16
Jul 10

Myanmar Scripts and TeX

LaTeX နဲ့စာရေးနေကျဆိုပေမယ့် ဗမာစာတော့ LaTeX နဲ့တစ်ခုမှ စမ်းမကြည့်မိဘူး။ တစ်ခါက ကိုရဲထက်လာပြောတုံးက စမ်းကြည့်မယ်ဆိုတာ တစ်ခါမှမစမ်းဖြစ်ဘူး။ အားတုံးစိတ်ကူးပေါက်လို့ စမ်းကြည့်တော့ LaTeX မှာက CJK တော့ရပါတယ် Unicode Character တွေအလုပ်မလုပ်ဘူး ဖြစ်နေတယ်။ ထပ်ရှာကြည့်မှ LaTeX မှာက Font ကအလွယ်တစ်ကူ ပြောင်းလို့မရဘူး SIL ကနေထုတ်ပေးတဲ့ XeLaTeX မှာတော့ Unicode တွေကို Support လုပ်ပါတယ်။ ဒီတော့ Unicode Character တွေသုံးချင်ရင် XeLaTeX ကိုသုံးပြီး Compile လုပ်မှပဲရပါတယ်။ MikTeX 2.7 ကနေစပြီးတော့ XeLaTeX ကတစ်ခါတည်း ပါလာပါတယ် အဲဒီတော့ ဘာမှတော့ထွေထွေထူးထူး ထပ်သွင်းစရာတော့မလိုပါဘူး။

လူသုံးအများဆုံး WinEdt ကတော့ Unicode Character တွေရေးလို့မရတော့ ဘယ်လိုမှသုံးလို့မဖြစ်ပါဘူး။ လိုက်စမ်းကြည့်လိုက်တော့ TeXworks ကတော့ Unicode Character တွေရေးလို့ရပါတယ် စမ်းပြီးတော့ ဗမာစာကိုရေးကြည့်လိုက်တော့ သူ့ Editor က Render မှန်အောင် မလုပ်ပေးနိုင်ပါဘူး။ ဒီတော့မတတ်နိုင်ဘူးဆိုပြီး Notepad မှာပဲရေးရပါတယ်။ သုံးတာကလွယ်ပါတယ် LaTeX လိုပါပဲ \usepackage{fontspec} ဆိုတဲ့ Package တစ်ခုကြေငြာပေးရမယ် အဲဒါဆိုရင်သုံးလို့ရပါပြီ။

သုံးကြည့်တော့ ပထမဆုံးပြဿနာက \fontspec{Myanmar3} နဲ့စမ်းကြည့်ရာမှာ ဗမာစာတွေက Render မလုပ်ပါဘူး အဲဒါနဲ့ Padauk, Yunghkio ပြောင်းကြည့်ပါတယ် ဒါလည်းအလုပ်လုပ်ပါဘူး။ ဇော်ဂျီနဲ့စမ်းကြည့်တော့ စကားလုံးက Render မပါတော့အလုပ်လုပ်ပါတယ်။ ဖတ်ကြည့်တော့ မူရင်းက Mac မှာစခဲ့တော့ AAT ကြောင့်လို့ထင်မိတယ် ဒါပေမယ့် OpenType လည်း အပြည့်အဝရတယ်ဆိုတော့ Render မလုပ်တာကို အခဲမကျေတော့ fontspec manaul ကိုအစအဆုံးဖတ်ပါတယ် ဒီတော့မှသူက OpenType မှာဆိုရင် Script ကိုအတိအကျ ဘယ် Script တွေသုံးမယ်ဆိုတာ ပြောရမယ်ဆိုတာပါပါတယ် ဒီတော့မှ \fontspec[Script=Myanmar]{Myanmar3} လိုထည့်လိုက်တော့ XeLaTeX Compiler ရပ်ကိုသွားပါတယ်။

တစ်ခြား Font တွေပြောင်းကြည့်ပါတယ် Script=Myanmar လိုပြောထားရင် အဆင်ပြေပါတယ် Padauk, Yunghkio, Parabaik, Ayar, Zawgyi စမ်းပြောင်းကြည့်တော့ အကုန်အလုပ်လုပ်ပါတယ်။ ဗမာစာတင်အားမရလို့ ရှမ်းလိုလည်းစမ်းကြည့်ပါတယ်။ ရလဒ်ကတော့ Myanmar 3 and Parabaik ကအလုပ်မလုပ်ပါဘူး။ Parabaik ကတော့စာပေါ်ပေမယ့် Render မလုပ်ပါဘူး။ ဗမာစကားလုံးတွေကတော့ Zawgyi and Ayar က Unicode Standard အပြည့်မဟုတ်လို့ လွဲနေတာကလွဲရင် Font အနေနဲ့က အားလုံးအလုပ်လုပ်ပါတယ်။ ရှမ်းစာကတော့ အငြင်းအခုန်မရှိပဲ Standard အတိုင်းရှိတဲ့အတွက် Font အားလုံးနီးနီးမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပါတယ်။ ရှမ်းစာကတော့ ကိုယ်လည်းမရေးတတ်တော့ သူငယ်ချင်းရဲ့ Web Site ကနေကူးထည့်ထားတာပါ။ အခြားသောစာများဖြစ်တဲ့ မွန်နဲ့ ကရင်ကတော့ ဘယ်နားသွားရှာရမှန်းမသိလို့ ထည့်စမ်းမကြည့်မိပါဘူး။

စမ်းထားတဲ့နမူနာများ ကြည့်ချင်ရင်တော့ အောက်မှာပဲယူကြည့်ကြပါတော့ မူရင်း TeX File ရယ် Output ကတော့ pdf ကိုပေးထားပါတယ်။

Myanmar Scripts XeLaTeX

11
Jul 10

Where am I?

တစ်ခါတစ်ရံတော့ အရာအားလုံးကို ခြုံငုံကြည့်မှ မိမိထမ်းဆောင်နေတဲ့ အလုပ်ဟာဘယ်လောက် သေးငယ်တယ် ကြီးမားတယ် ကိုယ့်ထက်အဆင့်မြင့် အနိမ့်မြင်ရတတ်ပါတယ်။ စိတ်ကူးပေါက်လို့ Design Pattern တွေပြန်ဖတ်ရင်း စာအုပ်အသစ်တစ်အုပ်မှာ သဘောကျစရာ သရုပ်ပြပုံတစ်ပုံတွေ့မိတယ်။ Software Industry ကလူတစ်ယောက်အဖို့ ပုံထဲမှာကိုယ်ဘယ်နေရာမှာ ရောက်နေသလဲဆိုတာကို တစ်ချက်ရှာကြည့်ရင်း မိမိရဲ့အဆင့်အတန်း အနိမ့်အမြင့်ကို သုံးသပ်နိုင်ပါလိမ့်မယ်။ မိမိရဲ့လက်ရှိကြိုးစားမှု့က ကိုယ်ရောက်နေတဲ့ နေရာရဲ့အထက်အလွှာမှာ ပြသထားတဲ့ အကြောင်းအရာတွေကို မြင်တတ်ဖို့ကြိုးစားနေတာ မဟုတ်ရင်တော့ လှေကားထောင်နေတာမဟုတ်ပဲ ကျင်းတူးနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

