မန္တလေးသို့ အလည်တစ်ခေါက်

ညီမဖြစ်သူ ဘွဲ့ယူဖို့ ခဏပြန်မယ်ဆိုတော့ မိသားစုဆုံရအောင် ကိုယ်လည်းအိမ်ပြန်မယ်ပေါ့ အလုပ်မှာလူမရှိတာနဲ့ ညီမဖြစ်သူကိုအရင်ပြန်လွှတ်ပြီး နောက်မှလိုက်ခဲ့မယ်ဆိုပြီး စီစဉ်ရပြန်တယ်။ ပြန်မယ့်ရက်နီးမှ ညီမဖြစ်သူရဲ့ဘွဲယူရမယ့်ရက်က ပြည်ထောင်စုနေ့နဲ့ တိုက်လို့ဆိုပြီး ရှေ့ကိုတစ်ရက်တိုးတော့ ဒီကအချိန်ကပ်ပြန်မယ့်လူက အခက်တွေ့ရတယ် အဲတော့နေ့ချင်းရောက်အောင် ရန်ကုန်ရောက်တာနဲ့ မန္တလေးကို လေယာဉ်နဲ့ပဲပြန်ဖို့ Exiter ကိုအကူအညီတောင်းပြီး လေယာဉ်လက်မှတ်ဝယ် ဒီလိုနဲ့ပဲ အိမ်အပြန်ခရီးစခဲ့ရတယ်။

အိမ်ပြန်မယ်ဆိုတော့ ညီမဖြစ်သူက ပစ္စည်းပေါင်းစုံဝယ်ပါတယ် မဆန့်တဲ့ပစ္စည်းမှန်သမျှကို ကျွန်တော့အိပ်မှာထည့်ခဲ့ပါတယ် အဲလိုနဲ့ အဝတ်အစား ၃-၄ စုံပဲပါတဲ့ မုန့်အိပ်ကြီးတစ်လုံးရယ် ရန်ကုန်ကို ပစ္စည်းပါးလိုက်တဲ့ ဒယ်အိုးတစ်လုံးရယ်နဲ့ လေဆိပ်ကိုဆင်းခဲ့တယ်။ လေဆိပ်မှာတော့ လုံခြုံရေးဟာအတော် တင်းကြပ်ပါတယ် စဝင်ကတည်းက ဒယ်အိုးထည့်ထားတဲ့အိပ်က တီတီတီ မြည်တဲ့အတွက် ဒယ်အိုးပါကြောင်း ပြောပြီး ရဲမေဝဝကြီးကို မနည်းရှင်းခဲ့ရတယ်။ လေယာဉ်ပေါ်မတက်ခင်လည်း တစ်ကိုယ်လုံးကို စကင်ဖတ်တယ်ပြောရမယ် ပိုက်ဆံအိပ်ထဲက ခရက်ဒစ်ကဒ်တောင် တစ်ကဒ်ချင်းထုတ်ကြည့် ခါးပါတ်တောင် ဓာတ်မှန်ရိုက်မယ့်အထဲ ထည့်မယ်ဆိုလို့ ချွတ်ပေးလိုက်ရတယ်။

မနက်ခင်းစောစောပဲ ရန်ကုန်ကိုရောက်ပါတယ် Exiter တစ်ယောက်ကတော့ ဒုက္ခခံပြီးလာကြိုတယ် ၃ နာရီလေယာဉ် ဟဲဟိုးကိုပါတ်မယ်ဆိုတော့ အင်း.. ရှမ်းပြည်ရောက်ခဲ့လို့ ပြောလို့ရသေးတာပေါ့လို့ ရယ်စရာအဖြစ်ပြောခဲ့ပြီး ရန်ကုန်အတွက်ပါးလိုက်တဲ့ ဒယ်အိုးကိုပေးဖို့မြို့ထဲကို ကားငှားပြီးထွက်ခဲ့ရတယ်။ မြို့ထဲကိုရောက်ပြီး ကိစ္စတွေအပြီး ဦးကြီးဆီကိုဖုန်းဆက်ပြီး ပြန်လာရင်ဝင်ခဲ့မယ်လို့ ပြောမိလိုက်တော့ ဦးကြီးက ကိုယ်ပြန်လာမယ့်ရက်ဆို မုံရွာသွားမယ်ဆိုတော့ အခုလာတွေ့ပါ့မယ်ဆိုပြီး ဗမာပြည်တစ်ပါတ်ပါတ်သလို ရန်ကုန်လည်း တစ်ပါတ်ပါတ်ကွယ်ဆိုပြီး ဆူးလေကနေမြောက်ဒဂုံကို ချက်ချင်းချီတက်လိုက်ရတယ်။ အိမ်မှာတစ်နာရီလောက်ထိုင် အေးအေးဆေးဆေး စကားပြောပြီးတော့ လေဆိပ်ကိုပြန်ခဲ့ရတယ်။

