ဒိုဂျိုသို့အလည်တစ်ခေါက်

မန္တလေးကိုခဏပြန်ရောက်တော့ အိုက်ကီဒိုသင်တန်းကို အရောက်မဖြစ် ရောက်ပါတယ် သွားခဲ့တာနှစ်တွေကြာခဲ့တော့ တစ်ချိန်က ကိုယ်သင်ပေးခဲ့တဲ့ သင်တန်းသားတွေကိုပဲ လက်ထောက်ဆရာတွေ ဖြစ်နေကြပြီပေါ့ တစ်ညပဲနေမှာဖြစ်လို့ မတွေ့လိုက်ရဘူး ဖြစ်မှာစိုးရိမ်လို့ ဆက်သွယ်လို့ရသမျှ သင်တန်းသားတွေကို မန္တလေးမသွားခင် အရင်ဆုံးဆက်သွယ်ရတယ်။ ညနေပိုင်းရောက်တော့ ဝတ်စုံလေးအိပ်ထဲထည့်ပြီး သင်တန်းဘက်ထွက်လာခဲ့တယ် သင်တန်းရှေ့ဆိုင်ကယ်ရပ်မိတော့ သင်တန်းထဲကနေ သင်တန်းသားတွေက ဆရာဆိုပြီးဝိုင်းနှုတ်ဆက်ကြတယ်။ မြင်ဖူးတဲ့လူရော မမြင်ဖူးတဲ့လူရော ရှိသမျှလူအကုန် ဆရာခေါ်နေကြတော့ ကိုယ်မရှိတော့ပေမယ့် အမှတ်တရရှိနေကြသေးတဲ့အတွက် အတိုင်းမသိဝမ်းသာမိတယ်။

သင်တန်းကတော့ အရင်လိုပဲမှောင်မှောင်မဲမဲ ဖုန်တစ်လုံးလုံး သဲတစ်လျှပ်လျှပ်နဲ့ပေါ့ ဒါပေမယ့် ဒီနေရာကိုပြန်ရောက်လာဖို့ မျှော်လင့်ခဲ့မိတာ နှစ်အတော်ကြာတဲ့အထိ ပြန်မရောက်နိုင်ခဲ့ဘူး ပြန်ရောက်လာတော့ အရင်လိုပဲ စိတ်အင်အားတွေ ပေးနိုင်နေတုံးပါပဲ။ အင်္ကျီလဲလိုက်ဦးမယ်ဗျဆိုတော့ သင်တန်းသားတွေက ဆရာက ကစားဦးမှာလားဆိုတော့ မကစားပဲနဲ့သင်တန်းကို ဘာလုပ်ဖို့လာခဲ့မလဲ နောက်ပြီးတော့ အင်မတန်ဝန်ကျယ်တဲ့ သင်တန်းဝတ်စုံတွေကို မိုင်ထောင်ချီ ခရီးအဝေးကြီးဘာဖြစ်လို့ သယ်ခဲ့ဦးမှာလဲလို့ မေးချင်မိတော့တယ်။ မိုးယိုနေတော့ ဗွက်တွေနဲ့ဆရာ့ အင်္ကျီပေမယ်ဆိုတော့ အရင်လည်းဒီလိုပဲ စုတ်စုတ်ပြတ်ပြတ် ကစားတာပါပဲဗျာလို့ ပြန်ပြောချင်မိတော့တယ်။ ဆရာကြီးကတော့ ရန်ကုန်သွားနေလို့ သင်တန်းမှာမရှိ ဒါပေမယ့်ကိုယ့်ကို သင်ပေးခဲ့ဖူးတဲ့ လက်ထောက်ဆရာရှိနေတယ် တွေ့လိုက်တော့ ဆရာလို့ ဝမ်းသာအားရခေါ်ပြီးတော့ အလေးပြုလိုက်မိတယ်။