2
Jul 10

ဗဟုသုတကျူရှင်

မေးခွန်းများ မေးလိုက်ကြတယ် တစ်ယောက်တစ်ပေါက် ဖြေလိုက်ရတာလည်း အာကိုပေါက်လို့ ဒီစာဖတ်လေလို့ညွှန်းတော့ အတွန့်တက်တယ် သင်ပေးဆိုပဲ။ ပြန်စဥ်းစားတယ် တစ်သက်လုံး ကိုယ့်ဟာကိုယ်လုပ်လာတဲ့အလုပ် ဘယ်သူမှလာမသင်ဖူးဘူး အဲဒီ့အလုပ်မျိုး သင်ပေးဆိုတာ အတော်လေးကို လက်ပေါက်ကပ်တဲ့အလုပ်လို့ ပြောရမယ်။ သင်ပေးမှ တတ်မယ်ဆိုရင်တော့ အပေါ်က ကာတွန်းလိုပဲ ခဲတံအချွန်သင်မယ် လူတစ်ယောက် စက်တစ်လုံး :P

21
Jun 10

သွားတိုက်တံရှာပုံတော်

သွားတိုက်တံတစ်ချောင်းကို ၄ လထက်ပိုသုံးရင် မကောင်းဘူးဆိုလား ကြားတော့ကြားဖူးတယ် ဘယ်သူပြောမှန်းလည်း မမှတ်မိတော့ဘူး အဲဒါနဲ့ ၃-၄ နေလိုက် သွားတိုက်တန် အသစ်လဲလိုက်နဲ့ အိမ်ကတည်းက ပါလာတဲ့သွားတိုက်တံတွေ ကုန်သွားလေတော့တယ်။ သွားတိုက်တံဝယ်မယ်ပေါ့ ဘယ်တော့မှကရုစိုက်မကြည့်မိတဲ့ သွားတိုက်တံရောင်းတဲ့ အတန်းဘက်ရောက်တယ်။

လိုက်ကြည့်လိုက်တော့ အလိုဗျာ များပြားလိုက်တဲ့ သွားတိုက်တံတွေ ဓာတ်ခဲထည့်တိုက်ရတဲ့ သွားတိုက်တံ မဖြစ်သေးပါဘူး သွားတိုက်တာ ၅ မိနစ်လောက်အတွက်တော့ လက်လှုပ်နိုင်ပါတယ် ဓာတ်ခဲတော့မလိုသေးဘူး ထင်မိပါသေးတယ် သွားတိုက်တော့ မော်တာနဲ့လည်ပြီးတိုက်တော့ ဆရာဝန်ပြောသလို အထက်အောက် ဘယ်လိုမှတိုက်လို့ မဖြစ်လောက်ဘူးထင်တယ်။ သွားတိုက်ရင်း ဓာတ်ခဲကုန်သွားရင် ဘယ်လိုများ ဆက်တိုက်လို့ရသလဲတော့ အသေအချာမလေ့လာခဲ့မိဘူး။

လက်ကိုင်ကလည်း အမျိုးမျိုးတွေ့သဗျာ လက်ကိုင်တုတ်လေ စျေးနည်းနည်းပိုကြီးလေထင်တယ် စာဖတ်ကြည့်တော့ လက်ကိုင်က ချော်မထွက်အောင် ဒီဇိုင်းလုပ်ထားတယ်ဆိုပဲ စဥ်းတော့စဥ်းစားကြည့်ပါတယ် သွားတိုက်တာလား ကြမ်းတိုက်တာလားလို့ သွားတိုက်တံကို ချော်ထွက်လောက်အောင် ဘယ်လောက်များ အင်တိုက်အားတိုက် သွားတိုက်ကြပါလိမ့်။

သွားတိုက်တံမှာ လက်ကိုင်ကအရှင်ဖြစ်ပြီးတော့ အဖျားကဘရပ်ကို ဖြုတ်လဲလို့ရတာလည်းရှိပြန်ရော လက်ကိုင်ကဘာများ ပိုကောင်းသလဲလို့ ကြည့်တော့ ဘာမှလည်းမထူးပါဘူး အဲဒါများဘာလို့ ဘရပ်ကိုဖြုတ်လဲလို့ရအောင် လုပ်ထားသလဲ စဥ်းစားလို့ကိုမရဘူး။ နောက်တစ်မျိုးက လက်ကိုင်မှာ ဘက်တီးရီးယား မတက်အောင် နည်းပညာနဲ့လုပ်ထားတယ်ဆိုပဲ လက်ကိုင်ကပါးစပ်ထဲမှ မထည့်တာပဲဟာ ပါးစပ်ထဲထည့်တဲ့ အဖျားပိုင်းကို မတက်အောင်ဘာလို့ မလုပ်သလဲစဥ်းစားလို့ လုံးဝမရဘူးဖြစ်လာတယ်။

လက်ကိုင်တွေ လိုက်ကြည့်တာ မူးလာတာနဲ့ သွားတိုက်တဲ့အပိုင်းပဲ ကြည့်တော့မယ်ဆိုတော့ နည်းနည်းပိုဆိုးလာတယ် တစ်ချို့ကလှိုင်းတွန့်ပုံဗျ ဘာလို့လဲဖတ်ကြည့်တော့ သွားကခပ်ခုံးခုံးဆိုတော့ တစ်ခါတည်း သွားမျက်နှာပြင်ကို အကုန်ထိအောင်ဆိုပဲ လှိုင်းတွန့်မှာက တစ်ချို့ကအလယ်ကချိုင့်ပြီး တစ်ချို့ကအလယ်က ဖောင်းပါတယ် အဲဒါလည်းမတူဘူးဆိုပဲ ဘာမတူမှန်းတော့ စဥ်းစားမရတော့ဘူး။

တစ်ချို့က သွားတိုက်တံကအမွှေးအပြင် ရာဘာအချောင်းသေးသေးတွေပါ ပါလာပြန်ရော အဲဒါတွေနဲ့ဆို သွားတိုက်ဆေး အမြုပ်ထွက်ပါ့မလား နည်းနည်းသံသယ ဖြစ်မိတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေအတွက်တော့ အဆင်ပြေလောက်တယ် ခဲတံနဲ့သွားကြားထိုးမိရင် သွားမှာခဲတံအရာတွေ ထင်နေမယ်မဟုတ်လား အဲဒါဆိုရင် ရာဘာချောင်းတွေက ခဲဖျက်လိုတော့ ပွတ်သွားမယ်ထင်တယ်။