မန္တလေးသွားဖို့ လေဆိပ်မှာ Check In လုပ်တော့ ပြဿနာကစပါတော့တယ် စင်္ကာပူကထွက်တော့ ပါလာတဲ့အိပ်ဟာ လေဆိပ်မှာအလေးချိန်တော့ ကီလို ၂၀ အတိရှိတယ် အဲဒါကို ဒယ်အိုးနဲ့ တူမလေးအတွက် မုန့်တွေမပါတော့တာတောင် ၂၆ ကီလိုလို့ပြနေတော့ ကီလိုပိုတာကို ပိုက်ဆံထပ်ပေးရလိမ့်မယ် အဲဒါကိုလျှော့ရေးပေးမယ်လို့ ဈေးညှိပါတော့တယ်။ အဲဒါနဲ့ မကြားချင်ယောင်ဆောင်ပြီး ကောင်တာကစာရေးမကို မင်းတို့ကတ္တားကြီးက မှားနေတာဖြစ်မယ်လို့ တစ်ခြားတစ်ခုရှိလား ပြောင်းချိန်လို့ပြောတော့ စာရေးမစိတ်ညစ်သွားပုံပေါ်တယ် ပြောင်းတော့မချိန်ပါရစေနဲ့ အဲလောက်ပိုတာဘာမှ မဖြစ်ပါဘူးတင်ပေးလိုက်ပါဆိုလို့ ကိုယ်လည်း ဘယ်ကတ္တားမှားမှန်းမသိပဲ ထွက်လာခဲ့ရတယ်။

မန္တလေးလေယာဉ်ပေါ်မှာ ခုံလည်းမပြည့်ပါဘူး အဲဒါနဲ့လေယာဉ်ထွက်တော့ တံခါးပေါက်ကနေ ဓာတ်ပုံရိုက်မယ်ဆိုပြီး လွတ်နေတဲ့ခုံတစ်ခုံကို ပြောင်းထိုင်လိုက်ပေမယ့် မှန်းချက်နဲ့နှမ်းထွက်လွဲပါတယ် မှန်တွေကမှုန်ဝါးနေလို့ တိမ်ကိုတောင်ရိုက်လို့မရခဲ့ပါဘူး။ အဲဒါနဲ့အားမနေရအောင် ကော်ဖီပဲအဆက်မပြတ်တောင်းသောက် အဲလိုနဲ့ပဲလေယာဉ်မယ်တွေ မျက်စောင်းထိုးပါတော့တယ်။ ဟဲဟိုးရောက်တော့လည်း အောက်ကိုခဏဆင်းပြီး ဓာတ်ပုံရိုက်ပါတယ် ဘာပဲဖြစ်ဖြစ် ရှမ်းပြည်တော့ခြေချခဲ့သေးတယ်လို့ ခံစားလို့ရပါသေးတယ်။