ဆရာကခြေထောက် ဒဏ်ရာရထားလို့ ခင်ဗျားရောက်တာအတော်ပဲ သင်တန်းဒီနေ့အတန်းကို ခင်ဗျားကိုင်ပေးဆိုလို့ တစ်ရက်တာဝန်ယူလိုက်တယ်။ သင်တန်းသားတွေကို အားလုံးကျွမ်းထိုးကြမယ်ဆိုပြီး နမူနာထိုးပြလိုက်တော့ မိုးရွာထားလို့အခင်းတွေပေနေလို့ ကျောမှာတံဆိပ်နှိပ်ပြီးသား အမှတ်တရဖြစ်သွားတယ်။ ပြီးတော့ ဂျူနီယာတွေနဲ့ စီနီယာတွေကို တစ်ဝက်စီခွဲပြီး အခြေအနေကြည့်ပြီးတော့ သင်လို့ရမယ့်ဟာတွေ သင်ပေးခဲ့မိတယ် ကြမ်းကြမ်းတမ်းတမ်းကစားတာတွေကို နည်းစနစ်အဆင်ပြေနေရင် မပြင်ပေးမိတော့ဘူး ဖြစ်စေချင်တာက ဝုန်းကနဲပြုတ်ကျသွားမည့်အစား ငြင်ငြင်သာသာပဲ လိမ့်ထွက်သွားစေချင်ပေမယ့် တစ်ညနဲ့တော့ ပြင်မပေးနိုင်မှန်းသဘောပေါက်လို့ မပြင်ခဲ့မိတော့ဘူး။

သင်တန်းပြီးတော့ သင်တန်းသားတွေက ထမင်းကျွေးမယ်ဆရာဆိုလို့ အကင်ဆိုင်ကိုရောက်ဖြစ်တယ် စကားမပြောဖြစ်တာကြာလို့ ရှေးဟောင်းနှောင်းဖြစ်တွေပြော ရယ်လိုက်မောလိုက် လက်ဘက်ရည်ဆိုင်နဲ့ အကင်ဆိုင်ပဲကွာခြားတယ် လွန်ခဲ့တဲ့သုံးလေးနှစ်ကို ပြန်ရောက်သလိုပဲ ခံစားမိတော့တယ်။ သင်တန်းသားတွေကလည်း ကိုယ့်တော့လူငယ်လည်းဖြစ်နေတော့ သူငယ်ချင်းလိုပဲဖြစ်နေတယ် သူတို့ရဲ့သင်တန်း ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ပြောပြကြပါတယ် ကိုယ်လည်းနားထောင်ပြီး အကြံပေးနိုင်တာပေးရတယ်။ တကယ်တော့ တာဝန်တွေပိုလာတာပါ ကိုယ်တိုင်က အိုက်ကီဒိုကိုပဲလေ့လာမယ် သင်တန်းပြဿနာတွေ အဖွဲ့အစည်းအစွဲအလမ်းတွေ မထားဘူးလို့ဆုံးဖြတ်ထားပေမယ့် ကိုယ့်သင်တန်းကိစ္စတော့ ပါသင့်ပါသေးတယ်လို့ ချို့ယွင်းချက်စာရင်းမှာ ထည့်ထားပြီး ကူရှင်းပေးပါ့မယ်လို့ ကတိပေးခဲ့မိတယ်။ အချိန်တန်တော့ လူစုခွဲခဲ့ကြပြန်တယ် သင်တန်းသားတစ်ယောက်က အိမ်လိုက်ခဲ့မယ်ဆိုလို့ အိမ်ကိုခေါ်ခဲ့ပြီးတော့ ကိုယ်အနှစ်နှစ်အလလ ခိုးထားခဲ့တဲ့ အိုက်ကီဒိုဗီဒီယိုတွေကို ကူးထည့်ပေးလိုက်တယ် ကိုယ်မရှိပေမယ့် သူတို့အတွက် အထောက်အကူတစ်ခု ဖြစ်နိုင်မယ်ဆိုရင်ပဲ အတော်လေးဝမ်းသာမိမယ်ထင်ပါတယ်။

Yudansha

အိုက်ကိဒိုစာမေးပွဲဆိုတာနဲ့ ဝေးနေခဲ့တာအနည်းဆုံး ၄ နှစ်လောက်ရှိခဲ့ပါပြီ။ တကယ်တော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဖြေခဲ့ရမယ့်စာမေးပွဲပါ စစ်မယ့်ဆရာနဲ့ဖြေမယ့်လူ အကြောင်းကြောင်းကြောင့် မဖြေဖြစ်ခဲ့တော့ပဲ ရပ်တန့်ခဲ့တာ အချိန်တွေအတော် ကျော်သွားတယ် တစ်ခြားနိုင်ငံတစ်ခုကို ထွက်လာခဲ့လိုက်တယ်။ ဒါပေမယ့် အဆင့်ဆိုတာကို ခေါင်းထဲမထည့်လို့ အိုက်ကိဒိုကိုတော့ မရပ်တန့်ခဲ့ပါဘူး ဒီကြားထဲကနှစ်တွေမှာ အခက်အခဲအမျိုးမျိုးနဲ့ ရုန်းကန်ရလည်း အိုက်ကိဒိုကို မရပ်တန့်စေခဲ့ဘူး။ ဝင်ငွေမရတဲ့အလုပ်ကို အချိန်တစ်ခုပုံမှန်ပေးပြီး လုပ်ယူရတာ အချိန်ကိုငွေနဲ့တိုင်းတာတဲ့ အရပ်ဒေသမှာတော့ တကယ်ကခက်ခဲလွန်းပါတယ်။ ဒီလိုနဲ့ပဲအချိန် ၃ နှစ်လောက်လွန်လာခဲ့တယ်။