သွားတိုက်တံ တစ်မျိုးချင်းယူကြည့်ရင်း မူးလာသလိုဖြစ်လာတယ် ဘယ်ဟာဝယ်ရမှန်းမသိတော့ဘူး မထူးပါဘူးဆိုပြီး မျက်စေ့မှိတ်ပြီး တစ်ခုဆွဲယူခဲ့လိုက်တယ် ငွေရှင်းခါနီးမှကြည့်မိတော့ သွားတိုက်တံအမွှေးတွေက အဖြောင့်ဗျလှိုင်းတွန့် မပါဘူးရယ် အဲဒါကိုသွားလဲရကောင်းနိုးနိုး ဖြစ်နေသေးတာ နောက်မှစဥ်းစားမိတယ် မဟုတ်လည်း လိုချင်တဲ့အတွန့်ပုံစံ အိမ်ရောက်မှ ကပ်ကြေးနဲ့တိလိုက်ရတာပဲဟာ ဆိုပြီးပြန်သွားမလဲတော့ပဲ လက်ထဲပါလာတာပဲ ဝယ်လာလိုက်တယ် အခုတော့ ကိုယ်သွားနဲ့အဆင်ပြေအောင် သွားတိုက်တံကို ဘယ်လိုပုံစံလေး ကပ်ကြေးနဲ့တိရင် ကောင်းမလဲစဥ်းစားနေရတယ်။

17
Jun 10

Post Frequency vs. Number of Visitors

ဘလော့ကိုလာတဲ့လူ များဖို့အတွက်ဆိုတာက ကိုယ်ရေးတဲ့စာအပေါ်မှာ အများကြီးမူတည်ပါတယ် ရေးထားတဲ့စာကို စိတ်ဝင်စားတဲ့လူများမှ လာတဲ့လူများမယ်လို့ ယူဆမိပါတယ် ဒါပေမယ့် ရေးတဲ့စာကောင်းပေမယ့် တစ်လနေလို့တစ်ခုလောက် ရေးပြန်ရင်လည်း လူကလာချင်မယ်မဟုတ်ဘူး လို့လည်းထင်မိပြန်တယ်။

ဒီနေ့မှ စိတ်ကူးပေါက်လို့ မစစ်တာကြာတာ့ Statistics တွေကိုပြန်စစ်ကြည့်မိပါတယ် ပြန်စစ်ကြည့်တော့ ဘလော့အခြေအနေက အတော်ဆိုးဝါးနေတာ တွေ့ရပါတယ်။ StatCounter ကမှတ်တမ်းအရက Page Loads, Unique Visitors, First Time Visitors and Returning Visitors ဆိုပြီးတော့ သူကလာသမျှကို စာရင်းကောက်ထားပေးပါတယ် ဒါပေမယ့် ကိန်းဂဏန်းတိုင်းတော့ မှန်နိုင်ပါဘူး ရေတွက်ပုံက IP နဲ့တွက်တာဆိုတော့ Dynamic IP တွေကပဲ များလေတော့ First Time နဲ့ Returning ဆိုတာက ကိန်းပဲရှိမယ် သိပ်ပြီးမှန်ဖို့မရှိပါဘူး။

Page Loads, Unique Visitors, First Time Visitors and Returning Visitors တွေကို ဒီနှစ်အစလောက်ကစပြီးတော့ တစ်ပါတ်စီရေတွက်ပြီးတော့ ဂရပ်ဆွဲကြည့်ပါတယ်။ ထွက်လာတဲ့ပုံအရဆိုရင်တော့ လူဝင်တဲ့အရေအတွက်ဟာ တက်တဲ့အခါတက် ကျတဲ့အခါကျနဲ့ ဖြစ်နေပြီးတော့ ယေဘုယျအားဖြင့် အကျဘက်ပဲရှိပါတယ်။

ဒါနဲ့စာရေးတဲ့ အရေအတွက်ကိုလည်း တစ်ချက်ပြန်စစ်ရပါတယ် ကိုယ်စာရေးတဲ့ ပမာဏဘယ်လောက်ရှိသလဲဆိုပြီး တစ်ပါတ်စီအခြေခံပြီး ရေတွက်ကြည့်လိုက်ပါတယ်။ ဒီနေရာမှာလည်း ထွက်လာတဲ့ပုံအရ စာရေးအားပမာဏအင်မတန် ကျဆင်းသွားပုံရပါတယ် အပါတ်စဥ် Post အရေအတွက်ဟာ အတက်ကိန်းမရှိပဲ အကျကိန်းပဲဦးတည်နေပါတယ်။

စာရေးတဲ့ ပမာဏနဲ့ လာလည်တဲ့လူအရေအတွက် အတက်အကျများ ဆက်စပ်မှု့ရှိမလားလို့ ထပ်ပြီးဆန်းစစ်ကြည့်မိပါတယ်။ ဒီနေရာမှာ Page Loads, Unique Visitors, First Time Visitors and Returning Visitors ထဲကဘယ်ဟာနဲ့ တိုင်းမလဲလို့ စဥ်းစားကြည့်တော့ သူတို့ရဲ့ Data ပုံစံတွေက ပြောမယ်ဆိုရင် အကုန်အတူတူပါပဲ ဒါကြောင့် တစ်ခုထဲကိုမသုံးတော့ပဲ အားလုံးကိုပဲ Average ယူလိုက်ပါတယ်။ နောက်ပြီးတော့ Post Count နဲ့ယှဥ်လို့လွယ်အောင် ပမာဏကိုလျော့ချချင်လို့ သုညတစ်လုံးလျော့အောင် လုပ်ထားလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ Linear ပုံစံနဲ့ ဆွဲကြည့်တဲ့နေရာမှာ Post Count ရော Average Visit ရောနှစ်ခုလုံးရဲ့ Trend Line ဟာအကျဘက်ကို အတူတူဦးတည်ပါတယ် ဒါဆိုရင် ယေဘုယျအားဖြင့် ဆက်စပ်တယ်လို့ ယူဆလို့ရပါတယ်။ ဒါနဲ့ တစ်ခြားသော နည်းများနဲ့ ထပ်ပြီးဆွဲကြည့်ပြန်ပါတယ် Log Trend Line မှာလည်း မျဥ်ကွေးပုံစံဟာ အတော်ကိုတူညီပါတယ် ဒါကြောင့် Linear ပုံထက်ပိုပြီး ဆက်စပ်မှု့ရှိကြောင်း ပိုပြီးပြနိုင်လာပါတယ်။ နောက်ဆုံးအနေနဲ့ မျဥ်းဖြောင့်အနေနဲ့ထက် ထပ်ကိန်းတွေကိုမြှင့်ကြည့်ပါတယ် နောက်ဆုံး ၆ ခုအထိမြှင့်ကြည့်လိုက်ချိန်မှာတော့ ထွက်လာတဲ့ မျဥ်းကွေးနှစ်ခုဟာ အတော်လေးကို တူညီကြောင်းတွေ့ရပါတယ် ဒါကြောင့် ကျွန်တော့် ဘလော့မှာတော့ Post အရေအတွက်နဲ့ Visitor အရေအတွက်ဟာ တိုက်ရိုက် ဆက်စပ်နေပါတယ်။