တံတားဦးလေဆိပ်ကို ၅ နာရီလောက်မှရောက် အိမ်ကလာကြိုတဲ့ကားနဲ့ ပြန်လာခဲ့တော့ လမ်းတွေပြောင်းကုန်တာ သတိထားမိတယ် အရင်ကတော့ တံတားဦးလေဆိပ်နဲ့ မန္တလေးကားလမ်းဟာ အင်မတန်ဆိုးပါတယ် အခုတော့လမ်းတွေအတော်ကောင်းလို့ ကားလည်းအမြန်မောင်းလို့ရပါတယ် ဒါပေမယ့် ဝေးတာကတော့ ဝေးတာပါပဲ။ သူငယ်ချင်းတစ်ယောက်က လေယာဉ်စီးချိန်နဲ့ လေဆိပ်ကနေ အိမ်ကိုကားစီးချိန်ပေါင်းရင် ကားနဲ့မန္တလေးလာချိန်ရဲ့ တစ်ဝက်လောက်ရှိတယ်လို့ဆိုပါတယ်။ သူပြောတာလည်းဟုတ်ပါတယ် ဒါပေမယ့် ကားပေါ်မှာအိပ်လိုက်လို့ရပေမယ့် အမေ့အိမ်မှာတစ်ည အိပ်ချိန်ရတာက ကိုယ့်အတွက် ပိုပြီးတန်ဖိုးရှိပါတယ်။ ဒီလိုနဲ့ပဲ စင်္ကာပူကနေ ၁၂ နာရီလောက် ခရီးဆက်ခဲ့အပြီးတော့ အမေ့အိမ်ကို အေးအေးချမ်းချမ်း ခြေချနိုင်ပါတော့တယ်။

Android Camp Mandalay & Me

မန္တလေးကိုခဏ ပြန်ရောက်တော့ သတိတရနဲ့ ဆရာဖြစ်သူဆီကို အလည်သွားရတယ် ဆရာလည်း ကိုယ့်မြင်တော့ အတော်အံ့ဩသွားပုံရတယ်။ ကွန်ပျူတာအကြောင်းမပါရင် စကားမပြောတတ်တဲ့ လူနှစ်ယောက်တွေ့မှတော့ ပြောသမျှလည်း ကွန်ပျူတာအကြောင်း မပြတ်ပြောရင်းနဲ့ ဆရာဇနီးက ၁၇ ရက်နေ့မှာ Android Camp လုပ်မယ်ဆိုပြီး မတွေ့တာလည်းကြာတော့ လာခဲ့ပါဦးဆိုလို့ Android Camp Mandalay ကိုသွားဖြစ်ခဲ့တယ်။

မနက်ခင်း ၉ နာရီလောက် ယောင်လည်လည်နဲ့ ရွှေဖြူပလာဇာကိုရောက် ကွန်ပျူတာပညာရှင်အသင်း ဘယ်မလဲလို့လိုက်ရှာရတယ်။ နေသားတကျဖြစ်နေတဲ့ ပညာရှင်အသင်းကိုမြင်တော့ မီးလောင်သွားတဲ့ ICT Park တောင်မရှိခင် တစ်ချိန်တုံးက အသင်းဝင်ချင်ရင် ဝင်ခွင့်ဖောင်ကို ဘယ်သင်တန်းမှာလိုက် ဝယ်ရမှန်းမသိတဲ့ အချိန်တွေကို သတိရမိသေးတယ်။ ဒီအချိန်မှတော့ ကိုယ့်ကိုသိတဲ့လူလည်း တစ်ယောက်မှ မတွေ့တော့ပါဘူး။ Android Camp ဘယ်အခန်းလဲ မေးပြီးဝင်သွားတော့ ဆရာဦးသိန်းထွဋ်တော့ရှိတယ်။

Android Camp စတော့ ပြောမယ့်လူက တစ်ယောက်ပဲရှိပါတယ် Luke ဆိုတဲ့ ထိုင်းမှာနေတဲ့ Mobile Developer တစ်ယောက်ပြောပါတယ်။ နည်းနည်း နားထောင်လိုက်တော့ ပြောတဲ့လူရဲ့ Development Skill ကတော့ အလုပ်လုပ်နေတဲ့လူမှန်း သိသာပါတယ် Development တော့သူကောင်းကောင်း နားလည်ပါတယ်။ ကိုယ်ကလည်း သူများကောင်းတယ်ပြောရင် မကောင်းတာကို ထည့်ပြောချင်တဲ့လူဖြစ်တော့ သူကတစ်ခုခုကောင်းတယ်ပြောလိုက် ကိုယ်ကအဲဒါကဘယ်လိုတော့ မကောင်းဘူးလုပ်လိုက်နဲ့ သူလည်းစကားကို သူပြောချင်တဲ့အတိုင်း ဆွဲပြောလို့မရ ဖြစ်ဖြစ်သွားတယ်။