ဆရာတွေမှာလည်း အမျိုးမျိုးရှိတယ် တစ်ချိန်ကသူတို့ ဖြတ်သမ်းခဲ့တဲ့လမ်းလို မဖြစ်စေလိုတဲ့ဆရာရှိသလို ဖြစ်စေလိုတဲ့ဆရာလည်းရှိတယ်။ လက်ရှိဆရာက မင်းစာမေးပွဲဖြေဖို့စဉ်စားပါတော့လို့ အကြံပေးတယ်။ မဖြေပါရစေနဲ့တော့ စာမေးပွဲလည်း စိတ်မဝင်စားတော့သလို အဆင့်ဆိုတာလည်း ကျွန်တော့်အတွက်တော့ ဘာမှခံစားချက် မရှိတော့ပါဘူး ကျွန်တော် ဘယ်နိုင်ငံရောက်ရောက် လက်ရှိအဆင့်ထက် ဘယ်သူမှနှိမ်လို့မရနိုင်ဘူးလို့ ပြောမိတယ်။ ဆရာကလည်း ကိုယ့်အကြောင်းသိနေတော့ မလိုချင်တာငါနားလည်တယ် ငါလည်းမင်းဘယ်အဆင့်ဖြစ်ဖြစ် ငါ့တပည့်ပါပဲလို့နားလည်တယ် ဒါပေမယ့် မင်းကိုငါဖြစ်ခဲ့သလို မဖြစ်စေချင်ဘူးလို့ သူ့အကြောင်းကိုပြောပြတယ်။

ငါအိုက်ကိဒိုစပြီးကစားတော့ ၁၉၆၂ ခုနှစ်မှာစခဲ့တယ် ဒါပေမယ့် ငါဘယ်တော့မှ ငါ့ဆရာကိုစာမေးပွဲ ဖြေပါရစေလို့မပြောဖူးဘူး ဆရာကမင်းဖြေလို့ပြောတဲ့အချိန်မှသာ ဝင်ဖြေပါတယ်လို့ ဆရာကပြောပြတယ်။ ဒါပေမယ့် ငါ Yudansha ပထမဆင့်ကို ရတာက ၁၉၇၇ ခုနှစ်မှရခဲ့တယ် အဲဒီ့အချိန်မှာ တစ်ချိန်က ငါသင်ခဲ့တဲ့တပည့်တောင် ဒုတိယအဆင့် ရောက်တဲ့လူကရောက်နေပြီလို့ ပြောပြပါတယ်။ ဒီလိုနဲ့ဒုတိယအဆင့် စာမေးပွဲလည်းငါမဖြေဖြစ်ပြန်ပဲ အချိန်တွေအတော်ကြာခဲ့ပြန်တယ် ၁၉၈၇ နှစ်ရောက်မှ Fujita Shihan နဲ့တွေ့လို့ Shihan ကြီးကမနေနိုင်လို့ တတိယအဆင့်ကို ကျော်ပြီးပေးခဲ့ရတယ်လို့ပြောပြတယ်။ နောက်လည်းစာမေးပွဲကို ကရုမစိုက်ပြန်ဘူး ၂၀၀၂ ခုနှစ်မှ ပဉ္စမအဆင့်ကို ကျော်ပြီးရောက်ခဲ့ပြန်တယ်။ ၂၀၁၀ မှာတော့ ဆဋ္ဌမအဆင့်ကိုရခဲ့တယ်။