ဒါပေမယ့် ထပ်ပြီးစဥ်းစားစရာတစ်ခုက အရေအတွက် များတိုင်းလူများတယ် ဆိုတာကတော့ အင်မတန်အကြမ်းထည် ဆန်လွန်းပါသေးတယ် ဘယ်လို Post အမျိုးအစားဆိုရင် လူပိုပြီးစိတ်ဝင်စားသလဲ စသည်ဖြင့်ထပ်ပြီး အသေးစိတ်နိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းပါလိမ့်မယ်။ လက်ရှိအနေနဲ့ကတော့ Post တစ်ခုချင်းစီရဲ့ Read Count ကိုမှတ်ထားတဲ့ Data မရှိတဲ့အတွက် တိုက်ရိုက်ဆန်းစစ်ကြည့်လို့ မဖြစ်နိုင်သေးပါဘူး။ သွယ်ဝိုက်သော နည်းအားဖြင့်ဆိုရင်တော့ ရှိတဲ့ Data ထဲကနေပဲ Post Count ကနေ Tag အမျိုးအစားနဲ့ ရေတွက်ပြီးပြန် ဆန်းစစ်လို့တော့ရနိုင်ပါတယ်။

ဆိုလိုတာက ကျွန်တော့်ဘလော့မှာ လူဝင်တာနည်းလို့ များလို့ဆိုတာမဟုတ်ပါဘူး Analyze လုပ်တယ်ဆိုတာလည်း မျဥ်းလေးဆွဲကြည့်ရုံပဲရှိပါတယ်။ စုဆောင်းထားတဲ့ Data အနည်းအများ အပေါ်မူတည်ပြီး တန်ဖိုးနည်းလာ များလာတာကို ပြောချင်တာပါ အကယ်၍သာ လူအဝင်အထွက်အရေအတွက်တွေ မှတ်ထားတဲ့ Data တွေမရှိဘူးဆိုရင် ဒီလိုဆန်းစစ်မှု့မျိုးတွေ လုပ်လို့မရပါဘူး။ ခြောက်လဆိုတဲ့ ပမာဏဟာ မကြာပါဘူး ရလာတဲ့ Data ပမာဏဟာလည်း မများလှပါဘူး ဒါပေမယ့် အချိန်နဲ့အမျှများလာမယ် ဆိုရင်တန်ဖိုးကြီးလာပါတယ်။ Facebook မှာဖြည့်ထားတဲ့ နာမည်၊ လိပ်စာ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ အီးမေး၊ ကစားတဲ့ဂိမ်းတွေ ဒါတွေက ကိုယ့်တစ်ယောက်အတွက် များတယ်မဟုတ်ပါဘူး ဒါပေမယ့် ကိုယ့်လိုလူ သန်းချီရှိသွားရင်တော့ တန်းကြေးများလွန်းသွားတယ် ဒီလိုနဲ့ပဲ Quantitative Data တွေနဲ့ ငွေရှာနေတဲ့လူတွေ အများကြီးပဲမဟုတ်လား။

15
Jun 10

စဥ်းစားမိသလောက်လူ့ခွစာ

ခင်တဲ့လူရော မတည့်တဲ့လူရော ကျွန်တော့်အကြောင်း အတူညီဆုံးပြောတဲ့စကားက လူ့ခွစာတဲ့ ဘာလို့ပြောတယ်မှန်း စဥ်းစားမရဘူး တစ်ကယ်ကသူများကို ခွတိုက်တယ်လည်း ခွစာဆိုတာ သူများနဲ့အမူအကျင့် အပြောအဆိုမတူတာကို ပြောကြပုံရတယ်။ ဘယ်နေရာတွေ ပြောပုံဆိုပုံမတူသလည်း ပြန်စဥ်းစားတော့ အတော်လေးတော့ များတယ်ပြောရမယ် ဒီရက်ပိုင်းမှတ်မိသလောက် ပြန်စဥ်းစားမိတယ်။

တစ်လောလောက်က ကိုသာသာမင်္ဂလာဆောင်တယ် နောက်တော့ Facebook မှာ Status ကို Married လို့ပြောင်းသွားတယ်။ ကိုယ့်သူငယ်ချင်း မင်္ဂလာဆောင်တာ သဘောမကျတဲ့လူ မရှိပါဘူး ဝမ်းသာလွန်းလို့ အပြောင်အပျက် ဘာမှမပြောပဲ Comment မှာ ဝမ်းသာကြောင်း သဘောကျကြောင်း ရေးလိုက်ပါတယ်။ ဖြစ်ချင်တော့ သူများတွေက Like ဆိုတာကို နှိပ်ကြသတဲ့ဗျာ အဲဒါကို မောင်ပြုံးက ခင်ဗျားကသဘောကျရင် ဘာလို့ Like ကိုမနှိပ်သလဲတဲ့။ ခက်တော့အခက်သား ကိုယ်တိုင်ရေးလိုက်တဲ့စာကို မောက်စ်နဲ့ Like button ကို ကလစ်နှိပ်လိုက်တာထက် ကျွန်တော်တန်ဖိုးထားပါတယ်။ Like ကိုနှိပ်လိုက်လို့ ဘာဖြစ်သွားမှာလည်း မေးတဲ့လူလည်းရှိတယ် ဒါပေမယ့် အားတိုင်းမနှိပ်တတ်တဲ့ အကျင့်ကို ပြင်ဖို့မလွယ်ဘူး ပြင်စရာလိုတယ်လည်း မမြင်မိသေးဘူး အဲဒီ့ကိစ္စတွေမှာ ကျွန်တော်ဟာ အများလုပ်ပုံနဲ့ သဟဇာတ ဖြစ်ပုံမရဘူး။

မျှော်လင့်ချက်ချင်း မတူတာလည်းရှိတယ် ဥပမာပြောရရင် စာရေးတယ် Technical နဲ့ပါတ်သက်တဲ့ အမြင်တွေရေးတယ် ဖတ်တဲ့လူလာဖတ်တယ် မျှော်လင့်တာက ကောင်းလိုက်တာတို့ နောက်လည်းရေးပါဦးတို့ ဒါမျိုးတွေမဟုတ်ဘူး ရေးထားတာက ဘယ်နေရာက ဘာမှားနေတယ်လို့ ပြောခဲ့မယ်ဆိုရင် ဘယ်အရာတွေလိုသေးတယ် လို့ပြောခဲ့မယ်ဆိုရင် အင်မတန်ဝမ်းသာပါတယ်။ ဘာကောင်ဖြစ်နေလို့ ရေးနေသလဲဆိုတဲ့ အပြောမျိုးလာလည်း ခွေးဟောင်တိုင်း ခေါင်းထောင်ကြည့်ရင် အိပ်ရေးပျက်တယ်လို့ ယူဆပြီး ပြန်ပြောမနေတာလည်း အကျင့်ဖြစ်နေတယ်။ ခက်တာက သူများကိုလည်း အဲဒီလိုပဲလို့ ယူဆမိတာကအမှားဖြစ်မယ် အကြောင်းသိနေတဲ့လူက ဘာမှမဖြစ်ပါဘူး။ စေတန်ဆို အားတိုင်း Technical post တွေပဲရေးနေတယ် သူ့ဆီမှာသွားရေးထားတဲ့ ကျွန်တော့်ရဲ့ Comment မှန်ရင် ကောင်းလိုက်တာလို့ တစ်ခါမှမပြောမိဘူး ဘာတွေထည့်လိုက်ရင် ပိုကောင်းမယ် ရေးထားတာက ဘယ်နေရာမကောင်းဘူး ဒါမျိုးတွေပဲများပါတယ်။ မခင်လို့ရေးတာလားဆို မဟုတ်ပါဘူး သူငယ်ချင်းဆိုတာထက် ညီတစ်ယောက်လို ဖြစ်နေတာပဲ ခင်လွန်းလို့ရေးရတာပါ လိုနေတာကိုမပြောပဲ ကောင်းလိုက်တာလို့ ပြောရတာကို သစ္စာဖောက်တယ်လို့ ခံစားမိလို့ပါ။ အများက ကောင်းတဲ့ကိစ္စကိုပဲ ပြောနေပြီး မကောင်းတဲ့ကိစ္စကို မသိချင်ယောင်ဆောင်တတ်တာကို မကောင်းတဲ့ဟာကို ပြောပြီးတော့ ကောင်းတဲ့ဟာကို သူများပြောပြီးသားဆိုပြီး မပြောတတ်တဲ့ကိစ္စက အများနဲ့ သဟဇာတ ဖြစ်ပုံမရဘူး။

