြီး လုပ်တော့တာပဲ။

အဲဒါနဲ့ တရုတ်မကြီးတရုတ်စာ သင်တန်းဖွင့်တော့တာပဲ တရုတ်မကြီးဖွင့်တဲ့ သင်တန်းဆိုတော့ သင်တန်းသားကလည်း ဖွင့်တဲ့ရက်မှာပဲ အတော်များတယ်ဆိုပဲ။ သင်တန်းစစချင်းပဲ တရုတ်မကြီးက တရုတ်စာဆိုတာ အင်မတန်လွယ်တယ် ကနေ့မင်းတို့ကို ကိန်းဂဏန်းရေးနည်းကနေ စသင်မယ်ဆိုပြီး စုတ်တံတစ်ချောင်းကိုယူ မင်အိုးထဲနှစ်လိုက်တယ် တစ်ဆိုရင် ဒီလိုတစ်ခြစ်ခြစ်ရတယ် နှစ်ဆိုရင် နှစ်ခြစ်ခြစ်ဆိုပြီး အားရပါးရသင်တော့တာပဲ။ အဲလိုနေတုံးကို စပ်စပ်စုစုကလေးတစ်ယောက်က တစ်ရာဆိုရင် ဘယ်လိုရေးသလဲ တီချယ်ဆိုပြီး ထပြီးတော့မေးတယ်။ အဲဒီ့မှာ တရုတ်မကြီးက ဒါကဖြတ်လမ်းနည်းရှိတယ် သင်အထောက်အကူ ပစ္စည်းလိုတယ်ဆိုပြီး မှန်တင်ခုံပေါ်က ခေါင်းဘီးကိုသွားယူပြီး မင်အိုးထဲကိုနှစ်လိုက်တယ် ပြီးတော့မှ စာရွက်ပေါ်ကို ခြစ်ချလိုက်တယ် အဲဒါတစ်ရာပဲ ငါ့တပည့်ဆိုပြီးသင်လိုက်တော့တယ်။

တရုတ်မကြီးရဲ့ တရုတ်စာသင်နည်းကို ရဖို့ကိုသူငယ်ချင်းကို မနည်းချော့မော့ ပြောပြခိုင်းလိုက်ရတယ်။ ပြောပြီးတော့ သူကကိုယ့်ကိုပြန်ရစ်တယ် ငါကတော့ ပုံပြင်အရ တစ်ရာအထိပဲ ရေးတတ်တယ်တဲ့ နင်ဆိုရင် တစ်ထောင်ဘယ်လို ရေးမလဲဆိုတော့ အတော်ခက်တယ် ဆံပင်ဖြူအောင် တစ်မျိုးလှည့်လာပြန်တယ်။ မဟုတ်လည်း ကြမ်းပိုးလိပ်ဖြစ်အောင် ပြောတတ်တာပဲ အဲဒါနဲ့ ဘီးစိတ်တစ်ချောင်း ဆောင်ထားရင်ဖြစ်တာပဲလို့ ပြောလိုက်ပါတယ်။

ပုံပြင်စာအုပ်

ငယ်ငယ်က ညီအစ်ကိုနှစ်ယောက် ကိုရင်ဝတ်တော့ ကျောင်းထိုင်​ကိုယ်တော်ကြီးက ဆော့လွန်းလို့ထိမ်းမနိုင်တာနဲ့ ဖတ်စရာစာအုပ်ကလေးတွေ ပေးပါတယ်။ မှတ်မှတ်ရရ ဘုန်းကြီးကျောင်းဆိုတော့ ဘုန်းကြီးကျောင်းနဲ့ဆိုင်တဲ့ ပုံပြင်စာအုပ်လေးတွေရှိပါတယ် ဖတ်လို့ကောင်းတာက လူထုဦးလှရေးတဲ့ ကျောင်းကန်အနီးက မြန်မာပုံပြင်များစာအုပ်ပါ။ ငယ်တုံးကသဘောကျတာက ရယ်ရတာလည်းပါပါတယ် က​လေးဆိုတော့ ကိုယ်ကလည်းကိုရင်ဝတ်နဲ့ဆိုတော့ တိုက်ဆိုင်တာလည်း ပါတယ်ပေါ့။ ကြီးလာတဲ့အထိ အဲဒီ့စာအုပ်ကို သဘောကျတုံးပါ ပုံပြင်ဆိုပေမယ့် ဗမာ့ဓလေ့ကိုပေါ်လွင်တယ် အခုခေတ် ​ကလေးတွေကိုလည်း အဲဒါတွေကိုသိစေချင်မိတယ် ဗမာအကြောင်း ဗမာမှမသိရင် အင်မတန်ရှက်စရာကောင်းလှတယ်။ စကား​ပြောရင် ဥပမာနဲ့ပြောတတ်တဲ့ ကိုယ့်လိုလူအတွက်တော့ စာအုပ်ထဲကပုံပြင်အတိုလေးတွေဟာ သဘောကျစရာလေးတွေပါ အဲဒီ့စာအုပ်ဟာ အခုအချိန်မှာပြန်ရှာဝယ်လို့ မရ​သလောက်ဖြစ်သွားတယ်။ ဒီနေ့ပဲ အဲဒီ့စာအုပ်ကို Myanmar Ebooks မှာတွေ့လို့ ဝမ်းသာမိတယ်။ အောက်မှာပြထားတဲ့လင့်မှာ ယူလို့ရပါတယ်။

http://www.myanmarebooks.net/?p=3177

အခုအချိန်အထိ ကျွန်တော်ဘယ်တော့မှ ဖတ်လို့မရိုးတဲ့ ပုံပြင်စာအုပ်တွေဆိုရင် ဗန်းမော်ဆရာတော်၊ စကားတောင်စား၊ ဇော်ဂျီတစ္ဆေ​ပြောသောပုံပြင်များ အဲဒါတွေကိုပြရမယ်။ ကလေးတွေအတွက် ဗမာ့လူနေမှု့ကိုလည်း သိသွားမယ် ဒေသအလိုက်မတူညီတဲ့ စကားလုံး အသုံးအနှုံးကိုလည်း သိလာမယ် ဘာပဲဖြစ်ဖြစ်ကောင်းပါတယ် အတုယူမှားစရာ အကြောင်းအရာ တစ်ခုမှမပါပါဘူးလေ။ ဘာသာပြန်ပုံပြင်တွေ အများကြီးတွေ့မိတယ် တကယ်တော့ ဒါတွေဟာ ဒုတိယဦးစာ​းပေးတွေပါ စင်ဒရဲလားမသိလို့လည်း ဘာမှမဖြစ်ပါဘူး တစ်ထောင့်တစ်ညလို ကုလားပုံပြင်လည်း မသိချင်နေပါစေဦး ဗမာပုံပြင်တော့ သိသင့်ပါတယ်လေ။ ဘာပဲဖြစ်ဖြစ် ကျောင်းကန်အနီးမှ မြန်မာပုံပြင်များကို ပြန်ဖတ်ခွင့်ရတာကိုပဲ ဝမ်းသာလှပါတယ်။