စာမေးပွဲအတွက် ငါလည်းကရုမစိုက်ခဲ့ပါဘူး အချိန်တန်လို့ ထိုက်တန်တဲ့အချိန် မရမရှိဘူးမလိုချင်လည်း ရမှာပါလို့ ငါလည်းလက်ခံခဲ့တာပါလို့ ဆရာကပြောပါတယ်။ ဒါပေမယ့် ငါ့ရဲ့တတိယအဆင့်နဲ့ ပဉ္စမအဆင့်ကြားမှာ ခံပြင်းစရာအတော်များများ ရှိခဲ့တယ်လို့ပြောပြတယ်။ ငါသင်ပေးခဲ့တဲ့ တပည့်တွေကို စတုတ္ထအဆင့်ရောက်နေပြီ အဲဒါကိုငါဘယ်လိုမှ မခံစားရပါဘူး ဒါပေမယ့် တစ်ယောက်က ပြိုင်ဘက်လိုသဘောထားလာတယ် စော်စော်ကားကား အပြုအမူတွေလုပ်လာတယ် ငါ့ကိုဘယ်သူမှ ရိုသေစရာမလိုပါဘူး ဒါပေမယ့် အလကားနေရင် စော်စော်ကားကားလုပ်ခွင့်မရှိဘူး ဒါတွေဟာခံပြင်းစရာတွေပါလို့ ပြောပြပါတယ်။ ငါ့အကြောင်းကို လူတိုင်းသိသလို သူငါ့ထက်ပိုတော်လို့ မဟုတ်မှန်းလည်း လူတိုင်းသိတယ် ဒါပေမယ့် စာရွက်ထဲကနံပါတ်က ငါ့ထက်များနေတယ်လို့ ပြောပြာပါတယ်။

မင်းကတော့ငါ့လို ဒီအလုပ်လုပ်စားမယ့်လူမဟုတ်ဘူး ဒါပေမယ့်မင်းနောက်က လူတွေအခုတော့မင်းရဲ့ ဘယ်ဘက်ဘေးမှာတန်းစီတယ် မင်းရပ်နေရင် မင်းရဲ့ညာဘက်ကိုရောက်မယ် ငါ့ဆီမှာတော့ ငါ့လိုအဖြစ်မျိုးတွေထပ်ပြီးတော့ အဖြစ်မခံသင့်ဘူး မင်းဖြေကိုဖြေရမယ် တစ်ချိန်ကမင်း ဘာလို့မဖြေခဲ့သလဲဆိုတာ ငါ့ကိုမင်းမပြောဖူးဘူး ဒါပေမယ့် ငါခန့်မှန်းလို့ရပါတယ် ဘာကိုမှစိတ်ထဲမထားနဲ့ အကုန်မေ့လိုက်ပါ ငါ့ဆီရောက်ရင် ငါ့တပည့်ပဲ ဘာတစ်ခုမှခွဲခြားမှု့မဖြစ်စေရဘူး မင်းလည်းဖြေချိန်ကို ရောက်တာမဟုတ်ဘူး အချိန်တွေကျော်နေပါပြီလို့ ပြောလာခဲ့တယ်။

ဘာတွေပြင်ဆင်ဖို့လိုမလဲစဉ်းစား လိုအပ်တာငါ့ကိုပြော လေ့ကျင့်ဖို့လူလိုရင်လည်း ငါပြောပေးမယ်ပြောတော့ ကိုယ်လည်းဖြေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ လွန်သွားတဲ့အချိန်တွေဟာ ကျွန်တော့်အတွက်တော့ အကောင်းဆုံးပြင်ဆင်ချိန်တွေပါ ဘာမှထူးပြီးမလိုအပ်ပါဘူးလို့ ဆရာ့ကိုပြောပြီး စာမေးပွဲဝင်ဖြေတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတော့ လိုချင်စိတ်ရှိနေခဲ့သေးတယ် အနည်းနဲ့အများ စိတ်လှုပ်ရှားမှု့ရှိနေတယ်။ အခုအချိန်မှာတော့ လိုချင်စိတ်လည်းမရှိလို့ ကျသွားမယ်လို့ စိုးရိမ်စိတ်မရှိဘူး။ ကိုယ့်ရဲ့လှုပ်ရှားမှု့ နည်းစနစ်ကိုလည်း ပူပန်မှု့မရှိဘူး ချောချောမောမောပဲ စာမေးပွဲပြီးသွားပါတယ်။