ကောင်းတယ်လို့ အများစုလက်ခံတဲ့ အကြောင်းအရာကို ဆွေးနွေးထားတာ မြင်တိုင်းလည်း ကိုယ့်အယူအဆနဲ့ မကိုက်ရင် ထောက်ခံဖို့ဝန်လေးတယ်။ မှတ်မှတ်ရရ အစ်မတစ်ယောက်က မိဘကျေးဇူးပေါ့ မိဘစကားနားထောင်သင့်ကြောင်း စသည်ဖြင့်ရေးထားတဲ့ ဆောင်းပါးလေးကို တွေ့ပါတယ် မကောင်းတာ တစ်ခုမှမပါပါဘူး အဲဒါကတော့လက်ခံပါတယ်။ အများကတော့ Like တွေနှိပ်ကြ ကောင်းလိုက်တာပြောကြပေါ့ ထုံးစံအတိုင်းပဲ Like လည်းမနှိပ်ဖြစ်ပါဘူး ဘာလို့ဆိုတော့ ကိုယ်တိုင်က မိဘစကားဆိုပြီး နားထောင်တဲ့လူ မဟုတ်ပဲကိုး မိဘဆိုပေမယ့် အကြောင်းအရာတစ်ခု ပြောလာမယ်ဆိုရင် ကိုယ်တိုင်ပဲစဥ်းစားပါတယ် နားထောင်နိုင်တဲ့ အကြောင်းအရာဆို နားထောင်ပါတယ် မိဘပြောလို့ဆိုပြီး မျက်စေ့စုံပိတ် လုပ်မယ့်လူတော့မဟုတ်တာ အသေအချာပဲ။ အမုန်းဆုံးစာပေထဲမှာ မတွေးခေါ်နိုင်တဲ့အရွယ်ကို ယျေဘုယကောင်းတဲ့ အကြောင်းအရာဘန်းပြပြီး လိုချင်တာရိုက်သွင်းတာမျိုးကို အမုန်းဆုံးပဲ။ အဲဒါကြောင့် သားလေးဖတ်ဖို့တို့ သမီးလေးဖတ်ဖို့တို့ဆိုတဲ့ စာအုပ်မျိုးတွေအင်မတန်မုန်းတယ်။ ရန်ဖြစ်တာ မကောင်းပါဘူး ဒါပေမယ့် အန္တရာယ်ပြုလာတာကို မခုခံပဲနေတာကို သူရဲကောင်းလိုလို လူလိမ္မာလိုလို မတွေးတတ်တဲ့ကလေးကို ရိုက်သွင်းထားတာက အဆိပ်ခပ်တယ်လို့ ယုံကြည်ထားတာ။ ဒါမျိုးကိစ္စတွေကတော့ အများစုနဲ့လုံးလုံးကို သဟဇာတ ဖြစ်မယ့်ပုံမပေါ်ဘူး။

ကိုယ်စိတ်ထဲက မလိုတာတွေကို အလွယ်တကူ ပယ်ထားလိုက်တတ်တယ်။ မိဘကျေးဇူးကိစ္စမှာ ဝင်ပြောမိရင်းနဲ့ အရာအားလုံးတော့ ပြောသမျှနားထောင်းလို့ မဖြစ်ဘူး ဥပမာဆိုရင် သိဒ္ဓတ္ထ ဖအေစကားအကုန် နားထောင်ခဲ့ရင် ဘုရားတောင် မဖြစ်ခဲ့ဘူးလို့ ပြောလိုက်မိတယ်။ ဖတ်မိတဲ့သူငယ်ချင်း တစ်ယောက်က လာပြောပါတယ် သိဒ္ဓတ္ထလို့ဘာလို့ခေါ်သလဲ မရိုမသေနဲ့လို့ ပြောပါရောလား ပြောမယ်ဆိုရင် ကိုယ့်အတွက်က ဘာသာရေးမှာ လူပုဂ္ဂိုဆိုတာကို ပယ်ထားတာ ဘုရားဆိုလို့ ကိုးကွယ်တယ်လို့ မဟုတ်ဘူး ဟောတဲ့ဝါဒကို လက်ခံနိုင်လို့ ဝါဒကိုထူထောင်တဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အထွဋ်အမြတ်ထားတာပါ။ သူ့ဟာသူ မုန့်ညင်းစေ့ထဲ လမ်းလျှောက်နိုင်တာတို့ ဘာတို့က မြင်လည်းမမြင်ဖူး စိတ်လည်းမဝင်စားဘူး အဲဒါတွေကြောင့် ဒီဘာသာကို လက်ခံထားတာမဟုတ်ဘူး ဝါဒကိုလက်ခံလို့သာ ဗုဒ္ဓဘာသာဖြစ်နေတာ။ အဲဒီ့တော့ သိဒ္ဓတ္ထဆိုတာ အမည်နာမပဲ လူတိုင်းခေါ်လို့ရတာပဲ မရိုမသေလုပ်တယ်လို့ မခံစားသင့်ဘူး။ အများစုဟာ လူနဲ့မူကိုခွဲနိုင်ဖို့ အတော်ခက်ခဲပုံရတယ်။ ဒီလိုကိစ္စတွေလည်း အများနဲ့ကျွန်တော် သဟဇာတ မဖြစ်ပြန်ဘူး။