အမေးအဖြေလုပ်ကြတော့ ကွာဟမှုရှိနေတာတွေကို သွားတွေ့ပါတယ်။ လက်ရှိရှိပြီးသား Web Services တွေကို Android App ကနေဘယ်လို သုံးလို့ရနိုင်မလဲလို့ တစ်ယောက်ကမေးပါတယ်။ မေးတဲ့လူက Web Services တွေကို Develop လုပ်နေတယ်လို့ဆိုတယ်။ HTTP Library တွေပါတဲ့အတွက် ယူသုံးလို့ရပါတယ်လို့ ပြန်ဖြေပါတယ်။ Luke ပြန်ဖြေတဲ့ အဖြေကမှန်ပါတယ်။ ဒါပေမယ့် ထပ်မေးတာက Browser လိုသလားဆိုတော့ မေးတဲ့လူဟာ Web Services နဲ့ Web Application ဆိုတာဘာလဲလို့ ကွဲပြားပါသလားလို့ ပြန်စဉ်းစားရမလိုဖြစ်တယ်။ ဖြစ်နိုင်တာက သူဟာ Web Application တွေကိုရေးပြီး အဲဒီ့ဟာတွေကို Android ပေါ်ကနေ သုံးလို့ရသလားလို့ မေးချင်တာဖြစ်မယ်။

အဲဒီမှာဖြေတဲ့လူကလည်း မျက်စေ့လည်သွားတယ် Browser မလိုဘူး HTTP ပေါ်ကနေ RESTful Service တွေကိုသုံးလို့ရတာပဲ ပြန်လာတော့အများအားဖြင့် JSON လာမယ်မဟုတ်လားဆိုတော့ ပိုရှုပ်သွားတယ် RESTful ဆိုတော့ဘာကို ပြောမှန်းမေးတဲ့လူ ပိုလည်သွားတယ်။ အဲဒါကိုဖြေတဲ့လူက Heroku ကြားဖူးသလား Cloud ပေါ်မှာ Web Application တွေ Service တွေတင်လို့ လွယ်တယ်ဆိုတဲ့နောက်တော့ ဘယ်လိုမှရှင်းမရတော့ပဲ ရပ်လိုက်ရတော့တယ်။ တစ်ခြားမေးခွန်းတွေကတော့ Android ရေးတဲ့လူတွေမေးတော့ Implementation နဲ့ဆိုင်တာတွေဆိုတော့ အဆင်ပြေပါတယ်။

Implementation အတွက် Luke ပြင်ဆင်နေတုံးမှာ အားနေလို့တစ်ယောက်ယောက် စကားပြောထားဗျာဆိုတော့ ဆရာဦးသိန်းထွဋ်က ခင်ဗျားအမေးဆုံးဆိုတော့ ခင်ဗျားထွက်ပြောဗျာဆိုတော့ ဘာမှမပြင်ဆင်ထားတော့ မေးချင်ရာမေးဖြေချင်ရာဖြေပေါ့ Mobile Application တွေအကြောင်း သိချင်တာမေးဆိုတော့ ပထမဆုံးမေးတာက Apple Store မှာ Gift Card ဝယ်လို့ရတယ်ပြောတယ် Android Store မှာအဲဒါမျိုးရှိသလားဆိုတော့ အတော်ဖြေရခက်သွားတယ် ကိုယ်ကဒီအတိုင်း ဝယ်လို့ရတဲ့နေရာမှာနေတော့ မြန်မာနိုင်ငံထဲကနေ ဘယ်လိုဝယ်ကြသလဲ ဘယ်လိုမှမသိနိုင်တော့ဘူး အဲဒီတော့ မသိပါဘူးပဲဖြေရတယ်။