အောင်စာရင်းဟာ ထုံးစံအရ ၇ ရက်လောက်ခွာပြီးမှ ကြေငြာလေ့ရှိပါတယ် ဒါပေမယ့် Yudansha အဆင့်ဖြစ်တဲ့အတွက် အောင်လက်မှတ်ဟာ Japan Aikikai ကနေယူပေးရမှာဖြစ်လို့ ဆရာ့ဆီကနေ အောင်လက်မှတ်မှာ နာမည်ကိုဂျပန်လို ရေးရမှာဖြစ်လို့ အရင်လက်မှတ်မှာ ရေးထားတဲ့စကားလုံးအတိုင်း ရေးပြီးပြန်ပို့ပေးပါလို့ အီးမေးရောက်တဲ့အတွက် အောင်မြင်ကြောင်း ကြိုသိလိုက်ရပါတယ်။ မန္တလေးသင်တန်းက လက်ရင်းဆရာကိုလည်း ဖုန်းဆက်ပြီးတော့ အကြောင်းကြားလိုက်တယ် ဆရာလည်း တပည့်တစ်ယောက် Yudansha ရရှိကြောင်းကြားတော့ အတော်ကိုဝမ်းသာပါတယ်။ ဆရာဆိုတာထက် ဦးလေးလို အဖေလိုဖြစ်နေခဲ့တဲ့ လူတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကိုယ့်ကိုဖြစ်စေချင်ခဲ့တဲ့လူ Yudansha မဖြစ်သွားခဲ့လို့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့တယ်။ အခုတော့သူလည်း ဝမ်းသာနိုင်ပြီပေါ့လေ။

စာကြွင်း။ ။ Yudansha စာမေးပွဲမှာ မအားမလပ်ပဲ တစ်ဦးတည်းသော ရည်းစားရဲ့အငြိုအငြင်ကိုခံပြီး ဓာတ်ပုံလိုက်ရိုက်ပေးသော ညီငယ် ဖြိုးမော် ကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ အားပေးတဲ့ ပရိတ်သတ်အဖြစ် လာရောက်အားပေးတဲ့ သူငယ်ချင်း ခွန်သာထက် တို့ ဇနီးမောင်နှံကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ မအားမလပ်လို့ မလာရောက်နိုင်ပေမယ့် သတိတရ စာမေးပွဲသတင်းကို မေးလာတဲ့ ကိုကိုဒီဘီ ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း။

ချော်လဲခဲ့ရုံလေးပါ


ဂျူဒိုကစားတုံးက ကိုက်ပေါက်တာမှာ အကျမမှန်လို့ ခြေကျင်းဝတ် အဆစ်ပြုတ်သွားလို့ ကျောက်ပတ်တီးစီးခဲ့ရတယ်။ ကရာတေးသင်တန်းမှာ ကစားရင်းနဲ့ လက်သီးနဲ့ထိုးခံရလို့ မျက်ကွင်းညိုပြီး ပြန်လာရတာလည်း အခါခါပါ သူများကိုကန်လိုက်တာ ခြေချောင်းလေးတွေ ချိုးတာမမှန်လို့ ခြေမနဲ့ကန်မိတာ သူလည်းမှောက်ကိုယ်လည်း ခြေမအဆစ်ပြုတ်လို့ ဆေးခန်းရောက်ဖူးတယ်။ အမေကတော့ ဒဏ်ရာရလာတိုင်း မကစားဖို့ကန့်ကွက်ဖို့ အခွင့်ကောင်းရသလိုပဲ ဝမ်းသာပုံရတယ် အဖေကတော့ ဒဏ်ရာရလာတိုင်း မဆူပေမယ့် အထိုးခံရ အကန်ခံရလို့ ဒဏ်ဖြစ်လာရင်တော့ ညံ့ရပါ့မလားဆိုပြီး အမြဲဆူပါတယ်။ ဘာလုပ်ဖို့ အနာခံသလဲ ကစားနေသလဲဆိုရင် ဘာကြောင့်လို့ အကြောင်းပြရမှန်းမသိဘူး ဝါသနာပါလို့ကစားတာပါ ပြောမယ်ဆို ရန်ဖြစ်စရာလည်း မရှိခဲ့သလို ရန်သူဆိုတာလည်း ရှိတဲ့လူမဟုတ်ဘူး ဘာပဲဖြစ်ဖြစ် အမြဲသည်းခံတတ်တယ်။