ဒီရက်ပိုင်း စဥ်းစားမိသလောက်ကို ရေးချထားလိုက်မိတယ် တစ်ကယ်က ဒီထက်ပိုပြီးအများနဲ့ သဟဇာတ မဖြစ်တဲ့အကြောင်းတွေ အများကြီးရှိပုံရပါတယ်။ ဘာကြောင့်ဖြစ်သလဲ အတော်စဥ်းစားရခက်တယ် ငယ်ကတည်းက တစ်ယောက်တည်းနေခဲ့တော့ အများရဲ့အမူအကျင့်ကို မရခဲ့တာလည်းအကြောင်းအရင်း တစ်ရပ်ဖြစ်နိုင်တယ် နောက်တစ်ချက်က ငယ်ကတည်းက ရိုက်သွင်းတဲ့စာမျိုး တစ်ခုမှမဖတ်ခဲ့ရတာလည်း တစ်ချက်အပါအဝင်ဖြစ်မယ်။ နောက်ဆုံးကတော့ ဖအေဖြစ်သူဟာ လူ့ခွစာလို့အင်မတန် နာမည်ကြီးတဲ့ လူကြီးဖြစ်နေတာ အဆိုးဆုံးအချက်ဖြစ်မယ်။

5
Jun 10

စိတ်ကူးထဲလည်းမြင်တယ် …

မြင်တယ် …
အိမ်မက်ထဲလည်းမြင်တယ် …
စိတ်ကူးထဲလည်းမြင်တယ် …
အကြင်နာရဆုံးရယ် …
ကိုယ့်ဘဝဘယ်ရောက်နေ အမြဲတမ်းကိုယ်တွေ့ပါတယ် …
အတွယ်တာရဆုံးရယ် ရေဆာသလိုဆာလောင်တယ် …

အကျိုးအကြောင်းတွေလည်း အတော်တိုက်ဆိုင်နေတယ်လေ သီချင်းအတိုင်းဖြစ်နေသလိုပဲ ခံစားရပါတယ် အဖြစ်ကလည်းနည်းနည်း ဆန်းသလိုလိုပေါ့လေ ဒီရက်ပိုင်းမှာ အလုပ်မအားပါဘူးဆို စိတ်ကဖောက်လာတယ် အိမ်ကိုဖုန်းဆက်တော့ အန်တီလေးကို ဒီရက်ပိုင်းတော့ သွားလည်းဒီစိတ် စားလည်းဒီစိတ်နဲ့ အိပ်ရင်တော့မျက်နှာလေးတွေ မြင်ယောင်နေတယ်လို့ပြောတော့ မင်းကတော့ကြီးမှ ဝက်သက်ပေါက်တာထင်တယ် ပြောတော့ကိုယ့်မှာ အီလည်လည်ဖြစ်သွားတယ် မဟုတ်လောက်ပါဘူးပေါ့လေ။

ဖြစ်ပုံကဒီလို ဒီရက်ပိုင်းစာတွေရေးရတာရယ် ဖတ်ရတာရယ်များတော့ မျက်မှန်ကလည်း နေ့တိုင်းတပ်ထားရတယ် မနက် ၉ နာရီကနေ ည ၁၂ နာရီအထိ တစ်နေကုန် စာရေးရစာဖတ်ရနဲ့ ဖြစ်နေတော့ ညပိုင်းပြန်ရောက်တာနဲ့ ထမင်းအိုးတည်ပြီးတန်းအိပ်တာပဲ။ အိပ်ယာပေါ်မှာ မျက်လုံးမှိတ်လိုက်ရင်ကို လောကကြီးကိုဘောင်ခတ်ထားတဲ့ မျက်မှန်ကမချွတ်ရသေးသလို မြင်ကွင်းကဖြစ်နေသဗျ နောက်ပြီးတော့ တစ်နေကုန်ဖတ်ထားတဲ့ စာမျက်နှာလေးတွေက ဓာတ်ပုံရိုက်ထားလို တစ်ရွက်ချင်းတစ်ရွက်ချင်း မြင်နေရသဗျာ အဲဒါတွေမြင်ပြီးတော့ ဟိုနားလေးကစာလေး ပြင်ရေးလိုက်ရ ဒီနားကစာလေး ပြင်ရေးလိုက်ရင်ကောင်းနဲ့ အိမ်မက်ထဲမှာအလုပ်လုပ်သွားတာ မနက်နှိုးစက်မြည်မှ အိပ်ယာကနိုးသလိုဖြစ်တယ် ပြန်စဥ်းစားလိုက်တော့ တစ်ညလုံးမအိပ်လိုက်ရလို ခံစားလိုက်ရတယ်။ ဒယ်ဒီမဆုံးခင်က ပြောတဲ့စကားကိုသတိရတယ် သူအလုပ်များလာတိုင်း လူကအိပ်ပေမယ့် စိတ်ကိုအိပ်ခိုင်းလို့ မရဖြစ်နေတယ်ဆိုတာ အခုမှပဲနားလည်သလိုဖြစ်လာတယ်။ သြော်…. မြင်တယ် … အိမ်မက်ထဲလည်းမြင်တယ် … စိတ်ကူးထဲလည်းမြင်တယ် …

14
May 10

Stress …..

Stress

From: “http://www.wolfescape.com/Humour/NonMedThumbs/Stress-ZebraStripes.gif”

8
May 10

အမေ့ရဲ့ မလိမ္မာတဲ့သား

အမေနေ့အထိမ်းအမှတ် ရေးပါဆိုပြီး အကီနိုက Tag လုပ်လာမှ မေလရဲ့ ဒုတိယတနင်္ဂနွေဟာ အမေနေ့မှန်းသိရပါတယ် ဗမာပြည်မှာက ဦးသုခက အမေနေ့ဆိုပြီး ပြာသိုလပြည့်နေ့ကို စပြီးလုပ်ရာကနေ ပြာသိုလပြည့် အမေနေ့က လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်ကစပြီး ဗမာပြည်မှာ အမေနေ့လုပ်လေ့ရှိပါတယ်။ ဒါ့ကြောင့် ပြာသိုလပြည့်ကိုပဲ စိတ်ကစွဲနေမိလို့ နိုင်ငံတစ်ကာကလုပ်တဲ့ အမေနေ့ကိုမသိဘူးဖြစ်နေတယ်။ တစ်ခြားနိုင်ငံတွေမှာလည်း လိုက်ကြည့်တော့ အမေနေ့ကို သတ်မှတ်ထားတာတွေ့ရတယ် ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာ ရက်မတူပါဘူး စုစည်းထားတဲ့ အမေနေ့တွေကို Wikipedia မှာကြည့်နိုင်ပါတယ်။

အမေနေ့ဆိုတော့ အမေ့အကြောင်း အမှတ်တရရေးပါဆိုတော့ အမှတ်ရစရာလေးတွေ ပြန်တွေးတော့ အတော်လေး ဝမ်းနည်းမိပါတယ်။ တစ်ခါက အဘွားခင်ဦးမေက အားရင်အဖေအကြောင်းပဲ ရေးနေတယ်ပြောတုံးက အမေ့အကြောင်း ထပ်ရေးဖို့စဥ်းစားပါတယ် ရေးစရာများလို့ရယ် ပြန်ပြီးသတိရတာတွေ များရင်စိတ်ဆင်းရဲလို့ရယ် မရေးဖြစ်ခဲ့ပြန်ဘူး။