နောက်တစ်ယောက်က အစ်ကိုက Android ကိုဘာနဲ့ရေးသလဲဆိုတော့ ကျွန်တော်အဲဒါတွေ တစ်ခါမှမရေးဖူးလို့ ဖြေရပြန်တယ် အဲဒါကိုထပ်မေးတာက စောစောကအစ်ကို Development Tools တွေကို ဘယ်ဟာကအလကားရတယ် ဘယ်ဟာဘာသုံးတယ်ပြောတယ် အဲဒါမရေးပဲနဲ့ အဲဒီလောက်အထိ ဘယ်လိုသိတာလဲဆိုတော့ အတော်ဖြေရခက်သွားတယ်။ မရေးဘူးဆိုတာက Application တစ်ခုအဖြစ် ထွက်လာအောင် မရေးပေမယ့်အဲဒီ့ Application တွေဘယ်လိုဖြစ်အောင် ဒီဇိုင်းလုပ်တဲ့ လူတစ်ယောက်ဟာ Programming အသေအချာ တတ်ပါတယ်ဆိုတာ အလွယ်ဆုံးဘယ်လို ရှင်းပြရမလဲမသိဘူး။

နောက်တစ်ခု စိတ်ဝင်စားကြတာက Mono နဲ့ Android မှာဘယ်လို Development လုပ်သလဲလို့ စိတ်ဝင်စားကြတယ်။ ဒါကတော့ Mono ကိုဘယ်သူတွေ သုံးနေကြသလဲအသေအချာ လေ့လာရတော့မယ် နောက်ပြီးတော့ သူတို့ရဲ့ Support အခြေအနေဘယ်လိုရှိသလဲ လက်ရှိအခြေအနေမှာ Application ဘယ်နှစ်ခုဟာ Mono ကိုသုံးပြီးရေးထားသလဲ အသေချာလေ့လာပြီးမှပဲ သုံးသင့်မသုံးသင့် ဆုံးဖြစ်ရမှာဖြစ်လို့ ကောင်းသည်မကောင်းသည် မပြောဖြစ်ခဲ့တော့ဘူး။

အဲဒီတော့ လက်ရှိမြင်ခဲ့တာက Android ပဲဖြစ်ဖြစ်ပဲပေါ့ Mobile ရေးကြမယ်ဆိုရင် ရေးတတ်တယ် ဘာနဲ့ရေးမယ်ဆိုတာထက် ပိုတာတွေသိဖို့လိုတယ်ဆိုတာ လိုအပ်နေကြသေးတယ်။ Phone တစ်လုံးထဲမှာပဲ Internet Connection မလိုတဲ့ Application တစ်ခုဆိုတာ အင်မတန်ရှားတယ်ဆိုတာ သိဖို့လိုအပ်နေသေးတယ်။ အလွယ်ဆုံးပြောရရင်တော့ အခုအချိန်မှာသုံးနေတဲ့ Application တွေဟာ ဘယ်လိုအလုပ်လုပ်သလဲ နောက်ပြီးတော့ ရေးမယ်ဆိုရင်တော့ ဘာရေးမှာလဲဆိုတာကို အရင်ဆုံးသိဖို့လိုတယ်ဆိုတာ လေ့လာသင့်ကြသေးတယ်။

ပွဲပြီးခါနီးမှ ဆရာရောက်လာတယ် ငါကမင်းကိုဒီနေ့အတွက် တစ်ခုခုပြောခိုင်းမလို့ လိုက်ရှာနေတာ ဘယ်လိုက်ရှာရမှန်း မသိတော့ဘူးပြောတယ်။ ကြိုပြီးသိခဲ့ရင်တော့ ပြင်ဆင်လာလို့ရသေးတယ်။ မပြန်ခင်တစ်ရက်ရရင် ပြောပါဆိုတော့ ရက်ကအတော်ကပ်နေပြီ ၁၉ ရက်နေ့မနက်ခင်း လုပ်ချင်ရင်တော့ Cloud Computing ရယ် Web Services တွေကို Mobile တွေကနေ ဘယ်လိုသုံးကြတယ်ဆိုတာ ပြောပေးမယ်ဆိုတော့ စီစဉ်ကြသေးတယ် ဒါပေမယ့် ကွန်ပျူတာပြပွဲကလည်း ကပ်နေတော့ဘယ်လိုမှ စီစဉ်မရတော့ဘူးလို့ စနေနေ့မှာ ဆရာပြန်ဖုန်းဆက်တော့ Seminar မလုပ်ဖြစ်ခဲ့ဘူး။