ဂျူဒိုစပြီး လေ့ကျင့်တော့ အသက်က ၁၄ နှစ်ရှိပြီ အောက်ကိုပြုတ်ကျရင် ခေါင်းနဲ့မြက်ဖျာနဲ့ မရိုက်မိဖို့ ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ခေါင်းကို ဆွဲပြီးထားရတယ် လေ့ကျင့်ကာစက မနက်မိုးလင်း လည်ပင်းကြောတွေနာလွန်းလို့ တစ်ပါတ်လောက် မနက်မိုးလင်း အိပ်ယာထရင် ခေါင်းကိုခေါင်းအုံးပေါ်က မြောက်အောင် မထနိုင်လို့ လက်နဲ့ထောက်ထရတယ်။ အာကီဒိုကစားတော့ သင်တန်းကဆင်းရဲလှတယ် မြက်ဖျာမဝယ်နိုင်လို့ ရာဘာပြားတွေခင်းထားရတယ် အလွန်ဆုံးထူမှ လက်မဝက်ပဲရှိတယ် ပြင်းပြင်းထန်ထန် ကိုင်ပေါက်ကြပြီဆိုရင် မြေပြင်နဲ့သိပ်မခြားနားဘူး။ ဘာမှမခင်းတဲ့ မြေပေါ်မှာလည်း ကစားခဲ့ရဖူးတယ် အကျမမှန်လို့ ဒဏ်ရာလည်း ခဏခဏရတယ်။

ဒီနေ့နေ့လည် မိုးလေးတစ်ဖွဲဖွဲရွာနေတယ် ဖိနပ်ကလည်း ကွန်းဗက်ဖိနပ် ပွိုင်မပါတဲ့ပြောင်ပဲ စီးထားမိတယ်။ ကော်ရီဒါတစ်လျောက် လမ်းလျောက်လာရင်း လှေကားအဆင်း အောက်ဆုံးအထစ်မှာ ရေနဲ့ချော်လဲတယ် တစ်ကိုယ်လုံး ခြေလွတ်လက်လွတ် မြောက်တက်သွားတယ် အလေ့အကျင့်ဖြစ်နေလို့ ပြန်ကျတော့လူက တစ်စောင်းအနေထားနဲ့ ကျလာတယ် လက်ဝါးတစ်ဘက်က လူအောက်မကျခင် ကြမ်းပြင်ကိုရိုက်မိတယ် ခေါင်းကဆွဲထားမိတယ် ခြေထောက်လည်း မြေပေါ်မှာကျရင် ခြေမျက်စေ့နဲ့ မရိုက်မိအောင် သတိထားကျင့်မပျက်ဘူး။ ဘာပဲဖြစ်ဖြစ် ကျလိုက်တော့ အောက်က အင်္ဂတေဖြစ်နေတော့ အတော်လေးနာပါတယ် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ရတယ် ကျိုးပဲသွားသလား သွေးထွက်နေသလား ကံအားလျော်စွာ ဘာမှမဖြစ်ဘူး စိတ်လျော့လိုက်ပြီး ခေါင်းကိုအသာချလိုက်မှ အောက်ဆုံးလှေကားထစ်ဟာ ခေါင်းအောက်မှာ အလွန်ဆုံးကွာမှ ၂ လက်မသာသာလေးပါ။

ညာဘက်လက်ဝါးကတော့ အင်္ဂတေကိုရိုက်လိုက်ရလို့ ယောင်ပြီးနာနေတယ် မြေပေါ်မှာကျရရင် ခြေမျက်စေ့နဲ့ရိုက်တတ်လို့ သတိထားကျင့်က ဒီတစ်ခါတော့ ခြေမျက်စေ့ဘာမှမဖြစ်အောင် သတိထားမိသွားတယ် ကျန်တာတော့ လဲထားလို့နည်းနည်း နာတာကလွဲရင် ထွေထွေထူးထူးဘာမှ မဖြစ်ပါဘူးလေ။ သာမန်အနေအထားသာဆိုရင် နောက်စေ့နဲ့ လှေကားထစ်ဟာ အပြင်းအထန်ရိုက်မိပါပြီ။ ငယ်ကတည်းက အနာခံခဲ့တာတွေ ဒီလိုဖြစ်မယ်တော့ မရည်မှန်းခဲ့ပါဘူး ဒါပေမယ့် အသက်အန္တရာယ်တော့ မဖြစ်ခဲ့တော့ဘူးပေါ့။ တစ်သက်မှာ တစ်ခါအသုံးကျချင်လည်းကျမယ် မကျချင်လည်းမကျဘူးလို့ အမြဲမှတ်ယူပြီးဝါသနာအရ လေ့ကျင့်ခဲ့တာပါ ဓားပြလည်း အတိုက်ခံရတာမဟုတ်ပါဘူး ဘယ်သူကမှလည်း ဓားနဲ့ထိုးတာ မဟုတ်ပါဘူး ချော်လဲခဲ့ရုံလေးပါ ဒါပေမယ့် အသက်အန္တရယ်မဖြစ်အောင် အသုံးကျသွားခဲ့တယ်။