မိဘဆိုတာ ဗဟုဝုစ်ကိန်းဆိုပေမယ့် ကျွန်တော့်အတွက်တော့ ဧကဝုစ်ဖြစ်သွားခဲ့တာ ကြာခဲ့ပါပြီ။ အမေတစ်ယောက်တည်း အထီးကျန်အဖြစ်နဲ့ သံယောစဥ်တွယ်စရာ သားနဲ့သမီးနှစ်ယောက်ပဲ ကျန်ခဲ့ရတယ်။ ညီမလေးက အသက်ငယ်လွန်းလှတယ် သူအရွယ်ရောက်ချိန်မှာ ကျွန်တော့်မိသားစုဟာ အတော်လေး ပြည့်ပြည့်စုံစုံဖြစ်နေပါပြီ။ ငယ်ကတည်းက ချို့တဲ့ချိန် ပြည့်စုံချိန် ပျော်ရွှင်ချိန် ဝမ်းနည်းချိန် အတူတူဖြတ်ကျော်လာရတဲ့ မိသားစုထဲမှာ သားဖြစ်သူတစ်ယောက်ပဲ အမှတ်ရစရာ ကျန်ခဲ့သလို အမေခံစားခဲ့ရတယ်။ အဖေဆုံးသွားတော့ လူယုံတွေ ရန်သူဖြစ်သွားတယ် စီးပွားရေးဆုံးမှု့တွေ အများကြီးဖြစ်ခဲ့ရတယ် ညီမလေး မျက်နှာမငယ်ရအောင် စိတ်မဆင်းရဲရအောင် အမေအတတ်နိုင်ဆုံးကြိုးစားရင်း ရုန်းကန်ခဲ့ရတယ်။ ကျွန်တော်ကံကောင်းတယ် ပြောခဲ့ရမယ် အမေလိုအပ်ချိန်မှာ ဆိုးတူကောင်းဘက် နေပေးခွင့်ရခဲ့ပါတယ်။

သားနဲ့သမီးကို အဖေဖြစ်သူလို သူ့မျက်စေ့ရှေ့မှာ ဆုံးသွားမှာကို အမြဲစိုးရိမ်တဲ့ စိတ္တဇလိုဖြစ်နေခဲ့တယ်။ အဖေမရှိတော့ အိမ်အတွက် ကျွန်တော်အလုပ်လုပ်ပါတယ် ကျောင်းလည်းတက် အလုပ်လုပ်ရတဲ့ကျွန်တော့်ကို ကျန်းမာရေးချို့တဲ့မှာ စိုးရိမ်လွန်းပါတယ် အလုပ်ကညပိုင်း ကျောင်းပြန်ချိန်မှ လုပ်နိုင်တယ် မီးလာချိန်ဆိုရင် တစ်ညလုံးအလုပ်လုပ်ချင်လုပ်တယ် အမြဲတမ်း ညပိုင်း ၂ နာရီလောက်ထပြီး ကျွန်တော်အလုပ် လုပ်သလားအိပ်ယာကနေ ထပြီးလာကြည့်ပြီး အိပ်ခိုင်းတတ်တယ် နောက်ပိုင်း အိမ်ကတစ်ဘက် စီးပွားရေးအလုပ် အဆင်မပြေဖြစ်လာလို့ ကျွန်တော့်အလုပ်ကို ပိုလုပ်ရတယ် တစ်ညလုံးအလုပ်လုပ်ရတဲ့ ညတွေများလာတော့ အမေစိတ်ကောင်းဘူး ဒါပေမယ့် ကျွန်တော့်ကိုမပြောရှာဘူး ဒီလိုနဲ့ကျွန်တော် ပင်ပန်းပြီးတစ်ပါတ်လောက် ဖျားခဲ့တဲ့အချိန်မှာ မင်းရဲ့ကျန်းမာရေးနဲ့ ရင်းလာရမယ့် ငွေကိုမလိုချင်ဘူးဆိုပြီး ငိုပြီးတော့ကျွန်တော်နားမှ နေခဲ့တဲ့အချိန်တွေဟာ ကျွန်တော်အတွက် သတိအရမိဆုံး အချိန်တွေပါ။ အခုအလုပ်များလို့ စာတွေများလို့ ညမအိပ်နိုင်တဲ့ ညတွေများလာရင် အမေ့ကိုသတိရမိတယ်။ အဲဒါတွေသိရင် အမေငိုဦးမယ်ထင်တယ်။

ကျွန်တော်လိမ္မာတယ်လို့ အမေ့ကိုအများကပြောကြရင် အမေအရမ်းဝမ်းသာတတ်တယ်။ လိမ္မာတယ်လို့ ပြောသံကြားတိုင်း အခုတော့ကျွန်တော် ဝမ်းနည်းမိတယ် ကျွန်တော်အမေ့ကို ပြန်မကြည့်နိုင်ခဲ့တာ ၂ နှစ်ပြည့်တော့မယ် ကျွန်တော်ထွက်ခါနီးမှာ မမျှော်လင့်ပဲ အိမ်ကကိုယ်ပိုင် စီးပွားရေး အတော်လေး အခက်အခဲဖြစ်ရပြန်တယ်။ ဒါပေမယ့် ကျွန်တော့်မျှော်လင့်ချက်တွေ မပျောက်ရအောင် အမေကကျွန်တော် ထွက်သွားနိုင်ဖို့ပဲ ကြိုးစားပေးခဲ့တယ်။ အမေ့အတွက် အခက်အခဲမရှိရအောင် တတ်နိုင်သလောက် ကျောင်းတက်ရင်း အသုံးစရိတ်အလုပ်တွေ လုပ်ပါတယ် တစ်ခါတစ်ယံတော့ ကျောင်းစာကို ဦးစားပေးရမယ့် အဖြစ်နဲ့တိုက်ဆိုင်လာရင် မလောက်မငှဖြစ်ရင် အမေ့ကိုအကူအညီတောင်းရပြန်တယ် ဘယ်အချိန်ဖြစ်ဖြစ် မရဘူးမပြောခဲ့ရှာဘူး ဖြစ်တဲ့နည်းနဲ့ ကျွန်တော့်ကိုလိုသလောက် ပေးပါတယ်။ အိမ်ကိုအကူအညီ တောင်းရချိန်တွေဟာ ကျွန်တော့်အတွက်တော့ အမေ့မျက်နှာကိုမြင်ယောင်ပြီး ဝမ်းအနည်းမိဆုံး အချိန်တွေပါ။ ကျွန်တော် လိမ္မာနိုင်ဖို့အချိန်တွေ နီးလာပါပြီ အမေ့ကိုမပင်ပန်းပဲ နေတာမြင်ချင်တာဟာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ကျွန်တော်က အမေကျွန်တော့်အတွက် ပင်ပန်းလို့ စိတ်ဆင်းရဲမိပေမယ့် အမေကတော့ ကျွန်တော့်အတွက် တစ်ခုခုလုပ်ပေးနေရရင်ပဲ ပျော်နေတာပါ။