Second Languages

ဖတ်ကြည့်ချင်တဲ့ စာအုပ်ရှိပြီးတော့မှ ကိုယ်မဖတ်တတ်တဲ့ ဘာသာနဲ့ရေးထားလို့ နည်းနည်းစိတ်ပျက်ရတယ်။ တကယ်တော့ ဘာသာစကားတစ်ခု သင်ရမှာကိုစိတ်မဝင်စားတဲ့ လူထဲမှာကိုယ်ပါမှန်းသိတယ်။ ဘာသာစကားတစ်ခုထက် ပိုတတ်တာကောင်းပါတယ် ဒါပေမယ့် အသက်မွေးဝမ်းကျောင်း အတတ်တစ်ခု သင်ရသလောက် စိတ်မပါခဲ့တော့ ဘာသာစကားများများ မတတ်လာခဲ့ဘူး။ ဒါပေမယ့်လည်း ဘာသာစကားတစ်ခုကို အတတ်ပညာတစ်ခုလို သတ်မှတ်ပြီးတော့ အလုပ်တစ်ခုလိုသင်နေတာကို အခုအချိန်အထိ သဘောမကျမိဘူး။

ညီတစ်ဝမ်းကွဲ တစ်ယောက်ကို ဆယ်တန်းအောင်ကာစက ကွန်ပျူတာတက္ကသိုလ်မှာ ဒီပလိုမာတန်းအပ်ထားပေးဖူးတယ် ပထမနှစ်ပြီးတော့ အမှတ်ကောင်းတယ်ဆိုရင် တက္ကသိုလ်က ဒုတိယနှစ်ကိုပြောင်းလို့ရပါတယ်။ ဒီပလိုမာတက်နေတုံး နိုင်ငံခြား ဘာသာတက္ကသိုလ်ကို ဝင်ခွင့်ကျလာတယ် ဒီပလိုမာတန်းကိုထွက်ပြီး ဂျပန်ဘာသာနဲ့ ဘီအေတက်ဖို့ ပြောင်းသွားခဲ့တယ်။ မပြောင်းပါနဲ့ ဘာသာစကားတစ်ခုဆိုတာ အသက်မွေးဝမ်းကျောင်း အတတ်ပညာရယ်လို့ သတ်မှတ်ဖို့ ခက်ပါတယ်လို့ တားခဲ့ဖူးတယ် ဒါပေမယ့်မရပါဘူး။ အချိန်တွေ ၇ နှစ်လောက် လွန်သွားတော့မှ ရွေးတာမှားသွားခဲ့တယ် ဆိုလာတော့ သူလည်းပြင်ချိန်မရှိတော့ဘူး။

ဆယ်တန်းအောင်တော့ နိုင်ငံထဲက တက္ကသိုလ်တွေက အဆင့်မရှိဆိုပြီး နိုင်ငံခြားသွား တက်မယ်လုပ်တယ် အင်္ဂလိပ်စာ အရေးကြီးတယ်ဆိုပြီး အလုအယက်သင်ကြတယ် အင်္ဂလိပ်လိုကောင်းရမယ်ဆိုတာ လက်ခံပါတယ် ဒါပေမယ့်အဲဒါတစ်ခုထဲနဲ့ ကျောင်းဝင်ခွင့်ကရတာမှမဟုတ်ပဲ အဲလိုနဲ့အချိန်တွေကုန်ပြီး နောက်ဆုံးတော့ အိမ်မှာချိတ်ထားစရာ ဘွဲ့တော့ရှိမှပါလေဆိုပြီး အဝေးသင်တော့ ပြန်လျှောက်ဦးမယ်ဆိုပြီး အချိန်တွေကုန်သွားတဲ့ သူငယ်ချင်း လေးငါးယောက်ကိုလည်း သတိရမိတယ်။ ဘာသာစကားက အရေးကြီးသလို ကိုယ့်အတွက် အထောက်အကူလည်း ဖြစ်ပါတယ် ဒါပေမယ့် ဒါကိုပဲမလိုအပ်ပဲ ပထမဦးစားပေး နေရာကိုတော့ မထားခဲ့သင့်ဘူးဆိုတဲ့ ကိုယ့်ရဲ့အမြင်တွေ အခုထိမပြောင်းလဲသေးဘူး။