အမေနေ့အတွက် ကျွန်တော်နဲ့ အကျိုးအကြောင်းတိုက်ဆိုင်နေတဲ့ သီချင်းလေးပဲ နားထောင်မိတော့တယ်ဗျာ။

3
May 10

ပျင်းလို့ဆော့တယ်

အရင်က Low-Level Programming ကိုအတော်လေး ဝါသနာပါလိုက်သေးတာ အခုခေတ်လို အင်တာနက်မရှိတော့ ဒေါင်းလုပ်လုပ်ပြီး အီးဘုတ်အုပ် ဖတ်လို့မရဘူးပေါ့ဗျာ။ သူငယ်ချင်းနှစ်ယောက် Assembly စာအုပ်တစ်အုပ်ကို မိတ္တူကူးပေးတဲ့ဆိုင်မှာ မှာပြီးကူးယူရတယ် 8086/8088, 80286, 80386 and 80486 Assembly Language Programming ကိုစပြီးဖတ်ဖြစ်ကြတယ် Processor အကြောင်းဖတ်လိုက် Instruction တွေဖတ်လိုက်နဲ့ အတော်လေး လုံးလည်လိုက်ခဲ့တယ်။ အတူတူဖတ်တဲ့ သူငယ်ချင်းကတော့ နောက်ပိုင်းသိပ်မဖတ်ဖြစ်တော့ဘူးပြောတယ် ကိုယ်ကတော့ဆက်ဖတ်ဖြစ်တယ် နောက်ပိုင်းစာသင်စားတော့ ဘယ်သူမှသင်မယ့်လူ မရှိတော့ Assembly ဆိုရင်ကိုယ်ပဲသင်ရတယ်။ စာသင်ရင် ကျောင်းသားတွေကို High-Level Language တစ်ခုနဲ့ရေးထားတဲ့ Program ကို Low-Level Language နဲ့ဘာသာပြန်ပြီးရေးခိုင်းတယ်။

အဆက်ပြတ်နေတာလည်း ကြာပါပြီ တစ်နေ့ကမှ Youtube မှာ Video တစ်ခုတွေ့လို့ကြည့်မိတယ် အစကတော့ Crack လုပ်တဲ့နမူနာလို့ ထင်နေမိတာပါ အဲဒါမျိုးတွေကလည်း Youtube မှာအတော်ပေါတယ် သူကတော့ Keygen ပါရေးပါတယ်။ ဘယ် Software အထောက်အကူမှမယူပဲ ကိုယ်တိုင်ပဲ Assembly ကိုဘာသာပြန်ပြီး ပြန်ရေးပါတယ်။ ဆော့ဝဲအားကိုးနဲ့ Click နှိပ်ပြနေရင် ကိုယ်ကလည်း အထင်မကြီးပါဘူး ဒါမျိုး ကိုယ်ပိုင်အစွမ်းအစနဲ့ လုပ်ထားတာမျိုးဆိုရင်တော့ အတော်လေးစိတ်ဝင်စားပါတယ်။ ကိုယ်လည်းတစ်ချိန်က SoftICE နဲ့သူခိုးအကြီးစား လုပ်ခဲ့ဖူးတော့ အားရင်အားသလို ဒါမျိုးတွေလည်း ဝါသနာပါပါတယ်။ Crack လုပ်တာ ခက်ခဲတယ်မဟုတ်ပါဘူး Assembly နည်းနည်းနားလည်ပြီး Debugger သုံးတတ်ရင် အဆင်ပြေပါတယ် စစ်ထားတဲ့နေရာ သင့်လျော်သလိုကျော်ချတဲ့ Code လေးဖြည့်လိုက်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် ရှုပ်ထွေးတဲ့ Key Generation တွေကို Reverse ပြန်လုပ်တာကတော့ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။

နမူနာစမ်းပြထားတဲ့ Key Generation ကအရမ်းတော့မရှုပ်ပါဘူး။ အဆက်ပြတ်နေတာလည်းကြာတော့ အပျင်းပြေဆော့ရင်း လုပ်ကြည့်မယ်ဆိုပြီး သူစမ်းပြတဲ့ mIRC ကို Reverse Engeneering လုပ်ကြည့်ပါတယ် ဖြစ်ချင်တော့ သူစမ်းပြတဲ့ Version နဲ့ကိုယ့်မှာရှိတဲ့ Version တူပုံမရဘူး ထွက်လာတဲ့ Code တွေမတူဘူး ဒီတော့စမ်းမိမှတော့ မထူးတော့ပါဘူး ကိုယ့်ဟာကိုယ်ပဲ အစအဆုံးလုပ်ကြည့်လိုက်ရတယ်။ မဆိုးဘူးပြောရမယ် အရင်လောက် အလေ့အကျင့်မရှိတော့ ဖတ်တာမမြန်တော့ဘူး ဒါပေမယ့် စိတ်နဲ့ဖတ်သွားရုံနဲ့ Code တွေကို စိတ်ထဲမှာ Execute လုပ်နိုင်နေသေးတယ် နောက်ပြီးတော့ သူသုံးတဲ့ Debugger ကလည်း တစ်ချိန်တုံးက အကျွမ်းတဝင်ရှိတဲ့ SoftICE မဟုတ်တော့ နည်းနည်းကြောင်တာ တစ်ခုပါပဲ။ နောက်ဆုံး သူ့ရဲ့ Algorithm ကိုရလိုက်ပါတယ် စိတ်ဝင်စားနေတာနဲ့ အိပ်ရေးနည်းနည်းပျက်သွားတယ်။ ဒါကတော့ ကလေးကစားတာ မဟုတ်လောက်ဘူး လူကြီးဖဲရိုက်တာ ခေါ်မယ်ထင်တယ်။ အောက်က Video လေးကြည့်ပြီး ဆော့ကြည့်ကြပါဦးလား။ သူ့အတိုင်း တစ်သွေမတိမ်းလုပ်လို့တော့ ရမယ်မဟုတ်ဘူး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြောင်းရေးကောင်းရေးရမယ်။

int data[] =
{
0x0B, 0x06, 0x11, 0x0C, 0x0C, 0x0E, 0x05, 0x0C, 0x10, 0x0A, 0x0B, 0x06, 0x0E,
0x0E, 0x04, 0x0B, 0x06, 0x0E, 0x0E, 0x04, 0x0B, 0x09, 0x0C, 0x0B, 0x0A, 0x08,
0x0A, 0x0A, 0x10, 0x08, 0x04, 0x06, 0x0A, 0x0C, 0x10, 0x08, 0x0A, 0x04, 0x10
};

int calculate_hash(char *name, int type)
{
	int hash = 0;
	char *name_temp = name + 3;
	int i = 0;
	while (*name_temp)
	{
		if(type==1)
			hash+=(int) *name_temp++ * data[i++];
		else if(type==2)
			hash+=(int) *name_temp * (int) *(name_temp++ -1) * data[i++];
		if (i>0x26)
			i =0;
	}
	return hash;
}

Switch to our mobile site

WP SlimStat